ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ဆေးအလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ၅၀၀၀ ရှိပြီ

    ကိုဗစ် ၁၉ ရောဂါကူးစက်မှုကြောင့် မြန်မာနိုင်ငံမှာဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့ တစ်ရက်တည်း သေဆုံးသူ ၂၃၁ ဦးရှိပြီး၊ ကူးစက်ခံရသူ အသစ် ၅၂၈၅ ဦးတွေ့ ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးခဲ့သူ စုစုပေါင်း ၅၀၀၀ ရှိပြီလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ဇူလိုင်လ ၁၇ ရက်နေ့က သေဆုံးသူ အရေအတွက်က ၂၃၃ ဦးရှိခဲ့ပြီး ဒီကနေ့ထုတ်ပြန်ချက်အရ အနည်းငယ်ကျဆင်းလာတာကို တွေ့ရပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ စုစုပေါင်း ကူးစက်သူ ၂၂၉၅၂၁ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူ ၁၆၁၈၅၉ ဦး ရှိပြီ ဖြစ်တယ်လို့လည်းဆိုပါတယ်။

    စစ်ကောင်စီ ဥက္ကဋ္ဌ ကတော့ မြန်မာနိုင်ငံမှာ ကာကွယ်ကုသရေးအတွက် အားလုံးပူးပေါင်းပါဝင်ကြဖို့ ဒီကနေ့ ဇူလိုင် ၁၈ ရက် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး အစည်းအဝေးမှာ ထုတ်ပြောခဲ့ပါတယ်။

    ရန်ကုန်နဲ့ နယ်မြို့ကြီးအချို့မှာ သေဆုံးသူတွေများတဲ့ အတွက် နာရေးကူညီနေသူတွေဟာ ကားတစ်စီးကို အလောင်းနှစ်လောင်း သုံးလောင်းထိ တင်ပြီး သင်္ဂြိုဟ်ပေးနေရပြီး ကိုဗစ်လက္ခဏာတွေနဲ့ နေအိမ်တွေမှာ သေဆုံးသူတွေကို စာရင်းကောက်တာ မရှိတာကြောင့် အပြင်မှာ သေဆုံးသူအရေအတွက်ဟာ အခုထက်များတယ်လို့လည်း နာရေးကူညီသူတွေက ပြောပါတယ်။

    ဇူလိုင် ၁၆ ရက်နေ့က မန္တလေးမြို့က ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, ဇူလိုင် ၁၆ ရက်နေ့က မန္တလေးမြို့က ကိုဗစ်ကြောင့်သေဆုံးသူတစ်ဦး
  2. အာဇာနည်နေ့ အခမ်းအနား အာဇာနည်ခေါင်းဆောင် မိသားစုချို့တက်ဖို့ရှိ, အာဇာနည်ခေါင်းဆောင် ဦးအုန်းကြိုင်နဲ့ ဦးရာဇတ် တို့ရဲ့ မိသားစု၀င် တချို့ တက်ရောက်ဖို့ရှိ

    ဇူလိုင် ၁၉ရက် မနက်ဖြန်မှာ ကျင်းပမယ့် ၇၄နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည် ခေါင်းဆောင် ၉ ဦး ထဲက တချို့ မိသားစု၀င်တွေ တက်ရောက်ဖို့ ရှိပါတယ်။

    အခုနှစ် အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို အာဇာနည်ခေါင်းဆောင် ၉ ဦးထဲက မိသားစုဝင်တချို့က ကျန်းမာရေးအခြေနေကြောင့် တက်ရောက်ဖို့မရှိပေမဲ့ တချို့မိသားစုဝင်တွေကတော့ နှစ်စဉ်မပြတ် အစဥ်အလာအတိုင်း တက်ရောက်သွားမယ်လို့ ပြောပါတယ်။

    ခါတိုင်းနှစ်တွေကလို မိသားစု၀င် အားလုံးကို ဖိတ်စာပို့တာကြောင့် လွန်ခဲ့တဲ့ ၄ရက်က ဖိတ်စာရခဲ့ပြီး တခြား မိသားစု၀င်တွေက တက်ရောက်ဖို့ မသေချာပေမဲ့ သူ့ကတော့ မဖြစ်မနေ တက်ရောက်သွားမှာပါလို့ အာဇာနည်ခေါင်းဆောင် ဦးအုန်းကြိုင်ရဲ့ သားအငယ်ဆုံး အသက် ၇၆နှစ် အရွယ် ဒေါက်တာမင်းမြတ်က ဘီဘီစီကို ပြောပါတယ်။

    ပြီးခဲ့တဲ့​ ဇန်နဝါရီလတုန်းက မိခင် ဖြစ်သူ ဆုံးပါးသွားခဲ့ပြီး ၊ မောင်နှမတွေအနက် အကြီးဖြစ်သူတွေကတော့ ကိုဗစ် ကူးစက်မှုတွေကြောင့် အခမ်းအနားကို တက်ဖို့ မသေချာဘူးလို့ သူက ဆိုပါတယ်။

    အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံတော်က နှစ်စဉ်အကောင်းဆုံးလုပ်ပေးနေတဲ့အတွက် လေးစားသမှုနဲ့ မိသားစုဝင်တစ်ယောက်အဖြစ်တက်ရောက်တာ ဖြစ်တယ်လို့ ဒေါက်တာမင်းမြတ်က ဆက်ပြောပြပါတယ် ။နောက် အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးရာဇာတ်ရဲ့ သားဖြစ်သူ ဦးတင်မြင့်ကတော့နေအိမ်မှာ သီးခြားကွာရတင်းဝင်နေတဲ့ ရက်မပြည့်သေးတာကြောင့် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်နိုင်ခြင်းမရှိဘဲ မိသားစုကိုယ်စား ညီဖြစ်သူကို တက်ရောက်ဖို့ စီစဉ်မယ်လို့ပြောပါတယ် ။

    သူတို့ အနေနဲ့ အာဇာနည်နေ့အခမ်းအနားကို တက်ရောက်လာတာ အကြိမ်ပေါင်း ၇ဝ ကျော်နေပြီ ဖြစ်ကြောင်း ၊ အစဉ်လာ အတိုင်း တက်ရောက်သွားမှာ ဖြစ်ကြောင်း ၊ ဘယ်သူမှမတက်ဘဲ ဟောင်းလောင်းကြီးဖြစ်နေမယ့်အစား နှစ်စဉ်သွားနေကျဆိုတော့ မိသားစုကိုယ်စား တက်မှာ ဖြစ်ကြောင်း အာဇာနည်ခေါင်းဆောင် ဦးရာဇတ်ရဲ့သားဖြစ်သူ ဦးတင်မြင့်က ဘီဘီစီကိုပြောပါတယ် ။

    အာဇာနည်ခေါင်းဆောင် ၉ ဦးထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြည်တွင်းမှာ အာဏာသိမ်းတဲ့ဖြစ်စဉ်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားပြီး အမူပေါင်း ၁ဝ ခုနဲ့ ပုဒ်မတွေတပ်ပြီး တရားစွဲဆိုထားပါတယ် ။

    ဒီနှစ် အာဇာနည်နေ့ အခမ်းအနားကို ဒေါ်ေအောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း ရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မသိရသေးဘူးလို့ သူ့ အမူတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ် ။

    စစ်ကောင်စီ စီစဥ်တဲ့ အာဇာနည်နေ့ အခမ်းအနား တက်ရောက်မယ့် အာဇာနည် မိသားစုတွေလည်းရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ၇၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အာဇာနည်ခေါင်းဆောင် ဦးရာဇတ် နဲ့ ဦးအုန်းမောင် မိသားစုတွေပါ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  3. မန္တလေးမှာ လူငယ်တွေစုပြီး ကိုဗစ်လူနာတွေကို အကူညီပေး

    မန္တလေးမြို့မှာ လူငယ်တွေ စုပေါင်းပြီး ကိုဗစ်-၁၉ လူနာတွေအတွက် အစားသောက် ပို့ဆောင်လှူဒါန်းတာ အောက်ဆီဂျင်အိုး ကူညီတန်းစီပေးတာတွေကို လုပ်ဆောင်ပေးနေကြပါတယ်။

    "ကိုဗစ် တတိယလှိုင်းမှာ အစိုးရထောက်ပံ့မှု လုံးဝမရှိတော့ဘူး။ အဲ့တော့ ပြည်သူဟာ ပြည်သူပဲရှိတော့တယ်။ အဲ့ဒါကြောင့်မို့ ဝိုင်းကူလုပ်ပေးကြတာပေါ့" လို့ မန္တလေးမြို့က လူငယ်လေးတွေ စုပေါင်းပြီး ကိုဗစ်လူနာတွေ ကူညီပေးရတဲ့ အကြောင်းကို လူငယ်တစ်ဦးက ပြောပါတယ်။

    မန္တလေးမြို့မှာ ပြည်သူ့ဆေးရုံကြီး၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၊ တိုင်းရင်းဆေးရုံ ၊ အလုပ်သမား ဆေးရုံ၊ အရိုးအထူးကု ဆေးရုံတွေမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ကုသပေးတာတွေ ရှိပါတယ်။

    ဒါပေမဲ့ ကိုဗစ်လက္ခဏာရှိလို့ နေအိမ်တွင်းနေပြီး ကုသနေသူတွေလည်း ရှိပါတယ်။

    ဇူလှိုင်လအတွင်းမှာ ကိုဗစ်-၁၉ လက္ခဏာ ခံစားနေရပြီး အောက်ဆီဂျင် လိုအပ်ချက်တွေ မြင့်လာချိန်မှာ အောက်ဆီဂျင်ပြတ်လို့ သေဆုံးသူတွေလည်း နေ့စဉ်တိုးလာနေတယ်လို့ ဆိုပါတယ်။

    နေအိမ်မှာနေရင်း အောက်ဆီဂျင်ပြတ်လို့ သေဆုံးရသူ အများစုကိုလည်း သုသာန်ပို့ သင်္ဂြိုဟ်ပေးရတယ်လို့လည်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    ဆေးရုံတက်ကုသမှု မရရှိတဲ့ ကိုဗစ်လူနာတွေကို အောက်ဆီဂျင်အိုးရရှိအောင် ဆောင်ရွက်ပေးတာ၊ လိုအပ်မယ့် အစားသောက်တွေ ထောက်ပံ့ပေးတာ၊ ရပ်ကွက်တချို့မှာ ပိုးသတ်ဆေးဖျန်းပေးတာက အစ လူငယ်တွေ စုပေါင်းပြီး ဇူလိုင်လမှာ နေ့စဉ်ဆိုသလို ကူညီဆောင်ရွက် နေကြတာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးမှာ ကိုဗစ် အပါအဝင် ကိုဗစ်လက္ခဏာတွေနဲ့သေဆုံးသူ ၆၀ ဦးခန့်အထိ ရှိခဲ့တယ်လို့လည်း မန္တလေးနာရေးကူညီမှု အသင်းတွေက တစ်ဆင့်သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, HLA

    no tag

    ဓာတ်ပုံ ရင်းမြစ်, HLA

  4. ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေမှာ အာဇာနည်နေ့အခမ်းအနား သီးခြား ကျင်းပဖို့မရှိ

    ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီး ရခိုင်အပါအဝင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ မနက်ဖြန်ကျရောက်မယ့် ၇၄ ကြိမ်မြောက်အာဇာနည်နေ့ အခမ်းအနားကို သီးခြားကျင်းပသွားဖို့မရှိဘူးလို့ သိထားရကြောင်း ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ဘီဘီစီကိုပြောပါတယ်။

    ‘ ‘ အဓိကကတော့ ကိုဗစ်ကြောင့်ပါပဲ။ ကိုဗစ်က လူ ၅၀ ထက်ပိုမစုရဆိုတာကြောင့် နေပြည်တော်မှာ ဆွမ်းကပ်ဖို့တောင် လူ ၃၀ လောက်နဲ့ပဲ ကပ်ဖို့ ကန့်သတ်ထားတယ်လို့ သိရတယ်။ အခမ်းအနားနဲ့ ချီတက်တာ၊ ဆွမ်းကပ်တာတော့ တခြားတိုင်းနဲ့ပြည်နယ်တွေမှာ သီးခြားသီးသီးသန့်သန့်လုပ်ဖို့မရှိဘူးလို့ပဲ သိထားပါတယ်။’’ လို့ သူကပြောပါတယ်။

    မနက်ဖြန် ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၇၄ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားဟာ အရပ်သားအစိုးရကို ဖယ်ရှားပြီးတဲ့နောက် စစ်ကောင်စီကဦးစီးပြီး ကျင်းပသွားဖို့ စီစဉ်နေတာ လည်းဖြစ်ပါတယ်။

    မနက်ဖြန်ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီလက်အောက် ထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ရမယ် မတက်ရောက်ရဘူးကိုလည်း ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

    အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သခင်မြ မိသားစုဝင်တွေကတော့ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်ခြင်းမရှိဘူးလို့ သားဖြစ်သူဦးရဲမြင့်အောင်က ဘီဘီစီကိုပြောကြားထားပါတယ်။

    (၇၁)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ပုံ

    ဓာတ်ပုံ ရင်းမြစ်, ဓာတ်ပုံ ရွှေအင်းသားခင်မောင်ဝင်း

    ဓာတ်ပုံ ပုံစာ, (၇၁)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ပုံ
  5. အောက်ဆီဂျင် ၄၀ လီတာအိုးဖြည့်ခ အပြင်စျေးကျပ်သုံးသိန်းနီး‌‌ပါးဖြစ်

    ရန်ကုန်မှာ အောက်ဆီဂျင်ရောင်းချတဲ့ စက်ရုံတွေမှာ တန်းစီဝယ်ယူသူတွေများလာနေပြီးတော့ ဝယ်မရ ဖြစ်နေသလို အောက်ဆီဂျင်ဖြည့်ခ စျေးတွေဟာ အရင်ထက် ၁၀ ဆလောက် တက်သွားတယ်လို့ ရန်ကုန်မြို့က အောက်ဆီဂျင်တန်းစီ ဝယ်နေသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်

    ဇူလိုင်လ ၁၈ ရက်နေ့က အောက်ဆီဂျင် ၄၀ လီတာ တစ်အိုး ဖြည့်ခကို ၂ သိန်း ၇ သောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။

    အောက်ဆီဂျင်စက်ရုံတွေက ဒီစျေးနဲ့ရောင်းတာဟုတ်ဘဲ တန်းစီဝယ်ထားသူတွေက တစ်ဆင့် ပြန်လည်ရောင်းချတာ ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    ရန်ကုန်မြို့က စက်ရုံတွေမှာ အောက်ဆီဂျင် ရဖို့ နှစ်ညအိပ်ခန့်အနည်းဆုံး စောင့်နေရတယ်လို့ လည်းရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့မေလက ဆိုရင် အောက်ဆီဂျင်ဖြည့်ခဟာ ၄၀ လီတာကို ကျပ်ရှစ်ထောင် ခန့်သာရှိပြီးတော့ အောက်ဆီဂျင်အိုးက ကျပ်သိန်းဂဏန်းဝန်းကျင်သာ ရှိတယ်လို့ သူကပြောပါတယ်။

    အောက်ဆီဂျင် ၄၀ လီတာအိုးကို အောက်ဆီဂျင်ပါပါအပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ၁၅ သိန်းပေးဝယ်ခဲ့ ရသူလည်း ရှိသလို အောက်ဆီဂျင် အိုးအဟောင်းကို တပ်ဆင်တဲ့ပစ္စည်း အပါအဝင် ၈ သိန်းကျော် ပေးခဲ့ရသူရှိတယ်လို့ အောက်ဆီဂျင်ဝယ်ခဲ့ရသူတစ်ဦး ကပြောပါတယ်။

    ဒီစျေးနှုန်းတွေဟာ စျေးကွက် အတွင်းလိုအပ်ချက်အရ ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေတဲ့အတွက် ပေါက်စျေးရယ်လို့ ပြောရခက်ပြီး လိုအပ်နေသူတွေက လိုသလိုဝယ်ရတဲ့ အခြေအနေဖြစ်တယ်လို့ လည်း ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

    စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ရန်ကုန်က ပြည်သူ့ဆေးရုံတွေနဲ့ ကုသရေးစင်တာတွေမှာ သုံးဖို့ ပြည်ပက မှာထားတဲ့ အောက်ဆီဂျင်ဓာတ်‌ငွေ့ရည်တန် ၂၀ ဆန့် ကားနှစ်စီးနဲ့ မန္တလေး ဆေးရုံတွေ အပါအဝင် ကုသရေးစင်တာတွေမှာ သုံးဖို့ အောက်ဆီဂျင် ၂၆ တန်ဆန့် ကားတစ်စီး ရောက်နေပြီး နောက်ထပ်လည်းကားတွေ ထပ် ရောက်လာဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ရန်ကုန်မှာ အောက်ဆီဂျင် တန်းစီနေနေမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မှာ အောက်ဆီဂျင် တန်းစီနေတဲ့မြင်ကွင်း
  6. တနင်္သာရီနဲ့ ကရင်မှာ ခရီးသည်တင်ကားတွေ အဝင်အထွက်ပိတ်

    ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ မြင့်လာနေပြီး ကိုဗစ် ကူးစက်ခံရတွေအများစုဟာ ယာဥ်မောင်း ယာဥ်နောက်လိုက်နဲ့ အခြားပြည်နယ်တိုင်းတွေက ခရီးသွားသူတွေ ပါဝင်နေတဲ့ အတွက် တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ခရီးသည်တင်ကားတွေ အဝင်အထွက် ပိတ်ထားတယ်လို့ ခရီးသည်တင်ယာဥ်လိုင်း ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး တနင်္သာရီတိုိုင်းမှာ ပိတ်ဖို့ အကြောင်းကြားစာ ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ ကုန်တင်ယာဥ် ရုံးလုပ်ငန်းကိစ္စ ကျန်းမာရေးကိစ္စနဲ့ နာရေးကိစ္စတို့မှ အပ ကျန်တဲ့ ယာဥ်တွေ အဝင်အထွက် တွေကို ပိတ်ထားမှာ ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ကရင်ပြည်နယ်ကလည်း ကုန်တင်ယာဥ်ကလွဲပြီး ကျန်တိုင်းနဲ့ပြည်နယ်တွေက ကားတွေ အဝင်အထွက်ကို ပိတ်ထားမယ်လို့ ဇူလိုင်လ ၁၄ ရက်နေ့က ယာဥ်လိုင်းတွေကို အသိပေးအကြောင်းကြားစာ ထုတ်ပြန်ခဲ့ပါတယ်။

    တနင်္သာရီတိုင်းမှာလည်း ကိုဗစ်ဖြစ်ပွားမှုတွေ များလာနေပြီး ဇူလိုင် ၁၆ ရက်နေ့က ကိုဗစ်ကြောင့် တစ်ရက်တည်းကို လူ ၃ ဦးအထိ သေဆုံးခဲ့တယ်လို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    တနင်္သာရီတိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုများပြားလာပြီး ဇူလိုင် ၁၆ ရက်နေ့က ထားဝယ်မှာ သေဆုံးသူ တစ်ဦး၊ ပုလောမှာ သေဆုံးသူ နှစ်ဦးရှိလာတယ်လို့တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကို ကိုးကားပြီး‌ Dawei Watch ကရေးပါတယ်။

    ဖေဖော်ဝါရီလ ၁ ရက်ကနေ ဇူလိုင်လ ၁၆ ရက်နေ့အထိ တနင်္သာရီတိုင်းမှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၁၅ ဦးရှိပြီး ရောဂါကူးစက်သူ ၁၆၅၀ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MK

  7. ကိုဗစ်တတိယလှိုင်းကိုစိုးရိမ်ပြီး ကချင်စစ်ရှောင်စခန်းအများစုမှာ စည်းကမ်းတင်းကျပ်

    ကိုဗစ်တတိယလှိုင်းကိုစိုးရိမ်ပြီး ကချင်စစ်ရှောင်စခန်းအများစုမှာ စည်းကမ်းတင်းကျပ်

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, မြစ်ကြီးနားမြို့ပေါ်က စစ်ရှောင်စခန်းတစ်ခု

    ကချင်ပြည်နယ်ထဲက စစ်ရှောင်စခန်းအများစုမှာ ကိုဗစ် တတိယလှိုင်းကူးစက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ပြီး စခန်းထဲ လူအဝင်အထွက်ကို ကြပ်မတ်ဆောင်ရွက်နေတယ်ဆိုပြီး စခန်းတာဝန်ရှိသူတွေက ပြောလာပါတယ်။

    မြစ်ကြီးနားမြို့က လူထောင်ကျော်တဲ့ စိန့်ဂျိုဇက် စစ်ရှောင်စခန်းမှာဆိုရင် စစ်ရှောင်တွေ ကျပ်ကျပ်တည်းတည်းနေထိုင်ရတာဖြစ်လို့ ပိုးတွေ့သူရှိလာရင် ကူးစက်မှု မြန်မြန်ပျံ့နှံ့သွားမှာကို အထူးစိုးရိမ်တယ်လို့ စိန့်ဂျိုးဇတ်စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

    ''လောလောဆယ်တော့ စခန်းထဲ လူအဝင်၊ အထွက်နဲ့ စခန်းထဲက လူတွေကို မလိုအပ်ဘဲ အပြင်မထွက်ဖို့ ပြောထားတယ်။ ကိုဗစ်ပညာပေးတွေ တိုးလုပ်နေတယ်။ နောက်ပိုင်းကျရင်တော့ ကျတော်တို့ အချိန်သတ်မှတ်ပြီး တရက်ကို ဒါမှမဟုတ် တစ်ပတ်ကို ဘယ်နှကြိမ်အပြင်ထွက်မယ်ဆိုတာမျိုး အကြိမ်ကန့်သတ်မှာပေါ့။ ဒါကို အရင်တစ်ခေါက်ကလည်း ကျွန်တော်တို့ လုပ်ဖူးပါတယ်။ ဆက်လုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီမှာက အဆောင်တစ်ဆောင်မှာ လူတွေ စုပြုံပြီးနေကြရတာဆိုတော့ ဖြစ်လာရင် မလွယ်ဘူး။ အတော်လေးစိုးရိမ်တယ်။'' စခန်းတာဝန်ခံ တစ်ဦးက ပြောပါတယ်။

    စာရင်းအရ စိန့်ဂျိုးဇတ်စခန်းမှာ စစ်ရှောင် ၂၂၀၀ ဝန်းကျင်လောက်ရှိပေမဲ့ ရွာပြန်ပြီး တောင်ယာပြန်လုပ်သူတွေ၊ ကျပန်းလိုက်လုပ်တဲ့သူတွေလည်း ရှိတာကြောင့် လောလောဆယ်မှာ စခန်းထဲ စစ်ရှောင်အရေအတွက် ၁၅၀၀ နဲ့ ၁၈၀၀ ကြားမှာရှိနေပါတယ်။

    အရင် ကိုဗစ်လှိုင်းတုန်းက စခန်းထဲကနေ အပြင်ထွက် သွားလာပြီး ပိုးကူးစက်ခံခဲ့ရတဲ့ အတည်ပြုလူနာတစ်ဦး တွေ့ခဲ့တာကြောင့် အခု တတိယလှိုင်းမှာ ကူးစက်မှုမရှိအောင် အတော်လေး ကြိုးပမ်းနေရတယ်လို့လည်း သူက ပြောပါတယ်။

    ဒါ့အပြင် စခန်းတွေမှာ အခုလိုတင်းကျပ်မှုတွေရှိနေချိန် တစ်ဖက်မှာလည်း ဝမ်းရေးအတွက် အပြင် မထွက်နိုင်လို့ အခက်ကြုံရသလို ပိုးကူးစက်မှာကိုလည်း စိုးရိမ်နေရတယ်လို့ မြစ်ကြီးနားမြို့က ဂျန်မိုင်ကောင် စစ်ရှောင်မှာနေတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

    ''လောလောဆယ် ဒီကိုဗစ်လှိုင်းကို အပြင်မှာနေတဲ့သူတွေတောင် ဒီလောက်အထိ ကြောက်နေရတယ်ဆိုရင် ကျမတို့ စခန်းမှာဆိုရင် ကျမတို့က အခန်းဆိုရင်လည်း ကပ်လျက်နေတယ်။ လူကလည်းပိုများတယ်။ အသက်ကြီးတဲ့သူတွေရော၊ ကလေးငယ်တွေရောပိုများတယ်။ အဲဒီအခါကျတော့ ကျမတို့ စိုးရိမ်နေရတယ်။ မနက်အိပ်ရာထတာနဲ့ စခန်းထဲက ဘယ်သူများနေမကောင်းဖြစ်နေမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့နေနေရတယ်။'' ဂျန်မိုင်ကောင်စခန်းက စစ်ရှောင်တစ်ဦးက ပြောပါတယ်။

    မြစ်ကြီးနား မြို့ပေါ်မှာရှိတဲ့ စစ်ရှောင် စခန်းအများစု အပြင် ဝိုင်းမော်ဘက်က စစ်ရှောင်စခန်းမှာလည်း စခန်းတွင်းမှာနေထိုင်သူတွေအနေနဲ့မလိုအပ်ဘဲ အပြင်မထွက်ဖို့ စည်းကမ်းထုတ်ထားသလို လူအဝင်အထွက်ပိတ်ထားတယ်လို့သိရပါတယ်။

  8. ပဲခူးတိုင်းအတွင်းမြို့နယ်အချို့မှာ နေ့လယ် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ကြေညာ

    ပေါက်ခေါင်းမြို့နယ်နဲ့ ပြည်မြို့တွေမှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး နေ့လည် ၁၂ နာရီ နောက်ပိုင်းမှာ အပြင်မထွက်ကြဖို့ ကြေငြာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပေါက်ခေါင်းမြို့နယ်နဲ့ ပြည်မြို့တွေမှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှာ အပြင်မထွက်ကြဖို့ ကြေငြာ

    ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်နဲ့ ပြည်မြို့တွေမှာ ဇူလိုင် ၁၈ ရက်နေ့ကစပြီး နေ့လယ် ၁၂ နာရီ နောက်ပိုင်းမှာဈေးဆိုင်တွေ ပိတ်ထားဖို့နဲ့ အပြင်မထွက်ကြဖို့၊ မလိုက်နာရင် ဒဏ်ငွေတပ်မယ်ဆိုတဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အဲဒီစာထဲမှာနေ့လယ် ၁၂ နာရီနောက်ပိုင်းမှာ အပြင်ထွက်မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံ ချက်ပါရမှာ ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲအပြင်ထွက်ရင် ဒဏ်ငွေ တစ်သောင်းနဲ့ ဆိုင်ဖွင့်ရင်တော့ ဒဏ်ငွေ ငါးသောင်းပေးဆောင်ရမယ်လို့ပါရှိပါတယ်။

    " ကြေငြာချက်ထွက်တာလည်း ဘယ်ရက်က ဘယ်ရက်အထိဆိုတာမပါဘူး ။ ကြိုလည်းမကြေငြာထားဘူး ။ နေ့လယ် ၁၂ နာရီနောက်ပိုင်းဆိုရင်တော့ ပြည်သူတွေအတွက် အဆင်မပြေဖြစ်နိုင်တယ် ။ နောက်ပြီးတော့အုပ်ချုပ်ရေးမှူးတွေဆီ ထောက်ခံစာယူဖို့ဆိုတာကလည်း ဘယ်သူမှသွားချင်မှာမဟုတ်ဘူး " လို့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလို နေ့လယ် ၁၂ နာရီနောက်ပိုင်းခွင့်ပြုချက်မပါဘဲ အပြင်ထွက်ခွင့်မရှိတဲ့ ကြေငြာချက်ကိုတော့ သက်ဆိုင်ရာမြို့နယ်တွေမှာ လှည့်လှည်ကြေညာတာတွေ ၊ ဆိုင်တွေကို သတိပေးစာတွေ လိုက်ကပ်တာ တွေပြုလုပ်နေတာဖြစ်လို့ ဆိုင်တချို့ပိတ်သိမ်းတာတွေလည်း လုပ်ခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ် ။

    ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ဒေသအာဏာပိုင်တွေဘက်ကို ဘီဘီစီက ဆက်သွယ်အတည်ပြုနိုင်ဖို့ ကြိုးစားပေမဲ့ ဆက်သွယ်မရသေးတဲ့အတွက် အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

    ခွင့်ပြုချက်မရှိဘဲအပြင်ထွက်ရင် ဒဏ်ငွေ တစ်သောင်းနဲ့ ဆိုင်ဖွင့်ရင်တော့ ဒဏ်ငွေ ငါးသောင်းပေးဆောင်ရမယ်လို့ပါရှိ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ခွင့်ပြုချက်မရှိဘဲအပြင်ထွက်ရင် ဒဏ်ငွေ တစ်သောင်းနဲ့ ဆိုင်ဖွင့်ရင်တော့ ဒဏ်ငွေ ငါးသောင်းပေးဆောင်ရမယ်လို့ပါရှိ
  9. ရန်ကုန်မှာ ကိုဗစ်ကြောင့် အကူညီလိုရင် အဝတ်ဝါစ လွှင့်ပြီး တောင်းခံနိုင်တဲ့လှုပ်ရှားမှုစတင်

    ရန်ကုန်မှာ  ကိုဗစ်ကြောင့် အကူညီလိုရင် အဝတ်ဝါစ လွှင့်ပြီး တောင်းခံနိုင်တဲ့လှုပ်ရှားမှုစတင်

    ဓာတ်ပုံ ရင်းမြစ်, social media

    ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့အခါ အကူအညီ လိုအပ်သူတွေအနေနဲ့ အဝါရောင်အဝတ်စကို အိမ်ရှေ့မှာလွှင့်ထူပြီး အကူညီတောင်းခံကြဖို့ တိုက်တွန်းတဲ့ အဝါရောင်ကမ်ပိန်းလှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့်လုပ်လာကြဖို့ လူမှုကွန်ရက်ပေါ်ကနေ နှိုးဆော်မှုတွေရှိလာပါတယ်။

    လက်ရှိအချိန်ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်တတိယလိူင်းမှာရောဂါကူးစက်ခံရသူတွေအနေနဲ့ သီးသန့်ခွဲထားစရာကုသရေးစင်တာတွေကိုဆီကို သွားလို့ရတဲ့အခြေနေ မရှိတာတွေ၊ ဆေးရုံတွေမှာ လူနာပြည့်နေတဲ့ အနေထားတွေဖြစ်နေတယ်လို့လူမှုကူညီကယ်ဆယ်ရေး လုပ်ဆောင်သူတွေ ဆိုပါတယ်။

    ဒီအခြေနေတွေကြောင့် မိမိနေအိမ်မှာပဲ နေထိုင်နေရသူတွေအနေနဲ့အကူညီလိုအပ်လာရင် အဝါရောင်အမှတ်အသားပါတဲ့ ပိတ်စ၊အင်္ကျီကို ချိတ်ဆွဲပြီး အချက်ပြအကူညီတောင်းဖို့ လူူမှုကွန်ရက်တွေမှာ လှုံ့ဆော်လာကြတာပါ။

    "ကျွန်တော်တို့ အနေနဲ့ကတော့ ဖုန်းဆက်လာရင် အောက်ဆီဂျင်လိုအပ်လား၊ တန်းစီပေးရမှာလား၊ လူခွဲပြီးလုပ်ပေးတယ်။ တစ်အိမ်လုံး နေမကောင်းလို့ ဈေးသွားဝယ်ဖို့ လိုအပ်တယ်ဆိုလည်း လုပ်ပေးပါတယ်။ ဖုန်းဆက်လာတာ များလွန်းလို့ လူခွဲတာတောင် မနိုင်ဘူး။ လူတွေလည်း လိုအပ်တယ်။ အခုလို အဝါရောင်ကမ်ပိန်း ဆိုတာလည်း အကုန်လုံးသိပြီးလုပ်နိုင် ကူနိုင်ရင်လည်းကောင်းပါတယ်။ ကျွန်တော်တို့အဖွဲ့တွေတင် မဟုတ်ဘဲ နီးစပ်တဲ့ အိမ်နီးချင်းတွေပါ ဒီကမ်ပိန်းကိုသိပြီး ကူနိုင်ရင်ကောင်းတယ်" လို့ စေတနာ့ဝန်ထမ်းလုပ်နေတဲ့ လူငယ်တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။

    ဒါကြောင့် နေအိမ်တွေမှာ အဝါရောင်အဝတ်စ လွှင့်ထူထားရင် အိမ်နီးနားချင်းကူညီပေးဖို့၊ နီးစပ်ရာ ပရဟိတအဖွဲ့တွေကို ချိတ်ဆက်ကူညီပေးဖို့၊ အကူညီလိုအပ်တဲ့ နေအိမ်တွေအနေနဲ့လည်း အဝါရောင်အမှတ်သားနဲ့ အကူအညီတောင်းဖို့ လူမူကွန်ရက်ပေါ်မှာတိုက်တွန်း နှိုးဆော်လာကြတာပါ။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း တောင်ဒဂုံမြို့နယ်အတွင်းမှာ ကိုဗစ်ဖြစ်နေတဲ့ ဖခင်ဖြစ်သူကိုပြုစုရင်း နေအိမ်အတွင်းမှာ သားဖြစ်သူပါ သေဆုံးနေတဲ့ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။

    လက်ရှိမှာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ အောက်ဆီဂျင်ကူညီပေးနေတဲ့ပရဟိတအဖွဲ့တွေ၊ နာရေးပရဟိတအဖွဲ့တွေဟာ မြေပြင်လိုအပ်ချက်တွေရယ်၊ ပေးနိုင်တဲ့အကူညီနဲ့ လူအင်အား မလုံလောက်တာတွေကြောင့် ပြည်သူမှပြည်သူသို့ဆိုတဲ့ နီးစပ်ရာအချင်းချင်းကူညီဖို့ လှုပ်ရှားတဲ့ အဝါရောင်ကမ်ပိန်းကို လူမူကွန်ရက်ပေါ်မှာ မျှဝေရေးသား ဖော်ပြလာကြလာတာကို တွေ့ရပါတယ်။

  10. အောက်စီဂျင် ပြန်မျှသူတွေကိုယ်တိုင် အောက်စီဂျင်ရဖို့ အခက်တွေ့နေ

    မင်းဓမ္မလမ်းအနီးက အောက်ဆီဂျင်စက်ရုံတစ်ခုမှာ အောက်ဆီဂျင်စောင့်ဆိုင်းနေတဲ့ဇူလိုင် ၁၇ ရက်မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, HA

    ဓာတ်ပုံ ပုံစာ, မင်းဓမ္မလမ်းအနီးက အောက်ဆီဂျင်စက်ရုံတစ်ခုမှာ အောက်ဆီဂျင်စောင့်ဆိုင်းနေတဲ့ဇူလိုင် ၁၇ ရက်မြင်ကွင်း

    ပြည်တွင်းမှာ ကိုဗစ်ကူးစက်ခံရတဲ့သူအရေအတွက်ရော၊ သေဆုံးမှုနှုန်းပါတက်လာတဲ့နဲ့အမျှ အောက်ဆီဂျင်လိုအပ်ချက်အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတအဖွဲ့တွေကိုယ်တိုင်အောက်ဆီဂျင်ရဖို့ အခက်ခဲတွေရင်ဆိုင်နေရတယ်လို့ ကူညီလုပ်ကိုင်ပေးနေတဲ့လူမှုအသင်းတွေက ပြောပါတယ်။

    "အောက်ဆီဂျင်ရနိုင်ဖို့က တအားနည်းလာတယ်။ ကျွန်တော်တို့ကထိုင်းဘက်အကူညီနဲ့ဝယ်ပြီးတင်သွင်းနေတာ အခုဆိုရင်ရဖို့ကတအားခက်လာပြီ။ အခုရှိတာလေးနဲ့ပဲ အောက်ဆီဂျင်အရမ်းကျတဲ့လူတွေကို လိုက်ကူညီပေးနေရတယ်။ အရင်က ရာနူန်းပြည့်နီးပါးကူညီနိုင်ရာကနေ အခုဆိုရင် ၂ဝရာခိုင်နူန်းလောက်ပဲ ကူညီနိုင်တော့တယ်လို့" ပရဟိတအသင်းကတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အောက်ဆီဂျင်လိုအပ်ချက်ကြောင့် ပြည်တွင်းအောက်ဆီဂျင်စက်ရုံတွေဆီ တန်းစီပြီး ပြန်လည်ဝေမျှကူညီပေးနေတဲ့ နွယ်အေးဗလီကလည်း အောက်ဆီဂျင်အတွက် မပေးနိုင်တဲ့နေ့တွေရှိလာပြီး ရရှိဖို့ကြိုးစားနေတဲ့အခြေနေတွေကိုလည်း နေ့အလိုက်ထုတ်ပြန်လာပါတယ်။

    "လူတွေက အရင်နေ့ကဒီမှာပေးနေတယ်ဆို နောက်နေ့လည်းပေးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့လည်းသွားတန်းစီကြတယ်။ လူတွေအရမ်းသနားဖို့ကောင်းတယ်။ တစ်ခါတစ်လေကျရင် အရှေ့မှာ ၁ဝအိုးလောက်ပဲကျန်တယ်။ ကိုယ့်အနားနီးမှ ကုန်ပြီဆိုလည်း တစ်ညလုံးစီထားတာ လှည့်ပြန်ခဲ့ရတယ်" လို့အောက်ဆီဂျင်လိုအပ်သူတွေအတွက် စေတနာ့ဝန်ထမ်းအနေနဲ့ကူညီတန်းစီပေးနေတဲ့ လူငယ်တစ်ဦးကတွေ့ကြုံနေရတဲ့ အခြေနေတွေကို ပြောပြလာပါတယ်။

    ပြည်တွင်းမှာတော့ အောက်ဆီဂျင်စက်ရုံတွေ တချို့ကနေ အောက်ဆီဂျင်အတွက် ဆက်လက် တန်းစီစောင့်ဆိုင်းရယူနေကြဆဲ ဖြစ်ပေမဲ့ လိုအပ်ချက်နဲ့ရနိုင်တဲ့ ပမာဏ အဆမတန်ကွာဟနေတာကြောင့် အောက်ဆီဂျင်ရရှိမူအခြေနေ ပိုခက်ခဲလာနိုင်ပြီး အောက်ဆီဂျင်ပြတ်လပ်လို့ သေဆုံးတဲ့လူနာတွေလည်းတိုးလာနိုင်တယ်လို့ လူမှုကူညီရေးအသင်းတွေက သုံးသပ်ပြောဆိုကြပါတယ်။

    လက်ရှိဖြစ်နေတဲ့အောက်ဆီဂျင်လိုအပ်ချက်အတွက် ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုကူညီရေးအသင်းတွေနဲ့အလှူရှင်တွေကပါ ပြည်ပကနေအောက်ဆီဂျင်တင်သွင်းဖို့ ကြိုးစားနေကြတာတွေလည်းရှိနေပါတယ်။

    စစ်ကောင်စီဘက်ကလည်း ပြည်တွင်းမှာလိုအပ်နေတဲ့ အောက်ဆီဂျင်လိုအပ်ချက်အတွက် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေကို အောက်ဆီဂျင်တွေပေးပို့နေတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ဒါပေမဲ့ လက်ရှိမြေပြင်မှာတော့ ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့ လူနာတွေနဲ့ အောက်ဆီဂျင်ကူညီပေးနေတဲ့ ပရဟိတလူနာတွေအတွက်ကတော့ အောက်ဆီဂျင်လိုအပ်ချက်အမြင့်ဆုံးနဲ့ သေဆုံးမှုနှုန်းတိုးလာတဲ့ အခြေနေတွေဖြစ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောဆိုကြပါတယ်။

    ဒါ့ပြင် စစ်ကောင်စီရဲ့ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်ရောဂါနဲ့သေဆုံးနူန်းတွေကို နေ့စဉ်ထုတ်ပြန်နေတဲ့ ကိန်းဂဏန်းတွေက သေဆုံးသူ ရာဂဏန်းသာရှိနေပေမဲ့ ရန်ကုန်မြို့က သုသာန်တွေမှာတော့ နေ့စဉ် သေဆုံးသူ နာရေးပေါင်း ၁,ဝဝဝ နီးပါးရှိနေတယ်လို့ နာရေးအသင်းတွေက ပြောပါတယ်။

  11. ရခိုင့်တပ်တော်(AA)က ဗိုလ်မှူးကြီးတစ်ဦး ကိုဗစ်ကြောင့် ကွယ်လွန်

    ရခိုင့်တပ်တော်(AA)က တပ်မှူးတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရက်စ်)ကူးစက်ခံရပြီး ကွယ်လွန်တယ်လို့ AA စစ်ရုံးဘက်က ဇူလိုင်လ ၁၇ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

    ကျောက်တော်ဇာတိဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ်ဟာ မနေ့ ဇူလိုင်လ ၁၇ ရက် ကွယ်လွန်ချိန်မှာ အသက် ၄၀ ရှိပြီဖြစ်ပြီး ထူးချွန်တဲ့တပ်မှူးတစ်ယောက်ဖြစ်တယ်လို့ AA ရဲ့ကြေညာချက်ထဲမှာဖော်ပြပါတယ်။

    တော်လှန်ရေးမှာ တာဝန်ကို ကျေပွန်တဲ့သူဖြစ်ပြီး ဖခင်ရဲ့ဈာပနရှိနေပေမဲ့ ပလက်ဝဒေသမှာ ထိုးစစ်ကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူလို့လည်း AA က ကြေညာချက်ထဲမှာ အထူးတလည်ဖော်ပြပါတယ်။

    တချိန်တည်းမှာပဲ ကိုဗစ်တတိယလှိုင်းအလယ်မှာ ကိုဗစ်နဲ့ပတ်သက်ပြီး ရခိုင့်တပ်တော်အတွက် ကြီးမားတဲ့ဆုံးရှုံးဖြစ်လို့ ကပ်ရောဂါဘေး သတိရှိဖို့၊ ထုတ်ပြန်ထားတဲ့ကိုဗစ်စည်းကမ်းတွေကို လိုက်နာဖို့ ရခိုင်ပြည်သူတွေကို AA ဘက်က အသိပေးထားပါတယ်။

    ရခိုင့်တပ်တော်(AA)က ဗိုလ်မှူးကြီးတစ်ဦး ကိုဗစ်ကြောင့် ကွယ်လွန်

    ဓာတ်ပုံ ရင်းမြစ်, Arakanarmy

  12. အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် သခင်မြမိသားစုဝင်တွေ မတက်ရောက်နိုင်

    အာဏာသိမ်းစစ်ကောင်စီက ဦးစီးကျင်းပမယ့် ဇူလိုင် ( ၁၉) ရက် အာဇာနည်နေ့ အခမ်းအနားကိုအာဇာနည် (၉)ဦးထဲက သခင်မြရဲ့ မိသားစုဝင်တွေဟာ ကျန်းမာရေး အခြေအနေကြောင့် မတက်ဖြစ်ဘူးလို့ဆိုပါတယ်။

    "ပထမက ဇူလိုင်လဆန်းမျက်စိခွဲပြီး အာဇာနည်နေ့ တက်ဖို့ ရည်ရွယ်ပေမယ့် ဆရာဝန်ကနေမကောင်းလို့ cancel လုပ်တော့မခွဲဖြစ်ဘူး။ ကျွန်တော်ကမျက်စဉ်းခပ်နေရတာ မျက်စိကဝါးနေတယ်။ ညီမကလည်း ခြေထောက်ကျိုးထားတော့ အဆင်မပြေ။ ကျွန်တော့်အမျိုးသမီးကို တက်ခိုင်းဖို့ကလည်း နေမကောင်းဖြစ်ချင်သလိုဖြစ်တော့ ကိုဗစ်လည်းစိုးရိမ်ရတော့ မတက်ဖြစ်တော့ဘူး။ အခုက ကိုဗစ်ကစိုးရိမ်နေရတာ၊ ဖြစ်ရင်လည်း ဘယ်သွားရမလဲမသိဘူး။ ဒီရက်ပိုင်းကပဲ မတက်ဖြစ်ကြောင်းပြောလိုက်တယ်။ လွမ်းသူ့ပန်းခွေ ကိုယ်စားချပေးပါ။ ပန်းခွေဖိုး ပိုက်ဆံပြန်ပေးပါ့မယ်လို့ ပြောထားတယ်" အာဇာနည် သခင်မြရဲ့ သားဖြစ်သူ ဦးရဲမြင့်အောင်က ဘီဘီစီကို ပြောပါတယ်။

    အာဇာနည်တွေရဲ့ မိသားစုဝင်တွေကို အခမ်းအနားတက်မတက် စီစဉ်သူတွေဘက်က ဒီလဆန်းပိုင်းမှာ ဖုန်းဆက်မေးမြန်းခဲ့ပြီး ဖိတ်စာကိုတော့ ဇူလိုင် (၁၅) ရက်ဝန်းကျင်မှာ ပို့လာတယ်လို့ဆိုပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် အာဇာနည်ခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေထဲကနေ မိသားစုဝင် (၄)ဦးစီသာတက်ရောက်ခွင့်ပြုမှာပါ။ "ဒီပွဲကို သူတို့ဘက်က ဘယ်သူတွေ တက်လာမလဲတော့မသိဘူး။

    မိသားစုဝင်တွေဘက်တော့ ဖိတ်စာတွေ ပို့ထားပြီလို့ကြားတယ်။ ကျွန်တော်နဲ့ ဖုန်းအဆက်အသွယ်ကလည်း တချို့ပဲရှိတော့၊ အတိအကျတော့မသိပါဘူး" လို့ အာဇာနည်မိသားစုဝင်တွေထဲကဘယ်သူတွေပွဲတက်ရောက်ဖို့ရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး ဘီဘီစီရဲ့ မေးမြန်းမှုကို သခင်မြရဲ့သားဖြစ်သူက အခုလိုပြန်ဖြေကြားခဲ့တာပါ။

    အာဇာနည် (၉) ဦးထဲက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ စစ်ကောင်စီဘက်က ဖမ်းဆီးကာ အမှု (၁၀)မှုနဲ့ တရားစွဲထားပြီး အာဇာနည်နေ့တက်ရောက်ဖို့ရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မသိရသေးဘူးလို့ သူ့ရဲ့ရှေ့နေဖြစ်သူက ဘီဘီစီကို ပြောကြားထားပါတယ်။

    အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် သခင်မြမိသားစုဝင်တွေ မတက်ရောက်နိုင်

    ဓာတ်ပုံ ရင်းမြစ်, Thakhin Mya Family

    ဓာတ်ပုံ ပုံစာ, အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် သခင်မြမိသားစုဝင်တွေ မတက်ရောက်နိုင်
    အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် သခင်မြမိသားစုဝင်တွေ မတက်ရောက်နိုင်

    ဓာတ်ပုံ ရင်းမြစ်, Thakhin Mya Family

    ဓာတ်ပုံ ပုံစာ, အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် သခင်မြမိသားစုဝင်တွေ မတက်ရောက်နိုင်
    အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် သခင်မြမိသားစုဝင်တွေ မတက်ရောက်နိုင်

    ဓာတ်ပုံ ရင်းမြစ်, Thakhin Mya Family

    ဓာတ်ပုံ ပုံစာ, အာဇာနည်နေ့အခမ်းအနားကို ကျန်းမာရေးအခြေအနေကြောင့် သခင်မြမိသားစုဝင်တွေ မတက်ရောက်နိုင်
  13. ကိုဗစ်လူနာ ၁၅၀၀ ကိုကုသနိုင်မယ့်နေရာ ပြင်ထားပြီးပြီလို့ နေပြည်တော်ကောင်စီပြော

    ကိုဗစ်လူနာ ၁၅၀၀ ကျော်ကို ကုသဖို့ ပြင်ဆင်ထားပြီးပြီလို့ နေပြည်တော်ကောင်စီပြော

    ဓာတ်ပုံ ရင်းမြစ်, Naypyitaw Council

    နေပြည်တော်ကောင်စီနယ်မြေမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကူးစက်ပျံ့ပွားမှုဖြစ်နေချိန်မှာပဲ လူနာ ၁၅၀၀ ကို လက်ခံကုသပေးနိုင်တဲ့နေရာ ပြင်ဆင်ထားပြီးတဲ့အကြောင်း နေပြည်တော် ကောင်စီက ဒီနေ့ ဇူလိုင်လ ၁၈ ရက်မှာ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။

    လူနာတွေကို မဏိရတနာကျောက်စိမ်းခန်းမမှာ တပ်သမားတော်တွေက ဦးဆောင်ပြီး ကုသပေးသွားမှာလို့ ဆိုပါတယ်။

    တပ်မတော်က ဆရာဝန်တွေ၊ သူနာပြုတွေ ၂၄ ဦးပါတဲ့အဖွဲ့က အဖွဲ့ ၂ ဖွဲ့ခွဲပြီး ကုသပေးမှာလို့လည်းဆိုပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့ ဇူလိုင်လ ၁၇ ရက် ကိုဗစ်ရောဂါ ကူးစက်မှု အခြေအနေမှာတော့ နေပြည်တော်ကောင်စီနယ်မြေ ၆ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၀၀ ကျော်တွေ့ခဲ့ပြီး ၆ ဦးသေဆုံးခဲ့ပါတယ်။

    နေပြည်တော်က ပိုးတွေ့မြို့နယ်တွေထဲမှာ ဇမ္ဗူသီရိမြို့နယ်က ပိုးတွေ့သူ ၁၇၀ ကျော်နဲ့ တနေ့တာ ပိုးတွေ့လူနာအများဆုံးဖြစ်ခဲ့ပါတယ်။

  14. ကသာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ပစ်ခတ်နေလို့ နေအိမ်တွေလက်နက်ထိနေတယ်ဆိုပြီး ဒေသခံတွေပြော

    ကသာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြောင်းမဲ့ပစ်ခတ်နေလို့ နေအိမ်တွေလက်နက်ထိနေတယ်ဆိုပြီး ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာရှိတဲ့ ကသာမြို့နယ်ထဲမှာ ညတိုင်းလိုလိုပစ်ခတ်သံတွေကြားနေရပြီး မနေ့ ဇူလိုင်လ ၁၇ ရက် ညပိုင်းမှာတော့ စစ်ကောင်စီတပ်တွေက မြို့တွင်းလှည့်လှည်ပစ်ခတ်ခဲ့လို့ လူနေအိမ်တွေရဲ့အတွင်းပိုင်းတွေထိ သေနတ်တွေထိမှန်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    "သေနတ်သံကတော့ ညတိုင်းလိုလိုကို ကြားနေရတာ။ ဘာကိုပစ်နေလဲကိုမသိဘူး။ ပစ်နေတာ။ မနေ့ညကတော့ ဆက်တိုက်အချက် ၁ဝဝ ကျော်တယ်။ ကျွန်မတို့မြို့ထဲက အိမ်မှာမနေတဲ့အချိန်မှာပဲ အိမ်ထဲကိုရောဆိုင်ကိုရော ပစ်ထားတာ။ အဲ့ဒီနားမှာလည်းတပ်စွဲထားတာ မရှိပါဘူး။ တခြားမိတ်ဆွေအိမ်တွေလည်း သေနတ်ထိတယ်ဆိုတော့ မြို့ထဲကိုလှည့်ပစ်နေတဲ့ပုံပဲ" လို့နေအိမ်ကိုသေနတ် ထိမှန်ခဲ့တဲ့ ကသာဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပစ်ခတ်မူတွေကြောင့် လူတွေထိခိုက်ခဲ့တာမရှိဘဲ နေအိမ်နဲ့ဆိုင်ခန်းတွေ ထိမှန်ပျက်စီးခဲ့တဲ့အခြေနေတွေကိုတော့ ဒေသခံတွေက သူတို့ရဲ့လူမူကွန်ယက်စာမျက်နှာတွေမှာဖော်ပြလာကြတာပါ။

    လက်ရှိမှာတော့ ကသာမြို့တွင်းမှာ ညမထွက်ရအမိန့်လည်းရှိနေပြီး စစ်ကောင်စီနဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲလည်း ငြိမ်နေချိန်မှာ အခုလိုပစ်ခတ်မူတွေဖြစ်တာလို့ ဒေသခံတွေကဆိုပါတယ် ။

  15. မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မုံရွာ)အသင်းသားအချို့ ကူးစက်ခံရတာတွေရှိလာတာကြောင့် ကူညီရေးလုပ်ငန်းတွေယာယီရပ်ဆိုင်း

    မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး) မှ အဖွဲ့ဝင်အချို့ မှာဖျားနာတာ၊ အနံ့ပျောက်တာ အပါအဝင် ကိုဗစ်လက္ခဏာတွေကူးစက်ခံရတာရှိလာတဲ့အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မုံရွာမြို့နယ်ရုံး) အနေနဲ့ ကူညီမှုတွေကိုယာယီရပ်ဆိုင်းထားမယ်လို့ မနေ့က ဇူလိုင် ၁၇ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

    မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး (မုံရွာ) အဖွဲ့ဟာ မုံရွာမြို့အခြေစိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိက လုပ်ဆောင်နေတဲ့အသင်းတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။

    လက်ရှိ မုံရွာမြို့မှာ ကိုဗစ်ပေါ့စတစ်လူနာတွေ တစ်ရက်ကို ရာချီတွေ့လာရပြီး ဒီထဲမှာ လူနာပို့ဆောင်ရေးကို လုပ်ဆောင်နေတဲ့ ပရဟိတအသင်းသားတွေပါ ကူးစက်ခံလာရတဲ့အခြေအနေလည်းဖြစ်တယ်လို့ မုံရွာ အခြေစိုက် ပရဟိတအသင်းတွေကပြောပါတယ်။

    ‘ ‘ အခုကတော့ သေတဲ့သူကလည်းတစ်ရက်ကို ၁၀ ဦးလောက်သယ်ပေးနေရတယ်။ ပေါ့စတစ်လူနာ တွေချည်းပဲ ။ ကျွန်တော်တို့လည်း ကူးချင်ကူးနေလောက်ပြီ။ မစစ်လို့သာလေ။ မုံရွာမှာ အခုအခက် အခဲ အတွေ့ဆုံးကတော့ အောက်ဆီဂျင်ပဲ။ အောက်ဆီဂျင်သာ လုံလောက်ရင် ဒီလောက်သေမယ်လို့ မထင်ဘူး။’’ လို့ မုံရွာမြို့အခြေစိုက် ရုံးကြီးလူငယ်ပရဟိတအသင်း အတွင်းရေးမှူးဖြစ်သူ ကိုစိုးကိုကိုမြတ် က ဘီဘီစီကို ပြောပါတယ်။

    ကူညီရေးလုပ်ငန်းတွေယာယီရပ်ဆိုင်း

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး (မုံရွာ)

    ဓာတ်ပုံ ပုံစာ, ကူညီရေးလုပ်ငန်းတွေယာယီရပ်ဆိုင်း
  16. နယူးယောက်မြို့က ကမ္ဘာလုံးဆိုင်ရာအာဇာနည်နေ့သပိတ်

    နယူးယောက်မြို့က ကမ္ဘာလုံးဆိုင်ရာအာဇာနည်နေ့သပိတ်

    ဓာတ်ပုံ ရင်းမြစ်, Terry Win

    ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးသပိတ်ကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ Central Park မှာ အမေရိကန်ရောက်မြန်မာတွေက ဇူလိုင်လ ၁၇ ရက် ညနေပိုင်းမှာ တတိယအကြိမ်ပြုလုပ်သွားပါတယ်။

    နယူးယောက်မြို့က ကမ္ဘာလုံးဆိုင်ရာအာဇာနည်နေ့သပိတ်

    ဓာတ်ပုံ ရင်းမြစ်, Terry Win

    နယူးယောက်မြို့က ကမ္ဘာလုံးဆိုင်ရာအာဇာနည်နေ့သပိတ်

    ဓာတ်ပုံ ရင်းမြစ်, Terry Win

    စနေနေ့ ညနေ ၄ နာရီကနေ ၆ နာရီအထိကျင်းပတဲ့ အဲဒီသပိတ်မှာ မနက်ဖြန် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် အာဇာနည်နေ့ လွမ်းဆွတ်အောက်မေ့ဖွယ်အဖြစ် အမှတ်တရ အလေးပြုအခမ်းအနားကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။

    ကျဆုံးတဲ့အာဇာနည်တွေကို ဦးညွတ်အလေးပြုရင်း မြန်မာပြည်သူတွေနဲ့တသားတည်းရှိကြောင်းပြဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံကြောင်းပြဖို့ ဆန္ဒဖော်ထုတ်ခဲ့သလို အာဆီယံအနေနဲ့ NUG ကို အသိမှတ်ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတယ်လို့ သပိတ်မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

  17. ကိုဗစ်ကြောင့် အာဆီယံနိုင်ငံတချို့ နိုင်ငံသားတွေကို မြန်မာပြည်တွင်းက ထွက်ခွါခိုင်းလာ

    မေလတုန်းက နေရပ်ပြန်ဖို့ ရန်ကုန်ဆိပ်မှာတွေ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသားတချို့

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံဆိုင်ရာဖိလစ်ပိုင်သံရုံး

    ဓာတ်ပုံ ပုံစာ, မေလတုန်းက နေရပ်ပြန်ဖို့ ရန်ကုန်ဆိပ်မှာတွေ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံသားတချို့

    မြန်မာပြည်တွင်းမှာ လက်ရှိ ကူးစက်ပျံ့ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ အတိုင်းအဆကိုကြည့်ပြီး ပြည်တွင်းရောက် နိုင်ငံသားတွေကို နေရပ်နိုင်ငံပြန်ဖို့ အကြံပြုလာတဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံလည်း ပါဝင်လာပါတယ်။

    မြန်မာပြည်တွင်းကပ်ဘေးအခြေအနေကြောင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံကို ကပ်ဘေးဆိုင်ရာတပ်လှန့်သတိပေးမှု အဆင့် ၄ မှာ သတ်မှတ်လိုက်တာဖြစ်ပြီး တနည်းအားဖြင့် နိုင်ငံသားတွေရဲ့ဘေးကင်းလုံခြုံရေးအတွက် မြန်မာပြည်တွင်းရောက် ဖိလစ်ပိုင်တွေကို အမြန်ဆုံးထွက်ခွါဖို့ အခိုင်အမာအကြံပြုလိုက်တာလည်းဖြစ်ပါတယ်။

    လက်ရှိမှာ ကပ်ဘေးကြောင့် မြန်မာပြည်တွင်းက ကျန်းမာရေးစောင့်ရှောက်မှုအဆင့်ဟာ ပေးနိုင်စွမ်းရှိတဲ့အထိ ဝန်တက်လာပြီဖြစ်လို့ လာမယ့်သီတင်းပတ်တွေအတွင်း ဖိလစ်ပိုင်နိုင်ငံသားတွေ နာမကျန်းဖြစ်လာရင် လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်မှာကိုလည်း ထောက်ပြပါတယ်။

    ပြည်တွင်းကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ထွက်နိုင်ဖို့ ဖီလစ်ပိုင်သံရုံးကို ဆက်သွယ်ဖို့ အကြံပြုသလို အခုလို အသိပေးချက်အဆင့် ဆက်ရှိနေသေးသရွေ့ ဖိလစ်ပိုင်နိုင်ငံသားတွေကို မြန်မာနိုင်ငံထဲ ပြန်လာခွင့်ပေးဦးမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

    အခုဆို ကပ်ဘေးကြောင့် သက်ဆိုင်ရာနိုင်ငံသားတွေကို မြန်မာပြည်တွင်းကနေ ထွက်ခွါဖို့ အကြံပြုလာတဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ၂ နိုင်ငံအထိရှိလာပြီး စင်ကာပူသံရုံးကလည်း အစောပိုင်းရက်က အလားတူ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

    စင်ကာပူ သံရုံးထုတ်ပြန်ချက်မှာတော့ သူ့နိုင်ငံသားတွေကို ပြည်တွင်းကနေ ထွက်ခွါလို့ရတုန်း ပြန်ကြဖို့ တိုက်တွန်းထားတာတွေ့ရပါတယ်။

    တဖက်မှာလည်း စင်ကာပူဟာ မြန်မာပြည်တွင်းကနေလာသူတွေ၊ တစ်လနီးပါးအတွင်း မြန်မာပြည်ကို သွားခဲ့တဲ့ခရီးသွားရာဇဝင်ရှိဖူးသူတွေကို ဇွန်လ ၁၅ ရက် ညသန်းခေါင်ကစလို့ ပြည်ဝင်ခွင့်ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

  18. မြန်မာ့ CDM ရှေးဦး လှုပ်ရှားသူ ခေါင်းဆောင်တဦးလို့ ဆိုနိုင်တဲ့ ဦးနေမင်း ကွယ်လွန်, ခရစ်စ်တိုဖာ ဂန်းနက်စ်

    ရန်ကုန်မြို့က ရှေ့နေတဦးဖြစ်ပြီး လူ့အခွင့်အရေး လှုပ်ရှားသူလည်း ဖြစ်တဲ့ ဦးနေမင်းဟာ ကျွန်တော့ ဘဝထဲကို ဘုရားသခင်က စေလွှတ်ပေးလိုက်တဲ့ အစောင့်အရှောက် နတ်သားတဦးသဖွယ် ဝင်ရောက်လာသူ ဖြစ်ပါတယ်။

    ၁၉၈၈ ဇူလိုင်လမှာ ဘီဘီစီ နိုင်ငံတကာ ရေဒီယို ဌာနက မြန်မာနိုင်ငံကို (အဲဒီအချိန်က တရားဝင် ဝင်လို့မရတဲ့အတွက်) လျှို့ဝှက်သတင်းထောက်ဖို့ စေလွှတ်ခဲ့ပါတယ်။

    အဲဒီအချိန်က ရာစုနှစ် လေးပုံ တပုံကျော် စစ်တပ်ရဲ့ မတရားအုပ်ချုပ်မှုအောက်မှာ နေထားခဲ့ရတဲ့ မြန်မာနိုင်ငံမှာ တော်လှန် ပုန်ကန်မယ့် အရိပ်အယောင်တွေက ယှက်သန်းနေခဲ့တဲ့ အချိန် ဖြစ်ပြီး ပုံမှန် သတင်းရင်းမြစ်တွေက ဖွင့်ဟပြောဆိုဖို့ တွန့်ဆုတ်နေခဲ့ကြတဲ့ အချိန်လည်း ဖြစ်ပါတယ်။

    မြန်မာနိုင်ငံတလျားမှာ အနံ့ခံထောက်လှမ်းနေကြတဲ့ မြန်မာစစ်ထောက်လှမ်းရေးသမားတွေ ရှိနေတဲ့ကြားကပဲ ဦးနေမင်းက ကျွန်တော် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပုန်းလျှိုးကွယ်လျှိုး လျှို့ဝှက် တွေ့ဆုံမေးမြန်းနိုင်အောင် ရှာဖွေ စီစဉ်ပေးပါတယ်။

    ဒါ့အပြင် ဦးနေမင်းကပဲ အဲဒီကျောင်းသားတွေကို သူတို့ရဲ့ တော်လှန်ရေးဟာ အဲဒီအချိန်က ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တဲ့ ၁၉၈၈၊၈ လပိုင်း ၈ ရက်နေ့ ၈ နာရီ ၈ မိနစ်မှာ စမယ် ဆိုပြီး ပြောကြဖို့ တိုက်တွန်း ပြောပြပေးပါတယ်။

    ကျွန်တော်က သူ စီစဉ်ပေးတဲ့ တွေ့ဆုံမေးမြန်းခန်း တိတ်ခွေတွေကို သံတမန်တွေရဲ့ ဝန်စည်စလယ်တွေထဲမှာ ဖုံးကွယ် ထည့်သွင်း သယ်ဆောင်ပေးခဲ့ပြီး ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကနေ ပြန်လွှင့်စေခဲ့ပါတယ်။

    ဒီလိုနဲ့ပဲ မြန်မာနိုင်ငံမှာ တော်လှန်ကြမယ့် သတင်းက ပျံ့နှံ့သွားပြီး ကျောင်းသားတွေ ပြောလိုက်တဲ့ နေ့ရက် နာရီ မိနစ်ပိုင်း အချိန်မှာပဲ တော်လှန်ရေးက စတင်ပါတော့တယ်။

    ဒီလိုနဲ့ပဲ လက်ရှိအချိန်ကာလအထိ ရိုက်ခတ်နေခဲ့စေတဲ့ လူအများ လွယ်လွယ်ကူကူနဲ့ မှတ်မိနေစေမယ့် ရှစ်လေးလုံး တိုက်ပွဲခေါ်သံ တိုင်တည်မှုကို ဦးနေမင်းက ပုံဖော်ပေးခဲ့ပါတယ်။

    လက်ရှိ အချိန်လို လူမှုကွန်ရက် စာမျက်နှာတွေ မပေါ်သေးတဲ့အချိန်မှာ သူ့နိုင်ငံက အဖိနှိပ်ခံ ပြည်သူတွေအကြောင်းကို ပြင်ပကမ္ဘာက သိရှိသွားခြင်းရဲ့ တန်ဖိုးကို မြင်ခဲ့သူက ဦးနေမင်းပဲ ဖြစ်ပါတယ်။

    ဦးနေမင်းဟာ ကျောင်းသားတွေနဲ့သာမက မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထုတ်ဖော် ပြောပြတဲ့ စစ်တပ်အရာရှိတွေနဲ့လည်း တွေ့ဆုံနိုင်ဖို့ ကျွန်တော့ကို စီစဉ်ပေးပါတယ်။ ဥပမာအားဖြင့် လူမျိုးစု တိုင်းရင်းသားဒေသတွေက ရွာသားတွေကို မြန်မာစစ်တပ်က သူတို့ရဲ့ စစ်ကြောင်းရှေ့မှာ လမ်းလျှောက်ခိုင်းပြီး လူသားမိုင်းရှာကိရိယာအဖြစ် အသုံးပြုတယ် ဆိုတာမျိုးပါ။

    အဲဒီအချိန်ဟာ သာမန်ပြည်သူတွေရဲ့ စစ်တပ်အပေါ် မုန်းတီးမှု တိုးပွားလာနေခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

    ဒီလို အခြေအနေတွေမှာ ဦးနေမင်းက မထင်မှတ်ပဲ နိုင်ငံရေး အဖြစ်အပျက်တွေကို သာမန်ပြည်သူတွေ တက်ကြွဖွယ်ရာဖြစ်အောင် လှလှပပ ပုံဖော်သူ တယောက်လည်း ဖြစ်နေခဲ့ပါတယ်။

    ဗြိတိသျှသံရုံးရဲ့ အကြံပေးချက်အရ မြန်မာနိုင်ငံကနေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျွန်တော် ထွက်ခွာလာပြီးနောက်မှာ ဦးနေမင်းက ကျွန်တော် ဒါကာမြို့မှာ ရှိနေကြောင်း သိရှိသွားပြီး မြန်မာနိုင်ငံ အခြေအနေ သတင်းတွေကို နာရီပိုင်းလောက် နီးပါး ကျွန်တော့ဆီ ဖုန်းဆက် ပို့ပေးနေခဲ့ပါတယ်။

    ဒီလိုလုပ်ပေးနေခဲ့အပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ သူ အဖမ်းခံလိုက်ရလို့ ထောင်ဒဏ် ရှစ်နှစ် အချခံခဲ့ရပြီး တိုက်ပိတ် နှိပ်စက်ခြင်းတွေကိုလည်း ခံခဲ့ရပါတယ်။

    ဒီလို အလုပ်ခံခဲ့ရတာတောင်မှ ဦးနေမင်းက ဘယ်လောက်အထိ ရဲရဲတောက် သတ္တိကောင်းသလဲဆိုရင် သူလွတ်လာတာနဲ့ လန်ဒန်မှာ ရှိနေတဲ့ သတင်းတွေ ထပ်ပေးဖို့ ကျွန်တော့ကို ဖုန်းဆက်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူဟာ ထပ်မံ အဖမ်းခံရပြန်ပြီး နောက်ထပ် ထောင်ရှစ်နှစ်လည်း အချခံခဲ့ရပြန်ပါတယ်။

    ဦးနေမင်းဟာ သူ့ရဲ့ ရှေ့နေဘဝကို မြန်မာနိုင်ငံက လူနည်းစုတွေကို ခုခံကာကွယ်ပေးဖို့ မြှုပ်နှံခဲ့သူ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက မွတ်ဆလင် ဘာသာဝင်တွေအတွက် ကိုယ်စားပြု ရပ်တည်ခဲ့တဲ့ ဦးနေမင်းဟာ သူ့ကို မြန်မာစစ်အာဏာပိုင်တွေက ရှေ့နေလုပ်ခွင့် ပိတ်ပင်ခဲ့တာကို အကြီးအကျယ် မခံမရပ်နိုင် ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။

    လူမုန်းများလှတဲ့ ဗိုလ်ချုပ်နေဝင်းကိုတောင် အဖိနှိပ်ခံတွေအတွက် အကြောက်အလန့်မရှိ ရပ်တည်ပေးခဲ့တဲ့ ဦးနေမင်းက ကန့်ကွက်ရှုတ်ချတဲ့ စာတစောင်ကို တခါက တိုက်ရိုက်ရေးပို့ခဲ့ဖူးပါတယ်။

    ကျွန်တော်က သူကိုဗစ်ကူးစက်ခံရပြီဆိုတာ ကြားရတော့ ကျွန်တော်တို့ သူ့အတွက် အောက်ဆီဂျင်အိုး တလုံးရဖို့ စီစဉ်ပေးခဲ့ပါတယ်။

    ဒါပေမယ့် အဲဒီ အိုးက ဖိအား အလျှော့အတင်းလုပ်တဲ့ ကိရိယာက ချို့ယွင်းနေခဲ့တာကို မသိလိုက်ရဘဲ သူ့ကို အောက်ဆီဂျင်ပေးထားတဲ့ ညလယ်ခေါင်မှာပဲ ကွယ်လွန် သွားခဲ့ပါတယ်။

    ဦးနေမင်းဟာ သူ့နိုင်ငံသားတွေနဲ့အတူတကွ ဒုက္ခခံစားရင်း သေဆုံးရတာကို ဂုဏ်ယူနေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေရဲ့ လက်ရှိတော်လှန်ရေးက မအောင်မြင်ဘူးဆိုရင်တော့ သူအတော် စိတ်မကောင်းဖြစ်ရမှာပါ။

    ငြိမ်းငြိမ်းချမ်းချမ်းသာ အနားယူပါတော့ ဦးနေမင်း…။ ခင်ဗျားဟာ သူတပါးတွေအတွက် ဘဝကို စတေးခဲ့ပြီး သူတပါးတွေ အတွက်ပဲ ရှင်သန်နေထိုင်ခဲ့သူပါ…။

    ခင်ဗျားရဲ့ အမြော်အမြင်တွေ၊ သတ္တိတွေနဲ့ တစိုက်မတ်မတ် လုပ်ဆောင်မှုတွေကို အထူးသဖြင့် မြန်မာနိုင်ငံက ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်ပါဘူး။

    မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ပုံဖော်ပေးခဲ့သူတွေထဲက တဦးဖြစ်တဲ့ ခင်ဗျားထားခဲ့တဲ့ အမွေအနှစ်တွေက လက်ရှိ ဂျန်ဇီ မျိုးဆက်သစ် လူငယ်တွေကြားမှာ ဆက်လက် ရှင်သန် နေဦးမှာပါ။

    ခရစ်စ်တိုဖာ ဂန်းနက်စ်ဟာ လန်ဒန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ အရေးယူခံရမှု ရှိစေရေး စီမံကိန်းရဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

    ဦးနေမင်း

    ဓာတ်ပုံ ရင်းမြစ်, Ari Porat

  19. ဘီဘီစီ ဦးနေမင်း လို့လူသိများတဲ့ ၈၈အရေးအခင်းကို ကိုင်လှုပ်ခဲ့သူ ကိုဗစ်နဲ့ ကွယ်လွန်, လူမျိုးဘာသာ အဆင့်အတန်းမရွေးတဲ့ ကိုဗစ် မြန်မာ့နိုင်ငံရေးမှာ ရှေ့တန်းကပါသူကိုလည်း ခေါ်ဆောင်သွားပြီ

    သတင်းသမားလည်းဖြစ် ၊ တရားလွှတ်ရှေ့နေ တယောက်လည်း ဖြစ်၊ နိုင်ငံရေးအကျဥ်းသားဟောင်းလည်းဖြစ်တဲ့ ဦးနေမင်း ကိုဗစ် ၁၉ နဲ့ ဇူလိုင်လ ၁၇ရက် ဒီနေ့ မနက် ၃နာရီ အချိန် အသက် ၇၅ နှစ်မှာ ကွယ်လွန်သွားပါပြီ။

    သူဟာ ကိုဗစ် ကာကွယ်ဆေး ထိုးထားတဲ့ ကြားက အခုလို ဆုံးပါးသွားတာကြောင့် မြန်မာနိုင်ငံမှာ ထိုးပေးနေတဲ့ ကိုဗစ် ကာကွယ်ဆေးတွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ သူ့မိတ်ဆွေ တရား လွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

    ဦးနေမင်းဟာ ၁၉၈၈ ကာလ တလျှောက် ဆက်သွယ်ရေး စနစ်အခက်အခဲ ၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကြားကနေ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေမှုတွေကို ဘီဘီစီ ကို သတင်းပေးပို့ခဲ့သူတယောက် ဖြစ်ပါတယ်။

    သူဟာ ထောင်၃ခါ ကျခဲ့ဖူးပြီး ၁၉၈၈ မှာ ထောင် ၁၅နှစ် ၊ နောက်တခါ ဆက်သွယ်ရေး ဥပဒေ ကျခဲ့ဖူးသလို အဲဒီကနေ ထွက်လာပြီးနောက်လည်း ထောင်ထပ်မံကျခဲ့ဖူးတာကြောင့် စုစုပေါင်း အကျဥ်း ၃ခါ ကျခံခဲ့ရကာ ထောင်ထဲမှာ ၁၈နှစ် နေခဲ့ရတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

    ထောင်ထဲမှာ နှစ်ရှည်လများ နေခဲ့ရတဲ့ ဒဏ်တွေ ၊ အခုအခါမှာတော့ အားနည်း ၊ အာဟာရ ချို့တဲ့မှုတွေကြောင့် ကိုဗစ် ၁၉ ရဲ့ ဒဏ်ကို မခံနိုင်ဘဲ ဆုံးပါးသွားတာ ဖြစ်တယ်လို့ ဦးကြီးမြင့် က ဆိုပါတယ်။

    လတ်တလောမှာ စစ်တပ်ရဲ့ မှားယွင်းမှုတွေ ရှိရင် မကွယ်မ၀ှက် ထောက်ပြလေ့ ရှိသလို ၊ NLD ရဲ့ ချို့တဲ့ချက် အားနည်းချက်တွေကိုလည်း ရဲရဲ၀င့်ဝံ့ဝံ့ ပြောလေ့ရှိတယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

    သူဟာ ဒီမိုကရေစီဘက်က အမြဲရပ်တည်နေသူတယောက် ဖြစ်ပြီး တဖက်စောင်းနင်း ဖြစ်မှုတွေ ကြုံလာရင် ထောက်ပြ ပြောဆိုလေ့ ရှိတဲ့ အပြင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်လို့ ဘယ်လို လိမ်စဥ် ဖြစ်ကြောင်းကို အထောက်အထားနဲ့ တိတိကျကျ ထောက်ပြနိုင်သူ ဖြစ်ပြီး အဲဒီ ဖွဲ့စည်းပုံကို အကြီးအကျယ် ဆန့်ကျင် ကန့်ကွက်ခဲ့သူ တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

    သူဟာ နိုင်ငံရေးနဲ့ ပတ်သက်ရင် အမြင်ရှင်းသူတယောက် ဖြစ်ပြီး သူရေးသားထုတ်ဝေခဲ့တဲ့ ဘက်လိုက် သတင်းသမားရဲ့ အာဏာရှင် နိုင်ငံတော်ကို ဖြိုလှဲခြင်း ဆိုတဲ့ စာအုပ်မှာ ၈၈ အရေးတော်ပုံကို အသေးစိတ် ရေးသားခဲ့တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

    သူဟာ ရှေ့နေ တယောက် ဖြစ်ပေမယ့် ထောင်ကျလို့ အပိတ်ခံထားရတဲ့ သူ့ရဲ့ရှေ့နေ လိုင်စင်ကို ပြန်ထုတ်မပေး ခဲ့တာကြောင့် သူမသေခင် အချိန်အထိ ဘာမှ လုပ်ကိုင် စားသောက်ခွင့် မရဘဲ အသက်ဆုံးပါးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

    တိုင်းပြည်ကောင်းကျိုး အတွက် အကြံဉာဏ်ကောင်းတွေ ပေးနိုင်သူ ၊ ပညာသတိကြီးသူ တယောက် ၊ တိုင်းပြည် အတွက် မှားယွင်း ဟာကွက်တွေ ၊ အမှန်တရားတွေ ထောက်ပြသူတယောက် ကွယ်လွန်သွားလို့ နိုင်ငံ အတွက် အကြီးအကျယ် ဆုံးရှုံးမှု ဖြစ်သလို သူ့အတွက်လည်း တိုင်ပင်စရာ သူငယ်ချင်းကောင်းတယောက် ပျောက်ဆုံးသွားရတာဘဲလို့ တရားလွှတ်တော် ဦးကြီးမြင့်က ပြောပါတယ်။

    သရက်မြို့ ဇာတိသား ဖြစ်တဲ့ ဦးနေမင်းဟာ အိမ်ထောင် မရှိဘဲ ၊ တူမလေး တယောက်နဲ့ အတူ ကွယ်လွန်ချိန် မတိုင်ခင် အထိ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်လေးမှာ နေထိုင်သွားခဲ့တာ ဖြစ်ပါတယ်။

    ဦးနေမင်းဟာ နိုင်ငံရေး အမြင်ရှင်းသူ တယောက် ဖြစ်တယ်လို့ သူ့မိတ်ဆွေ ပြော

    ဓာတ်ပုံ ရင်းမြစ်, Nay Min Facebook

    ဓာတ်ပုံ ပုံစာ, ၈၈ အရေးအခင်း တလျှောက် ဘီဘီစီကို သတင်းပေးပို့ပြီး မြန်မာ့အရေးကိုင်လှုပ်ခဲ့သူ
  20. ရန်ကုန်မှာနာကူအသင်းတွေညရောက်သည်အထိ ကူနေရ၊ အောက်ဆီဂျင်လှူဒါန်းနေကျအသင်းတချို့လည်း ကူညီမှုရပ်ဆိုင်းလိုက်ရ