ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ဆေးအလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သြဂုတ် ၁ ရက် ထိ အလုပ်ပိတ်ရက် တစ်ပတ် ထပ်တိုးတယ်လို့ ကြေညာ

    ကိုဗစ်-၁၉ကူးစက်မှုထိန်းချုပ်ရေးအတွက်အများပြည်သူအလုပ်ပိတ်ရက်ရက် သတ်မှတ်ထားတာကို နောက်ထပ် တစ်ပတ် ထပ်တိုးတယ်လို့ ဒီကနေ့ စစ်ကောင်စီ မီဒီယာတွေကနေ ကြေညာပါတယ်။

    ဇူလိုင် ၂ ၆ ရက်ကနေ သြဂုတ် ၁ ရက် အထိ ပိတ်ရက်တိုးမြှင့်တာဖြစ်ပြီး ကိုဗစ်ရောဂါထိန်းချုပ်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အခုလို ပိတ်ရက် ထပ်တိုးတာလို့ အဲဒီ ကြေညာချက်က ဆိုပါတယ်။

    ကိုဗစ်ကူးစက်မှုတွေ တိုးမြင့်လာတဲ့ တတိယလှိုင်း အတွင်း ရောဂါကွင်းဆက် ဖြတ်တောက်ဖို့ ဇူလိုင် ၁၇ ရက်ကနေ ၂၅ ရက်အထိ ပိတ်ရက်ရှည် သတ်မှတ်ထားတာကို အခုလို ထပ်တိုးခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ကိုဗစ်ကူးစက်မှုတွေကြားက ဇွန်လဆန်းမှာ ဖွင့်ခဲ့တဲ့ အခြေခံပညာကျောင်းတွေကိုလည်း ဇူလိုင် ၉ ရက်ကနေ စပြီး နှစ်ပတ် ပြန်ပိတ်ခဲ့ရာက နောက်ထပ် နှစ်ပတ် သြဂုတ် ၈ ရက် အထိ ထပ်ပိတ်ထားခဲ့ပါတယ်။

    ပိတ်ရက်တွေ သတ်မှတ်ပေမဲ့ ရန်ကုန်နဲ့ မန္တလေးအပါအဝင် နိုင်ငံအနှံ့မြို့တွေမှာ ဆေးရုံတွေမှာ ကိုဗစ် ကူးစက်ကုသရေး အခက်အခဲတွေကြောင့် ကိုယ်တိုင် အောက်ဆီဂျင် ရှာဖွေတန်းစီရတာ စတာတွေ လုပ်ဆောင်နေရတောကြောင့် သီးခြားခွဲနေရေး၊ လူအများနဲ့ ခပ်ခွာခွာနေရေးတွေ ခက်ခဲနေပါတယ်။

    သြဂုတ် ၁ ရက် ထိ အလုပ်ပိတ်ရက် တစ်ပတ် ထပ်တိုးတယ်လို့ ကြေညာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  2. အင်းစိန်ထောင်ထဲက ဆန္ဒထုတ်ဖော်မှု အမျိုးသမီးသီးသန့်ဆောင်က စခဲ့တယ်လို့ဆို

    ဒီကနေ့အင်းစိန်ထောင်တွင်းက ဆန္ဒထုတ်ဖော်မှုဟာ အမျိုးသမီးသီးသန့်ဆောင်ဘက်က စတင်ခဲတာဖြစ်ပြီးအကျဉ်းဦးစီးဌာနက ဝန်ထမ်းတချို့လည်း ဒီကနေ့ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ခဲ့တယ်လို့ ထောင်ဝန်ထမ်းတွေရဲ့ပြောပြချက်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က အရေးပေါ်ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေငြာပါတယ် ။

    ဒီနေ့ဇူလိုင် ၂၃ ရက်မနက် ၉နာရီဝန်းကျင်လောက်က ရန်ကုန်အင်းစိန်အကျဉ်းထောင်ထဲမှာ ဆန္ဒပြကျွေးကြော်သံတွေ ထွက်ပေါ်လာခဲ့ပြီး အင်းစိန်အကျဉ်းထောင်ရဲ့ သီးသန့်အဆောင်ဘက်က ထွက်ပေါ်လာတဲ့အသံတွေ ဖြစ်တယ်လို့ အနီးနားပတ်ဝန်းကျင်နေသူတွေက ပြောဆိုပါတယ် ။

    " သီးသန့်ထောင်ဘက်နေစတာဆိုတာတော့ အတည်ပြုလို့ရတယ် ။ ထောင်ထဲက ကိုဗစ်အခြေအနေ ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ပတ်သတ်လို့ကတော့ တကယ်ဖြစ်နေတာတွေလည်း ရှိတယ်။သတင်းမှားတွေလည်းရှိတယ် ။ ဒါပေမယ့်ခက်တာက ထောင်ဘက်က ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သတ်ပြီး သေသေချာချာသတင်းထုတ်ပြန်တာမျိုးမရှိဘူးလို့ " ထောင်တွင်းအမှုတွေမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ရန်ကုန် အင်းစိန်အကျဥ်းထောင်က ပြောရေးဆိုခွင့်ရှိသူတွေကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမယ့် အခုထိ ဆက်သွယ်လို့ မရသေးပါဘူး။

    လက်ရှိမှာ အင်းစိန်အကျဉ်းထောင်ထဲက အမျိုးသမီးသီးသန့်ဆောင်တွေမှာ ကိုဗစ်ရောဂါ အခြေနေဆိုးဝါးစွာ ဖြစ်ပေါ်နေပေမဲ့ ထောင်အာဏာပိုင်တွေက လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးဘဲအထူးတိုက်နဲ့ဆေးရုံမှာသာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ် ။

    ဒါ့အပြင်ဇူလိုင် ၂၂ ရက်နေ့မှာ နိုင်ငံရေးပြစ်မှုတွေမပါဝင်ဘဲ တခြားသောပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား တစ်ထောင်ကျော်ကို အင်းစိန်ထောင်ကနေ အသုတ်လိုက်ခွဲပြီး လွှတ်ပေးနေတဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့်လည်း အခုလို ဆန္ဒပြမူတွေ ဖြစ်ပေါ်လာတာဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

    ဒီဖြစ်စဥ်တွေနဲ့ပတ်သတ်လို့ အကျဉ်းသားတွေရဲ့ဆန္ဒထုတ်ဖော်မှုကို ငြိမ်းချမ်းစွာကိုင်တွယ်ဖို့နဲ့ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှုတွေကို စနစ်တကျပေးဖို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်နေ့မှာပဲမြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံတကာသံရုံး ၁၄ ခု က သံအမတ်နဲ့ သံအရာရှိတွေ စုပေါင်းပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

    အင်းစိန်ထောင်ထဲက ဆန္ဒထုတ်ဖော်မှု အမျိုးသမီးသီးသန့်ဆောင်က စခဲ့တယ်လို့ဆို
  3. မန္တလေးမှာ နေအိမ်မှာ သေဆုံးတဲ့ ကိုဗစ်အလောင်းတွေ သင်္ဂြိုဟ်ဖို့ ဘယ်လိုအခက်တွေ့နေရလဲ

  4. မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အသစ်ခန့်အပ်

    လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မစ္စတာ ဒန်ချက်နေရာမှာ မစ္စတာပိဗို့ဇ်ကိုခန့်အပ်လိုက်တယ်လို့ သံရုံးစာမျက်နှာကနေ ကြေညာပါတယ်။

    သံအမတ်သစ်က သြဂုတ်လမှာ စတင်တာဝန်ထမ်းဆောင်မယ်လို့ ဖော်ပြထားပါတယ်။

    မစ္စတာ ဒန်ချက်က နောက်ထပ် အခြားသော သံတမန်ရေးရာကိစ္စရပ်တွေကို ထမ်းဆောင်ဖို့ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ သံရုံးက ထုတ်ပြန်ပါတယ်။

    ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်သစ် ခန့်အပ်ကြောင်း ကြေညာစာမှာတော့ မစ္စတာဗို့ဇ်ရဲ့ ကိုယ်ရေးအကျဥ်းနဲ့ အာရှနိုင်ငံတွေမှာ ထမ်းဆောင်ခဲ့ဖူးတဲ့ တာဝန်တွေကို ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး အသစ်ခန့်အပ်

    ဓာတ်ပုံ ရင်းမြစ်, gov.uk

  5. ကျောက်တော်မှာ NGO ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရကြောင်း မိသားစုပြော

    ရခိုင်ပြည်နယ် ကျောက်တော်မြို့ခံလူငယ်တစ်ဦးဖြစ်တဲ့ ကိုစောထွန်း ခေါ် ကိုဇော်ဇော်ဌေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက် နေ့လယ်ပိုင်းမှာ လူတစ်စုရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ကိုစောထွန်းဟာ အဲ့ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ နေအိမ်ကနေ ကွမ်းယာဝယ်ဖို့အတွက် ထွက်သွားတဲ့အချိန် ကွမ်းယာဆိုင်တွေရှိတဲ့ သာသနာ့ဗိမာန်အနီးမှာ ဆိုင်ကယ်နဲ့လူတစ်စုက ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေရဲ့ပြောကြားချက်အရ သိရကြောင်း အစ်မဖြစ်သူက ပြောပါတယ်။

    ကိုစောထွန်းဟာ နိုင်ငံတကာ NGO အဖွဲ့အစည်းဖြစ်တဲ့ ACF မှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး သူတာဝန်ကျနေတဲ့နေရာကနေ အလုပ်နားရက်အတွင်း မိသားစုတွေဆီကိုရောက်ရှိနေချိန်မှာဖမ်းဆီးခံရတာဖြစ်ပါတယ်။ ကိုစောထွန်းဖမ်းဆီးခံလိုက်ရကြောင်းသတင်းကြားရတဲ့အတွက် ဘယ်အဖွဲ့အစည်းကဖမ်းဆီးသွားခဲ့တယ်ဆိုတာကို မိသားစုတွေလိုက်လံစုံစမ်းရာမှာတော့ အေအေအဖွဲ့ဝင်တွေဖမ်းဆီးသွားခဲ့တာလို့ သိရကြောင်း အစ်မဖြစ်သူက ပြောပါတယ်။

    “ဖမ်းသွားတဲ့နေ့က ဒီနေ့အထိ အဆက်အသွယ်တော့မရသေးဘူး။ ဘယ်မှာထားလဲဆိုတာလည်းမသိဘူး။ ဘယ်သူတွေဖမ်းသွားမှန်းလည်းမသိ၊ သူ့ယောက်ဖက လိုက်စုံစမ်းတော့ အဲ့ဒီနေ့က ဖမ်းဆီးရာမှာပါတဲ့တစ်ဦးက ဟုတ်တယ် သူတို့ဖမ်းသွားတာလို့ပြောတယ်လို့ သိရပါတယ်။ သူတို့က အေအေအဖွဲ့ကလူတွေပါ”လို့ ကိုစောထွန်းရဲ့အစ်မဖြစ်သူက ပြောပါတယ်။

    လက်ရှိမှာ ကိုဗစ် ဖြစ်ပွားနေတဲ့အချိန်ကာလဖြစ်ပြီး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဖမ်းဆီးခံ လိုက်ရတာကြောင့် သူ့အတွက်စိုးရိမ်နေကြသလို အဝတ်အထည်နဲ့ဆေးဝါးတွေကိုလည်းပို့ပေးချင်တဲ့အတွက် သူ့ကိုဘယ်မှာထားတယ်ဆိုတာကို အဆက်အသွယ်လုပ်ပေးဖို့ မိသားစုတွေက လိုလားနေကြပါတယ်။

    ဘီဘီစီအနေနဲ့ အေအေအဖွဲ့ကဖမ်းတယ်ဆိုတဲ့အပေါ်မှာ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။ ဖမ်းဆီးခံလိုက်ရသူ ကိုစောထွန်းဟာ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး AASYC ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ ACF အဖွဲ့မှာ အလုပ်လုပ်ကိုင်နေ သူဖြစ်တယ်လို့သိရပါတယ်။

    ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးခြင်းခံထားရသူတွေ နောက်ထပ်လည်းရှိနေသေးပြီး အဲ့ဒီဖမ်းဆီးခံနေရသူတွေမှာလည်း မိသားစုတွေနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့သိရှိရပါတယ်။

    ကျောက်တော်မှာ NGO ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီမြန်မာပိုင်း

    ဓာတ်ပုံ ပုံစာ, ကျောက်တော်မှာ NGO ဝန်ထမ်းတစ်ဦး ဖမ်းဆီးခံရ
  6. နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးအကူအညီပေးဖို့ ICRC- မြန်မာကို CRPH တောင်းဆို

    စစ်အာဏာသိမ်းပြီးတဲ့နောက် အကျဉ်းထောင် ၊ အချုပ်ခန်း ၊ စစ်ကြောရေးစခန်း နဲ့ စစ်ဆေးရုံတွေမှာဖမ်းဆီးချုပ်နှောင်ထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ကို လူ့ ဂုဏ်သိက္ခာကျင့်ဝတ်နဲ့ လျော်ညီစွာထားရှိဖို့ အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(မြန်မာ) ကိုပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH ကတောင်းဆိုတယ်လို့ ဒီကနေ့ဇူလိုင် ၂၃ရက်မှာထုတ်ပြန်ပါတယ်။

    သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအသောက်၊ နေရာထိုင်ခင်းနဲ့ ဆေးဝါးကုသခံရဖို့တွေ လိုအပ်တယ်လို့ ကြားသိနေရတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

    အကျဉ်းကျခံနေရသူတွေသက်ဆိုင်ရာမိသားစုတွေ နဲ့တွေ့ခွင့်ရရေး ၊တရားဥပဒေနဲ့ အညီ ခုခံချေပခွင့် နဲ့ အကျဉ်းထောင်တွေအတွင်းကိုဗစ်ကူးစက်မှုတွေအပါအဝင် ထောင်တွင်း တောင်းဆိုမှုတွေရှိနေတဲ့အတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(မြန်မာ) အနေနဲ့ ယုံကြည်ချက် ကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့နစ်နာဆုံးရှုံးမှုတွေနဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာကျင့်ဝတ်တွေနဲ့အညီ အမြန်ဆုံးကူညီပေးဖို့တိုက်တွန်းတယ်လို့ပါရှိပါတယ်။

    အကျဉ်းဦးစီးဌာနဘက်ကတော့ သူတို့အနေနဲ့ အကျဉ်းသားတွေရဲ့ အခွင့်အရေးတွေနဲ့ကျန်းမာရေးကို အပြည့်အဝပေးနေတယ်လို့ဘီဘီစီကို ဖြေကြားထားပါတယ်။

    နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးဖို့  CRPH တောင်းဆို

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နိုင်ငံရေးအကျဉ်းသားတွေကို အကူအညီပေးဖို့ CRPH တောင်းဆို
  7. အောက်ဆီဂျင် အပါအဝင် ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့အသုံးဆောင်တွေကို အဆမတန် ဈေးတင်ရောင်းချမှုတွေရှိနေ

    ပြည်တွင်းမှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုနှုန်း နဲ့ သေဆုံးမှုမြင့်တက်လာတာနဲ့ အမျှ အောက်ဆီဂျင်လိုအပ်ချက်တွေပိုရှိလာပါတယ်။ လက်ရှိဈေးကွက်ထဲမှ ၄ဝလီတာ အောက်ဆီဂျင်အိုးတစ်အိုးကို ကျပ်၈သိန်းကနေ ၁၂ သိန်းကြားထိဈေးပေါက်နေတယ်လို့လူနာရဲ့ လိုအပ်ချက်အရ အောက်ဆီဂျင်လိုက်ဝယ်နေရသူတွေကပြောပါတယ် ။

    စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကတော့ အရေးကြီးကုန်စည်နဲ့ဝန်ဆောင်မှု ဥပဒေအရ ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့ ဆေးဝါးတွေ ၊နှာခေါင်းစည်းနဲ့အသုံးဆောင်တွေသိုလှောင်တာ၊မလိုအပ်ပဲဈေးကစားတာတွေလုပ်ရင် ထောင်ဒဏ် ၆ လကနေ ၃နှစ်ထိချမှတ်နိုင်တယ် ဆိုပြီး ပြောထားပါတယ်။

    ဒါပေမဲ့လက်တွေ့မှာ ဈေးတင်ရောင်းချသူတွေနဲ့ဈေးကစားသူတွေကို မထိန်းချုပ်နိုင်ဘူးလို့ ဝေဖန်တာတွေလည်းရှိနေပါတယ်။ " ၄ဝလီတာတအိုး ကို အပြင်မှာ ၈သိန်းကစဝယ်ရတယ် ။ ဒါပေမယ့် လွန်ခဲ့တဲ့တပတ်ကတော့ တအိုးကို ၁၂ သိန်းနဲ့ရမယ် အရည်ပါပြီးသားရမယ်ဆိုလို့အောက်ဆီဂျင်စက်ရုံအနားကနေ ဝယ်ခဲ့ရတယ်။စက်ရုံဘက်ကရောင်းတမဟုတ်ဘူး ။

    စက်ရုံနားမှာရောင်းမယ့်သူတွေရှိနေတယ်။ အိုးတွေဘာတွေလည်းမပါဘူးအောက်ဆီဂျင်ဖြည့်နေသူတွေကို အရေးပေါ်လိုလား သူတို့မှာ အရည်ပါပြီးသားရှိတယ်ဆိုပြီးရောင်းနေတာ။ လူနာတွေက အရေးပေါ်လိုနေတော့ ၃ အိုး ဝယ်ခဲ့ရတယ်။ နောက်နေ့ထပ်လိုချင်တဲ့သူတွေချိတ်တော့ ၁၃သိန်းအထိဖြစ်သွားတယ်လို့ " အောက်ဆီဂျင်အတွက် အကူညီပေးဖို့လိုက်ဝယ်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ် ။

    လက်ရှိမှာတော့ အောက်ဆီဂျင် အိုးအကြီးဖြစ်တဲ့ 40 L အိုးတွေဟာ အောက်ဆီဂျင်ဖြည့်ဖို့ခက်ခဲနေတာကြောင့်ဈေးကွက်ထဲမှာတော့ အောက်ဆီဂျင်အိုးအကြီးနဲ့အိုးအသေးတွေရဲ့ဈေးနူန်း က အတူတူနီးပါးမြင့်တက်နေတယ်လို့အောက်ဆီဂျင်ဖြည့်ဖို့ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေက ပြောပါတယ် ။

    ဒါ့ပြင်ဈေးကွက်ထဲမှာ အောက်ဆီဂျင်အိုးတွေတင်မကဘဲအောက်ဆီဂျင်နဲ့ဆက်စပ်ပစ္စည်းတွေကလည်း အရင်က သုံးသောင်းဝန်းကျင်ရှိရာကနေ တစ်သိန်းခွဲထိပေးဝယ်နေရတာပါ ။

    လက်ရှိမှာတော့ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပကနေအောက်ဆီဂျင်ကွန်တိန်နာတင်သွင်းမူတွေလုပ်နေတယ်လို့စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် ပြည်တွင်းမှာတော့ အောက်ဆီဂျင်လိုအပ်ချက်အတွက် အောက်ဆီဂျင်စက်ရုံတွေမှာ လူတန်းရှည်နဲ့တန်းစီနေရသလို ပရဟိတလူမူကူညီရေးအသင်းတွေ ၊ ဘာသာရေးအသင်းတွေနဲ့ တစ်နိုင်တစ်ပိုင်ကူညီပေးနေတဲ့ စားသောက်လိုနေရာတွေမှာသာ အောက်ဆီဂျင်ကရနိုင်တဲ့ အနေထားဖြစ်နေတယ်လို့လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    အောက်ဆီဂျင် အဆမတန် ဈေးတင်ရောင်းချမှုတွေရှိနေ

    ဓာတ်ပုံ ရင်းမြစ်, HA

    ဓာတ်ပုံ ပုံစာ, အောက်ဆီဂျင် အဆမတန် ဈေးတင်ရောင်းချမှုတွေရှိနေ
  8. မန္တလေး မှာ အောက်ဆီဂျင် အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတချို့ သုံးဆကနေ ခြောက်ဆခန့်အထိ ဈေးမြင့်တက်

    မန္တလေးမြို့မှာ ဇူလိုင် လဆန်းကစပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ ဆေးနဲ့ဆေးပစ္စည်းတချို့ အနည်းဆုံး ဈေးနူန်း သုံးဆကနေ ခြောက်ဆလောက်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

    ဆေးပစ္စည်းရောင်းချတဲ့ ဆိုင်တချို့ကတော့ ပစ္စည်းပြတ်လပ်တာနဲ့ ပြည်ပကနေ ဆေးပစ္စည်း ဝင်ရောက်မှု မရှိတာတွေကြောင့် ဈေးနှုန်းမြင့်တက် ရောင်းချရတာဖြစ်တယ်လို့ ပြောပါတယ်။

    "အောက်ဆီဂျင်နဲ့ တွဲသုံးတဲ့ Flow meter လို ပိုက်တွေက အရင်ကဈေးတက်သွားတယ်။ အရင်က တစ်ခုကို ကျပ် ၁၅၀၀၀ ရှိတာက နေ အခုက ခြောက်သောင်း၊ တချို့ ကိုးသောင်း ထိရောင်းကြတယ်။ ဒီကာလမှာ ဈေးတက်တာက နည်းနည်းကြမ်းတာပေါ့။ များလဲများတယ်။ 40L လေအိုးတစ်လုံးဆို ရှစ်သောင်းလောက်ပဲရှိတာ။ ဒီကာလ နှစ်သိန်းလောက်ဖြစ်သွားတာကို လက်ခံပါတယ်။ ဒါပေမယ့် လိုင်းပေါ်မှာ ပေါက်ဈေးဆိုရင် ၁၅သိန်းလောက်ထိ ဝယ်နေကြတာ"လို့ ဆေးနှင့်ဆေးပစ္စည်း လက်ကားဆိုင် အရောင်းပိုင်းတာဝန်ရှိသူက ပြောပါတယ်။

    ဇွန်လလယ်ကစတင်ပြီး အရောင်းရဆုံးက နှာစီး၊ ချောင်းဆိုး၊ ခေါင်းကိုက်ပျောက်ဆေး၊ပါရာအုပ်စုဝင်ဆေး၊ Cetirizine ဆေးတွေဖြစ်တယ်လို့ဆေးဆိုင်တွေကသိရပါတယ်။

    လက်ရှိမှာ အားဆေးနဲ့ အဟာရဖြည့်စွက်အစာ၊ ဓာတ်ဆား၊ ဗီတာမင်စီ၊ ဇင့်၊ ရာသီတုပ်ကွေး နဲ့ပက်သက်တဲ့ ဆေးနဲ့ ဆေးပစ္စည်းတွေ အောက်ဆီဂျင်အိုး၊ Flow meter, Oxygen Reservoir bag, Oximeterလို ပစ္စည်းတွေက ဈေးကွက်မှာ ပြတ်လပ်နေပြီး တချို့ရရှိတဲ့ ဆိုင်တွေမှ ဈေးနှုန်းမြင့်တက် ရောင်းချနေတာတွေ ရှိပါတယ်။

    ဇူလိုင်လအတွင်းမှာ မန္တလေးမြို့အတွင်း ကိုဗစ်အတည်ပြုလူနာ များပြားလာသလို ကိုဗစ်လက္ခဏာ ရှိသူတွေ ပိုတိုးလာလို့ ဆေးနှင့် ဆေးပစ္စည်းလိုအပ်ချက်တွေ မြင့်မားနေပါတယ်။

    "ညီမက အောက်ဆီဂျင်ပေးထားရတာ။ သူ့အတွက် လိုအပ်တယ်ဆိုလို့ ဆရာဝန်ညွှန်ကြားချက်နဲ့ ဆေးဝယ်တာ မရဘူး။ ဆေးအမျိုးအစားပြောင်းပေးလို့ ထပ်ဝယ်တော့လည်း တမြို့လုံးပတ်ပြီး ဆေးဆိုင်တွေ လိုက်ရှာဝယ်ရတာ။ Flow meter ဆိုဘယ်မှာမှ စုံစမ်းလို့မရ ဝယ်လို့မရဘူး။ အောက်ဆီဂျင်အိုးနဲ့ ဆက်ရတဲ့ ပိုက်လည်းမရှိလို့ ရေပိုက်ကိုတပ်ထားလိုက် ရတယ်" လို့ ကိုဗစ်လက္ခဏာ ခံစားနေရတဲ့ လူနာတစ်ဦးရဲ့ အစ်မတစ်ယောက်က ဇူလိုင် ၂၁၊၂၂ ရက်နေ့မှာ တွေ့ကြုံခဲ့ရတဲ့ အကြောင်း ပြောပြပါတယ်။

    အောက်ဆီဂျင် အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတချို့  ဈေးမြင့်တက်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, အောက်ဆီဂျင် အပါအဝင် ဆေးနဲ့ဆေးပစ္စည်းတချို့ ဈေးမြင့်တက်
  9. အင်းစိန်ထောင်အတွင်း ရှိ သီးသန့်ထောင်ဘက်ကနေ ကြွေးကြော်သံတွေထွက်ပေါ်

    ရန်ကုန် အင်းစိန်အကျဉ်းထောင် အတွင်း ကနေ ဒီကနေ့ဇူလိုင် ၂၃ရက် မနက် ၈နာရီခန့် က ဒို့အရေး ကြွေးကြော်သံတွေ ထွက်ပေါ်လာတယ်လို့ ထောင်အနီးနေထိုင်သူအင်းစိန်ဒေသခံတွေကပြောပါတယ်။

    ဘီဘီစီအနေနဲ့ ထောင်တွင်းနေထိုင်သူအချို့ နဲ့ ထောင်အပြင်ဘက်ဈေးရောင်းချသူအချို့ ကိုဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတဲ့ အချုပ်သားတွေကိုထားရှိတဲ့ လော့ခ်ဒေါင်းချထားတဲ့ သီးသန့်ဆောင်ဘက်ကနေ ကြွေးကြော်သံတွေထွက်ပေါ်လာတာလို့ ဆိုပါတယ်။

    '' အသံက သီးသန့်ထောင်ဘက်ကနေလာတာ၊ ထောင်မကြီးကို ကူးစက်တာတော့မရှိသေးဘူး၊ အရေးကြီးပြီ ညီနောင် အပေါင်းတို့ နောက် တခုက သပိတ်သပိတ်မှောက်မှောက်၊ အရေးတော်ပုံအောင်ရမည် ၊အဲဒီလိုတွေအော်တယ် ''လို့ ထောင်အနီးနေထိုင်သူ အချို့ကပြောပါတယ်။

    " အခုဖြစ်တာကသီးသန့်ဆောင်မှာဖြစ်တာဆိုတော့ သီးသန့်ဆောင်ကကျဉ်းလည်းကျဉ်းတယ်။နောက်ပိုင်းဆို သူတို့ရဲ့နေရေးစားရေးပိုကြပ်တာတွေဖြစ်နိုင်တယ် ။ တိုက်ပိတ်တာတွေလည်းဖြစ်နိုင်တယ် ။၈၈တုန်းက စာဥတိုက်ပွဲထပ်တောင်ဆိုးနိုင်တယ် ။ အခုအခြေနေကတတိုင်းပြည်လုံးသိသွားတော့တခြားထောင်တွေကိုပါ လုံခြုံရေးတင်းကြပ်လာနိုင်တယ် ။ အခုချထားတဲ့ လော့ဒေါင်းတွေလည်းထပ်တိုးလာနိုင်ပါတယ်လို့ "အင်းစိန်အကျဉ်းထောင်က မကြာသေးခင်ကပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားသမ္မဂအဖွဲ့ဝင်တစ်ယောက်ကဘီဘီစီကိုပြောပါတယ် ။

    လက်ရှိထောင်တွင်း ဆန္ဒပြကြွေးကျော်သံတွေထွက်ပေါ်လာတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဘီဘီစီအနေနဲ့ အကျဉ်းဦးစီးဌာန၊ရန်ကုန် ရဲ့ညွှန်ကြားရေးမှူးကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    လက်ရှိကာလဟာ အင်းစိန်ထောင်အတွင်း ကိုဗစ်ကူးစက်မှုတွေရှိနေလို့ ထောင်ကို Semi Lock down ချပြီးတဲ့နောက်ထောင်တွင်းရုံးထုတ်စစ်ဆေးတာတွေကိုလည်း ရပ်နားထားတာဖြစ်ပါတယ်။ နောက်ပိုင်းဆို သူတို့ရဲ့နေရေးစားရေးပိုကြပ်တာတွေဖြစ်နိုင်တယ် ။ တိုက်ပိတ်တာတွေလည်းဖြစ်နိုင်တယ် ။၈၈တုန်းက စာဥတိုက်ပွဲထပ်တောင်ဆိုးနိုင်တယ် ။ အခုအခြေနေကတတိုင်းပြည်လုံးသိသွားတော့တခြားထောင်တွေကိုပါ လုံခြုံရေးတင်းကြပ်လာနိုင်တယ် ။ အခုချထားတဲ့ လော့ဒေါင်းတွေလည်းထပ်တိုးလာနိုင်ပါတယ်လို့ "အင်းစိန်အကျဉ်းထောင်က မကြာသေးခင်ကပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသားသမ္မဂအဖွဲ့ဝင်တစ်ယောက်ကဘီဘီစီကိုပြောပါတယ် ။လက်ရှိထောင်တွင်း ဆန္ဒပြကြွေးကျော်သံတွေထွက်ပေါ်လာတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဘီဘီစီအနေနဲ့ အကျဉ်းဦးစီးဌာန၊ရန်ကုန် ရဲ့ညွှန်ကြားရေးမှူးကိုဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။ လက်ရှိကာလဟာ အင်းစိန်ထောင်အတွင်း ကိုဗစ်ကူးစက်မှုတွေရှိနေလို့ ထောင်ကို Semi Lock down ချပြီးတဲ့နောက်ထောင်တွင်းရုံးထုတ်စစ်ဆေးတာတွေကိုလည်း ရပ်နားထားတာဖြစ်ပါတယ်။

    ပုံစာ- ဇွန်၃၀ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီ

    ဓာတ်ပုံ ပုံစာ, ပုံစာ- ဇွန်၃၀ရက် အင်းစိန်ထောင်ရှေ့မြင်ကွင်း
  10. မြန်မာပြည်ထဲ အခုရက်ပိုင်းရောက်လာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက ဘာတွေလဲ

  11. တရုတ်ကလှူတဲ့ ကာကွယ်ဆေးနှစ်သန်းထဲက ပထမအသုတ် ဆေး ၇ သိန်း ရောက်၊ နောက်နှစ်ရက်မှာ ကျန်ဆေးတွေ ရောက်ဖို့ရှိ

    မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ သန်းအနက် ပထမအသုတ် ကာကွယ်ဆေး ၇၃၆၀၀၀ လုံး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီကနေ့ ရောက်ရှိလာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

    မနက်ဖြန် မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံက လှူဒါန်းတဲ့ ကာကွယ်ဆေး စုစုပေါင်း တစ်သန်းခွဲနဲ့ သန်ဘက်ခါမှာ တရုတ်နိုင်ငံ လှူဒါန်းတဲ့ ကာကွယ်ဆေး ခုနစ်သိန်း ဆက်ရောက်ဖို့ ရှိတယ်လို့လည်း စစ်ကောင်စီ မီဒီယာတွေက ကြေညာထားပါတယ်။

  12. ကျောင်းတွေ နောက်ထပ် နှစ်ပတ် ထပ်ပိတ်မယ်လို့ ကြေညာ

    ကိုဗစ်ကူးစက်မှုတွေ တိုးလာလို့ နှစ်ပတ် ပိတ်ထားတဲ့ အခြေခံပညာကျောင်းတွေကို နောက်ထပ် နှစ်ပတ်ထပ်ပိတ်မယ်လို့ စစ်ကောင်စီ မီဒီယာတွေက ကြေညာပါတယ်။

    ကိုဗစ်ပြန့်ပွားမှုကို ဆက်ပြီး ထိန်းချုပ်ဖို့လိုအပ်လို့ ပုဂ္ဂလိကကျောင်းနဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေ အပါအဝင် အခြေခံပညာ ကျောင်းတွေအားလုံးကို ဇူလိုင် ၂၆ ရက်ကနေ သြဂုတ်လ ၈ ရက်အထိ ယာယီပိတ်ထားမယ်လို့ ကိုဗစ်ကာကွယ်ကုသရေးဗဟိုကော်မတီက ဒီကနေ့ နေ့စွဲနဲ့ ကြေညာတာ ဖြစ်ပါတယ်။

    ကိုဗစ်ကူးစက်မှုတွေ မေလမှာ ပြန်တိုးလာနေပေမဲ့ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်မှာ ပုံမှန်ဖွင့်ခဲ့ပြီးနောက် ကိုဗစ်တတိယလှိုင်း ကူးစက်မှုတွေ ပိုများလာပြီး ကျောင်းတွေမှာ အစုလိုက်ကူးစက်မှုတွေ တွေ့ခဲ့ရတဲ့နောက် ကျောင်းတွေကို ဇူလိုင်လမှာ ပြန်ပိတ်ခဲ့ရတာ ဖြစ်ပါတယ်။

    ကျောင်းတွေ နောက်ထပ် နှစ်ပတ် ထပ်ပိတ်မယ်လို့ ကြေညာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. တရုတ်နယ်စပ်ကနေ မြန်မာနိုင်ငံထဲကို ကိုဗစ် ကာကွယ် ကုသရေး ဆေးပစ္စည်းတွေ တင်သွင်း

  14. မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ၆ သန်းရဖို့ရှိတယ်လို NUG ပြော

    နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂဆီကနေ မြန်မာနိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်းနဲ့ချီပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ စီမံမှုကတဆင့် ရရှိနိုင်ဖို့ရှိတယ်လို့NUGက တစ်ဆင့်သိရပါ တယ်။

    အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID 19 Task Force - CTF)ကို ဖွဲ့စည်းလိုက်ကာ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ လုပ်ဆောင်နေပြီး ကာကွယ်ဆေးထိုးပေးရေးကိုပါ စီစဉ်ဆောင်ရွက်နေတယ်လို့ အဲဒီ အဖွဲ့ဆီက သိရပါတယ်။

    နယ်စပ်ဒေသမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို ဆယ်စုနှစ် ၃ စုကျော်လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်း တယောက်လည်းဖြစ်၊ တိုင်းရင်းသားကျန်းမာရေး ကော်မီတီ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်က အဲဒီအဖွဲ့ကို ဦးဆောင်ပြီး၊ ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တာဝန်ယူကာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေက တာဝန်ရှိ သူများနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။

    အလုံးရေ ၆ သန်းခန့်အရေအတွက်ရှိတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ မြန်မာပြည်အတွက် ရရှိဖို့ရှိတယ်လို့ ကိုဗစ် ၁၉ ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ (COVID 19 Task Force - CTF) အဖွဲ့က ဘီဘီစီကို ပြောပါတယ်။

    ကိုဗစ် ၁၉ ဗိုင်းရပ်ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့ - CTF ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် တယောက်လည်းဖြစ်၊ တိုင်းရင်းသား ကျန်းမာရေးကော်မီတီ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ပဒိုမန်းမန်းက သူတို့ရဲ့ လုပ်ငန်းအစီအစဉ်တွေကို “နိုင်ငံတစ်ဝန်းမှာ လုပ်ဆောင်ဖို့ရည်ရွယ်ထားပြီး ကာကွယ်ထိန်းချုပ်ရေးအစီအစဉ်တွေကို ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသား နယ်မြေတွေ၊ အထူးသဖြင့် လွတ်မြောက်နယ်မြေတွေဘက်က လူထုတွေအတွက် လုပ်ဆောင်နေပြီ”လို့ ရှင်းပြပါတယ်။

    အရင် ပထမနဲ့ ဒုတိယလှိုင်းတွေမှာ တိုင်းရင်းသားဒေသလွတ်မြောက်နယ်မြေတွေဘက်မှာ ဗိုင်းရပ်စ် ကူးစက်မှုနည်းပါးခဲ့ပေမဲ့ အခုတကြိမ်မှာတော့ “ကရင်ဘက်မှာဆိုရင် ဒူးပလာယာခရိုင်နဲ့ ဘားအံခရိုင်တွေဘက်မှာ ကိုဗစ်ပျံ့နှံ့ကူးစက်တာတွေ ရာဂဏန်းနဲ့ ချီပြီးရှိနေပြီ” လို့ သူက ပြောပါတယ်။

    ကိုဗစ် -၁၉ရောဂါပိုး ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးနဲ့ ကုသရေးဆိုင်ရာ လုပ်ငန်းတွေကို သူတို့ လုပ်နေကြပြီလို့လည်း ဆိုပါတယ်။

    ကာကွယ်ဆေးထိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ CTF က ရည်မျှော်ထားပြီး ဘယ်အချိန်မှာ စတင်နိုင်မယ်ဆိုတာတော့ အတိအကျ မသိနိုင်သေးသလို၊ဘယ်နေရာဒေသတွေကို ဦးစားပေးသွားမလဲ ဆိုတာလည်းမဆုံးဖြတ်ရ သေးဘူးလို့ သိရပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  15. ပြည်ထဲရေး ဒု၀န်ကြီး ရဲချုပ် ဇနီးမောင်နှံ ကိုဗစ်ကူးစက်ခံထားရ

    ပြည်ထဲရေး ဒုတိယ၀န်ကြီးလည်းဖြစ် ရဲချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ ဇနီး ဒေါ်ခင်သီတာ၀မ်းတို့နှစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး နေပြည်တော်မှာ ဆေးရုံတက် ကုသမှုခံယူနေရတယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကို အတည်ပြုပါတယ်။

    ရဲချုပ် ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကိုဗစ် ကူးစက်ခံထားရပြီး ကျန်းမာရေး အခြေအနေ မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။

    နိုင်ငံတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေသလို စစ်တပ်ထဲမှာလည်း ကိုဗစ်ကူးစက်မှုတွေကြောင့် သေဆုံးမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ ဒါကို အတည်ပြုပြောဆိုထားတာ မရှိသေးပါဘူး။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဝင်းဦးကို စစ်ကောင်စီက တာ၀န်ကနေ အငြိမ်းစားပေးပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

    ရဲချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေစဥ်အတွင်း ဆန္ဒပြသမားတွေ အပေါ် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အမေရိကန် အစိုးရရဲ့ ပစ်မှတ်ထား အရေးယူတာ ခံခဲ့ရသလို ညီအရင်းဖြစ်သူ ဦးစိုးမိုးလှိုင်ဟာလည်း အဖမ်းခံခဲ့ရပြီး စစ်ကြောရေးမှာ သေဆုံးသွားခဲ့ပါတယ်။

  16. အေအေ ရဲ့အိမ်တွင်းနေထုတ်ပြန်ချက်ကြောင့် ရခိုင်ပြည်နယ်အတွင်း အသွားအလာလျော့နည်း

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်မားနေတဲ့အတွက် ပြည်သူတွေကို နှစ်ပတ်အပြင်မထွက်ကြဖို့နဲ့ မိမိနေအိမ်မှာဘဲ နေထိုင်ကြဖို့အတွက် ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ကနေ ဇူလိုင်လ ၂၀ ရက်က ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကြေညာချက်ထွက်လာပြီး နောက်တစ်ရက် ဇူလိုင်လ ၂၁ ရက် ကစတင်ပြီးတာ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေအပါအဝင် တစ်ပြည်နယ်လုံးမှာ လူသူအသွားအလာလျော့နည်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မှာလည်း စစ်တွေမြို့ပေါ်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ တခြားအလုပ်ကိစ္စကြောင့်သွားလာနေသူတွေကလွဲလို့ ယခင်လို လူစည်ကားတာတွေမတွေ့ရတော့ဘဲ တစ်မြို့လုံးငြိမ်သက်နေတာကိုတွေ့ရပါတယ်။

    မြို့တွင်းနေရာတွေမှာ လူအသွားအလာနည်းပါးနေသလို လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ ဈေးနဲ့ ကားဂိတ်လိုနေရာတွေမှာလည်း လူတွေသိသိသာသာနည်းပါးနေတာကို တွေ့ရပါတယ်။

    ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေနဲ့အခုလိုစာထုတ်ပြီး လူတွေအပြင်မထွက်ကြဖို့ပြောဆိုတာဟာ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေရှိနေတဲ့ကြားထဲ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုအားနည်းနေသလို အလေးမထားမှုတွေလည်းရှိနေတဲ့အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ရေးသားထားပါတယ်။

    ရခိုင်ပြည်နယ်အတွင်းအသွားအလာလျော့နည်း

    ဓာတ်ပုံ ရင်းမြစ်, ဘီဘီစီမြန်မာပိုင်း

    ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်အတွင်းအသွားအလာလျော့နည်း
  17. တရုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထပ်ရောက်ဖို့ရှိ

    တရုတ်နိုင်ငံ ကဝယ်ယူထားတဲ့ကိုဗစ်ကာကွယ်ဆေး ဆိုင်နိုဖမ်း sinopharm နဲ့ ဆိုင်နိုဗက် Sinovac ကာကွယ်ဆေးတွေထဲက အချို့ဟာ ဒီကနေ့ဇူလိုင် ၂၂ရက် ညနေပိုင်းမှာရောက်ဖို့ရှိတယ်လို့ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုအတည်ပြုပါတယ်။

    ရောက်ရှိမယ့်ကာကွယ်ဆေးတွေထဲမှာ ဝယ်ယူထားတာအပါအဝင် လှူဒါန်းထားတာတွေလည်း ပါမယ်လို့ဆိုပါတယ်။ ရောက်ရှိမယ့် အလုံးရေနဲ့ ထိုးနှံပေးမယ့်အစီအစဉ်တွေကိုတော့ အခုညနိုင်ငံပိုင်ရုပ်သံကနေကြေညာပေးဖို့ရှိလို့ ကြိုပြောလို့မရဘူးလို့ပြောပါတယ်။

    အခုလအစောပိုင်းတုန်းကတော့ တရုတ်ကာကွယ်ဆေး တစ်သန်းဟာ ဇူလိုင်နောက်ဆုံးပတ်မှာမြန်မာပြည်ကိုရောက်ရှိမယ်လို့ ကျန်းမာရေးဘက်တာဝန်ရှိသူအချို့ကပြောကြားထားပါတယ်။

    ဆိုင်နိုဖမ်းနဲ့ ဆိုင်နိုဗက်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အရေးပေါ်လိုအပ်ချက်မှာ သုံးဖို့အတွက် ခွင့်ပြုချက်ရထားပါတယ်။

    WHO ရဲ့ ပြောကြားချက်အရ ဒီကာကွယ်ဆေးထိုးပြီးရင် ကိုဗစ်ရောဂါရမှုနဲ့ ကိုဗစ်ရောဂါလက္ခဏာရမှုတွေရဲ့ ၅၁ ရာခိုင်နှုန်းကို ကာကွယ်နိုင်ပြီး ရောဂါလက္ခဏာ အပြင်းအထန်ခံစားရတာ၊ ဆေးရုံတက်ရတဲ့ အထိဖြစ်တာမျိုးကို ၁၀၀% အထိအကာ အကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

    အရှေ့တောင်အာရှနိုင်ငံတလွှားမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး ထိုးပေးရာမှာ တရုတ်နိုင်ငံထုတ်ဆေးတွေဟာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။အာရှမှာ တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက် ဒါမှမဟုတ် ဆိုင်နိုဖမ်း ကာကွယ်ဆေးတွေကို လူသန်းနဲ့ချီက ထိုးပြီး ဖြစ်ပါတယ်။ဒါပေမဲ့ မကြာသေးခင် သီတင်းပတ်တွေအတွင်းမှာတော့ဒီကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

    ကာကွယ်ဆေးထိုးမှု အစီအစဉ်တွေမှာ တရုတ်ထုတ် ဆေးတွေကို အဓိက သုံးခဲ့တဲ့ ထိုင်းနဲ့အင်ဒိုနီးရှားမှာ တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေးကို မသုံးဖို့ ကန့်ကွက်မှုတချို့ ရှိလာနေပါတယ်။

    မေလ ၂ရက်က တရုတ်နိုင်ငံက လှုဒါန်းတဲ့ကာကွယ်ဆေးတွေရောက်ရှိစဉ်

    ဓာတ်ပုံ ရင်းမြစ်, Chinese Embassy in Myanmar

    ဓာတ်ပုံ ပုံစာ, မေလ ၂ရက်က တရုတ်နိုင်ငံက လှုဒါန်းတဲ့ကာကွယ်ဆေးတွေရောက်ရှိစဉ်
  18. တန့်ဆည်မြို့ အိုင်လျှားရှည်ရွာအနီးမှာ အသတ်ခံရတဲ့ လူသေအလောင်းတွေ့ရှိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် အိုင်လျှားရှည်ရွာအနီးမှာ ဒီကနေ့ဇူလိုင် ၂၂ရက်မနက်ပိုင်းက အသတ်ခံရတဲ့ လူသေအလောင်းတစ်ခု တွေ့ရှိရတယ်လို့ တန့်ဆည်မှာနေထိုင်သူအချို့ကပြောပါတယ်။

    သေဆုံးသူဟာ တန့်ဆည်မြို့ကန်ကလေးရွာကဖြစ်ပြီး စစ်ကောင်စီခန့်အပ်အုပ်ချုပ်ရေးပိုင်းဆိုင်ရာကို သတင်းပေးသူတစ်ဦးလို့ ကန်ကလေးရွာခံ တချို့က ပြောကြပါတယ်။ သတင်းပေးဆိုတဲ့အချက်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

    ''သတင်းပေး တာကြောင့်ရော၊နောက် သူတို့ ကလက်နက်ကိုင်တယ်လို့သိရတယ်။ ဒါပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမဟုတ်ဘူး၊တစ်ဖက်လက်နက်ကိုင်အဖွဲ့ကလို့လည်း အဲဒီရွာကလူတွေကပြောတယ်၊ အလောင်းကိုတော့ မိသားစုက လှည်းနဲ့လာကောက်သွား တယ် '' လို့ ဒေသခံတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ သေဆုံးတဲ့နေရာနဲ့နီးစပ်တဲ့ ရွာတွေကို စစ်ဆေးတာမျိုးမရှိပေမယ့် အခင်းဖြစ်တဲ့နေရာကိုတော့ စစ်ကောင်စီတပ်ဖွဲ့ က လာရောက်ကြည့်ရှုတယ်လို့ဒေသခံတွေကပြောပါတယ်။

    တန့်ဆည်မြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တန့်ဆည်မြို့
  19. UNHCR ရဲ့ အကူအညီတွေ ကျေးရွာစစ်ရှောင်စခန်းတွေအထိဖြန့်ဝေပေးဖို့ ဘာသာရေးခေါင်းဆောင်တွေတောင်းဆိုညှိနှိုင်းမယ်

    စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ မင်းတပ်မြို့နဲ့ဝေးတဲ့ ကျေးရွာတွေမှာရှိတဲ့စစ်ရှောင်စခန်းတွေကို ရောက်ဖို့အတွက် UNHCR နဲ့ စစ်ကောင်စီဘက်ကအာဏာပိုင်တွေကိုတောင်းဆိုညှိနှိုင်းနေတယ်လို့ မင်းတပ်မြို့ခံ ဘာသာရေးခေါင်းဆောင်အချို့ကပြောပါတယ်။

    လက်ရှိမှာ UNHCR အနေနဲ့ ကျေးရွာတွေက စစ်ရှောင်တွေဆီသွားဖို့လုံခြုံရေးဆိုင်ရာ အခက်အခဲရှိနေတယ်လို့ စစ်ဘေးရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။

    မြို့ပေါ်က စစ်ရှောင်စခန်းတွေမှာနေထိုင်တဲ့သူတွေကိုပဲအကူအညီပေးရေးပစ္စည်းတွေဖြန့်ဝေ ခွင့်ရှိလို့ အိမ်ပြန်သွားတဲ့အိမ်ထောင်စုတွေနဲ့ ကျေးရွာတွေက အိမ်ထောင်စုတွေအတွက် မရရှိတဲ့ အခြေအနေဖြစ်နေလို့ နှစ်ခြင်းခရစ်ယာန်ကျောင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ''ပစ္စည်းတွေ ဖြန့်နေတာ တော့ ၃ရက်ရှိပြီပေါ့ ၊ မြို့ပေါ်တော့ ခရစ်ယာန်ကျောင်း၊ ဗုဒ္ဓဘာသာကျောင်းတွေမှာရှိနေတဲ့စစ်ရှောင်စခန်းတွေကိုဖြန့်ဝေထားတယ်၊ ရွာတွေဘက်က သူတွေရဖို့နဲ့ အိမ်ပြန်တဲ့သူတွေရနိုင်ဖို့က တောင်းဆိုတာညှိနှိုင်းတာလုပ်နေတုန်း ''လို့ နှစ်ခြင်းခရစ်ယာန်အသင်းကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ မင်းတပ်မြို့ပေါ်ရှိ ခရစ်ယာန်ကျောင်းတွေ၊ ဗုဒ္ဓဘာသာကျောင်းတွေမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို ဘာသာရေးခေါင်းဆောင်တွေကတဆင့် အိမ်ထောင်စု ၇၀ခန့်နဲ့ လူဦးရေ အားဖြင့် ၅၀၀ကျော်အတွက်ဖြန့်ဝေပြီးဖြစ်တယ်လို့ိဆိုပါတယ်။

    UNHCR ရဲ့ တရားဝင်ထုတ်ပြန်ချက်မှာတော့ COVID-19 ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာတွေအပါအဝင်၊ တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်တွေစတဲ့ လိုအပ်တဲ့ကူညီထောက် ပံ့မူတွေကို လူဉီးရေ ၅,၀၀၀ (အိမ်ထောင်စု ပေါင်း ၁,၀၀၀) အတွက်ဖြန့်ဝေပေးမယ်လို့ပါရှိပါတယ်။

    မင်းတပ်မြို့နယ်စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီကတော့ စစ်ဘေးရှောင်ပြည်သူ ၆၀ရာခိုင်နှုန်းခန့်ဟာ မြို့နဲ့ဝေးတဲ့ကျေးရွာစခန်းတွေမှာနေထိုင်နေရလို့ အမှန်တကယ် အကူအညီလိုအပ်နေတဲ့နေရာတွေကိုဖြန့်ဝေပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

    UNHCR ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, UNHCR ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ
  20. ကုလအကူအညီတွေရောက်နေတဲ့ မင်းတပ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်