ရန်ကုန်မြို့က ရှေ့နေတဦးဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူလည်း
ဖြစ်တဲ့ ဦးနေမင်းဟာ ကျွန်တော့ ဘဝထဲကို ဘုရားသခင်က စေလွှတ်ပေးလိုက်တဲ့ အစောင့်အရှောက်
နတ်သားတဦးသဖွယ် ဝင်ရောက်လာသူ ဖြစ်ပါတယ်။
၁၉၈၈ ဇူလိုင်လမှာ ဘီဘီစီ နိုင်ငံတကာ ရေဒီယို ဌာနက မြန်မာနိုင်ငံကို
(အဲဒီအချိန်က တရားဝင် ဝင်လို့မရတဲ့အတွက်) လျှို့ဝှက်သတင်းထောက်ဖို့ စေလွှတ်ခဲ့ပါတယ်။
အဲဒီအချိန်က ရာစုနှစ် လေးပုံ တပုံကျော် စစ်တပ်ရဲ့ မတရားအုပ်ချုပ်မှုအောက်မှာ
နေထားခဲ့ရတဲ့ မြန်မာနိုင်ငံမှာ တော်လှန် ပုန်ကန်မယ့် အရိပ်အယောင်တွေက ယှက်သန်းနေခဲ့တဲ့
အချိန် ဖြစ်ပြီး ပုံမှန် သတင်းရင်းမြစ်တွေက ဖွင့်ဟပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ကြတဲ့
အချိန်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတလျားမှာ အနံ့ခံထောက်လှမ်းနေကြတဲ့ မြန်မာစစ်ထောက်လှမ်းရေးသမားတွေ
ရှိနေတဲ့ကြားကပဲ ဦးနေမင်းက ကျွန်တော် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပုန်းလျှိုးကွယ်လျှိုး
လျှို့ဝှက် တွေ့ဆုံမေးမြန်းနိုင်အောင် ရှာဖွေ စီစဉ်ပေးပါတယ်။
ဒါ့အပြင် ဦးနေမင်းကပဲ အဲဒီကျောင်းသားတွေကို သူတို့ရဲ့ တော်လှန်ရေးဟာ
အဲဒီအချိန်က ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တဲ့ ၁၉၈၈၊၈ လပိုင်း ၈ ရက်နေ့ ၈ နာရီ ၈ မိနစ်မှာ စမယ် ဆိုပြီး
ပြောကြဖို့ တိုက်တွန်း ပြောပြပေးပါတယ်။
ကျွန်တော်က သူ စီစဉ်ပေးတဲ့ တွေ့ဆုံမေးမြန်းခန်း တိတ်ခွေတွေကို
သံတမန်တွေရဲ့ ဝန်စည်စလယ်တွေထဲမှာ ဖုံးကွယ် ထည့်သွင်း သယ်ဆောင်ပေးခဲ့ပြီး ဘီဘီစီ မြန်မာပိုင်း
အစီအစဉ်ကနေ ပြန်လွှင့်စေခဲ့ပါတယ်။
ဒီလိုနဲ့ပဲ မြန်မာနိုင်ငံမှာ တော်လှန်ကြမယ့် သတင်းက ပျံ့နှံ့သွားပြီး
ကျောင်းသားတွေ ပြောလိုက်တဲ့ နေ့ရက် နာရီ မိနစ်ပိုင်း အချိန်မှာပဲ တော်လှန်ရေးက စတင်ပါတော့တယ်။
ဒီလိုနဲ့ပဲ လက်ရှိအချိန်ကာလအထိ ရိုက်ခတ်နေခဲ့စေတဲ့ လူအများ လွယ်လွယ်ကူကူနဲ့
မှတ်မိနေစေမယ့် ရှစ်လေးလုံး တိုက်ပွဲခေါ်သံ တိုင်တည်မှုကို ဦးနေမင်းက ပုံဖော်ပေးခဲ့ပါတယ်။
လက်ရှိ အချိန်လို လူမှုကွန်ရက် စာမျက်နှာတွေ မပေါ်သေးတဲ့အချိန်မှာ
သူ့နိုင်ငံက အဖိနှိပ်ခံ ပြည်သူတွေအကြောင်းကို ပြင်ပကမ္ဘာက သိရှိသွားခြင်းရဲ့ တန်ဖိုးကို
မြင်ခဲ့သူက ဦးနေမင်းပဲ ဖြစ်ပါတယ်။
ဦးနေမင်းဟာ ကျောင်းသားတွေနဲ့သာမက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ထုတ်ဖော် ပြောပြတဲ့ စစ်တပ်အရာရှိတွေနဲ့လည်း တွေ့ဆုံနိုင်ဖို့ ကျွန်တော့ကို
စီစဉ်ပေးပါတယ်။ ဥပမာအားဖြင့် လူမျိုးစု တိုင်းရင်းသားဒေသတွေက ရွာသားတွေကို မြန်မာစစ်တပ်က
သူတို့ရဲ့ စစ်ကြောင်းရှေ့မှာ လမ်းလျှောက်ခိုင်းပြီး လူသားမိုင်းရှာကိရိယာအဖြစ် အသုံးပြုတယ်
ဆိုတာမျိုးပါ။
အဲဒီအချိန်ဟာ သာမန်ပြည်သူတွေရဲ့ စစ်တပ်အပေါ် မုန်းတီးမှု တိုးပွားလာနေခဲ့တဲ့
အချိန်လည်း ဖြစ်ပါတယ်။
ဒီလို အခြေအနေတွေမှာ ဦးနေမင်းက မထင်မှတ်ပဲ နိုင်ငံရေး အဖြစ်အပျက်တွေကို
သာမန်ပြည်သူတွေ တက်ကြွဖွယ်ရာဖြစ်အောင် လှလှပပ ပုံဖော်သူ တယောက်လည်း ဖြစ်နေခဲ့ပါတယ်။
ဗြိတိသျှသံရုံးရဲ့ အကြံပေးချက်အရ မြန်မာနိုင်ငံကနေ အိမ်နီးချင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျွန်တော် ထွက်ခွာလာပြီးနောက်မှာ ဦးနေမင်းက ကျွန်တော် ဒါကာမြို့မှာ
ရှိနေကြောင်း သိရှိသွားပြီး မြန်မာနိုင်ငံ အခြေအနေ သတင်းတွေကို နာရီပိုင်းလောက် နီးပါး
ကျွန်တော့ဆီ ဖုန်းဆက် ပို့ပေးနေခဲ့ပါတယ်။
ဒီလိုလုပ်ပေးနေခဲ့အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ သူ အဖမ်းခံလိုက်ရလို့
ထောင်ဒဏ် ရှစ်နှစ် အချခံခဲ့ရပြီး တိုက်ပိတ် နှိပ်စက်ခြင်းတွေကိုလည်း ခံခဲ့ရပါတယ်။
ဒီလို အလုပ်ခံခဲ့ရတာတောင်မှ ဦးနေမင်းက ဘယ်လောက်အထိ ရဲရဲတောက်
သတ္တိကောင်းသလဲဆိုရင် သူလွတ်လာတာနဲ့ လန်ဒန်မှာ ရှိနေတဲ့ သတင်းတွေ ထပ်ပေးဖို့ ကျွန်တော့ကို
ဖုန်းဆက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာ ထပ်မံ အဖမ်းခံရပြန်ပြီး နောက်ထပ် ထောင်ရှစ်နှစ်လည်း
အချခံခဲ့ရပြန်ပါတယ်။
ဦးနေမင်းဟာ သူ့ရဲ့ ရှေ့နေဘဝကို မြန်မာနိုင်ငံက လူနည်းစုတွေကို
ခုခံကာကွယ်ပေးဖို့ မြှုပ်နှံခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက မွတ်ဆလင် ဘာသာဝင်တွေအတွက်
ကိုယ်စားပြု ရပ်တည်ခဲ့တဲ့ ဦးနေမင်းဟာ သူ့ကို မြန်မာစစ်အာဏာပိုင်တွေက ရှေ့နေလုပ်ခွင့်
ပိတ်ပင်ခဲ့တာကို အကြီးအကျယ် မခံမရပ်နိုင် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။
လူမုန်းများလှတဲ့ ဗိုလ်ချုပ်နေဝင်းကိုတောင် အဖိနှိပ်ခံတွေအတွက်
အကြောက်အလန့်မရှိ ရပ်တည်ပေးခဲ့တဲ့ ဦးနေမင်းက ကန့်ကွက်ရှုတ်ချတဲ့ စာတစောင်ကို တခါက တိုက်ရိုက်ရေးပို့ခဲ့ဖူးပါတယ်။
ကျွန်တော်က သူကိုဗစ်ကူးစက်ခံရပြီဆိုတာ ကြားရတော့ ကျွန်တော်တို့
သူ့အတွက် အောက်ဆီဂျင်အိုး တလုံးရဖို့ စီစဉ်ပေးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီ အိုးက ဖိအား အလျှော့အတင်းလုပ်တဲ့ ကိရိယာက ချို့ယွင်းနေခဲ့တာကို
မသိလိုက်ရဘဲ သူ့ကို အောက်ဆီဂျင်ပေးထားတဲ့ ညလယ်ခေါင်မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။
ဦးနေမင်းဟာ သူ့နိုင်ငံသားတွေနဲ့အတူတကွ ဒုက္ခခံစားရင်း သေဆုံးရတာကို
ဂုဏ်ယူနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ လက်ရှိတော်လှန်ရေးက
မအောင်မြင်ဘူးဆိုရင်တော့ သူအတော် စိတ်မကောင်းဖြစ်ရမှာပါ။
ငြိမ်းငြိမ်းချမ်းချမ်းသာ အနားယူပါတော့ ဦးနေမင်း…။ ခင်ဗျားဟာ သူတပါးတွေအတွက်
ဘဝကို စတေးခဲ့ပြီး သူတပါးတွေ အတွက်ပဲ ရှင်သန်နေထိုင်ခဲ့သူပါ…။
ခင်ဗျားရဲ့ အမြော်အမြင်တွေ၊
သတ္တိတွေနဲ့ တစိုက်မတ်မတ် လုပ်ဆောင်မှုတွေကို အထူးသဖြင့် မြန်မာနိုင်ငံက ဘယ်တော့မှ
မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ပုံဖော်ပေးခဲ့သူတွေထဲက တဦးဖြစ်တဲ့
ခင်ဗျားထားခဲ့တဲ့ အမွေအနှစ်တွေက လက်ရှိ ဂျန်ဇီ မျိုးဆက်သစ် လူငယ်တွေကြားမှာ ဆက်လက်
ရှင်သန် နေဦးမှာပါ။

ဓာတ်ပုံ ရင်းမြစ်, Ari Porat