
ဓာတ်ပုံ ရင်းမြစ်, CJ
ကရင်နီ(ကယား)ပြည်နယ်ထဲမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေရှိနေချိန်မှာပဲ တကျော့ပြန်တိုက်ပွဲတေွကြောင့် စစ်ရှောင်တွေထပ်တိုးလာတဲ့အတွက် စစ်ဘေးတိမ်းရှောင်သူတွေ စားနပ်ရိက္ခာရဖို့နဲ့ဆေးဝါးကုသနိုင်ဖို့ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေနဲ့အကူညီတွေလိုအပ်နေတယ်လို့
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်ကပြောလာပါတယ်။
"စစ်ကောင်စီဘက်ကလည်း နယ်မြေရှင်းလင်းရေးတွေတောက်လျှောက်လုပ်နေတယ်။ ဒေသခံတပ်ဖွဲ့တွေ KNDF ဘက်ကလည်း ဒီလိုဆိုအချိန်မရွေးတိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ပြောလာတဲ့အတွက် တိုက်ပွဲတွေကလည်း ဆက်ဖြစ်နေမှာ၊ စစ်ရှောင်တွေကလည်းထပ်တိုးလာမှာပါ။ ကျွန်တော်တို့ကရင်နီပြည်နယ်ထဲမှာဆိုရင် ဖေဖော်ဝါရီလအာဏာသိမ်းပြီးကတည်းက
နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးထွက်သွားကြတာ။ သူတို့အနေနဲ့စစ်ဘေးရှောင်တွေကိုကူညီဖို့ စစ်ကောင်စီကိုဖိအားပေးစေချင်တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ညှိနိူင်းပြီး နယ်စပ်ဖြတ်ကျော်အကူညီအထောက်ပံ့တွေ ပေးစေချင်တယ်လို့ " ကရင်နီလူမှုအဖွဲ့အစည်းများကွန်ယက်က ကိုခူးရယ်ကဘီဘီစီကိုပြောပါတယ်။
လက်ရှိကရင်နီ(ကယား)ပြည်နယ်အတွင်းမှာ ဖြစ်ခဲ့တဲ့ နှစ်ဖက်ပစ်ခတ်မူတွေကြောင့် ထပ်တိုးစစ်ရှောင်တွေရှိလာတဲ့အတွက်စစ်ရှောင်ဦးရေ ၁၁၈,၀၀၀ ကျော်လာပြီလို့ ကရင်နီလူမှုအဖွဲ့အစည်းတွေရဲ့ကောက်ယူရရှိထားတဲ့စာရင်းအရ သိရပါတယ်။
ဒါ့ပြင် ကရင်နီပြည်နယ်ထဲမှာ စစ်ဘေးတိမ်းရှောင်ဖို့နေရာသတ်မှတ်ချက်မရှိဘဲ ဘေးလွတ်ရာတောတွေထဲပြေးနေရတာဖြစ်တဲ့အတွက် နှစ်ဖက်ပစ်ခတ်မူတွေမလုပ်နိုင်တဲ့ တရားဝင်စစ်ရှောင်နယ်မြေ တွေသတ်မှတ်ပေးဖို့လိုတယ်လို့ဒေသခံလူမှုကူညီကယ်ဆယ်ရေးလုပ်ပေးနေသူတွေကပြောပါတယ်။
"ဘယ်ဘက်ကမှလာမပစ်နိုင်တဲ့ လုံခြုံဘေးကင်းရာနယ်မြေ (safe zone)တစ်ခုလိုတယ်။ တိုက်ပွဲတွေကထပ်ဖြစ်မှာပဲ။ ဒါတွေအတွက်ပြင်ဆင်ထားဖို့လိုတယ်။ နိုင်ငံတကာအဖွဲ့စည်းတွေကပဲဖြစ်ဖြစ်ဝင်ရောက်ကူညီပြီး စစ်ရှောင်တွေအတွက် တရားဝင်စစ်ရှောင်စခန်းတွေ တကယ်ကိုလိုအပ်နေပါတယ် " လို့ဖရူဆိုမြို့ကလူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်က ဘီဘီစီကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၁ ရက်နေ့စပြီး ကရင်နီပြည်နယ်အတွင်းမှာစစ်ကောင်စီနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား အပြန်လှန်ပစ်ခတ်မူတွေဖြစ်ခဲ့ပြီး ဒီမောဆို့မြို့နယ်အနီးမှာရှိတဲ့ကျေးရွာတွေကလူဦးရေ တသိန်းလောက်စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ။
စစ်ရှောင်အရေတွက်တွေများလာပြီးအခက်ခဲတွေရှိလာတာကြောင့်ဒေသခံတွေဘာသာရေးအဖွဲ့အစည်းတွေနဲ့လူမှုရေးအဖွဲ့အစည်းတွေရဲ့ ညှိနိူင်းမူတွေကြောင့်အပစ်ရပ်ခဲ့ရာကနေဇူလိုင်လထဲမှာ တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာတာပါ။
လက်ရှိအချိန်မှာ ကရင်နီပြည်နယ်ထဲက ကျေးရွာတချို့ကလူတွေ နေရပ်ပြန်နေထိုင်ကြာတာရှိပေမဲ့ အများစုကေတော့ ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တာကြောင့် ဆေးဝါးနဲ့ရိက္ခာလိုအပ်ချက်တွေရှိတဲ့အပြင်စစ်ရှောင်တွေအတွက်ကုသပေးဖို့ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်တွေလည်းရှိနေတယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေက ပြောပါတယ်။
ဒါ့အပြင် လက်ရှိကယားပြည်နယ်ထဲမှာကိုဗစ်ကူးစက်မူနူန်းမြင့်တက်နေတာကြောင့် စစ်ရှောင်စခန်းတွေထိ ရောဂါကူးစက်မူတွေဖြစ်လာမှာကိုလည်းစိုးရိမ်နေတဲ့အကြောင်းဒေသခံလူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ပြောဆိုကြပါတယ်။