
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကိုဗစ်ကြောင့် သေဆုံးသူတွေရဲ့ နာရေး၊ မန္တလေး ဇူလိုင် ၁၄ ၂၀၂၁။မြန်မာနိုင်ငံမှာ လက်ရှိ ကြုံတွေ့နေရတဲ့ ကိုဗစ်ရောဂါ ပြဿနာဟာ အင်မတန်ဆိုးရွားတဲ့ အခြေခံ အကြောင်းချင်းရာတွေ ပေါင်းစုံပြီး ရိုက်ခတ်လာတဲ့ “မုန်တိုင်းကြမ်း” ဖြစ်တယ်လို့ ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာပြည် လူ့ အခွင့်အရေး ဆိုင်ရာ အထူး သံတမန် တွမ်အင်ဒရူးစ်က ပြောပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာကနေ အရေးပေါ် အကူအညီတွေ ပေးကြဖို့ မစ္စတာ အင်ဒရူးစ်က ပန်ကြားလိုက်ပါတယ်။
မြန်မာပြည်ရဲ့ ကိုဗစ် ပြဿနာ ပိုနက်ရှိုင်းနေစေတာဟာ ကူးစက်မြန် ဒယ်လ်တာ ဗေးရီးယဲန့် မျိုးကွဲ ပျံ့နှံ့ပြီး ကူးစက် ခံရသူ အရေအတွက် ပေါက်ကွဲထွက်လာတာ သက်သက်မျှ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ်က ထောက်ပြပါတယ်။
“မြန်မာပြည်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်က ပြိုကျနေတယ်။ တခါ၊ လူတွေက စစ်အာဏာရှင်နဲ့ ပတ်သက်ရင် ဘာဆိုဘာမှ လက်မခံပဲ၊ အယုံအကြည် ကင်းမဲ့မှုကလည်း အတော်လေး နက်နက်ရှိုင်းရှိုင်း ရှိနေတယ်။ ဒီ အခြေအနေတွေဟာ ကိုဗစ် ပြဿနာကို ပိုမို ဆိုးရွားသွားစေတယ်” လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။
“နိုင်ငံတကာရဲ့ အရေးပေါ် အကူအညီတွေသာ ရမလာဘူးဆိုရင် မြန်မာပြည်မှာ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက် အများကြီးများလာလိမ့်မယ်” လို့လည်း မစ္စတာ အင်ဒရူးစ်က သတိပေးပါတယ်။
အာဏာသိမ်းစစ်ကောင်စီထံမှာ ကိုဗစ်ကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ရာ ဘယ်လို ရင်းမြစ်မျိုး၊ အစွမ်းအစမျိုးမှ ရှိမနေတဲ့ အပြင်၊ တိုင်းပြည်ရဲ့ အစိုးရအဖြစ် တရားဝင်မှုလည်း ရှိမနေဘူးလို့ ကုလ လူ့အခွင့်အရေး သံတမန်က ဆိုပါတယ်။
စစ်အာဏာသိမ်းမှု မဖြစ်သေးခင်လေးမှာတင် ကိုဗစ်ကိုင်တွယ်ရေး အတွက် မြန်မာပြည်ကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF က အမေကန် ဒေါ်လာ သန်း ၃၅၀ ထောက်ပံ့ထားတာကို အာဏာသိမ်း စစ်တပ်က ဘယ်နေရာတွေမှာ သုံးစွဲနေလဲ ဆိုပြီးတော့လည်း မစ္စတာ အင်ဒရူးစ်က မေးခွန်းထုတ်ပါတယ်။
“IMF က ထောက်ပံ့ထားတဲ့ ငွေတွေအတွက် စစ်ကောင်စီမှာ တာဝန်ခံမှု ရှိရမယ်။ အခုလည်း နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ အာဏာသိမ်း စစ်ကောင်စီ အပါအဝင် နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ဘယ် အဖွဲ့အစည်းမျိုးတွေ ကနေမှ တစ်ဆင့် မဟုတ်ဘဲ ကိုဗစ် တုံ့ပြန်ရေးတွေ လုပ်ဆောင်ပေးပါ။ မြန်မာပြည်သူတွေ ယုံကြည် စိတ်ချမှု ရှိတဲ့ ကာကွယ်ဆေး ထိုးနှံရေး အစီအစဥ်တွေလည်း ဖော်ဆောင် ပေးဖို့ လိုတယ်” ဆိုပြီး မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။
မြန်မာပြည် ကိုဗစ်အရေး တွမ်အင်ဒရူးစ် အခုလို ပြောထားတာတွေကို လူသားချင်း စာနာနားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးအပ်တဲ့ ကုလအဖွဲ့ ဖြစ်တဲ့ ယူအဲန်အိုချာက ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲ လတ်တလော ကြုံတွေ့နေရတဲ့ အောင်ဆီဂျင် မရရှိနိုင် ဖြစ်နေရတဲ့ အခြေအနေ အပါအဝင် တခြား ကျန်းမာရေး ဆိုင်ရာ အရင်းအမြစ်တွေ မပြည့်မစုံ မလောက်မင ဖြစ်နေရတာတွေက လူ သေဆုံးမှုတွေ ဖြစ်နေစေတယ် ဆိုပြီး တွမ် အင်ဒရူးစ်က အဲဒီထုတ်ပြန်ချက်ထဲ ပြောထားတာ တွေ့ရပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဥ်းသားတွေ ထောင်နဲ့ချီ ရှိနေတဲ့ အကျဥ်းထောင်တွေထဲ လူတွေ ပြွတ်သိပ်နေပြီး ကိုဗစ်ဒဏ် အဆိုးဆုံး ခံရနိုင်တဲ့ နေရာတွေ ဖြစ်တယ်လို့လည်း မစ္စတာ အင်ဒရူးစ်က ဆိုပါတယ်။
“စစ်အာဏာသိမ်းပြီး ဥပဒေမဲ့ ဖမ်းဆီးခံထားရသူတွေဟာ အခုဆို အသက် အန္တရာယ် စိုးရိမ် နေရပြီ။ အထူးသဖြင့် ရောဂါအခံ ရှိသူတွေ ထောင်ထဲ အခုအချိန် နေရတာဟာ သေဒဏ်အချခံရသလိုပဲ” ဆိုပြီး မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မြန်မာပြည်ထဲ ကူးစက်မြန် ဒယ်လ်တာ မျိုးကွဲ ပျံ့နှံ့နေ