ကိုဗစ် ကူးစက်မှု တိုးမြင့်နေတဲ့ကြားက ပရဟိတ သမားတွေ ဆုံးရှုံးနေ, ပရဟိတသမားတွေ ထောင်ချခံထားရ ၊ ၅၀၅ နဲ့ တရားစွဲခံထားရလို့ပြေးနေရချိန်မှာ သေဆုံးမှုတွေလည်းရှိနေ
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ မန္တလေးတိုင်း ဒေသကြီး ရုံးက ပရဟိတ သမား ကိုစွမ်းပြည့်အောင် ဟာ ဇူလိုင်လ ၁၆ရက် ညနေ၄နာရီခွဲက ကွယ်လွန်သွားပါပြီ။
နိုင်ငံတဝန်း ကိုဗစ် ၁၉ ကူးစက်မှုဒဏ် အကြီးအကျယ် ခံနေရချိန်မှာ လူမှုကယ်ဆယ်ရေးသမားတယောက် ဆုံးရှုံးသွားတာဟာ လူအသက်ပေါင်းများစွာ ကယ်တင်ဖို့ ကိစ္စတွေ အပေါ် အများကြီး သက်ရောက်မှု ရှိခဲ့တယ်လို့ သူနဲ့ အတူ ပရဟိတ လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း ဝေး လံခေါင်ဖျား အရပ်က စစ်ရှောင်ပြည်သူတွေကို သွားရောက် ကူညီပေးရာက အပြန်မှာ ပင်ပန်းတဲ့ဒဏ် ၊ အားနည်းတဲ့ ဝေဒနာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ပြီးခဲ့တဲ့ ၁၀ရက်လောက်စပြီး ကိုစွမ်းပြည့်အောင် အိပ်ယာထဲ လဲနေခဲ့တာပါ။
သူနဲ့အတူ ဖျားနာတဲ့ သူငယ်ချင်း နှစ်ယောက်က နေပြန်ကောင်းလာခဲ့ပေမယ့် ကိုစွမ်းပြည့်အောင် ကတော့ အောက်စီဂျင် ကျပြီး ဆုံးပါးသွားတာလို့ သူ့လုပ်ဖော်ကိုင်ဖက် တယောက်က ပြောပါတယ်။
သူမကွယ်လွန်ခင် ၂ပတ်လောက်ကတော့ ကိုဗစ် ၁၉ စစ်ဆေးခဲ့ရာမှာ ပိုးမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်း မန္တလေးက ပစ်ခတ်မှုတွေ အတွင်း ဒဏ်ရာရ လူနာတွေကိုကျည်ဆန်ကြားက ကယ်ထုတ် ၊ ကိုဗစ် ဒုတိယလှိုင်းမှာ လူ့အသက်ပေါင်းများစွာ ကယ်တင်ခဲ့တဲ့ ကိုစွမ်းပြည့်အောင် နာမကျန်း ဖြစ်နေချိန်မှာ ဘယ်ဆေးရုံ ဆေးခန်းကိုမှ ပို့ပြီးကုသခွင့် မရခဲ့တဲ့ အပေါ် အလွန်အမင်း စိတ်ထိခိုက်ရတယ်လို့ သူ့မိတ်ဆွေ တယောက်က ပြောပါတယ်။
သူကွယ်လွန်သွားတာဟာ လူမှုကယ်ဆယ်ရေး အကြီးအကျယ် လုပ်ဆောင်နေတဲ့ သူတို့ အသင်းကြီး အတွက် လက်မောင်းတဖတ်ပြုတ်သွားသလို ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ကိုစွမ်းပြည့်အောင် ဟာ ကွယ်လွန်ချိန်မှာ အသက် ၃၀ ခန့်ရှိပြီး ပရဟိတ လူမှုကူညီရေး လုပ်ငန်းတွေကို လွန်ခဲ့တဲ့ ၁၀စုနှစ် အတွင်း အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။
အခုလဆန်းပိုင်းတုန်းကလည်း အားမာန်ပရဟိတအသင်းက အသင်းသား ပရဟိတ သမား ၂ယောက်ဟာ ကိုဗစ်ကူးစက်ခံ ပြည်သူတွေ အတွက် ကာကွယ်ကူညီရင်း အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cJ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ရင်းမြစ်, CJ



















