မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ
BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
"ဗိုက်ဝဖို့အတွက်ပဲ ဆန်ကိုပဲ ဦးစားပေးနေရပေါ့" - ကုန်စျေးနှုန်းဒဏ်ခံရတဲ့ ဝင်ငွေနည်းမိသားစုတွေ
စစ်တွေက ဖယ်ရှားခံရတဲ့ ကျူးကျော်မိသားစုတွေ အမိုးအကာအောက်နေထိုင်ရေး အခက်ကြုံ
ယင်းမာပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်ဝင်မွှေ၊, လူ ၂ ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော် မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဘန့်ဘွေးရွာထဲကနေအိမ်တွေ ဒီနေ့ မတ်လ ၁၆ ရက်နေ့လည်ပိုင်းမှာ မီးရှို့ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ဘန့်ဘွေးကျေးရွာအပါအဝင် ရွာပေါင်း ၆ ရွာကို စစ်ကောင်စီတပ်က မနေ့ မတ်လ ၁၅ ရက်နဲ့ ဒီနေ့ မတ်လ ၁၆ ရက်မှာ ဝင်ရောက်မွှေနှောက်ချိန် အမျိုးသား ၂ ဦးသေဆုံးပြီး နေအိမ် ၂၀ ကျော်မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ဝင်ရောက်မွှေနှောက်ခံခဲ့ရတဲ့ရွာတွေဟာ ဘန့်ဘွေးရွာ၊ ဘန့်ဘွေးမြောက်ရွာ၊ ထမ်းစင်ရွာ၊ လက်ပံရွာ၊ ကွေ့ချောင်းရွာနဲ့ နဘူးတောရွာတို့ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်အတွင်း နေအိမ်တွေ မီးရှို့ခံရတာအပြင် အမျိုးသား ၂ ဦးလည်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘‘၂ ရက်အတွင်းမှာ မုံရွာ-ယာကြီးလမ်းမဘေးက ကွေ့ချောင်းရွာနားမှာ အသက် ၂၀ ဝန်းကျင်ရှိတဲ့ မောင်သိန်းလင်းဆိုသူကို သေနတ်ဒဏ်ရာနဲ့သေဆုံးတာတွေ့ခဲ့ရတယ်။ နောက်ပြီး လက်ပံကျေးရွာက အသက် ၄၀ ဝန်းကျင် ကိုသိန်းနိုင်ဆိုသူလည်း ဦးခေါင်းကို သေနတ်နဲ့အပစ်ခံရပြီးသေဆုံးတယ်’’ လို့ ဒေသခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
၂ ရက်အတွင်း ထမ်းစင်ရွာက နေအိမ် ၁၈ လုံးနဲ့ ဘန့်ဘွေးမြောက်ရွာက နေအိမ် ၂ လုံး မီးရှို့ခံရတဲ့အပြင် ကျွဲ၊ နွား၊ ဝက်နဲ့ မြင်းတွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က ဒီနေ့ လက်ပံလှရွာကို ဝင်ချိန်မှာ ရွာထဲက အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းဆီးခဲ့ပေမဲ့ ရွာကျောင်းဆရာတော်ရဲ့မေတ္တာရပ်ခံမှုကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က မုံရွာ-ကလေးဝလမ်းပေါ်က အဲဒီကျေးရွာတွေကို အကြိမ်ကြိမ်ဝင်ရောက်နေတာကြောင့် အခုဆို ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ တောတောင်တွေထဲမှာ ဒါမှမဟုတ် နီးစပ်ရွာဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရသလို မုံရွာမြို့ပေါ်အထိ အိမ်ငှားပြီး နေထိုင်နေရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။
မန္တလေးက CDM အထူးကုဆရာဝန်ကြီးတချို့ရဲ့ ဆ/မလက်မှတ်အသိမ်းခံရ, ပုဂ္ဂလိကဆေးရုံဆေးခန်းတွေကလူနာအချက်အလက်အသေးစိတ်ကိုပါ စစ်ကောင်စီထံတင်ပြနေရ
မတ်လတတိယအပတ်အတွင်း မန္တလေးမြို့က CDM အထူးကုဆရာဝန်ကြီး အနည်းဆုံး (၁၅)ဦးရဲ့ ဆေးကုသခွင့်လိုင်စင် (ဆ/မလက်မှတ်) အသိမ်းခံရပါတယ်။ စစ်ကောင်စီဟာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ ဒီဆရာဝန်ကြီးတွေကို ဆေးကုခွင့်မပေးဖို့၊ ဆေးကုသခွင့်ပေးခဲ့ရင် ဆေးရုံဆေးခန်းပိတ်သိမ်းတဲ့အထိ လုပ်ဆောင်မယ့်အကြောင်း ဆေးရုံပိုင်ရှင်တွေကိုဖိအားပေးခေါ်ပြောခဲ့တာလို့ မန္တလေးကျန်းမာရေး အသိုင်းအဝိုင်းကပြောပါတယ်။
“ပုဂ္ဂလိက ဆေးရုံတွေဘက်ကတော့တချို့ကို ခဏဆေးရုံမထိုင်ခိုင်းတော့တာ၊ စောင့်ကြည့်နေကျတာမျိုး ရှိပါတယ်။ ထပ်ပြီးတော့ ဆ/မသိမ်းဖို့ စာရင်းတွေထပ်ပေးဖို့ပြောတာလည်းရှိတယ်၊ အဓိကက CDM ဆရာဝန်တွေကို ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေမှာ လုံးဝဆေးကုသခွင့်မပေးဖို့ပြောတာပါဗျ။” လို့ မန္တလေး CDM ဆရာဝန်တဦးက ဘီဘီစီကိုပြောပါတယ်။
အခုလက်ရှိ ဆ/မ လက်မှတ်အသိမ်းခံရတဲ့ဆရာဝန်ကြီးတွေဘက်ကနေ ဘယ်လိုဆက်ဆောင်ရွက်ဖို့ရှိမလဲ ဆိုတာနဲ့ပတ်သက်ပြီး မသိရသေးပါဘူး။ ဒါပေမယ့်အခုလို အထူးကုဆရာဝန်ကြီးတွေကို ဆ/မလက်မှတ် သိမ်းတာဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မန္တလေးမှာပထမဆုံးစဖြစ်လာတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် မန္တလေးက CDM ဆရာဝန်တချို့ကိုနေအိမ်မှာလိုက်လံရှာဖွေတာတွေရှိပြီး ဖမ်းဆီးမိခဲ့ရင်လည်း တာဝန်ပြန်ထမ်းဆောင်ပါမယ်လို့ လက်မှတ်ထိုးရင်ပြန်လွှတ်ပေးတဲ့ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ တဖက်မှာလည်း မန္တလေးCDM ဆရာဝန်အနည်းဆုံး (၁၀)ဦးထပ်မနည်း ဖမ်းဆီးခံထားရပါ တယ်။
တဆက်တည်းမှာပဲ မန္တလေးစစ်ကောင်စီအနေနဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေအပေါ်ကိုပါ ထိန်းချုပ်မှု များလာတယ်လို့ ဆိုပါတယ်။
“OPD ကြည့်တဲ့လူနာ၊ OPD စာရင်း၊ ရိုးရိုး OPDလူနာဘယ်နယောက်၊ဆေးရုံတင်ထားတဲ့လူနာဘယ်နှစ် ယောက်ပေါ့။ ဘယ်လိုရောဂါတွေနဲ့တက်ရောက်ကုသမှုရှိသလဲပေါ့၊ သူတို့အဲ့လိုမျိုးအဆင့်တွေအထိကို လိုက်ပြီးဖိအားပေးဆောင်ရွက်နေတယ်။ ရိုးရိုးဆိုင်ကယ်တိုက်တာ၊ လဲတဲ့ကိစ္စမျိုးကိုတောင်မှ သူတို့ဆီ သတင်းပေးပို့ရတဲ့ ပိုပြီးတင်းကျပ်လာတဲ့အဆင့်ထိအောင်ရှိလာတယ်။”လို့ လက်ရှိမန္တလေးအခြေစိုက် ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေအခြေအနေကို ဆရာဝန်တဦးက ပြောပြပါတယ်။
အထက်မြန်မာပြည်မှာအကြီးဆုံးဖြစ်တဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ဆရာဝန်တွေ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပါဝင်တာကြောင့်အခုအချိန်အထိ ပြန်လည်လည်ပတ်နိုင် တာမရှိသေးသလို တခြားသောအစိုးရဆေးရုံတွေလည်း လည်ပတ်နိုင်တာမရှိသေးတာကြောင့် အခုလို CDM ဆရာဝန်တွေကို ဖိအားပေးလာတာလို့ သုံးသပ်နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မန္တလေးက CDM အထူးကုဆရာဝန်ကြီးတချို့ရဲ့ ဆ/မလက်မှတ်အသိမ်းခံရ ကလေးမြို့အကျဉ်းထောင်တွင်းမှာ ပစ်သတ်ခံရသူတွေရဲ့အလောင်းတွေကို ပြန်ယူနိုင်ဖို့ မိသားစုဝင်တွေကြိုးပမ်းနေ

ဓာတ်ပုံ ရင်းမြစ်, social media
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့ မတ်လ ၁၅ ရက်ညနေပိုင်းတုန်းက အကျဉ်းထောင်တွင်း ပဋိပက္ခမှာ ထောင်တွင်းအာဏာပိုင်တွေ ပစ်ခတ်လို့ သေဆုံးခဲ့သူတွေရဲ့အလောင်းတွေကို ပြန်ယူဖို့ သက်ဆိုင်ရာမိသားတွေက ခရစ်ယာန်ဘာသာရေးဆရာတွေနဲ့အတူ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ကလေးအကျဉ်းထောင်မှာ အင်အား ၅၀ ခန့်ရှိတဲ့ အချုပ်သားတချို့က ထောင်ဝန်ထမ်း ၃ ဦးကို ဓားစာခံလုပ်ပြီး ထောင်ထဲက ထွက်ပြေးဖို့ ကြံစည်ခဲ့တာကို ဖြေရှင်းရင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာက အချုပ်သား ၆ ဦး နဲ့ အကျဉ်းသား ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ မတ်လ ၁၆ ရက်မှာတော့ ဈာပနကျင်းပနိုင်ဖို့ အဲဒီဖြစ်စဉ်မှာသေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကကြိုးပမ်းနေတာလို့ သိရပါတယ်။
ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)ကတော့ မနေ့က ထောင်တွင်းပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေထဲမှာ အကျဉ်းကျနေသူ အသက် ၂၈ နှစ်အရွယ် ဆလိုင်း ရှလွန်ရှန်းထန်းလျန်(ခ) ဗန်ဒိန်းဆိုသူ တပ်ဖွဲ့ဝင် တစ်ဦးလည်းပါဝင်ပြီး နောက်တစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ပြောပါတယ်။
''သူတို့(စစ်တပ်)ဘက်က ထောင်ဆူလို့ ဆိုပြီး သတင်းထုတ်ပြန်ပေမဲ့ ကျွန်တော်တို့ကတော့ ဒါကို မယုံဘူးလေနော်။ ဘာလို့လဲဆိုတော့ ထောင်ထဲမှာ သူတို့ဆီမှာ ပြန်လည်ခုခံဖို့ဆိုတာ ဘာလက်နက်မှလည်း မရှိဘူး။ နောက်ပြီး သူတို့က ထောင်ကျနေတာ တစ်နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေဆိုတော့ သူတို့ ဝေဖန်ပိုင်းခြားတတ်တော့ ဆူပူလိမ့်မယ်တော့ ကျွန်တော်တို့မထင်ဘူး'' လို့ CNDF ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါပေမဲ့ ဆူပူမှုဆိုပြီး သေဆုံးသွားသူတွေဟာ ဦးခေါင်းကို တေ့ဖြစ်ခံရတဲ့ပုံစံဖြစ်နေတာကိုတော့ လက်ခံနိုင်စရာအကြောင်းမရှိဘူးလို့လည်း သူက ပြောထားပါတယ်။
မြန်မာစစ်တပ်အရာရှိတွေတက်ရောက်တဲ့ အာဆီယံစစ်ဘက်ဆိုင်ရာအစည်းအဝေးပွဲတွေ ဖနွမ်းပင်မြို့မှာ ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, akp
ဓာတ်ပုံ ပုံစာ, ၁၂ ကြိမ်မြောက် ကျင်းပတဲ့အာဆီယံစစ်တပ် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေး မြန်မာစစ်တပ်က အရာရှိတွေနဲ့ကိုယ်စားလှယ်အဖွဲ့တွေပါ တက်ရောက်တဲ့ အာဆီယံစစ်ဘက်ဆိုင်ရာအစည်းအဝေးပွဲတွေကို ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာ မနေ့ မတ်လ ၁၅ ရက်မှာကျင်းပခဲ့ပါတယ်။
အာဆီယံစစ်တပ် စစ်ဆင်ရေးမှူးချုပ်တွေအစည်းအဝေးနဲ့ ထောက်လှမ်းရေးမှူးချုပ်တွေအစည်းအဝေးကို လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော် ဖနွမ်းပင်က ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တာပါ။
အဲဒီအစည်းအဝေးပွဲတွေကို မြန်မာစစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြပါတယ်။
ဒီအစည်းအဝေးပွဲတွေကို အာဆီယံကာကွယ်ရေးဦးစီးချုပ်တွေ အစည်းအဝေးမတိုင်ခင် ကျင်းပတာဖြစ်ပါတယ်။
အဲဒီကာကွယ်ရေးဦးစီးချုပ်တွေ အစည်းအဝေးကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်မတက်ဘဲ စစ်တပ် ကြည်း၊ရေ၊လေ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးပဲ ကိုယ်စားတက်ရောက်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပြီး တစ်လကျော်အကြာ မနှစ်မတ်လတုန်းကကျင်းပတဲ့ အဲဒီအစည်းအဝေးကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အွန်လိုင်းကနေတက်ရောက်ခဲ့တာတွေ့ရပါတယ်။
မော်ဒယ် ပိုင်တံခွန် ပရိသတ်မြင်ကွင်းရှေ့ပြန်ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဒီနေ့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့၊သုဝဏ္ဏ ၊ ပေါ်ဆန်းမွှေးလမ်းမှာ ပြုလုပ်တဲ့ CLL ကာကွယ်ဆေးထိုးစင်တာဖွင့်ပွဲကို သရုပ်ဆောင်ပိုင်တံခွန်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဒီပွဲဟာ သရုပ်ဆောင်ပိုင်တံခွန် အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် ပထမဦးဆုံး ပြန်လည်တက်ရောက်တဲ့ပွဲဖြစ်ပါတယ်။
ပိုင်တံခွန်က သူ့အနေနဲ့ မတ်လ ၂၀ ရက်နောက်ပိုင်း ပရိသတ်နဲ့ပြန်ဆုံမယ်လို့ လူမှုကွန်ရက် မိုင်ဒေးမှာ အစောပိုင်းကပြောကြားထားတာလည်းရှိထားပါတယ်။
ပိုင်တံခွန်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲတွေမှာပါဝင်ခဲ့လို့ စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့အမှုဖွင့်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလက ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနောက် အင်းစိန်အကျဉ်းထောင်တွင်းတရားရုံးကနေ အမှုရင်ဆိုင်ခဲ့ရပြီး ထောင် ၃ နှစ်ချမှတ်ခံရကာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာတော့ စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
မြန်မာစစ်ရှောင်တွေကို ဂျာမနီ ဆက်ပံ့ပိုးမယ်

ဓာတ်ပုံ ရင်းမြစ်, German Embassy Yangon
မြန်မာပြည်တွင်းက စစ်ရှောင်နဲ့ပဋိပက္ခရှောင်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)နဲ့အတူ လက်တွဲပြီး ဆက်လက်ပံ့ပိုးသွားမယ်လို့ ရန်ကုန်မှာရှိတဲ့ဂျာမနီသံရုံးက ဒီနေ့မတ်လ ၁၆ ရက်မှာ ပြောလာပါတယ်။
သံရုံးအကြီးအကဲ မစ္စတာ York Schuegraf က WFP နဲ့အတူ စစ်ရှောင်စခန်းတွေကို သွားလေ့လာပြီးနောက်မှာ အခုလိုသတင်းထုတ်ပြန်လာတာပါ။
မစ္စတာ York Schuegraf ကတော့ စစ်ဘေးရှောင်စခန်းတွေဆီသွားရောက်လေ့လာချိန်အတွင်းမှာ ပြည်သူတွေခံစားနေရတာတွေကို နားထောင်နိုင်ခဲ့သလို ဒီအတွေ့အကြုံတွေကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်ချက်တွေကို ပိုမို ကောင်းမွန်စွာ ညှိနှိုင်း ဆောင်ရွက်ဖို့ အရေးကြီးတဲ့အကြောင်း ပြောထားပါတယ်။
ဂျာမနီဟာ မြန်မာပြည်တွင်းက WFP အဖွဲ့အတွက် ယူရိုငွေ ၅ သန်းကို မနှစ်က ထည့်ဝင်ပံ့ပိုးထားပါတယ်။
အင်းစိန်ထောင်မှာဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားလူငယ်တချို့ အဆောင်တွေကနေ ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ်, အကျဉ်းဦးစီးဌာနကတော့ ငြင်းဆို
ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး အခုမတ်လလယ်အထိ အင်းစိန်အကျဉ်းထောင်တွင်းက အကျဉ်းကျနေဆဲ ကျောင်းသားလူငယ်တချို့ဟာ အဆောင်တွေထဲမှာမရှိတော့ဘဲ ပျောက်ဆုံးနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ တချို့ကတော့ ထောင်တွင်းစစ်ကြောရေးပြန်ခံယူနေရတယ်၊ တိုက်ပိတ်ခံရတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် ဘီဘီစီဘက်ကတော့ သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုလေပြေစိုးမိုး၊ ကိုဆစ်နိုင်၊ ကိုသုတစိုးတို့အပါအဝင် လေးဦးကို လူငယ်ဆောင်တွေကနေ ခေါ်ထုတ်သွားပြီး ဘယ်နေရာကို ခေါ်ထုတ်သွားတယ်ဆိုတာမသိရသေးဘူးလို့ ကျောင်းသားသမဂ္ဂကနေ မတ်လ (၁၄)ရက်တုန်း က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး တရားရုံးအသိုင်းအဝိုင်းကို စုံးစမ်းမေးမြန်းကြည့်တဲ့အခါမှာတော့ ဖေဖော်ဝါရီ (၂၄)ရက်ကစကာ လူငယ်တချို့ အဆောင်တွေထဲမှာ မရှိတော့ဘူးဆိုတဲ့သတင်းသာ သိရှိကြရပြီး အသေးစိတ် အတည်ပြုမရဘူးလို့ ဆိုပါတယ်။
“အရင်လကုန်ခါနီးက နှစ်ယောက်ကိုခေါ်သွားတယ်၊ နောက်ဒီသောကြာက ခုနှစ်ယောက်ထပ်အခေါ်ခံရတယ် ဆိုပြီး သတင်းတွေကထွက်နေတယ်။ ကျွန်မကိုင်ပေးနေရတဲ့အမှုထဲက အကျဘက်ကတဦးတော့ အဆောင်မှာမရှိတော့ဘူး။ သူတို့ကို စစ်ကြောရေးပြန်လုပ်တာလား၊ သူတို့ဘာဖြစ်နေလဲဆိုတာကို ဘယ်လိုမှ သတင်းအတည်ပြုချက်ယူမရတော့ဘူးဖြစ်နေတယ်။” လို့ အင်းစိန်အကျဉ်းထောင်တွင်း အမှုလိုက်ပါဆောင်ရွက်နေရတဲ့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။
အကျဉ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်တဲ့ ဦးခင်ရွှေကတော့ ဒီလိုအင်းစိန်ထောင်တွင်း အဆောင်ကနေ ခေါ်ထုတ်စစ်ဆေးတဲ့ဖြစ်စဉ်တွေမရှိသလို နဂိုမူလအချုပ်ဆောင်တွေထဲမှာရှိနေပြီး တရားရင်ဆိုင်နေရသူတွေဟာလည်း အမှုရင်ဆိုင်နေကြဆဲလို့ တုံ့ပြန်ဖြေကြားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ဓာတ်ပုံ ပုံစာ, အင်းစိန်ထောင်မှာဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ ကျောင်းသားလူငယ်တချို့ အဆောင်တွေကနေ ပျောက်ဆုံးနေတယ်လို့ သတင်းထွက်ပေါ် ရတနာဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်လည်ပတ်မှုကို ဆက်လုပ်မယ်လို့ ထိုင်းဓာတ်ငွေ့ကုမ္ပဏီ PTTEP ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရတနာသဘာဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ကနေ ပြင်သစ်ကုမ္ပဏီ တိုတယ် ထွက်ခွါသွားပြီးတဲ့နောက် လုပ်ကွက်လုပ်ငန်းလည်ပတ်မှုတွေကို ဆက်လုပ်မယ်ဆိုပြီး ထိုင်းရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီ PTTEP က ပြောလာပါတယ်။
သဘာဝဓာတ်ငွေ့ ထောက်ပံ့ရေးမပျက်စေဖို့ လုပ်ကွက်ကို ဆက်ပြီးတာဝန်ယူသွားမယ်လို့ PTTEP က မတ်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
PTTEP ကတော့ ရတနာသဘာဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်ဟာ ထိုင်း- မြန်မာ ၂ နိုင်ငံစလုံးက ပြည်သူတွေအတွက် သဘာဝဓာတ်ငွေထောက်ပံ့တဲ့ရင်းမြစ်ဖြစ်နေလို့ စွမ်းအင်လိုအပ်ချက် ပျက်ပြားမှုမရှိအောင် တာဝန်ယူလိုက်တာလို့ ဆိုပါတယ်။
ရတနာဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်မှာ အရင်က တိုတယ်ကုမ္ပဏီဟာ ၃၁ ရာခိုင်နှုန်းအထိ လုပ်ငန်းပါဝင်ခဲ့တာဖြစ်ပေမဲ့ အဲဒီကုမ္ပဏီထွက်သွားပြီးတဲ့နောက် PTTEP ဘက်က လုပ်ကွက်မှာ ပါဝင်မှု ၃၇ ရာခိုင်နှုန်းကျော်၊ စစ်ကောင်စီလက်အောက်က မြန်မာ့ရေနံနဲ့ သဘာဓာတ်ငွေ့လုပ်ငန်းက ၂၂ ရာခိုင်နှုန်းနီးပါးနဲ့ အမေရိကန်စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန်ရဲ့ကုမ္ပဏီခွဲတစ်ခုက ၄၁ ရာခိုင်နှုန်းနဲ့ လည်ပတ်မှာဖြစ်ပါတယ်။
စစ်ကောင်စီကို နိုင်ငံခြားငွေရရှိနေစေတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနဲ့အလုပ်တွဲမလုပ်ဖို့ ပြည်တွင်းပြည်ပ စစ်အာဏာသိမ်းဆန့်ကျင်သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုနေချိန်မှာပဲ တိုတယ်ကုမ္ပဏီက အဲဒီလုပ်ကွက်ကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။
ဆည်ဆောက်မယ့် အစီအစဉ် လူမှုအဖွဲ့အစည်းတွေ ကန့်ကွက်
ကလေးထောင်ပစ်ခတ်မှု ၇ ဦးသေဆုံးတယ်လို့ စစ်ကောင်စီပြော
ကလေးအကျဥ်းထောင်မှာ ဒီကနေ့ ညနေပိုင်းက အချုပ်သားတချို့ ထွက်ပြေးဖို့ ကြိုးစားတာကို ဖြေရှင်းရင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာက အချုပ်သား ၆ ဦး နဲ့ အကျဥ်းသား ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီဖြစ်စဥ်မှာ အင်အား ၅၀ ရှိတဲ့ အချုပ်သားတချို့က ထောင်ဝန်ထမ်း ၃ ဦးကို ဓားစာခံလုပ်ပြီး ထောင်ထဲက ထွက်ပြေးဖို့ ကြံစည်ခဲ့ရာက စခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး ဖြစ်စဥ်အခြေအနေတွေကို ဘီဘီစီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီနေ့မတ်လ၁၅ရက်ညနေပိုင်းက အချုပ်သား ဗန်ဒိန်း ခေါင်းဆောင်တဲ့ အဖွဲ့က အကျဥ်းဦးစီး လက်ထောက်ညွှန်မှူးအပါအဝင် ထောင်တာဝန်ခံ ၂ ဦးကို ဓားစာခံပြုလုပ်ပြီးထောင်က ထွက်ပြေး လွတ်မြောက်ဖို့ ကြိုးစားတဲ့ဖြစ်စဥ်ကလေး အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်တာဖြစ်ပါတယ်။
ထောင်က အဲဒီ ဖြစ်စဥ်ကိုတားမြစ်ခဲ့တဲ့ အဆင့်ဆင့်ကို မလိုက်နာရာကနေ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပြီး လူသေဆုံးမှု ဖြစ်ခဲ့ကြောင်းနဲ့ အချုပ်သား ၁၂ ဦး လည်း ဒဏ်ရာရတယ်လို့စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး ညနေ ၅နာရီ ၄၀မိနစ် မှာ ထောင်အခြေအနေ ထိန်းသိမ်းနိုင်ခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ဓာတ်ပုံ ပုံစာ, ကလေးအကျဥ်းထောင် မြန်မာစစ်တပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကုလပြော
မြန်မာစစ်တပ်ဟာ စနစ်တကျ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇ၀တ်မှုအများအပြားနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ နဲ့ ပတ်သက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ အင်္ဂါနေ့က အစီရင်ခံစာမှာ ဖော်ပြခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းကျယ်ကျယ်ပြန့်ပြန့် ကောက်ယူထားတဲ့ ပထဆုံး လူ့အခွင့်အရေး အစီရင်ခံအဖြစ် ဒီအစီရင်ခံစာကို ဖော်ပြထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေက လူ့အသက်တွေကို ဂရုမစိုက်တာ၊ လူနေထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ အသုံးပြုပြီး အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘတ်ချလတ်က ပြောပါတယ်။
သေဆုံးသူတွေဟာ ဦးခေါင်းမှာ သေနတ်ထိမှန်ပြီး သေဆုံးတာ တွေ့ရသလို နိုင့်ထက်စီးနင်း မတရား ဖမ်းဆီးတာ၊ နှိပ်စက်တာတွေအပြင် လူသားဒိုင်းအဖြစ် အသုံးပြုခံရတာတွေလည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ သူကပြောခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ လေးနက်တဲ့ လုပ်ရှားအရေးယူမှုတွေ လုပ်သင့်ပြီလို့လည်း တိုက်တွန်းထားပါတယ်။
အင်္ဂါနေ့က ထုတ်တဲ့ ကုလသမဂ္ဂအစီရင်ခံစာအပေါ် မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်မေးမြန်းရာမှာ တစုံတရာ ပြန်လည်ဖြေကြားတာ မရှိပါဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာစစ်တပ် အနေနဲ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တာဝန်ရှိတယ်လို့ စစ်ကောင်စီကပြောပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုတွေ မရှိဘူးလို့ ငြင်းဆိုပါတယ်။
ပြီးတော့ အခုလိုမငြိမ်မသက်ဖြစ်စေတဲ့တရားခံဟာအကြမ်းဖက်သမားတွေလို့ပဲ အပြစ်ဖို့ထားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ အခုအချိန်ထိ တိုင်းပြည်တည်ငြိမ်အောင် မစွမ်းဆောင်နိုင်သေးဘဲ အရင်တုန်းက မကြုံသေးဘူးတဲ့ ဆန့်ကျင်မှုတွေနဲ့လည်း ကြုံနေရပါတယ်။
ပြီးတော့ အနောက်နိုင်ငံတွေကလည်း စစ်အုပ်စုနဲ့ သူတို့နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ချမှတ်ထားပါတယ်။
အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့သူတွေကို စစ်တပ်က ရက်စက်စွာ နှိမ်နင်းခဲ့ပြီး ထောင်နှင့်ချီတဲ့လူတွေကိုလည်း ဖမ်းဆီးခဲ့သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူအများအပြားကို ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
သူတို့ထုတ်ပြန်တဲ့အစီရင်ခံစာက စော်ကားအနိုင်ကျင့်ခံခဲ့ရသူတွေ၊ မျက်မြင်သက်တွေကို မေးမြန်းအတည်ပြုထားပြီး ဂြိုဟ်တုဓာတ်ပုံတွေ၊ မာလ်တီမီဒီယာဖိုင်များတွေကို အတည်ပြုထားတာလို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်အစိုးရကို ထောက်ခံတယ်လို့ယူဆရတဲ့လူ အနည်းဆုံး ၅၄၃ ဦး သေဆုံးခဲ့တာရှိတယ်လို့လည်း ဒီအစီရင်ခံစာက ဖော်ပြထားပါတယ်။
ရိုဟင်ဂျာ ခေါင်းဆောင် အူလာ သတ်ဖြတ်ခံရမှု အာဆာလက်ချက်လို့ ဘင်္ဂလားဒေ့ရှ်ရဲ ထုတ်ပြော
ရိုဟင်ဂျာခေါင်းဆောင်တစ်ဦး ပြီးခဲ့တဲ့နှစ်က အသတ်ခံလိုက်ရတာဟာ အာဆာအဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ့်ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ဝန်ခံ ပြောကြားလိုက်ပါတယ်။
ရိုဟင်ဂျာခေါင်းဆောင် မိုဟစ် အူလာဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အသတ်ခံလိုက်ရတာပါ။
အသက် ၄၈ နှစ်အရွယ် မိုဟစ်အူလာဟာ ကုတုပလောင် စခန်းမှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံခဲ့ရပြီး အချိန်သိပ်မကြာခင်မှာဘဲ ဒီသတ်ဖြတ်မှုကို အာဆာအဖွဲ့က ကြိုးကိုင်စီစဥ်ခဲ့တာလို့ သူ့မိသားစုက စွပ်စွဲခဲ့ပါတယ်။
အာဆာအဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင် ပုန်ကန်နေပြီး မူးယစ်ဆေးဝါးလုပ်ငန်းတွေ လုပ်ကိုင်နေတယ်၊ နိုင်ငံရေးအတိုက်အခံတွေကို လုပ်ကြံသတ်ဖြတ်ယ်၊ ဒုက္ခသည်စခန်းတွေထဲမှာ ကြောက်ရွံ့မှုတွေ သွတ်သွင်းနေတယ်ဆိုပြီး စွပ်စွဲခံရပါတယ်။
ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့တွေက ဒုက္ခသည် စခန်းတွေမှာ အာဆာအဖွဲ့ လှုပ်ရှားနေတယ်ဆိုတာ ငြင်းဆန်နေခဲ့ပြီး အူလာသေဆုံးမှုကို တခြားပြိုင်ဘက် အဖွဲ့တွေရဲ့ လက်ချက်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ရဲစုံစမ်းစစ်ဆေးမှုတွေရဲ့ သက်သေတွေအရ ဒီသတ်ဖြတ်မှုနဲ့ အတွက် အဲဒီအဖွဲ့နဲ့ ပတ်သက်သူ ၁၅ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲက ၄ ဦးက ဝန်ခံထားတယ်လို့ စုံစမ်းစစ်ဆေးရေးအရာရှိက ဆိုပါတယ်။
ထုတ်ပြန်ချက်ထဲမှာ လေးယောက်က သူတို့ဟာ အာဆာအဖွဲ့ဝင်တွေလို့ ပြောပြီး မိုဟစ်အူလာကို သတ်ဖြတ်ဖို့ အာဆာခေါင်းဆောင်တွေက သူတို့ကို ညွှန်ကြားချက်တွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာ ခေါင်းဆောင် အူလာနဲ့ သူ့အဖွဲ့ရဲ့ ကျော်ကြားလာမှုက အာဆာအဖွဲ့ထက် သာလာလို့ သူ့ကို သတ်ဖြတ်ခဲ့တာလို့လည်း ဆိုပါတယ်။
မိုဟစ်အူလာက အာဆာအဖွဲ့နဲ့ အတိုက်အခံလုပ်ခဲ့တယ်၊ အဲဒီအဖွဲ့ရဲ့ ရာဇဝတ်မှုတွေကို လူတွေ သိလာအောင် လုပ်ခဲ့တယ်လို့ စုံစမ်းရေးအရာရှိက ပြောပါတယ်။
အာဆာအဖွဲ့ကတော့ မိုဟစ်အူလာ သတ်ဖြတ်မှုနဲ့ ပတ်သက်မှု မရှိဘူးလို့ အရင်က ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မိုဟစ်အူလာ ( ၂၀၁၉ ခုနှစ်၊ ကုတုပလောင်စခန်း) ရခိုင် ကျောက်တော်က စစ်ဘေးရှောင်စခန်းတချို့မှာ ကျောက်ရောဂါဖြစ်ပွားနေ
စစ်ကောင်စီလေကြောင်းနဲ့ တိုက်ခိုက်ရာကနေ မပေါက်ကွဲခဲ့တဲ့ ကြီးမားတဲ့ဗုံးတလုံးတွေ့ရှိ
စစ်ရေးတင်းမာနေတဲ့ ကယား (ကရင်နီ)ဒေသမှာ စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက်ရာကနေ မပေါက်ကွဲခဲ့တဲ့ ကြီးမားတဲ့ ဗုံးတလုံးတွေ့ရှိတယ်ဆိုပြီး မှတ်တမ်းဓာတ်ပုံတွေ ဒီကနေ့နေ့လယ်ပိုင်းမှာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။ လူတရပ်စာနီးပါးရှိတဲ့ အဲ့ဒီဗုံးအမျိုးအစားနဲ့ ပေါက်ကွဲနိုင်ခြေရှိမရှိ အသေးစိတ်မသိရသေးဘဲ KNDF တပ်ဖွဲ့ဝင်တွေကနေ တူးဖော်ထုတ်ယူခဲ့တာလို့ ဒေသအခြေစိုက်မီဒီယာတွေမှာဖော်ပြထားပါတယ်။
“စစ်ကောင်စီဘက်ကတော့ ကျွန်တော်တို့ကို လက်နက်ကြီးမျိုးစုံနဲ့ပစ်တယ်၊ ၁၂၀ မမတွေရော လေကြောင်း တိုက်ခိုက်တာရော ဖိအားပေးတိုက်တယ်။ ရှေ့တန်းမှာသူတို့ဘက်က အကျအဆုံးများလာပြီဆိုရင်လည်း နောက်တန်းက ဆေးပေးခန်းတွေ၊ စစ်ရှောင်ခိုလှုံရာနေရာတွေကို ဗုံးကြဲလေ့ရှိတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို) ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ဒီလို လေကြောင်းနဲ့တိုက်ခိုက်တာကြောင့် အခုမတ်လရက်သတ္တပတ်အနည်းငယ်အတွင်း ဒီးမော့ဆိုမြို့နယ်တွင်းက ယာယီဆေးခန်း နှစ်နေရာထိခိုက်ပျက်ဆီးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့နေ့စဉ်လိုလိုတိုက်ပွဲရှိနေတဲ့ ကရင်နီပြည်နယ်မှာတော့ ဒီကနေ့မနက် (၇)နာရီဝန်းကျင်လောက် မှာလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါ့ငံခါးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနောက်ဘက်ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Kantarawaddy Times (Yo Yo)
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလေကြောင်းနဲ့ တိုက်ခိုက်ရာကနေ မပေါက်ကွဲခဲ့တဲ့ ကြီးမားတဲ့ဗုံးတလုံးတွေ့ရှိ ထိုင်းရောက်မြန်မာလုပ်သား ၅ သောင်းခွဲနီးပါး အလုပ်လုပ်ကိုင်ခွင့် သက်တမ်း ၂ နှစ်ထပ်တိုးခွင့်ရမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကိုဗစ်စစ်ဆေးဖို့စောင့်ဆိုင်းနေတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေ ထိုင်းရောက် မြန်မာလုပ်သား ၅ သောင်းခွဲနီးပါးကို ထိုင်းနိုင်ငံထဲမှာ နောက်ထပ် ၂ နှစ် အလုပ်ဆက်လုပ်ခွင့်ပေးဖို့ ထိုင်းအစိုးရအဖွဲ့က မနေ့ မတ်လ ၁၄ ရက်မှာ အတည်ပြုလိုက်တယ်လို့ ထိုင်းကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
အလုပ်သမားနားလည်မှုစာချွန်လွှာတွေအရ ထိုင်းနိုင်ငံထဲမှာ လာရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာအပါအဝင် လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က လုပ်သားပေါင်း ၁ သိန်း ၆ ထောင်ကျော်ဟာ အခုနှစ်မှာ ၄ နှစ်တာ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်တော့မယ့်အချိန်မှာ အခုလိုအတည်ပြုပေးလိုက်တာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလာမှုအခက်အခဲတွေရှိနေချိန်မှာ ထိုင်းနိုင်ငံထဲကနေ ထွက်ခွါဖို့မလိုဘဲ အဲဒီလုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်ပြုချက်နဲ့ ပြည်တွင်းနေထိုင်ခွင့်တွေကို ၂ နှစ် သက်တမ်းတိုးပေးမှာလို့ သိရပါတယ်။
မတ်လ ၁၃ ရက်ရန်ကုန်ညသပိတ်ဖြိုခွင်းခံရမှုမှာ အမျိုးသမီးငယ် ၃ ဦးဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မတ်လ (၁၃)ရက်ရန်ကုန်ညသပိတ်ဖြိုခွင်းခံရတာမှာ အမျိုးသမီးငယ် (၃)ဦးဖမ်းဆီးခံရ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းပေါ်မှာ မတ်လ ၁၃ ရက်ညကပြုလုပ်တဲ့ညသပိတ်ကို အရပ်ဝတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးချိန် အမျိုးသမီးငယ် ၃ ဦး ဖမ်းဆီးခံရတယ်လို့သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီအရပ်၀တ်တွေရဲ့ရိုက်နှက်ဖမ်းဆီးတဲ့ကြားက ထွက်ပြေးလွတ်မြောက်ခဲ့သူတချို့မှာလည်း ပြင်းထန်ဒဏ်ရာတချို့ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“၉၁လမ်းကို ဖြတ်တဲ့အချိန်မှာ စစ်သားတွေလာနေပြီ ပြေးပြေးဆိုပြီး ပြည်သူတွေကအော်တယ်။ အဲ့မှာ ၉၃ လမ်းကနေ ဒေါ်သိန်းတင်လမ်းပေါ် ဖြတ်တက်ကြတယ်။ လမ်းမပေါ်မှာ စစ်ကားဖြတ်သွားလို့ လမ်းထဲပြန်ဝင်ချိန်မှာလမ်းက အမှောင်ချထားပြီးတော့ အိမ်စီးကားထဲကနေ အရပ်ဝတ်တွေနဲ့ထွက်လာကြပြီး နံပါတ်တုတ်တွေနဲ့ ဝိုင်းရိုက်ကြတယ်။ တချို့တော့ လွတ်ပေမဲ့ အသက်မပြည့်သေးတဲ့ကောင်မလေးသုံးယောက်တော့အဖမ်းခံလိုက်ရတယ်။"လို့ အဲ့ဒီနေ့ သပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူတဦးကပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့အမျိုးသမီးငယ်တွေရဲ့နောက်ဆက်တွဲအခြေအနေကိုလည်း အသေးစိတ်မသိ ရသေးပါဘူး။
အဲ့ဒီသပိတ်ဖြစ်စဉ်ပြီးတဲ့နောက် လွတ်မြောက်လာသူတချို့မှာလည်းရိုက်နှက်ခံရတာကြောင့် ခေါင်းကွဲဒဏ်ရာ၊ ဇက်ကြောလှည့်မရတဲ့ဝေဒနာတွေခံစားနေရကြရပြီး လုံခြုံရေးအခက်အခဲကြောင့် ဆေးရုံ၊ ဆေးခန်းလည်း သွားရောက်မကုသဖြစ်ကြဘူးလို့ဆိုပါတယ်။
လက်ရှိမှာတော့ ရန်ကုန်မြို့ပြပေါ်မှာ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားသူတွေကို စီစီတီဗီမှတ်တမ်းတွေက တဆင့်နောက်ယောင်ခံဖမ်းဆီးတာတွေ ခပ်စိတ်စိတ်ဖြစ်ပွားနေပြီး အခုမတ်လလယ်မှာတင် အနည်းဆုံးအယောက် ၂၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
အာဆီယံကာချုပ်များအစည်းအဝေးပွဲကို စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင်မတက်ဘဲ ကိုယ်စားလှယ်လွှတ်

ဓာတ်ပုံ ရင်းမြစ်, cincds
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပမယ့် ၁၉ ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်မတက်ဘဲ ကိုယ်စားလှယ်အဖွဲ့ကိုပဲ စေလွှတ်လိုက်တယ်ဆိုပြီး စစ်ကောင်စီဘက်က မတ်လ ၁၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီအစည်းအဝေးကို ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ဦးဆောင်သွားတာလို့လည်း ဆိုပါတယ်။
အဲဒီအစည်းအဝေးနဲ့အတူ ဆက်စပ်ပြုလုပ်မယ့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်ဆင်ရေးမှူးချုပ်တွေ အစည်းအဝေးကို ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တက်မှာဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက စစ်တပ်ထောက်လှမ်းရေးမှူးချုပ်တွေအစည်းအဝေးကိုတော့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တက်ရောက်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌလည်းဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မနှစ်တုန်းက ပြုလုပ်တဲ့ အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကိုတော့ အွန်လိုင်းကနေ ပါဝင်တက်ရောက်ခဲ့ပါတယ်။
