မြဝတီ အာရှလမ်းသစ် တိုက်ပွဲကြောင့် နှစ်ဖက် ကားတန်း ရာချီ စောင့်ဆိုင်းနေရ

BGF တို့နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU/KNLA တပ်ဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် အိမ်စီးကားတွေ၊ ကုန်တင်ကားတွေ ရာချီပြီး ပိတ်မိစောင့်ဆိုင်းနေရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝေါ်လေဘက်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLAပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေဆဲ, နှစ်ဖက်စစ်ရေးတင်းမာလာတာကြောင့် စစ်ရှောင်သောင်းနဲ့ချီထပ်တိုး

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဝေါ်လေဘက်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLAပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်နေဆဲ

    KNU တပ်မဟာ (၆)နယ်မြေတွေဖြစ်တဲ့ လေးကေ့ကော်-ဖလူး-ဝေါ်လေလမ်းပိုင်းကို စစ်အင်အားတိုးချဲ့လာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ကျော်ပါတဲ့ စစ်ကြောင်းနဲ့ နယ်မြေခံKNLA ပူးပေါင်းအဖွဲ့တွေဟာ ဒီကနေ့အထိတိုက်ခိုက်မှုတွေဆက်ရှိနေဆဲလို့ ‌ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

    ဖလူးကျေးရွာအနီးမှာ မတ်လ (၂၃)ရက်၊ ညနေပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေခဲ့တာဖြစ်ပြီး မနေ့မတ်(၂၅)ရက် တရက်လုံး စစ်ကောင်စီ ကလက်နက်ကြီးအလုံးဩများစွာပစ်ကူတိုက်ခိုက်ပေးနေပေမဲ့ KNLA ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ကျော်လွန်ဖောက်မထွက်နိုင်ဘူးလို့ဆိုပါတယ်။

    "စစ်ကူအင်အားပို့တဲ့ စစ်ကောင်စီတပ်တွေမနေ့ကတနေ့လုံး ညအထိကိုလက်နက်ကြီးအလုံးရာချီပစ်ပြီးကိုမှ တက်လာဖို့လုပ်တယ်။ ကျွန်တော်တို့ဘက် ကလည်း တက်မလာနိုင်အောင်ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးတိုက်နေတယ်။ ညကတော့လက်နက်ကြီးအပစ်များတော့ စစ်ရှောင်စခန်းကလူတွေထိုင်း ဘက်နဲ့ သောင်းရင်းမြစ်ဘေးဆင်းအိပ်ကြရတယ်။ ဒါကဖလူးဘက်ပေါ့။ဟိုးအပေါ်ဘက် မော်ခီး၊ ထီးငဲဘလယ်ဘက်မှာလည်း စစ်ကောင်စီစခန်းနောက်တခုကို ကရင်အဖွဲ့တွေတက်သိမ်းရင်းတိုက်ပွဲဖြစ်တယ်၊ လေယာဉ်တစီး လာပစ်တော့ ပြန်ဆုတ်ပေးလိုက်တယ်။ "လို့ KNLA သတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နှစ်ဖက်စစ်ရေးတင်းမာလာတာကြောင့် စစ်ရှောင်သောင်းနဲ့ချီထပ်တိုး

    လေးကေ့ကော်-ဖလူး-ဝေါ်လေလမ်းပိုင်းမှာတော့ ဒေသတွင်းကရင့်လက်နက်ကိုင်တပ် KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တဖက်စစ်ကောင်စီရဲ့ ကင်းစခန်းတွေဖြစ်တဲ့ သေ့ဘောဘိုး၊ ဝေါ်လေ၊ ကနဲလေး၊ လေးကေ့ကော်အမြောက်ကုန်း၊ ဖလူးဘုရားကုန်း၊‌ သောင်းရင်းမြစ်ဘေး၊ DKBA စခန်းဟောင်းနေရာ တွေမှာ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့အခြေအနေပါ။ ဒါကြောင့် ကျေးရွာ(၃၀)လောက်ကနေ စစ်ရှောင်ဒေသခံ တသောင်းငါးထောင်ဝန်းကျင်အထိ မြင့်တက်လာနိုင်တယ်လို့ နယ်စပ်စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။

    "မနေ့ကတော့ တော်တော်သည်းသည်းမဲမဲပစ်ကြတာပေါ့။ အလုံးကြီးတွေပြိုင်တူပစ်ချ၊ ကရင်အဖွဲ့တွေကလက်နက်ကြီးဒဏ်မခံနိုင်လို့ ဆုတ်မယ်ဆို သူတို့တက်လာမယ်ပေါ့။ ညကအထိပစ်ကျတာမရသေးဘူးကြားတယ်။ လက်နက်ကြီးကျတာက စစ်ရှောင်စခန်းတွေနဲ့နီးလာတော့ မြစ်ဘေးဆင်းရှောင်ကြ၊ ထိုင်းဘက်နွားခြံဘက်ကူးအိပ်ကြပေါ့။ အပေါ်ဘက် ဝေါ်လေ၊ သေ့ဘောဘိုး၊ မော်ခီး၊ ထီးသဲဘလယ်ဘက်ကလည်း ထိုင်းတောင်ယာကုန်းတွေဘက် ရှောင်နေကြရပြီ။ အခုရက်ကတော့ ဒီတိုင်းဖြစ်နေရင် ဒေသခံတွေကထိုင်းဘက်ရှောင်နေမှရမယ့်အခြေအနေပဲ"လို့ သေ့ဘောဘိုးကျေးရွာအစုအဖွဲ့ စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။

    အခုလက်ရှိKNU တပ်မဟာ (၆)နယ်မြေထဲကို စစ်ကောင်စီတပ်တွေအင်အားတိုးချဲ့နယ်မြေရှင်းလင်းရေးလုပ်ဖို့ တပ်မ (၂၂)လက်အောက်ခံတပ်ရင်းတွေ၊ တပ်မ (၄၄)လက်အောက်ခံတပ်ရင်းတွေနဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းတွေကနေ ကရင်ပြည်နယ်အခြေစိုက် ကရင်နယ်ခြား စောင့်တပ် BGF တပ်နယ်(၃)၊ တပ်နယ်(၄) လက်အောက်ခံတပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတယ်လို့သိရပါတယ်။

    အဲ့ဒီစစ်ကောင်စီရဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနဲ့ လေးကေ့ကော်ဒေသတို့ကို အခုနှစ်မတ်လ (၇)ရက်နောက်ပိုင်း အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နယ်မြေကျော်လွန်လာတဲ့ အတွက် နှစ်ဖက်တိုက်ပွဲတွေ နေရာစုံဖြစ်ပွားနေတာဖြစ်ပါတယ်။

    KNU ဒူးပလယာခရိုင်ကတော့ တပ်မဟာ (၆)နယ်မြေတဝိုက်မှာ စစ်ရေးတင်းမာမှုဆက်ရှိလာနိုင်တာကြောင့် ကော့ကရိတ်-မြဝတီလမ်းမကြီးနဲ့ မြဝတီ - ဝေါ်လေလမ်းမကြီးတို့ကို မနက်ဖြန်မတ်လ (၂၇)ရက်ကစပြီးမသွားလာကျဖို့ တရားဝင်စာထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း မတ်လ (၂၇)ရက်၊ တပ်မတော်နေ့တဝိုက်မှာ လူအင်အားနည်းတဲ့ကင်းစခန်းတွေဝင်ရောက်တိုက်ခိုက်ခံရနိုင်တာကြောင့် အထူးဂရုစိုက်ဖို့ဆိုတဲ့စာထုတ်ပြန်တဲ့ အကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါသေးတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နှစ်ဖက်စစ်ရေးတင်းမာလာတာကြောင့် စစ်ရှောင်သောင်းနဲ့ချီထပ်တိုး
  2. ရန်ကုန်က ဓာတ်ဆီဆိုင်တချို့ဖောက်ခွဲခံရ

    ဒီကနေ့မနက်အစောပိုင်းနဲ့ မနေ့ညပိုင်း‌တွေမှာ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းနဲ့ ကမာရွတ်မြို့နယ်က ဓာတ်ဆီဆိုင်နှစ်ဆိုင်ကို ဖောက်ခွဲမှုတွေလုပ်ခဲ့တယ် လို့ မြို့ပြပြောက်ကျားအဖွဲ့တဖွဲ့ဖြစ်တဲ့ Special Task Agency of Burma (STA) ကနေထုတ်ပြန်ပါတယ်။

    လှိုင်နဲ့ ကမာရွတ်မြို့နယ်အစပ်မှာရှိတဲ့ မြတ်မေတ္တာမွန်ဓာတ်ဆီဆိုင်ကို ဒီကနေ့မတ်လ (၂၆)ရက်၊ မနက် (၅)နာရီဝန်းကျင်မှာ အဲ့ဒီဆီဆိုင်ကို မီးရှို့ကာ၊ ဗုံးတလုံးနဲ့တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။ အဲ့ဒီမြတ်မေတ္တာမွန်ဓာတ်ဆီဆိုင်ဟာ မြန်မာနိုင်ငံစက်သုံးဆီအသင်းတာဝန်ရှိသူတဦးဖြစ်တဲ့ ဦးဝင်းမြင့်ပိုင်ဆိုင်တာ ဖြစ်ပြီး အဲ့ဒီဆီဆိုင်ကိုပဲ အရင်နှစ်ဒီဇင်ဘာ (၁၂)ရက်တုန်းကလည်း‌ ဖောက်ခွဲမှုဖြစ်ခဲ့ပါသေးတယ်။

    မနေ့မတ်လ (၂၅)ရက် ည(၈)နာရီဝန်းကျင်ကလည်း မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမှာရှိတဲ့ DENKO ဆီဆိုင်က ဆီပန့်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ် လို့ဆိုပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပွားနေချိန်အတွင်း ဓာတ်ဆီဖြည့်ဖို့ ကားတချို့ဝင်ရောက်လာတာကြောင့် သေနတ်ပစ်ဖောက်အသိပေးခဲ့ရပြီး အဲ့ဒီလို ပြည်သူတွေရှိနေတဲ့ကြားကနေ ဆီဆိုင်ကိုတိုက်ခိုက်ရတာကြောင့် တချို့ကိုရိုင်းပြစွာဆက်ဆံမိခဲ့တာအတွက်လည်း တောင်းပန်တယ်လို့ ထုတ်ပြန်စာမှာ ဖော်ပြထားပါ တယ်။

    ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလောက်ကစကာ စစ်ကောင်စီကို စက်သုံးဆီ၊ လေယာဉ်ဆီထောက်ပံ့ပြီး စစ်ကောင်စီထောက်တိုင်တွေဖြစ်နေတယ်ဆိုပြီး မြတ်မေတ္တာမွန်ဆီဆိုင်၊ DENKOဆီဆိုင်တွေအပြင် ထူးအုပ်စုလက်အောက်က ထူးစက်သုံးဆီဆိုင်တချို့လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

    ဒီလိုစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး DENKOရော မြတ်မေတ္တာမွန်ဆီဆိုင်တွေဘက်ကနေ စက်သုံးဆီတင်သွင်းရောင်းချတဲ့စီးပွားရေးလုပ်ငန်းအနေနဲ့ လူပုဂ္ဂိုလ်အချို့နဲ့ အဖွဲ့အစည်းအချို့ကို စက်သုံးဆီသီးသန့်တင်သွင်းထောက်ပံ့နေတာမဟုတ်သလို လေယာဉ်ဆီတင်သွင်းဖြန့်ဖြူးတာလုံးဝမရှိဘူးလို့ ဖေဖော်ဝါရီလအတွင်းမှာ တုံ့ပြန်ချက်ထုတ်ခဲ့ပါတယ်။

    မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဘက်ကတော့ အခုလိုဓာတ်ဆီဆိုင်နှစ်ဆိုင်မီးရှို့ဖောက်ခွဲခံရတာနဲ့ပတ်သက်ပြီး မီးငြိမ်းသတ်ရကြောင်း တရားဝင်သတင်းထုတ်ပြန်တာမျိုး ဒီကနေ့နေ့လယ်ပိုင်းအချိန်အထိ မရှိသေးပါဘူး။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလအတွင်း ထူးဓာတ်ဆီဆိုင်မီးလောင်နေတဲ့မြင်ကွင်း (ပုံဟောင်း)
  3. အာဏာသိမ်းပြီးနောက်ပိုင်း ပါတီဝင် ၁၃၀၀ ကျော်သေဆုံးတယ်လို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌပြော, စစ်ကောင်စီတပ်တွေကြောင့် အရပ်သားသေဆုံးမှု ၁၇၀၀ကျော်ပြီလို့ AAPP ထုတ်ပြန်

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပါတီဝင် ၁၃၇၂ ယောက်သေဆုံးတယ်လို့ ကြံ့ခိုင်ရေးပါတီဥက္ကဌဦးသန်းဌေးကပြောပါတယ်။

    ဒီကနေ့မတ်လ ၂၆ ရက်နေ့က နေပြည်တော်ပါတီရုံးချုပ်မှာ လုပ်တဲ့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သေဆုံးခဲ့တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင် တွေအတွက် ကမ္ဗည်းမော်ကွန်းအထိမ်းအမှတ်ကျောက်တိုင်ဖွင့်ပွဲ မှာ အဲဒီလိုပြောတာလို့ ပါတီနဲ့ နီးစပ်သူတွေကပြောပါတယ်။

    ပါတီရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာတော့ ကြံခိုင်ရေးပါတီဝင်တွေသေဆုံးရတာဟာ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့လုပ်ရပ်လို့စွပ်စွဲထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

    ဒီကနေ့အခမ်းအနားမှာတော့ သေဆုံးသွားတဲ့ပါတီဝင်တွေအတွက် အောက်မေ့သတိရငြိမ်သက်တာ၊ နိုင်ငံတော်သီချင်းဆိုတာတွေနဲ့ပါတီအလံကို တစ်ဝက်လျော့ချလွှင့်တာတွေ လုပ်ပြီး အခမ်းအနားဖွင့်ခဲ့တယ်လို့ပါတီကထုတ်ပြန်ပါတယ်။

    တဖက်မှာလည်း ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ပါတီဝင်တွေကို စစ်ကောင်စီက ဆက်တိုက်ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။

    ဖမ်းဆီးခံရတဲ့ NLD ပါတီဝင်တွေထဲက ပါတီဝင် ၁၆ ဦးကတော့ စစ်ကြောရေးနဲ့အကျဉ်းထောင်တွေမှာ သေဆုံးခဲ့တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မတ်လ ၁၈ ရက်ကထုတ်ပြန်ထားပါတယ်။

    NLD ပါတီဝင် ၈၀၀ ကျော်ကိုလည်း စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး ပါတီရုံးခန်းနဲ့ပါတီဝင်တွေရဲ့ နေအိမ် ၁၅၀ ကျော်လည်း ပိတ်သိမ်းခံထားရတယ်လို့ပါတီဘက်ကထုတ်ပြန်ထားပါတယ်။

    နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ရဲ့ မတ်လ ၂၅ ရက်အထိစာရင်းတွေမှာတော့ စစ်ကောင်စီတပ်တွေကြောင့် စစ်အာဏာသိမ်းတာကိုပုံစံမျိုးစုံနဲ့ဆန့်ကျင်တဲ့ ပြည်သူသေဆုံးတဲ့ အရေအတွက်ဟာ ၁၇၀၀ ကျော်အထိရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။

    ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ

    ဓာတ်ပုံ ရင်းမြစ်, USDP

    ဓာတ်ပုံ ပုံစာ, ဒီကနေ့ မတ်လ ၂၆ ရက်က နေပြည်တော်မှာလုပ်တဲ့ ကြံခိုင်ရေးပါတီဝင်တွေကို အောက်မေ့သတိရ ဂုဏ်ပြုတဲ့မြင်ကွင်း
  4. တပ်မတော်နေ့မှာ ပြည်သူတွေနာရီဝက်မီးပိတ်ထားဖို့ NUG တိုက်တွန်း

    လာမယ့် မတ်လ ၂၇ ရက်နေ့မှာကျရောက်တဲ့ ၇၇ နှစ်မြောက်တပ်မတော်နေ့မှာ နိုင်ငံတဝန်းက နေအိမ်တွေမှာ လျှပ်စစ်မီးမသုံးဘဲ ဆန္ဒပြကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရNUG က ဒီကနေ့မတ်လ ၂၆ မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။

    မတ်လ ၂၇ရက်နေ့မှာ ည ၈နာရီသတင်းလာချိန်ကနေ ည ၈နာရီခွဲအထိ နိုင်ငံတဝန်းကနေအိမ်တွေ လျှပ်စစ်မီးမသုံးဘဲ ဆန္ဒပြဖို့ဖိတ်ခေါ်တယ်လို့NUG ကဆိုပါတယ်။

    ဒီကာလမှာ နေ့စဉ်ပြတ်တောက်နေတဲ့ လျှပ်စစ်မီးကို အချိန်ပိုင်းမသုံးဘဲ ဆန္ဒပြတာဖြစ်တယ်လို့NUG ရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။

    လက်ရှိပြည်တွင်းမှာတော့ အခုမတ်လကစလို့နိုင်ငံတဝန်းမှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာတွေဖြစ်ခဲ့ပြီး အလှည့်ကျမီးပေးတဲ့စနစ်နဲ့ မြို့နယ်ရပ်ကွက်အလိုက် ပြည်သူတွေ မီးသုံးစွဲခဲ့ရပါတယ်။

    ဒီလိုအလှည့်ကျမီးပေးတဲ့ စနစ်ကို လာမယ့် မေလ အထိဆက်လုပ်သွားမယ်လို့မတ်လ ၂၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

    NUG

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

  5. လက်နက်ကိုင်တော်လှန်ရေးအတွင်းကဖြစ်စဉ်တချို့အပေါ် ထိန်းကျောင်းအရေးယူပေးဖို့ NUG ကိုတောင်းဆို

    ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်အာဏာသိမ်းတာကိုလက်နက်ကိုင်တော်လှန်ရေးနည်းလမ်းနဲ့ဆန့်ကျင်တဲ့အဖွဲ့တွေကို ထိန်းကျောင်းပေးဖို့ NUG ကို ရန်ကုန်အခြေစိုက်တကသကျောင်းသား သမဂ္ဂအဖွဲ့တွေစုပေါင်းပြီး မနေ့မတ်လ ၂၅ ရက်နေ့ကထုတ်ပြန်တောင်းဆိုထားပါတယ်။

    လက်ရှိပြည်သူတွေကြားသတင်းပျံ့နှံ့ထွက်ပေါ်နေတဲ့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်မှာ တပ်ဖွဲ့ဝင်တချို့နဲ့အရပ်သားပြည်သူတချို့သတ်ဖြတ်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့KNDO တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကလိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေအပေါ်အရေးယူပေးဖို့ကို ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။

    တရားဝင်အစိုးရအဖြစ်ခံယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လက်နက်ကိုင်တော်လှန်ရေးကနေ စစ်ဝါဒီတွေမပေါ်ပေါက်လာဖို့ထိန်းကျောင်းပေးဖို့တာဝန်အရှိဆုံးနိုင်ငံရေးအဖွဲ့အစည်းဖြစ်တယ်လို့ တကသကျောင်းသားတွေရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။NUG အနေနဲ့ပြစ်မှုကျူးလွန်ခဲ့တဲ့ အစုအဖွဲ့တွေအပေါ် ဖုံးကွယ်မထားဘဲ အရေးယူပေးဖို့နဲ့ စစ်ရေးလုံခြုံရေးအရလျို့ဝှက်သင့်တဲ့ ကိစ္စတွေကလွဲပြီးဒီဖြစ်ရပ်တွေအပေါ် အများပြည်သူသိရှိအောင်ထုတ်ပြန်ဆောင်ရွက်ပေးဖို့ကိုလည်း ရန်ကုန်အခြေစိုက်တကသကျောင်းသား သမဂ္ဂအဖွဲ့၁၁ ခုကထုတ်ပြန်တောင်းဆိုထားတာပါ။

    NUG

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်းအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခု ( ပုံဟောင်း)
  6. ကော့ကရိတ် - မြဝတီလမ်းမကြီးနဲ့ မြဝတီ - ဝေါ်လေ လမ်းမကြီးကိုအသုံးမပြုကြဖို့ KNU ထုတ်ပြန်

    KNU တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းက ကော့ကရိတ် - မြဝတီလမ်းမကြီးနဲ့ မြဝတီ - ဝေါ်လေ လမ်းမကြီးကိုအသုံးမပြုကြဖို့အသုံးပြုပြီး စစ်ကောင်စီက တပ်အင်အားတိုးချဲ့ တာတွေလုပ်ဆောင်နေတာကြောင့် အဲ့ဒီလမ်းမကြီး (၂)လမ်းကို မနက်ဖြန်မတ်လ (၂၇)ရက်ကစပြီး အသုံးမပြုကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီကနေ့မှာထုတ်ပြန်လာပါတယ်။ ကော့ကရိတ်- မြဝတီလမ်းမကြီးနဲ့ မြဝတီ-ဝေါ်လေလမ်းမကြီးကိုသုံးပြီး ယာဉ်ဖြတ်သန်းသွားလာတာ၊ ကူးသန်းရောင်းဝယ်လုပ်တာတွေ ယာယီရပ်ဆိုင်းထားဖို့ အသိပေးထုတ်ပြန်တာလို့ ဆိုပါတယ်။

    ဒီထုတ်ပြန်ကြေညာချက်ကို ပြန်လည်ပယ်ဖျက်တယ်ဆိုတဲ့ နောက်ထပ်ထုတ်ပြန်ချက်အသစ် မကြေညာမချင်း ဒီထုတ်ပြန်ချက်ကအတည်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ KNU ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဒီလမ်းမကြီးတွေကိုအသုံးပြုတဲ့ ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်တွေနဲ့ လိုအပ်ချက်တွေ ကို နားလည်ပေမဲ့ စစ်ကောင်စီကနေ ဒါကိုခုတုံးလုပ်အကာအကွယ်ယူနေတာကြောင့် ဒီထုတ်ပြန်ချက်ကို ပြည်သူတွေဘက်ကနေ ပူးပေါင်းပါဝင်ကူညီပေး ဖို့ မေတ္တာရပ်ခံတယ်လို့ဆိုပါတယ်။

    ဒီမေတ္တာရပ်ခံတာကို KNLA အမှတ် (၁၈)တပ်ရင်း၊ အမှတ် (၂၇)တပ်ရင်း၊ အမှတ် (၂၀၁)တပ်ရင်း၊ အမှတ် (၁၀၃) တပ်ရင်း၊ တပ်မဟာစစ်ကြောင်း၊ KNDO တပ်ရင်း (၆)နဲ့ KNDO ဗဟိုလုံခြုံရေးတပ်ရင်း၊ အမှတ်(၁၆)တပ်ရင်း၊ အမှတ်(၁၇)တပ်ရင်းနဲ့ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေကနေ ပူးပေါင်းထုတ်ပြန်တာပါ။

    အဲ့ဒီ ကော့ကရိတ် - မြဝတီ (အာရှလမ်းမကြီး) ဟာ ထိုင်း- မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအချက်အချာကျတဲ့ လမ်းဖြစ်ပြီး အခုကာလမှာသာမန်ခရီးသွားလာတာထက် ကုန်တင်ယာဉ်တွေအများစုသွားလာနေတာဖြစ်ပါတယ်။

    "အရင်ကလည်းမသွားလာဖို့ထုတ်ပြန်ချက်တွေထုတ်ခဲ့တယ်၊ တိုက်ပွဲဖြစ်ရင်အနားကျတယ်။ နောက်အခြေအနေပြန်ကြည့်ပြီးသွားကျတာပေါ့။ နယ်ခံတွေကတော့အခြေအနေကိုကြည့်ပြီး ကုန်ကားတွေသွားကျမယ်ထင်တယ်။" လို့ အဝေးပြေးကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။

    ဒီနှစ်ဆန်းပိုင်းကစပြီး သုံးလအတွင်း ဒီလမ်းမကြီးတွေတဝိုက်တိုက်ပွဲပြင်းထန်တာကြောင့် ကုန်တင်ယာဉ်ကားတွေ မီးလောင်ကျွမ်းတာရှိသလို အဝေးကုန်တင်ယာဉ်မောင်းအနည်းဆုံးလေးဦးသေဆုံးခဲ့တယ်လို့ ဒေသအခြေအစိုက်သတင်းအရင်းအမြစ်တွေကနေ ဘီဘီစီကို ပြောပါတယ်။

    ဒူးပလာခရိုင်အနေနဲ့ ကော့ကရိတ်တောင်ပိုင်းနဲ့ လေးကေ့ကော်ဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်တပ်စွဲတာတွေ ပြည်သူတွေအပေါ် နှောင့်ယှက်တာတွေ ရပ်ဆိုင်းဖို့ကို အသိပေးတာတွေလုပ်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကနေ အင်အားတိုးချဲ့တာကိုဆက်လုပ်နေခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီခရိုင်အတွင်း KNU ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီအကြားတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာပဲစစ်ကောင်စီရဲ့ အခိုင်အမာစခန်းတခုဖြစ်တဲ့ မောခီးစခန်းကို KNLA ကသိမ်းပိုက်နိုင်ခဲ့ပါတယ်။

    အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက် မြဝတီ - ဝေါ်လေ လမ်းမကြီးကနေ အရပ်ဝတ်အဝတ်အစား၊ အရပ်ဝတ်ကားတွေသုံးကာ စစ်ကောင်စီဘက်ကနေ အင်အားတိုးချဲ့နေတယ် လို့ သတင်းတွေထွက်ပေါ်နေပြီး ဒါကြောင့်လည်း KNU ကနေ အခုလိုလမ်းမကြီးနှစ်လမ်းကို အသုံးမပြုဖို့စာထုတ်ပြန်တာလို့ ဒေသခံတွေကနေ သုံးသပ်နေကြပါတယ်။‌

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ်လ (၁၄)ရက်တုန်းက တိုက်ပွဲဖြစ်ပွားနေတာကြောင့် အာရှလမ်းမပေါ် ကားတွေပိတ်နေစဉ် (ပုံဟောင်း)
  7. ကွတ်ခိုင်မြို့နယ်ထဲ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပေါ်ပေါ်ထင်ထင်ရှိနေ

    ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲ မြို့တွင်းက လူအသွားအလာများတဲ့နေရာတွေအထိ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပေါ်ပေါ်ထင်ထင်ရှိနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ရပ်ကွက်၊ လမ်းတွေနဲ့ မြို့မစျေးပတ်ဝန်းကျင်တွေမှာ စုရပ်သဘောမျိုးသုံးစွဲကြတာရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် အခုလို မူးယစ်ဆေးဝါးသုံးစွဲမှုတွေ ပိုတိုးလာပြီး ဒါကို အာဏာပိုင်တွေကလည်း လစ်လျူရှုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှု များပြားလာတာနဲ့အတူ လူသတ်မှု၊ ခိုးမှု၊ ဓားပြတိုက်မှုတွေ နေ့စဥ်လိုလို တိုးပွားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကွတ်ခိုင်မြို့ရဲ့ ဘေးပတ်ဝန်းကျင်ရွာတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ တအာင်းတပ်မတော် (TNLA)၊ ကချင်တပ်မတော် (KIA)တို့ က နှစ်စဥ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာတော့ အဲဒီက ဘိန်းဖြတ်စခန်းမှာ လူဦးရေ ၂ ဆကျော် တိုးလာနေတယ်လို့ ဆိုပါတယ်။

    ကွတ်ခိုင်မြို့နယ် ကျေးရွာတစ်ရွာထဲက တအာင်းတပ်မတော် (TNLA)ရဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများ တိုက်ဖျက်ရေးနဲ့ ဘဝသစ်ပြန်လည်ထူထောင်ရေး ဂေဟာတစ်ခုမှာ ဒီနှစ်ထဲ မူးယစ်ဆေးဖြတ်သူ လူဦးရေ (၁၃၆)ဦးရှိပြီး အဲဒီမှာ အမျိုးသမီး (၁၆)ဦးအထိ ပါဝင်တယ်လို့ ဒေသ အခြေစိုက် ရွှေဖီမြေသတင်းဌာနကဖော်ပြပါတယ်။

    ရပ်ကွက်၊ လမ်းတွေနဲ့ မြို့မစျေးပတ်ဝန်းကျင်တွေမှာ စုရပ်သဘောမျိုးသုံးစွဲကြ

    ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေသတင်းဌာန

    ဓာတ်ပုံ ပုံစာ, ရပ်ကွက်၊ လမ်းတွေနဲ့ မြို့မစျေးပတ်ဝန်းကျင်တွေမှာ စုရပ်သဘောမျိုးသုံးစွဲကြ
    ရပ်ကွက်၊ လမ်းတွေနဲ့ မြို့မစျေးပတ်ဝန်းကျင်တွေမှာ စုရပ်သဘောမျိုးသုံးစွဲကြ

    ဓာတ်ပုံ ရင်းမြစ်, ရွှေဖီမြေသတင်းဌာန

    ဓာတ်ပုံ ပုံစာ, ရပ်ကွက်၊ လမ်းတွေနဲ့ မြို့မစျေးပတ်ဝန်းကျင်တွေမှာ စုရပ်သဘောမျိုးသုံးစွဲကြ
  8. ပြည်တွင်းကအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ILO က အဆင့်အမြင့်ဆုံးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ စစ်ဆေးမယ်

    စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကအလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ နိုင်ငံတကာသဘောတူညီချက်ပါအချက်တွေကိုလိုက်နာဖို့ပျက်ကွက်နေတဲ့ ‌အပေါ်မှာ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်မယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အုပ်ချုပ်‌ရေးအဖွဲ့က မတ် ၂၅ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

    ကလေးငယ်တွေအပါအဝင် အရပ်သားတွေကို သေစေလောက်တဲ့ အကြမ်းဖက်မှုတွေတိုးလာတာနဲ့ မလွှကုန်း မီးရထားဝန်းထဲက မီးရထားဝန်ထမ်း ဦးအောင်ကိုလတ် ဖမ်းဆီးနှိပ်စက်ခံရမှုတွေအပေါ် လေးနက်စွာစိုးရိမ်ကြောင်းလည်းပါရှိပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့စစ်တပ်ကိုတောင်းဆိုတယ်လို့လည်း ဆိုပါတယ်။

    အခုလို ကော်မရှင်ကို ILOသမိုင်းတစ်လျှောက်မှာ ၁၄ ကြိမ်ပဲ ဖွဲ့ခဲ့ဖူးပြီး အခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဖွဲ့စည်းမယ့် စုံစမ်းရေးကော်မရှင်ဟာ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေအပေါ်ဆက်တိုက်ချိုးဖောက်ကျူးလွန်မှုတွေရှိနေတဲ့ အဖွဲ့ဝင်နိုင်ငံအပေါ်မှာ အဆင့်အမြင့်ဆုံး လုပ်ထုံးလုပ်နည်းတွေနဲ့ စုံစမ်းစစ်ဆေးမယ့်အဖွဲ့လည်းဖြစ်ပါတယ်။

    အလုပ်သမားအခွင့်အရေးဆိုင်ရာလှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂတွေ နဲ့ ရိုဟင်ဂျာတွေအပါအဝင် အခြားသူတွေအပေါ်မှာ နှောင့်ယှက်ခြိမ်းခြောက်တာနဲ့ မတရားဖမ်းဆီးထောင်ချတာတွေကို ရှုတ်ချကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    လွတ်လပ်တဲ့ တစ်သီးပုဂ္ဂလအဖွဲ့ဝင် ၃ ဦးပါဝင်မယ့် ဒီကော်မရှင်ဟာ တိုင်ကြားချက်တွေအပါအဝင် အမှုမှန်တွေကို ပြည့်စုံစွာစုံစမ်းစစ်ဆေးဖို့ ၊ တိုင်ကြားခံရတဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့နဲ့ အကြံပြုချက်တွေပေးဖို့ တာဝန်ရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ စစ်ကောင်စီဘက်ကတော့ အခု ILO ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် နဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

    စစ်အာဏာသိမ်းဆန့်ကျင်တဲ့ အလုပ်သမားအဖွဲ့များ

    ဓာတ်ပုံ ရင်းမြစ်, FGWM

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းဆန့်ကျင်တဲ့ အလုပ်သမားအဖွဲ့များ
  9. ကယား စစ်ဘေးရှောင်တွေဆီကို လက်နက်ကြီးနဲ့ တိုက်ခိုက်

  10. စစ်ကိုင်းတိုင်းမှာ အရပ်သားတွေ ပစ်မှတ်ထားသတ်ဖြတ်ခံရမှုများလာ

    ၂၀၂၁ အတွင်း အမျိုးသမီး ၉၂ ဦး အပါအဝင် ၆၉၈ ဦးသတ်ဖြတ်ခံရတယ်လို့ MIPS ပြော

    စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း အတွင်းမှာ အုပ်ချုပ်ရေး စနစ် ပျက်ပြားနေပြီး ဥပဒေစိုးမိုးမှု၊ နယ်မြေစိုးမိုးမှုတွေ မရှိတဲ့အတွက် ပစ္စည်းလု ခံရတာ၊ လူသတ် အလောင်းဖျောက်ဖျက်ခံရတာတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ကို ခုခံ တိုက်ခိုက်တဲ့ဒေသခံ ကာကွယ်ရေးတပ်တွေ အများအပြား စစ်ကိုင်းတိုင်းတွင်းမှာ ပေါ်ပေါက် ခဲ့ကြပါတယ်။

    တချို့ နေရာတွေမှာလည်းအမည်ခံ လက်နက်ကိုင်အဖွဲ့တွေက ဒေသခံ လူထုကိုခြိမ်းခြောက်၊ ပစ္စည်းလုယူတာတွေ ရှိတဲ့အပြင် အလောင်း ဖျောက်ဖျက်တာတွေအထိ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    စစ်ကိုင်းတိုင်း ကနီနယ် နားလေးမှာ မတ်လ ၁၄ ရက်နေ့က လူ သုံးယောက်ကို ဝါးဖောင်ဆွဲတဲ့ အဖွဲ့ကလို့ ဆိုတဲ့ အဖွဲ့တခုက ဖမ်းခေါ်သွားတယ်လို့ သိရတဲ့အကြောင်းနဲ့ အဲဒီလူတွေ အသတ်ခံရတယ်လို့ မိသားစုဝင်တွေပြန်ပြောပြလို့ သိရတဲ့ အကြောင်း ဒေသခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    သူတို့ကို လှေနဲ့ ခေါ်သွားတာဖြစ်ပြီး နောက်နှစ်ရက်မှာ အဝတ်အစားတွေကို လှေပေါ်မှာ တွေ့ရတယ်၊ အလောင်းတော့ ပြန်မရဘူးလို့ အဲဒီဒေသခံက ပြောပါတယ်။

    လက်နက်ကိုင် မဟုတ်တဲ့ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တဲ့ Targeted Killing သတ်ဖြတ်မှုတွေဟာ ၂၀၂၁ တစ်နှစ်လုံးမှာ ၆၉၈ ယောက် ရှိပြီး အဲဒီထဲမှာ အမျိုးသမီး ၉ ၂ ယောက်ပါတယ်လို့ Myanmar Institute for Peace and Security ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

    နိုင်ငံတစ်နိုင်ငံမှာ အခုလို ပြဿနာတွေဖြစ်ရင် အဲဒီနိုင်ငံရဲ့ လုံခြုံရေးအဖွဲ့အစည်းတွေမှာ တာဝန်ရှိသလို တဘက်က နိုင်ငံရေးအရ တော်လှန် နေသူတွေမှာလည်း တာဝန်ရှိတယ်လို့ MIPS ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကပြောပါတယ်။

    အရပ်သားတွေနဲ့ပတ်သက်လို့ နှစ်ဘက်လိုက်နာရမယ့် စည်းမျဉ်းစည်းးကမ်းတွေ တိတိကျကျ ရှိဖို့လိုတယ်။ စစ်ပွဲမှာ ပါဝင်နေသူတိုင်းကလည်း အဲဒီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ့် တာဝန်ရှိတယ်၊ ဒါတွေကို အမိန့်ပေးစနစ်နဲ့ အသေအချာထိန်းချူပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

    ဖောက်ဖျက် ကျူးလွန်သူတွေကိုလည်း အပြစ်ပေး အရေးယူ ဖို့ လိုအပ်တယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

  11. မြန်မာ စစ်တိုင်းမှူးနှစ်ဦးအပါအဝင် အဖွဲ့အစည်းတချို့ကို အမေရိကန် ပိတ်ဆို့အရေးယူ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေကို ရက်ရက်စက်စက် အကြမ်းဖက်မှုတွေလုပ်ခဲ့တယ်ဆိုပြီး ဒီကနေ့မှာ မြန်မာစစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ကို အမေရိကန်က ထပ်မံ ပိတ်ဆို့အရေးယူလိုက်ပါတယ်။

    ဒီပိတ်ဆို့အရေးယူမှုအသစ်ဟာ မြန်မာစစ်တပ်က လူနည်းစု မွတ်ဆလင် ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်လို့ အမေရိကန်က တရားဝင် ထုတ်ဖော်ကြညာခဲ့အပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာတာပါ။

    အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံက စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ အဖွဲ့အစည်း ၅ ခုကို ပစ်မှတ်ထား ကြေညာခဲ့ပါတယ်။

    အဲဒီအရေးယူသူ ငါဦးဟာ စစ်တပ်က အဆင့်မြင့်အရာရှိကြီးနှစ်ဦး နဲ့ လူပုဂ္ဂိုလ် သုံးဦး စုစုပေါင်း ငါးဦး ဖြစ်ပါတယ်။

    စစ်တပ်က အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းတို့ ဖြစ်ပါတယ်။ ကျန်သုံးဦးကတော့ စစ်လက်နက် ထုတ်လုပ်ရောင်းချမှုတွေနဲ့ ပတ်သက်နေတယ်ဆိုသူ ဦးနိုင်ထွဋ်အောင်၊ ဦးအောင်လှိုင်ဦးနဲ့ ဦးစစ်တိုင်းအောင် တို့ ဖြစ်ပြီး သူတို့နဲ့ ဆက်နွှယ်နေတဲ့ လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် အခုနှစ် ဇန်နဝါရီလက ပိတ်ဆို့အရေးယူထားတဲ့ ဦးတေဇ ပိုင်ဆိုင်တဲ့ ထူးကုမ္ပဏီအုပ်စုနဲ့ အဲဒီလုပ်ငန်းက လုပ်ကိုင်နေတဲ့ အာရှစိမ်းလန်းမှုဘဏ် ကုမ္ပဏီ တို့ကိုလည်း အရေးယူလိုက်တယ်လို့ ပါရှိပါတယ်။

    ဖရူဆိုမြို့မှာ အရပ်သား ၃၀ လောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဆို

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, ဖရူဆိုမြို့မှာ အရပ်သား ၃၀ လောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ဆို
  12. စစ်တပ်ရဲ့ နှိပ်စက် ညှဉ်းပန်းမှုတွေကို ဗြိတိန်အခြေစိုက် NGO အဖွဲ့က တူရကီမှာ တရားစွဲမယ်

    အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှုတွေအတွက် ပြည်ပနိုင်ငံတခုမှာ ပထမဆုံးအကြိမ်တရားစွဲ

    မြန်မာ နိုင်ငံမှာဖြစ်ခဲ့တဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအတွက် မြန်မာ စစ်အစိုးရကို တူရကီနိုင်ငံ အစိုးရ ရှေ့နေရုံးမှာ Myanmar Accountability Project MAP က လာမယ့် မတ်လ ၂၉ ရက်နေ့မှာ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုတော့မယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

    MAP ဟာ မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေအပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ တရားမျှတမှု ရရှိဖို့ ပြည်ပနိုင်ငံက တရားရုံးတွေမှာ တရားစွဲဆိုနိုင်ရေး ကြိုးပမ်းနေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ ပြည်ပ နိုင်ငံတခုရဲ့ တရားရုံးမှာ အခုလို အမှုစွဲတင်တာ ဒီတကြိမ် ပထမဆုံးဖြစ်တယ်လို့ MAP ရဲ့ ဒါရိုက်တာ ခရစ္စ ဂန်းနက်စ် က ပြောပါတယ်။

    ရန်ကုန်မြောက်ပိုင်းက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ရေကြည်အိုင်စစ်ကြောရေးစခန်းမှာ ပြုလုပ်ခဲ့တဲ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ ပတ်သက်လို့ စွဲတင်တဲ့အမှုဖြစ်ပြီး နှိပ်စက်ညှဉ်းပန်းသူတွေရဲ့ နာမည် အတိအကျကို တူရကီအစိုးရထံတင်ပြမယ်၊ အဲဒီလူတွေကို ဖမ်းဆီးဖို့ အင်တာပိုလ် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တောင်းဆိုမယ်လို့လည်း ခရစ္စ ဂန်းနက်စ် က ပြောပါတယ်။

    ဒီရာဇဝတ်မှုတွေအတွက် မအောင်မြင်တဲ့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တရားမဝင် စစ်အစိုးရ ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်၊ သူတို့ တာဝန်ခံရမယ်လို့လည်း ဆိုပါတယ်။

    အာဏာသိမ်းမှု ဖြစ်ပြီးနောက်မှာ နှိပ်စက်ညှဉ်းပမ်းမှုကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတာဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့ အဆင့်အထိ ရောက်လာခဲ့တယ်လို့ MAP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    အာဏာသိမ်းပြီးနောက် ကလေးငယ် ၂၆ ယောက် အပါအဝင် လူပေါင်း ၃၂၅ ယောက်ဟာ အသက်သေတဲ့အထိ နှိပ်စက်ခံခဲ့ကြရတယ်၊ နှိပ်စက်ခံရသူ အရေအတွက် ထောင်နဲ့ချီတဲ့အထိ မရှိဘူးဆိုရင်တောင် ရာဂဏန်းတော့ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာပါ ဖော်ပြချက်ကို ကိုးကားပြီး MAP က ထုတ်ပြန်ပါတယ်။

    MAP ရဲ့ ဥပဒေရေးရာ အကြံပေးအရာရှိချုပ် ဂူလ်ဒန် ဆိုမက်ဇ် Gülden Sönmez ကတော့ တူရကီမှာ တရားစွဲဆိုမယ့်အမှုက အလားအလာကောင်းတယ်၊ ဥပဒေရေးရာ အခြေခံ တွေလည်း ကောင်းမွန်တယ်လို့ ပြောပါတယ်။

    အထောက်အထားတွေ ခိုင်လုံတဲ့အပြင် မြန်မာနိုင်ငံက လူတွေအပေါ် တူရကီနိုင်ငံတွင်းမှာ စာနာမှုတွေ အများကြီးရှိကြတယ်လို့ အဲဒီ ဥပဒေအကြံပေး အမျိုးသမီးက ပြောပါတယ်။

    လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လက်ရှိ နိုင်ငံရေးအခြေအနေ တွေနဲ့ပတ်သက်လို့ တူရကီမှာ စာနာမှုတွေ အများကြီးရှိကြတယ်လို့ လည်းသူက ပြောပါတယ်။

    ခရစ္စ ဂန်းနက်စ်ကတော့ တူရကီမှာ ဒီလိုတရားစွဲဆိုတာဟာ မြန်မာ စစ်ခေါင်းဆောင်တွေကို သူတို့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် သူတို့မှာ တာဝန်ရှိတယ်၊ ဥပဒေအရ ရင်ဆိုင်ရလိမ့်မယ် လို့ သတင်းစကားပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

    ဥပဒေအရ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ပါ၊ နှိပ်စက် ညှဉ်းပန်းတာတွေကို ရပ်တန်းက ရပ်ပါ၊ လူသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ပြစ်မှုတွေကို ဆက်မလုပ်ပါနဲ့ လို့ စစ်ခေါင်းဆောင်တွေကို MAP က ပြောချင်တာဖြစ်ပါတယ်။

    အောက်ခြေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း သူတို့ရဲ့ လုပ်ရပ်တွေကို စောင့်ကြည့်နေတယ်၊ သူတို့ လည်း တာဝန်ခံရမယ်လို့ ပြောချင်ပါတယ်။

    MAP အဖွဲ့ အနေနဲ့ အခုနှစ်နှောင်းပိုင်းမှာ မြန်မာ စစ်အစိုးရကို ပြင်သစ်နိုင်ငံမှာ တရားစွဲဆိုဖို့ ရှိသလို အရှေ့တောင်အာရှဒေသ မှာလည်း တရားစွဲဆိုဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

  13. ထောက်ခံစာနဲ့ခရီးသွားလို့မရတဲ့ ကြေညာချက်ကြောင့် ပြည်တွင်းရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်သူတွေအတွက် အခက််ကြုံ

    ဧပြီလဆန်းကစပြီး ထောက်ခံစာပြပြီး ခရီးသွားလာတာနဲ့ တည်းခိုတာတွေကို ခွင့်မပြုတော့ဘူးဆိုတဲ့ စစ်ကောင်စီလက်အောက်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ရဲ့ ကြေညာချက်ကြောင့် ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် လို နယ်ပေါင်းစုံ ဒေသပေါင်းစုံက ပြည်တွင်းရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်သူတွေအတွက် အခက်အခဲတွေရှိလာတယ်လို့ ပြောကြပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မန္တလေး နဲ့ စစ်ကိုင်းတိုင်း အဲဒီကနေ ဖားကန့်ကို အရင်လို လွတ်လွတ်လပ်လပ်သွားဖို့ခက်နေချိန်မှာ အခုလို တင်းကြပ်တဲ့ အမိန့်တွေ က အဲဒီဒေသတွင်းမှာခရီးသွားရသူတွေကို အကျပ်ရိုက်စေတယ်လို့ဆိုပါတယ်။

    '' အခုလို ထောက်ခံစာနဲ့ သွားလို့ရနေသေးတဲ့ အချိန်မှာတောင် အခက်အခဲရှိပါတယ်။ စစ်ကိုင်းတိုင်းကပေါ့ဗျာ။စစ်ကိုင်းတိုင်းပြန်မယ်ဆိုရင်အခက်အခဲဖြစ်တယ်။ အဲဒီမှာ ဘယ်လိုလုပ်ရသလဲဆိုတော့ဂိတ်တွေဆိုရှောင်ကွင်းသွားရတာမျိုးတွေရှိတယ်။ တချို့နေရာဂိတ်တွေဆိုရင် စစ်ကောင်စီရှိတဲ့ ဂိတ်တွေဆို နားလည်မှုယူပြီးတော့မှ လက်ဖက်ရည်ဖိုး ပေးပြီး ခရီးစဉ်ချောမွေ့အောင်သွားလာရတာတွေရှိတယ်။ ကျီးလန့်စာစား ပေါ့ ရင်တထိတ်ထိတ်နဲ့ ငါခရီးသွားရင်ဘယ်လိုဖြစ်မလဲ။ဘယ်လိုတွေစစ်ဆေးမလဲဆိုပြီးတော့ ဖြစ်တာပေါ့ '' လို့ ဖားကန့်မှာအလုပ်လုပ်ကိုင်တဲ့ စစ်ကိုင်းဒေသခံတစ်ဦးကပြောပါတယ်။

    ဖားကန့်လို့နေရာဒေသမျိုးမှာအခုလို နိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်တဲ့အချိန်မှာရုံးတော်တော်များများပိတ်ထား သလို သူတို့ဒေသတွေမှာလည်း မတည်ငြိမ်မှုတွေကြောင့် ရုံးတွေပိတ်ထားလို့ မှတ်ပုံတင်လုပ်ဖို့ကမလွယ်ကူနိုင်ဘူးလို့ပြောပါတယ်။

    စစ်ကောင်စီလက်အောက် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနကတော့ နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင် ပြုလုပ်ဖို့ အတွက် ပန်းခင်းစီမံချက်နဲ့ဆောင်ရွက်ပေးနေတယ်လို့ထုတ်ပြန်နေတာပါ။

    ဖားကန့်ဒေသ လုပ်ငန်းခွင်

    ဓာတ်ပုံ ရင်းမြစ်, Getty

    ဓာတ်ပုံ ပုံစာ, ဖားကန့်ဒေသ လုပ်ငန်းခွင်
  14. တရုတ်လေယာဉ်ပျက်ကျမှုမှာ ပါသွားတဲ့ကချင် လူမျိုး ၇ ဦးအတွက်ဝမ်းနည်းကြောင်း KIO သဝဏ်လွှာပို့

    ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့က တရုတ်နိုင်ငံတွင်းက (China Eastern)လေယာဉ်ပျက်ကျမှုပါဝင်သေဆုံးခဲ့တဲ့ ကချင်လူမျိုး ၇ ဦးအတွက် ကေအိုင်အို ဗဟိုယဉ်ကျေးမှုနဲ့စာပေဝန်ကြီးဌာနက ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပါတယ်။

    မတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကေအိုင်အို ဗဟိုယဉ်ကျေးမှုနဲ့စာပေဝန်ကြီးဌာန ကနေပြီး တရုတ်ပြည်သူသမ္မတနိုင်ငံမံရှီးမြို့မှာရှိတဲ့ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ကို ပေးပို့ခဲ့တာဖြစ်ပါတယ်။

    ကချင်ဘာသာစကားနဲ့ရေးသားပေးပို့ထားတဲ့ ဒီသဝဏ်လွှာထဲမှာတော့ တရုတ်နိုင်ငံတွင်းလေယာဉ်ပျက်ကျမှုမှာ မမျှော်လင့်ဘဲသေဆုံးခဲ့တဲ့ ကချင်လူမျိုး ၇ ဦးအတွက် ကချင်ပြည်နယ်က ကချင်လူမျိုးတွေအနေနဲ့များစွာ ဝမ်းနည်းကြောင်းနဲ့နောက်နောင်မှာ အခုလိုအဖြစ်ဆိုးတွေနဲ့မကြုံရဖို့ဆုတောင်းပေးကြောင်း ရေးသားထားတာကိုတွေ့ရပါတယ်။

    ပြီးခဲ့တဲ့ မတ်လ၂၁ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကူးမင်းမြို့ကနေ ကွမ်ရှီးမြို့ကို ပျံသန်းခဲ့တဲ့China Eastern လေကြောင်းလိုင်းက လေယာဉ်ဟာ ကွမ်ရှီးမြို့တောင်ပိုင်းတစ်နေရာမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာခရီးသည် ၁၃၂ ဦးပါဝင်ခဲ့တယ် တရုတ်နိုင်ငံရဲ့သတင်းဌာနတွေကဖော်ပြထားပါတယ်။

  15. ဒုရဲအုပ်ချယ်ရီထက်ကိုစွဲထားတဲ့ ပုဒ်မ ၅၀၅-ကအတွက်လာမယ့် ၃၁ရက်မှာအပြီးသတ်အမိန့်ချမယ်, ကာယကံရှင်ကိုယ်တိုင်ကလည်း မြန်မြန်အမိန့်ချဖို့ဆန္ဒရှိနေတယ်လို့ဆို

    ဒုရဲအုပ်ချယ်ရီထက်ကို စွဲဆိုထားတဲ့ ပုဒ်မ၅၀၅-က အမူအတွက်လာမယ့် မတ်လ ၃၁ရက်မှာအပြီးသတ်အမိန့်ချဖို့ရှိတယ်လို့ တရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။

    ဒုရဲအုပ်ချယ်ရီထက်ကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ရဲတရားရုံးကနေ ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနဲ့ထောင်ဒဏ် ၃ နှစ်မှတ်ထားခဲ့ပြီးဖြစ်ပါတယ်။

    မနေ့မတ်လ ၂၄ ရက်မှာတော့ ကျန်ရှိနေတဲ့ပုဒ်မ ၅၀၅-ကအတွက် အပြီးသတ်လျှောက်လဲချက်အမိန့်ချခဲ့ပြီး လာမယ့် ၃၁ရက်မှာတော့ အပြီးသတ်အမိန့်ချမှတ်မှာဖြစ်တယ်လို့တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ တာဝန်ထမ်းဆောင်ခဲ့သူ ဒုရဲအုပ် ချယ်ရီထက်ကိုတော့ အာဏာသိမ်းပြီးတဲ့နောက် နေအိမ်အကျယ်ချုပ်နဲ့ထားရာကနေ ပြီးခဲ့တဲ့ ၂၀၂၁ စက်တင်ဘာလထဲမှာ စစ်ကောင်စီဖမ်းဆီးပြီး ပုဒ်မတပ်တရားစွဲဆိုမှုတွေလုပ်ခဲ့တာပါ။

    ‘‘သူကိုယ်တိုင်က CDM မလုပ်သလို ဘယ်သူတွေCDM လုပ်ပါလို့တွေ့ဆုံစည်းရုံးတာမရှိခဲ့ဘူး။စိတ်ခံစားချက်ကိုလိုင်းပေါ်တင်လိုက်တဲ့အတွက် အသစ်ထုတ်ပြန်တဲ့ ဥပဒေနဲ့ညှိစွန်းတယ်ဆိုပြီးလုပ်တယ်ပြောရမှာပေါ့။ သက်သေတွေတောင်အကုန်ပယ်ပြီး အပြီးသတ် မြန်မြန်ချဖို့လုပ်နေတယ်ဆိုတော့ သူကိုယ်တိုင်လည်း သူ့ကိုအပြစ်ပေးမယ်ဆိုတာသိပြီးသား၊သူ့ကို မြန်မြန်အမိန့်ချဖို့ပဲ ဆန္ဒရှိနေတယ်‘‘ လို့တရားရုံးနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ဒုရဲအုပ်ချယ်ရီထက်ဟာ ကျန်းမာရေးရောစိတ်ပိုင်းဆိုင်ရာ အရရော ကောင်းမွန်နေတယ်လို့တရားရုံးနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

    ဒုရဲအုပ်ချယ်ရီထက်

    ဓာတ်ပုံ ရင်းမြစ်, SOCIAL MEDIA

  16. ကျောက်ဆည်ရဲစခန်းတိုက်ခိုက်ခံရ, မြို့နယ်ရဲစခန်းတိုက်ခိုက်ခံရတာတွေဆက်ရှိနေ

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ထဲမှာရှိတဲ့ ကျောက်ဆည်စက်မှု ၁နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ ကျောက်ဆည် နဂါးနီပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်လာပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၁၀ရက်နေ့ညပိုင်းက ရဲစခန်းအနီးမှာ ဖြတ်သန်းသွားလာတဲ့ အသက် ၂၀ ဝန်းကျင်လူငယ်တစ်ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့အတွက်အခုလို ရဲစခန်းကိုပြန်လည်တိုက်ခိုက်ခဲ့တာလို့ ကျောက်ဆည် နဂါးနီပျောက်ကြားတပ်ဖွဲ့ကဆိုပါတယ်။

    ‘‘မတ်လ ၁၀ရက်နေ့ညပိုင်းက အသက် ၂၀ ဝန်းကျင်လောက်လူငယ်လေး ဆိုင်ကယ်နဲ့ဖြတ်သွားတာကိုပစ်ခတ်ခဲ့တာပါ။ လူငယ်လေးက စိတ်ကျန်းမာရေးသိပ်မကောင်းဘူး။ စာတွေဖတ်တာများပြီး သတိမေ့တဲ့အခါမေ့တယ်၊ သတိရတဲ့အခါရတယ်။ အဲ့ဒီကလေးရဲစခန်းနားမှာ ညဘက်ဆိုင်ကယ်နဲ့ဖြတ်သွားတုန်းအနောက်ကနေပစ်ခဲ့တာ။ ဒါကြောင့်အခုလိုတိုက်ခိုက်မှုပြန်လုပ်တာပါ။ ရဲတပ်သား ၁၂ ယောက်လောက်သေဆုံးတယ်လို့လောလောဆယ်သိထားရတယ်‘‘ လို့ ကျောက်ဆည်နဂါးနီပြောက်ကျားအဖွဲ့ကတာဝန်ရှိသူကပြောပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

    ဒါ့အပြင် မနေ့မတ်လ ၂၄ ရက်မှာလည်း မန္တလေးတိုင်းထဲက တောင်သာရဲစခန်းကို နယ်မြေခံ PDF တစ်ခုဖြစ်တဲ့ တောင်သာ PDF က ၄၀ (မမ) လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့အဖွဲ့ကထုတ်ပြန်လာပါတယ်။

    အလားတူ မနေ့မတ်လ ၂၄ မှာပဲ မကွေးတိုင်းရေစကြို မြို့နယ်ထဲ မြို့နယ်ရဲတပ်ဖွဲ့ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်မှုလုပ်ခဲ့ကြောင်းကိုလည်း သိမ်းဌက်ပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ လုံခြုံရေးကင်းစခန်းတွေနဲ့နယ်မြေခံရဲစခန်းတွေကို နယ်မြေခံ PDF တွေက တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေရှိခဲ့ ကြောင်းကိုလည်း စစ်ကောင်စီကသတင်းထုတ်ပြန်ထားခဲ့ပါတယ်။

    မတ်လ ၂၄ရက်နဲ့၂၅ ရက်အတွင်းက မန္တလေးတိုင်းနဲ့မကွေးတိုင်းထဲက ရဲစခန်းတိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်လို့တော့ စစ်ကောင်စီကသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    ကျောက်ဆည်ရဲစခန်း

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, ကျောက်ဆည်မြို့နယ်အတွင်းကရဲစခန်းတစ်ခု(ပုံဟောင်း)
  17. တာဝန်ခံအဖမ်းခံရပြီးနောက်ပိုင်း HIV/AIDS ဝေဒနာရှင်ကလေးငယ်တွေ ရဲ့ NAC ဂေဟာမှာ အခက်အခဲတွေရှိလာ

    ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြို့သစ်အရှေ့ပိုင်းမှာရှိတဲ့ HIV/AIDS ဝေဒနာရှင်ကလေးငယ်အများစုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ NURTURE AIDS CARE (NAC) စင်တာမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စင်တာမှာလက်ရှိတာဝန်ယူပေးနေသူတွေကပြောပါတယ်။

    ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုစဖြစ်ကတည်းက အလှူရှင်နည်းလာပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရာကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက စစ်ကောင်စီက ဂေဟာ တာဝန်ခံကိုလာရောက်ဖမ်းဆီးသွားပြီးနောက်ပိုင်းမှာတော့အခက်အခဲတွေပိုကြုံလာရတယ်လို့ဆိုပါတယ်။

    မတ်လ ၂ရက်နေ့ကဖမ်းဆီးသွားတဲ့ ကိုရာဇာကိုတော့ စစ်ကောင်စီကလက်ရှိမှာ အကြမ်းဖက်ပုဒ်မ ၅၀(ည) နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သက်ဆိုင်ရာရှေ့နေကပြောပါတယ်။

    N‌ARTURE AIDS CENTER (NAC)

    ဓာတ်ပုံ ရင်းမြစ်, N‌ARTURE AIDS CENTER (NAC)

    “ ကိုဗစ်နောက်ပိုင်းကတည်းက ခက်ခဲနေတာ၊ ရလာတဲ့ အလှူငွေနဲ့ရောဂါခံစားနေရသူတွေအတွက် သုံးရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်တွေ၊ အစားအသောက်စရိတ်တွေက မမျှတော့ဘူးဖြစ်နေတယ်။ အခုနောက်ပိုင်းလည်းအလှူရှင်သိပ်မရှိဘူး။ အလှူရှင်ရတဲ့ရက်တွေမှာအသားဟင်းကျွေးနိုင်တယ်။ အခုနှစ်ရှည်လများဦးဆောင်လာတဲ့ တာဝန်ခံကို ဖမ်းသွားတော့ ပိုခက်ခဲကုန်တယ်။ ဒါပေမယ့် ကျွန်တော်တို့လည်းကြိုးစားနေပါတယ်။ ကလေးတွေကလည်း သူတို့တာဝန်ခံအဘဘယ်တော့ပြန်လာမလဲမေးနေပြီ။ ကလေးတွေရော လူနာတွေရော ကိုရော စိတ်ဓါတ်မကျဖို့အားပေးထားရတယ်“ လို့စင်တာမှာလက်ရှိတာဝန်ယူပေးနေသူက ပြောပါတယ်။

    N‌ARTURE AIDS CENTER (NAC)

    ဓာတ်ပုံ ရင်းမြစ်, N‌ARTURE AIDS CENTER (NAC)

    NAC စင်တာမှာတော့ HIV/AIDS ဝေဒနာရှင်ကလေး အယောက် ၉၀ နဲ့လူကြီး အယောက် ၇၀ ရှိပြီး နှစ်လသားကလေးကနေ အသက် ၈၀ကျော်အထိ လက်ခံစောင့်ရှောက်ပေးထားတာပါ။

    လက်ရှိမှာလည်း ဂေဟာကို အသစ်လာရောက်ဖို့ချိတ်ဆက်နေတဲ့ ရောဂါဝေဒနာသည်တွေရှိနေပေမယ့်အခက်အခဲတွေကြုံနေရတာကြောင့် ကလေးငယ်တွေကိုသာဦးစားပေးလက်ခံနေရတယ်လို့စင်တာကပြောပါတယ်။

    NAC စင်တာကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ၂၀၁၀ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာတော့ စင်တာတည်ထောင်သူ ဒေါ်ဖြူဖြူသင်းဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင် ဖြစ်နေလို့ စစ်ကောင်စီကလိုက်လံဖမ်းဆီးတာတွေလုပ်ခဲ့သလိုနေအိမ်ကိုလည်း ချိပ်ပိတ်ခဲ့တာပါ။

    N‌ARTURE AIDS CENTER (NAC)

    ဓာတ်ပုံ ရင်းမြစ်, N‌ARTURE AIDS CENTER (NAC)

  18. စစ်ကောင်စီတပ်နဲ့ KNLA တပ်တို့အကြား ဒီကနေ့မနက်ပိုင်း ဖလူးရွာအနီးမှာတိုက်ပွဲပြင်းထန်

    KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ဒူးပလာယာ ခရိုင် ဝေါလေဒေသ ၊ မော်ခီးကျေးရွာရှိ မော်ခီးစခန်း ကိုပြန်လည် သိမ်းပိုက်ဖို့ စစ်ကူတက်လာတဲ့စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေကြား ဒီကနေ့ မတ်လ ၂၅ရက်မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

    မော်ခီးကျေးရွာရှိ စစ်ကောင်စီ စခန်းကုန်းကို KNU /KNDO /KNLA တပ်ရင်း (၂၀၁) ပူးပေါင်းအဖွဲ့က မတ် ၂၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့တဲ့နောက် အခုလို တိုက်ပွဲတွေပြင်းထန်ပြီး စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူဖို့ အင်အားတိုးချဲ့ ပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

    မြဝတီ - ဝေါလေလမ်းပိုင်းကနေစစ်ကူတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀၀ခန့်ရှိပြီး ဖလူးကျေးရွာအနီးမှာ မနေ့ကမတ်လ ၂၄ ရက် ညနေပိုင်းကတိုက်ပွဲစတင်ခဲ့တာလို့ ဆိုပါတယ်။

    '' စစ်ကောင်စီ တပ်တွေ က မြဝတီဂွင်က BGF တွေ နဲ့ ကော့ကရိတ် ဘက်က စစ်ကောင်စီ စစ်ကြောင်းတွေကိုပြန်စုပြီးမော်ခီး စခန်းကို ပြန်တိုက်ဖို့တက်လာတာပါ။ကရင်တပ်တွေနဲ့ဖလူး ရွာနားမှာတိုက်ပွဲဖြစ်နေတယ်။သူ့က အရပ်သားပုံစံ အရပ်သား ကားလေး တွေနဲ့လူခွဲတက်လာ တဲ့ပုံစံမျိုး နဲ့ စစ်ကူ တက်လာတာ။အခုမနက်ပိုင်းအထိတော့ ဖလူးရွာကို ကျော်ပြီးလာလို့မရသေးဘူး ၊ လက်နက်ကတော့ အကြီးအသေး၊အစုံပစ်ခတ်နေတုန်းပါဘဲ။လက်နက်ကြီးကသူတို့ ပစ်ကူပေးပေမယ့် မြေပြင်မှာတော့သူတို့စစ်ကူအဖွဲ့ တွေတိုးမလာနိုင်အောင်တော့တိုက်နေတယ်၊၂ဖက် ထိခိုက်တာ တွေ တော့ အတည်ပြုပြော လို့ မရသေးဘူး " လို့ တိုက်ပွဲနယ်မြေ အတွင်းရောက်သတင်းအရင်းအမြစ်ကပြောပါတယ်။

    မော်ခီး စစ်စခန်း တိုက်ပွဲကြောင့် ဒေသခံ စစ်ဘေးရှောင်တွေဟာ ထိုင်း - မြန်မာ နယ်စပ်ထိုင်းဘက်အခြမ်းအုန်းဖျန် ဒေသဘက် နဲ့ မြန်မာ ဘက်အခြမ်း စခန်းသစ် ၊ကလော့ထှော်၊ ဥကလိ့ထ ကျေးရွာ ဘက်တွေကို လူထောင်ချီ စစ်ဘေး ရှောင်နေရတယ်လို့ သိရပါတယ်။

    '' လေးကေကော် ဒေသ စစ်ရှောင် မိသားစုတွေကိုတော့ သောင်းရင်းမြစ်ဘေးနေရာတွေ ကနေ နေရာပြောင်းဖို့လိုမယ်ဆိုရင် ရွှေ့နိုင်အောင်အသင့်ပြင်ထားဖို့အသိပေးထားတယ်။သူတို့လည်း တိုက်ပွဲသံနဲ့နီးလာရင်နေရာ‌ ဖို့ ပြင် နေ ရင်း အခြေအနေ ကို စောင့်ကြည့် နေကြတယ် '' လို့ စစ်ရှောင် အရေး ကူညီနေသူတစ်ဦးက ပြောပါတယ်။

    KNU တပ်မဟာ၆ နယ်မြေ အတွင်း ကော့ကရိတ်၊ မြဝတီ၊ လေးကေကော်၊ ဆုံဆည်းမြိုင်၊ သေ့ဘောဘိုး၊ဝေါလေ ၊ကနဲလေး ဒေသ တစ်လျှောက်ကို စစ်ကောင်စီ တပ်တွေက အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတဲ့ ဖြစ်စဉ်ကြောင့်ဒေသတွင်း KNLA /KNDO ပူးပေါင်း တပ်တွေလည်း စစ်ရေး အရှိန်မြှင့်ကာ တပ်မဟာအလိုက် နယ်မြေ ကာကွယ်ရေးအတွက်အစုအဖွဲ့ အလိုက်စစ်ရေးပြင်ဆင်တိုက်ခိုက်နေကြတယ်လို့ဆိုပါတယ်။

    စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှု့ များကြောင့် အရပ်သား သေဆုံးဒဏ်ရာ ရမှုမြင့်တက် လာနေကာလေးကေကော် ဒေသစစ်ဘေးရှောင်တွေအပါအဝင်စစ်ဘေးရှောင်ဒေသခံဦးရေ တစ်သောင်းကျော်အထိရှိလာပြီလို့ သိရပါတယ်။

    မော်ခီးစခန်း ကိုပြန်လည် သိမ်းပိုက်ဖို့ စစ်ကောင်စီထိုးစစ်ဆင်လာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မော်ခီးစခန်း ကိုပြန်လည် သိမ်းပိုက်ဖို့ စစ်ကောင်စီထိုးစစ်ဆင်လာ
  19. ဒီးမော့ဆိုနယ်အတွင်းမှာ အရပ်သားအလောင်း ၃လောင်းထပ်တွေ့, အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်း အရပ်သားသေဆုံးမှု၂၃၅ ရှိလာ

    ကယား(ကရင်နီပြည်နယ်) ဒီးမော့ဆိုမြို့နယ်အတွင်းက စံပြ ၆မိုင်အနီး မှာ မနေ့မတ်လ ၂၄ ရက်က အရပ်သား ရုပ်အလောင်း ၃ခုတွေ့ခဲ့တယ်လို့KNDF B-09 ကထုတ်ပြန်လာပါတယ်။

    ဒီရုပ်အလောင်းတွေဟာပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူ ၅ ဦးထဲက ၃ ဦးရဲ့ရုပ်အလောင်းတွေဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ဒေသခံတွေရဲ့အလောင်းကို ဆက်လက်ရှာဖွေမှုတွေလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    တိုက်ပွဲတွေကြား အခုမတ်လအတွင်းမှာပဲ အရပ်သားသေဆုံးမှု ၁၄ ယောက်အထိရှိလာနေပြီး စစ်ဘေးတိမ်းရှောင်ရသူတွေလည်းထပ်တိုးလာတယ်လို့ ဒေသခံလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ အရပ်သားသေဆုံးမှု ၂၃၅ ယောက်အထိရှိနေပြီဖြစ်တယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က စစ်တမ်းကောက်ယူထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတဲ့ကယားပြည်နယ်ထဲမှာတော့ အခုမတ်လအထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးဒီလထဲမှာတင် တိုက်ပွဲပေါင်း ၃၀ ဝန်းကျင်လောက်ဖြစ်ခဲ့တယ်လို့KNDF ရဲ့တိုက်ပွဲသတင်းထုတ်ပြန်ချက်အရသိရပါတယ်။

    နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊လက်နက်ကြီးပစ်ကူတွေနဲ့ပစ်ခတ်မှုတွေလုပ်ခဲ့ပြီးတိုက်ပွဲမရှိတဲ့ ကျေးရွာတွေအနီးမှာပါ ဒီလိုပစ်ခတ်မှုတွေရှိခဲ့တယ်လို့ဒေသကာကွယ်ရေး တပ်တွေ ဘက်ထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ကယားပြည်နယ်တွင်းတိုက်ပွဲတွေနဲ့ ပတ်သက်လို့ အခုရက်အတွင်းသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ဒီးမော့ဆို

    ဓာတ်ပုံ ရင်းမြစ်, KNDF B09

  20. မြန်မာနိုင်ငံမှာလည်း ယူကရိန်းပြည်သူတွေ နည်းတူကြုံတွေ့နေရကြောင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြော

    မြန်မာနိုင်ငံမှာလည်း ယူကရိန်းပြည်သူတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နည်းတူ ကြုံတွေ့နေကြရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားလိုက်ပါတယ်။

    မတ်လ ၂၄ရက်က နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ ရဲ့ ယူကရိန်းနိုင်ငံ အပေါ် ကျူးကျော်မှုဆိုင်ရာ အရေးပေါ်အထူးအစည်းအဝေး မှာ အဲဒီလိုထည့်သွင်းပြောကြားခဲ့တာလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်လာတာပါ။

    စစ်တပ် က ပြည်သူတွေ နဲ့ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့်ပြစ်မှုတွေလုပ်နေတာအပြင် အင်အားအလွန်အကျွံအသုံးပြု တိုက်ခိုက်မှုတွေရှိနေတယ်လို့လည်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောကြားခဲ့ကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ကိန်းဂဏန်းတွေအရ စစ်တပ် နိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ (၉) သိန်းခန့်ရှိလာပြီဖြစ်ပြီး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အထူးလိုနေအပ်နေသူ ၆ ဒသမ ၂ သန်းခန့် ရှိနေပြီဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာမလုံလောက်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဦးကျော်မိုးထွန်းကထည့်သွင်းပြောကြားခဲ့တာပါ။

    ယူကရိန်းနိုင်ငံ က တင်သွင်းတဲ့ '' ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲအကျိုးဆက်များ” ခေါင်းစဉ်နဲ့ အဆိုပြုတင်သွင်းတဲ့ အဆိုပြုမူကြမ်းကို မြန်မာနိုင်ငံက ပူးတွဲအဆိုရှင်အဖြစ်ပါဝင်ထောက်ခံမဲပေးခဲ့သလို ယူကရိန်းရဲ့ ရပ်တည်ချက်ကို အလေးထားပြီး အဲဒီနိုင်ငံကပြည်သူတွေရဲ့ အသံကိုလည်း အလေးဂရုပြုကြောင်းလည်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

    ဓာတ်ပုံ ပုံစာ, အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း