မန္တလေးမှာ ဆိုင်ကယ်ပေါက်ကွဲသေဆုံးခဲ့တဲ့လူငယ်နှစ်ဦးအလောင်းကို ဒီနေ့လည်အထိ ကောက်ယူလို့မရသေး

ဓာတ်ပုံ ရင်းမြစ်, CJ
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်းအနီးမှာ မနေ့ မတ်လ ၁၄ရက်ညနေ ၆နာရီခွဲခန့်မှာ လူငယ် ၂ ဦးစီးလာတဲ့ဆိုင်ကယ်တစ်စီး ပေါက်ကွဲမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူငယ်တဦးဟာ အဲဒီနေရာမှာတင်သေဆုံးခဲ့ပြီး နောက်တဦးဟာ မီးလောင်တာနဲ့ အနည်းငယ်အကွာမှာ မှောက်လျက်အနေအထားနဲ့ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေကပြောပါတယ်။
အဲ့ဒီဖြစ်စဉ်ဖြစ်ပြီးပြီးချင်းမှာပဲ မီးသတ်တွေသာမက လူမူကူညီရေးကားတွေရော စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ ရောက်ရှိလာခဲ့ပေမဲ့ ကူညီရေးအဖွဲ့တွေရော မီးသတ်တွေပါ ကူညီခွင့် မရခဲ့ဘူးလို့ သိရပါတယ်။
“စစ်တပ်ကအကြီးပိုင်းတွေပါရောက်လာကြတယ်။ အဲ့ဒါကနေ သူတို့ထပ်ကြီးတဲ့သူ နန်းတွင်းထဲကို G 1 ဆိုလား သူ့ကိုဖုန်းထပ်ဆက်တယ်။ အဲ့လူကဖုန်းထဲကလူအမိန့်ပေးလိုက်တာက ဒီလူနှစ်ယောက် သေတယ်ဆိုလည်း ဒီတိုင်းပဲ ထားထားလိုက်၊ မသေမရှင်ဖြစ်နေတယ်ဆိုလည်း ဒီတိုင်းပဲထားထားလိုက်။ ဒီနေ့မနက် ၁၀ နာရီအထိ လုံးဝအလောင်းမကောက်ရဘဲ ထားထားမယ်ဆိုပြီးပြောခဲ့တာ။ အဲ့မှာဖြစ်စဉ်နေရာကို အတားအဆီး တွေထားပြီး နယ်မြေခံရဲကို မကြာခဏကြည့်ဖို့၊ ဘယ်သူမှအလောင်းမကောက်ဖို့ အမိန့်ထုတ်ခဲ့တာပါ”လို့ မျက်မြင်ပြည်သူတဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဘီဘီစီကဆက်သွယ်မေးမြန်းတဲ့ နေ့လည် (၁၂)နာရီခွဲကျော်အထိ ရုပ်အလောင်းတွေကိုမကောက်ရသေးဘူး လို့ သိရပါတယ်။
ပေါက်ကွဲဖြစ်ပွားပြီး ရုပ်အလောင်းတွေရှိနေဆဲနေရာဟာ လူသွားလူလာများတဲ့ သိပ္ပံလမ်းမကြီးပေါ်မှာဖြစ်ခဲ့တာဖြစ်ပြီး ၇၃ လမ်းကနေ ၇၈ လမ်းအထိကို စစ်ကောင်စီဘက်ကနေ လမ်းတဖက်ပိတ်ထားတာ တွေ ဒီကနေ့မနက်အထိ လုပ်ဆောင်ထားဆဲလို့ ပြောပါတယ်။





















