မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ

BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါငံခါးကျေးရွာမှာ တပတ်အတွင်း နေအိမ် (၄၀)ကျော် မီးရှို့ဖျက်ဆီးခံရ, ဒီးမော့ဆိုစစ်ရှောင်တွေ အခက်အခဲပိုကြုံလာ

    ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာမှာ စစ်ကောင်စီတပ်တွေဝင်ရောက်တပ်စွဲ ပြီးနောက် မတ်လ (၂၀)ရက်အထိ တပတ်တာအတွင်း နေအိမ် (၄၀)ကျော်မီးရှို့ဖျက်ဆီးခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆိုကနေ ထုတ်ပြန်လာပါတယ်။

    ဒေါငံခါးကျေးရွာ အပါအဝင် အဲဒီကျေးရွာအုပ်စုအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး ပြည်သူပိုင်နေအိမ်တွေကိုလည်း တောက်လျှောက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချပြီးစစ်ရေးအရ တုန့်ပြန်သွားမယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒီးမော့ဆို၊ ဒေါ့ငံခါးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ဒီးမော့ဆိုမြို့နယ်ရဲ့ အထင်ကရနေရာဖြစ်တဲ့ ‌ငွေတောင်ဆည်နားမှာရှိတဲ့ ဒေါငံခါးကျေးရွာဟာ သွားလာရေး အတွက် အချက်အချာကျတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်တွေနေရာယူလိုက်တာကြောင့် စစ်ရှောင်တွေမှာ ပိုပြီးအခက်အခဲတွေကြုံတွေ့လာရတယ်လို့ ဒီး‌မော့ဆိုစစ်ရှောင်တွေကပြောပါတယ်။

    “သူတို့နေရာယူလိုက်တာနဲ့ ကျွန်မတို့က ပိုဝေးတဲ့နေရာကိုထပ်ပြောင်းပြီးစစ်ရှောင်ကျရတယ်။ ဒေါ့ငံခါးကို ကွေ့ပတ်ပြီးမှ သွားလာနေရတော့လမ်းပန်းဆက်သွယ်ရေးအကုန်ခက်ပြီး စားဝတ်နေရေး၊ ဆေးဝါး အစစအရာရာပိုခက်ခဲလာပြီ။ အခုဆိုစစ်ရှောင်စခန်းတခုလုံးဖျားနေကြတာ၊ ကိုဗစ်စစ်ပေးတာလည်းမရှိတော့ ရာသီတုပ်ကွေးလို့ပဲ မှတ်ယူလိုက်ရတယ်။ လေယာဉ်ကလည်း ကျွန်မတို့ ခေါင်းပေါ်ပဲဝဲနေတော့ စိုးရိမ်နေရတယ်။”လို့ ဒီးမော့ဆိုစစ်ရှောင်သူတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒေသကာကွယ်ရေးအဖွဲ့တွေ နေရာယူထားတဲ့ ဒေါငံခါးကျေးရွာကို စစ်ကောင်စီဘက်က လက်နက်ကြီး သာလွန်အင်အားသုံးတာကြောင့် မတ်လ (၁၃)ရက်မှာ ကာကွယ်ရေးအဖွဲ့တွေဆုတ်ခွာလိုက်ရပါတယ်။ အဲ့ဒီနောက် တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီကနေ လေကြောင်းနဲ့ပါ ဗုံးကြဲခဲ့ပြီး စစ်ရှောင်စခန်းတချို့ပါ ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောထားပါတယ်။

    ဒီကနေ့ မတ်လ (၂၀)ရက်အထိတော့ နှစ်ဖက်ပြင်းထန်တိုက်ပွဲမရှိသေးပေမယ့် စစ်ကောင်စီဘက်ကနေ လက်နက်ကြီးပစ်သံတွေကို စစ်ရှောင်နေတဲ့ နေရာတွေကပါ ကြားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို)

    ဓာတ်ပုံ ရင်းမြစ်, ပြည်သူ့ကာကွယ်ရေးတပ် (ဒီးမော့ဆို)

    ဓာတ်ပုံ ပုံစာ, ဒေါငံခါးကျေးရွာမှာ တပတ်အတွင်း နေအိမ် (၄၀)ကျော် မီးရှို့ဖျက်ဆီးခံရ
  2. မာရီယူပိုးလ် မြို့ကလူ ၄၀၀ ခိုလှုံနေတဲ့ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံံရယ်လို့ ယူကရိန်းအာဏာပိုင်တွေပြော

    ရုရှား စစ်တပ်ဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ မာရီယူပိုးလ်က က လူ ၄၀၀ ခိုလှုံနေတဲ့ စာသင်ကျောင်းကို ‌ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မာရီယူပိုးလ်မြို့‌တေ်ကောင်စီအာဏာပိုင်တွေကပြောပါတယ်။ နောက်ဆုံးရသတင်းတွေမှာတော့အဲဒီကျောင်း အဆောက်အအုံဟာ ပျက်စီးခဲ့ပြီး လူတွေဟာ အပျက်အစီးတွေအောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

    ကျောင်းမှာ အမျိုးသမီးတွေကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိနေတယ်လို့ တာ၀န်ရှိသူတွေက‌ပြောပါတယ်။ အခုထက်ထိတော့ ဒဏ်ရာရ သူတွေ အသေအပျောက်စာရင်းတွေနဲ့ ပတ်သက်ပြီးတိတိကျကျသတင်းမထုတ်ပြန်သေးပါဘူး။ လတ်တလောမှာ မာရီယူပိုးလ်မြို့ဟာ ဆက်သွယ်ရေးစနစ်အားလုံးပြတ်တောက်နေပြီး သတင်းတွေကိုတိတိကျကျအတည်ပြုနိုင်ဖို့ရာ ကြိုးစားနေတယ်လို့ ဘီဘီစီသတင်းကဖော်ပြပါတယ်။

    ယူကရိန်းသမ္မတဇာလန်းစကီးကတော့ ရုရှားရဲ့ ဆိပ်ကမ်းမြို့ မာရီယူပိုးလ်ကို ရုရှားရဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရာစုနှစ်ပေါင်းများစွာ မှတ်မိနေမယ့်အကြမ်းဖက်သမားတွေလို့ တုံ့ပြန်ထားပါတယ်။ မာရီယူပိုးလ်မြို့ဟာ ယူကရိန်းရဲ့ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်ပြီး ဒီနေရာကို ရုရှားတို့ထိန်းချုပ်နိုင်ရင် ခရိုင်းမီးယားဒေသနဲ့ တခြား‌ရုရှားကျောထောက်နောက်ခံပြုဒေသတွေရဲ့ စင်္ကြန်တစ်ခုဖြစ်လာမှာကြောင့် ဒီမြို့ဟာ စစ်ပွဲမှာ အရေးပါတဲ့ဒေသဖြစ်နေပါတယ်။

    လက်ရှိမှာ ယူကရိန်းအာဏာပိုင်တွေကတော့ မာရီယူပိုးလ် ကယူကရိန်းပြည်သူထောင်ပေါင်းများစွာ ကို ရုရှားတွေက ရုရှားဘက်ကို အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ စွပ်စွဲထားပါတယ်။

    ရုရှားတပ်တွေရဲ့ အပြင်းအထန်တိုက်ခိုက်မှုကိုခံနေရတဲ့ မာရီပိုးလ်မြို့

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ရုရှားတပ်တွေရဲ့ အပြင်းအထန်တိုက်ခိုက်မှုကိုခံနေရတဲ့ မာရီပိုးလ်မြို့
  3. မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဝင်ရောက်နိုင်, မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်

    ဒီကနေ့ မတ်လ (၂၀)ရက်မှာတော့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ သူနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာ ပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနေပါပြီ။ အဲ့ဒီမုန်တိုင်းငယ် (Depression) ဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမယ့် အခြေအနေဖြစ်တဲ့အတွက် လိမ္မော်ရောင်အဆင့်လို့ သတ်မှတ်ထားပါတယ်။

    ဒီမုန်တိုင်းငယ်ဟာ နောက် (၁၂)နာရီအတွင်း အားကောင်းတဲ့မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ပြီး နောက် (၃၆) နာရီအတွင်း ဆိုင်းကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်တယ်လို့ မိုလေလေဝသနဲ့ဇဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်။ ဒါကြောင့် ဒီမုန်တိုင်းဟာလာမယ့် မတ်လ (၂၁)ရက်ညပိုင်းမှာ ကိုကိုးကျွန်းကိုရောက်ရှိနိုင်ပြီး (၂၂)ရက်မနက်ပိုင်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးနဲ့ (၂၂)ရက်ညပိုင်းမှာတော့ ရခိုင်ကမ်းရိုးတန်းကိုအနီးကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကနေ ထုတ်ပြန်ထားပါတယ်။

    ဒီမုန်တိုင်းအရှိန်ကြောင့် ဒီကနေ့ကစပြီး လာမယ့်မတ်လ (၂၂)ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့မိုးထစ်ချုန်းရွာနိုင်ပြီး တချို့ဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။

    မိုးသက်လေပြင်းကျနေစဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ (၉)ပေကနေ (၁၂)ပေ အထိ ရှိနိုင်တယ်လို့လည်း‌ ‌‌ပြောပါတယ်။

    ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ကို ဦးတည်လာတဲ့ ပထမဆုံးမုန်တိုင်းဖြစ်ပါတယ်။ နိုင်ငံတွင်း ပဋိပက္ခတွေကြောင့်ရော အရပ်ဘက်ကူညီမှုလုပ်ငန်းတွေအားနည်းနေချိန်မှာ ဒီမုန်တိုင်းအန္တရာယ်အတွက် ပြည်သူတွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။ ပြည်သူတွေအနေနဲ့လည်း မုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ထားဖို့ လိုတယ်လို့ မိုး‌လေဝသပညာရှင်တွေကသတိပေး‌ထားပါတယ်။

    မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

    ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

    ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံကိုဦးတည်လာနေတဲ့ မုန်တိုင်း(Depression)
  4. ကလေး၊ နတ်မြောင်းစစ်ရှောင်ဦးရေတိုးလာတာကြောင့် နေရာအခက်အခဲကြုံနေရ, ရွာသုံးရွာက နေအိမ် (၁၀၀)နီးပါးမီးရှို့ခံရ

    မတ်လ (၁၄)ရက်ကစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ၊ ကလေး-ဂန့်ဂေါလမ်းမကြီးဘေးရှိ ရွာတွေဖြစ်တဲ့နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသာရွာတွေထဲ သုံးရက်တိတိဝင်ရောက်နေထိုင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ အဲဒီလို တပ်စွဲနေတုန်း အဲဒီရွာတွေအတွင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ဘေးရွာတွေဖြစ်တဲ့ ချောင်းခွ၊ ပန်းမွန်ချောင်း၊ ရေစို၊ ဟားခါးလေးစတဲ့ အနည်းဆုံးခြောက်ရွာလောက်ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါကြောင့်နတ်မြောင်းရွာက ဘုန်းတော်ကြီးကျောင်းမှာဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းမှာ စစ်ရှောင်ဦးရေ (၂၅၀၀)ဝန်းကျင်အထိ ဖြစ်လာပြီး နေရာအခက်အခဲကြုံနေရပြီလို့ ကူညီနေသူတွေကပြောပါတယ်။

    “လူဦးရေကများလာတော့ ဘုန်းတော်ကြီးဘေးကမြေလွတ်တွေမှာ တာလပတ်မိုးနေကြတယ်။ အခုသူတို့က ရွာထဲကို ဝင်ချင်သလိုဝင် လုပ်ချင်သလိုလုပ်နေတော့ ဒီမြေနေရာအလွတ်တွေမှာနေနေရသူတွေကမနေရဲကြ တော့ဘူး၊ ကြောက်နေကျတယ်။ စစ်ရှောင်ကတိုးလာတော့နေရာအခက်အခဲကပိုဖြစ်လာတာဗျ။ မီးဘေးသင့် ပြည်သူတွေအတွက် ဝေဖို့ဆန်တွေရှိတယ်ဆိုတာတောင် အတည်တကျမဖြစ်သေးတော့ သူတို့လက်ထဲ မဝေပေးရသေးဘူး။” လို့ နတ်မြောင်းစစ်ရှောင်ကူညီသူတဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်တွေဟာ နတ်မြောင်း၊ နတ်ချောင်းရွာကိုမကြာခဏဝင်ရောက်လေ့ရှိပြီး အခုတကြိမ် ဝင်ရောက်တပ်စွဲတာမှာတော့ နေအိမ် (၇၂)လုံးအထိ မီးရှို့သွားခဲ့သလို၊ ရွာငယ်ဖြစ်တဲ့ အောင်ချမ်းသာရွာက နေအိမ် (၁၆)လုံးရော ဂိုဒေါင်တချို့ပါ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    တပ်စွဲထားတဲ့ အဲ့ဒီရွာတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချင်းတောင်ဘက်ကို ထိုးစစ်ဆင်ဖို့ထွက်ခွာ သွားခဲ့ပြီး မနေ့ကစကာ ကလေး- ဂန့်ဂေါလမ်းမတဝိုက်ကို ပြန်လည်ရောက်ရှိလာကာ သေနတ်ပစ်ဖောက် တာတွေရှိနေတာကြောင့် ဒေသခံတွေမှာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ စစ်ရှောင်တွေကဆိုပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသာရွာတွေ မီးရှို့ခံထားရတဲ့မြင်ကွင်း
  5. ၂၁ မိုင်ဂိတ်ပစ်ခတ်မှု မှာ ရဲတပ်ကြပ် ၁ယောက်သေဆုံးပြီးဒဏ်ရာရသူ ၄ယောက်ရှိ

    မြစ်ကြီးနားမြို့ က ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ မတ်လ ၁၉ ရက်နေ့ မနက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရ လူနာ၄ယောက်နဲ့ သေဆုံးသူ၁ယောက်ရှိတယ်လို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုကပြောပါတယ်။

    သေဆုံးသူဟာစစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ယောက်ဖြစ်ပြီး လူနာတွေကတော့ ယာဉ်မောင်းတစ်ယောက်နဲ့ ကုမ္ပဏီ ဝန်ထမ်းတွေလည်းပါတယ်လို့ လူမှုကူညီရေးအသင်းကပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပြီးနောက် စစ်ကောင်စီဘက်က အများအပြားသေဆုံးဒဏ်ရာရသလို ကေအိုင်အေ နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ကလည်းအသေအပျောက်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

    “ ၂၁မိုင်မှာကတော့ KPDF ဘက်ကနေ သေဆုံးမှုများတယ်ဆိုတာမဟုတ်ဘူး။ဟိုပင်နန့်ရင်းချောင်းဘက်မှာတော့ KPDF တွေ ကျတာရှိနိုင်တယ်လို့ '' ဗဟိုကေအိုင်အေသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောပါတယ်။

    မတ်လ ၁၉ ရက်နေ့ မနက်မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အထွက် ၂၁မိုင်စုပေါင်းစစ်ဆေးရေးဂိတ်နဲ့ မိုးညှင်း ခရိုင် ဟိုပင်မြို့ နန့်ရင်းချောင်းမှာ စစ်ကောင်စီနဲ့ KPDF တို့ ပစ်ခတ်တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

    မတ်လ ၁၉ ရက်နေ့ မနက်မှာဟိုပင်နန့်ရင်းချောင်းတလျှောက်နဲ့ မြစ်ကြီးနားမြို့နယ်အထွက် ၂၁ မိုင်စုပေါင်းစစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီနဲ့ တပ်ရင်း(၁၁)ကေအိုင်အေ နဲ့ PDF တွေနဲ့ ပူးပေါင်းတပ်ဖွဲတွေကပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။

    ဟိုပင် နန့်ရင်းချောင်း ဘက်မှာဖြစ်တာကတော့ ကေအိုင်အေ တပ်မဟာ(၈) လက်အောက်ခံ တပ်ရင်း(၅)ဖြစ်ပါတယ်။ ၂၁မိုင်ဂိတ်မှာ ပစ်ခတ်မှုတွေဖြစ်တာကြောင့် မနေ့က ညနေပိုင်းအထိ ကားလမ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။

    Kachin Waves

    ဓာတ်ပုံ ရင်းမြစ်, Kachin Waves

    ဓာတ်ပုံ ပုံစာ, ၂၁ မိုင်ဂိတ်ပစ်ခတ််တိုက်ခိုက်ခံရမှု
  6. ဒဂုံတက္ကသိုလ်ကျောင်းသားနှစ်ဦး ထောင်ဒဏ်တစ်သက်နဲ့ သေဒဏ်ချမှတ်ခံရ, အာဏာသိမ်းပြီး‌နောက် ဒဂုံတက္ကသိုလ်က ကျောင်းသား ၁၅ ဦးခန့်အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခံထားရ

    စစ်ကောင်စီရဲ့ အင်းစိန်မြို့နယ် စစ်ခုံရုံးကနေ ပြီးခဲ့တဲ့ မတ်လ ၁၇ရက်က အကျဉ်းရုံးနည်းနဲ့ လူငယ်တချို့ကို သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ က သတင်းထုတ်ပြန်ပါတယ်။ အဲဒီထဲမှာဒဂုံတက္ကသိုလ်က ကျောင်းသား(၂)ဦးလည်း ပါဝင်ခဲ့ပြီး ဓာတုဗေဒဌာနက ကျောင်းသူဖြစ်သူ မဆောင်းလေပြေ (ခ) ဇူးဇူးကို လူသတ်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ (၁) (ခ)နဲ့ သေဒဏ်ချမှတ်ခဲ့သလို မြန်မာမှုဌာနက ကိုနိုင်အောင် (ခ) Snake ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ဈ) နဲ့ ထောင်ဒဏ်တသက်ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။

    အဲ့ဒီလူငယ်တွေဟာ မြောက်ဥက္ကလာပအဝိုင်းမှာ အထက်တန်းပြဆရာမဦးကို သေနတ်နဲ့ပစ်သတ်တာ၊ လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးတွေကို ပစ်သတ်တဲ့အမှုတွေနဲ့ ဆက်စပ်တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့ အခုလို အမြင့်ဆုံး အပြစ်ဒဏ်တွေကို စစ်ခုံရုံးကနေအမိန့်ချခဲ့တာဖြစ်ပါတယ်။

    “အမိန့်ချတယ်ဆိုတဲ့သတင်းကြားတော့မှ ဒီနှစ်ဦးဟာကျွန်တော်တို့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေမှန်း သိရတာပါ။ ဒဂုံကနေ ကျောင်းသားအနည်းဆုံး (၃၀)လောက်ဖမ်းဆီးခံထားရပြီ၊ အဲ့ဒီထဲ တဝက်လောက်က အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခံထားရပါတယ်။ ထောင်ဒဏ် (၁၀)နှစ်၊ ထောင်ဒဏ်တသက်ကနေ အခုဆို ‌သေဒဏ်အထိပါရှိလာပါပြီ။” လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟံထက်က ဘီဘီစီကို ပြောပါတယ်။

    လက်ရှိမှာတော့ ဒီကျောင်းသားနှစ်ဦးရဲ့ ထောင်တွင်းအခြေအနေတွေကို တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။ ရန်ကုန်တိုင်းအတွင်း စစ်အုပ်ချုပ်ရေးမာရှယ်လော ကြေညာထားတဲ့မြို့နယ်တွေမှာ ဖမ်းဆီး တရားစွဲဆိုခံရသူတွေကို စစ်ခုံရုံကနေ အကျဉ်းနည်းနဲ့ စစ်ဆေးနေတာဖြစ်ပြီး ရှေ့နေလိုက်ပါ‌ဆောင်ရွက် ခွင့်မရဘဲ အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခံနေရတာဖြစ်ပါတယ်။

    ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများအင်အားစုရဲ့ စာရင်းအချက်အလက်အရ အင်းစိန်ထောင်တွင်း ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေထဲက အယောက် (၉၀)ကျော်ကို အမိန့်ချထားပြီဖြစ်ပြီး အခုလို သေဒဏ် ချမှတ်ခံရတာကတော့ ပထမဆုံးဖြစ်ပါတယ်။

    DUSU

    ဓာတ်ပုံ ရင်းမြစ်, DUSU

    ဓာတ်ပုံ ပုံစာ, ဒဂုံတက္ကသိုလ်ကျောင်းသားနှစ်ဦး စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်နဲ့ သေဒဏ်ချမှတ်ခံရ
    DUSU

    ဓာတ်ပုံ ရင်းမြစ်, DUSU

    ဓာတ်ပုံ ပုံစာ, ဒဂုံတက္ကသိုလ်ကျောင်းသားနှစ်ဦး စစ်ခုံရုံးကနေ ထောင်ဒဏ်တသက်နဲ့ သေဒဏ်ချမှတ်ခံရ
  7. မြန်မာဘက်ကကုန်စည် ၇ မျိုးကို တင်သွင်းခြင်း ကို တရုတ်ဘက်ကယာယီရပ်နားထား, အဲဲဒီညွှန်ကြားချက်ကြောင့် မြန်မာကုန်သည်တွေ ဆက်တိုက်အရှုံးပေါ်နေ

    တရုတ်နိုင်ငံ ၊ ရွှေလီမြို့ ကိုဗစ်တားဆီးကာကွယ်ရေး Task Force ကနေ မြန်မာဘက်ခြမ်းကနေ တရုတ်နိုင်ငံဘက်ကို ဆန်၊ ဆန်ကွဲအပါအဝင် ကုန်စည် ၇ မျိုး တင်သွင်းတာကိုယာယီရပ်နားကြောင်း စာထုတ်ပြန်ထားတာ ဒီကနေ့ မတ်လ ၂၀ရက်မှာ ၅ရက်မြောက်ရှိပြီဖြစ်ပါတယ်။ လက်ရှိမှာ ပြန်လည်ဖွင့်လှစ်ဖို့ အခြေအနေမရှိသေးလို့ ကုန်စည်တွေတင်သွင်းဖို့ စီစဉ်ထားတဲ့ ကုန်သည်တွေအတွက် ဆက်တိုက်ငွေကြေးဆုံးရှုံးမှုတွေရှိလာတယ်လို့ပြောကြပါတယ်။

    '' တရုတ်ပြည်ကိုပို့မယ့်ဆန်တွေအတွက် ဆန်တွေကိုကားပေါ်တင်ထားပြီ၊ ကားဌားထားပြီ အလုပ်သမားတွေနဲ့ သယ်တာချတာတွေလုပ်ထားပြီ၊ နောက်တခုက ‌နယ်စပ်ရွှေလွယ်အင် ကွင်းမှာလည်း ကားတွေကိုတန်းစီထားပြီ။ဒါပေမဲ့ အခု သူတို့က ယာယီပိတ်တယ်ဆိုတော့ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာမသေချာတော့ တခါ ကုန်တွေပြန်ချ ၊ ဒီဘက်မြန်မာဂိုဒေါင်တွေကိုပြန်သယ်ရ၊ ဆန်တွေက နဂိုကတည်းက ၇လ ၈ လ လည်းပိတ်ခံထားရပြီး ‌ကြာနေတာလေ၊ အခုပြန်ဖွင့်လို့ပို့မယ်ဆိုမှ တခါပြန်ပိတ်တော့ ဆန်တွေကို အောက်ပြည်ပြန်ပို့ရပြန်ရော။ ကျွန်တော်တို့မှာ အလုပ်သမားခတွေ၊ ကားခတွေ နဲ့ အကြိမ်ကြိမ်ငွေကြေးဆုံးရှုံးရတယ် '' လို့ ဆန်ကုန်သည်တစ်ဦးကပြောပါတယ်။

    ကပ်ရောဂါတွေကို သိပ္ပံနည်းကျကျ တားဆီးကာကွယ်ဖို့အတွက် တရုတ် FDA ဥပဒေ၊ စားသောက်ကုန်တင်သွင်း/တင်ပို့ခြင်းဥပဒေတို့အပါအဝင် ဝမ်တိန်-မန့်မန်ဂိတ်ပေါက်(ဂိတ်ဝ) ကုန်စည်သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ဖို့ Working Group ရဲ့ ယာယီ သတ်မှတ်ချက်အရလို့ အကြောင်းပြပိတ်ထားကြောင်း ကုန်သည်အချို့ကပြောပါတယ်။တရုတ်ဘက်က အခုလိုယာယီတင်သွင်းမှုကန့်သတ်တဲ့ ကုန်စည် ၇မျိုးကတော့ ဆန်၊ ဆန်ကွဲ၊ ငရုတ်သီးစိမ်း၊ အအေးခန်းစနစ်သုံးသယ်ယူကုန်စည်၊ အေးခဲလတ်ဆတ်/အေးခဲကုန်စည်၊ ရေထွက်ကုန်စည်တို့ဖြစ်ပါတယ်။

    Getty Images ( ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images ( ပုံဟောင်း)

    ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံ ရွှေလီမြို့ အနီးနယ်စပ်ဂိတ်ပေါက်နေရာ
  8. ၁၅ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတပျံလွန်တော်မူ

    ၁၅ ပါးမြောက်ရွှေကျင်သာသနာပိုင်ဆရာတော် ၊ မရမ်းကုန်းမြို့နယ်၊ဝိဇ္ဇောတာရုံ ပရိယတ္တိ စာသင်တိုက်ကြီး ရဲ့ ကျောင်းတိုက်တည်ဆရာတော်ကြီး၊အဘိဓဇ မဟာရဋ္ဌဂုရု၊နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တဝိဇ္ဇောတဟာ ဒီကနေ့ မတ်လ ၂၀ရက် မနက် ၂နာရီကျော်က ပျံလွန်တော်မူခဲ့တယ်လို့ တပည့်သာဝကတွေက သတင်းထုတ်ပြန်လာပါတယ်။ ဆရာတော်ကြီးဟာ ပျံလွန်တော်မူချိန်မှာ သက်တော်၉၃နှစ်၊သိက္ခာဝါတော်၇၃ဝါ ရှိပြီ ဖြစ်ပါတယ်။

    လက်ရှိ ရွှေကျင်သာသနာပိုင်ဆရာတော်ကြီးဘဒ္ဒန္တ ဝိဇ္ဇောတပျံလွန်တော်မူတာကြောင့် ဆရာတော်ကြီးရဲ့နေရာမှာ ၀ါစဉ်အရ အဆင်သင့်ဖြစ်နေတဲ့ နောက်ထပ်ဆရာတော်တစ်ပါးက ရွှေကျင်သာသနာပိုင်နေရာကိုဆက်ခံမှာဖြစ်ပါတယ်။

    ''ဆရာတော်ကြီးပျံလွန်တော်မူပြီဆိုတော့ နောက်ထပ်၀ါစဉ်အရ အဆင်သင့်ဖြစ်နေတဲ့ဆရာတော်တစ်ပါးက သာသနာပိုင်ဖြစ်လာမယ်။ ပုံမှန်ဆို ဌာနချုပ်ဖြစ်တဲ့ မန္တလေးမဟာ၀ိသုဒ္ဓါရုံတိုက်သစ် ကကြေညာတာပေါ့။ ကြေညာပါလိမ့်မယ်။ အခု ဝါစဉ်အရ‌တော့ စစ်ကိုင်း သီတဂူဆရာတော် အရှင် ညဏိဿရ က ဖြစ်မှာပေါ့။ သီတဂူဆရာတော်ကငြင်းရင်တော့ နောက်တစ်ပါးဖြစ်မှာပေါ့။ ငြင်းမယ်တော့မထင်ဘူး '' လို့ သာသနာရေးဆိုင်ရာ ကိစ္စရပ်တွေကိုနှံ့စပ်သူတစ်ဦးကရှင်းပြပါတယ်။

    ရွှေကျင်ဂိုဏ်း ဟာ မြန်မာနိုင်ငံမှာ ရဟန်းအရေအတွက်များပြားတဲ့ သံဃအဖွဲ့အစည်းကြီးဖြစ်ပြီး သံဃာဂိုဏ်း ၉ ဂိုဏ်းမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဆရာတော်ကြီးဘဒ္ဒန္တ ဝိဇ္ဇောတဟာပါဠိတက္ကသိုလ်ကထိက၊ ဂိုဏ်းပေါင်းစုံသံဃအစည်းအဝေး ပထမအကြိမ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဝိနည်းဓိုရ် ( ရွှေကျင်)၊ ဒုတိယအကြိမ်၊ တတိယအကြိမ် မရမ်းကုန်းမြို့နယ် သံယနာယကအဖွဲ့ ( ရွှေကျင်) ဥက္ကဋ္ဌ၊ ကမ္ဘာအေးစေတီတော် သြဝါဒစရိယ၊ ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်၊ ရန်ကုန်တိုင်း ဝိနည်းပြန်ဌာန ဒုတိယဂိုဏ်းချုပ်ဆရာတော်အဖြစ် သာသနာ့တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်လို့ဆိုပါတယ်။

    ၁၉ ကြိမ်မြောက် ရွှေကျင်နိကာယသံယာ့ အစည်းအဝေးကြီးမှာ " ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ” ဘွဲ့အမည်နဲ့ ရွှေကျင်ဂိုဏ်းရဲ့ အဆင့်အမြင်ဆုံး အာဏာပိုင်အဖွဲ့အစည်းမှာပါဝင်ခွင်ရခဲ့ပြီး နောက် ရွှေကျင်ဂိုဏ်းရဲ့ အကြီးအကဲ ဖြစ်တဲ့ " ရွှေကျင်နိကာယ ဓိပတိဥက္ကဋ္ဌ မဟာနာယက ” ပန္နရသမ ( ၁၅ ) ပါး မြောက် ရွှေကျင်သာသနာပိုင် အဖြစ်တင်မြှောက်ခြင်းခံရတယ်လို့သိရပါတယ်။ ၊

    ဓာတ်ပုံ - ZANAKA

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - ZANAKA

    ဓာတ်ပုံ ပုံစာ, ၁၅ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ
    ဓာတ်ပုံ - ZANAKA

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ - ZANAKA

    ဓာတ်ပုံ ပုံစာ, ၁၅ပါးမြောက် ရွှေကျင်သာသနာပိုင်ဆရာတော် ဘဒ္ဒန္တဝိဇ္ဇောတ
  9. လျှပ်စစ်မီးပြတ်တောက်မှုနဲ့ အလုပ်သမားထု

  10. အမ်းက စစ်ရှောင်တွေ၂ နှစ်အကြာမှ အိမ်ပြန်ခွင့်ရ

  11. အထက်တန်းပြဆရာမအသတ်ခံရမှု လူငယ်တချို့ကို စစ်ကောင်စီသေဒဏ်ပေး

    မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီးပေါ် နွယ်နီလမ်းထိပ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်း သေဆုံးတာနဲ့ပတ်သက်ပြီး လူငယ်တချို့ကို မတ်လ (၁၇) ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

    လူသတ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၁) (ခ) နဲ့ အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁) ဦးကို ‌စစ်ခုံရုံးတင်ခဲ့ပြီး ပြည်သူတွေကို သေနတ်နဲ့ ပစ်ခတ်တာ၊ အထက်တန်းပြဆရာမ ဒေါ်လှလှသန်းကို သေနတ်နဲ့ ပစ်သတ်တာအပြင် စစ်ကောင်စီကနေ အကြမ်းဖက်လို့ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာကြောင့်လို့ဆိုကာ သေဒဏ်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    နောက်ထပ်အမျိုးသား (၂) ဦးကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နဲ့ တရားစွဲဆိုခဲ့ကာ အမြင့်ဆုံးပြစ်ဒဏ်တွေအမိန့်ချမှတ်ခဲ့ပါတယ်။

    အဲ့ဒီလူငယ်တွေဟာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြောက်ဥက္ကလာ၊ လှိုင်သာယာနဲ့ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွေက ဖြစ်တာကြောင့် စစ်ခုံရုံးမှာ အကျဉ်းနည်းနဲ့ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခံလိုက်ရတာဖြစ်ပြီး ‌ရှေ့နေလိုက်ပါဆောင်ရွက်ခွင့်မရှိသလို ပြန်လည်ခုခံတင်ပြခွင့်လည်း မရှိကြပါဘူး။

    သတ်ဖြတ်ခံခဲ့ရတဲ့ အထက်တန်းပြဆရာမ ဒေါ်လှလှသန်းဆိုသူဟာ စစ်ကောင်စီသတင်းပေးအဖြစ် သတ်မှတ်ခံခဲ့ရသူပါ။ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားသူ ကျောင်းသားတချို့ရဲ့ သတင်းအချက် အလက်တွေပေးပို့တာကြောင့် အကြိမ်ကြိမ်သတိပေးစာထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီသတင်းပေးတာတွေဆက်လုပ်နေတာကြောင့် ရှင်းလင်းခဲ့ရတာဆိုပြီး Generation Z Defence Force ကနေ ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလအတွင်း ထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

    ဒါ့အပြင် ဖြစ်စဉ် ဖြစ်ပြီးပြီးချင်း အသက်မပြည့်သေးတဲ့ကျောင်းသားလူငယ်တချို့ဖမ်းဆီးခံခဲ့ရသလို အဲ့ဒီကျောင်းသားတွေဟာ အခုဖြစ်စဉ်နဲ့ မသက်ဆိုင်ဘဲ STF( မြို့ပြပြောက်ကျား) အဖွဲ့တွေရဲ့ လုပ်ရပ်သာဖြစ်တယ်လို့ အရင်နှစ် နိုဝင်ဘာ (၇)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အထက်တန်းပြဆရာမအသတ်ခံရတာနဲ့ပတ်သက်ပြီး လူငယ်တချို့ကို စစ်ကောင်စီသေဒဏ်ပေး
    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အရင်နှစ် နိုဝင်ဘာ (၅)ရက် ဆရာမသတ်ဖြတ်ခံရစဉ်မြင်ကွင်း
  12. ကန့်ဘလူ၊ လက်ခုပ်ကုန်းရွာမှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးနဲ့ သုံးနှစ်သားကလေးသေဆုံး

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ထဲက လက်ခုပ်ကုန်းရွာကို ဒီကနေ့ မတ်လ (၁၉)ရက် မနက်အစောပိုင်းမှာ ရွာအတွင်းက ဘုန်းကြီးကျောင်းနားနဲ့ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်တဲ့ နေအိမ်ကို လက်နက်ကြီးကျည်ကျ ရောက်ခဲ့ပါတယ်။

    ဒီလိုလက်နက်ကြီးကျည်ကျတာကြောင့် အုတ်ဖုတ်တဲ့အိမ်က သုံးနှစ်အရွယ်ကလေးနဲ့ အလုပ်သမားဖြစ်သူ အသက် (၃၆)အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကလေးငယ်ရဲ့ ဖခင်ဖြစ်သူအပါအဝင် အနည်းဆုံး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

    “ကလေးက ပွဲချင်းပြီးဆုံးသွားတယ်။ အုတ်ပုံတွေကြားထဲမှာဆိုတော့ အလောင်းတော့ပြန်မသယ်ရသေးဘူး။ သူ့ရဲ့ အဖေကတော့ လက်နက်ကြီးဒဏ်ရာတွေရတာပေါ့။တခြားအမျိုးသမီးတချို့လည်း ဒဏ်ရာရကြတယ်။ တခါမှ ရွာထဲမဖြစ်ဖူးဘူး၊ တောင်သူပဲလုပ်နေကြတာဆိုတော့ ရုတ်တရက်ကြီး ပြေးရလွှားရတာပါ”လို့ လက်ခုပ်ကုန်းရွာဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ကန့်ဘလူနယ်တဝိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ယာဉ်တန်းလိုက် ရောက်နေတယ်ဆိုတဲ့ သတင်းတွေကြားသိခဲ့ပေမယ့် အရင်ကရွာထဲအခုလိုပစ်ခတ်တာတွေမရှိခဲ့တာကြောင့် ဒေသခံ တွေဟာ နေရပ်ကနေ စွန့်ခွာထွက်ပြေးတာမျိုးတွေမလုပ်ခဲ့မိဘူးလို့ ပြောပါတယ်။

    မနက်အစောပိုင်း လက်နက်ကျည်ကျရောက်ချိန်မှသာ အိမ်ခြေ (၁၀၀)နီးပါးရှိတဲ့ လက်ခုပ်ကုန်းရွာဒေသခံတွေ ဟာ တောထဲနဲ့ အခြားကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။ အခုနေ့လယ်ပိုင်းအချိန်အထိ ကျေးရွာဘက်ကနေ ပစ်ခတ်သံမကြားတော့ပေမယ့် ဒေသခံတွေ ရွာထဲမဝင်ရဲကြသေးဘဲ အခြေအနေ စောင့်ကြည့်နေရဆဲဖြစ်ပါတယ်။

    အခု လက်ခုပ်ကန်ုးရွာဘက်ကို လက်နက်ကြီးကျည်ကျရောက်တာဟာ စစ်ကောင်စီကနေ စမ်းသပ်ပစ်ခတ်တဲ့ သဘောလို့ ဒေသခံတွေကယူဆနေကြပြီး ဒီတပ်ဖွဲ့ဝင်တွေဟာ ကန့်ဘလူနယ်နဲ့ ရွှေဘိုဘက်က ရောက်လာကြတာဟာ အထက်ဘက်ကို ဆက်သွားမယ့်အနေအထားရှိတယ်လို့ သုံးသပ်နေကြပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဖြစ်စဉ်ဖြစ်ခဲ့တဲ့လက်ခုပ်ကုန်းရွာအနီးက ဘောရွာမှာတော့ စစ်ကောင်စီတပ်တွေဝင်ရောက်တပ်စွဲထားပါပြီ
  13. နိုင်ငံခြားဧည့်သည်တွေဝင်လာဖို့ ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိဖို့လို, ပြည်တွင်းခရီးသွားကဏ္ဍတောင် လည်ပတ်နိုင်ရုံသာရှိ

    နိုင်ငံခြားသားတွေ ပိုမိုဝင်ထွက်လွယ်ကူစေဖို့နဲ့ ခရီးသွားလုပ်ငန်းတွေတိုးတက်ဖို့ရည်ရွယ်ပြီး စစ်ကောင်စီကနေ နိုင်ငံတကာလေကြောင်းလိုင်းတွေပြန်ဖွင့်ပေးခဲ့ပေမဲ့နိုင်ငံခြားသား ခရီးသည် ဝင်ရောက်ဖို့ မလွယ်ကူသေးဘူးလို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

    လက်ရှိပြည်တွင်းမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေးနဲ့ ကမ်းခြေဒေသတွေကိုသာ အဓိကထား ခရီးသွားလည်ပတ်လို့ရနိုင်တာပါ။ ဒါကြောင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှုရှိမှသာ အပန်းဖြေလုပ်ငန်းတွေ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်လိမ့်မယ်လို့ ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကထောက်ပြကြပါတယ်။

    “လောလောဆယ်က စီးပွားရေးအကြောင်းကိစ္စကြောင့်ပဲဖြစ်ဖြစ်သာ နိုင်ငံခြားက ဝင်ရောက်လာနိုင်တာမျိုးရှိမယ်။ နိုင်ငံခြားသားအပန်းဖြေကတော့ ဒီစီးပွားလုပ်သူတွေက တဆင့်မှ နိုင်ငံတွင်း တည်တည်ငြိမ်ငြိမ်သွားလာလို့ရပြီဆိုတဲ့ သတင်းတွေရမှသာ ဝင်လာနိုင်မှာပါ။ လိုပါသေးတယ်။”လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောပါတယ်။

    နိုင်ငံခြားသားတွေပြန်လည်ဝင်ရောက်ဖို့ လေကြောင်းလိုင်းတွေပြန်ဖွင့်ဖို့ကို အရင်နှစ် နိုဝင်ဘာလောက်ကတည်းက စီစဉ်ခဲ့ပေမဲ့ အခုနှစ်ဧပြီမှသာ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဇာခွင့်ပြုတဲ့အခြေအနေနဲ့ ကွာရန်တင်းကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်း တိတိကျကျမထုတ်ပြန်သေးပါဘူး။

    ပြည်တွင်းခရီးသွားလုပ်ငန်းအခြေအနေကတော့ အရင်နှစ်ကထပ်စာရင်တိုးတက်မှုရှိလာတယ်လို့ ဆိုနိုင်ပေမဲ့လည်ပတ်နိုင်ရုံအဆင့်သာရှိသေးပြီး လာမယ့် သင်္ကြန်ကာလနဲ့ ပတ်သက်ပြီး ခရီးသွားလုပ်ငန်းတွေဘက်ကနေ ခရီးစဉ်ကြေညာဆောင်ရွက်တာမျိုးတွေလည်း မရှိသလောက် နည်းပါးနေပါသေးတယ်။

    မြေပြင်မှာကတော့ ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ မကွေး၊ စစ်ကိုင်း စတဲ့ဒေသတွေမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ ‌ဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေပြီး ပြည်သူသိန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

    ခရီးသွားအကြံပေးဝက်ဆိုက်တချို့မှာတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှု၊ ပြည်တွင်းရေး ပဋိပက္ခတွေ ကြောင့် ခရီးမသွားလာကျဖို့ အကြံပေးထားသလို အမေရိကန်အစိုးရရဲ့ ခရီးသွားလာမှုအကြံပြုချက် ထုတ်ပြန်ချက်အရလည်း မြန်မာနိုင်ငံဟာ အန္တရာယ်များတဲ့အဆင့် (၄) ခရီးမသွားလာသင့်တဲ့ဒေသအဖြစ် ၂၀၂၁ခုနှစ်တုန်းက တရားဝင်ကြေညာခံခဲ့ရပါတယ်။

    Getty Images

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ပြည်တွင်းလည်ပတ်နေတဲ့ နိုင်ငံခြားသားခရီးသည်များ (ပုံဟောင်း)
  14. လုပ်အားခလျော့ချခံရတာကြောင့် Foodpanda ဝန်ထမ်းအများစု အလုပ်ရပ်နားပြီး သပိတ်မှောက်တောင်းဆိုနေ, နည်းပညာချို့ယွင်းမှုကြောင့်လုပ်ခလစာမှားယွင်းတာလို့ Foodpanda ကထုတ်ပြန်

    cj

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, လုပ်အားခလျော့ချခံရတာကြောင့် Foodpanda ဝန်ထမ်းအများစု အလုပ်ရပ်နားပြီး သပိတ်မှောက်တောင်းဆိုနေ

    ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာအစားအသောက်အိမ်အရောက်ပို့ဆောင်ပေးနေတဲ့ပြည်တွင်းFoodpanda လုပ်ငန်းမှာအလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေကို ပို့ဆောင်ခတွေထက်ဝက်ကျော်လျော့ချလိုက်တာကြောင့် ဝန်ထမ်းအများစုအလုပ်ကနေရပ်နားပြီး သပိတ်မှောက်တောင်းဆိုတာတွေလုပ်နေတယ်လို့ Foodpanda ဝန်ထမ်းတွေကပြောပါတယ်။

    “ အရင် အော်ဒါကြေး ၅၀၀ကနေ ၆၀၀ ကျော်ကနေ ၉၀၀ လောက်အထိရပေမယ့် ၁၆ ရက်နေ့ကစပြီး၂၀၀ ဝင်လာတာရှိတယ်။ ၁၀၀ပဲဝင်တဲ့လူရှိတယ်။ဒါကို system ကမှားတာပြန်ဖြည့်ပေးမယ်လို့ပြောပေမယ့်အရင်တခါမှားတုန်းကလည်း ဘယ်သူမှအပြည့်ပြန်မရတော့ လက်မခံနိုင်ကြတော့ဘူး။ အခု ဝန်ထမ်းအားလုံးအလုပ်ကရပ်ပြီး တောင်းဆိုနေပေမယ့် ဘာမှတိုက်ရိုက်မဖြေရှင်းပေးဘူး။ ကျွန်တော်တို့ကိုအရင်ကလည်းဆက်သွယ်နေတဲ့ ချယ်နယ်တွေရှိနေတာပဲ။ ဒီပြသနာဖြစ်မှ ဘာမှမဆက်သွယ်တိုက်ရိုက်မဖြေရှင်းပေးတဲ့အပြင် ဝန်ထမ်းတောင်အသစ်ခေါ်လိုက်သေးတယ်။ အလုပ်မရှိရင်ပြန်လာလုပ်ကြမှာပဲဆိုတဲ့ပုံစံပေါ့။အခုကြေညာချက်ထွက်လာတော့လည်း မြေပြင်မှာဖြစ်နေတာနဲ့၇၀ ရာခိုင်နှုန်းလောက်လွဲနေတယ် “ လို့ အလုပ်နားပြီး သပိတ်မှောက်ရာမှာပါဝင်နေတဲ့ Foodpanda ဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေ့ Foodpanda ဝန်ထမ်းတွေ အားလုံးအလုပ်နားထားတာ ၄ ရက်လောက်ရှိနေပြီဖြစ်ပြီးဝန်ထမ်းတွေအားလုံးနီးပါး အလုပ်ကနားထားတာကြောင့်စားသောက်ဆိုင်တချို့လည်း ပို့ဆောင်မှုရပ်နားထားကြောင်းပြောဆိုထုတ်ပြန်လာတာတွေ့ရပါတယ်။ Foodpanda မြန်မာလုပ်ငန်းဘက်ကတော့၁၆ ရက်နေ့က နည်းပညာမှားယွင်းမှုကြောင့်လုပ်ခလစာလျော့နည်းသွားတာဖြစ်ကြောင်းနဲ့လုပ်ခလစာတွေကို လစာထုတ်ပေးတဲ့ ရက်သတ္တပတ်မှာပြန်လည်ဖြည့်သွင်းပေးမှာဖြစ်တယ်လို့ မနေ့မတ်လ ၁၈ ရက်ကထုတ်ပြန်ကြေညာလာပါတယ်။

    “ သူတို့နည်းပညာမှားယွင်းမှုကလည်းတခါမှများတဲ့ဘက်ကိုမမှားဘူး။ပြီးရင်အပြည့်လည်းပြန်မရဘူး။ အခုလည်းကျွန်တော်တို့ဆီကိုတိုက်ရိုက်ဖြေရှင်းလို့ရတာကိုထုတ်ပြန်ချက်ဆိုတာကို မီဒီယာတွေဆီကပဲတွေ့ရပါတယ်။ လူ ၆သန်းလောက်ရှိတဲ့ Foodpandaစာမျက်နှာမှာလည်း မကြေငြာသလို တိုက်ရိုက်ဖြေရှင်းတာလည်းမတွေ့ဘူး။ မနေ့ကသောကြာနေ့မှာလုပ်ခလစာထုတ်ရက် တပတ်တခါရှင်းတဲ့ရက်မှာလည်း လစာမဝင်သူတွေအပြည့်မရသူတွေရှိနေတယ်။ကျွန်တော်တို့ကတော့ သတ်မှတ်ထားတဲ့ရက်အထိတောင့်ခံသွားမှာပါ။ တောင့်ခံလို့မရတော့ ကျွန်တော်မှာ ဘာဆက်လုပ်ရမှာလဲ နိုင်ငံရေးအခြေအနေအရ လည်းဘာမှမလုပ်နိုင်ဘူး။ဒါကိုသိလို့သူတို့ကလည်းလုပ်တာ “ လို့ FoopPanda ဝန်ထမ်းတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ရန်ကုန်မြို့တွင်းမှာ အစားအသောက်ပို့ဆောင်မှုလုပ်ငန်းတွေလုပ်နေတဲ့ Foodpanda ဝန်ထမ်းတွေဟာ အခြေခံလုပ်ခလစာမရှိသလို လမ်းမတွေပေါ်မှာ စက်ဘီးစီးနင်းအစားအသောက်ပို့ဆောင်နေပေမယ့်အသက်အာမခံချက်လည်းမရှိတဲ့အပြင်အခုလို လုပ်ခလစာလျော့ချတွေနဲ့ပတ်သက်ပြီး Foodpanda အလုပ်သမားထုနဲ့အတူရပ်တည်ဖို့ကိုလည်း ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်တာတောင်းဆိုမှုတွေလုပ်ထားတာလည်းတွေ့ရပါတယ်။

    လက်ရှိဖြစ်ပေါ်နေတဲ့ ပြသနာတွေနဲ့ပတ်သက်လို့ Foodpanda မြန်မာဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းရာမှာတော့လုပ်ခ လစာတွေပြန်ဖြည့်ပေးမယ်ဆိုတာနဲ့ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကြောင့်လုပ်ခလစာတွေတိုးပေးမယ်ဆိုတဲ့ ပြောဆိုချက်တွေပါတဲ့ ထုတ်ပြန်ချက်တစ်ခုကို ဘီဘီစီကိုဆက်သွယ်ပေးပို့လာပါတယ်။

    ဘီဘီစီကနောက်ဆုံးဆက်သွယ်ရတဲ့ ဒီကနေ့မတ်လ ၁၉ ရက်နေ့အထိတော့ လုပ်ခလစာလျော့ကျတဲ့ ကိစ္စနဲ့ပတ်သက်ပြီးFoodpanda ဝန်ထမ်းတွေဆီကို သက်ဆိုင် ရာ Foodpandaမြန်မာလုပ်ငန်းက တိုက်ရိုက်ဆက်သွယ်ဖြေရှင်းတာမရှိသေးဘူးလို့ဝန်ထမ်းတွေကပြောပါတယ်။

    cj

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, လုပ်အားခလျော့ချခံရတာကြောင့် Foodpanda ဝန်ထမ်းအများစု အလုပ်ရပ်နားပြီး သပိတ်မှောက်တောင်းဆိုနေ
    cj

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, လုပ်အားခလျော့ချခံရတာကြောင့် Foodpanda ဝန်ထမ်းအများစု အလုပ်ရပ်နားပြီး သပိတ်မှောက်တောင်းဆိုနေ
  15. အိုမီခရွန်မျိုးကွဲသစ် BA.2 ဖြစ်သူတွေပါ ပါဝင်တဲ့ ပိုးတွေ့လူနာသစ် (၃၁) ဦးတွေ့ရှိ, လူအယောက် (၄၀၀) အထိ စုဝေးခွင့်ပြု

    ပြည်တွင်းမှာ အိုမီခရွန်ကိုဗစ်ရောဂါပိုးတွေ့ရှိလူနာသစ် (၃၁) ဦး ထပ်တွေ့ရှိတယ်လို့ မတ်လ (၁၈)ရက် တုန်းက စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ပါတယ်။

    အဲဒီ (၃၁)ဦးထဲမှာ အိုမီခရွန်ရောဂါပိုး မျိုးကွဲသစ် BA.2 ကူးစက်ခံရသူတွေလည်းပါဝင်နေပြီး ဘယ်နဦးပါဝင်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ တိတိကျကျ မဖော်ပြထားပါဘူး။

    ဒီ BA.2 တွေ့ရှိသူတွေကိုတော့ ကိုဗစ်ရောဂါဓာတ်ခွဲအတည်ပြုနေတုန်းက သီးခြားထားရှိကုသပေး နေပြီး ကျန်းမာရေးအခြေအနေကောင်းနေတယ်လို့ဆိုပါတယ်။

    အိုမီခရွန်မျိုးကွဲသစ် BA.2 ကို ဖိလစ်ပိုင်နိုင်ငံမှာစတွေ့တာဖြစ်ပြီးတော့ ကမ္ဘာ့နိုင်ငံအနှံ့ကို ပျံ့နှံ့နေသလို ကူးစက်နှုန်းလည်း မြန်ပါတယ်။ ဒါပေမဲ့လည်း ကိုဗစ် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားပြီးသူတွေမှာ ရောဂါလက္ခဏာ ပြင်းထန်နှုန်းနဲ့ သေဆုံးနှုန်း လျော့နည်းတယ်လို့ စစ်ကောင်စီကျန်းမာရေး၀န်ကြီးဌာန ထုတ်ပြန်ချက်က ဆိုပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီကတော့ ကိုဗစ်ကူးစက်နှုန်း၊ သေဆုံးနှုန်းတွေလျော့နည်းသွားတာကြောင့်လို့ဆိုပြီး လူ (၄၀၀) အထိ စုဝေးခွင့်ကို မတ်လ (၁၆)ရက်ကစပြီးခွင့်ပြုလိုက်ပါတယ်။

    ဒါ့အပြင် နိုင်ငံတကာ လေကြောင်း လိုင်းအပါအဝင် ရုပ်ရှင်ရုံတွေကိုပါ လာမယ့် မြန်မာနှစ်ဆန်းတရက်မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုတော့မှာပါ။ ဒါကြောင့် ကိုဗစ်စည်းကမ်းနဲ့ ကန့်သတ်ချက်အကုန်လုံးနီးပါး စစ်ကောင်စီအနေနဲ့ ဖြေလျှော့ပေးထားပြီ ဖြစ်ပါတယ်။

    MPA

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, တတိယလှိုင်းအတွင်း ပြည်တွင်းမှာကိုဗစ်ကြောင့် လူထောင်နဲ့ချီသေဆုံးခဲ့ရ (ပုံဟောင်း)
  16. နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ မြန်မာနှစ်ဆန်းတရက်ကစပြီးပြန်လည်ပြေးဆွဲမယ်

    ဧပြီလ ၁၇ ရက်နေ့ကနေစပြီး ၂ နှစ်ကြာ ရပ်ဆိုင်းထားတဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ပုံမှန် အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုသွားမှာ ဖြစ်တယ်လို့ မြန်မာစစ်ကောင်စီက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ ကိုဗစ် ၁၉ ထိန်းချုပ်တားဆီးရေး ဗဟိုကော်မတီက ကိုဗစ် ၁၉ တားဆီးရေးအတွက် ၂၀၂၀ မတ် ၂၉ရက်ကနေ စတင်ထုတ်ပြန်ခဲ့တဲ့ ညွန်ကြားချက်အားလုံးကို ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပါတယ်။

    ကိုဗစ်ကူးစက်မှုနဲ့သေဆုံးသူ အရေအတွက်တွေ သိသိသာသာ ကျဆင်းလာတာကြောင့် အခုလို ပယ်ဖျက်ပေးလိုက်တာ ဖြစ်ပြီး ဒါက နိုင်ငံခြားသားတွေ ပိုမိုဝင်ထွက်ရလွယ်ကူစေဖို့နဲ့ ခရီသွားလုပ်ငန်း တိုးတက်ဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

    ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် WHOက အတည်ပြုချက်ရထားတဲ့ ဆိုင်နိုဖန်း ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ခဲ့တဲ့ တရုတ်နိုင်ငံ အမျိုးသားဆေးဘက်ဆိုင်ရာ အုပ်စုနဲ့ ပူးပေါင်းပြီး Myancopharm ကိုဗစ်ကာကွယ်ဆေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်တယ်လို့ စက်မှုဝန်ကြီးဌာနက ကြေညာခဲ့ပြီးတဲ့နောက် တားမြစ်ချက်တွေကို ရုတ်သိမ်းပေးလိုက်တာလည်း ဖြစ်ပါတယ်။

    ဧပြီလကနေ စတင်မယ့် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်မှာ ဒီဝန်ကြီးဌာနက ကာကွယ်ဆေး ၁၀ သန်း အထိ ဖြန့်ဝေဖို့ စီစဥ်နေပြီး လာမယ့်လ အစောပိုင်းကနေ စလို့ ဖြန့်ချိသွားဖို့လည်း ရှိနေပါတယ်။

    ​ မြန်မာနိုင်ငံမှာ ကိုဗစ် ကူးစက်မှု ၆ သိန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၁၉၀၀၀ကျော်ရှိပါတယ်။

    AFP

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ မြန်မာနှစ်ဆန်းတရက်ကစပြီးပြန်လည်ပြေးဆွဲမယ် (ပုံဟောင်း)
  17. မြစ်ကြီးနား ၂၁ မိုင် စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်၊ မော်တော်ယာဉ်တွေဖြတ်သန်းခွင့်မပေး

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ ဒီနေ့ မတ်လ ၁၉ ရက်နေ့ မနက် ၃ နာရီကျော်လောက်မှာ လက်နက်ကြီးသံတွေကြားနေရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကတော့ မြစ်ကြီးနား -နမ္မတီးသွားတဲ့ ကားလမ်း မှာရှိတာပါ။

    “၂၁မိုင်မှာ ခရီးသွားကားတွေ ပြန်လှည့်တဲ့ဟာကလှည့်၊အဲဒီကို မသွားရတာ။ အသွားမခံဘူး။ မနက် ၃ နာရီလောက်ကတည်းကဖြစ်နေကြတာ။ ကားတွေတန်းစီးနေတာပဲ။ အခု စောင့်တာ ၁နာရီကျော်ပြီ။ ကျားပြောင်း (ဆီဆိုင်)နဲ့နိုင်းစတား(ဆီဆိုင်)ရှေ့ ကားက အပြည့်ပဲ။ ဒီနေ့အခြေအနေက တော်တော်ကြမ်းတယ်ထင်တယ်။ အဲဒီနားမှာ ကားတွေအများကြီးပဲ" လို့ ယာဉ်မောင်းတစ်ဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

    မြစ်ကြီးနားမြို့နယ်အထွက် နားမှာရှိတဲ့ အဲဒီ၂၁ မိုင်စုပေါင်းစစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုတွေဖြစ်တာဟာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့လည်း ခရီးသွားကားတွေက သူတို့ရဲ့အတွေ့အကြုံအရ ပြောပါတယ်။ “ဒီမနက်တအုံးအုံးနဲ့ မနက်မိုးလင်းကတည်းကနေအုံးနေတာ တချိန်လုံး အုံးနေကြတာစစ် ကားတွေဘာတွေ ရောက်နေကြတယ်လို့လည်း ပြောနေကြတယ်" လို့ နမ္မတီးဒေသခံတစ်ယောက်ကပြောပါတယ်။ဓာတ်ပုံ-CJ

    Myint Kyee Nar, March 19

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြစ်ကြီးနား ၂၁ မိုင် စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်၊ မော်တော်ယာဉ်တွေဖြတ်သန်းခွင့်မပေး
  18. အာဆီယံသံ မြန်မာခရီးစဥ် ရက်ပိုင်းအလို ဟွန်ဆန်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေး

    အာဆီယံအထူးသံ အဖြစ် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ရောက်လာဖို့ရှိတဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်မတိုင်ခင် ကမ္ဘောဒီးယားနဲ့ တရုတ်ခေါင်းဆောင်တို့ အွန်လိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ဒီကနေ့ နေ့လယ်ပိုင်းမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ အွန်လိုင်းက ဆွေးနွေးမှု လုပ်ခဲ့ရာမှာ အာဆီယံနဲ့ ဒေသတွင်းအရေး ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီတွေ့ဆုံဆွေးနွေးမှုကနေ နှစ်နိုင်ငံ သဘောတူ ကိစ္စတွေ၊ ဒေသတွင်းနဲ့ ကမ္ဘာ့အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

    မစ္စတာရှီက ကမ္ဘောဒီယားရဲ့ အာဆီယံ ခေါင်းဆောင်မှုကို ထောက်ခံကြောင်းနဲ့ အာဆီယံရဲ့ ဒေသတွင်းနဲ့ ကမ္ဘာမှာ ပါဝင်မှု အခန်းကဏ္ဍတို့ကို ထောက်ခံကြောင်း ပြောခဲ့တယ်လို့လည်း ကမ္ဘောဒီးယား တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး ဖနွမ်းပင်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အာဆီယံနဲ့ တရုတ်နိုင်ငံတို့က ဒေသတွင်း ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ တည်ငြိမ်ရေး၊ ဖွံဖြိုးရေးကို အားပေးထောက်ခံကြောင်းလည်း ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    တရုတ်နိုင်ငံဟာ မြန်မာ့အရေး အာဆီယံရဲ့ ခေါင်းဆောင်မှုကို ထောက်ခံကြောင်းပြောထားပြီး ဟွန်ဆန်ရဲ့ မြန်မာခရီးစဥ်ကို ထောက်ခံကြောင်းလည်း ပြောထားခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံခြားရေး ပရာ့ဆော့ခွန်းဟာ မတ်လ ၂၁ ရက်ကနေ့ ၂၃ ရက်မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ ဒီကနေ့မှာပဲ ကမ္ဘောဒီးယား နိုင်ငံက သတင်းထုတ်ပြန်ထားပါတယ်။

    သူ့ခရီးစဉ်အတွင်း အထူးသံဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံဖို့ရှိသလို နိုင်ငံရေးပါတီတချို့နဲ့တွေ့ဆုံဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဖို့ စီစဥ်ထားတာဟာ အာဆီယံသံတမန်မှာ အချိန်မလုံလောက်တာကြောင့် မတွေ့ဖြစ်တော့ဘူးလို့ တိုင်းရင်းသားအဖွဲ့တွေဘက်က သိရပါတယ်။

    အာဆီယံအထူးသံတမန်ရဲ့ မြန်မာခရီးစဥ်နောက်ပိုင်းမှာ အမေရိကန်နဲ့ အာဆီခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးလည်း ကျင်းပဖို့ ရှိနေပါတယ်။

    တရုတ်နဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေ တွေ့

    ဓာတ်ပုံ ရင်းမြစ်, Samdech Hun Sen Facebook

  19. ကယားမှာ စစ်ဘေးရှောင်တွေ သေဆုံး