မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ

BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. လိုင်ဇာဘက်ကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့

    စစ်ကောင်စီတပ်တွေက ကေအိုင်အေ အခြေစိုက် လိုင်ဇာဘက်ကို မတ်လ ၂၂ ရက် မနက် ၃ နာရီလောက်က လက်နက်ကြီးနဲ့ လှမ်းပြီးပစ်ခတ်ခဲ့တာ တရုတ်ပြည်နယ်စပ်ဘက်ကိုပါ ကျရောက်ခဲ့တယ်လို့ ကေအိုင်အေ ဗဟို သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    စစ်ကောင်စီစခန်းထိုင်တဲ့ ဘွမ်ရဲဘွမ်ဘက်ကနေ လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ ၄ ကြိမ်ခန့် ပစ်ပေမဲ့ တရုတ်နယ်စပ် ဘက်ကို လက်နက်ကြီးကျသလို ဘွမ်ရဲဘွမ်တောင်ခြေမှာလည်း ကျတာတွေရှိတယ်လို့ သိရပါတယ်။

    “မနက် ၃နာရီကျော်လောက်မှာ ဘွမ်ရဲဘွမ်ဘက်ကနေ လိုင်ဇာဘက်ကို လှမ်းပစ်တာ ၄ ချက်လား မသိဘူး ပစ်တာရှိပါတယ်။ ဘယ်နေရာမှာ ကျတယ်ဆိုတာတော့ အတိအကျတော့ ကျွန်တော်ကတော့ မသိဘူး။ လက်နက်ကြီးတစ်လုံးကတော့ တရုတ်ပြည်နယ်စပ် တော်တော်နီးတဲ့ဘက်မှာ ကျတယ်ဆိုတဲ့ အသံတော့ ကြားပါတယ်။“

    “အသံကြားတာကို ပြောမယ်ဆိုလို့ရှိရင် တရုတ်ပြည်နယ်စပ် တော်တော်နီးတဲ့ဘက်ကို ပေါက်ကွဲတဲ့အသံတွေကြားတယ်။ အဲဒါပဲရှိပါတယ်။ ကျန်တာကတော့ကျွန်တော်တို့ရဲ့ အလန်ဘွမ်ပေါ့နော် သူတို့ပစ်တဲ့ဘက် ဘွမ်ရဲဘွမ် တောင်ခြေမှာကျတယ်လို့ ကြားပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

    ဒါ့အပြင် ကေအိုင်အေ လှုပ်ရှား တပ်မဌာနချုပ်အနီး ဂိဒေါင်ဘက်မှာ စစ်ကောင်စီတပ်တွေဘက်က ထောက်ပို့လမ်းအတွက် လမ်းဖောက်လို့ ထိတွေ့တိုက်ပွဲတွေ မတ်လ ၁၂ ရက်၊ ၁၃ ရက်၊ ၁၇ ရက် တို့မှာလည်း ဖြစ်ခဲ့ပြီး အဲဒီအနီးအနားက မဂါးယန်စစ်ရှောင်စခန်းအနီး လက်နက်ကြီးကျတာတွေ ရှိခဲ့ဖူးပါတယ်။

    သူအနေနဲ့ လက်နက်သံတွေမကြားရပေမဲ့ တရုတ်ပြည်ဘက်ကို လက်နက်ကြီးကျတာကိုတော့ ကြားသိရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

    ဒါ့အပြင်အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ နဲ့ ၂၀၂၂ အတွင်း စစ်ကောင်စီဘက်ကနေပြီး လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်တာ ၄ ကြိမ်လောက်ရှိတယ်လို့ လည်း ဒေသခံတွေဆီက သိရပါတယ်။

    ကချင်ပြည်နယ်ရဲ့ တချို့ မြို့နယ်တွေမှာ စစ်ကောင်စီဘက်ကနေပြီး ရိက္ခာ ပို့တာ စစ်လှုပ်ရှားတာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။

    ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်ဘက်ကို ရိက္ခာပို့ပြီး စစ်လှုပ်ရှားမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်နက်ကြီးကျည် ပစ်ခတ်မှု တစ်ခု (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျည် ပစ်ခတ်မှု တစ်ခု (ပုံဟောင်း)
  2. NLD နဲ့ SNLD ကို အရေးယူဖို့ မတ်လ ၂၇ ရက် နောက်ပိုင်း ဆုံးဖြတ်မယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ပြော

    ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတို့ကို မတ် ၂၇ ရက် တပ်မတော်နေ့အပြီးနောက်ပိုင်းမှာ စီမံခန့်ခွဲရေးကော်မတီက စုံညီအစည်းအဝေးခေါ်ယူပြီး အရေးယူသွားမှာဖြစ်တယ်လို့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်စိုးက ပြောပါတယ်။

    NLD နဲ့ SNLD ပါတီတို့ကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၄ (က) အရ ဖေဖော်ဝါရီ ၁၄ ရက်မှာတစ်ကြိမ်နဲ့ မတ် ၉ ရက်မှာတစ်ကြိမ် နောက်ဆုံးထား အစစ်ဆေးခံဖို့နဲ့လာရောက်အစစ်ဆေးခံဖို့ ပျက်ကွက်မယ်ဆိုရင် ပုဒ်မ (ဂ) (ဃ) (င) တို့နဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း အကြောင်းကြားစာ ပို့ခဲ့တယ်လို့ သူက ပြောပါတယ်။

    အခုချိန်မှာ စီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်တချို့က ခရီးသွားနေတဲ့အတွက် တပ်မတော်နေ့အပြီး နောက်ပိုင်းမှာ အစည်းဝေးထိုင်ပြီး ဆုံးဖြတ်ဆောင်ရွက်မှာဖြစ်တယ်လို့ဦးခင်မောင်စိုးက ပြောပါတယ်။

    သတ်မှတ်ရက်အတိုင်း ဆောင်ရွက်တာမရှိရင် ပါတီကို ပုဒ်မ ၂၄ ( ဂ) ၊( ဃ)၊ (င) အရ ပါတီကို ၃ နှစ်အထိ ယာယီရပ်ဆိုင်းတာ၊ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေကိုတွေကလွဲပြီး ဆောင်ရွက်ခွင့်မပြုတာ၊ သတ်မှတ်ကာလအတွင်းမှာ ဆောင်ရွက်တာမရှိရင်တော့ ပါတီကို ရုပ်သိမ်းတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

    ပါတီတွေကို စစ်ဆေးဖို့ကျန်တဲ့ပါတီထဲမှာ NLD ပါတီနဲ့ SNLD ပါတီအပါဝင် ၁၀ ခုရှိတယ်လို့ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

    ဒါနဲ့ပတ်သက်ပြီး SNLD အနေနဲ့ တုံ့ပြန်စရာမရှိဘဲ ပါတီရုံးကို လာစစ်ဖို့ အကြောင်းကြားထားကို ကော်မရှင်က လာရောက်မစစ်ဆေးတာသာဖြစ်တယ်လို့ ပြောပါတယ်။

  3. ရခိုင်ကစစ်ဘေးရှောင်စခန်းတွေကို အစိုးရဆန် ထောက်ပံ့မှုရပ်

  4. ရွှေဘိုမြို့နယ်လျှပ်စစ်ရုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်းအမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံး မှာ ဒီကနေ့ မတ်လ ၂၄ ရက်မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် ရုံးအတွင်းက အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ရုံးအဆောက်အဦပျက်စီးမှုတွေ ရှိခဲ့တယ်လို့ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

    ရွှေဘိုမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Shwe Bo Daily News

    ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီးဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုမသိရသလို ထုတ်ပြန်ပြောဆိုတာတွေလည်းမရှိပါဘူး။

    ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီလက်အောက်ကရုံးခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေကဖောက်ခွဲတိုက်ခိုက်တာတွေလုပ်ခဲ့ပြီး လျှပ်စစ်မီတာရုံးတွေလည်း ဖောက်ခွဲခံရတာတွေရှိခဲ့ပါတယ်။

    ရွှေဘိုမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Shwe Bo Daily News

  5. မြင်းခြံမှာ မြန်မာဘီယာသိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုကို PDF ဖောက်ခွဲ

    မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့မှာ မြန်မာဘီယာသိုလှောင်ထားတဲ့ ဂိုဒေါင်တစ်ခုကို ဒီကနေ့ မတ်လ ၂၄ ရက်မှာ သတိပေးဖောက်ခွဲခဲ့တယ်လို့ PDF-Taloke အဖွဲ့ကထုတ်ပြန်ပါတယ်။

    စစ်ကောင်စီရဲ့ထုတ်ကုန်တွေမရောင်းချဖို့အတွက် သတိပေးတားမြစ်တာတွေလုပ်ထားပေမယ့် မလိုက်နာတဲ့အတွက် ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    သတိပေးချက်တွေကိုမလိုက်နာဘဲ စစ်ကောင်စီထုတ်ကုန်တွေကို ဆက်ရောင်းနေတဲ့ဆိုင်တွေကိုလည်း ထိရောက်တဲ့အရေးယူမှုတွေလုပ်မယ်လို့ နယ်မြေခံ PDF-Taloke ကထုတ်ပြန်ပါတယ်။

    ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီလက်အောက်က ထုတ်ကုန်တွေကိုဆန့်ကျင်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုတွေနှိုးဆော်တာတွေ လုပ်ခဲ့ကြပါတယ်။

    မြင်းခြံ

    ဓာတ်ပုံ ရင်းမြစ်, Social Media

  6. မေလအထိ နိုင်ငံတဝန်း အလှည့်ကျသာ လျှပ်စစ်မီး ဆက်ပေးနိုင်မယ်, ကိုဗစ်နဲ့နိုင်ငံရေးကြားမွန်းကြပ်တာတွေအတွက်ရုပ်ရှင်ရုံတွေပြန်ဖွင့်ပေးပြီး သင်္ကြန်ပွဲတော်လုပ်မယ်လို့စစ်ကောင်စီပြော

    ခုမတ်လကစပြီး နိုင်ငံတဝန်းမှာ မီးပျက်ချိန်ကြာနေတာတွေနဲ့အလှည့်ကျစနစ်နဲ့မီးလာနေတာတွေဟာ လာမယ့် မေလအထိဆက်ဖြစ်နေမှာလို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မတ်လ ၂၄ ရက်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

    စစ်ကောင်စီအနေနဲ့လျှပ်စစ်ဓါတ်အားတိုးမြှင့်ပေးနိုင်ဖို့အတွက် ဓါတ်ငွေ့ပိုက်လိုင်းတိုးချဲ့တာတွေ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းတွေကို တိုးချဲ့ဆောင်ရွက်နေကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောဆိုသွားပါတယ်။

    ဒါပေမယ့် လာမယ့် မေလအထိတော့ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်တာမရှိသေးလို့ အလှည့်ကျမီးပေးတဲ့စနစ်ဆက်ရှိနေမယ်လို့ဆိုပါတယ်။

    ဒါ့အပြင် ကိုဗစ်နဲ့နိုင်ငံရေးကြားမွန်းကြပ်နေတဲ့ ပြည်သူတွေအတွက် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းတွေကိုပြန်ခွင့်ပြုတာ၊သင်္ကြန်ပွဲတော်ကို လူတိုင်းပါဝင်ဆင်နွဲနိုင်အောင်လုပ်ဆောင်မှာတွေနဲ့ရုပ်ရှင်ရုံတွေပြန်ဖွင့်သွားမယ်လို့စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကဆက်ပြောပါတယ်။

    တဖက်မှာလည်း နေ့စဉ်နာရီပေါင်းများစွာမီးပျက်တာ၊စက်သုံးဆီဈေးကြီးမြင့်မှုနောက်ဆက်တွဲနဲ့ကုန်ဈေးနှုန်းမြင့်တက်တာတွေကြောင့်လူထုရဲ့နေ့စဉ်ဘဝတွေအခက်အခဲဖြစ်နေတဲ့အကြောင်းကိုလည်း ဒေသခံပြည်သူတွေက ပြောဆိုထားကြပါတယ်။

    ဗိုလ်ချုပ်ဇော်မင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်သားခင်မောင်ဝင်း

  7. နိုင်ငံရေးအစိုးရမဟုတ်လို့ ကျူးကျော်တွေကိုရှင်းတာလို့ စစ်ကောင်စီပြော

    ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ ကျူးကျော်နေအိမ်တွေကိုဖယ်ရှားတာဟာ တရားဥပဒေစိုးမိုးရေးအတွက် အတွက်ဖြစ်ပြီး နိုင်ငံရေးအစိုးရမဟုတ်တာကြောင့်ရှင်းရဲတာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချူပ်ဇော်မင်းထွန်းက ဒီကနေ့မတ်လ ၂၄ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

    “ ဘာလို့ရှင်းလဲဆိုတော့ နိုင်ငံရေးအစိုးရမဟုတ်လို့ရှင်းရဲတာ။မဲပေးပြီးမှတက်လာတဲ့အစိုးရတိုင်းက ကျူးကျော်နဲ့ပတ်သက်ပြီးလက်ရှောင်တယ်။ ဒါလည်းသူတို့ရဲ့အပြစ်လို့တော့ပြောလို့မရဘူးလေ။ ကျွန်တော်တို့သည် နိုင်ငံရေးအစိုးရမဟုတ်တော့ပြောင်းဟေ့ဆိုပြီးရှင်းတာ" လို့စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

    ပြည်တွင်းမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းအခြေခံလူတန်းစားတွေအများဆုံးနေထိုင်ကြတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ရက်ပိုင်းအတွင်းရှင်းလင်းခိုင်းတာရှိခဲ့သလို မြောက်ဒဂုံ၊အရှေ့ဒဂုံမြို့နယ်နဲ့သန်လျင်မြို့နယ်တွေဘက်မှာလည်းကျူးကျော်နေအိမ်တွေကိုဆက်တိုက်ရှင်းလင်းခဲ့တဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကျူးကျော်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းက မီးရထားဝန်ထမ်းတွေအများဆုံးနေထိုင်ကြတဲ့မြစ်ငယ်မြို့ကနေအိမ်တွေကိုလည်း ကျူးကျော်အဖြစ်သတ်မှတ်ပြီး ဖယ်ရှားခိုင်းခဲ့တဲ့အတွက်မြစ်ငယ်တမြို့လုံးနီးပါးက ဒေသခံတွေကိုယ့်အိမ်ကိုယ်ဖျက်ပြီးပြောင်းပေးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီလို နေအိမ်တွေကိုပြောင်းရွေ့ခိုင်းတဲ့နေရာမှာတော့ ရက်ပိုင်းအတွင်းသတိပေးစာထုတ်ပြီးပြောင်းခိုင်းတာတွေရှိသလိုစစ်ကောင်စီတပ်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့ဖိအားပေးပြောင်းခိုင်းတာတွေလည်းရှိတယ်လို့ပြောင်းရွေ့ပေးခဲ့ရတဲ့ ကျူးကျော်နေထိုင်သူတွေကပြောဆိုထားပါတယ်။

    ကျူးကျော်

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကောင်စီဘက်က အခုလို ကျူးကျော်နေအိမ်တွေကိုဖယ်ရှားခိုင်းခဲ့ပေမယ့် ဖယ်ရှားလိုက်တဲ့နေရာတွေမှာဘာတွေလုပ်ဆောင်သွားမယ်ဆိုတာနဲ့ကျူးကျော်တွေအတွက်ပြန်လည်နေရာချထားတာနဲ့ပတ်သက်လို့ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

    ပြည်တွင်းမှာ ကိုဗစ်ရောဂါနဲ့အာဏာသိမ်းမှုဖြစ်စဉ်တွေအကြား စားဝတ်နေရေးကျပ်တည်းနေချိန်မှာဘဲအခုလိုကျူးကျော်တွေကို ရက်ပိုင်းအတွင်းအင်အားသုံးဖယ်ခိုင်းတာနဲ့ပတ်သက်ပြီးလူထုကြားဝေဖန်မှုမြင့်တက်ခဲ့သလို ဥပဒေမဲ့လုပ်ဆောင်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့လည်း တရားဥပဒေကြောင်းအရ သုံးသပ်မှုတွေလည်းရှိပါတယ်။

    ကျူးကျော်

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. စစ်ဘေးရှောင်တွေအတွက် ရိက္ခာသယ်ရင်း ဖမ်းဆီးခံရတဲ့ ကျောင်းသား ၂ ဦးကိုစစ်ကောင်စီက ထောင် ၃ နှစ်ချ

    ကယား(ကရင်နီ)ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်တွေအတွက် ရိက္ခာသယ်ယူရင်း စစ်ကောင်စီက ဖမ်းဆီးတာခံလိုက်ရတဲ့ ကျောင်းသားနှစ်ဦးကို မတ်လ ၂၂ ရက်နေ့က လွိုင်ကော်မြို့နယ်တရားရုံးက ထောင် ဒဏ် ၃ နှစ်စီချမှတ်လိုက်တယ်လို့ ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂ KSSU ကထုတ်ပြန်ပါတယ်။

    နည်းပညာတက္ကသိုလ်က ကျောင်းသားတွေဖြစ်သလို ကျောင်းသားသမဂ္ဂအဖွဲ့တွေဖြစ်တဲ့ ကိုသက်မှူးအောင်နဲ့ ကိုမင်းဦးတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဇွန်လက စစ်ဘေးရှောင်ပြည်သူတွေကို ပေးပို့လာတဲ့ ရိက္ခာတွေကို ကားဂိတ်မှာ ထုတ်ယူနေချိန်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးတာခံလိုက်ရတာဖြစ်တယ်လို့ ကျောင်းသား သမဂ္ဂရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ကျောင်းသား ၂ ဦးကိုတော့ ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုခဲ့ပြီး ဖမ်းဆီးခံရပြီး ၉ လအကြာမှာ ချုပ်ရက်အပါအဝင် ထောင်ဒဏ် ၃နှစ်စီ အခုလို ချမှတ်လိုက်တာဖြစ်ပါတယ်။

    ဒီကျောင်းသားလူငယ်နှစ်ဦးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ သပိတ်စစ်ကြောင်းတွေမှာပါဝင်လှုပ်ရှားခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် အလှူခံတာနဲ့ပစ္စည်းတွေထုတ်ယူတာတွေအတွက်ကူညီဆောင်ရွက်နေသူတွေဖြစ်တယ်လို့ ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂ KSSU ကထုတ်ပြန်ပြောဆိုပါတယ်။

    ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂ KSSU

    ဓာတ်ပုံ ရင်းမြစ်, ကယားပြည်နယ်ကျောင်းသားများ သမဂ္ဂ KSSU

  9. စစ်တပ်က စွန့်ခွာလာသူတွေနဲ့ NUG တွေ့ဆုံခဲ့တယ် လို့ထုတ်ပြန်

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း CDMလုပ်ပြီး တပ်မတော်နဲ့ရဲတပ်ဖွဲ့တွေက စွန့်ခွာလာတဲ့ တပ်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က လွတ်မြောက်နယ်မြေတစ်နေရာမှာပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကတွေ့ဆုံခဲ့တယ်လို့ NUG က ဒီကနေ့မတ်လ ၂၄ ရက်မှာထုတ်ပြန်လာပါတယ်။

    အဲဒီတွေ့ဆုံပွဲကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူတွေနဲ့ CDM တပ်မတော်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေအတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ်အကောင်အထည်ဖော်ဆောင်မှုကော်မတီဝင်တွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေအပြင် CDM တပ်သား၊ ရဲသားတို့နဲ့မိသားစုဝင်တွေပါတက်ရောက်ခဲ့တယ်လို့NUG ကထုတ်ပြန်ပါတယ်။

    ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီးဒူဝါလရှီးလနဲ့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကိုဖတ်ကြားခဲ့ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကာ တွေ့ဆုံပွဲကို ပျော်ရွှင်စွာ အဆုံးသတ်ခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    CDM စစ်သား

    ဓာတ်ပုံ ရင်းမြစ်, NUG

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်ကနေစွန့်ခွာလာတဲ့ CDM ရဲနဲ့စစ်သား ၈၀၀၀ ကျော်လောက်ရှိပြီလို့CDM တပ်မတော်သားတွေဖွဲ့စည်းထားတဲ့ ပြည်သူ့ ရင်ခွင်အဖွဲ့ကဗိုလ်ကြီးလင်းထက်အောင်က ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဘီဘီစီကိုဖြေကြားထားခဲ့ပါတယ်။

    ဒါ့အပြင် ခုမတ်လထဲမှာပဲ စစ်တပ်က CDM လုပ်လာတဲ့ တပ်မတော်သားနဲ့ရဲတပ်ဖွဲ့တွေကို သြစတျေးလျနိုင်ငံမှာခိုလှုံခွင့်ပေးမယ်ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက်ပိုင်း CDM ရဲနဲ့စစ်သားအရေအတွက်ပိုများလာနိုင်တယ်ဆိုတဲ့ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ် ။

    စစ်ကောင်စီဘက်ကတော့ CDM စစ်သားနဲ့ရဲတပ်ဖွဲ့အရေအတွက်ကို ပြန်လည်တုန့်ပြန်ပြောဆိုတာမရှိသေးသလို၊ စစ်ဘက်ဆိုင်ရာကနေ စွန့်ခွာသူတွေနဲ့ ပတ်သတ်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုထားတာလည်းမရှိသေးပါဘူး။

    CDM စစ်သား

    ဓာတ်ပုံ ရင်းမြစ်, NUG

  10. လေးကေကော်နဲ့ ကော့ကရိတ်ဒေတွေမှာ ၃ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ, ဒေသခံတွေထိခိုက်သေဆုံးတဲ့အထိရှိလာ

    လေးကေကော် ဒေသနှင့် ကော့ကရိတ် တောင်ပိုင်း ဒေသတွေမှာ နေ့ရောညပါ ကရင်အမျိုးအသားအစည်းအရုံး KNU/KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မတ်လ ၂၂ရက်ကစလို့ မတ်လ ၂၄ရက်နေ့အထိကို တိုက်ပွဲတွေဆက်တိုက် ဖြစ်နေတယ်လို့ အဲဒီဒေသဘက်က မြေပြင်သိရှိသူတွေထံက သိရပါတယ်။

    ကော့ကရိတ် - မြဝတီ- လေးကေကော် - ဝေါလေ လမ်းပိုင်း တစ်လျှောက်၊ လေးကေကော်ဒေသထဲက ဝေါလေသွားတဲ့ ကားလမ်း၊ ကဆောဝါးလေး တောင်အတက် သုံးထပ်ကွေ့နဲ့ ရသေ့ဂူဘက်၊ စတဲ့နေရာတွေမှာ စစ်အင်အားတိုးပြီးတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ KNLA ပူးပေါင်း အဖွဲ့တွေအကြား ဒီရက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်နေတာပါ။

    “မနေ့က ညနေပိုင်း ကနေ ပေါ့ နော့် မြဝတီ မြို့အထွက် ကွင်းကလေး တံတား အတွင်းကွင်းကလေး ရွာ ဘက် မှာ လည်း အခုမနက်အထိ့ ပစ်နေတယ်၊ လက်နက်ကြီး ကြောင့် ရွာသား ၄ ဦး ထိခိုက်ပြီး အမျိုးသမီး ၁ ဦး ဆုံး သွားတယ်၊ စစ်ကောင်စီ လက်နက်ကြီး က တိုက်ပွဲ ဖြစ် နေရာတွေ ဘက်ကို တောက်လျှောက် ပစ် ကူပေးနေတယ်” လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လေးကေကော်ဒေသအပါအဝင် KNU တပ်မဟာ၆ ဒူးပလာယာ ခရိုင်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေလို့ အဲဒီဒေသရဲ့ ကျေးရွာပေါင်း ၃၀လောက်ကဒေသခံ ၁သောင်းကျော်က နေရပ်စွန့်ခွာ၊ စစ်ဘေးရှောင်နေကြရ ပါတယ်။

    ဒေသခံတွေမရှိတော့တဲ့ အဲဒီရွာတွေထဲကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေတာအပြင် ကား၊ ဆိုင်ကယ်၊ စက်ပစ္စည်းအပါအဝင် ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေကိုလည်း ဆက်တိုက် လုပ်နေတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ပြောကြပါတယ်။

    ထွက်ပြေးနေကြရတဲ့ စစ်ရှောင်တွေမှာလည်း နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါးနဲ့ ကျန်းမာရေး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေထံကသိရပါတယ်။

    ထိုင်း-မြန်မာနယ်စပ်ခြမ်းဘက်နဲ့ နီးတဲ့ စစ်ဘေးရှောင်တွေကိုတော့ မဲဆောက်ဘက်ခြမ်းက စစ်ဘေးရှောင်ကူညီပေးနေသူတွေက အစားအသောက်အမိုးအကာအပါအဝင် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ကူညီပေးနိုင်ပေ မယ့် ကော့ကရိတ်အပါအဝင် ပြည်တွင်းဘက်က စစ်ဘေးရှောင်သူတွေအတွက်တော့ ကူညီပေးဖို့ အခက်အခဲ တွေရှိနေတယ်လို့ စစ်ဘေးရှောင်သူတွေထံကသိရပါတယ်။

    စစ်အာဏာသိမ်းပြီး ကာလ တစ်နှစ်ကျော်လာချိန် တွင် KNU နယ်မြေတွေ ဖြစ်တဲ့ တပ်မဟာ၁ သထုံ ခရိုင်၊ တပ်မဟာ၂ ညောင်လေးပင် ခရိုင်၊ တပ်မဟာ ၃ တောင်ငူ ခရိုင်၊ တပ်မဟာ ၄ ထားဝယ်ခရိုင်၊တပ်မဟာ၅ ဖာပွန် ခရိုင် ၊ တပ်မဟာ၆ ကော့ကရိတ် ခရိုင်တွေမှာ တိုက်ပွဲ များ နေ့စဉ် ဖြစ်ပွား နေပြီး တပ်မဟာ ၇ ဖားအံ ခရိုင် ဘက်မှာ တိုက်ပွဲ ဖြစ်တာမရှိသေးပေမယ့် စစ်ကောင်စီ ဘက်ကအင်အား တိုးချဲ့တာတွေ နေ့စဉ်ရှိနေလို့ စစ်ရေးတင်းမာမှုတွေရှိလာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေနဲ့ ဒေသခံတွေထံကသိရပါတယ်။

    လေးကေကော်

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. ကယားပြည်နယ်အတွင်းက စစ်ရှောင်သိန်းချီ ရိက္ခာပြတ်လပ်မှုနဲ့ရင်ဆိုင်ရတော့မယ့် အခြေအနေဖြစ်နေ, ရိက္ခာသယ်ယူမှုလမ်းကြောင်းတွေကို စစ်ကောင်စီပိတ်ဆို့မှုတွေရှိနေတယ်လို့ စစ်ရှောင်အရေးထောက်ပံ့နေသူတွေပြော

    ပြည်နယ်လူဦးရေ ၃သိန်းလောက်ရှိတဲ့ ကယား (ကရင်နီ) ပည်နယ်ထဲမှာ စစ်ရှောင်ဦးရေက၂သိန်းဝန်းကျင်အထိဖြစ်လာပြီလို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပါတယ်။ အခုမတ်လထဲမှာ ကယားပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့တာကြောင့် ဒေသခံအများစုဟာ ဖရူဆိုအနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းတွေဆီပြောင်းရွေ့နေကြတယ်လို့သိရပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ ဖရူဆိုမြို့အနီးမှာပါတိုက်ပွဲတွေဆက်ဖြစ်ခဲ့သလို စစ်ကောင်စီက အင်အားတိုးချဲ ့မှုတွေလုပ်လာတာကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတွေစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့လည်း စစ်ရှောင်အရေး ကူညီပေးနေသူတွေကပြောပါတယ်။

    “စစ်ကောင်စီဘက်က အင်အားတိုးထားတာတွေလည်းရှိတယ်။ လောလောဆယ်တော့ ထိုးစစ်တော့မဆင်သေးဘူး။ သူတို့ဘက်ကလူဖြည့်နိုင်သလောက်ဖြည့်နေတာတွေ့ရတယ်။ ဖရူဆိုအနောက်ဘက်ခြမ်းမှာတိုက်ပွဲတွေဖြစ်ရင်တော့ ပထဝီအနေထားအရ သယ်ယူပို့ဆောင်ရေးတွေခက်နိုင်ပြီးစားနပ်ရိက္ခာပြတ်တောက်ဖို့အခြေအနေ အများကြီးရှိတယ်။ ဒီအတွက်လည်းကြိုတင်ပြင်ဆင်နေတယ်။ စစ်ရှောင်တွေကို ဒီထက်ပိုလုံခြုံတဲ့နေရာပြောင်းရွေ့နိုင်ဖို့လည်း စီစဉ်နေပါတယ်။ ဒီထက်တိုက်ပွဲတွေပြင်းထန်လာရင်တော့ စားနပ်ရိက္ခာပြတ်တောက်နိုင်တယ်” လို့ ဖရူဆိုအနောက်ဘက်အခြမ်းက စစ်ရှောင်အရေးကူညီပေးနေသူက ဘီဘီစီကိုပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, ကန္တာရဝတီတိုင်း(မ်)

    တဖက်မှာလည်း တိုက်ပွဲတွေကြားက သိန်းနဲ့ချီတဲ့စစ်ရှောင်တွေအတွက် ရိက္ခာသယ်ယူမှုလမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ဟန် တားတာတွေကြောင့် ရိက္ခာကို ရက်သတ္တတ်လောက်ပဲ တောင့်ခံနိုင်တော့မယ့် အခြေအနေဖြစ်နေတယ်လို့ကရင်နီလူမှုအဖွဲ့အစည်းတွေကပြောပါတယ်။

    “စစ်ကောင်စီကိုယ်တိုင်က ကျွန်တော်တို့ပြည်နယ်ထဲကိုဆန်စပါး တင်ပို့မှုကိုကန့်သတ်ထားတယ်။ ဘယ်အဖွဲ့အစည်းမှဆန်ကိုသယ်ယူလို့မရသလို စီးပွားရေးလုပ်ငန်းရှင်တွေကလည်းအများအပြားသယ်လို့မရဘူး။ ကျွန်တော်တို့အဖွဲ့အစည်းတွေကွင်းဆင်းဆောင်ရွက်မူတွေနဲ့ဆွေးနွေးမှုတွေအရ စစ်ဘေးရှောင်တွေကို စားနပ်ရိက္ခာ နှစ်ပတ်တကြိမ်ဝေမျှမှုနဲ့သွားနေတာကြောင့် စစ်ဘေးရှောင်တွေက နှစ်ပတ်ကနေ တလအတွင်းလောက်ပဲ တောင့်ခံနိုင်တော့မယ် “ လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကဒါရိုက်တာကိုဗညားက ဘီဘီစီကိုပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, ကန္တာရဝတီတိုင်း(မ်)

    ကယားပြည်နယ်ထဲမှာတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုက်ပွဲတွေစဖြစ်ခဲ့တဲ့ အခု၂၀၂၁ မေလကနေ ၂၀၂၂ ခုနှစ် မတ်လအထိ တိုက်ပွဲပေါင်း ၂၀၀ ဝန်းကျင်အထိဖြစ်ခဲ့တယ်လို့ ဒေသခံအဖွဲ့အစည်းတွေကထုတ်ပြန်တဲ့စာရင်းတွေအရသိရပါတယ်။

    တိုက်ပွဲတွေကြား အရပ်သားသေဆုံးမှု ဆယ်ချီရှိသလို၊ စစ်ရှောင် ၂သိန်းလောက် ရှိလာတဲ့ ကယားပြည်နယ်အတွက် လူသားချင်းစာနာတဲ့ အကူအညီတွေရဖို့ တောက်လျောက်တောင်းဆိုမှုတွေလုပ်လာပေမယ့် ဒီကနေ့ထိတော့ အကူအညီတွေမရခဲံဘူးလို့ ဒေသခံလူမှုအဖွဲ့အစည်းတွေကပြောပါတယ်။

    ကယားပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, ကန္တာရဝတီတိုင်း(မ်)

  12. ရိုဟင်ဂျာအရေး မြန်မာအာဏာပိုင်တွေကို မပြတ်ဖိအားပေးသွားဖို့ OIC နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

    ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာနဲ့ သိက္ခာရှိရှိ ပြန်နိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေ အပေါ်မပြတ်ဖိအားပေးရာမှာ ဆက်လက် ပါဝင်ဆောင်ရွက်သွားကြဖို့ OIC အစ္စလာမစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မဆုဒ် ဘင် မိုမန်က တိုက်တွန်းလိုက်ပါတယ်။

    မတ်လ ၂၂ ရက်နဲ့ ၂၃ ရက်နေ့က ပါကစ္စတန် အစ္စလာမာဘာ့ဒ်မြို့မှာ ကျင်းပတဲ့ OIC နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီရဲ့ ၄၈ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တိုက်တွန်းခဲ့ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ICJ နိုင်ငံတကာတရားရုံးမှာ မြန်မာအာဏာပိုင်တွေကို တရားစွဲဆိုဖို့အတွက် OIC က တည်ထောင်ထားတဲ့ ရန်ပုံငွေတွေ ကောက်ခံရာမှာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စေတနာ့ဝန်ထမ်း ပါဝင် ဆောင်ရွက်ပေးကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

    မြန်မာအာဏာပိုင်တွေအပေါ် အဆက်မပြတ် ဖိအားပေးမှုတွေကို အရှိန်အဟုန်တိုး ဆက်လက် လုပ်ဆောင်သွားကြဖို့ အတွက် အဲဒီအစည်းအဝေးမှာ “မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်အသိုင်းအဝိုင်းရဲ့ အခြေအနေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆုံးဖြတ်ပြဌာန်းချက်တစ်ခုကို တစ်ညီတညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။

    ရိုဟင်ဂျာ၊ ဘင်္ဂလားဒေ့ရှ်၊ OIC

    ဓာတ်ပုံ ရင်းမြစ်, Photo by FAROOQ NAEEM/AFP via Getty Images

    ဓာတ်ပုံ ပုံစာ, ၄၈ ကြိမ်မြောက် OIC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အစ္စလာမာဘာ့ဒ်မြို့မှာ ကျင်းပ
  13. မြန်မာ့အရေးကို အာဆီယံဥက္ကဋ္ဌ သက်တမ်းတစ်နှစ်အတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အာဆီယံ အထူးသံပြော

    မတ်လ ၂၁ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆော့ခွန်းရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ ဒီကနေ့ မတ်လ ၂၃ ရက်နေ့မှာ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံ ပြန်အရောက်မှာ မစ္စတာ ပရတ်ဆော့ခွန်းက အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုတဲ့ ခရီးစဉ်အဖြစ် သူ့ရဲ့ ခရီးစဉ်ကို ရှုမြင်ကြတဲ့အတွက် ဝေဖန်မှုတွေ ရှိနေတာကို သူ့အနေနဲ့ နားလည်ပါကြောင်း၊ ဒါပေမဲ့ ဒီခရီးစဉ်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခု ဖော်ဆောင်နိုင်ရေးကို ရှေ့ရှုတဲ့ အပြုသဘောခြေလှမ်းတစ်ခု အဖြစ် သူယူဆပါကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    စစ်ဆင်လှုပ်ရှားမှုတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ မြန်မာစစ်တပ်ကို သူတိုက်တွန်း ပြောဆိုခဲ့သလို သြစတြေးလျလူမျိုး စီးပွားရေးအကြံပေး ရှောန် တန်နယ်လ် အပါအဝင် အကျဉ်းသားတွေ ပြန်လွတ်လာရေးအတွက်လည်း သူကြိုးပမ်း ပြောဆိုခဲ့တယ်လို့ မစ္စတာ ပရတ်ဆော့ခွန်းက ပြန်ပြောပြပါတယ်။

    မြန်မာ့အရေးကိစ္စဟာ နက်နဲ ရှုပ်ထွေးလှတဲ့အတွက် အချိန်ယူ ဖြေရှင်းရမှာ ဖြစ်ပြီး အာဆီယံ ဥက္ကဋ္ဌ သက်တမ်း တစ်နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့်ပုံ မရှိဘူးလို့ မစ္စတာ ပရတ်ဆော့ခွန်းက ပြောသွားပါတယ်။

    မြန်မာ၊ အာဆီယံ အထူးသံ

    ဓာတ်ပုံ ရင်းမြစ်, TANG CHHIN SOTHY/AFP via Getty Images

    ဓာတ်ပုံ ပုံစာ, အာဆီယံ အထူးသံတမန် ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီး မစ္စတာပရတ်ဆော့ခွန်ရဲ့ မြန်မာနိုင်ငံခရီးစဉ် အပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်
  14. ပူတာအို ဆွမ်ပီယန်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်

  15. စစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်

  16. ရန်ကုန်နဲ့ ဒေသအချို့ ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်

    ရန်ကုန်က မြို့နယ်အားလုံးမှာ အရင်သတ်မှတ်ထားတဲ့ ညမထွက်ရအမိန့် ည ၁၀နာရီက မနက် ၄နာရီအတွင်း သတ်မှတ်ချက်ကို ည၁၂နာရီကနေ မနက် ၄နာရီအထိ ထပ်မံဖြေလျော့လိုက်တယ်လို့ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။

    ရန်ကုန်တိုင်းအတွင်းက မြို့နယ်အားလုံးကို မတ်လ ၂၂ရက်နေ့ ညကစလို့ သတ်မှတ်ချက်အသစ်အတိုင်းဖြေလျော့ပေးခဲ့တာလို့ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ရန်ကုန်မှာတော့ လက်ရှိမြို့နယ်ပေါင်း ၄၅မြို့နယ်အထိရှိနေပြီး အဲဒီမြို့အားလုံးမှာသက်ရောက်မှုရှိတယ်လို့လည်း သိရပါတယ်။

    ရန်ကုန်အပြင် အခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း အလားတူ ပြင်ဆင်သတ်မှတ်မှုရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမယ့် တစ်နိုင်ငံလုံးအနေအထားနဲ့ ဖြေလျော့မှုရှိမရှိဆိုတာကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည် မပြုနိုင်သေးသလို၊ စစ်ကောင်စီပြန်ကြားရေးအဖွဲ့ဘက်က တစုံတရာထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။

    ဘီဘီစီကဆက်သွယ်ရရှိတဲ့ မကွေးတိုင်း၊ မကွေးခရိုင်အတွင်းက မကွေးမြို့၊ နတ်မောက်မြို့၊ မြို့သစ်မြို့၊ ချောက်မြို့အပါအဝင် မြို့နယ် ၆ခုမှာလည်း မနေ့က မတ်လ ၂၂ရက်နေ့ကစလို့ အလားတူပြင်ဆင်သတ်မှတ်ထားတယ်လို့ မကွေးခရိုင်ထွေအုပ်ထံကသိရပါတယ်။ မကွေးခရိုင်အပြင် မင်းဘူးခရိုင်နဲ့ သရက်ခရိုင်တို့က မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ သရက်၊ အောင်လံ၊ ဆင်ပေါင်ဝဲ၊ မင်းတုန်း၊ မင်းလှ၊ ကံမ စတဲ့မြို့တွေမှာလည်း အလားတူဖြေလျော့ခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်ပေါက်ကွဲမှု၊ ပျောက်ကြားတိုက်ခိုက်မှုတွေမကြာခဏဖြစ်နေတဲ့ မကွေးတိုင်း ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းမှာလည်း အလားတူ ပြောင်းလဲသတ်မှတ်မှုရှိမရှိကို မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့် သိရှိထားခြင်းမရှိသေးဘူးလို့သာ ပြန်လည်ဖြေကြားပါတယ်။

    တိုက်ပွဲတွေ၊ ပဋိပက္ခတွေအများဆုံးဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားစတဲ့ ဒေသတွေထဲက မြို့နယ်တွေထဲမှာတော့ အခုလိုဖြေလျော့မှုတွေ ရှိမရှိကိုတော့ မသိရသေးပါဘူး။

    ရွှေအင်းသားခင်‌မောင်ဝင်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

    ဓာတ်ပုံ ပုံစာ, ရန်ကုန်နဲ့ ဒေသအချို့ ညမထွက်ရအမိန့် ပြောင်းလဲသတ်မှတ်
  17. မုံရွာလူမှုကယ်ဆယ်ရေးကားတစီးမှားယွင်းမိုင်းဆွဲခံရ

    မနေ့ မတ်လ (၂၂)ရက်ည (၁၁)နာရီဝန်းကျင်ခန့်မှာ မြင်းမူကလာပို့တဲ့လူနာကို တဆင့်ပြန်သယ်ယူပေးဖို့ မုံရွာတိုးဂိတ်ဘက်ကို ထွက်လာတဲ့ လူမှုကူညီရေးကားတစီးမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ မုံရွာ - မန္တလေးလမ်းမကြီးပေါ်မှာ တိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး ကားပျက်ဆီးမှုအနည်းငယ်ရှိပေမယ့် လူထိခိုက်မှုမရှိဘူးလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)ကနေ သိရပါတယ်။

    "အခုတော့အဖွဲ့ကနေ တရားဝင်တောင်းပန်တယ်၊ မှားယွင်းတယ်ဆိုတော့ ကားပြင်ပြီးရင် ကူညီရေးတွေပြန်လုပ်ပါမယ်။ နိုင်ငံရေးအခြေအနေကြောင့် အခြေအနေကိုသိပါတယ်။ ကျွန်တော်တို့လည်းပိုသတိထားမယ်၊ သူတို့တွေလည်းပိုပြီးသတိထားစေချင်ပါတယ်" လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာ) ဥက္ကဋ္ဌ ဦးစိန်ကိုကိုက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းကတော့ အဖွဲ့ကို ဦးတည်တိုက်ခိုက်လာတာမျိုးဆိုရင်တော့ အသင်းလှုပ်ရှားမှုတွေကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ အနားယူမယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါသေးတယ်။ အခုတော့ မုံရွာလူမှုကယ်ဆယ်ရေးအသင်းရဲ့ ပုံမှန်ကူညီမှုတွေကိုလာမယ့်ရက်ပိုင်းအတွင်းပြန်လည်လုပ်ဆောင်မှာဖြစ်ပါတယ်။

    ဒီဖြစ်စဉ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ဖို့စောင့်ဆိုင်းနေတုန်း လူမှုကယ်ဆယ်ရေးအသင်းရဲ့ကျန်းမာရေးကားကို မှားယွင်းဖောက်ခွဲမိတာဖြစ်ပြီး ထိခိုက်ခဲ့ရတဲ့အသင်းကျေနပ်တဲ့အထိ ကိစ္စအဝဝကိုတာဝန်ယူဖြေရှင်းပေးမယ်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ - ယက္ခညီနောင်ကနေ တောင်းပန်စာ ဒီကနေ့ နေ့လယ်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)

    ဓာတ်ပုံ ပုံစာ, မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ လူနာတင်ယာဉ်။
  18. သပိတ်မှောက်တာ တပတ်တိတိကြာလာပေမယ့် ညှိနှိုင်းမှုအဆင်မပြေသေးဘူးလို့ Foodpanda ဝန်ထမ်းတွေပြော, ကုမ္ပဏီဘက်ကတော့ ညှိနှိုင်းမှုအဆင်ပြေပြီး ဝန်ထမ်းတွေပြန်လည်အလုပ်ဆင်းနေပြီလို့ပြော

    လုပ်အားခလျော့ချတာကြောင့်အခြေခံကြေးပြန်လည်တိုးမြှင့်ပေးဖို့ သပိတ်မှောက်ခဲ့ကျတာ တပတ်တိတိရှိလာပြီဖြစ်ပေမယ့် ဒီကနေ့မတ်လ (၂၃)ရက် မနက်ပိုင်းအထိ ညှိနှိုင်းမှုအဆင်မပြေသေးဘူးလို့ ဝန်ထမ်း(riders) တွေက ဘီဘီစီကိုပြောကြပါတယ်။ လွန်ခဲ့တဲ့ရက် မတ်လ (၂၀)ရက်က Foodpanda ကုမ္ပဏီဘက်နဲ့ Riders (၁၀)ဦးတို့ ညနေဘက်တွေ့ဆုံပြီး အခုလက်ရှိတောင်းဆိုနေကြတဲ့ အခြေခံကြေးနဲ့ပတ်သက်ပြီး ‌ညှိနှိုင်းခဲ့ကြပေမယ့် လက်တွေ့မှာတော့ အဆင်မပြေဘူးလို့ ဝန်ထမ်းတွေကဆိုပါတယ်။

    "ညှိတဲ့အချိန်မှာ အခြေခံကြေး ကျပ် (၅၈၀)ပေးမယ်လို့ပြောတယ်၊ အဲ့တော့ တချို့ဒီနေ့ ပြန်ဆင်းတာရှိတယ်။တကယ်တမ်းကျ (၄၀၀)လောက်ပဲဝင်လာတာလည်းရှိနေတယ်။ အများစုကတော့ အခြေခံကြေး (၆၇၀)ကျပ်ရမှ သပိတ်လှန်ကျလိမ့်မယ်။ ကျွန်တော်တို့မဖြစ်နိုင်တဲ့ဈေးကိုတောင်းဆိုနေကျတာလည်းမဟုတ်ဘူး။ ဒီကြေးက အရင်ကိုဗစ်မဖြစ်ခင်ကအခြေအနေနဲ့ယှဉ်ရင် အတော်ကွာပါတယ်။"လို့ သပိတ်မှောက်နေဆဲ Foodpanda ဝန်ထမ်းတဦးက ပြောပါတယ်။

    ဒီလိုဝန်ထမ်းတွေသပိတ်ဆက်မှောက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး Foodpanda ကုမ္ပဏီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဇုန်အသီးသီးက ဝန်ထမ်း(Riders)တွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီးတဲ့နောက် ဝန်ထမ်းအများစုလုပ်ငန်းခွင်ပြန်ဝင်နေကြပြီဖြစ်ပြီး အစားအသောက်ပို့ဆောင်မှုလုပ်ငန်းတွေပြန်လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။ အော်ဒါကြေးလျော့ကျတာဟာ နည်းပညာချို့ယွင်းမှုကြောင့်ဖြစ်ပြီး အော်ဒါကြေးတိုးမြှင့်ပေးမယ့်အစီ အစဉ်နဲ့ ဓာတ်ဆီသုံးစွဲခအပိုကြေးပေးမယ့်အစီအစဉ်လုပ်ပေးမယ်လို့ Foodpanda ကနေ မတ်လ (၂၀)ရက်က ကြေညာခဲ့ပါတယ်။

    ဒါ့အပြင် မတ်လ (၂၁)ရက်တုန်းကလည်း Foodpand ဝန်ထမ်းဆယ်နဲ့ချီ ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ ဗိုလ်စိန်မှန်ဘောလုံးကွင်းအတွင်း စုဝေးနေတုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာကာ ဝင်ရောက်စစ်ဆေးတာလုပ်ခဲ့ပြီး လူစုခွဲခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သပိတ်မှောက်တာ တပတ်တိတိကြာလာပေမယ့် ညှိနှိုင်းမှုအဆင်မပြေသေးဘူးလို့ Foodpanda ဝန်ထမ်းတွေပြော
  19. ယင်းမာပင်၊ ထန်းတောကြီးရွာကနေအိမ် (၁၀)လုံးထပ်မနည်းမီးရှို့ခံရ, ယင်းမာပင်နယ်ထဲ စစ်ကောင်စီတပ်တွေအင်အားတိုးချဲ့

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွာသာလေးနဲ့ ထန်းတောကြီးရွာတွေဘက်ကို မနေ့မတ်လ (၂၂)ရက်မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့တာ ကြောင့် ‌ရွာခံတွေထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲ့ဒီနောက် နေ့လယ် (၁)နာရီဝန်းကျင်လောက်ကစကာ ထန်းတောကြီးရွာဘက်က နေအိမ် (၁၀)လုံးထပ်မနည်းကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အဲ့ဒီရွာတွေဘက်မှာ တိုက်ပွဲတွေလည်းမဖြစ်ပွားသလို အခုတကြိမ်မှာ ပထမဆုံးအနေနဲ့ စစ်ကောင်စီတပ်တွေဝင်ရောက်လာတာဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့တပ်စွဲထားတဲ့နေရာတွေကနေ ရွာတွေဘက်ကိုလက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ‌သိရပါတယ်။

    "ညဘက်ဆိုရွာတွေကိုပတ်တယ်၊ လက်နက်ကြီးတွေနဲ့လိုက်ပစ်တယ်။ မနက်ဆိုသူတို့အထိုင်ကျတဲ့နေရာတွေကနေ လက်နက်ကြီးနဲ့လှမ်းထုတယ်။ နေ့လယ်ဆိုရင်တော့ ရွာတွေကိုလျှောက်ဝင်တော့တာပဲ။"လို့ မြောက်ယမားပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုခန့်ကဘီဘီစီကိုပြောပါတယ်။

    ဒီနှစ်ဖေဖော်ဝါရီ (၁)ရက်ကနေ မတ်လ (၁၅)ရက်အထိ စစ်ကိုင်းတိုင်းအတွင်းမှာတင် နေအိမ်ပေါင်း (၄၄၂၆)လုံး မီးရှို့ခံခဲ့ရတယ်လို့ Data for Myanmarရဲ့ အချက်အလက်တွေအရသိရပါတယ်။ လအလိုက်အရလည်း ဖေဖော်ဝါရီတလထဲတင် အိမ်ပေါင်း (၂၈၈၂)လုံးမီးရှို့ခံခဲ့ရပြီး မတ်လ (၁၅)ရက်တာကာလအတွင်း အိမ်ပေါင်း (၁၁၂၁)လုံး မီးရှို့ခံထားရတာကို စာရင်းတွေမှာဖော်ပြထားပါတယ်။

    ဒါ့အပြင် လာမယ့်တပ်မတော်နေ့ မတ်လ (၂၇)ရက်မတိုင်ခင် ယင်းမာပင်နယ်ထဲကိုအင်အားအလုံးအရင်းနဲ့ စစ်ကောင်စီဘက်ကနေထိုးစစ်ဆင်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေ ယင်းမာပင်ဒေသမှာပြန့်နေတာကြောင့် ရွာခံတွေထွက်ပြေးတိမ်းရှောင်နေကြသလို၊ တချို့ဒေသခံတွေကလည်း စစ်ဘေးရှောင်ဖို့အသင့်ပြင်ဆင်ထားကြတယ်ဆိုပါတယ်။ ယင်းမာပင်နယ်မှာ အနည်းဆုံးရွာ(၁၀)ရွာက စစ်ရှောင်ဦးရေသောင်းနဲ့ချီရှိနေပြီဖြစ်ပြီး အခုရက်ပိုင်းအတွင်း မုန်တိုင်းအရှိန်ကြောင့် မိုးကြီးနေကာ မိုးကာမရှိ၊ နေရာထိုင်ခင်းအခက်အခဲကြုံတွေ့နေရပါတယ်။

    မတ်လ (၁၈)ရက်ကစပြီး ဒီကနေ့မနက်ပိုင်းအထိ ယင်းမာပင်ဒေသမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီအကြား တိုက်ပွဲလုံးဝမရှိ‌သေးဘူးလို့ ‌သိရပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ယင်းမာပင်၊ ထန်းတောကြီးရွာကနေအိမ် (၁၀)လုံးထပ်မနည်းမီးရှို့ခံရ
  20. မုန်တိုင်းငယ်အားလျော့သွားပြီလို့ မိုးဇလကြေညာ

    မြန်မာနိုင်ငံကို ဦးတည်ဝင်ရောက်နေတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့မတ်လ (၂၃)ရက်မနက်အစောပိုင်းမှာတော့ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်အားလျော့သွားခဲ့ပြီဖြစ်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား‌ပင်လယ်အော်မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

    ဒီကနေ့မနက်ပိုင်း (၉)နာရီခွဲဝန်းကျင်အထိ ဧရာဝတီတိုင်းအတွင်းက ကမ်းခြေဒေသတွေမှာ မိုးရာသွန်းမှုမရှိဘဲ နေအနည်းငယ်သာနေတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

    "မနေ့ညနေ (၆)နာရီလောက်ကနေ တနာရီကျော်လောက် လေတိုက်တယ်၊ မိုးကြီးတယ်။ အိမ်တွေဘာတွေပျက်ဆီးတဲ့အထိတော့မဖြစ်ပါဘူး။ ဒီမနက်တော့ မိုးလည်းမရွာ၊ နေတောင်ပြန်ထွက်နေပြီ။"လို့ ငွေဆောင်ဒေသခံတဦးက ပြောပါတယ်။

    အဲ့ဒီကမ်းခြေဒေသတွေကို မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ဖို့ (၅)ရက်တိတိ မတ်လ (၂၁)ရက်ကစကာ ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။

    မိုးဇလထုတ်ပြန်ချက်အရ ဒီကနေ့ညနေပိုင်းအချိန်အထိ မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတဲ့ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီစတဲ့ တိုင်းဒေသကြီးတွေနဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ နေပြည်တော်တို့မှာနေရာအနှံ့အပြားမိုးရွာနိုင်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မိုးရွာမယ်လို့ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ နေပြည်တော်စတဲ့ ဒေသတွေမှာတော့ နေရာကွက်ပြီးမိုးကြီးနိုင်ကာ ရွာရန်ရာခိုင်နှုန်း (၈၀)ရှိပါတယ်။

    မြစ်ကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါတရံမိုးသက်လေပြင်းကျနိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီကိုမိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါတယ်။ တခြားမြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။

    လှိုင်းအမြင့်အနေနဲ့ မြစ်ဝကျွန်းပေါ်၊ကမ်းရိုးတန်း‌တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ (၈) ပေကနေ (၁၂)ပေခန့်နဲ့ မုတ္တမကွေ့၊ မွန် - တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၇)ပေကနေ (၉)ပေခန့်ရှိနိုင်ပါတယ်။

    မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

    ဓာတ်ပုံ ရင်းမြစ်, မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

    ဓာတ်ပုံ ပုံစာ, မုန်တိုင်းငယ်အားလျော့သွားပြီလို့ မိုးဇလကြေညာ