မြန်မာကို လေယာဉ်ကအစ စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ အကြီးအကဲကပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာကို လေယာဥ် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရုရှားက ပေးဖို့ရာ လုပ်ဆောင် နေတယ်လို့ မော်စကိုက လာတဲ့ သတင်းတွေက ဆိုပါတယ်။
“စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးဖို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိနေပါတယ်။ လေယာဥ်လည်း ပါဝင်ပါတယ်” ဆိုပြီး ရိုဆိုဘိုရိုနက်စပေါ့ Rosoboronexportလက်နက်ပွဲစား ကုမ္ပဏီရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်က ပြောကြောင်း ကြားသိရပါတယ်။
အဲဒီ ကုမ္ပဏီဟာ ရုရှား အစိုးရအောက်မှာ ရှိပြီး ပြည်ပကို ရုရှားရဲ့ စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့မှုအားလုံးကို တာဝန်ယူဖို့ရာ သမ္မတပူတင်က အမိန့်စာ ထုတ်ထားပါတယ်။
အခုသီတင်းပတ်ထဲမှာပဲ ရုရှားမှာ နှစ်စဥ်လုပ်လေ့ရှိတဲ့ နိုင်ငံတကာ MAKS လေယာဥ်ပြပွဲ ရှိနေခဲ့တာမှာ ရုရှားကထုတ်တဲ့ နောက်ဆုံးပေါ် တိုက်လေယာဥ်ကအစ ထုတ်ပြခဲ့ပြီး သမ္မတပူတင်လည်း လာပြီးကြည့်ပါတယ်။
အဲဒီ ပြပွဲမှာ လက်နက်တင်ပို့ရေး တာဝန်ခံ အလက်ဇန်ဒါ မီခေးဗ်က မြန်မာကို လေယာဥ်တွေ အပါအဝင် စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ပြောကြောင်း မော်စကို အခြေစိုက် အစိုးရနဲ့ မသက်ဆိုင်တဲ့ သတင်းဌာန အင်တာဖက်စ်က ရေးပါတယ်။
ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နောက်ဆုံးချမှတ်ထားတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်တွေထဲ ပါဝင်တဲ့ မြန်မာပြည်ထဲ လက်နက်စီးဝင်မှု တားဆီးရေး ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။
အဲဒီ ရုရှားကုမ္ပဏီ ရိုဆိုဘိုရိုနက်စပေါ့ကို အီရန်ကို လက်နက်ရောင်းလို့ ဆိုပြီး အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ဖူးပါတယ်။
အခု မြန်မာပြည်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးမယ်လို့ ရိုဆိုဘိုရိုနက်စပေါ့ရဲ့ အကြီးအကဲက ပြောလာတာ ဖြစ်ပြီး၊ လေယာဥ်ပါဝင်တယ်လို့ ပြောတာကလွဲပြီး ဘာအမျိုးစားလဲ၊ ဘယ်နှစ်စင်းလဲ၊ တခြား ဘာလက်နက်တွေ စစ်သုံးပစ္စည်းတွေ ပါသေးလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မသိရသေးပါဘူး။
လုံခြုံရေးဆိုင်ရာ မော်စကို ကွန်ဖရင့်စ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ပြီးခဲ့တဲ့ လတုန်းက သွားခဲ့တုန်းကတော့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူးက မြန်မာနဲ့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမယ် ဆိုပြီး ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images



















