မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ

BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တယ်လီနော လက်လွှဲပြောင်းမှု ရက်ပိုင်းအတွင်း ပြုလုပ်ရမယ်

    တယ်လီနောကို လက်လွှဲရောင်းချဖို့ မြန်မာ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီဖြစ်ပြီး လွှဲပြောင်းမှုတွေကို ရက်ပိုင်းအတွင်း ပြုလုပ်ရမယ်လို့ အဲဒီခွင့်ပြုချက်စာထဲမှာ ဖော်ပြထားတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

    တယ်လီနောကို လက်လွှဲရောင်းချဖို့ မြန်မာအာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီလို့ တယ်လီနောက ဒီကနေ့ ကြေညာချက် ထုတ်ခဲ့ပါတယ်။

    တယ်လီနောကနေ ပိုင်ရှင်သစ်တွေကို လွှဲပြောင်းမှုတွေကိုတော့ ၅ ရက် အတွင်း လုပ်ဆောင်ဖို့ အဲဒီခွင့် ပြု ချက်မှာပါရှိပါတယ်။

    “တယ်လီနောအနေနဲ့ လူ့အခွင့်အရေးနဲ့ တာဝန်ခံမှုရှိတဲ့ စီးပွားရေး စံနှုန်းတွေကို လိုက်နာဖို့ လိုပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက ဥပဒေတွေက ဥရောပက ဥပဒေတွေရဲ့ ပဋိပက္ခ ဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံက ထွက်ခွာသွားရတာ ဖြစ်တယ် “ လို့ နော်ဝေ ကုမ္ပဏီ တယ်လီနောရဲ့ အမှုဆောင် အရာရှိ ချုပ် Sigve Brekke က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်ပြီး ရိုက်တာနဲ့ တယ်လီဖုန်းနဲ့ အီးမေးလ် ဆက်သွယ်မေးမြန်းမှုကို မြန်မာ အာဏာပိုင်တွေက လတ်တလော တုံ့ပြန်တာ မရှိသေးပါဘူး။

    တယ်လီနောကို ပြည်တွင်းက ရွှေဗျိုင်းဖြူ အုပ်စုနဲ့ လက်ဘနွန်အခြေစိုက် M1 အမ်ဝမ်း ကုမ္ပဏီတို့ လွှဲပြောင်းယူမှာ ဖြစ်ပြီး ဒီကုမ္ပဏီနှစ်ခုက Investcom PTE အနေနဲ့ ဖက်စပ် ပူးပေါင်းလုပ်ကိုင်မှာ ဖြစ်တယ်လို့ အမ်ဝမ်းက ပြောထားပါတယ်။

    ကုမ္ပဏီကို ရွှေဗျိုင်းဖြူက ၈၀ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ ရှယ်ယာတွေကို အမ်ဝမ်းက ပိုင်ဆိုင်မှာ ဖြစ်တယ်လို့ ဖေဖော်ဝါရီလမှာ ရိုက်တာက ရေးသားထားခဲ့ပါတယ်။

    ရွှေဗျိုင်းဖြူဘက်ကတော့ မှတ်ချက်တစ်စုံတစ်ရာပေးတာ မရှိသေးပါဘူး။

    တယ်လီနော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. ဒေါက်တာဇော်မြင့်မောင်အမှု ပြန်ခေါ်သက်သေတွေ စစ်ဆေး

    မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ အဂတိအမှုတွေကို တရားလိုပြသေသက်တွေ မကုန်ဆုံးသေးဘဲနဲ့ တရားရုံးက စွဲချက်တင်လို့ ပြန်ခေါ်သက်သေတွေကို ဒီနေ့(မတ်၁၈)မှာ ပြန်ခေါ်စစ်ဆေးတယ်လို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ဟာ ပြင်ဦးလွင်မြို့နယ် NLD ပါတီရုံးနေရာကို ဝန်ကြီးချုပ်အာဏာသုံးပြီး မြေချထားပေးတယ်ဆိုတဲ့ အဂတိအမှုတစ်မှု အပါအဝင် စွပ်စွဲခံရတဲ့ အဂတိအမှု ၅ ခုလုံးကို တစ်ပတ်နှစ်ကြိမ် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

    အဂတိအမှု ၅ ခု လုံးကို မတ်လ၈ ရက်နေ့ကစွဲချက်တင် အမိန့်ချခဲ့လို့ အခုအခါမှ ာပြန်ခေါ် တရားလိုပြသက်သေတွေကို ပြန်ခေါ်စစ်ဆေးနေတာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်အမှု ပြန်ခေါ်သက်သေတွေ စစ်ဆေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  3. တစ်နှစ်ကျော်အတွင်း ပြန်ကုစားဖို့မလွယ်အောင် ပြုန်းတီးနေတဲ့ မြန်မာ့သစ်တော

  4. အာဏာသိမ်းပြီးတဲ့နောက် စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေထဲမှာ ပါတီဝင် ၁၆ ဦးသေဆုံးခဲ့တယ်လို့NLD ထုတ်ပြန်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစိုးရအဖွဲ့ဝင်ကြီးတွေနဲ့အတူ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပါတီဝင်တွေကို ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။

    အာဏာသိမ်းလိုက်တဲ့ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့အထိကောက်ယူတဲ့စာရင်းတွေအရ ဖမ်းဆီးခံရတဲ့ NLD ပါတီဝင် ၈၃၂ ယောက်ထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင် ပါတီဝင် ၁၆ ဦးဟာ စစ်ကြောရေးအတွင်း နှိပ်စက်မှုနဲ့ အကျဉ်းထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့်သေဆုံးခဲ့တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက ဒီကနေ့မတ်လ ၁၈ ရက်စွဲနဲ့ထုတ်ပြန်လာပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီကဖမ်းဆီးသွားပြီးနောက် ၂၄နာရီအတွင်းစစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ စုအသက်မွေးဝမ်းကျောင်းသိပ္ပံ (ရွှေပြည်သာ) တာဝန်ခံ ဦးဇော်မြတ်လင်း

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူအခွင့်အရေး ချိုးဖောက်မှုမှတ်တမ်းကောက်ယူရေးအဖွဲ့က ကောက်ယူထားတဲ့စာရင်းတွေအရ နိုင်ငံတဝန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူပေါင်း ၁၃၀၀၀ ကျော်ရှိတဲ့အနက် NLD ပါတီဝင် ၈၃၂ယောက်ပါရှိပြီး အဲဒီထဲက ၁၇၀ လောက်ကတော့ ပြန်လည်လွတ်မြောက်လာတယ်လို့ဆိုပါတယ်။

    ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် တို့ကိုပုဒ်မတွေအသီးသီးတပ်ပြီးတရားစွဲဆိုဖမ်းဆီးခံထားရသူ ၆၄၅ ယောက်ရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီထဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ပြီး ပြန်လွတ်လာသူတွေရှိသလို ၉၇ ဦးကတော့ အကျဉ်းထောင်တွေထဲမှာဖမ်းဆီးထိန်းသိမ်းခံထားရ တုန်းဖြစ်တယ်လို့စာရင်းထုတ်ပြန်ပါတယ်။ အခုလိုပါတီထိပ်ပိုင်းခေါင်ဆောင်တွေနဲ့ပါတီဝင်တွေကို ဖမ်းဆီးတာတွေအပြင် နိုင်ငံတဝန်းက ပါတီရုံးခန်းတွေကို ဖျက်ဆီးတာအပြင် ပါတီရုံးခန်းတွေနဲ့ပါတီဝင်တွေရဲ့ နေအိမ် ၁၅၀ ကျော်နဲ့စစ်အာဏာသိမ်းတာကိုပုံစံမျိုးစုံနဲ့ဆန့်ကျင်တဲ့ပြည်သူတွေရဲ့နေအိမ် ၁၁၅လုံးကို စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့NLD ကစာရင်းပြုစုထုတ်ပြန်ပါတယ်။

    စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့ ၂၀၂၀ ကြားဖြတ်ရွေး ကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူတွေရွေးချယ်တင် မြှောက်မှုနဲ့အတည်ပြုထားတဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန်ကြိုးစားခဲ့ပြီး အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ပြည်သူ ၁၃၀၀၀ ကျော်ကို ဖမ်းဆီးခဲ့သလို ပုံစံမျိုးစုံနဲ့နှိမ်နင်းမှုတွေကြောင့် ပြည်သူ ၂၁၂၃ သေဆုံးခဲ့တယ်လို့ NLDဗဟိုအလုပ်ကော်မတီ ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများမှတ်တမ်းကောက်ယူရေးအဖွဲ့ကကောက်ယူထားတဲ့စာရင်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

    ဓာတ်ပုံ ရင်းမြစ်, ကျိုက်ထိုသတင်း ၊ CJ

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက်ပိုင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရတဲ့ ဘီးလငျးမွို့နယျ NlD ပါတီ ရုံး
  5. ဒီပဲယင်း၊ မရကန်ကျေးရွာအတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်မီးရှို့ သက်ကြီးရွယ်အိုတစ်ဦးသေဆုံး, ကျေးရွာတွေထဲ စစ်တပ်က ဆက်တိုက်ဝင်ရောက်တာကြောင့် ရက်ပိုင်းအတွင်း ၁၃ ရွာခန့်က ဒေသခံတွေဘေးလွတ်ရာပြေးနေရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေဘက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ကစလို့ဆက်တိုက်ဝင်ရောက်ပြီး ပစ်ခတ်တာတွေ၊ နေအိမ်တွေမီးရှို့တာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မတ်လ ၁၈ရက်မှာလည်း ဒီပဲယင်းအရှေ့ခြမ်းက မရကန်ကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဝင်ရောက်လာပြီး နေအိမ်မီးရှို့မှုတွေလုပ်ခဲ့လို့နေအိမ် ၄လုံးမီးလောင်ပျက်စီးပြီး သက်ကြီးရွယ်အိုတစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    " နေအိမ်ခြံဝင်းတစ်ခုတည်းနေတဲ့ မိသားစုအိမ်ကိုဝင်ရှို့သွားတာပါ။ အိမ် ၄လုံးလောင်သွားတယ်။ မပြေးနိုင်တဲ့အသက် ၈၀ အရွယ် ဦးရှမ်းကြီးဆိုတဲ့ အဖိုးအိုကတော့ အိမ်မီးလောင်တဲ့အထဲမှာ ဆုံးသွားတယ်။ ရွာသားတွေလည်း အကုန်ပြေးနေရပါပြီ။ တစ်ရွာပြီးတစ်ရွာဝင်နေတော့ ဒီရွာဝင်ပြီဆိုအနားက ရွာတွေပါပြေးရတယ် "လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပဲယင်းအရှေ့ခြမ်းက ကျေးရွာတွေကို မတ်လ ၁၃ ရက်နေ့ကတည်း စစ်ကောင်စီတပ်တွေ ဆက်တိုက်ဝင်ရောက်ဖျက်ဆီးတာတွေနေအိမ်တွေကိုမီးရှို့တာတွေလုပ်ခဲ့တာကြောင့် ဒီကနေ့မတ် ၁၈ နေ့အထိ ကျေးရွာပေါင်း ၁၃ ရွာလောက်ဘေးလွတ်ရာပြေးနေရတယ်လို့ဒေသခံ တွေကပြောပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ်တွေ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာတော့ နှစ်ဖက်တိုက်ပွဲတွေပြီးတဲ့နောက်ပိုင်းမှာ အနီးကကျေးရွာတွေထဲကိုဝင်ရောက်ပစ်ခတ်မီးရှို့တာတွေလုပ်ခဲ့သလိုတိုက်ပွဲတွေမရှိဘဲဝင်ရောက်ပစ်ခတ်မီးရှို့တာတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစလို့အခု ၂၀၂၂ ခုနှစ် မတ်လ ၁၅ရက်နေ့အထိ နိုင်ငံတဝန်း ဒေသခံနေအိမ် ၇၂၄၈ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့လည်း အချက်အလက်ကောက်ယူထားတဲ့ Data for Myanmar က စာရင်းထုတ်ပြန်ထားပါတယ်။

    ဒီပဲယင်း

    ဓာတ်ပုံ ရင်းမြစ်, Voice Of Depeyin

  6. မြေနီကုန်းတံတားက နံရံဆေးရေးပန်းချီဖျက်ဆီးမှုကို ပြင်သစ်သံရုံး ရှုတ်ချ

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်ခုံးကျော်တံတားမှာ လူငယ်ဂရက်ဖစ်တီ အနုပညာရှင်တစ်ဦး ဖန်တီးထားတဲ့ နံရံဆေးရေးပန်းချီလက်ရာတစ်ခုကို စစ်ကောင်စီက မတ်လ ၁၆ ရက်နေ့မှာအပေါ်ကနေ ဆေးထပ်သုတ်ပြီး ဖယ်ရှားခဲ့ပါတယ်။

    ဒီနံရံဆေးရေးပန်းချီလက်ရာဟာ ပြီးခဲ့တဲ့ အရပ်သားအစိုးရတာဝန်ရှိသူတွေက ခွင့်ပြုပေးမှုနဲ့အတူ ပြင်သစ်သံရုံးက ကူညီပံ့ပိုးပေးမှုနဲ့ ရေးဆွဲခဲ့တဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပြီး မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်အစီအစဉ်ရဲ့တစိတ်တပိုင်းအဖြစ်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်သံရုံးကထုတ်ပြန်ပါတယ်။

    ဒီအနုပညာလက်ရာကို စစ်အာဏာသိမ်းထားတဲ့အစိုးရက ဖျက်ဆီးပစ်လိုက်တဲ့အပေါ် အံ့သြမိပြီး ဒီလုပ်ရပ်အပေါ် ရှုတ်ချတယ်လို့ ပြင်သစ်သံရုံးရဲ့ ဒီနေ့မတ်လ ၁၈ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ခုံးကျော်တံတားအောက်က နံရံဆေးရေးပန်းချီလက်ရာဟာ အိပ်မက်တွေနောက်ကိုလိုက်နေတဲ့ လူတစ်ဦးပုံစံကို ခံစားရေးဆွဲထားတာဖြစ်တယ်လို့ ဖန်တီးရေးဆွဲသူက ပန်းချီကားဖန်တီးစဉ်က ပြောထားခဲ့ဖူးပါတယ်

    ။အာဏာမသိမ်းခင်ကတော့ နံရံဆေးရေးပန်းချီလက်ရာတွေပြည့်နေတဲ့ ဒီတံတားအောက်မှာ ဆယ်ကျော်သက်လူငယ်တွေ စုဝေးပြီး သီချင်းဆိုတာ၊ စကိတ်စီးတာတွေနဲ့ဖျော်ဖြေရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ကြပါတယ်။

    စစ်ကောင်စီက ဒီနံရံဆေးရေးပန်းချီတွေကို ဘာကြောင့်ဖယ်ရှားရတယ်ဆိုတာ ထုတ်ပြန်ပြောဆိုတာမရှိသလို အခုလို အနုပညာလက်ရာတစ်ခုကိုဖျက်ဆီးဖယ်ရှားတာနဲ့ပတ်သက် လို့လူထုကြားမှာလည်း ဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

    ဒီဖြစ်ရပ်အပေါ်စစ်ကောင်စီအနေနဲ့အနုပညာထုတ်ဖော်ခွင့်တွေကိုလေးစားလိုက်နာဖို့နဲ့နိုင်ငံရဲ့အနုပညာနဲ့အမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ပေးဖို့ကိုလည်း ပြင်သစ်သံရုံးက တိုက်တွန်းထားပါတယ်။

    နံရံဆေးရေးပန်းချီ

    ဓာတ်ပုံ ရင်းမြစ်, social media

  7. ထောင်ဝင်စာပေးပို့ကူညီနေတဲ့ မန္တလေးကကျောင်းသား ၃ဦးအကြမ်းဖက်ပုဒ်မတွေနဲ့စွဲချက်တင်ခံရတယ်လို့ ဗကသအဖွဲ့ချုပ်ထုတ်ပြန်, ရန်ကုန်မှာဖမ်းဆီးခံရတဲ့သပိတ်အဖွဲ့ဝင်လူငယ်နှစ်ဦးကိုလည်း မိသားစုဝင်တွေဆက်သွယ်မရဖြစ်နေ

    မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေတဲ့ကျောင်းသားလူငယ်တွေဆီကို ထောင်ဝင်စာကူညီပေးပို့နေတဲ့ ဗကသများအဖွဲ့ချုပ်ကကျောင်းသားလူငယ် ၃ ဦး အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ (၅၂က၊ ၅၀ည) ပုဒ်မ နှစ်ခုစီနဲ့စွဲချက်တင်ခံခဲ့ရတယ်လို့ဗကသများအဖွဲ့ချုပ်သတင်းနဲ့ပြန်ကြားရေးက မနေ့မတ်လ ၁၇ က ထုတ်ပြန်ပါတယ်။

    ဗကသအဖွဲ့ချုပ်က ကျောင်းသားလူငယ် ၃ ဦးဖြစ်တဲ့ကိုအောင်မျိုးကို၊ ကိုကျော်ဇင်လတ်နဲ့ မသီရိရတနာတို့ကို ပြီးခဲ့တဲ့ မတ် လ ၂ရက်နေ့ညနေပိုင်းက နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်တွေကို ထောက်ပံ့တယ်ဆိုကာ ဒီပုဒ်မတွေနဲ့စွဲချက်တင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ရက်သတ္တပတ်နှစ်ပတ်ကြာဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သူတို့၃ ဦးကို စွပ်စွဲချက်နဲ့လျော်ညီတဲ့သက်သေမရှိတဲ့အတွက် မတ်လ ၂၃ ရက်နေ့မှာ ရမန်ယူမယ်လို့လည်း ဗကသများအဖွဲ့ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    စစ်ကောင်စီကတော့ဖမ်းဆီးခံကျောင်းသားတွေနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ကျောင်းသား

    ဓာတ်ပုံ ရင်းမြစ်, ဗကသများအဖွဲ့ချုပ်

    အာဏာသိမ်းပြီးနောက်ပိုင်း ဗကသများအဖွဲ့ချုပ်ကကျောင်းသားလူငယ်အများအပြားကို စစ်ကောင်စီက ဖမ်းဆီးပြီး ပုဒ်မတပ်တာတွေရှိသလို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့စွဲချက်တင်တာတွေလည်းရှိနေပြီး ဆန္ဒပြသပိတ်ဦးဆောင်သူ နှစ်ဦးဖြစ်တဲ့ ဗကသများအဖွဲ့ချုပ်ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးနဲ့ ဗကသများအဖွဲ့ချုပ်ဆန္ဒပြသပိတ်ဦးဆောင်သူ ကိုညီညီဇင်တို့ကိုလည်းအကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ(၅၂က၊၅၀ည)ပုဒ်မနှစ်ခုစီနဲ့ ထပ်မံဝရမ်းထုတ်ထားတယ်လို့ဗကသများအဖွဲ့ချုပ်က ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒါ့အပြင်ပြီးခဲ့တဲ့ မတ်လ ၁၆ရက်နေ့က ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်မှာစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့ သပိတ်စစ်ကြောင်းအဖွဲ့တစ်ခုဖြစ်တဲ့တော်လှန်သွေးမကုန်တောင်ဒဂုံအင်အားစုက ကိုမင်းဟိန်းခန့်နဲ့မပိုးဇာအောင်တို့ကိုလည်းမိသားစုတွေကအဆက်အသွယ်မရကြဘူးလို့သက်ဆိုင်ရာသပိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။

    ကျောင်းသား

    ဓာတ်ပုံ ရင်းမြစ်, AJAY

    ဖမ်းဆီးခံလူငယ်နှစ်ဦးကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာမသိရသလို သူတို့နှစ်ဦးလုံးဟာ အသက်မပြည့်သေးတဲ့လူငယ်တွေဖြစ်ပြီးဖမ်းဆီးခံရတဲ့ကာလအတွင်း အသက်အန္တရာယ်တစုံတရာထိခိုက်မှာကိုစိတ်ပူစိုးရိမ်နေကြတယ်လို့ကျောင်းသားအဖွဲ့တွေနဲ့တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ကြပါတယ်။

    ပြည်တွင်းမှာအာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဦးဆောင်သူတွေနဲ့ပါဝင်သူတွေအများစုဟာ စစ်အာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြပါတယ်။ စစ်ကောင်စီဘက်ကလည်း ကျောင်းသားလူငယ်တွေကို ဆက်တိုက် ဖမ်းဆီးတာတွေလုပ်ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူတွေလည်းရှိနေပါတယ်။

    ကျောင်းသား

    ဓာတ်ပုံ ရင်းမြစ်, AJAY

  8. ချင်းပြည်နယ်တဝန်း တိုက်ပွဲအခြေအနေ

  9. အာဏာသိမ်းမှုနောက်ဆက်တွဲ စားနပ်ရိက္ခာရှားပါးမှုပြဿနာ

  10. ပဋိပက္ခကြောင့် စပါးမစိုက်နိုင်တဲ့ ဧက အမြောက်အမြားရှိတယ်လို့ ဒေသခံတွေပြော

    တစ်နှစ်ကျော်ကြာလာတဲ့ ပဋိပက္ခအတွင်းမှာ စစ်ကိုင်းအပါအဝင် နေရာအများအပြားက ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံရတာကစလို့ စိုက်ပျိုးထားတဲ့ စပါးအပါအဝင်ကောက်ပဲသီးနှံတွေ မရိတ်သိမ်းနိုင်တာ၊ သိမ်းဆည်းထားတဲ့ စပါးတွေကို ဖျက်ဆီးခံရတာမျိုးတွေရှိပါတယ်။

    ဒါကြောင့် ဒေသခံတွေ စားရေရိက္ခာပြဿနာကို ရင်ဆိုင်နေကြရပြီး ငတ်မွတ်နိုင်တဲ့ အခြေအနေမျိုးထိ ရှိလာတယ်လို့ တန့်ဆည်မြို့နယ်အတွင်းနေထိုင်သူ ထွက်ပြေး တိမ်းရှောင်နေရတဲ့ တောင်သူတစ်ဦးက ပြောပြပါတယ်။

    စပါးစိုက်ပျိုးရာဒေသတွေထဲမှာ ပါဝင်တဲ့ စစ်ကိုင်း၊ မကွေးစတဲ့နေရာတွေမှာ ပဋိပက္ခတွေကြောင့် မိုးစပါးအပြင် နွေစပါးပါ မစိုက်ပျိုးနိုင်တဲ့ ဧကပေါင်း သိန်းချီရှိနေတယ်လို့လည်း ဆိုကြပါတယ်။

    မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်စာရင်းတွေအရတော့ နှစ်စဉ်စိုက်ပျိုးနေတဲ့ ဧက ၁၇ သန်းကျော်ထက် အနည်းငယ်သာ ဒီနှစ်မိုးစပါးနဲ့နွေစပါးလျော့နည်းတာမျိုးရှိပြီး ပြည်တွင်းရိက္ခာအတွက် ထိခိုက်တဲ့အနေအထားမျိုးထိတော့ မရှိဘူးလို့ သိရပါတယ်။

    ဒါပေမယ့် ထုတ်လုပ်မှုစရိတ်မြင့်တာကြောင့် ယခင်ထက်စပါး၊ ဆန်စတဲ့ဈေးတွေက မြင့်တက်လာတဲ့အပေါ် အခြေခံလူတန်းစားတွေလက်လှမ်းမမီနိုင်တဲ့ အခြေအနေမျိုးကိုတော့ ရောက်လာနိုင်တယ်လို့ ဆန်စပါးလုပ်ငန်း ရှင်တစ်ဦးက ထောက်ပြပြောဆိုပါတယ်။

    အဲဒီအတွက်လက်ရှိမှာတော့ ဆန်စပါးအဖွဲ့ချုပ်က ပြင်ဆင်လုပ်ဆောင်နေတာမျိုးရှိတယ်လို့ အဖွဲ့ချုပ်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

    လက်ရှိ ဆန်ဈေးက စက်သုံးဆီဈေး၊ မြေသြဇာအပါအဝင် နိုင်ငံခြားကဝယ်ယူသုံးစွဲရတဲ့ ပစ္စည်းဈေးနှုန်း တွေကြောင့် ဈေးနှုန်းမြင့် တက်နေတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။

    စားနပ်ရိက္ခာအတွက် ဆန်အပါအဝင် ကောက်ပဲသီးနှံ့ဖူလုံမှုရှိတယ်ဆိုပေမယ့်လည်း လက်ရှိမှာတော့ ပို့ဆောင် ရေးအခက်အခဲ၊ ပိတ်ဆို့မှုတွေကြောင့် ချင်းပြည်အပါအဝင် ဒေသအများအပြားမှာ ကုန်စည်စီးဆင်းမှု နှောင့်နှေး တာမျိုးကြောင့် ဈေးမြင့်တက်နေတာအပြင် ပစ္စည်းပြတ်လတ်မှုတွေပါ ရှိနေတယ်လို့ ချင်း၊ ရခိုင်၊ ကယား၊ စစ်ကိုင်း အပါအဝင် နေရာအများအပြားက ဒေသခံတွေထံက သိရပါတယ်။

  11. တိုက်ပွဲတွေကြောင့် မြစ်ကြီးနား-မန္တလေး-ရန်ကုန် လမ်းကြောင်းက ယာဥ်တွေ လုံခြုံရေးခက်ခဲ

  12. မန္တလေးမှာ စစ်ကောင်စီတပ်ပစ်လို့ ရင်ဘတ်သေနတ်မှန်သူအမျိုးသား အသက်စိုးရိမ်ရ

    အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ မန္တလေးက ဆန္ဒပြသူအရပ်သားတွေကို လိုက်လံဖြိုခွင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ မန္တလေးက ဆန္ဒပြသူအရပ်သားတွေကို လိုက်လံဖြိုခွင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

    မန္တလေးမြို့မှာ မတ်လ ၁၅ ရက်ညတုန်းက ဆိုင်ကယ်စီးလာချိန် သေနတ်ပစ်ခတ်ခံရလို့ ရင်ဘတ်သေနတ်မှန်ခဲ့သူ မောင်အောင်ဖြိုးကျော်ဟာ အရေးပေါ်အခြေအနေနဲ့ နန်းတွင်းဆေးရုံမှာ စောင့်ကြည့်နေရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

    " နှမြောတာပေါ့ သူ့မိဘတွေကို လုပ်ကျွေးနေတဲ့ကလေး။ မိသားစုအနေနဲ့ ဒီလိုဖြစ်သွားတာ သူကံပါသလောက်ပဲ နေရတယ်လို့ ဖြေသိမ့်ထားပါတယ်။ ဘယ်သူ့ကိုမှလဲ အပြစ်မတင်ပါဘူး"လို့ သေဆုံးသူမိဘတွေက ဆိုတဲ့အကြောင်း မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

    မောင်အောင်ဖြိုးကျော်ဟာ အစ်မဖြစ်သူ မနုနုဝင်းနဲ့အတူ ဆိုင်ကယ်တစ်စီးတည်းစီးပြီး မုန့်ဝယ်ပြန်လာလာချိန် လမ်း ၈၀၊ ၁၀ လမ်းနဲ့ ၁၁ လမ်းကြားစစ်ကောင်စီဘက်က ဆိုင်ကယ်ရပ်ပေးဖို့ တားဆီးချိန် မရပ်ပေးလို့ဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်ခတ်တာခံခဲ့ရတာပါ။

    ပစ်ခတ်မှုကြောင့် ဆိုင်ကယ်မောင်းသူ မောင်အောင်ဖြိုးကျော် ရင်ဘတ်ကိုထိမှန်ပြီး အဲဒီကျည်ဟာ မနုနုဝင်းကိုပါ တစ်ဆက်တည်းထိမှန်ပါတယ်။

    ဆိုင်ကယ်လဲကျချိန် ထပ်မှန်ပစ်ခတ်ခံရတာကြောင့် မနုနုဝင်းဟာ လည်ပင်းကို ကျည်ထိမှန်ပြီး ပစ်ခတ်တဲ့နေရာမှာတင် ဆုံးပါးခဲ့ပါတယ်။

    အခင်းဖြစ်ပွားတဲ့နေရာဟာ အောင်မြေသာစံမြို့နယ် အမှတ် ၄ ရဲစခန်းအနီးမှာ ဖြစ်ပါတယ်။

    မနုနုဝင်းရုပ်အလောင်းကိုတော့ စစ်ကောင်စီတပ်က သယ်သွားပြီး သင်္ဂြိုဟ်ချိန်ရောက်မှ မိသားစုဝင်တွေကို ဆက်သွယ်ခဲ့ကာ ဈာပနကိုတော့ အေးရိပ်ငြိမ်သုဿန်မှာ မတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

    "သင်္ဂြိုဟ်တာတော့ ရုပ်အလောင်းပါပါတယ်။ အိမ်တော့ သယ်လို့မရဘူး။ ဖြစ်စဉ်က မန္တလေးနယ်မြေခံသတင်းတွေ ဖော်ပြတဲ့အတိုင်းပါပဲ။ မမှားပါဘူး" လို့ အမည်မဖော်လိုသူ မိသားစုဝင်နဲ့ အနီးစပ်ဆုံးသူတစ်ယောက်က ပြောပါတယ်။

    သေနတ်အပစ်ခံရတဲ့ မောင်အောင်ဖြိုးကျော်ကတော့ လက်ရှိမှာ နန်းတွင်း အထူးကြပ်မတ်ဆောင် အရေးပေါ်ခန်းထဲမှာ အခြေနေစောင့်ကြည့် ကုသနေရပါတယ်။

    ဖြစ်စဉ်နဲ့ပက်သက်ပြီး စစ်ကောင်စီဘက်က ဆိုင်ကယ်စီးလာသူတွကို စစ်ဆေးဖို့တားဆီးရာ မရပ်ပေးလို့ ခြောက်လှန့်ပစ်ခတ်တာဆိုပြီး သတင်းလွှင့်ထားတယ်လို့ မန္တလေးခြေစိုက်သတင်းတွေမှာဖော်ပြပါတယ်။

    မန္တလေးမြို့မှာ မနက်၊ နေ့ခင်းနဲ့ နေကုန်ဆိုသလို မော်တော်ယာဉ်တွေကို စစ်ဆေး၊ ဖမ်းဆီး၊ ဒဏ်ရိုက်တာ‌တွေကို စစ်ကောင်စီက နေ့စဉ်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

  13. ခင်ဦးနယ်ထဲမှာ ၂ရက်အတွင်း နေအိမ်အလုံးပေါင်း ၂၀၀ ကျော်မီးရှို့ခံရ, အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းနေအိမ်အလုံးပေါင်း ၇၀၀၀ ကျော်ကို စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးခဲ့တယ်လို့ထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေအတွင်းကို မတ်လ ၁၅ ရက်နေ့နဲ့မတ်လ ၁၆ ရက်နေ့တွေမှာ စစ်ကောင်စီတပ်တွေပစ်ခတ်ဝင်ရောက်လာပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီး ခဲ့တယ်လို့ဒေသခံတွေက ဘီဘီစီကိုဆက်သွယ်ပြောပြလာပါတယ်။

    မတ်လ ၁၅ ရက်နေ့မှာတော့ ခင်ဦးနယ်ထဲက တမုတ်ကျေးရွာထဲကို စစ်ကောင်စီနဲ့ပျူစောထီးတွေကား ၅စီးနဲ့ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ၊ မီးရှို့တာတွေလုပ်ခဲ့တာကြောင့်နေအိမ် ၉၃ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    "နောက်တနေ့မနက်ဝင်ကြည့်တော့ ဒလန်အိမ် ၅ အိမ်ပဲကျန်တယ်။ ကျန်တဲ့အိမ်တွေကိုအကုန်ပြာချထားခဲ့ကြတယ်။ဆိုင်ကယ်၊ကားတွေနဲ့ရေတင်စက်တွေ၊ ဓါတ်ဆီအင်ဂျင် ၃လုံးနဲ့နွား၊ ဆိတ်၊ ဝက်တွေနဲ့ဆန်တွေကိုပါ မီးရှို့ခဲ့တယ် "လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    ခင်ဦး

    ဓာတ်ပုံ ရင်းမြစ်, cj

    ခင်ဦးနယ်ထဲက တမုတ်ရွာကဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ဒေသခံ PDF တွေက ပြည်သူတွေကိုပစ်ခတ်တာ ၊ နေအိမ်တွေကိုမီးရှို့တာတွေလုပ် တာဖြစ်တယ်လို့မနေ့မတ်လ ၁၆ရက်ကစွပ်စွဲထုတ်ပြန်ပါတယ်။ ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ တမုတ်ရွာက ထွက်ခွာသွားပြီးနောက်တနေ့ မတ်လ ၁၆ ရက်မှာလည်း ကုလားလူးကျေးရွာနဲ့ရှားလွင်ကျေးရွာတွေဘက်ကို ဝင်ရောက်ခဲ့ပြီး ပစ်ခတ်တာတွေမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ တမုတ်ရွာက ထွက်ခွာသွားပြီးနောက်တနေ့ မတ်လ ၁၆ ရက်မှာလည်း ကုလားလူးကျေးရွာနဲ့ရှားလွင်ကျေးရွာတွေဘက်ကို ဝင်ရောက်ခဲ့ပြီး ပစ်ခတ်တာတွေမီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    "ဘာတိုက်ပွဲမှလည်းမရှိဘူး။ မီးရှို့တယ်ဆိုတာလည်း လက်နက်ကြီးနဲ့ပစ်လို့ မီးလောင်တာလည်းမဟုတ်ဘူး။ မီးလုံးတွေအများကြီးရှိတဲ့ မီးကြိုးတစ်ခုလင်းဖို့မီးခလုတ်ကိုနှိပ်လိုက်ရင် မီးအကုန်လင်းသွားသလိုမျိုး တခါရှို့ရင် ၈ အိမ်လောက်တပြိုင်တည်းလောင် အောင်ရှို့တာ။ မီးတုတ်ကိုင်ပြီး ရှို့နေတဲ့ အထိမမြင်ရပေမယ့် မြင်ရသလောက်က အဲလိုအနေအထားနဲ့စီမံကိန်းနဲ့ရှို့သလို ရှို့တာ ညအထိရွာအပြင်မှာလည်း လက်နက်နဲ့စစ်သား၃ယောက်ကို ကင်းပုန်းချထားတယ်။ ကျွန်တော်ကိုယ်တိုင်အကုန်မြင်ခဲ့တာတွေပါ " လို့ စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးနောက် အနီးဆုံးနေရာ မှာပုန်းအောင်းတိမ်းရှောင်နေတဲ့ကုလားလူးကျေးရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့မတ်လ ၁၆ ရက်နေ့တရက်တည်းမှာပဲ ကုလားလူးကျေးရွာက နေအိမ် ၇၅ အိမ်နဲ့ရှားလွင်ကျေးရွာကနေအိမ် ၆၃ အိမ်အထိ မီးလောင် ဆုံးရူံးခဲ့ရတယ်လို့ဒေသခံရွာသားတွေကပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေဟာ ရွာထဲမှာပြန်မဝင်ရဲသေးဘဲ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။

    ခင်ဦး

    ဓာတ်ပုံ ရင်းမြစ်, cj

    ခင်ဦးနယ်ထဲမှာတော့ မတ်လ ၃ရက်နေ့ကစလို့အင်တာနက်တွေဖြတ်တောက်ထားခဲ့ပြီးနောက်ပိုင်းမှာပဲ ဒါန်းကုန်း၊ မှန်တော၊ ကျွန်းလည်၊ သက်ပေး၊ တမုတ် ၊ကုလားလူး၊ ရှားလွင် စတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေဆက်တိုက်ဝင်ရောက်ခဲ့ပြီး ဒီကနေ့မတ်လ ၁၇ ရက်နေ့အထိ နေအိမ်အလုံးပေါင်း ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၂၅၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲ တချို့ရှိခဲ့ပြီး ဒေသခံပြည်သူ ၃ဦးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၆ ဦးလည်းသေဆုံးခဲ့လို့ဒေသခံတွေနဲ့ ဒေသတွင်းဖြစ်ရပ်တွေကို မှတ်တမ်းတင်ထားသူတွေက ဘီဘီစီကိုဆက်သွယ် သတင်းပေးပို့ထားပါတယ်။

    ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ဒေသကာကွယ်ရေး တပ်တွေကြားတိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့သလို ကျေးရွာလူနေအိမ်တွေကို စစ်ကောင်စီကဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကယား၊ ရှမ်း၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူး၊ ကရင်ပြည်နယ် စတဲ့ကျေးရွာတွေက ဒေသခံနေအိမ်တွေမီးရှို့ခံရတာဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးကတော့ကျေးရွာနေအိမ်တွေမီးရှို့ခံရတာအများဆုံး ဖြစ်တယ်လို့စာရင်းအချက်အလက်ကောက်ယူနေတဲ့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစလို့အခု ၂၀၂၂ ခုနှစ် မတ်လ ၁၅ရက်နေ့အထိ နိုင်ငံတဝန်း ဒေသခံနေအိမ် ၇၂၄၈ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့လည်း အဖွဲ့ကထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

    စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာနေအိမ်တွေကို စစ်တပ်က မီးမရှို့ဘူးလို့ ငြင်းဆိုထားပါတယ်။

  14. ကန်ပက်လက်ဌာနချုပ်အသိမ်းခံရချိန် အရေးကြီးတဲ့ပစ္စည်းတွေ မပါသွားဘူးလို့ CDF ပြော

    သင်တန်းတက်နေတဲ့ CDF ကန်ပက်လက်တပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Kanpelet-CDF

    ဓာတ်ပုံ ပုံစာ, သင်တန်းတက်နေတဲ့ CDF ကန်ပက်လက်တပ်ဖွဲ့ဝင်တွေ

    ချင်းပြည်နယ်ထဲက ကန်ပက်လက်မြို့နယ်ထဲကို စစ်ကောင်စီက သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာတာကြောင့် ကန်ပက်လက်ဌာနချုပ်ကို စွန့်လွှတ်ခဲ့ရပေမဲ့ ဒီအခြေအနေကို ကြိုတွေးခဲ့တာကြောင့် အရေးကြီးတဲ့ပစ္စည်းတွေ မပါသွားဘူးလို့ ချင်းကာကွယ်ရေးတပ်(CDF)ကန်ပက်လက်က ပြောပါတယ်။

    မနေ့ မတ်လ ၁၆ ရက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီး ကူပစ်တာနဲ့ သာလွန်အင်အားသုံးထိုးစစ်ဆင်လာချိန်မှာ ဌာနချုပ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ CDF ကန်ပက်လက်အဖွဲ့က အစောပိုင်းကတည်းက သတင်းထုတ်ပြန်ခဲ့တာပါ။

    ‘‘ကျောက်ထု အနောက်တပ်နဲ့ မင်းတပ်ကနေ လက်နက်ကြီး ပစ်ကူပေးမယ်လို့ မထင်ထားခဲ့ဘူး။ အဲဒီလို သုံးဘက်လောက် လက်နက်ကြီးနဲ့ပစ်ခတ်တော့ ရွာတွေထဲ လက်နက်ကြီးကျပြီး အိမ်တွေမီးလောင်တာ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာရှိတယ်။ ကျွန်တော်တို့ ပြန်ခုခံမယ်ဆိုရင် အရပ်သားတွေ ဒုက္ခရောက်မှာ စိုးလို့လေ။ အဲဒါလည်းပါတယ်။ ကန်ပက်လက် CDF နဲ့ စစ်တပ်က တိုက်ပွဲဖြစ်နေတာ ဖေဖော်ဝါရီလ ၇ ရက်ကတည်းက ဆိုတော့ လက်နက်မရှိတာလည်းပါတယ်။ ကျည်နည်းတာပေါ့။ အဲဒီတော့ ဌာနချုပ်ကို ယာယီ စွန့်လွှတ်တာပါ’’ လို့ CDF ကန်ပက်လက်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မတ်လ ၁၅ ရက်နေ့က ကန်ပက်လက်မြို့နယ်ထဲက စမ္မသားရွာဟောင်းထဲမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်မှာ စစ်ကောင်စီဘက်က ကျောက်ထုနဲ့ မင်းတပ်ဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရွာထဲက လူနေအိမ် ၉ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

    လက်ရှိမှာ ကန်ပက်လက်နယ်ထဲက တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၆ ရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ အိုးအိမ် ရိက္ခာမဲ့သူတွေအဖြစ်နဲ့ တောတောင်တွေထဲ တိမ်းရှောင်နေရလို့ အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

  15. အာဏာသိမ်းပြီးနောက်ပိုင်း နေအိမ်အဆောက်အအုံ ၅၀၀ ကျော်ကို စစ်ကောင်စီချိပ်ပိတ်

    ပြည်တွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်းမှာ စစ်အာဏာသိမ်းတာကိုဆန့်ကျင်သူတွေရဲ့ နေအိမ်၊ အဆောက်အအုံ ၅၃၁ လုံးထက်မနည်းကို စစ်ကောင်စီချိပ်ပိတ်သိမ်းဆည်းခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုသုတေသနလုပ်နေတဲ့ISP Myanmar တို့ရဲ့ကောက်ယူထားတဲ့စာရင်းတွေကို ထုတ်ပြန်လာပါတယ်။

    နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းမှုအနေနဲ့ ရန်ကုန်တိုင်းအတွင်းမှာ နေအိမ် ၁၁၆ လုံး၊မန္တလေးတိုင်းမှာ ၈၅ လုံး၊ ဧရာဝတီတိုင်းမှာ ၄၇ လုံး ၊ မကွေးတိုင်းမှာ ၃၉ လုံးနဲ့စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ နေအိမ်ပေါင်း ၁၃၅ ထက်မနည်းရှိနေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ဒီအရေအတွက်ဟာ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ အခု ၂၀၂၂ ခုနှစ် မတ်လ၇ ရက်နေ့အထိကောက်ယူထားတဲ့ စာရင်းဖြစ်ပြီး လက်လှမ်းမီသမျှကောက်ယူထားတဲ့စာရင်းဖြစ်တာကြောင့် ဒီထက်ပိုများနိုင်တယ်လို့လည်းဆိုပါတယ်။

    ချိပ်ပိတ်သိမ်းဆည်းခံရတဲ့နေအိမ်တွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွနဲ့ပါတီဝင်တွေ၊ မြို့ပြပြောက်ကျားလှုပ်ရှားသူတွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အာဏာသိမ်းမှု ဆန့်ကျင်ရာမှာပါဝင်တဲ့ အနုပညာရှင်တွေ အပါအဝင် စစ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့တော်လှန်ရေးအင်အားစုတွေရဲ့နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းမှုတွေက အများဆုံးဖြစ်နေပါတယ်။

    ချိပ်ပိတ်

    ဓာတ်ပုံ ရင်းမြစ်, social media

    ဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့သတင်းတွေကိုပုံမှန်ထုတ်ပြန်ပေးနေတဲ့တယ်လီဂရမ်ချန်နယ်တွေကလည်း လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာသိမ်းတာကိုပြောဆိုရေးသားချက်တွေ၊ တော်လှန်ရေးအင်အားစုတွေကိုထောက်ပံ့မှုတွေကိုဖော်ပြပြီး နေအိမ်တွေကိုချိပ်ပိတ်ဖို့လိပ်စာတွေနဲ့တကွ ပြောဆိုလာတာတွေရှိလာပါတယ်။

    ဒီတယ်လီဂရမ်ချန်နယ်တွေက ဖော်ပြခံရတဲ့ နေအိမ်တချို့ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းတာတွေလည်းရှိခဲ့ပါတယ်။ဒါ့အပြင် ၂၀၂၁ ခုနှစ်သြဂုတ်လထဲမှာအကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပေဒေကို ပြင်ဆင်ပြီးစစ်ကောင်စီကိုဆန့်ကျင်ရာမှာပါဝင်သူတွေကို နေအိမ်တိုက်ခန်းတွေငှားရမ်းခဲ့ရင်နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းမယ်ဆိုတဲ့အချက်တွေပါဝင်တဲ့ အချက်တွေထည့်သွင်းခဲ့ပါတယ်။

    အခုလိုပြည်သူလူထုပိုင်နေအိမ်တွေကို ချိပ်ပိတ်သိမ်းဆည်းတာဟာ ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ ညစ်ထေးသောနည်းလမ်းနဲ့စနစ်တကျဖိနှိပ်လာတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

    ချိပ်ပိတ်သိမ်းဆည်းခံရတဲ့နေအိမ်တွေနဲ့ပတ်သက်ပြီး အသွင်ကူးပြောင်းမှုကာလတရားမျှတမှုဖော်ဆောင်ရေးအစီအစဉ်တွေဆောင်ရွက်ချိန်မှာ ပြည်သူတွေလက်ကိုပြန်အပ်နိုင်အောင်ဦးစားပေးဆောင်ရွက်မယ်လို့လည်း NUG ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    ချိပ်ပိတ်

    ဓာတ်ပုံ ရင်းမြစ်, social media

  16. မြန်မာ့အရေးဖြေရှင်းရာမှာ ဒီမိုကရေစီအစုအဖွဲ့တွေနဲ့ပါတွေ့ဆုံဖို့ အရေးကြီးကြောင်း ကန်နိုင်ငံခြားရေးအကြံပေး ပြောလာ

    မြန်မာ့အရေးကို ဖြေရှင်းရာမှာ ဒီမိုကရေစီအင်အားစုတွေ ပါဝင်တဲ့ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေအားလုံးနဲ့တွေ့ဆုံဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မူဝါဒရေးရာအကြံပေး ဒဲရက်ရှလက်က ပြောလာပါတယ်။

    Skip X post
    X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

    ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

    သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။

    End of X post

    မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ ဒီလိုတွေ့ဆုံဖို့ အရေးကြီးတဲ့အကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌကမ္ဘောဒီးယားနိုင်ငံရဲ့ နိုင်ငံခြားရေးအတွင်းဝန် ဒေါက်တာ Kung Phoakနဲ့တွေ့ဆုံချိန် ပြောဆိုဆွေးနွေးခဲ့တာလို့ အကြံပေးက ဒီနေ့ မတ်လ ၁၇ ရက်မှာ ပြောလာတာပါ။

    ယူကရိန်းအရေးအတွက် ကုလသမဂ္ဂဆုံးဖြတ်ချက်ကို ပူးတွဲထောက်ခံမှုမှာ ကမ္ဘောဒီးယားက ဦးဆောင်ခဲ့တာကို အတွင်းဝန် နဲ့ဆွေးနွေးချိန် မြန်မာ့အရေးပါ ပြောဆိုခဲ့တာဖြစ်ပါတယ်။

    တစ်ဖက်မှာလည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာ့အရေးဆိုင်ရာ အလှည့်ကျ အာဆီယံအထူးသံလည်းဖြစ်တဲ့ ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကု အခုလနှောင်းပိုင်းမှာ လာရောက်ဖို့ရှိနေပါတယ်။

  17. မိုးကုတ်မြို့၊ ကျပ်ပြင်ရဲစခန်းအနီးမှာ အမျိုးသားသုံးဦး ပစ်ခတ်ခံရ

    အာဏာသိမ်းမှုအစောပိုင်းကာလမှာ မိုးကုတ်မြို့မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Mogyoke Media

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုအစောပိုင်းကာလမှာ မိုးကုတ်မြို့မှာတွေ့ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

    မန္တလေးတိုင်း၊ မိုးကုတ်မြို့က ကျပ်ပြင်ရပ်မှာရှိတဲ့ ကျပ်ပြင်ရဲစခန်းအနီးမှာ မနေ့ မတ်လ ၁၆ ရက်ညပိုင်းတုန်းက ဆိုင်ကယ်စီးလာတဲ့အမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

    အဲဒီပစ်ခတ်မှုကြောင့် ဆိုင်ကယ်တစ်စီးတည်း စီးလာသူ အမျိုးသား ၃ ဦးထဲက ၂ ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာရခဲ့ပြီး နောက် ၁ ဦးဟာ ခြေထောက်ကို ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

    ''ည ၁၀ နာရီဝန်းကျင်လောက်မှာ ရဲစခန်းနားကို ဆိုင်ကယ်ဖြတ်သွားတဲ့ လီဆူးတိုင်းရင်းသား ၃ ဦးက လှည့်ကင်းနဲ့တိုးပြီး ပစ်ခတ်ခံရတာပါ။ လက်နက်မပါတဲ့အရပ်သားတွေလို့ သိရတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့က ဆေးရုံပို့ပေးလိုက်တယ်''လို့ ဖြစ်စဉ်ကိုသိရှိတဲ့ကျပ်ပြင်ရပ်ဒေသခံတစ်ဦးက ပြောပါတယ်။

    ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ ကျပ်ပြင်ရဲစခန်းအနီးမှာရှိပြီး အဲဒီရဲစခန်းဟာ ပြီးခဲ့တဲ့မတ်လ ၁၅ ရက်တုန်းကလည်း ဒေသန္တရပြောက်ကျားအဖွဲ့တစ်ဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရတဲ့ဖြစ်စဉ် ရှိထားပါတယ်။

  18. ကယားပြည်နယ်အတွင်း ဖေဖော်ဝါရီ၊ မတ်လတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့တယ်လို့ KNDF ထုတ်ပြန်, တနေ့တည်း ၈ကြိမ်အထိလေကြောင်းနဲ့ပစ်ခတ်ခံရတဲ့ ကျေးရွာတွေလည်းရှိ

    ကယား(ကရင်နီ)ပြည်နယ်အတွင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အခုမတ်လဒုတိယပတ်အထိ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်လာပါတယ်။

    ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေ နေထိုင်တဲ့ကျေးရွာတွေနဲ့ တိုက်ပွဲမရှိတဲ့ ကျေးရွာတွေမှာပါ လုပ်ခဲ့တာတွေဖြစ်တယ်လို့လည်း ဒေသခံတွေကပြောဆိုထားပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, မတ်လ ပထမပတ်အတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုခံရပြီးနောက်ပိုင်း မြင်ရတဲ့မြင်ကွင်း

    ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါရောက်ခူကျေးရွာ အနီးမှာ လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့ပြီး မတ်လ ဒုတိယပတ်ထဲမှာပဲ ကျေးရွာနေအိမ် ၁၀လုံးထက်မနည်းကို စစ်ကောင်စီဘက်က မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးထိမှန်မှုတွေကြောင့် ဆေးပေးခန်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ ဘိုးဘွားရိပ်သာနဲ့ကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း KNDF ရဲ့တိုက်ပွဲသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လက်ရှိမှာလည်း စစ်ရေးတင်းမာနေတဲ့ ကယားပြည်နယ်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊လေကြောင်းပစ်ကူတွေနဲ့ထိုးစစ်ဆင်မှုတွေရှိနေသလို ပြည်နယ်တချို့မှာလည်း စစ်ကောင်စီဘက်က အင်အားသုံးထိုးစစ်ဆင်မှုတွေ ကြောင့် ဒေသကာကွယ်ရေးတပ်တွေ ယာယီဆုတ်ခွာပေးထားရတဲ့ အခြေအနေတွေရှိတယ်လို့လည်း ဒေသတွင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, မတ်လ ပထမပတ်အတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်းလေကြောင်းတိုက်ခိုက်မှုခံရပြီးနောက်ပိုင်း မြင်ရတဲ့မြင်ကွင်း
  19. စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့ သတင်းထောက်ကိုစိုးရာဇာထွန်း ထပ်မံဖမ်းဆီးခံရ

    ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံလိုက်ရပြီး စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာတဲ့ အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကစစ်ကောင်စီကထပ်မံဖမ်းဆီးလိုက်တယ်လို့ မိသားစုတွေကပြောပါတယ်။

    "ပြန်လွတ်လာကတည်းက မိသားစုပါ အန္တာရယ်ရှိမှာစိုးလို့ လှည်းကူးဘက်က ခြံလေးတခြံမှာတဲထိုးပြီးသွားရှောင်နေတာ ကို သတင်းပေးကြောင့်အဖမ်းခံလိုက်ရတာ။ အခုလှည်းကူးစစ် ကြောရေးကနေ လှည်းကူးမြို့မရဲစခန်းကိုပြန်ရောက်နေပြီလို့သိရပါတယ်။ မနက်ဖြန် လှည်းကူးရဲစခန်းမှာ ရမန်ယူမယ်လို့သိထားရပါတယ်။ မိသားစုကတော့အဆက်အသွယ်လုပ်လို့စားစရာပို့လို့ရတယ်"လို့ ကိုစိုးရာဇာထွန်းရဲ့မိသားစုဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အလွတ်တန်းသတင်းထောက်ကိုစိုးရာဇာထွန်းကိုတော့ အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မတ်လတုန်းက ဆန္ဒပြပွဲတစ်ခုမှာ သတင်းယူနေတုန်း စစ်ကောင်စီဘက်ကဖမ်းဆီးလိုက်တာဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံလိုက်ရပြီးနောက်ပိုင်း ဇွန်လထဲမှာတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့တာပါ။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းသတင်းထောက် ၅၀ ဝန်းကျင် လောက်ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လည်လွတ် မြောက်လာသူတွေလည်းရှိပါတယ်။

    လက်ရှိအချိန်ထိတော့ သတင်းသမား ၄၀ ဝန်းကျင်လောက်ဟာ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရပြီး သတင်းသမားတွေကိုဖမ်းဆီးမှုတွေလည်းဆက်ရှိနေတုန်းဖြစ်တယ်လို့ ဖမ်းဆီးခံသတင်းထောက်တွေနဲ့ပတ်သက်ပြီး စာရင်းကောက်ယူမှတ်တမ်းတင် နေတဲ့အဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

    သတင်းထောက်ကိုစိုးရာဇာထွန်း

    ဓာတ်ပုံ ရင်းမြစ်, social media

  20. မြန်မာစစ်တပ်အပေါ် အရေးယူမှုတွေလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NUG တိုက်တွန်း

    စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေက လူနေထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ အသုံးပြုပြီး အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘတ်ချလတ်က ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, ဒီးမော့ဆိုပီဒီအက်ဖ်

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့တွေက လူနေထူထပ်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေ အသုံးပြုပြီး အရပ်သားတွေကို တမင်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘတ်ချလတ်က ပြောပါတယ်။

    မြန်မာစစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို အရေးယူပိတ်ဆို့မှုတွေပြုလုပ်တာ၊ နိုင်ငံတကာဥပဒေအရ တရားစွဲဆိုတာတွေလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတယ်ဆိုပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောလာပါတယ်။

    အာဏာသိမ်းစစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျကျူးလွန်တာတွေ တွေ့မြင်နေရတယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက အစီရင်ခံစာတစ်စောင်ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာ NUG ဘက်က အခုလိုတိုက်တွန်းလာတာပါ။

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် တွမ်အန်ဒရူးစ်ကလည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်းပြည်သူတွေကိုယ်စား မြန်ဆန်ခိုင်မာတဲ့အရေးယူလုပ်ဆောင်ချက်ကို လုပ်ခဲ့သလို စစ်အာဏာသိမ်းမှုအောက်က မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ အလားတူ လုပ်ဆောင်ဖို့လိုအပ်တဲ့အကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။

    အနောက်နိုင်ငံတွေဟာ မြန်မာစစ်တပ်ခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှုတွေပြုလုပ်တာတွေရှိနေပေမဲ့ သူတို့ကို နိုင်ငံတကာက ကျယ်ကျယ်ပြန်ပြန့်ဖိအားပေးရေးကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေကို သံခင်းတမန်ခင်းအရရော ရုပ်ဝတ္ထုအရပါ အထောက်အပံ့ပေးနေတဲ့ ရုရှားနဲ့ တရုတ်နိုင်ငံတို့ရဲ့ကြိုတင်ဟန့်တားမှုတွေနဲ့ကြုံနေရပါတယ်။