အာရှလမ်းမှာ ကုန်ကားသွားလာခွင့် ၃ ရက်ပိတ်မယ်

လမ်းပိတ်ထားလို့ ဘားအံ-ကော့ကရိတ် လမ်းတစ်လျှောက်မှာ ကုန်ကားအစင်းရေ ရာချီနဲ့ရပ်နား စောင့်ဆိုင်း နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လမ်းပိတ်ထားလို့ ဘားအံ-ကော့ကရိတ် လမ်းတစ်လျှောက်မှာ ကုန်ကားအစင်းရေ ရာချီနဲ့ရပ်နား စောင့်ဆိုင်း နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်
ရေးသားခဲ့သည်။

ကရင်ပြည်နယ်ထဲက မြဝတီ-ကော့ကရိတ်၊ အာရှလမ်းတိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ တောနော်ချောင်းတံတားကို ပြင်ဆင်ဖို့ အာရှလမ်းမှာ ကုန်ကားသွားလာခွင့်ကို ၃ ရက်ကြာပိတ်ထားမယ်လို့ သိရပါတယ်။

မတ်လ ၁၁ ရက်တိုက်ပွဲအတွင်း မိုင်းခွဲကိုက်ခံလိုက်ရတာကြောင့် တောနော်ချောင်းတံတားရဲ့ အောက်ခြေတိုင် ၂ တိုင်ပျက်စီးခဲ့တာဖြစ်ပြီး အဲဒီအစား ဘေလီတံတားထိုးဖို့ ယာဉ်သွားလာခွင့် ရက်ကန့်သတ်လိုက်တာဖြစ်တယ်လို့ လည်း ကရင်ပြည်နယ်ဆောက်လုပ်ရေးဌာန၊ အာရှလမ်းပိုင်း ပြုပြင်ရေးအဖွဲ့ဆီကနေ သိရပါတယ်။

''ဘားအံ-မြဝတီ အာရှလမ်းပိုင်းရဲ့ ၁၃၅ ကီလိုမီတာနဲ့ ၁၃၆ ကီလိုမီတာကြားက တောနော်ချောင်းတံတာပေါ့။ မိုင်းခွဲ ခံရတာမှာ အောက်ခြေ တိုင် ၂ ခု ပျက်စီးတယ်။ ဒါကို ပြည်နယ်ဆောက်လုပ်ရေးဌာနက သံဘောင်ဘေလီ ယာယီ ထပ်ပိုးတံတားဆင်မယ်။ အောက်က ပြင်မယ်။ လုံခြုံရေးကတော့ စိတ်မချရဘူး။ လုပ်ရမရတော့ မသိသေးဘူး။ တောဘက်ရော၊ တပ်ဘက်ရော ၂ဖက်စလုံး က တိုက်ပွဲတွေ ဖြစ်နေတာဆိုတော့ ပစ်ခတ်သံက ကြားနေရတယ်''လို့ ဟု သံဘောင်ဘေလီတံတားထိုးဖို့လုပ်ဆောင်နေတဲ့အဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

အာရှလမ်းသစ်ဖြစ်တဲ့ မြဝတီ-ကော့ကရိတ်-ဒေါနတောင် ဖြတ်လမ်းဟာ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ ဆောက်လုပ်ရေးပစ္စည်း၊ လောင်စာဆီ၊ အခြေခံစားသောက်ကုန်၊ ဆေးဝါးနဲ့စက်ပစည်းတွေ၊ သားငါးကုန်စည်တွေ သယ်ဆောင်တဲ့အဓိကလမ်းပိုင်း ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ ၆ နဲ့ ၇ နယ်မြေအကြား ဖောက်လုပ်ထားတဲ့ အဲဒီအာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ်၊စစ်ကောင်စီလက်အောက်က ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့တွေနဲ့ KNLAပူးပေါင်းတပ်တို့ကြား လမ်းပိုင်းထိန်းချုပ်နိုင်ရေး ၂ ဖက် တိုက်ပွဲတွေ မနေ့ မတ်လ ၁၃ ရက်ညပိုင်းအထိ ဆက်ဖြစ်နေဆဲဖြစ်ပါတယ်။

''ဒီနေ့တော့ တံတားပြင် မယ်ပြောသံကြားရတယ်။ ကျနော့်တို့ လိုင်းကားအသေးတွေကတော့ တံတားရှောင်လမ်းကနေအတက်အဆင်းသွားလို့ရတယ်လို့ သိရတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ ၁၂ ရက်နေ့က ဆို စစ်တပ်က ကားတွေ တားတာ ရပ်မပေးလို့ ကားပေါ်က လူတွေ ဆင်းခိုင်းပြီး မီးရှို့တာ ၄ စီးတောင် ဆိုတော့ ကိုယ့် ကားနဲ့ ဆံ လို့ တစ်ခုခုလုပ်ခံရမှာကြောက်တယ်။ ကျွနျနော်တို့တော့ အခြေအနေကြည့်ဦးမယ်။ ဘားအံဘက်တော့ ပြန်မဆင်းသေးဘူး''လို့ လိုင်းကားသမားတစ်ဦးကပြောပါတယ်။

အဲဒီအာရှလမ်း တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး ဇုန် ၂ (ချစ်ကြည်ရေးတံတား အမှတ်၂ ) မှာ ထိုင်းဘက်က သွင်းကုန် ကုန်စည်ကားတွေ မြန်မာပြည်ဘက်ဝင်ဖို့ စောင့်ဆိုင်းနေရပြီး၊ မြန်မာဘက်ကနေ ထိုင်းကို တင်သွင်းနေတဲ့ပြောင်း၊ ဆန်ကုန်စည်ကားများ ဘားအံ-ကော့ကရိတ် လမ်းတစ်လျှောက်မှာ အစင်းရေ ရာနဲ့ချီ ရပ်နား စောင့်ဆိုင်းနေကြရတယ်လို့ ကော့ကရိတ်ဒေသခံတွေကပြောပါတယ်။