ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ဆေးအလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနေတဲ့ ဒေါက်တာမြင့်ဦးကွယ်လွန်

    ကျန်းမာရေးဗဟုသုတတွေ မျှဝေပေးနေတဲ့ ဒေါက်တာမြင့်ဦးကွယ်လွန်

    ဓာတ်ပုံ ရင်းမြစ်, social media

    ပြည်တွင်းရုပ်သံဌာနတွေနဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျန်းမာရေးဆိုင်ရာတွေနဲ့ အထူးသဖြင့် ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတတွေကို ဖြန့်ဝေပြောကြားပေးတဲ့ အထွေထွေကုဆရာဝန်ကြီး ဒေါက်တာမြင့်ဦးဟာ ဒီကနေ့ ဇူလိုင် ၃၀ရက် မနက် အစောပိုင်းက ဂျပန်ဆေးရုံကြီးလို့လူသိများတဲ့ ရန်ကုန် အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့တယ်လို့ သမီးဖြစ်သူက အတည်ပြုပါတယ်။

    Save Myanmar Childern Foundation ရဲ့ဦးဆောင်သူတစ်ဦး လည်းဖြစ်တဲ့ ဒေါက်တာမြင့်ဦး ဟာ ကွယ်လွန် ချိန်မှာ အသက် ၆၇ နှစ် ရှိပြီဖြစ်ပါတယ်။

    ဒေါက်တာမြင့်ဦး ဟာ ကိုဗစ်ကူးစက်မှုခံရပြီးတဲ့နောက် နှစ်ပတ်ကျော်ဆေးရုံတက်ရောက်ကုသပြီးအောက်ဆီဂျင်ကျပြီးဆုံးပါးခဲ့ရတာလို့ သိရပါတယ်။

    ဒေါက်တာမြင့်ဦးဟာကျန်းမာရေးဆိုင်ရာတွေအတွက် အမြဲတက်တက်ကြွကြွနဲ့ အသိပညာဖြန့်ဝေသူဖြစ်လို့ အများပြည်သူကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝမ်းနည်းကြောင်းရေးသားနေကြသလို၊ ဆေးလောက အသိုင်းအဝိုင်းအတွက်လည်းဆုံးရှုံးမှုတစ်ခုလို့ပြောဆိုရေးသားနေကြပါတယ်။

  2. ကိုဗစ်တိုက်ဖျက်ရေးအတွက် လှူမယ်ဆိုရင် သိန်းရာချီအထိ ငွေသားထုတ်ယူနိုင်မယ်

    ရန်ကုန်မြို့က ဗဟိုဘဏ်အဆောက်အအုံရှိရာ စက်မှု ၁ လမ်းမကြီးကိုတော့ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက ပိတ်ထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့က ဗဟိုဘဏ်အဆောက်အအုံရှိရာ စက်မှု ၁ လမ်းမကြီးကိုတော့ ဖေဖော်ဝါရီလနှောင်းပိုင်းကတည်းက ပိတ်ထားပါတယ်။

    ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် အောက်ဆီဂျင်စက်ရုံဆောက်တာ ဒါမှမဟုတ် ကျန်းမာရေးဆိုင်ရာသုံးစွဲမယ့်ကိစ္စမျိုးတွေအတွက် ပြည်တွင်းမှာ ကန့်သတ်ထားတဲ့ငွေထုတ်ယူမှုထက် ကျော်လွန်ထုတ်ယူနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာလာပါတယ်။

    ဒါဟာ စစ်ကောင်စီလက်အောက်က ဗဟိုဘဏ်အနေနဲ့ စစ်ကောင်စီရဲ့ကိုဗစ်ထိန်းချုပ် ကာကွယ်ရေးအတွက် အာဏာသိမ်းမှုနောက်ပိုင်း ဘဏ်တွေကနေ ငွေသားထုတ်ယူနိုင်မှု အကန့်အသတ်ကို ဖြေလျော့ပေးမှု တစ်ခုလည်း ဖြစ်လာပါတယ်။

    ''လက်ရှိမှာ အောက်စီဂျင်စက်ရုံဆောက်မယ်ဆိုပြီး လှုကြတာပေါ့။ လှူတဲ့သူက သူ့ငွေစာရင်းထဲမှာ ကျပ်ငွေ သိန်း ၁၀၀၀ လှူမယ်။ တချို့ကလည်း သိန်း ၄၀၀ လှူမယ်ဆိုပြီး ထုတ်လာတာရှိတယ်။ ဒါက ပုဂ္ဂလိက ကဏ္ဍမှာပေါ့။ ထို့အတူ မြန်မာ့စီးပွားရေးဘဏ်တို့ ဘာတို့မှာ ထားတဲ့ အစိုးရဆိုင်ရာအဖွဲ့တွေကလည်း သူတို့ကနေ သိန်း ၅၀၀၀ မတည်ပြီး လုပ်မယ်။ အဲဒီအချိန်မှာ ပုဂ္ဂလိက ဘက်က လည်း သိန်း ၄၀၀၊ ၅၀၀၊ ၁၀၀၀ စသဖြင့်ဝင်ပါကြတယ်။ အဲဒီအတွက် သတ်မှတ်ချက်ထက်ကျော်လွန်ပြီး ထုတ်ပေးပါဆိုပြီး သက်ဆိုင်ရာ ပြည်နယ်တိုင်း အုပ်ချုပ်ရေးကောင်စီတွေက အကြောင်းကြားလာတယ်။ စာနဲ့လည်းပို့တယ်။ တခုချင်း တခုချင်းဆိုတော့ များလာတယ်။ အဲဒီလိုများလာတော့ ဒီကို ပြန်ပြရတာ၊ ဟိုမှာကလည်း အရေးကြီးနေတာမျိုးဖြစ်လာတော့ ဒါသည် အရေးကြီးတဲ့ကိစ္စဖြစ်တယ်ဆိုပြီး သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း အုပ်ချုပ်ရေးကောင်စီတွေက တင်ပြလာတဲ့အထောက်အထား တကယ်မှန်တယ်ဆိုရင် လုပ်ပေးလိုက်ပါဆိုပြီး ထုတ်ပေးလိုက်တဲ့သဘောပဲ '' လို့ လက်ရှိဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ဦးဝင်းသော်က ပြောပါတယ်။

    အဲဒီအတွက် ငွေသားထုတ်ယူမှုကို ဘယ်လောက်အထိဆိုတာမျိုး ကန့်သတ်ချက် မထားပေမယ့် အဲဒီလို ထုတ်ယူမှုအတွက် သက်ဆိုင်ရာဘဏ်ဘက်ကနေ စိစစ်မှုတော့ ရှိမယ်လို့ သူက ပြောပါတယ်။

    ဗဟိုဘဏ်ကနေ နေ့စဉ်ပေးပေးတဲ့ အရန်ငွေ( reserve) နည်းတာကြောင့် အခုလို သတ်မှတ်ပမာဏထက် ကျော်လွန်ထုတ်ပေးရတဲ့အခါ အခက်အခဲရှိလာနိုင်တယ်ဆိုပြီး ဘဏ်တွေဘက်က ပြောဆိုနေကြတဲ့အပိုင်းကိုတော့ သူက ငြင်းပါတယ်။

    ''တရားဝင်ပြောလာတာတော့မရှိပါဘူး။ ဘဏ်တွေက ထုတ်ပေးနိုင်မှု ရှိတယ် မရှိဘူးဆိုတာက တော်တော်များများ ကိစ္စတွေမှာ ဘဏ်တွေက သူတို့တာဝန်ကို ရှောင်လွှဲပြီးတော့ ဗဟိုဘဏ်ကို လွှဲချတဲ့အသုံးအနှုန်းတွေက မကြာခဏတွေ့နေရတဲ့ဖြစ်စဉ်တွေ တွေ့တွေ့နေရတယ်။ ဒါတွေက တာဝန်မဲ့မှုဖြစ်စဉ်တွေပေါ့။ ဘယ်ဘယ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ ဗဟိုဘဏ်မှာ စာရင်းရှိပါတယ်'' လို့ သူကပြောပါတယ်။

    လက်ရှိအချိန်အထိတော့ အောက်စီဂျင်နဲ့ ကျန်းမာရေးအတွက်ဆိုပြီး ဘဏ်တွေဘက်က မထုတ်ပေးနိုင်တဲ့ငွေသားပမဏလောက်ကို သက်ဆိုင်ရာပြည်နယ်တိုင်းအုပ်ချုပ်ရေးကောင်စီတွေဘက်က ဗဟိုဘဏ်ဘက်ကို တိုက်ရိုက် တောင်းဆိုလာတာမျိုးမရှိသေးသလို ဘဏ်တွေဘက်ကလည်း ထုတ်ပေးနိုင်တဲ့အခြေအနေရှိနေတယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။

    ဘဏ်ဘက်က အမှန်တကယ် ထုတ်ပေးနိုင်မှုမရှိရင် ဗဟိုဘဏ်က တာဝန်ယူ ထုတ်ပေးမယ်လို့လည်း သူက ဘီဘီစီကို ထပ်လောင်း ပြောဆိုသွားပါတယ်။

    ဘီဘီစီကသိရှိရသလောက် စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် ပြည်တွင်း ပုဂ္ဂလိက ဘဏ်တွေမှာ လူပုဂ္ဂိုလ်တစ်ဦးဟာ သူဖွင့်ထားတဲ့ ဘဏ်စာရင်းအကောင့်တစ်ခုကနေ တပတ်ကို ငွေသား သိန်း ၁၀ ဂဏန်းအောက်သာ ထုတ်ယူခွင့်ရထားပါတယ်။

  3. မြန်မာပြည် ဆောက်လုပ်ရေးကဏ္ဍ နလံထူဖို့ အနည်းဆုံး ၃ နှစ် အချိန်ယူရနိုင်, ပရောဂျက် အများစု လက်ရှိ ရပ်နားထားရ၊ သိန်းနဲ့ချီတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နေ

    စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ စီးပွားရေးဆိုင်ရာ မတည်ငြိမ်မှုတွေ၊ လုပ်ငန်း ရပ်ဆိုင်း သွားမှုတွေထဲမှာ ဆောက်လုပ်ရေး ကဏ္ဍလည်း ပါဝင်တယ်လို့ နိုင်ငံတကာ စီးပွားရေး သုံးသပ်သူတွေက ပြောပါတယ်။

    မြန်မာ့ ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ရိုက်ခတ် ခံနေရတယ်လို့ နယူးယောက်မြို့ အခြေစိုက် ဘလွန်းမ်ဘာ့ဂ် စီးပွားရေး စာစောင်က ရေးသားပါတယ်။

    မြန်မာ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အသင်း က တာဝန်ရှိသူ တစ်ယောက်ကို ကိုးကားပြီး “အခုအခြေအနေနဲ့ဆိုရင် ဆောက်လုပ်ရေး လုပ်ငန်း နလံထူဖို့ အနည်းဆုံး ၃ နှစ် အချိန်ယူရလိမ့်မယ်” လို့ ဆိုပါတယ်။

    ဆောက်လုပ်ရေး ပရောဂျက် အများစု လက်ရှိ ရပ်နားထားရပြီး၊ သိန်းနဲ့ချီတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်လို့လည်း ဘလွန်းမ်ဘာ့ဂ်က ရေးပါတယ်။

    ကုလသမဂ္ဂရဲ့ အလုပ်သမားရေးရာ အေဂျင်စီကလည်း မြန်မာနိုင်ငံထဲ စစ်အာဏာ သိမ်းခံရမှု နောက်ပိုင်း အလုပ်နေရာပေါင်း ၁.၂ သန်းထိအောင် ဆုံးရှုံးသွားခဲ့ပြီး ဖြစ်တယ်လို့ ဆိုထားပါတယ်။

    မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အခုနှစ်ထဲ ၁၈% ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်ကလည်း ခန့်မှန်း ထားပါတယ်။

    ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ရိုက်ခတ် ခံနေရ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဆောက်လုပ်ရေး ကဏ္ဍဟာ စစ်အာဏာသိမ်းမှုနဲ့ ကိုဗစ်ဒဏ် နှစ်ခုပေါင်းပြီး အကြီးအကျယ် သက်ရောက်ခံနေရ
  4. သီတင်း နှစ်ပတ်အတွင်း မြန်မာ လူဦးရေထက်ဝက် ကိုဗစ်ကူးနိုင်တယ်လို့ ကုလဆိုင်ရာ ဗြိတိန်သံအမတ် သတိပေး, မြန်မာပြည်ထဲ ကိုဗစ်ကိုင်တွယ်ရေးမှာ ကုလဦးဆောင်တဲ့ စောင့်ကြည့်ရေး ယန္တရား အရေးပေါ် ဖွဲ့ပေးဖို့ NUG ကိုယ်စား ဦးကျော်မိုးထွန်း တောင်းဆို

    လုံခြုံရေး ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, UNTV

    ဓာတ်ပုံ ပုံစာ, လုံခြုံရေး ကောင်စီမှာ အလွတ်သဘော ကြားနာပွဲကို ကမကထလုပ် ကျင်းပ

    မြန်မာနိုင်ငံမှာ အခုလာမယ့် သီတင်း နှစ်ပတ် အတွင်း စုစုပေါင်း လူဦးရေရဲ့ ထက်ဝက် ကိုဗစ် နိုင်တင်း ကူးစက် ခံရနိုင်ဖွယ် ရှိတယ် ဆိုပြီး ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ် မစ္စ ဘာဘရာ ဝုဒ်ဝါ့ဒ်Barbara Woodward က သတိပေး လိုက်ပါတယ်။

    လက်ရှိ မြန်မာ့ အကျပ်အတည်း ပြဿနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အလွတ်သဘော ကြားနာပွဲတစ်ရပ်ကို မစ္စ ဝုဒ်ဝါ့ဒ်က ဇူလိုင်လ ၂၉ ရက်နေ့ မနေ့က၊ ကမကထလုပ် ကျင်းပရင်းမှာပဲ အဲဒီလို သတိပေးခဲ့တာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ခံလိုက်ရတာရဲ့ နောက်ဆက်တွဲ အနေနဲ့ကျန်းမာရေး စောင့်ရှောက်မှု စနစ် ပြိုလဲသွားပြီး၊ ကျန်းမာရေး ကဏ္ဍက သူတွေလည်း ပစ်မှတ်ထား တိုက်ခိုက်ခံရ၊ ဖမ်းဆီးခံရတာတွေ ဖြစ်လာခဲ့တယ်လို့ မစ္စ ဝုဒ်ဝါ့ဒ်က ပြောပါတယ်။

    “ကိုဗစ် ရောဂါ ဗိုင်းရပ်စ်ပိုးဟာ မြန်မာပြည်သူတွေကြား ကူးစက်မှု အင်မတန်မှကို မြန်ဆန် နေပါတယ်။ လာမယ့် သီတင်းနှစ်ပတ် အတွင်းမှာကို လူဦးရေရဲ့ ထက်ဝက်ဟာ ကိုဗစ် ကူးစက် ခံရလိမ့်မယ် ဆိုတဲ့ တွက်ဆထားမှုတွေ ရှိနေပါတယ်” ဆိုပြီး မစ္စ ဝုဒ်ဝါ့ဒ်က ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ထိန်းချုပ် ကိုင်တွယ်ရေးနဲ့ ပတ်သက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း တခြားနိုင်ငံတွေရဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်မှုတွေကို မျှော်လင့်နေတယ် ဆိုပြီး စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက် ရှိနေတဲ့ နိုင်ငံပိုင် သတင်းဌာနတွေက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောထားပါတယ်။

    ကိုဗစ် တတိယလှိုင်းဒဏ်ကို မြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွား ခံနေရပြီး နိုင်ငံအနှံ့ မြို့တွေမှာ သေဆုံးနှုန်း မြင့်မားနေတယ် ဆိုတဲ့ သတင်းတွေကို လူမှု ကူညီ ကယ်ဆယ်ရေး အဖွဲ့အသီးသီးက ပြောနေကြပါတယ်။

    ကြားကာလ အစိုးရ အဖြစ် ကြေညာထားတဲ့ NUG ကို ကိုယ်စားပြုတဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ဦးကျော်မိုးထွန်းလည်း အဲဒီ လုံခြုံရေး ကောင်စီ အလွတ်သဘော ကြားနာပွဲမှာ ရှိနေခဲ့ပါတယ်။

    NUG ဟာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကျန်းမာရေး အဖွဲ့တွေနဲ့ အတူ လက်တွဲ ဆောင်ရွက်နေပြီး၊ ကိုဗစ် ကာကွယ်ဆေးတွေ အပါအဝင် စာနာနားလည်မှု ဆိုင်ရာ အထောက်အပံ့တွေ မြန်မာနိုင်ငံကို ပေးဖို့ရာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပန်ကြား ထားပြီး ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

    မြန်မာနိုင်ငံထဲ ကိုဗစ် ရောဂါ ထိန်းချုပ် ကိုင်တွယ်ရေး လုပ်ဆောင်ရာမှာ ကုလသမဂ္ဂ ဦးဆောင်တဲ့ စောင့်ကြည့်ရေး အဖွဲ့ ထူထောင် ထားရှိဖို့လည်း ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်း သွားပါတယ်။

    “ကိုဗစ်ကာကွယ်ဆေးတွေကို အဆင်ပြေပြော ချောချောမွေ့မွေ့ ထိုးပေးနိုင်ဖို့နဲ့ စာနာ နားလည်မှုဆိုင်ရာ အထောက်အပံ့တွေ ပေးနိုင်ဖို့ ဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အနီးကပ် စောင့်ကြည့်လေ့လာမှု ရှိဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးကို အထူးသဖြင့် လုံခြုံရေးကောင်စီကို တောင်းဆိုပါရစေ။ ကုလသမဂ္ဂ ဦးဆောင်တဲ့ စောင့်ကြည့်ရေး ယန္တရားတစ်ရပ်ကို အရေးတကြီး သဘောထားပြီး ထူထောင်ကြပါ” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

    ဦးကျော်မိုးထွန်

    ဓာတ်ပုံ ရင်းမြစ်, UNTV

    ဓာတ်ပုံ ပုံစာ, နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အနီးကပ် စောင့်ကြည့်လေ့လာမှု ရှိဖို့ လိုအပ်ကြောင်း ဦးကျော်မိုးထွန်းပြော
  5. ဖမ်းဆီးထားသူ တချို့ကို ကိုဗစ်ဆေး ထိုးပေးကြောင်း စစ်ကောင်စီထုတ်ပြန်

  6. မန္တလေး မြတောင်တိုက် ညနေပိုင်းက ပိတ်ဆို့ရှာဖွေခံရ၊ လူနဲ့ လက်နက်တွေ မိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

    မန္တလေး မြတောင်တိုက် ညနေပိုင်းက ပိတ်ဆို့ရှာဖွေခံရ၊ လူနဲ့ လက်နက်တွေ မိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    မန္တလေးမြို့က မြတောင်ကျောင်းတိုက်ကို ဒီနေ့ည‌နေမှာ စစ်တပ်က ဝိုင်းထားပြီး ကျောင်းတိုက် တခုလုံးကို ရှာဖွေရေးတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    " စစ်တပ်က ဝိုင်းထားတာ။ အပြင်ပတ်လည် အပြည့်ပဲ။ လက်နက်တွေ့တယ်လို့ ပြောတယ်။ ဘုန်းကြီးတွေလည်း ဖမ်းသွားတယ် ကြားတယ်။ လောလောဆယ် လေးဦးတဲ့။ ခုလေးတင်ပဲ ဘုန်းကြီးတပါးလည်း positive နဲ့ဆုံးသွားတယ်။ အဲ့ထဲတင်ပဲ"လို့ မြတောင်ကျောင်းတိုက် အနီးက ဒေသခံတဦးကပြောပါတယ်။

    ဇူလိုင်၂၉ရက် ညနေ လေးနာရီမှာ မဟာအောင်မြေမြို့နယ် မြတောင်ကျောင်းတိုက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သတင်းအရလို့ဆိုကာ ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

    ညနေ ၇နာရီကျော်တဲ့ထိ ရှာဖွေတာတွေ မရပ်သေးဘဲ ကျောင်းတိုက်အပြင် ဝန်းကျင်ကိုလည်း စစ်ကောင်စီက လက်နက်ကိုင်ပြီး ဝန်းရံပိတ်ဆို့ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီ ရုပ်သံရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မြတောင်ကျောင်းတိုက်အတွင်း ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းအမြောက်အမြားနဲ့ ဖောက်ခွဲမယ့်သူကို ဖမ်းဆီးရမိတယ်လို့ ကြေညာပါတယ်။

    ဖောက်ခွဲရေးတာဝန်ခံ နေလဝင်း(ခေါ်)နို့ဆီဗူးကို ရှော့တိုက် လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်မိုင်းကြီး ၄ လုံး၊ အကြမ်းဖက်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်း အများအပြားနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကြေညာပါတယ်။

    မြတောင်ဘုန်းကြီးကျောင်းတိုက်ဝန်းအတွင်းက ဦးသြဘာသ‌ေကျာင်းကို သတင်းအရ ဆက်လက်ရှာဖွေရာမှာ Air gun အတို တစ်လက်၊ လက်လုပ်မိုင်း အကြီး ၁၄လုံး၊ ငွေကျပ် သိန်း ၂၅၀ ကို ထပ်မံဖော်ထုတ် သိမ်းဆည်းရမိခဲ့တယ်လို့ MRTV က ကြေညာပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မြတောင်ကျောင်းတိုက် ရှေ့ကို စစ်တပ်အစောင့်ချပြီး လချီကြာ လမ်းပိတ်စောင့်ကြည့်တာတွေရှိခဲ့သလို စစ်ကောင်စီက ကျောင်းတိုက်အတွင်းထိ ဝင်ရောက်ရှာဖွေမှုကိုလည်း အနည်းဆုံး နှစ်ကြိမ်ထိ ပြုလုပ်ခဲ့ဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မန္တလေး မြတောင်တိုက် ညနေပိုင်းက ပိတ်ဆို့ရှာဖွေခံရ၊ လူနဲ့ လက်နက်တွေ မိတယ်လို့ စစ်ကောင်စီ ထုတ်ပြန်

    ဓာတ်ပုံ ရင်းမြစ်, SAC press release

  7. ၅၀ ကျပ်နဲ့ ကြိုက်တာယူ မြေနီကုန်းက အခြေခံစားကုန် ရောင်းချမှု

    ၅၀ ကျပ်နဲ့ ကြိုက်တာယူ မြေနီကုန်းက အခြေခံစားကုန် ရောင်းချမှု

    ဓာတ်ပုံ ရင်းမြစ်, MPA

    မြေနီကုန်း မဟာမြိုင်မှတ်တိုင်အနီးရှိ Flannel box အဝတ်အထည်ဆိုင်မှာဒီကနေ့ အခြေခံစားသောက်ကုန် ဆန်၊ ကြက်ဥ ၊ ခေါက်ဆွဲခြောက်နဲ့ ကြက်သွန်နီတို့ကို ကြိုက်တာ တမျိုးယူ မြန်မာငွေ ၅၀ ကျပ်နဲ့ လူ ၄၀၀ စာ ရောင်းချပေးခဲ့ပါတယ်။

    စတင်ရောင်းချတဲ့နေ့လယ် ၁ နာရီခန့်ကတည်းကလူဦးရေ တထောင်ခန့် လာရောက်စောင့်ဆိုင်းနေခဲ့ကြပြီး ဒလနဲ့ သန်လျင်တို့လို ဝေးလံတဲ့ နေရာတွေက လာရောက် တန်းစီဝယ်ယူခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

    ၅၀ ကျပ်နဲ့ ကြိုက်တာယူ မြေနီကုန်းက အခြေခံစားကုန် ရောင်းချမှု

    ဓာတ်ပုံ ရင်းမြစ်, MPA

  8. ရခိုင် အောက်ဆီဂျင်- ရေမြုပ်သံတွဲစက်ရုံ ငါးရက်ကြာမှ ပြန်ပေးနိုင်မယ်၊ မြောက်ဦးစက်ရုံ မြို့နယ်ခြားပေးတာ ရပ်

  9. သပိတ်ကျင်း ငလျင်က ၂၀၂၁ ခုနှစ်အတွင်း အင်အားပြင်းငလျင်တစ်ခုလို့ မိုးဇလပြော

    မန္တလေးတိုင်းသပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်အကွာကို ဗဟိုပြုပြီး အင်အားပြင်း ငလျင်တစ်ခု ဇူလိုင် ၂၉ ရက် နေ့ညနေ ၃ နာရီ ၉မိနစ်ခန့်က လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလှုပ်သွားတဲ့ ငလျင်ဟာ ရစ်ချက်တာစကေး ၆ ဒဿမ ၃ ရှိတဲ့ အင်အားပြင်း ငလျင်ဖြစ်ပြီး အခုနှစ်အတွင်း မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အင်အားအပြင်းဆုံး ငလျင်တစ်ခုဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    ဇူလိုင် ၂၉ ရက်မှာ လှုပ်တဲ့အင်အားကြီးငလျင်ကို မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ လားရှိုး၊ ထီးချိုင့်၊ ရေစကြို၊ မိတ္ထီလာ အပါဝင် မြို့နယ် ၂၀ ခန့်မှာ သိသိသာသာ လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

    ငလျင် ဗဟိုပြုတဲ့နေရာဟာ မြေနေရာတိမ်တဲ့ အတွက် မန္တလေးတိုင်း နဲ့ ရှမ်းပြည်နယ် အပါအဝင် ငလျင်ကြောနဲ့နီးစပ်တဲ့ မြို့အတော်များများ သိသာစွာလှုပ်ခတ်နိုင်တယ်လို့လည်းပြောပါတယ်၊

    နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ထပ်လှုပ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။

    ကုန်းတွင်းပိုင်းငလျင်ဖြစ်တာကြောင့် ဆူနာမီမဖြစ်နိုင်ပေမဲ့ အထပ်မြင့်အဆောက်ဦးဟောင်းတွေ၊ ပြုတ်ကျနိုင်တဲ့ပစ္စည်းတွေ အနားမှာရှိနေတာတွေကို ဂရုစိုက်ရမယ်လို့ပြောပြီး ငလျင်ကြောင့်သေဆုံးမှုတွေဖြစ်ရတာဟာ အဆောက်အအုံတွေ ပြိုကျမှုကြောင့်ဖြစ်တယ်လို့လည်း ပြောပါတယ်၊

    ဒီငလျင်လှုပ်ခတ်မှုဟာ မြန်မာနိုင်ငံက စစ်ကိုင်းပြတ်ရွှေ့ကြောကြီးလှုပ်ရှားမှုကြောင့် ဖြစ်ပြီး ၂၀၁၆ ခုနှစ်တုန်းကလည်း သပိတ်ကျင်းမြို့အနီးဗဟိုပြုပြီးလှုပ်ခတ်ခဲ့ဖူးကြောင်းလည်း ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘီဘီစီကိုပြောပါတယ်။

    ၂၀၁၉ ခုနှစ်နိုဝင်ဘာ ၂၈ ရက်နေ့က သပိတ်ကျင်းအနီးငလျင်ကြောင့်အပျက်အစီးများ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်နိုဝင်ဘာ ၂၈ ရက်နေ့က သပိတ်ကျင်းအနီးငလျင်ကြောင့်အပျက်အစီးများ
    ၂၀၁၉ ခုနှစ်နိုဝင်ဘာ ၂၈ ရက်နေ့က သပိတ်ကျင်းအနီးငလျင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ၂၀၁၉ ခုနှစ်နိုဝင်ဘာ ၂၈ ရက်နေ့က သပိတ်ကျင်းအနီးငလျင်
  10. ကွတ်ခိုင်မြို့အနီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကာလိုင် စစ်ရှောင်ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြ

    ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအတွင်းမှာ အခြေချ လှုပ်ရှားနေတဲ့ TNLAတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ပတ်ခတ်တာတွေရှိခဲ့တယ်လို့ ကာလိုင် ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီး ပစ်ခတ်တဲ့တပ်ဖွဲ့ဟာ ကာလိုင်ရွာအတွင်း တပ်စွဲထားတဲ့ TNLAတပ်ဖွဲ့ပါလို့ ကာလိုင်ရွာခံ‌တွေအတည်ပြု‌ ပြောကြားတာရှိပါတယ်။ ဒေသခံသတင်းသမားတချို့က TNLA ကိုဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်တချို့ စမ်းသပ်ပစ်ခတ်တာဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြားတယ်လို့ဆိုပါတယ်။

    လက်နက်ကြီးသံ‌တွေကြောင့် ကာလိုင်ရွာအနီးတစ်ဝိုက်က တိုက်ပွဲရှောင်ပြည်သူတွေလည် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ တိုက်ပွဲရှောင်စခန်းက ပြည်သူတွေ ပြောနေကြပါတယ်။

    “တိုက်ပွဲ မဖြစ်ဘဲနဲ့ လက်နက်ကြီးဘာကြောင့်ပစ်တယ်၊ ဘယ်ကိုပစ်လဲ သေချာမသိရဘူး၊ သူတို့အဲဒီလိုတွေ ပစ်တော့ ကွတ်ခိုင် အမြောက်တပ်ကနေ ပြန်ပစ်လာမှာ ကြောက်ရတယ်၊ ကာလိုင်အနီးတစ်ဝိုက်မှာက ကချင်၊ တအာန်း(ပလောင်)နဲ့ လီဆူတိုက်ပွဲရှောင်တွေရှိတယ်၊ အဓိကက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက ပိုကြောက်တော့ သူတို့တွေအတွက် ပိုပြီးစိုးရိမ်မိတယ်”လို့ ဇွပ်အောင်တိုက်ပွဲရှောင်စခန်းက အမျိုးသားတစ်ဦး ပြောပါတယ်။

    လက်ရှိ ကာလိုင်ရွာအနီးနဲ့ ရွာတွင်းမှာ TNLAတပ်ဖွဲ့တွေ တပ်စွဲအခြေချတာဟာ (၂)လနီးပါးရှိပြီး တစ်ပတ်အတွင်း လက်နက်ငယ်နဲ့ (၃)ကြိမ်ထက်မနည်း ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကာလိုင် စစ်ရှောင်ပြည်သူ

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, ကာလိုင်တိုက်ပွဲရှောင်ပြည်သူ
  11. ရွှေမြဝတီကိုဗစ်စင်တာမှာ အဆောင် အချို့ရေဝင်လို့ လူနာတွေ ကုန်းမြင့်ရာရွှေ့ပြောင်းပေးခဲ့ရ

    လတ်တလောရေကြီးရေလျှံ ဖြစ်နေတဲ့ မြဝတီမြို့က ကိုဗစ်လူနာကုသပေးရာစင်တာတစ်ခုဖြစ်တဲ့ ရွှေမြဝတီကိုဗစ်စင်တာမှာ ဒီကနေ့ ဇူလိုင်၂၉ရက်နေ့ မနက်၂နာရီလောက်ကစမိုးကြီးပြီး တောင်ကျရေဝင်လို့ လူနာတွေကို ကုန်းမြင့်ရာနေရာကိုရွှေ့ပြောင်းပေးခဲ့ရတယ်လို့စင်တာ တာဝန်ခံ ကိုသန့်ဇင်ဦးကဘီဘီစီကိုပြောပါတယ်။ " စင်တာက မြို့ပြင်က အမြင့်ပိုင်းမှာရှိတာပါ။ နောက်ဘက်မှာတောင်တွေရှိတော့ တောင်ကျချောင်းရေဝင်ပြီးအဆောင်တွေထဲဝင်တာပါ။ လူနာတွေကိုအကုန်အချိန်မီ ကုန်းမြင့်တဲ့အဆောင်ဘက်ကိုရွှေ့လိုက်ပါတယ်။ စင်တာမှာက ပေါ့စတစ်ရော ထိစပ်သူတွေပါကုပေးနေတာပါ"လို့ သူကပြောပြပါတယ်။ လူနာများအားအချိန်မှီရွှေ့ပြောင်းနိုင်ခဲ့ပေမယ့် အိပ်ရာစောင်တွေ၊ ဆေးဝါးတွေနဲ့ စားဖိုနဲ့ စတိုခန်း ကပစ္စည်းတွေ ၊ စားသောက်ဖွယ်ရာတွေမျောပါဆုံးရှုံးခဲ့ပြီးရေပိုက်တွေကျိုးပဲ့ပျက်စီးခဲ့ရတယ်လို့ စင်တာက ဆရာဝန်ကြီး ဒေါက်တာ Alex က လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေရေးသားထားပါတယ်။ ရွှေမြဝတီကိုဗစ်စင်တာမှာ လတ်တလော ကုသပေးနေတဲ့ ပေါ့စတစ်လူနာက ၆၅ဦးရှိတယ်လို့ လည်း သိရပါတယ်။

    ကိုဗစ်စင်တာ အဆောင် အချို့ရေဝင်

    ဓာတ်ပုံ ရင်းမြစ်, Dr Alex Win

    ဓာတ်ပုံ ပုံစာ, ကိုဗစ်စင်တာ အဆောင် အချို့ရေဝင်
  12. မင်းကင်း မှာ PDF တပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံထားရ

    စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ် ပန်းဆက်တောင်ပြိုဘက်မှာ မနေ့က ဇူလိုင် ၂၈ရက်မှာ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ တစ်ဖက်က စစ်ကောင်စီမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက စေ့စပ်ညှိနှိုင်းရေးလုပ်ဖို့ ပြောဆိုပြီး လက်နက်မယူဆောင်လာဘဲ လာရောက်ကြဖို့ ကမ်းလှမ်းတာကို သွားရောက်ကြရာက ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ လက်ရှိဖမ်းဆီးခံလိုက်ရတဲ့အထဲ PDF အဖွဲ့ဝင် ၅၇ယောက်ရှိတယ်လို့ဆိုပါတယ်။

    ''မနေ့ မနက်ပိုင်းက နှစ်နေရာ တိုက်ပွဲဖြစ်တယ်၊ အဲဒီမှာ သူတို့ ရွာကို မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ဘက်က ဝိုင်းလိုက်နိုင်တယ်၊ အဲဒါကို လက်နက်မယူလာကြပါနဲ့ ညှိနှိုင်းပါ မယ်ပြောတော့ ယုံပြီး သွားလိုက်ကြတာပေါ့၊ သွားတဲ့သူတွေ အဖမ်းခံလိုက်ရတယ် ၊ သူတို့ကို မယုံတဲ့သူ တပ်ဖွဲ့ဝင် ၁၂ ယောက်လောက်ကတော့ လွတ်လာတယ် '' လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကတာဝန်ရှိသူကပြောပါတယ်။

    ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ သေဆုံး နဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေး မိသားစုဝင်တွေက စိုးရိမ်နေကြ တယ်လို့ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီက မေးမြန်းထားပြီး ပြန်လည်ဖြေဆို တာမရှိသေးပါဘူး။

    PDF တပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, မင်းကင်းမြို့လူမှုကွန်ရက်

    ဓာတ်ပုံ ပုံစာ, PDF တပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံရ
  13. အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကာကွယ်ဆေးစထိုး, အာဏာသိမ်းပြီးတဲ့နောက် ထိန်းသိမ်းခံထားရသူတွေပါဝင်

    ရန်ကုန် အင်းစိန်အကျဉ်းထောင်နဲ့ နေပြည်တော်အချုပ်ထောင် မှာ ထိန်းသိမ်းခံထားရသူတွေ၊ အချုပ်ကျခံနေရသူတွေနဲ့ အကျဉ်းကျခံနေရသူတွေကို ကိုဗစ်ကာကွယ်ဆေးစထိုးပေးနေပြီလို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။ ဇူလိုင် ၂၈ရက်က စတင်တဲ့ အဲဒီ ကာကွယ်ဆေးထိုးလုပ်ငန်းမှာ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ NLD အစိုးရ လက်ထက် စီးပွားရေးအကြံပေးမစ္စတာရှောင်တာနယ်တို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    '' ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း ထိန်းသိမ်းခံရသူတွေလည်းပါပါတယ်၊ မစ္စတာရှောင်တာနယ် ၊စာရေးဆရာထင်လင်းဦး တို့နောက် တခြားသူတွေလည်း ပါကြပါတယ်၊ ကျွန်တော်တို့ကတော့ သူတို့ဆန္ဒ ကိုကောက်ယူမေးမြန်းပြီး ထိုးဖို့ဆန္ဒရှိတဲ့သူတွေအားလုံးကို ထိုးပေးမှာပါ ''လို့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူကပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင် ၂၃ရက် က အင်းစိန်ထောင်ရဲ့ သီးသန့်ထောင်အတွင်း မှာ ထောင်အတွင်း ကိုဗစ်ရောဂါထိန်းချုပ်ဖို့နဲ့ပတ်သက်ပြီး အချုပ်ကျခံနေရသူ အချို့က ကြွေးကြော်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ အဲဒီလိုထောင်တွင်း အချုပ်ကျခံနေရသူတွေရဲ့ တောင်းဆို ဆန္ဒပြမှုတွေနောက်မှာ နိုင်ငံတကာကြက်ခြေနီအဖွဲ့ (ICRC)ကလည်း အကျဉ်းထောင်တွေထဲ ကိုဗစ်နိုင်တီး ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအပါအဝင် လူသားချင်းစာနာမှုအကူအညီပေး နိုင်ရေးအကျဉ်းဦးစီးဌာနကို တောင်းဆိုထားတာပါ။

    ဒီလို အခြေအနေတွေကြောင့် အကျဉ်းထောင်တွေအတွင်း ကာကွယ်ဆေးထိုးပေးတာဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။ အခုထိုးပေးတဲ့ ကာကွယ်ဆေးတွေက တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးတွေဖြစ်ပြီး သတ်မှတ်ရက် ပြည်တဲ့အခါ နောက်တစ်ကြိမ်ထပ်မံထိုးပေးဖို့ လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ကာကွယ်ဆေးထိုးဆန္ဒရှိသူ ၂၀၀၀ကျော် စာရင်းရှိပြီး၊နေပြည်တော်အချုပ်ထောင်မှာတော့ လူဦးရေ ၆၀၀ ကျော်ထိုးပေးဖို့ရှိတယ်လို့ဆိုပါ တယ်။ ''မနေ့ကတော့ အင်းစိန် ဗဟို အကျဉ်းထောင်မှာ လူဦးရေ ၆၀၀ ကျော် ၊ နောက်နေပြည်တော်မှာ ၃၀၀ ကျော်ထိုးပေးထားပြီးဖြစ်ပါတယ်။ ဦးဝင်းထိန်က နေပြည်တော် အချုပ်ထောင်မှာဆိုတော့ သူလည်း ပါဝင်နိုင်ပါတယ်၊ ကျွန်တော်တို့ဆီကိုတော့ ထိုးတဲ့သူစာရင်းပဲရောက်ပြီး ဘယ်သူဘယ်ဝါဆိုတဲ့ စာရင်းကတော့ မရောက်သေးလို့ပါ '' လို့ တာဝန်ရှိသူကဆိုပါတယ်။ တစ်နိုင်ငံလုံး က အကျဉ်းထောင်တွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ရှိပြီး ကနဦးစာရင်း အရ လူဦးရေ လေးသောင်းကျော်ကို ထိုးပေးမယ်လို့ သိရပါတယ်။

    အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကာကွယ်ဆေးစထိုး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကာကွယ်ဆေးစထိုး
    အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကာကွယ်ဆေးစထိုး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အကျဉ်းထောင်တွေအတွင်း ကိုဗစ်ကာကွယ်ဆေးစထိုး
  14. ရခိုင် နေရာတချို့ ရေပြန်ကျ၊ မြောက်ပိုင်း နှစ်မြိုနယ် ရေနစ်မြုပ်နေဆဲ

  15. သတင်းလွတ်လပ်ခွင့်ကို အလုံးစုံ ဖယ်ရှားလိုက်တဲ့ မြန်မာပြည် စစ်အာဏာသိမ်းမှု ဆိုပြီး CPJ အဖွဲ့ထုတ်ပြန်, စစ်ကောင်စီလက်ထက် မြန်မာဟာ သတင်းသမားတွေ ရန်အပြုခံရဆုံးနေရာ ဖြစ်လာ- CPJ အစီရင်ခံစာ

    လွတ်လပ်တဲ့ သတင်းပညာရပ် အပေါ် ရာဇဝတ်မှု သဖွယ် မြန်မာ အာဏာသိမ်း စစ်ကောင်စီက သဘောထားပြီး ရန်ပြုနေတ​ယ်လို့ သတင်းသမားများကို အကာအကွယ် ပြုရေး ကော်မတီ CPJ အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

    စာနယ်ဇင်းသမားတွေကို ဖမ်းဆီးပြီး ပုဒ်မတွေတပ် တရားစွဲ ထောင်ချတာ၊ သတင်းဌာနတွေကို ပိတ်ပစ်တာ၊ နိုင်ငံတကာ သတင်းထောက်တွေကို ပြည်ဝင်ခွင့် တားဆီးတာမျိုးတွေ စစ်ကောင်စီက ကျူးလွန်နေခဲ့တယ်လို့ နယူးယောက် အခြေစိုက် CPJ အဖွဲ့က အသေးစိတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီက ရန်မူတိုက်ခိုက်တာကြောင် သတင်းသမားတွေဟာ ပုန်းလျှိုးပြီး နေရတာမျိုး၊ ပြည်ပထိ ထွက်ပြေးကြရတာမျိုးတွေ ဖြစ်လာခဲ့ပြီး၊ မြန်မာ စစ်ကောင်စီဟာ ကမ္ဘာပေါ်သတင်းသမားတွေကို ရန်အမူဆုံး၊ ဖမ်းတာဆီးတာမျိုး အလုပ်ဆုံး အဖွဲ့ ဖြစ်လာတယ်လို့ အစီရင်ခံစာကို ရေးသားတဲ့ ရှောင် ဒဗယ်လျူ ခရစ္စပင်က ပြောပါတယ်။

    ဇူလိုင်လဆန်း အထိ သိထားရသမျှ စာရင်းတွေအရ အကျဥ်းထောင်ထဲ စာနယ်ဇင်းသမား ၃၂ ယောက် ဆက်လက် ရှိနေတယ်လို့ CPJ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ အနည်းဆုံး ၄၅ ယောက် အဖမ်းခံထားရာကနေ ဇွန်လ အကုန် အစုလိုက် အပြုံလိုက် လွှတ်ပေးမှုထဲ သတင်းသမားတချို့ လည်း ပြန်လွတ် လာခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အရေအတွက်နဲ့ ပတ်သက်ပြီး CPJ က ပြုစုထားတဲ့ စာရင်းဇယားတွေကို ကြည့်ရင် ၂၀၂၀ ဒီဇင်ဘာတုန်းကဆိုရင် တရုတ်မှာ ၄၈ ယောက်၊ တူရကီ ၄၇၊ ဆော်ဒီ ၂၆ နဲ့ အီဂျစ် ၂၆ ယောက် အသီးသီး ရှိချိန်မှာ မြန်မာပြည်မှာ ၁ ယောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီ အခြေအနေကနေ စစ်အာဏာသိမ်းခံရပြီး နောက်ပိုင်း မြန်မာပြည်ဟာ သတင်းသမားတွေ အဖမ်းခံရဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်လို့ CPJ အစီရင်ခံစာက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးလို့ နှစ်ပတ် အတွင်းမှာပဲ စစ်ကောင်စီဟာ ဥပဒေဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် အကြည်အညီပျက်စေမှုက အစ သတင်းမှား ဖြန့်ဝေတယ် ဆိုတာအဆုံး စွပ်စွဲချက်တွေနဲ့ စာနယ်ဇင်းသမားတွေ အပေါ် အလွယ်တကူ အရေးယူ အပြစ်ပေးတာမျိူးတွေ ပြုလုပ် လာခဲ့တယ်လို့ ဆိုပါတယ်။

    CPJ အစီရင်ခံစာထဲ ပုဒ်မ ၅၀၅ (က) ကို အာရုံစိုက် ပြောထားပြီး၊ စစ်ကောင်စီက သတင်းလုပ်ငန်းကို ရာဇဝတ်မှု သဖွယ် ပြုလုပ်ရာမှာ အသုံးပြုဆုံး ပုဒ်မလို့ ဆိုထားပါတယ်။

    ၅၀၅ (က) ဟာ မူလတုန်းကတော့ လက်နက်ကိုင်တပ်တွေထဲက သူတွေ အမိန့်မနာခံပဲ တာဝန်တွေကနေ ပျက်ကွက်အောင်၊ ပုန်ကန်အောင် ရည်ရွယ်ပြီး ရေးသားတာ၊ သတင်းမှားတွေ ဖြန့်တာမျိုးကို အရေးယူတဲ့ ပုဒ်မဖြစ်ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက အဲဒီ ပုဒ်မကိုပဲ စာသားတွေ ပြင်ဆင် ပြောင်းလဲပြီး တရားစွဲ အရေးယူတာတွေ ပို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ အသုံးချလာခဲ့တယ်လို့ ဥပဒေရေးရော ကျွမ်းကျင်သူတွေ၊ လေ့လာစောင့်ကြည့်သူတွေကလည်း ပြောကြပါတယ်။

    မြန်မာနောင်းသတင်းထောက် ဖမ်းဆီးခံရစဥ်၊ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်။

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာနောင်းသတင်းထောက် ဖမ်းဆီးခံရစဉ်၊ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်။
  16. “ကိုဗစ်ဆိုင်ရာ အပစ်အခတ်ရပ်စဲမှု လုပ်ဖို့ လိုနေပြီ” လို့ တွမ်အင်ဒရူးစ် သတိပေး, ကိုဗစ်ကိုင်တွယ်နိုင်ဖို့ဆိုရင် စစ်ကောင်စီ လုပ်ရပ်တွေကို ထိန်းချုပ်နိုင်ဖို့ လိုတယ်လို့ ကုလအထူးသံပြော

    မြန်မာပြည်မှာ ကိုဗစ်ကူးစက်နှုန်း၊ သေဆုံးနှုန်း အဆမတန်များနေတာကို ထိန်းချုပ်နိုင်ဖို့ ဆိုရင် “ကိုဗစ်ဆိုင်ရာ ပစ်ခတ်မှုရပ်စဲရေး”လုပ်ဖို့ လိုနေပြီလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံရတဲ့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ပြောပါတယ်။

    ကျန်းမာရေး ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ နေရာထိုင်ခင်းတွေကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရပ်ဖို့ ကုလ အထူးသံတမန် မစ္စတာ အင်ဒရူးစ်က ပြောတာ ဖြစ်ပါတယ်။

    ကျန်းမာရေး ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ နေရာထိုင်ခင်းတွေ အတိုက်အခိုက် ခံရတဲ့ ဖြစ်ရပ် အနည်းဆုံး အကြိမ် ၂၆၀ ရှိခဲ့တယ်လို့ ကုလ အထူးသံက ဆိုပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၁၈ ယောက် သေဆုံးခဲ့ရတယ် လို့လည်း ဆိုပါတယ်။

    ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ လူပုဂ္ဂိုလ် အယောက် ၆၀၀ ကျော်ကို စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ထားပြီး၊ လက်ရှိ ဖမ်းခံထားရသူ အနည်းဆုံး ၆၇ ယောက် ရှိနေတယ်လို့ တွမ်အင်ဒရူးစ်က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီက ကျူးလွန်နေတာတွေ အားလုံး ရပ်တန့်နိုင်ဖို့ လုံခြုံရေးကောင်စီ အပါအဝင် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး အနေနဲ့ ၊အသုံးချလို့ ရနိုင်သမျှ ကုလသမဂ္ဂ ဆိုင်ရာ နည်းလမ်းတွေ အားလုံး သုံးကြပါ ဆိုပြီးတော့ မစ္စတာ အင်ဒရူးစ်က တိုက်တွန်း နေပါတယ်။

    “မြန်မာပြည်မှာ မသေသင့်ပဲ လူတွေ အများကြီး သေခဲ့ရပြီးပြီ။ ကုလသမဂ္ဂဘက်က အရေးယူ ဆောင်ရွက်မှု မလုပ်ဘူးဆိုရင် နောက်ထပ်လည်း အသက်တွေ ဆုံးရှုံး ရလိမ့်မယ်”လို့ တွမ်အင်ဒရူးစ်က ပြောပါတယ်။

    “မြန်မာပြည်မှာ စစ်ကောင်စီက ကိုဗစ်ပျံ့နေတာကို ဘေးချိတ်ပြီး ကျန်းမာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေ အပေါ် အညှာအတာမဲ့ တိုက်ခိုက်နေချိန်မှာ ကုလအဖွဲ့ဝင် နိုင်ငံတွေက ဘေးကနေ အားရနေတဲ့ ပုံစံမျိုး နေပြလို့ မဖြစ်ဘူး။ ဒီအကြမ်းဖက်မှုတွေ အဆုံးသတ်အောင် ဝိုင်းလုပ်ရမယ်။ ဒါမှ ဆရာဝန်တွေ၊ သူနာပြုတွေဟာ လူ့အသက်ကယ်တဲ့ အလုပ်တွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာ အဖွဲ့တွေကလည်း အဲဒီ အခြေအနေရှိမှပဲ ကာကွယ်ဆေးတွေ ပို့ပေးတာမျိုး အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်တွေမှာ ဝင်ကူတာမျိုးတွေ လုပ်နိုင်ကြလိမ့်မယ်” လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    လုံခြုံရေးကောင်စီကနေ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ကတည်းက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ထဲ ကိုဗစ် ကာကွယ်ဆေးတွေ ထိုးပေးနိုင်ရေး၊ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေ ပေးနိုင်ရေး အတွက် လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ နေရာတိုင်းမှာ အပစ်ရပ်ကြရမယ် ဆိုတဲ့ အချက် ပါဝင်ပါတယ်။

    “အဲဒီ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ဟာ အထိန်းအချုပ်မရှိ အကြမ်းဖက်မှုတွေ တွေ့ကြုံနေရတဲ့ တိုင်းပြည်မျိုးမှာ ကိုဗစ် ကိုင်တွယ် ထိန်းချုပ်နိုင်ရေး အလို့ငှာ အခြေခံမူ အဖြစ် ကိုင်စွဲကြဖို့ ချမှတ်ထားတာ ဖြစ်ပါတယ်။ အခု မြန်မာနိုင်ငံထဲက အခြေအနေဟာ ပိုဆိုးရွားလာတာကြောင့် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး အာရုံစိုက် အကောင်အထည် ဖော်ဖို့ လိုအပ်နေပါတယ်။ ဒါမှပဲ လူ့အသက်တွေ အများအပြား ကယ်နိုင်လိမ့်မယ်” လို့ မစ္စတာ အင်ဒရူးစ်က ပြောပါတယ်။

    “အာဏာသိမ်း စစ်ကောင်စီ ဆင်းသွားပြီး တရားဝင် အစိုးရ ဦးဆောင်မှုနဲ့ ကိုဗစ် ပြဿနာကို ကိုင်တွယ်နိုင်ရင် အကောင်းဆုံးပေါ့။ ဒါပေမယ့် အဲဒီ အခြေအနေကို မရောက်ခင် လတ်တလော အနေအထားမှာ၊ စစ်ကောင်စီရဲ့ အဆင်ခြင်မဲ့ တိုက်ခိုက်တာတွေ၊ ဖမ်းဆီးတာတွေကို ရပ်တန့်နိုင်ဖို့ လိုတယ်။ အဲဒီလို ရပ်ပစ်နိုင်ဖို့ ဆိုတာက ကုလသမဂ္ဂ အဖွဲ့ကြီးနဲ့ အဖွဲ့ဝင် နိုင်ငံတွေက ခိုင်မာတဲ့ မူဝါဒ သဘောထားတွေနဲ့ ရပ်တည်ပေးလာဖို့ မြန်မာပြည်သူတွေ လိုအပ်နေပါတယ်” ဆိုပြီး လူ့အခွင့်အရေး ဆိုင်ရာ အထူး ကိုယ်စားလှယ်က ပန်ကြားနေပါတယ်။

    အောက်ဆီဂျင် စက်ရုံရှေ့ မြင်ကွင်း။ ဇူလိုင် လလယ်၊ ရန်ကုန်

    ဓာတ်ပုံ ရင်းမြစ်, Myat Thu Kyaw/NurPhoto via Getty Images

    ဓာတ်ပုံ ပုံစာ, အောက်ဆီဂျင် စက်ရုံရှေ့ မြင်ကွင်း။ ဇူလိုင် လလယ်၊ ရန်ကုန်
  17. စစ်တွေမှာ ညပိုင်း ပေါက်ကွဲသံလေးချက် ဆက်တိုက်ထွက်ပေါ်

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ ဇူလိုင်လ ၂၈ ရက် အခုည ၉ နာရီ ၁၅ ခန့်လောက်မှာ ပေါက်ကွဲသံလေးချက် ဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။

    အဲ့ဒီပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ကန်တော်ကြီးရက်ကွက် အဝေးပြေးကားကိတ်အနီး မေယုလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသံကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ရုတ်တရက်ထွက်ပေါ်လာခဲ့တာဖြစ်တယ်လို့ အဲ့ဒီအနီးဝန်းကျင်မှာနေထိုင်သူတွေကပြောပါတယ်။

    "ပေါက်ကွဲမှုဖြစ်တာလေးချက်ပါ။၉ နာရီ ၁၄ မှာပေါက်တာပါ။ ကျွမ်တော်တို့အိမ်တစ်ဖက်ကလို ကြားရတယ်။ အသံကတော်တော်ကျယ်တယ်။ ဘယ်နေရာပေါက်တာလဲတော့ အတိကျမပြောနိုင်သေးဘူး။ အခုတော့ရဲကားတွေရောက်နေတယ်။ တံခါးဖွင့်မကြည့်ရဲဘူး"လို့ သူကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအတွင်းမှာ ရဲတပ်ဖွဲ့က ကားတွေနဲ့ရောက်ရှိလာခဲ့ပြီး စစ်တွေမြို့ကကြိုဆိုပါ၏ လို့ ရေးထားတဲ့ ဆိုင်းဘုတ်ပတ်ဝန်းကျင်မှာ လုံခြုံရေးချထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

    အဲ့ဒီနေရာနဲ့ မြောက်ဘက် နှစ်ဖာလုံနီးပါးအကွာမှာ တပ်မတော်တပ်ရင်းတွေ ရှိနေပါတယ်။

    ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိမရှိ မသိရသေးသလို လမ်းမပေါ်မှာလဲ လူအသွားအလာနည်းပါးနေတဲ့အတွက် လမ်းဘေးစျေးဆိုင်သည်တချို့ကို မြင်တွေ့နေရတယ်လို့ အဲ့ဒီအနီးမှာ နေထိုင်သူတွေကပြောကြပါတယ်။

    ဒါ့အပြင် ဇူလိုင်လ ၂၇ ရက် လယ်ကလည်း စစ်တွေမြို့ မိဇံရပ်ကွက် BXT မြေယာဖော်ဆောင်ရေး လုပ်ငန်းဆိုက် အဝင်လမ်းမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားထဲ့တယ်လို့သိရပြီး ဒေသအာဏာပိုင်တွေကတော့ အဲ့ဒီပေါက်ကွဲမှုဟာ ဗြောက်အိုးပေါက်တာလို့ ပြောဆိုကြောင်း သိရပါတယ်။

    စစ်တွေမှာ ညပိုင်း ပေါက်ကွဲသံလေးချက် ဆက်တိုက်ထွက်ပေါ်
  18. မြန်မာဘက်က ပြေးလာသူတွေကို မဖမ်းဆီးဖို့ အိန္ဒိယကို HRC တောင်းဆို, အိန္ဒိယ ပြည်နယ်တွေထဲက လူဝင်မှု ထိန်းသိမ်းရေး စခန်းတွေထဲ ကိုဗစ် ကူးမှု အခြေအနေ ဘယ်လိုရှိနေလဲ

    အိန္ဒိယနိုင်ငံထဲ ခိုလှုံခွင့် တောင်းခံရင်းသား ထိန်းသိမ်းခံထားရတဲ့ မြန်မာတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ HRC က ဒီနေ့၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ အိန္ဒိယ အစိုးရကို တောင်းဆို လိုက်ပါတယ်။

    ဒါ့အပြင်၊ မြန်မာပြည်ကနေ ထွက်ပြေးလာကြတဲ့ အမျိုးသမီး နှစ်ဦးဟာ မဏိပူရပြည်နယ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းတာ ခံနေရစဥ်၊ ကိုဗစ်ရောဂါကြောင့် ပြီးခဲ့တဲ့ ဇွန်လတုန်းက သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အိန္ဒိယ အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကြဖို့လည်း HRC က တိုက်တွန်း နေပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွဲ ခံလာရတဲ့နောက် အိန္ဒိယဘက် ဝင်ရောက်ခိုလှုံ လာကြသူ အရေအတွက် ခန့်မှန်းခြေ တစ်သောင်းခြောက်ထောင် ၁၆,၀၀၀ ဝန်းကျင် ရှိတယ်လို့ HRC အဖွဲ့က ဆိုပါတယ်။

    အိန္ဒိယဘက် ရောက်လာကြသူတွေထဲ လွှတ်တော်အမတ်တွေက အစ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လုပ်ကြတဲ့ ဝန်ထမ်းတွေ၊ စစ်တပ်နဲ့ရဲအဖွဲ့က အမှုထမ်း အရာထမ်းတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေထဲက သူတွေ စသဖြင့် အလွှာအသီးသီးက သူတွေ ပါဝင်ကြတယ်လို့ HRC အဖွဲ့က ပြောပါတယ်။

    အဲဒီသူတွေဟာ အဓိကအားဖြင့် မြန်မာနဲ့ကပ်ရက် မဏိပူရ၊ မီဇိုရမ်၊ နာဂလဲန်းနဲ့ အာရူနာချိုလ် ပရာဒက်ရှ် စတဲ့ ပြည်နယ် ၄ ခုမှာ ပြန့်နှံ့ ရောက်ရှိနေတာ ဖြစ်တယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေက ဆိုပါတယ်။

    အဲဒီလို ထွက်ပြေး ခိုလှုံလာကြသူတွေကို ဖမ်းဆီးထိန်းသိမ်းတာမျိုး မလုပ်ဖို့ အိန္ဒိယ အစိုးရကို HRC အဖွဲ့က ပြောနေတာ ဖြစ်ပြီး၊ ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး စောင့်ထိန်း လိုက်နာရမယ့် နိုင်ငံတကာ ဥပဒေတွေနဲ့အညီ သက်ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီနဲ့ လက်တွဲလို့ အကာအကွယ် ပြုပေးနိုင်ရေး လုပ်ဆောင်ပါလို့လည်း HRC အဖွဲ့ရဲ့ တောင်အာရှ ဒေသဆိုင်ရာ အကြီးအကဲ မီနတ်ရှီ ဂန်ဂူလီက အိန္ဒိယ အစိုးရကို တိုက်တွန်းနေပါတယ်။

    မြန်မာပြည်က ထွက်ပြေးလာကြသူတွေထဲက တချို့ဟာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းခံထားရတာကို HRC က ကန့်ကွက်နေတာ ဖြစ်ပါတယ်။

    အဲဒီလို ဖမ်းခံထားရင်းသား ပြီးခဲ့တဲ့ ဇွန်လတုန်းက မဏိပူရပြည်နယ်မှာ မြန်မာ အမျိုးသမီး ၂ ဦးဟာ ကိုဗစ် ကူးခံရပြီး ၊ နောက်ပိုင်း ခရိုင်ဆေးရုံပေါ် သေဆုံး ခဲ့တယ်လို့ HRC က ပြောပါတယ်။

    ဒါ့ကြောင့် ပြည်ဝင်ခွင့် ချိုးဖောက်လို့ ဆိုပြီး ဖမ်းဆီးထားသူတွေကို ထိန်းသိမ်းရေး စခန်းတွေမှာ ဘယ်လို ပုံစံမျိုးနဲ့ ထားလဲ၊ အစားအစာကအစ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရှိနေလား ဆိုတဲ့ အပေါ် လူ့အခွင့်အရေး အဖွဲ့က မေးခွန်း ထုတ်နေတာ ဖြစ်ပါတယ်။

    အထူးသဖြင့် ထိန်းသိမ်းရေး စခန်းတွေထဲ ကိုဗစ် ကူးစက်ပျံ့နှံ့မှု အခြေအနေ အပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။ မဏိပူရ ပြည်နယ်မှာဆိုရင် ခိုလှုံခွင့် တောင်းထားသူတွေထဲ နောက်ထပ် အနည်းဆုံး ၁၃ ယောက် ကိုဗစ် ကူးစက် ခံထားရတယ်လို့ HRC အဖွဲ့က ပြောပါတယ်။

    မီဇိုရမ်

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

    ဓာတ်ပုံ ပုံစာ, အိန္ဒိယဘက် ရောက်လာသူတွေထဲ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုတွေပါ ပါဝင်နေ၊ မီဇိုရမ် မတ် ၁၃
  19. အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ မြန်မာကို ပေးမယ်လို့ စင်္ကာပူ ကြေညာ, ကြက်ခြေနီ အသင်းအချင်းချင်းတွေကြား ချိတ်ဆက်မှုနဲ့ အောင်ဆီဂျင်စက်တွေ စင်္ကာပူကနေ ဝင်လာမယ်

    ကိုဗစ်နိုင်တင်း ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အားပေးကူညီတဲ့ အနေနဲ့ ၁၀ လီတာ အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ ပေးသွားမယ်ဆိုပြီး စင်္ကာပူ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

    စင်္ကာပူ ကြက်ခြေနီ အသင်း SRC ရဲ့ လမ်းကြောင်းကနေတဆင့် အဲဒီ အောက်စီဂျင် ကွန်ဆန်ထရိတ်တာ စက်တွေကို ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    SRC အနေနဲ့ မြန်မာ ကြက်ခြေနီ အသင်းနဲ့ အတူ လက်တွဲပြီး စင်္ကာပူက ကူညီတဲ့ အောက်ဆီဂျင် စက်တွေကို ကိုဗစ်ဒဏ် ခံနေရတဲ့ မြန်မာ လူမှု အသိုင်းအဝိုင်းတွေထဲ ဖြန့်ဝေ ပေးသွားမယ် ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ထဲ တွေ့ရပါတယ်။

    စင်္ကာပူ အစိုးရက မြန်မာကို ကိုဗစ်ရှိမရှိ စစ်တဲ့ PCR စက်တွေ အပါအဝင် စစ်ဆေးရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးရုံသုံး မျက်နှာအကာအကွယ်တွေ၊ လက်ကိုလိမ်းရတဲ့ ပိုးသတ်ဆေးရည်တွေနဲ့ တခြား ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ပေးအပ်ထားနှင့်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ကိုဗစ် နိုင်တင်း ကပ်ရောဂါကို ရင်ဆိုင်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်တယ်လို့လည်း စင်္ကာပူ နိုင်ငံခြားရေးဌာနက ဆိုထားပါတယ်။

    ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့ အတွက် ကိုဗစ် လူနာကို နေရာရွှေ့ပေးကြစဥ်။ ဇူလိုင် ၂၆၊ မြဝတီမြို့။

    ဓာတ်ပုံ ရင်းမြစ်, Karen Information Center/Handout via REUTERS

    ဓာတ်ပုံ ပုံစာ, ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့ အတွက် ကိုဗစ် လူနာကို နေရာရွှေ့ပေးကြစဥ်။ ဇူလိုင် ၂၆၊ မြဝတီမြို့။
  20. မြန်မာစစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေမှာ နိုင်ငံတကာဘဏ်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို Justice for Myanmar ထုတ်ပြန်, စစ်ကောင်စီနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတကာ ဘဏ်တွေလည်း တာဝန်ခံမှုရှိဖို့ လိုတယ်လို့ ဆို

    စစ်ကောင်စီနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းစုတွေနဲ့ ဆက်နွှယ်မှုရှိတဲ့ နိုင်ငံစုံက ကုမ္ပဏီပေါင်း ၁၈ ခုမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာ ဘဏ်ပေါင်း ၁၉ ဘဏ် က ရင်းနှီးမြှုပ်နှံထားကြပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၅, ၀၀၀ ကျော် တန်ဖိုးပမာဏရှိတယ် ဆိုတာကို Justice for Myanmar အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့ ဘဏ္ဍာရေးဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီတွေကို လိုက်လံ ရှာဖွေ သုတေသနပြုနေတဲ့ အဲဒီအဖွဲ့က စစ်ကောင်စီရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီပေါင်း ၁၈ ခုရှိပြီး အဲဒီ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံကြတာတွေက OECD (နိုင်ငံတကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း) က ချမှတ်ထားတဲ့ နိုင်ငံတကာစီးပွားရေး လုပ်ငန်းကြီးများ အတွက် လမ်းညွှန်ချက်များနဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူတွေနဲ့ မကိုက်ညီတာကို ထောက်ပြထားပါတယ်။

    အဲဒီလမ်းညွှန်ချက်တွေ၊ အခြေခံမူတွေမှာ ဘဏ်တွေအပါအဝင် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ သူတို့ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ဖို့၊ ဒါမှမဟုတ် လျှော့ချအောင်လုပ်ဖို့ တာဝန်ရှိတယ် ဆိုတာပါဝင်ပါတယ်။

    Justice for Myanmar ရဲ့ ပြောခွင့်ရသူ မရတနာမောင် က “နိုင်ငံတကာ ကုမ္ပဏီတွေက တရားမဝင် စစ်ကောင်စီ နဲ့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းစုကြီးတွေမှာ စီးပွားရေး လုပ်ဆောင်နေကြတာဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို အလိုတူ ကြံရာပါအားပေးနေတာဖြစ်တယ်၊ အဲဒီကုမ္ပဏီတွေကို ဘဏ်တွေနေနဲ့ အရေးယူဖို့ တာဝန်ရှိတယ်”လို့ ဆိုပါတယ်။

    မြန်မာစစ်တပ်ဟာ စီးပွားရေး ဦးပိုင် ကုမ္ပဏီ လိမိတက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့လို စီးပွားရေးလုပ်ငန်းစုကြီးတွေကိုလည်း ပိုင်ဆိုင်သလို၊ မြန်မာ စစ်တပ်ခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်ဟာ နိုင်ငံရဲ့ သယံဇာတ ထုတ်ကုန်တွေအပေါ်မှာ အကျိုးစီးပွားများစွာ ရယူခံစားနေတယ်ဆိုတဲ့ အစီရင်ခံစာတွေ ထွက်ပေါ်နေတာပါ။

    မြန်မာစစ်ကောင်စီနဲ့ ဆက်နွှယ်မှုရှိတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေထဲမှာ မြန်မာစစ်တပ်ကို ကာကွယ်ရေး ပစ္စည်းတွေ ထောက်ပံ့နေတယ်လို့ ဆိုကြတဲ့ Bharat Electronics Incကုမ္ပဏီ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ ဖြစ်တဲ့ POSCO၊ Chevron၊ Shellနဲ့TOTALကုမ္ပဏီတွေအပါအဝင် ကုမ္ပဏီ ၁၈ ခုရှိတယ်လို့ Justice for Myanmar က ဆိုပါတယ်။

    အဲဒီ ကုမ္ပဏီ ၁၈ ခုမှာ ဒေါ်လာဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားကြတဲ့ ဘဏ်တွေက ဂျပန်နဲ့ အနောက်နိုင်ငံ တွေမှာ အခြေစိုက်ကြတဲ့ ဘဏ်တွေဖြစ်ပြီး Justice for Myanmar ထုတ်ပြန်ထားတဲ့ အဲဒီ ဘဏ်ပေါင်း ၁၉ ဘဏ်ထဲမှာ Credit Agricoie၊ Sumitomo Mitsui Trust၊ Mitsubishi UFJ Financial၊ Bank of America၊ JPMorgan Chase၊ UBS၊ Deutsche Bank၊ Morgan Stanley၊ Credit Suisse စတဲ့ဘဏ်တွေလည်း ပါဝင်ပါတယ်။

    NIL

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, NIL