ဆိပ်ခွန်ကျေးရွာအနီး ဦးခေါင်းသေနတ်ကျည်မှန် ရုပ်အလောင်းတချို့တွေ့ရှိ, ဆိပ်ခွန်ရွာသားတွေမဟုတ်ဘူးလို့ ဒေသခံတွေပြော
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာအနောက်ဘက်က လယ်ကွက်တွေအနီး ရွာလမ်းဘေးမှာ အစဉ်လိုက်သေဆုံးနေတဲ့ ရုပ်အလောင်း (၃)လောင်းကို ဒီကနေ့မတ်လ ၁၃ရက် မနက် (၇)နာရီဝန်းကျင်လောက်မှာ တွေ့ရှိရ တယ်လို့ ဒေသခံတွေကပြောပါတယ်။
သေဆုံးနေသူတွေဟာ အသက် ၂၀ကနေ ၃၀ကြား အမျိုးသား (၃)ဦးဖြစ်ပြီး အဲ့ဒီထဲက (၂)ဦးမှာ ဦးခေါင်း သေနတ်ကျည်မှန်ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာလို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။ ဒီရုပ်အလောင်း တွေကို ဆိပ်ခွန်ရွာအနီးမှာ တွေ့ရပေမယ့် အဲ့ဒီရွာသားတွေမဟုတ်ကြဘူးလို့ဆိုပါတယ်။
မနေ့ မတ်လ (၁၂)ရက် မနက်ပိုင်း မုံရွာ -ရွှေဘိုကားလမ်းမကြီးပေါ်မှာ ဖြတ်သန်းသွားတဲ့ကားတွေကို စစ်ဆေးပြီး ကားတစီးကို ဖမ်းကာ အဲ့ဒီထဲက အမျိုးသားသုံးဦးဟာ အခုလိုအသတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“သတင်းပေးက ကားနံပါတ်အတိအကျနဲ့ သတင်းပေးလို့ အဲ့ဒီကားကိုဖမ်းတာ။ ဒီသုံးယောက်ကို PDF လို့ သတ်မှတ်ပြီး ဖမ်းပုံပဲ။ ကားပေါ်ကတခြားသူတွေကိုပြန်လွှတ်ပေးလိုက်တော့ အကုန်လွှတ်လိုက်ပြီ ထင်လိုက်တာ။ ည (၈)နာရီတုန်းကလည်းသေနတ်သံတွေ ဆယ်ချက်ကျော် ကြားရတော့ အပြန်အလှန်ပစ်တယ်ထင်တာ။ မနက်ကျမှ ဆိပ်ခွန်ရဲစခန်းအနောက်ဘက် လယ်တကွက်အကျော်မှာ သူတို့ သုံးယောက် ရုပ်အလောင်းတွေ့တာပဲ။ သေတဲ့သူတွေထဲက တယောက်ကဘာမှဒဏ်ရာမတွေ့ရဘဲ သေနေပြီ၊ ၂ယောက်ရဲ့ပါးစပ်ကိုတော့ ပုဆိုးနဲ့ တင်းနေအောင်ချည်ပြီး အသံမထွက်နိုင်အောင်လုပ်ထားတယ်ခေါင်းကိုသေနတ်ကျည်မှန်သေနေတယ်၊ မျက်လုံး တွေပါ ကျွတ်ထွက်နေကြတာ။ အဲ့သူတွေက ညောင်ပင်သာရွာဘက်ကလို့ကြားတယ်။”လို့ မျက်မြင်တွေ့ခဲ့ ရသူ ဆိပ်ခွန်ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
ဒီမနက် (၁၀)နာရီဝန်းကျင်အထိ ရုပ်အလောင်းတွေကို လာရောက်သိမ်းဆည်းတာမျိုးမရှိသေးဘဲ သေဆုံးတဲ့ အတိုင်းထားရှိထားဆဲလို့ ဒေသခံတွေကဆိုပါတယ်။
မုံရွာ - ရွှေဘိုလမ်းမကြီးနံဘေးမှာရှိတဲ့ ဆိပ်ခွန်ရဲစခန်းမှာ လွန်ခဲ့တဲ့တလလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား (၃၀)လောက် တပ်စွဲနေတာဖြစ်ပြီး ပုံမှန်ဆို ကားတွေကို စစ်ဆေးလေ့မရှိပေမဲ့ မနေ့ကတေ့သတင်းရလို့ တားဆီးစစ်ဆေးတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ







