အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်လိုက်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုများ ကာကွယ်တားဆီးရေးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ တရုတ်၊ အီရစ်ထရီးယား၊ ဆီးရီးယား၊ တောင်ဆူဒန်နိုင်ငံတို့နဲ့အတူ မြန်မာနိုင်ငံကို ထည့်သွင်း ဖော်ပြလိုက်ပါတယ်။
စစ်တပ် အာဏာသိမ်းခဲ့အပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်ရှိနိုင်တဲ့ နိုင်ငံအဖြစ် ဖော်ပြထားပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့နဲ့ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေတာ၊ မတရားဖမ်းဆီး ထိန်းသိမ်းနေတာ၊ အစဖျောက်ပစ်တာတွေ ရပ်တန့်ပစ်ဖို့ အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်အစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေနဲ့ အတူ ပူးပေါင်းပြီး ဆက်လက် တောင်းဆို ဖိအားပေးသွားမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ထရမ့်လက်ထက်တုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး တေလာဆန် က ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေတုန်းက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ခဲ့မှုဟာ လူမျိုးစု ရှင်းလင်းမှု မြောက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်မှာ တာဝန်ရှိသူတွေ အတော်များများဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်အုပ်စုထဲမှာ ပါဝင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ အာဏာသိမ်းမှု မဖြစ်ပွားခင်ကတည်းက မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်း ရောင်းချမှု၊ စစ်ရေးလှုပ်ရှားမှု သင်တန်းပေးမှုနဲ့ စစ်ပညာ သင်ကြားမှုတွေကို အမေရိကန် အစိုးရက တားမြစ်ပိတ်ပင်ထားပြီး ဖြစ်ပြီး အာဏာသိမ်းမှု ဖြစ်အပြီးမှာတော့ ဥပဒေအရ မပိတ်ပင်ရသေးတဲ့ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုအားလုံးကို ဆိုင်းငံ့လိုက်တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ မြန်မာ စစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ရဲ့ စီပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့သလို မြန်မာနိုင်ငံကို ကုန်ပစ္စည်း တင်ပို့မှု ထိန်းချုပ်ရေး စည်းမျဉ်းတွေကို အမေရိကန် စီးပွားရေးဌာနက ချမှတ်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီနေထိုင်ခွင့် ဗီဇာ တစ်နှစ်ခွဲ ထပ်မံ တိုးပေးခဲ့ပြီး မြန်မာနိုင်ငံသားတွေကို အလားတူ ကာကွယ်စောင့်ရှောက်မှုတွေ ပေးဖို့ မိတ်ဖက်နိုင်ငံတွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို ပြစ်တင်ရှုတ်ချဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံတွေက ပြင်းထန်တဲ့ အဆိုပြုချက် ထုတ်ပြန်ရာမှာလည်း အမေရိကန်အစိုးရက ဦးဆောင်ကူညီခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ်တုန်းက ဘာသာရေး လွတ်လပ်ခွင့် အကြီးအကျယ် ချိုးဖောက်မှုအတွက် အထူးသတိထား စောင့်ကြည့်ရမယ့် နိုင်ငံအဖြစ် မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဌာနက သတ်မှတ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ဒီအစီရင်ခံစာပါ နိုင်ငံတွေက အခြေအနေတွေဟာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ် အခက်ခဲဆုံး စိန်ခေါ်မှုတွေ ဖြစ်ကြောင်း၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းတွေအတိုင်း လိုက်နာဆောင်ရွက်သွားရေးဆိုတဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေကို ထင်ဟပ်စေမယ့် ဆုံးဖြတ်ပြဌာန်းချက်တွေ ချမှတ်နိုင်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images