ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ဆေးအလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အာဏာသိမ်းစစ်တပ်ကို လက်တွေ့ ဒဏ်ခတ်ပြဖို့ နိုင်ငံတကာကို ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်တွေ ပြော

    ကမ္ဘာ့နိုင်ငံတွေ ပူးပေါင်းပြီး အရေးပေါ် မဟာမိတ်အဖွဲ့တစ်ခုအနေနဲ့ အာဏာသိမ်း စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့တာ၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာ အပါအဝင် ပိုပြင်းထန်တဲ့ တုံ့ပြန်အရေးယူမှုတွေ လုပ်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက တောင်းဆိုလိုက်ပါတယ်။

    မြန်မာနိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အစိုးရိမ်ကြီး စိုးရိမ်မိတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ရက်ရက်စက်စက် အင်အားသုံး နှိပ်ကွပ်နေဆဲဆိုတာကို တွေ့နေရတယ်လို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မေရီ လော်လာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ် တို့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    လူ့အခွင့်အရေး လှုပ်ရှားသူ အတော်များများဟာ ၅၀၅ (က) ပုဒ်မနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် ထွက်ပြေး တိမ်းရှောင်နေရတယ်ဆိုတဲ့ ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ ရထားတယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ မီးမောင်းထိုး ဖော်ပြထားပါတယ်။

    သူတို့ရဲ့ နေအိမ်တွေကို ၀င်ရှာတာ၊ ပိုင်ဆိုင်မှုပစ္စည်းတွေကို သိမ်းယူသွားတာ၊ မိသားစုဝင်တွေကို ခြိမ်းခြောက် နှောင့်ယှက် အန္တရာယ်ပေးတာတွေ ခံနေရတယ်လို့ ဆိုပါတယ်။ အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေ၊ လှုပ်ရှားတက်ကြွသူ ကျောင်းသားတွေ အပါအဝင် မထွက်ပြေး မတိမ်းရှောင်နိုင်သူ အတော်များများကတော့ အတင်းအဓမ္မ ဖမ်းဆီး ထိန်းသိမ်းတာ ခံခဲ့ရကြောင်းနဲ့ ဖမ်းဆီးခံရသူတွေဘက်က အကျိုးဆောင်ပေးတဲ့ ရှေ့နေတွေနဲ့ ဆန္ဒပြသတင်းတွေ ဖော်ပြသတင်းယူတဲ့ သတင်းသမားတွေလည်း အဖမ်းခံနေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    "နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောတာတွေကို မြန်မာပြည်သူတွေက အရမ်းကို ကျေးဇူးတင်ကြပါတယ်၊ ဒါပေမဲ့ သူတို့ အပူတပြင်း လိုအပ်နေတာက အပြောမဟုတ်ဘဲ လက်တွေ့လုပ်ရပ်ပါ၊ အာဏာသိမ်းထားတဲ့ တရားမဝင် စစ်အစိုးရရဲ့ ဓားစာခံဘဝကို ရောက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ကမ္ဘာ့နိုင်ငံတွေက အတူရပ်တည်ပေးဖို့က အရမ်းကို အရေးပါပါတယ်၊ အခုချိန်ဟာ စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု၊ လက်နက် ပိတ်ပင်မှု အပါအ၀င် ပြင်းထန်တဲ့ တုံ့ပြန် အရေးယူမှုမျိုးကို ပူးပေါင်းညှိနှိုင်း အာရုံစိုက် လုပ်ရမယ့် အချိန် ဖြစ်ပါတယ်"လို့ တွမ် အင်ဒရူးစ်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူခဲ့အပြီးမှာ ဆန့်ကျင်ဆန္ဒပြမှုတွေ၊ CDM လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေက ဦးဆောင်ပါဝင်လာခဲ့ကြကြောင်းနဲ့ အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မိကြောင်းကိုလည်း သူတို့က ထုတ်ဖော်ပြောခဲ့ကြပါတယ်။

    အထူးသဖြင့် ကျေးလက်ဒေသတွေမှာဆိုရင် အမျိုးသမီး လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ထောင်ထဲမထည့်ခင်မှာ ရိုက်နှက် ကန်ကျောက်တာမျိုး ရှိပြီး ထောင်ထဲမှာလည်း ကျန်းမာရေး စောင့်ရှောက်မှုတွေ မခံရသလို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် စော်ကားမှုတွေ ကြုံရတတ်တယ်လို့ မေရီ လော်လာက ပြောပါတယ်။

    နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် တားဆီးနိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့အတူ တပေါင်းတစည်းတည်း ပိုစိတ်အားထက်ထက်သန်သန် ဆောင်ရွက်ဖို့ လိုတယ်လို့ တွမ် အင်ဒရူးစ်က ပြောပါတယ်။

    နိုင်ငံတကာ၊ လူ့အခွင့်အရေး၊ ဒဏ်ခတ်ပိတ်ဆို့

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြမှုတွေမှာ အမျိုးသမီးတွေ ထိပ်ဆုံးကနေ ဦးဆောင်ပါဝင်
  2. မင်းတပ်ကို UNHCR အကူအ‌ညီတွေ ရောက်

    ချင်းပြည်နယ် မင်းတပ်မြို့က စစ်ရှောင်ဒုက္ခသည်တွေကို အကူညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ ဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR နဲ့ WFP ယာဉ်တန်း မင်းတပ်မြို့ကို ဇူလိုင် ၁၉ ရက်နေ့က ရောက်ရှိလာတယ်လို့ ဒေသခံတွေ ကပြောပါတယ်။

    အဲ့ဒီယာဥ်တန်းဟာ စစ်ကောင်စီ အသိအမှတ်ပြုထားတဲ့ မြို့ပေါ်က စစ်ရှောင်ဒုက္ခသည်စခန်းကိုပဲ ဝင်ရောက်သွားပြီး မင်းတပ်မြို့နယ်ထဲက အခြားကျေးရွာတွေကို ဝင်ရောက်လာခြင်း မရှိကြောင်း မင်းတပ်မြို့ခံတစ်ဦးက ပြောပါတယ်။

    မင်းတပ်မှာ စစ်ကောင်စီ အသိအမှတ်ပြုတဲ့ ဒုက္ခသည်စခန်း ၈ ခုရှိပြီး‌တော့ အဲ့ဒီစခန်းတွေကို အဓိက ထောက်ပံ့မယ်လို့ ယူဆရကြောင်း စစ်ရှောင်စခန်းတွေကို အကူအညီပေးနေတဲ့ မင်းတပ်မြို့ခံ တွေကပြောပါတယ်။

    မင်းတပ်မှာ ဇူလိုင်လ ၂၀ ရက်နေ့ကစပြီး စစ်ရှောင်တွေကို ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တစ်ကိုယ်ရေသုံးအကာကွယ် ပစ္စည်းတွေ၊ အစားအစာမဟုတ်တဲ့ ပစ္စည်းတွေ၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေ နဲ့ နေရောင်ခြည်သုံးပစ္စည်းတွေကို ကူညီထောင့်ပံ့ပေးမှာဖြစ်ပြီး ဒါဟာ ဘက်မလိုက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီလိုအပ်နေတဲ့သူတွေအပေါ် အခြေပြု လုပ်ငန်းစဉ်ဖြစ်တယ်လို့ UNHCR က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ကူညီထောက်ပံ့မှုတွေအရ မင်းတပ်က လူဉီးရေ ၅,၀၀၀ (အိမ်ထောင်စု ပေါင်း ၁,၀၀၀)အထိ အကျိုးခံစားရမယ်လို့ မျှော်လင့်ရကြောင်း UNHCR ထုတ်ပြန်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, UNHCR

  3. ဇူလိုင် ၁၉ ရက်နေ့ ကိုဗစ်ကြောင့် ၂၈၁ ဦးသေဆုံး

    ကိုဗစ် ၁၉ ရောဂါကူးစက်မှုကြောင့် မြန်မာနိုင်ငံမှာဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ ၂၈၁ ဦးရှိပြီး၊ ကူးစက်ခံရသူ အသစ် ၅၁၈၉ဦးတွေ့ ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးခဲ့သူ စုစုပေါင်း ၅၂၈၁ ဦး ရှိပြီလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဇူလိုင်လ ၁၈ ရက်နေ့က သေဆုံးသူ အရေအတွက်က ၂၃၁ ဦးရှိခဲ့ပြီး ဒီကနေ့ ဇူလိုင် ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ မနေ့ကထက် ၅၀ ဦး ပိုများလားပြီး ၂၈၁ ဦးထိရှိလာတာ တွေ့ရပါတယ်။

    လက်ရှိအချိန်အထိ သေဆုံးသူ အရေအတွက်မှာ ဇူလိုင်လ ၁၉ ရက် တစ်ရက်တည်းအများဆုံး သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

    ဇူလိုင် ၁၉ ရက်နေ့ အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၂၃၄၇၁၀ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူ ၁၆၄၆၇၀ ဦး ရှိပြီ ဖြစ်တယ်လို့လည်းဆိုပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. ရေဝေး တိုကင်နံပါတ် ၃၁၂

  5. ကိုဗစ် စဖြစ်လာရင် ဘယ်အချိန် အဓိက စောင့်ကြည့်ရမလဲ

  6. မြောက်ဒဂုံမှာဆရာဝန်ငါးဦးအပါအဝင် စေတနာ့ဝန်ထမ်းတချို့ အဖမ်းခံရ

    မြောက်ဒဂုံမြို့နယ်မှာ ဇူလိုင် ၁၉ ရက်မနက်ပိုင်းက စေတနာ့ဝန်ထမ်းဆေးကုသပေးနေတဲ့ Covid - 19 ကာကွယ်ရေးနဲ့ပြည်သူ့အကျိုးပြု ဆရာဝန်နဲ့စေတနာ့ဝန်ထမ်းအဖွဲ့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးပြီး ဆေးဝါးနဲ့အောက်ဆီဂျင်အိုးတွေကိုပါ သိမ်းဆည်းသွားတယ်လို့ အဖွဲ့ကတာဝန်ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

    " ပထမတော့ ဒီနေ့မနက်ကိုးနာရီလောက်မှာပဲ ကျွန်တော်တို့ကို အောက်ဆီဂျင်ကျလို့ ဆိုပြီးလူနာအနေနဲ့ဆက်သွယ်လာတယ်။ အထပ်မြင့်အဆောက်အဦတခုဆီခေါ်သွားပြီး အပေါ်ရောက်တော့မှ အောက်ကတံခါးတွေပိတ်ပြီး သူတို့ကဌာနဆိုင်ရာလူတွေပါဆိုပြီး တချို့ကိုပိတ်ဖမ်းတယ်။ အဲ့ဒါကိုလိုက်သွားတဲ့ ကားဆရာကမြင်ပြီး အသင်းကိုပြန်လာပြီး အကြောင်းကြားလို့ နေရာရွှေ့ဖို့ စီစဉ်နေတုန်းမှာပဲ အထိုင်ဆရာဝန်တွေကိုဖမ်းသွားတယ်။ စုစုပေါင်း ဆရာဝန် ၅ယောက်ပါသွားတယ်။ ဆေးဝါး ၃၂ သိန်းဖိုးနဲ့အောက်ဆီဂျင်အိုးတွေ ဆက်စပ်ပစ္စည်းတွေသိမ်းသွားတယ်။ သူတို့ပြောတာတော့ ကျွန်တော်တို့အဖွဲ့က တရားမဝင်ဘူးဆိုပြီး ဖမ်းသွားတာ " လို့ အဖွဲ့ရဲ့ဦးဆောင်သူ ကိုချမ်းလေးက ဘီဘီစီကိုပြောပါတယ်။

    မြောက်ဒဂုံပြည်သူ့အကျိုးပြုစေတနာ့ဝန်ထမ်းဆရာဝန်အဖွဲ့ဟာ ကိုဗစ်တတိယလှိုင်းမှာကျန်းမာရေးပိုင်းဆိုင်ရာလိုအပ်ချက်တွေနဲ့ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကြောင့် စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးဖို့ဖွဲ့စည်းထားတာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဆရာဝန်တွေနဲ့ဆေးဝန်ထမ်းတွေစုပေါင်းဖွဲ့စည်းထားတာဖြစ်တယ်လို့ဆိုပါတယ်။

    " အခုလိုလုပ်ရပ်ကိုလုံးဝရှုံ့ချပါတယ်။ ခါးခါးသီးသီးငြင်းဆန်ပါတယ်။ ကျွန်တော်တို့ကဘယ်ဖက်မှမပါဘူး ။ ပြည်သူမှပြည်သူသို့ ကူညီပေးနေတာဖြစ်ပါတယ် " လို့ ကိုချမ်းလေးက ပြောပါတယ်။ လက်ရှိမှာတော့အဖွဲ့ထဲက ဆရာဝန် ၅ဦးကို ဘယ်မှာ ဖမ်းဆီး ထိန်းသိမ်းထားတယ်ဆိုတာ မသိရှိရသေးဘူးလို့သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပြီး ဖုန်းလက်ခံဖြေကြားခြင်းတော့မရှိသေးပါဘူး။

  7. ဘော်လခဲမြို့ အနီးမှာ တိုက်ပွဲဖြစ်

    ကယားပြည်နယ် ဘော်လခဲမြို့နယ်ထဲမှာ ဇူလိုင် ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ကရင်နီတပ်မတော် (KnA) ကရင်နီ အမျိုးသားကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့(KNDF) တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ (KNDF)က သတင်းထုတ်ပြန်ပါတယ်။

    တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာသစ်၊တော်ခူကျေးရွာသစ်နဲ့ ကလိလျားကျေးရွာ တို့ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    တိုက်ပွဲမှာ ထိခိုက်ကျဆုံးမှုတွေရှိနိုင်တယ်လို့ မှန်းပေမဲ့ နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

    ဇူလိုင် ၁၉ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း ကလိလျားကျေးရွာအနီ းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေပြီး ၊နေ့လယ် ၁၁ နာရီခန့်မှာလည်း ကလိလျားကျေးရွာအနီးကို အမြှောက်တွေနဲ့ပစ်ခတ်နေကြောင်း တိုက်ပွဲဖြစ်ပွားရာဒေသကို လွိုင်ကော်ဘက်က စစ်ကားတွေအင်အားဖြည့်ဖို့လာရောက်နေတယ်လို့သိရကြောင်း ဒေသခံတွေက ပြောပါတယ်။

    ကယားပြည် လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ မေလတုန်းက စစ်ကောင်စီတပ်သားတွေကို တွေ့ရတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ကယားပြည် လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ မေလတုန်းက စစ်ကောင်စီတပ်သားတွေကို တွေ့ရတဲ့မြင်ကွင်း
    ကယားပြည် လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးပေါ်မှာ တွေ့ရတဲ့စစ်ကောင်စီတပ်သားတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ကယားပြည် လွိုင်ကော် - ဒီးမော့ဆို လမ်းမကြီးပေါ်မှာ တွေ့ရတဲ့စစ်ကောင်စီတပ်သားတစ်ဦး
  8. အာဇာနည်နေ့ မန္တလေးမြို့က ဆန္ဒပြပွဲ

    ဇူလိုင် ၁၉ ရက် အာဇာနည်နေ့ဖြစ်လို့ ဒီနေ့ မန္တလေးမြို့တွင်းမှာ စစ်ကောင်စီက ရပ်ကွက်နဲ့ လမ်းတိုင်းကို အင်အားပြလှည့်လည် စောင့်ကြည့်ခဲ့ပေမယ့် စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ဇူလိုင်လ ၁၉ရက် မနက်အစောပိုင်းကတည်းက ကန်တော်ကြီးအနီး အာဇာနည်ဗိမာန်အနီးနဲ့ ဗိုလ်ချုပ်ရုပ်တု ရှိတဲ့ နေရာတွေမှာ စစ်ကောင်စီဘက်က အရပ်ဝတ် လက်နက်ကိုင်တွေနဲ့ စစ်တပ် ရဲတချို့ နေရာယူ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

    လမ်းမကြီးတချို့မှာ စစ်ကောင်စီက ရေကား၊ အချုပ်ကား၊ တင့်ကားတွေနဲ့ သွားလာနေသလို ရပ်ကွက်လမ်းကြားတွေမှာလည်း အိမ်စီးကားတွေနဲ့ပါ လှည့်လည်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "အာဇာနည်မျိုး သေရိုးမရှိ၊ စစ်ခွေးသွေးနဲ့ ခြေဆေးမယ် လို့ ကြွေးကြော်ပြီး သပိတ်တွေ ထွက်ခဲ့ပါတယ်။ ဒီနေ့ ပြည်သူဘက် ပါဝင်မှုက အားရပါတယ်။ ဒီလောက် အများကြီးပတ်နေတဲ့ ကြားကမှ ရပ်ကွက်တွေက ကျွန်တော်တို့ သပိတ်စစ်ကြောင်းတွေ သွားတဲ့အခါမှာ ဟွန်းတွေ တီးကြတယ်။ တချို့ဆို ၁၀နာရီ ၃၇မိနစ်လောက်မှာ အိမ်ရှေ့ထွက်ပြီး အလေးပြုကြတယ်"လို့ ဒီနေ့ မန္တလေးမြို့ သပိတ်စစ်ကြောင်း ပါဝင်သူတစ်ယောက်က ပြောပါတယ်။

    ဒီနေ့မှာ မန္တလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတဲ့ မဟာမိတ်တပ်ပေါင်းစု၊ တကသ၊ မြတောင်၊ စိန်ပန်း၊ သံဃာ့သမဂ္ဂ သပိတ်၊ ရှမ်းနီလူငယ်အင်အားစု သပိတ်၊ အောင်မြေသာဇံ ကျောင်းသားပေါင်းစုံတွေ ဆန္ဒပြခဲ့ကြပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. ကွတ်ခိုင်မြို့တွင်း COVID-19 ရောဂါ ကာကွယ်ရေး ပိုစတာကပ်လှုံ့ဆော်မှုဒေသခံလူငယ်တွေပြုလုပ်

    ရှမ်းပြည်နယ် ( မြောက်ပိုင်း) ကွတ်ခိုင်မြို့ မြို့တွင်းမှာ COVID-19 ရောဂါ ပျံ့နှံ့မှု မြင့်တက်နေတာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ အသိပညာပေး ဗီနိုင်းပိုစတာ ကမ်ပိန်းကို စေတနာ့ဝန်ထမ်းဒေသခံလူငယ်တချို့က ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာပြုလုပ်ခဲ့ပါတယ်။

    ကွတ်ခိုင်မြို့တွင်း ကိုဗစ်အတည်ပြုလူနာ တနေ့တခြားမြင့်တက်နေ လို့ ရပ်ကွက်လမ်းဆုံ လမ်းခွတွေမှာ အသိပညာပေးဗီနိုင်းပိုစတာကမ်ပိန်းပြုလုပ်တာလို့ ဗီနိုင်းပိုစတာတွေ ဖြန့်ဝေတဲ့ NeT Organization က စေတနာ့ဝန်ထမ်းလူငယ်တစ်ဦးက ပြောပါတယ်။

    ကွတ်ခိုင်မြို့နယ်မှာ ဇူလိုင်လအတွင်း COVID-19 အတည်ပြုလူနာ တဟုန်ထိုးမြင့်တက်လာပြီး ဇူလိုင်လ ၁၈ရက်‌အထိ စုစုပေါင်း အတည်ပြုလူနာ(၁၇၈)ဦးရှိခဲ့ပြီး သေဆုံးလူနာ (၃)ဦးနဲ့ သက်သာလို့ ဆေးရုံဆင်းခွင့်ပြုသူ(၄၃)ဦး ရှိတယ်လို့ သိရပါတယ်။

    Kutkhai, northern shan state

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    Kutkhai, northern shan state

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

  10. ရေဦးမှာ အာဇာနည်လွမ်းသူပန်းခွေကိုဖယ်ရှားတဲ့ ရဲနှစ်ဦး ဗုံးထိလို့ ထိခိုက်ဒဏ်ရာရ

    စစ်ကိုင်းတိုင်း ရေဦးမြို့ မကျီးတောလမ်းနဲ့ မူးမြစ်ကူးတံတားနားက ကြာပန်းအဝိုင်းအနီးမှာ ဒီကနေ့ ဇူလိုင် ၁၉ ရက် မနက်ပိုင်းက အာဇာနည်လွမ်းသူ့ပန်းခွေကိုဖယ်ရှားရင်းဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးရဲအရာရှိနှစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    "အဲ့ဒီကြာပန်းအဝိုင်းက မြို့အထွက်မှာရှိတာ။ ၈ရက်နေ့က က အဲ့အဝိုင်းမှာ ရဲနဲ့ဒေသခံပြည်သူတွေအပြန်လှန်ပစ်ကြတာ။ ရဲဘက်ကလည်းတစ်ယောက်သေတယ် ပြည်သူဘက်ကလည်းတစ်ယောက်သေတယ်။ အဲ့ဒါကြောင့် ပြည်သူဘက်က သေတဲ့ကလေးအတွက် ဒီနေ့အာဇာနည်နေ့ မှာလွမ်းသူပန်းခွေသွားချတာ ။ အဲ့ဒါကို ဒုရဲအုပ်နဲ့ရဲတစ်ယောက်သွားကြည့်ရင်းမိုင်းနှစ်လုံးကွဲသွားတာ " လို့ ဒေသခံပြည်သူတစ်ဦးက သူသိရှိရသမျှကိုဘီဘီစီကိုပြောပါတယ်။

    အဲဒီဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရှိတဲ့ ရဲနှစ်ဦးထဲက ဒုရဲအုပ် ဟာ မျက်နှာတခြမ်းနဲ့ ကိုယ်အောက်ပိုင်းထိသွားပြီး မုံရွာတပ်ဆေးရုံကို အရေးပေါ်ရွှေ့ပြောင်းကုသ လိုက်တယ်လို့သိရပါတယ်။

    နောက်ထပ် ရဲတပ်သားတစ်ဦးကတော့ဒဏ်ရာမပြင်းထန်တာကြောင့် မုံရွာဆေးရုံမှာပဲထားရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ကတဆင့် ရေဦးမြို့နယ်ရဲစခန်းကို ဘီဘီစီက ဖုန်းနဲ့ဆက်သွယ်အတည်ပြုဖို့ကြိုးစားပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

    ရေဦးမှာ အာဇာနည်လွမ်းသူပန်းခွေကိုဖယ်ရှားတဲ့ ရဲနှစ်ဦး ဗုံးထိလို့ ထိခိုက်ဒဏ်ရာရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  11. သာကေတကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကို အိမ်စီးကား အရပ်ဝတ်နဲ့လူတချို့ ဝင်ရောက်ဖမ်းဆီး

    အာဇာနည်နေ့အတွက် ချီတက်သပိတ်စစ်ကြောင်းထွက်တဲ့ ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းကိုအိမ်စီးကားနဲ့အရပ်ဝတ်လူတချို့ဝင်ရောက်ဖမ်းဆီးရာမှာ ဆန္ဒပြလူငယ်တစ်ဦး ဖမ်းဆီးခံရတယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့လူငယ်တွေက ပြောပါတယ်။

    " သပိတ်ထွက်ပြီး ၅မိနစ်လောက်ပဲရှိသေးတယ်။ စပြီးအဖြိုခွဲခံရတယ် ။ ဒလန်သတင်းပေးတာကြောင့်လည်းပါတယ်။ အနောက်ကနေဆိုင်ကယ်တွေရော အိမ်စီးကားတွေနဲ့ရောလိုက်ဖမ်းတာပါ။ ဒီနေ့ကတော့ သာကေတကျောင်းပေါင်းစုံသပိတ်အနေနဲ့ အာဇာနည်နေ့ ကြွေးကြော်သံတွေနဲ့ သပိတ်စစ်ကြောင်းထွက်လာခဲ့တာပါ " လို့သပိတ်စစ်ကြောင်းမှာပါဝင်တဲ့လူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ် ။

    ဒီနေ့ဇူလိုင် ၁၉ ရက် ၇၄ နှစ်မြောက်အာဇာနည်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလှည့်လှည်ပိတ်ဆို့ဖမ်းဆီးနေတဲ့ကြားကပဲ နိုင်ငံတဝန်းမှာ အာဇာနည်နေ့အတွက် ကြွေးကြော်သံတွေ၊ ကားဟွန်းတီးသံသပိတ်တွေနဲ့ချီတက်ဆန္ဒပြခဲ့ကြခဲ့ကြပါတယ် ။

    Tharkayta, Yangon

    ဓာတ်ပုံ ရင်းမြစ်, ဖြိုးရသ ( CJ)

  12. နိုင်ငံတဝန်း အာဇာနည်နေ့ ဂါရဝပြု အခမ်းအနားတွေနဲ့ အတူ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြ

  13. လှိုင်သာယာက အထည်ချုပ်စက်ရုံတချို့မှာ ဖျားနာခွင့်တင်လို့ အလုပ်ကထုတ်ပယ်တာတွေရှိလာ

    ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာစက်မူဇုန်ထဲက အထည်ချုပ်စက်ရုံတချို့မှာအလုပ်သမားတွေအနေနဲ့ ကိုဗစ်ရောဂါလက္ခဏာပြပြီးဖျားနာလို့ ခွင့်တိုင်တာနဲ့ အလုပ်ကထုတ်ပယ်တာတွေရှိလာတယ်လို့အထည်ချုပ်အလုပ်သမားတွေကဆိုပါတယ်။

    " နေမကောင်းဖြစ်တာ ၁ ရက်နေ့လောက်ကတည်းဖြစ်တာ လမ်းတောင်မလျှောက်နိုင်ဘူး။ လစာမဲ့ ခွင့်လည်းမပေးနိုင်ဘူး။ ဆေးခွင့်လည်းမပေးနိုင်ဘူးဆိုပြီး အလုပ်ကတန်းထုတ်လိုက်တာပဲ။ ဘာလျော်ကြေးမှလည်းမပေးဘူး။ ရပ်ဆိုင်းတယ်ဆိုပြီးအလုပ်ထုတ်လိုက်တာ ။ စက်ရုံမှာအလုပ်လုပ်လာတာတော့ငါးနှစ်လောက်ရှိပါပြီ။ သားအမိနှစ်ယောက်တည်းရှိတာ ကိုယ်ကလည်းလမ်းတောင်မလျှောက်နိုင်တော့ဘယ်မှလည်းသွားမတိုင်ဖြစ်တော့ဘူးလို့ " ဖျားနာခွင့်တင်လို့ အလုပ်ကထုတ်ပယ်ခံရတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးကဘီဘီစီကိုပြောပြပါတယ်။

    အာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာ စက်မှုဇုန်လုပ်သားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားဥပဒေပါအခွင့်အရေးတွေကို ဆက်တိုက်ချိုးဖောက်ခံနေရတာဖြစ်ပြီး အလုပ်သမားဥပဒေအရ တိုင်ကြားမှု ယန္တာရားတွေလည်း အားလုံးရပ်ဆိုင်းသွားပြီလို့ လုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်။

    လက်ရှိမှာတော့ အရင်ကစက်ရုံအလုပ်ရုံအလိုက်ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂတွေလည်း မရှိသလောက်ဖြစ်နေပြီး အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကိုယ်တိုင် စက်ရုံအလုပ်ရုံပိုင်ရှင်တွေရဲ့တိုင်တန်းမှုကြောင့် ဖမ်းဆီးခံရတာတွေ ရှောင်တိမ်းနေရတာတွေဖြစ်နေတယ်လို့အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကဆိုပါတယ်။" အလုပ်သမားတွေမှာလည်း အရေးပေါ်ခွင့်တွေ၊ ဥပေဒေပါ ရှောင်တခင်ခွင့်တွေမရှိတော့ဘူး။ သုံးရက်ထိပျက်တာနဲ့ထုတ်ပစ်လိုက်တယ်။

    ဥပဒေပါအခွင့်အရေးပါ လို့ပြောလာရင် တိုင်ချင်တဲ့နေရာတိုင်လို့ပြောတာတွေက ကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရသလို ပတ်ဝန်းကျင်ကအလုပ်သမားတွေဆီကလည်း နေ့စဉ်နဲ့အမျှကြားနေရတာပါ။ အာဏာသိမ်းပြီးကာစကတော့ လုပ်ငန်းခွင်အတွင်းမှာ ဖြည်းဖြည်းချင်းအခွင့်အရေးချိုးဖောက်ခံလာရတယ်။ သုံးလလောက်ကြာတော့ သူတို့ကသမဂ္ဂတွေကိုစပြီး ဖြိုခွဲတယ်။ အလုပ်သမားခေါင်းဆောင်တွေကို စစ်ကောင်စီနဲ့ပေါင်းပြီးတိုင်တယ်။ ကျွန်တော်ကိုယ်တိုင်လည်း တိမ်းရှောင်နေရတာပါ" လို့အထည်ချုပ်စက်ရုံတစ်ခုကအလုပ်သမား သမဂ္ဂခေါင်းဆောင်တစ်ဦးက လက်ရှိမြေပြင်အခြေအနေကို ဘီဘီစီကိုပြောပါတယ်။

    ဒီလိုအခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် နီးစပ်ရာအလုပ်သမားရုံးတွေကို သွားရောက်တိုင်ကြားတဲ့အခါမှာလည်း အမှုဟောင်းတွေတောင် မဖြေရှင်းရသေးတဲ့အကြောင်းပြောပြီး တိုင်ကြားစာကိုလက်ခံထားပြီး ဖြေရှင်းပေးတာလည်းမရှိဘူးလို့အလုပ်သမားတွေကဆိုပါတယ် ။ဒါ့ပြင် လက်ရှိကိုဗစ်တတိယလှိုင်းမှာလည်း အထည်ချုပ်စက်ရုံကစက်မူဇုန်လုပ်သားတွေအနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝမရတာတွေ ၊ ကိုဗစ်ရောဂါအခြေအနေကြောင့် စစ်ကောင်စီက သတ်မှတ်ပေးတဲ့ ရုံးပိတ်ရက်တွေမှာ လစာဖြတ်တောက်ခံရတာတွေ၊ ဖိအားပေးအချိန်ပိုဆင်းခိုင်းတာတွေဖြစ်နေတဲ့အကြောင်းကိုလည်း စက်ရုံအလုပ်သမားတွေက ဘီဘီစီကိုသတင်းပေးပို့လာကြပါတယ်။

    Hlaing Thar Yar, Yangon

    ဓာတ်ပုံ ရင်းမြစ်, Social Media

  14. အသွားအလာကန့်သတ်ထားတဲ့ စစ်တွေကမ်းနားလမ်းမှာ စုဖွဲ့သောက်စားနေသူတွေဖမ်းဆီးခံရ

    ရခိုင်ပြည်နယ်စစ်တွေမြို့က အသွားအလာကန့်သတ်ထားတဲ့ စစ်တွေကမ်းခြေပတ်လမ်းမှာ လူငယ်တွေစုဖွဲ့သောက်စား နေသူတွေကို ဇူလိုင်လ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာ ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

    ရခိုင်မှာ ကိုဗစ် ၁၉ တတိယလှိုင်းအတွင်း ကူးစက်မှု ဒုတိယအများဆုံးအဖြစ် ရင်ဆိုင်နေရတဲ့ ပြည်နယ် မြို့တော်စစ်တွေမှာ လူစည်ကားတဲ့နေရာတွေဖြစ်တဲ့ စစ်တွေကမ်းနားလမ်း၊ ဗျူးပွိုင့်ကမ်းခြေ၊ ဟိုတယ်ကမ်းခြေနဲ့ ဂစ္ဆပရပ်ကွက်ကမ်းခြေတွေမှာ လာရောက်အပန်းဖြေကြတာတွေ၊ အားကစားလုပ်တာတွေ၊ သောက်စားတာတွေမလုပ်ဖို့ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

    ကန့်သတ်ထားတဲ့နေရာတွေထဲက ကမ်းနားလမ်းမှာ ဝိုင်းဖွဲ့ပြီးတော့ သောက်စားနေတဲ့လူငယ်တွေကို မနေ့ကညနေပိုင်းမှာ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးမှုတွေပြလုပ်ပြီးတော့ အဲ့ဒီဖမ်းဆီးခံရသူတွေဟာ ထုတ်ပြန်ထားတဲ့ကိုဗစ်စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့အတွက် ရဲအက်ပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။“ဒါကလည်း ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာမှုအားကောင်းမကောင်း၊ ဆောင်ရွက်မှုတွေ၊ နောက်ပြီးတော့ လူငယ်တွေဘယ်လိုလှုပ်ရှားနေတယ်ဆိုတာကိုကျွန်တော်တို့ လျှပ်တပြက်လိုက်ကြည့်တဲ့သဘောဖြစ်ပါတယ်။ ရဲအက် ၄၇ နဲ့တရားစွဲဆိုသွားမှာဖြစ်ပါတယ်”လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

    အခုလို လူစည်းကားတဲ့နေရာတွေကို လတ်တလောအသွားအလာကန့်သတ်ထားတာဟာ လူစုလူဝေးဖြစ်ပွားမှုတွေကိုလျှော့ချတဲ့သဘောဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုလျော့ပါးသွားဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အဲ့ဒီအမိန့်ကြေညာချက်တွေကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ကိုဗစ်ကူးစက်မှုတွေမြင့်မားလာနေတာကြောင့် ကျောင်းတွေကိုလည်းပိတ်ထားသလို လူစုလူဝေးရှိတဲ့ဈေးတွေကိုလည်း အချိန်အကန့်အသတ်နဲ့ နေ့တစ်ဝက်သာရောင်းချခွင့်ပြုထားပြီး စားသောက်ဆိုင်တွေမှာလည်း ပါဆယ်စနစ်နဲ့သာရောင်းချကြဖို့အတွက်ကို ညွှန်ကြားထားတာဖြစ်ပါတယ်။

    ကိုဗစ်ကူးစက်မှုတွေမြင့်တက်လာနေပေမယ့် ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကိုလိုက်နာမှုအားနည်းနေသလို လမ်းသွားလမ်းလာပြုသူတွေကတော့ ပုံမှန်အတိုင်းပဲမြင်တွေ့နေရသလို အကာအကွယ်ပစ္စည်းတွေကိုလည်း စနစ်တကျတပ်ဆင်အသုံးပြုသူတွေ နည်းပါးနေသေးတာဖြစ်ပါတယ်။ရခိုင်တပြည်နယ်လုံးမှာတော့ အခုဇူလိုင်လအတွင်း ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုဟာ မြို့နယ်အားလုံးအထိကူးစက်ခံခဲ့ရပြီး ပိုးတွေ့အတည်ပြုလူနာပေါင်း မနေ့ကအထိ ၁၄၃၆ ဦးရှိကာ သေဆုံးသူပေါင်း ၄၁ ဦးရှိပြီး လက်ရှိဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရသူပေါင်းကတော့ ၁၀၂၃ ဦးရှိနေသေးတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

    Sittwe

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. လန်ဒန်မှာကျင်းပတဲ့အာဇာနည်နေ့အကြိုအခမ်းအနားကို ကင်မ် တက်ရောက်, ပိုပြီးမျှတတဲ့ လူ့ဘောင်ဆီချီတက်ရာမှာ ကျဆုံးသူတို့ရဲ့ စိတ်ခွန်အားတွေက လမ်းပြလိမ့်မယ် - ကိုထိန်လင်း ခေါ် ကင်မ် (ဒေါ်အောင်ဆန်းစုကြည့်ရဲ့သားငယ်)

    မြန်မာပြည်သူတွေ အားလုံးရဲ့ ရုန်းကန်ကြိုးပမ်းမှု၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အားပေးကူညီမှုတွေကြောင့် စစ်အာဏာရှင် သက်တမ်းကြာနိုင်မှာ မဟုတ်ဘူး ဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ခေါ် ကင်မ်က ပြောပါတယ်။

    လန်ဒန်မြို့၊ ဘက်တာဆီး ဥယျာဉ်ထဲမှာရှိတဲ့ ငြိမ်းချမ်းရေးဘုရား၊ ဂျပန်ဘုရားလို့ အသိများတဲ့ နေရာမှာ မြန်မာအသိုင်းအဝိုင်းနဲ့ မြန်မာ့အရေး အားပေးကူညီသူတွေ အာဇာနည်နေ့အကြို စုဝေးခဲ့ကြတာမှာ ကင်မ်လည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

    သူတို့ဟာ ၇၄ နှစ် မြောက် အာဇာနည်နေ့ သက်သက်အတွက် စုရုံးခဲ့ကြတာ မဟုတ်ပါဘူး။ တကျော့ပြန် စစ်အာဏာသိမ်းခံရတာကို တွန်းလှန်ကြရင်း အသက်သွေးတွေ စွန့်လွှတ်သွားကြသူတွေ အားလုံးကို အလေးအမြတ်ပြုဖို့ရာ စုဝေး နေခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    ဘာသာပေါင်းစုံ ဆုတောင်းမှုတွေလည်း ပြုခဲ့ကြပါတယ်။

    ဒီပွဲမှာ ရှိနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သားအငယ် ကင်မ်က၊ တရားမျှတတဲ့ လူ့ဘောင်ကို အရောက်သွားဖို့ရာ လူငယ်တွေရဲ့ အသက်တွေ ဘယ်လောက်ထပ် စတေးရဦးမှာလဲ ဆိုပြီး အခုလို ပြောပါတယ်။

    “အားလုံးကို ဒီမှာတွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့ ဒီမှာစုဝေးကြသလို၊ ကမ္ဘာအနှံ့မှာလည်း စုဝေးနေကြပါတယ်။ အကြောင်းကတော့ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားကြရင်း အသက်ပေးခဲ့ကြသူတွေ အားလုံးကို အမှတ်ရစေဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ လွန်ခဲ့တဲ့ ၇၄ နှစ်က ကျဆုံးခဲ့တဲ့ ကျွန်တော်ရဲ့ အဖိုးနဲ့တကွ အပေါင်းအပါတွေကို အမှတ်ရခြင်း အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက် သူတို့ရဲ့ အိပ်မက်တွေ အကောင်အထည် ပေါ်လာတာ မမြင်ရသေးခင်မှာပဲ၊ လုပ်ကြံခံခဲ့ကြရတာပါ။ ကျွန်တော်တို့ဟာ ဒီအမှတ်ရခြင်း အခမ်းအနားနဲ့ သူတို့ကို ဂုဏ်ပြုမှာဖြစ်သလို၊ ယုံကြည်မှုတရားတွေ လက်တွေ့ဖြစ်လာအောင် ကျွန်တော်တို့ မဆုတ်မနစ် ဆက်လက် စွမ်းဆောင်ခြင်း အားဖြင့်လည်း သူတို့ကို ဂုဏ်ပြု ကြရမှာ ဖြစ်ပါတယ်။၇၄ နှစ် ကြာခဲ့ပေမယ့် ယုံကြည်မှုတရားတွေ အကောင်အထည်ပေါ်ဖို့ရာ လူငယ်တွေရဲ့ အသက်တွေနဲ့ ဆက်လက် ရုန်းကန်လှုပ်ရှားနေရဆဲ အခြေအနေအပေါ် ကျွန်တော့်လိုပဲ မြန်မာပြည်သူတွေ ဝမ်းနည်းနေကြလိမ့်မယ်လို့ ထင်ပါတယ်။ဘယ်လောက် အန္တရာယ်ကြီးမှန်း သိရက်နဲ့ လူငယ်တွေဟာ သူတို့ရဲ့ ရဲစွမ်းသတ္တိတွေ ပြခဲ့ကြပါတယ်။

    အာဇာနည်တွေ စာရင်းထဲ နောက်ထပ် အများအပြားလည်း ပါဝင်ခဲ့ကြပါပြီ။ ဒီခရီးလမ်းမှာ ဘယ်နှစ်ယောက် ထပ်ပြီး စတေးရဦးမှာပါလဲ။စစ်အုပ်ချုပ်မှုကို လက်သင့်ခံမှာ မဟုတ်ကြောင်း မြန်မာပြည်သူတွေ ပြတ်ပြတ်သားသား ပြသခဲ့ကြပြီးပြီ။ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက်သာ တာဝန်ထမ်းဆောင်ရမယ် ဆိုတာကို စစ်တပ်အနေနဲ့ သိနားလည်သင့်ပါပြီ။

    ကျွန်တော့်ရဲ့မိခင် ပြည်လည် ထိန်းသိမ်းခံထားရသလို၊ လူတွေရဲ့ မျှော်လင့်ချက်လည်း ချုပ်နှောင်ခံလိုက်ရပြန်ပါတယ်။ ဒီလို မမျှတမှုတွေ၊ ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရချိန် တည်ငြိမ်အောင်နေဖို့ ဆိုတာ ခက်ပါတယ်။ မြန်မာပြည်ရဲ့ ကျန်းမာရေး စနစ် ပြိုလဲသွားတာမို့ အခု ကိုဗစ်ကြောင့် မသေသင့်ပဲ လူတွေ အများကြီး သေဆုံးနေရပါတယ်။ ကျွန်တော်အနေနဲ့ အမေပြောခဲ့ဖူးတာပဲ ပြန်ပြောချင်ပါတယ်။ သတိကြီးကြီးဆက်ထားပြီး၊ ကိုဗစ်နဲ့ ပတ်သက်ပြီး ဘယ်လို နေထိုင်ရမယ် ဆိုတဲ့ လိုက်နာ လုပ်ဆောင်သင့်တာတွေကို ဆက်ပြီး ကျင့်သုံးကြပါ။ မြန်မာပြည်သူတွေ အားလုံးရဲ့ ကြိုးပမ်းမှု၊ နိုင်ငံတကာ မိသားစုရဲ့ အားပေး ကူညီမှုတွေကြောင့် ဖိနှိပ်မှုတွေဟာ နောင် ၇၄ နှစ် ထပ်ကြာနိုင်မှာ မဟုတ်ဘူး ဆိုတာတော့ သေချာပါတယ်။ ပိုပြီး ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့၊ မျှတတဲ့ လူ့ဘောင်ကို ဦးတည် သွားကြတဲ့ ခရီးလမ်းမှာ ကျဆုံးသွားသူတွေရဲ့ စိတ်ဓာတ်ခွန်အားတွေက ကျွန်တော်တို့ကို လမ်းပြပါလိမ့်မယ်၊ ခွန်အားဖြစ်စေပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။” ဆိုပြီး ကင်မ်က ပြောသွားပါတယ်။

    လန်ဒန်မှာကျင်းပတဲ့အာဇာနည်နေ့အကြိုအခမ်းအနားကို ကင်မ် တက်ရောက်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, လန်ဒန်မှာကျင်းပတဲ့အာဇာနည်နေ့အကြိုအခမ်းအနားကို ကင်မ် တက်ရောက်
  16. ယခုနှစ် အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်း မိသားစုကိုယ်စားရန်ကုန်စည်ပင်ဌာနမှူးတစ်ဦး က လွမ်းသူ့ပန်းခွေချ

    ဒီကနေ့ ၂၀၂၁ ခုနှစ် ဇူလိုင်၁၉ရက်မှာ ကျရောက်တဲ့ ၇၄နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှာ ဗိုလ်ချုပ်အောင်ဆန်း မိသားစုကိုယ်စားဆိုကာ ရန်ကုန်စည်ပင်ဌာနမှူးတစ်ဦးဖြစ်တဲ့ ဒေါက်တာတိုးအောင်ဆိုသူက လွမ်းသူ ပန်းခွေချ ဂါရဝပြုခဲ့တာကို စစ်တပ်ပိုင် မြဝတီရုပ်သံမှာပြသတာတွေ့ရပါတယ်။

    ဒီနှစ်အာဇာနည်နေ့အခမ်းအနားဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တဖန် နေအိမ်အကျယ် ချုပ်နဲ့ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး ပုဒ်မမျိုးစုံနဲ့ တရားစွဲဆိုခံထားရချိန်မှာ ကျရောက်တဲ့ အာဇာနည်နေ့အခမ်းအနားလည်းဖြစ်ပါတယ်။

    ယခင် နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာကျင်းပခဲ့တဲ့အာဇာနည်နေ့အခမ်းအနားအများစုကို ထိုစဉ်က နေအိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းခံထားရတဲ့ ဗိုလ်ချုပ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ခွင့်ရှိတာတွေ့ရပါတယ်။ အခု စစ်ကောင်စီလက်ထက်အာဏာသိမ်းကာလမှာတက်ရောက်တာမတွေ့တဲ့အပေါ် ဝေဖန်မှုတွေလည်းရှိသလို တဖက်မှာလည်း ကိုဗစ် ၁၉ ကပ်ရောဂါတတိယလှိုင်းကို အပြင်းအထန်ရင်ဆိုင်နေရတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ အတိုင်ပင်ခံအနေနဲ့ ခုလို ပြင်ပကိုမထွက်တာအန္တရာယ်ကင်းတယ်လို့လည်း ပြောဆိုမှုတချို့ရှိနေပါတယ်။

    ဒီကနေ့အာဇာနည်နေ့ကို အခြား အာဇာနည်မိသားစုဝင်တွေကို ဖိတ်ကြားပေမယ့် မိသားစုဝင် အများစုက တက်ရောက်တာမရှိဘဲ ကိုယ်စားလွမ်းသူပန်းခွေချ တာကို တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးကျရောက်တဲ့ ၇၄ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်တာမတွေ့ရဘဲ စစ်ကောင်စီလက်အောက် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီး ဦးကိုကိုက တက်ရောက် ဂါရဝပြုတာပဲတွေ့ရပါတယ်။

    martyrs day

    ဓာတ်ပုံ ရင်းမြစ်, Military owned media

  17. နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင်ကို အဖမ်းခံရ, မိခင်ဖြစ်သူ ထောင်၃နှစ်ချခံထားရတဲ့ နိုင်ကျဥ်းသားဟောင်းကို ထပ်မံဖမ်းဆီး

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်ကို ဒီနေ့ဇူလိုင် ၁၈ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ကနေအိမ်တစ်ခုမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ‌‌မိသားစုဝင်တွေကို ပြောကာ နေအိမ်ကိုလာရောက်ရှာဖွေသွားကြောင်း ကိုတင်ထွဋ်ပိုင် မိသားစုဝင်တွေထံက သိရပါတယ်။

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုတင်ထွဋ်ပိုင်ကို ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမူဖြစ်စဉ် နောက်ပိုင်း ကတည်းက သူနေထိုင်ရာ မြောက်ဥက္ကလာပနေအိမ်ကို စစ်ကောင်စီတွေက ဝင်ရောက်ရှာဖွေမူတွေရှိလို့ နေအိမ်ကနေ တိမ်းရှောင်နေခဲ့တာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ် ။

    ပြီးခဲ့တဲ့ မေလထဲမှာတော့ ကိုတင်ထွဋ်ပိုင်နေအိမ်ကို ဝင်ရောက်ရှာဖွေရင်း မတွေ့တာကြောင့် မိခင်ဖြစ်သူဒေါ်မိငယ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပါတယ် ။

    အဲ့ဒီနောက်မှာတော့ ကိုတင်ထွဋ်ပိုင်ရဲ့ မိခင်ဖြစ်သူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်လိုက်တာပါ ။

    လက်ရှိမှာတော့ တက်ကြွလူပ်ရှားသူ ကိုတင်ထွဋ်ပိုင်အပါဝင်နောက်ထပ်တစ်ဦးကို ဖောက်ခွဲရေးပစ္စည်း၊လက်နက်ခဲ့ယမ်းတွေနဲ့ဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီဘက်က ပြောခဲ့တယ်လို့သိရပါတယ်။

    လအတန်ကြာ စစ်ကောင်စီ အလိုရှိနေတဲ့ နိုင်ကျဥ်းဟောင်းကို လက်နက်နဲ့ ဖမ်းမိတယ်လို့ ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ကိုတင်ထွဋ်ပိုင်ကို ဖမ်းမရလို့ မိခင်ဖြစ်သူကို ဖမ်းဆီးကာ ထောင်၃နှစ် ချမှတ်ခဲ့
    သတင်းအရ လိုက်လံ ရှာဖွေ ဖမ်းဆီးမှုတွေ ပိုများလာနေ

    ဓာတ်ပုံ ရင်းမြစ်, Burma VJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ လက်ချက်နဲ့ မိခင်ကော သားဖြစ်သူပါ အဖမ်းခံနေရတဲ့ နိုင်ကျဥ်းဟောင်း
  18. ရန်ကုန်မှာ နာရေး ကူတဲ့ကားတွေ အလောင်းတွေထပ်ပြီး သယ်ယူ သင်္ဂြိုဟ်ပေးနေရ

  19. အခုနှစ်ထဲ လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးမယ်လို့ စစ်ကောင်စီပြော

    မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်းကို ၂၀၂၁ ခုနှစ်အတွင်း ကိုဗစ် ကာကွယ်ဆေးထိုးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

    မြန်မာနိုင်ငံမှာ လူဦးရေ ၁. ၆ သန်းကျော် ကိုဗစ် ကာကွယ်ဆေးထိုးပြီးပြီဖြစ်ပြီး လာမယ့်ဇူလိုင်လ ၂၂ ရက်နေ့မှာ တရုတ်နိုင်ငံက ကိုဗစ် ကာကွယ်ဆေး ၇ သိန်းခွဲ ထပ်ရောက်လာမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ဇူလိုင် ၂၃ ရက်၊၂၄ ရက် နဲ့ သြဂုတ်လအတွင်းမှာလည်း ထပ်ပြီးရောက်လာဖို့ရှိပြီး အခုနှစ်အတွင်း နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနိုင်ရန် မျှော်မှန်း ဆောင်ရွက်နေတယ်လို့ ကိုဗစ် ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အစည်းအဝေးမှာ ပြောသွားခဲ့ပါတယ်။

    အခု ကာကွယ်ဆေးထိုးတဲ့နေရာမှာ ပို့‌ဆောင်ဆက်သွယ်ရေးလုပ်ငန်းတွေကို ဦးစားပေးထိုးပေးမယ်လို့လည်း သူက ပြောပါတယ်။

    ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးခဲ့သူ စုစုပေါင်း ၅၀၀၀ ရှိပြီလို့လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဇူလိုင်လ ၁၇ ရက်နေ့က သေဆုံးသူ အရေအတွက်က ၂၃၃ ဦးရှိခဲ့ပြီး ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ အနည်းငယ်ကျဆင်းလာတာကို တွေ့ရပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကိုဗစ်ကူးစက်ခံရသူ ၂၂၉၅၂၁ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူ ၁၆၁၈၅၉ ဦး ရှိပြီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPA

  20. မြန်မာကို နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ NUG မေတ္တာရပ်ခံ

    စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုအနေအထားဟာ ဆိုးရွားနေပြီး ဒီကပ်ကို ကျော်လွန်နိုင်ဖို့ ပြည်သူတွေက ပြည်သူတွေကို ကူညီတဲ့ ဗျူဟာနဲ့ သာ အလုပ်ဖြစ်နိုင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

    အန်ယူဂျီ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကိုယ်အချင်းချင်းကူညီစောင့်ရှောက်ကြဖို့ လိုပြီး သူတို့အနေနဲ့လည်း ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေဟာ တယ်လီကျန်းမာ အစီအစဉ်နဲ့ တယ်လီဖုန်းကတစ်ဆင့် အကြံပြုကုသပေးတာ၊ အိမ်တွေကိုလိုက်လှည့်ဆင်းပြီး ကုသပေးတာတွေ လုပ်နေကြောင်းနဲ့ အောက်စီဂျင်လိုအပ်ချက်တွေကို ကူညီဖြေရှင်းပေးနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီရဲ့ ခန့်ခွဲမှုအောက်မှာ မြန်မာပြည်မှာ ဖြစ်နေတဲ့ စိုးရိမ်ထိတ်လန့်စရာ ကိုဗစ်ပျံ့နှံ့မှု အခြေအနေ၊ အရေအတွက် ၃ သိန်း ၃ သောင်းကျော်လာနေတဲ့ စစ်ပြေးဒုက္ခသည်တွေ၊ အစားအစာ ပြတ်လပ်မှုတွေကို ကြုံနေရတဲ့ လူဦးရေပေါင်း ၆ သန်းကျော်တို့ ကိုထောက်ပြပြီး နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက မေတ္တာရပ်ခံလိုက်ပါတယ်။

    တစ်ချိန်တည်းမှာပဲ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့အခါ အကူအညီလိုအပ်သူတွေအနေနဲ့ အဝါရောင်အဝတ်စကို အိမ်ရှေ့မှာလွှင့်ထူပြီး အကူညီတောင်းခံကြဖို့ တိုက်တွန်းတဲ့ အဝါရောင်ကမ်ပိန်းလှုပ်ရှားကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြဖို့ လူမှုကွန်ရက်ပေါ်ကနေ နှိုးဆော်မှုတွေရှိလာပါတယ်။

    No tag