ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော
ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ဆေးအလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွား
တိုက်ရိုက် ထုတ်လွှင့်ချက်
ငါန်းဇွန်မှာ မီးသင်္ဂြိုဟ်ရေး ဦးစီးသူတချို့ အဖမ်းခံထားရလို့ အခက်တွေ့
ငါန်းဇွန်မြို့မှာ မြို့ပေါ်မှာတင် ကိုဗစ်လက္ခဏာနဲ့သေဆုံးသူတွေ နေ့စဉ် မြင့်တက်နေချိန်မှာ မီးသင်္ဂြိုဟ်တာတွေကို ဦးစီးနေတဲ့ ပရဟိတလူငယ်အမျိုးသမီးတချို့ အဖမ်းခံထားရပြီး ထွက်ပြေးတိမ်းရှောင်နေရသူတွေလည်းရှိနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီလို အနေအထားမှာ အလောင်း လေးငါးခြောက်လောင်းကို ကားတာယာကွင်းတွေပေါ်ပုံပြီး မီးသင်္ဂြိုဟ်ပေမဲ့ အကုန်မလောင်ကျွမ်းတာကြောင့် မြေထပ်မြှုပ်နေရတယ်လို့ အဲဒီ မြို့ခံက လက်ရှိ အခြေအနေကို ရှင်းပြပါတယ်။
လူဦးရေ သုံးသိန်းနီးပါးရှိတဲ့ ငါးဇွန်မှာ ဆေးရုံကို နေ့စဥ် ရောက်လာသူ ငါးယောက် ၊ ခြောက်ယောက် အနည်းဆုံး ရှိပြီး သေဆုံးသူ နှစ်လောင်း သုံးလောင်း အမြဲရှိနေရာက ဇူလိုင် ၃၁ ရက်မှာ ငါးမြာကြီး ဆိုတဲ့ ရွာ တရွာထဲက တရက်အတွင်း လေးယောက် တပြိုင်တည်း သေဆုံးမှုတွေ ရှိလာတာဟာ စိုးရိမ်စရာပဲလို့ သူက ဆိုပါတယ်။
ဒါဟာ တရွာပဲ ရေတွက်ရသေးတာ ဖြစ်ပြီး တခြားနေရာတွေ ၊ တခြားရွာတွေ ပေါင်းထည့်လိုက်ရင် အရေအတွက် တိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။
ငါးဇွန်မြို့မှာ သုသာန် တခုပဲ ရှိသလို မီးသင်္ဂြိုဟ်စက်ကလည်း တခုတည်း ရှိပြီး အဲဒီမှာ ဦးစီး လုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတွေဟာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ဖမ်းဆီးရာမှာ အတူ အဖမ်းခံလိုက်ရတာကြောင့် အခုဆိုရင် အဲဒီ မီးသင်္ဂြိုဟ်စက်ကို ပိတ်ထားရတယ်လို့ သူက ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးမှုတွေကြောင့် တခြား ကူညီ လုပ်ကိုင်သူတွေလည်း ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ငါးဇွန်မှာ ဆေးဆိုင်တွေမှာလည်း ဖျားနာ ၊ နှာစေး ၊ ချောင်းဆိုး ၊ ခေါင်းကိုက်ကလွဲရင် ကျန်တဲ့ ဆေးရမယ် ဆိုတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဆိုပါတယ်။ ဆေးဆိုင် တခုကလည်း မိသားစု ကျန်းမာရေးကြောင့် ပိတ်ထားရပြီး ကျန်တဲ့ တခုတည်းသော ဆေးဆိုင်ကလည်း အချိန်ပိုင်းနဲ့သာ ဖွင့်တဲ့ အပြင် မေးသမျှ ဆေးအများစုကလည်း ကုန်နေတယ်ချည်း ဆိုတာကြောင့် ဆေးဝါး ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပုံကို သူက ရှင်းပြပါတယ်။
စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇူလိုင် ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ stay home ကန့်သတ်ချက်ထဲမှာ မန္တလေးတိုင်းဒေသကြီးထဲက ငါန်းဇွန်မြို့လည်း ပါ၀င်ပါတယ်။
အခုလို အိမ်တွင်းနေရေး ကန့်သတ် ခံထားရသလို ၊ ဆေးဝါးလည်းမရ ဖြစ်နေတာကြောင့် လာမယ့် ရက်ပိုင်း အတွင်း ကိုဗစ် ကူးစက်မှု တိုးလာတာနဲ့ အတူ သေဆုံးနှုန်း မြင့်လာလိမ့်မယ်လို့ ဒေသခံတွေက တွက်ဆ နေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Nyi Linn Naing
ကျန်းမာရေး ၀န်ထမ်းတွေကို ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ အေအိုင်အဖွဲ့သတိပေး
မြန်မာနိုင်ငံတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မြင့်တက်နေပြီး အောက်ဆီဂျင် ရှားပါးလာနေတာကြောင့် အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ကျန်းမာရေး ၀န်ထမ်းတွေအပါ် ခြိမ်းခြောက်တာတွေ ရပ်တန်းက ရပ်ဖို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ အေအိုင်က ဇူလိုင်လ ၃၀ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် ၆ ပတ်တာ ကာလအတွင်း ကိုဗစ်ကြောင့် သေဆုံးသူတွေ၊ ပိုးကူးစက်မှုတွေ အတော်လေးမြင့်တက်ခဲ့ပေမယ့် စစ်ပွဲပဋိပက္ခတွေ အရှိန်မြင့် ဖြစ်ပွားနေလို့ လူနာတွေဟာ အောက်ဆီဂျင်ရဖို့ ရုန်းကန်နေရတယ်လို့လည်း ဆိုပါတယ်။
ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပါအ၀င် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူတွေ ကြားမှာ ကိုဗစ်ကူးစက်မှုတွေ ပိုမိုတွေ့ရှိနေတယ်၊ လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အောက်ဆီဂျင်တွေကို သိမ်းဆည်းသိုလောင်ထားတာကြောင့် ပြည်တွင်းမှာ အောက်ဆီဂျင်လိုအပ်ချက်တွေ ဖြစ်နေတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မှာဆေးဝယ်ရန်တန်းစီနေသူတချို့ကို အာဏာပိုင်တချို့လာရောက်တားဆီးတာကြောင့် ရုတ်တရက်ဆေးဆိုင်ပိတ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, အာဏာပိုင်တချို့လာရောက်တားဆီးတာကြောင့် ရုတ်တရက်ဆေးဆိုင်ပိတ် ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝန်ဈေးအနီးက ရွှေအိုးဆေးဆိုင်မှာ ဒီကနေ့ ဇူလိုင် ၃၁ မနက်ပိုင်းက ဈေးဝယ်ဖို့စာရင်းပေးတန်းစီစောင့်ဆိုင်းနေသူတွေကို ရဲတပ်ဖွဲ့ဝင်တချို့လာရောက်တားဆီးလိုက်တာကြောင့် ဈေးရောင်းချမှုရပ်ပြီး ဆိုင်ပိတ်လိုက်တယ်လို့ဆေးဝယ်ဖို့တန်းစီနေသူတွေက ပြောပါတယ်။
ပြည်တွင်းဈေးကွက်ထဲမှာ ဝယ်ယူဖို့ခက်နေတဲ့ သွေးကျဲဆေးတမျိုးဖြစ်တဲ့ Enoxaparin injection ဆေးကို တန်းစီစနစ်နဲ့ရောင်းချပေးမယ်လို့ဆေးဆိုင်က ကြေညာပြီးတဲ့နောက် မနက် အရုဏ်မတက်ခင် ကတည်းကဆေးဆိုင်အနီးမှာ ထောင်နဲ့ချီတဲ့ လူတန်းရှည်ဖြစ်နေတယ်လို့အနီးနားနေထိုင်သူတွေက ပြောပါတယ်။
"မနက် ၈ နာရီ စရောင်းမယ်လို့ဆေးဆိုင်က page မှာ ကြေညာပြီးကတည်းက သွားတန်းစီနေတာ။ ကိုယ့်ရှေ့မှာ လည်း လူအုပ်ကမနည်းဘူး။ လူတန်းက နန္ဒဝန်ဈေးနားထိရောက်တယ်။ မရောင်းခင်လေးတင် စစ်ကားတစ်စီး လာတယ်။ လူတအားများတယ် ဘာညာပြောသွားသေးတယ်။ နံပါတ်စဉ် ၁၆ဝလောက်မှာ အနက်ရောင်လား နက်ပြာရောင်လားမသိဘူး ကားနဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီးဆိုင်ထဲဝင်သွားတယ်၊ ပြန်ထွက်လာပြီး ဝန်ထမ်းတွေက ဆေးကုန်သွားပါပြီ နောက်ရက်မှထပ်ရောက်မယ်ပြောတော့တာပဲ။ လူတွေက တန်းစီရတာ ကြာပြီးအခုလိုဖြစ်တော့ဆူကုန်ရော ဆိုင်ပါပိတ်လိုက်တယ်။ တချို့က မကျေနပ်လို့ဆိုင်ရှေ့ရပ်နေတော့ ရဲတွေထပ်ရောက်လာပြီး လူတွေစုလို့မရဘူး ရောဂါပြန့်မယ်ဆိုပြီးပြောတာ" လို့ ဆေးဆိုင်မှာတန်းစီခဲ့သူတစ်ဦးက သူကြုံခဲ့ရတာကိုဘီဘီစီကိုပြောပြပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆေးဆိုင်အနီးမှာ ရဲတပ်ဖွဲ့တွေလာရောက်ပြောဆိုသွားကို ပြည်သူတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့ ရုပ်သံထဲမှာတော့ ရဲအရာရှိတစ်ဦးက ဘယ်လိုပဲခွာခွာဒီလိုပုံစံနဲ့ နေလို့မရကြောင်းအထက်ကပြောလို့လာပြောရတာဖြစ်ကြောင်း ပြောဆိုနေတာကိုတွေ့ရပါတယ်။
"ရမယ်လို့မျှော်လင့်ပြီးသွားတာ၊ အခုချိန်မှာလူတိုင်းကလည်းခက်ခဲနေတာလေ၊ အမှန်ဆို အစကတည်းက ဘယ်လောက်ပမာဏပဲရှိပါတယ်၊ လူဘယ်လောက်ပဲရနိုင်ပါတယ်ပြောထားသင့်တယ်။ အသက်နဲ့အမျှ အရေးကြီးနေတဲ့ဆေးကို အခုတွေ နောက်တခါမဖြစ်အောင်လုပ်ပေးသင့်ပါတယ်" လို့ဆေးဝယ်ယူဖို့ရှာဖွေ နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီနေ့မနက်ဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာဆေးဆိုင်ကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့်တာဝန်ရှိသူ မဟုတ်တဲ့အတွက် မဖြေဆိုနိုင်ကြောင်း ငြင်းဆိုခဲ့ပြီး တောင်ဥက္ကလာဆိုင်ကို ဆက်သွယ်ရာမှာတော့ ဖုန်းဆက်သွယ်လို့မရခဲ့ပါဘူး။
ကိုဗစ်နာရေးတွေကိုကူနေတဲ့ အငယ်ဆုံးပရဟိတသမားလေး

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, ဆဋ္ဌမတန်းကျောင်းသား မောင်ထွန်းလင်းနိုင်ဟာ ကိုဗစ်ဒုတိယလှိုင်းကာလမှာပဲ နာရေးကူညီမှုအသင်းမှာ စတင်အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။ ပြည်တွင်းမှာ ကိုဗစ်ရောဂါကူးစက်သေဆုံးမှုနူန်းတွေမြင့်တက်လာချိန်မှာ နာရေးကူညီမှုအသင်းတွေလည်း အကူညီတောင်းခံမှုတွေအားလုံးကို မနိုင်နင်းတဲ့အခက်ခဲတွေနဲ့ရင်ဆိုင်လာရပါတယ်။
နေ့စဉ်သေဆုံးမှုတွေတရိပ်ရိပ်မြင့်လာတာကြောင့် နာရေးအလောင်းတင်မယ့် လူနာတင်ယာဉ်ပေါ်မှာ အလောင်းတွေထပ်တင်ရတာတွေ ၊နာရေး သဂြိုလ်ဖို့သုဿန်တွေမှာ ညအိပ်တန်းစီစောင့်ရတာတွေ လည်းရှိလာပါတယ်။
အခုလိုဝန်နဲ့အားမမျှတဲ့ ကြားကအခက်ခဲတွေနဲ့ နာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ အခန်းကဏ္ဍ ဟာ ကိုဗစ်တတိယလှိုင်းမှာ မှတ်တမ်းတင်ထားရှိရမှာလည်းဖြစ်ပါတယ်။
သက်ဆိုင်ရာတိုင်းဒေသကြီးအလိုက် မြို့နယ်အလိုက် နာရေးကူညီမှုပရဟိတဆောင်ရွက်ပေးနေသူတွေထဲ မှာစေတနာ့ဝန်ထမ်းတွေ ၊ ပရဟိတဘုန်းတော်ကြီးတွေအပြင် နာရေးကူညီမှုအသင်းမှာ တာဝန်ထမ်း ဆောင်နေတဲ့အသက် ၁၃နှစ်အရွယ် အငယ်ဆုံးပရဟိတသမားတစ်ဦးလည်းပါဝင်လာပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်မှာရှိတဲ့ မေတ္တာသင်္ဂဟနာရေးကူညီမှုအသင်းမှာ အလုပ်လုပ်ကိုင် နေတဲ့မောင်ထွန်းလင်းနိုင်ဟာ ဆဋ္ဌမတန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ဒုတိယလှိုင်းကာလမှာ ပဲ နာရေးကူညီမှုအသင်းမှာ စတင်အလုပ်လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့အသင်းရဲ့တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။
"သူ့မိဘတွေက အရှေ့ဒဂုံကကျူးကျော်ရပ်ကွက်မှာနေကြတာ ။ မိဘတွေကအဆင်မပြေဘူး။ ကလေးကလည်းစာသင်ချင်တယ်ဆိုလို့ကျွန်တော်တို့အသင်းကိုသူမိဘတွေကအကူညီလာတောင်းတာ။ ဒီလိုနဲ့အသင်းကိုရောက်လာတာပါ။ အရင်ကတည်းက သူကျောင်းတက်တဲ့ရက်တက်တယ်။ ပိတ်တဲ့ရက်တွေမှာအသင်းကလူတွေနဲ့လည်းခင်ပြီး နာရေးလမ်းကြောင်းတွေလိုက်ရင်း အခုလိုပါဝင်ကူညီဖြစ်သွားတာပါ "မေတ္တာသင်္ဂဟအသင်းရဲ့ဦးဆောင်သူက ဘီဘီစီကိုပြောပြပါတယ်။
ဒီလိုနာရေးအသင်းမှာလိုက်ပါကူညီဆောင်ရွက်ပေးရင်း မောင်ထွန်းလင်းနိုင်ဟာ အသင်းက တာဝန်ရှိသူတွေရဲ့သင်ကြားပြသပေးတာတွေကြောင့် သာမာန်နာရေးအလောင်းကို ကိုယ်တွယ်ရေချိုးပေးတာတွေအပြင် ၊ ကိုဗစ်ရောဂါကြောင့် သေဆုံးတဲ့အလောင်းတွေကိုပါ စနစ်တကျကိုင်တွယ်လုပ်ဆောင်တတ်နေပြီလို့ဆက်ပြီးပြောပြပါတယ်။
" PPE ကိုလည်းစနစ်တကျဝတ်တတ်တယ် ။ PPE ကတော့ ကလေးဆိုဒ်တော့မရှိဘူးပေါ့။အရွယ်စားသေးတာလေးတွေသူ့အတွက်ရှာပေးရတာပေါ့။ သူက အလောင်းတွေဘာတွေလည်းထိတ်လန့်တာကြောက်တာမရှိဘူး။ ရယ်စရာနောက်စရာဖြစ်တာပြောတာတွေပဲအမြဲကြားရတယ်။သူက ပျော်နေတာပဲ " လို့မောင်ထွန်းလင်းနိုင်နဲ့ပတ်သတ်တာတွေကို အသင်းကတာဝန်ရှိသူကဘီဘီစီကိုပြောပြခဲ့တာပါ။
အသက် ၁၃ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသား မောင်ထွန်းလင်းနိုင်ဟာ ပြည်တွင်းက နာရေးကူညီမှုအသင်းတွေထဲမှာ အသက်အငယ်ဆုံးပရဟိတသမားတစ်ဦးဖြစ်ပြီး အရှေ့ဒဂုံမြို့နယ်ကမေတ္တာသင်္ဂဟနာရေးကူညီမူအသင်းမှာ ပညာသင်ရင်းပရဟိတလုပ်ငန်းတွေကိုလုပ်ဆောင်နေပါတယ်။
အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ရွှေတြိဂံရောက်မြန်မာလုပ်သား ၃၀ ကျော်သာ ပြန်တော်ပြန်ခွင့်ရသေး

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရွှေတြိဂံဒေသက အသွားအလာကန့်သတ်စောင့်ကြည့်တဲ့စင်တာတွေမှာ မြန်မာလုပ်သားတွေ လနဲ့ချီကွာရန်တင်းဝင်နေကြရလို့ အခက်ကြုံနေ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးကတည်းက ရွှေတြိဂံဒေသမှာ အလုပ်လုပ်နေတဲ့ ထောင်သောင်းချီတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထဲက အယောက် ၃၀ ကျော် မနေ့ ဇူလိုင်လ ၃၀ ရက်မှာ ပထမဆုံး နေရပ်ပြန်ခွင့်ရကြပြီဖြစ်ပါတယ်။
မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ နယ်စပ်က လာအိုအပိုင် ရွှေတြိဂံနယ်မြေထဲမှာ အလုပ်သွားလုပ်နေကြရာကနေ ကပ်ဘေးကြောင့် အကျပ်အတည်းဖြစ်ပြီး နေရပ်ပြန်လိုတယ်လို့ စာရင်းပေးထားသူ ရာချီထဲက အယောက် ၃၀ ကျော် ပထမဆုံး ပြည်တော်ပြန်ခွင့်ရကြတာဖြစ်ပါတယ်။
''စာရင်းပေးတာကတော့ ကျတော်တို့ မြန်မာလုပ်သားတွေ အများစုနေကြတဲ့ မြန်မာ(ရခိုင်)ရွာ အုပ်ချုပ်ရေးပိုင်းကို ပေးရတာပေါ့။ ပထမ အယောက် ၁၀၀ ကျော် ပြန်ပို့ဖို့ အစီအစဉ်ရှိတယ်။ အဲဒါ ဇူလိုင်လ ၂၉ ရက်မှာ ဆေးစစ်တော့ ဆေးအောင်သူ ၃၀ ကျော်ပဲရှိတယ်။ အဲဒီလူတွေ အခု ပထမဆုံးပြန်လာကြတာပေါ့''လို့ နတ်မောက်ကို ပြန်မယ့်မြန်မာလုပ်သား ကိုကျော်ကျော်က ဘီဘီစီကို ပြောပါတယ်။
ပြန်ခွင့်ရတဲ့ လူ ၃၀ ကျော်ဟာ ရွှေတြိဂံရဲ့လာအိုဘက်ခြမ်း ဆိပ်ကမ်းကနေ မြစ်ကို စက်လှေနဲ့ဖြတ်ပြီး ဝမ်ပုံဘက်ခြမ်းကိုရောက်၊ အဲဒီကမှ တဆင့် တာချီလိတ်မြို့ကို ပြန်လာခဲ့တာကြတာဖြစ်ပါတယ်။
''တာချီလိတ်ရောက်တော့ ဆေးစစ်ကြရတယ်။ ပြန်လာရတဲ့ ၃၀ ကျော်ထဲက ကလေးတစ်ယောက်မှာ ကိုဗစ်တွေ့လို့ အမေဖြစ်သူလည်း တာချီလိတ်က ကွာရန်တင်းစင်တာမှာ နေခဲ့ရတယ်ပေါ့။ ကျန်တဲ့လူတွေကတော့ ၁၁ ယောက်ဆံ့တဲ့ ပေါင်မုန့်ကားနဲ့ အခု တောင်ကြီးကို သွားနေပြီ။ တောင်ကြီးကနေ နေရပ်အထိ လိုက်ပို့လိမ့်မယ်'' ကိုကျော်ကျော်က ဘီဘီစီကို ပြောပါတယ်။
ဒေသတွင်း သတင်းတွေမှာတော့ မြန်မာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လာအိုဒေသန္တရအာဏာပိုင်တွေ တွေ့ဆုံအပြီးမှာ လနဲ့ချီ ကြန့်ကြာနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ခေါ်ရေး အစီအစဉ် စတင်လာတာလို့ ဆိုပါတယ်။
ကိုဗစ်မရှိရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်နိုင်တယ်ဆိုတာကြောင့် ကိုကျော်ကျော်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က ရခိုင်ရွာကနေ မြစ်ဆိပ်ကို နာရီနဲ့ချီ လမ်းလျှောက်ခဲ့ကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၇ ဦးထဲမှာပါဝင်ပါတယ်။
အဲဒီမှာ မြစ်တစ်ဖက်ခြမ်းကနေ စက်လှေနဲ့လာခေါ်မယ်ဆိုလို့ ၂၀ ရက်နေ့ ကနေ ၂၁ ရက်နေ့လည်ပိုင်းအထိ မိုးထဲလေထဲ စောင့်နေရာကနေ သူတို့နဲ့ အတူ ပါလာတဲ့ မြန်မာလုပ်သားအမျိုးသားတစ်ဦးလည်း ၂၁ နေ့မနက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။
မြစ်ဆိပ်က သူတို့ ဓာတ်ပုံတွေ လူမှုကွန်ရက်မှာ တက်လာပြီးတဲ့နောက် လာအိုရဲက လာခေါ်ပြီးနောက် ရွှေတြိဂံနယ်မြေထဲ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ပဏီတစ်ခုပိုင် အဆောက်အအုံမှာ ၃ ရက်ကြာ ကွာရန်တင်းဝင်ခဲ့ကြရပါတယ်။
ဒါ့ကြောင့် ဇူလိုင်လ ၂၉ ရက်ဆေးစစ်ချိန်မှာ ကိုကျော်ကျော်တစ်ယောက် ပိုးမရှိလို့ ပြည်တော်ပြန်အယောက် ၃၀ စာရင်းထဲ ပါလာခဲ့ပေမဲ့ မြစ်ဆိပ်မှာ သူတို့ ၁၇ ဦးနဲ့အတူ သွားဆုံတဲ့ နောက်ထပ်မြန်မာရွှေ့ပြောင်း ၂၀ ကျော်ကတော့ စာရင်းပေးထားပေမဲ့ ပိုးတွေ့သူတွေဖြစ်လို့ ပြန်တော်ပြန်ခွင့်မရကြသေးပါဘူး။
စစ်တွေမှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု စပြီ

ဓာတ်ပုံ ပုံစာ, အခုထိုးပေးနေတဲ့ ကာကွယ်ဆေးဟာ တရုတ်နိုင်ငံကရရှိတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီနေ့ ဇူလိုင်လ ၃၁ ရက် မနက်ပိုင်းကစလို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတွေ စတင်ထိုးပေးနေပြီဖြစ်ပါတယ်။
အခုထိုးပေးနေတဲ့ ကာကွယ်ဆေးဟာ တရုတ်နိုင်ငံကရရှိတဲ့ကာကွယ်ဆေးဖြစ်ပြီး အသက် ၆၅ နှစ်အထက် အသက်ကြီးသူတွေကို ဦးစားပေးအနေနဲ့ ထိုးပေးနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ, ရခိုင်ပြည်နယ်မှာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုတွေဖြစ်ပွားကတည်းက ကာကွယ်ဆေးတွေထိုးပေးနေတာ အခုတစ်ကြိမ်က တတိယအကြိမ်ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးဟာ ဇူလိုင်လ ၃၀ ရက်နေ့က ရခိုင်ပြည်နယ်ကိုရောက်ရှိလာခဲ့ပြီး မနေ့က သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့တွေမှာစထိုးခဲ့ပါတယ်။ ဒီကနေ့မှာတော့ စစ်တွေမြို့မှာ ထိုးပေးနေတာပါ။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းဖြစ်ပွားမှုမြင့်တက်လာနေတဲ့အချိန်မှာ ကာကွယ်ဆေးတွေထိုးခွင့်ရတာကို ကျေးဇူးတင်တဲ့အကြောင်း ကာကွယ်ဆေးလာထိုးသူတွေကပြောပါတယ်။
အရင် ထိုးပေးခဲ့တဲ့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး COVISHIELD ကို တစ်ကြိမ်ထိုးထားသူတွေအတွက်တော့ အခုထိုးပေးနေတဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေကို ဒုတိယအကြိမ်အဖြစ်ထိုးခွင့်ရရှိကြမှာမဟုတ်ပါဘူး။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပြီးသားလူဦးရေက ၁သိန်း ၁ သောင်းကျော်ရှိနေပြီလို့ ဒေသန္တရကျန်းမာရေးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
စစ်အာဏာသိမ်းမှု ၆ လကြာ- မြန်မာ့နိုင်ငံရေး၊လူ့အခွင့်အရေးနဲ့ အကူအညီအကျပ်အတည်း ဆိုးရွားလာနေ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရှမ်း၊ ချင်းနဲ့ ကချင်ပြည်နယ်တွေအပါအဝင် လူနည်းစုတိုင်းရင်းသားဒေသတွေမှာ စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်မှုကြောင့် လူပေါင်း ၂ သိန်းကျော် အိုးအိမ်စွန့်ခွါနေရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှု ၆ လထဲ ဝင်လာချိန်မှာ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေဟာ လူထုအပေါ် သက်ရောက်မှုနက်ရှိုင်းနေပြီလို့ ကုလလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး Ramanathan Balakshan က ပြောလာပါတယ်။
''မြန်မာပြည်တွင်းက အခြေအနေက အခုဆိုရင် မတည်ငြိမ်မှုရော၊ လူမှုစီးပွားနဲ့လုံခြုံရေးအခြေအနေ ယိူယွင်းမှုရော ရောယှက်နေပြီ။ ပြီးတော့ ကိုဗစ်-၁၉ ရောဂါကပ်ဘေး တတိယလှိုင်းကလည်း အပူပေါ်၊ အပူဆင့်ဆိုသလိုပါပဲ'' လို့ မစ္စတာ Balakshan က ယူအန်သတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာ ရှမ်း၊ ချင်းနဲ့ ကချင်ပြည်နယ်တွေအပါအဝင် လူနည်းစုတိုင်းရင်းသားဒေသတော်တော်များများမှာ စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်တော်လှန်မှုအခြေအနေကြောင့် လူပေါင်း ၂ သိန်းကျော် အိုးအိမ်စွန့်ခွါနေရတဲ့အခြေအနေကိုလည်း သူက ပြောပြပါတယ်။
''စစ်အာဏာသိမ်းမှုပြီးကတည်းကဆိုရင် လူ ၂ သန်းနီးပါးဟာလူသားချင်းစာနာမှုအကအူညီ အရေးပေါ်လိုအပ်နေသူတွေဖြစ်လာတယ်။ အများစုက ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေရဲ့ဆင်ခြေဖုံး ရပ်ကွက်တွေမှာနေထိုင်တဲ့သူတွေပါ။ ဒါ့ပြင် ဆိုးရွားလာတဲ့ လူမှုစီးပွား အခြေအနေရယ်၊ ထိတွေ့တိုက်ခိုက်မှုတွေက လူထောင်ချီကို လူသားချင်းစာနာမှုလိုအပ်တဲ့အခြေအနေဆီ နေ့စဉ် တွန်းပို့နေတယ်'' လို့လည်း သူကပြောပါတယ်။
ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) အပါအဝင် တခြားကုလအဖွဲ့အစည်းတွေက ဖော်ပြတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုစိုးရိမ်စရာအခြေအနေကို တွက်ဆရင်း စစ်တပ်က အရပ်သားတွေအပေါ် သေစေနိုင်လောက်တဲ့အင်အားသုံးမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတာကိုလည်း သူက ရှုတ်ချပါတယ်။
လုံခြုံရေးအခြေအနေစိုးရိမ်ရတာနဲ့ အကူအညီပေးမယ့် လူသားချင်းစာနာမှုမိတ်ဖက်အဖွဲ့တွေဆီ ရန်ပုံငွေလွှဲပြောင်းနိုင်မယ့် ဘဏ်စနစ်ကမောက်ကမဖြစ်မှုကြောင့် မြန်မာနိုင်ငံထဲကို ကုလသမဂ္ဂရဲ့အကူအညီဝင်ရောက်နိုင်မှုနည်းနေပေမဲ့ လူထုရဲ့ဆန္ဒကို လေးစားလိုက်နာမယ့် ကုလသမဂ္ဂအဖြစ် ဆက်ရှိမယ်ဆိုတာကိုလည်း သူက ထပ်လောင်းပြောဆိုပါတယ်။
မန္တလေးမြတောင် အရုဏ်ဦးသပိတ်စစ်ကြောင်းကလူငယ်တွေ နေအိမ်တွေထိလိုက်လံဖမ်းဆီးခံရ
စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းနေ့စဉ်လိုလိုထွက်နေတဲ့ မန္တလေးမြတောင်သပိတ်စစ်ကြောင်းက လူငယ်တချို့ကို ဒီနေ့ဇူလိုင် ၃၁ ရက်နေ့မနက်အာရုဏ်ဦးသပိတ်အပြီးမှာဖမ်းဆီးခဲ့တာကြောင့် လေးဦး ထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့သပိတ်စစ်ကြောင်းမှာ ပါဝင်သူတွေက ပြောပါတယ်။
" အာရုဏ်ဦးသပိတ်ရဲ့အပြန်မှာ အိမ်စီးကားနဲ့တိုက်ပြီးအဖမ်းခံရတာ ။ အဲဒီတုန်းက တစ်ယောက်အဖမ်းခံရ တယ်။ ပြီးတော့ နေအိမ်တွေထိလိုက်ဖမ်းတာ ၁ဝယောက်ကျော်လောက်ပါသွားတယ်။ သပိတ်ထဲပါတဲ့ကလေး တွေလည်းပါသလို အိမ်ရာထဲနေတဲ့လူတွေလည်းပါနိုင်တယ်။ တစ်ယောက်ကတော့ ကျည်ထိသွားတာ သူတို့ကားပေါ်တင်သွားတယ် ။ကျွန်တော်တို့တော့လိုက်ဆက်သွယ်နေတုန်းပါပဲ "လို့ သပိတ်စစ်ကြောင်းမှာပါဝင်တဲ့လူငယ်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မန္တလေးမြို့မှာ စစ်အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေကို လိုက်လံဖမ်းဆီးပစ်ခတ်တာတွေရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြတောင်သပိတ်စစ်ကြောင်းမှာပါဝင်တဲ့လူငယ်တွေကို ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် အမျိုးသမီးငယ်တစ်ဦး သေနတ်ထိမှန်သေဆုံးတာဖြစ်ခဲ့တယ်လို့လည်း သပိတ်စစ်ကြောင်းမှာပါဝင်သူတွေက ပြောဆိုထားပါတယ်။
ဒါအပြင်အခုလိုဖမ်းဆီးတင်းကြပ်မှုတွေကြားကပဲ ဒီကနေ့ဇူလိုင် ၃၁ ရက်နေ့မနက်မှာ မြတောင်အာရုဏ်ဦး သပိတ်စစ်ကြောင်းနဲ့ မန္တလာတက္ကသိုလ် သပိတ်စစ်ကြောင်း ၊ ဘုရားကြီးသပိတ်စစ်ကြောင်းတို့ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းတွေ အသီးသီးထွက်ခဲ့ကြပါသေးတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, သပိတ်စစ်ကြောင်းကလူငယ်တွေ နေအိမ်တွေထိလိုက်လံဖမ်းဆီးခံရ ရခိုင်မှာ တရုတ်ကိုဗစ်ကာကွယ်ဆေး စထိုးနေ
တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကိုပို့ပေးထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေထဲက ရခိုင်ပြည်နယ်အတွက် အသုံးပြုမယ့်ဆေးအချို့ မနေ့ကဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းက တပ်မတော်လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ပုံစာ, အသုံးပြုမယ့်ဆေးအချို့ မနေ့ကဇူလိုင် ၃၀ ရက်နေ့ မနက်ပိုင်းက တပ်မတော်လေယာဉ်နဲ့ ရခိုင်ပြည်နယ်ကို ရောက်ရှိလာ ၂၀၂၀ ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းမှုကို ဂျပန်ကန့်ကွက်

ဓာတ်ပုံ ရင်းမြစ်, AFP
ဓာတ်ပုံ ပုံစာ, ကပ်ဘေးကြားက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီခန့်ထားတဲ့ ရွေးကော်သစ်က ဇူလိုင်လ ၂၆ ရက်မှာ ကြေညာထားပါတယ်။ အာဏာသိမ်းမြန်မာစစ်ကောင်စီက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းတယ်ဆိုတဲ့ကြေညာချက်ကို ကန့်ကွက်တဲ့အကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောလာပါတယ်။
''ဒီလိုကြေညာလိုက်တာက ဂျပန်အမြဲတမ်းတောင်းဆိုနေတဲ့ ဒီမိုကရေစီနည်းကျလမ်းကြောင်းကို မြန်မြန်ပြန်လှည့်ဖို့လိုတယ်ဆိုတဲ့အရှိတရားကို ဖီလာဆန့်ကျင်နေတဲ့အတွက် လိုလားစရာအခြေအနေတော့ မဟုတ်ဘူး''ဆိုပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegiက ပြောတယ်လို့ ကျိုဒိုသတင်းဌာနက ဖော်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မဲအများစုနဲ့နိုင်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့အမြင်မှာ မျှမျှတတနဲ့ကျင်းပခဲ့တဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုလည်း သူက ထောက်ပြပြောဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်သစ်ကတော့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့မြို့နယ် ၃၀၀ ကျော်က မဲစာရင်းတွေကို စစ်ဆေးခဲ့ရာမှာ မဲ ၁၁ သန်း ၃ သိန်းကျော် မှားယွင်းနေတာတွေ့ရတယ်ဆိုပြီး ရွေးကောက်ပွဲမဲရလဒ်ပယ်ဖျက်တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။
ဒါ့ပြင် မဲလက်မှတ်ပျောက်တာတွေ၊ မဲအပိုတွေ တွေ့ရသလို နိုင်ငံသားစိစစ်ရေးကဒ်မပါဘဲ မဲပေးတာတွေတွေ့ရပြီး NLD ပါတီဟာ မလျော်သြဇာသုံးပြး အာဏာရရှိရေးအတွက် လုပ်ဆောင်ခဲ့တာကို စိစစ်တွေ့ရတယ်လို့လည်း ပြောပါတယ်။
ဒါ့ကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်လို့ မရတဲ့အတွက် ပယ်ဖျက်လိုက်တာလို့လည်း ထုတ်ပြန်သွားပါတယ်။
တဖက်မှာလည်း စစ်ကောင်စီဟာ ၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အာဏာရ NLD ပါတီကို ဖယ်ရှားပြီး ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
''နိုင်ငံရေးရပ်တည်မှုမတူကွဲပြားတဲ့လူတွေကြားမှာ ပြောဆိုဆွေးနွေးမှုလမ်းကြောင်း တိုးမြှင့်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်''ဆိုပြီးတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ဂျပန်ဟာ မြန်မာပြည်တွင်းမှာစစ်တပ်ကအာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေကို ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိန်းသိမ်းခံတွေကို လွှတ်ပေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လှည့်ဖို့ တိုက်တွန်းနေတဲ့နိုင်ငံဖြစ်ပါတယ်။
ဒါ့ပြင် ဂျပန်ဟာ အမေရိကန်နဲ့ တခြားဒီမိုကရေစီနိုင်ငံတွေလို မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုနဲ့ဆက်စပ်တဲ့လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေကို အရေးယူဒဏ်ခတ်ပိတ်ဆို့တာမျိုးမှာ မပါဝင်နေပေမဲ့ မြန်မာအတွက် တရားဝင်တိုးတက်ရေးအကူအညီတွေကို ဆိုင်းငံ့ထားပါတယ်။
ကြက်ဥ ၅လုံး ၁၀၀ ကျပ် နဲ့ မွတ်စလင်လူငယ် လူမှုကူညီရေးအသင်းရောင်းချ
တောင်ဥက္ကလာ စွန္နီဂျာမေဗလီ မွတ်စလင်လူငယ်များ လူမှုကူညီရေးအသင်းက ကြက်ဥ ၅ လုံးကို ၁၀၀ ကျပ်နဲ့ လူတစ်ဦး ၅ လုံးကျစီနဲ့ ကြက်ဥ အလုံးရေ ၁၁,၀၀၀ ဒီကနေ့ ရောင်းချပေးခဲ့ပါတယ်။
အဲဒီအသင်းက ကိုဗစ် ပထမလှိုင်း နှင့် ဒုတိယလှိုင်းတို့မှာလည်း ဆန်၊ဆီ ပေးဝေလှူဒါန်းခဲ့ပါတယ်။ အခု တတိယလှိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရပ်ကွက်အတွင်း ကြက်ဥအလုံးရေ ၁သောင်း၁ထောင်ကို ဈေးနှုန်းသက်သာစွာရောင်းပေးခဲ့တာဖြစ်ပြီး တစ်ပတ်လောက်အထိ ရောင်းပေးမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ပဲခူးကိုဗစ် ကူးစက်သေဆုံးမှု ဆက်တိုက်မြင့်တက်နေ
စစ်ကောင်စီလက်အောက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၉ ရက်နေ့ ထုတ်ပြန် ချက်အရ ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၆၀ ဦးနဲ့ ဒုတိယအများဆုံးဖြစ်နေတဲ့ ပဲခူးတိုင်းမှာ ကိုဗစ်ဖြစ်ပွား သေဆုံးနှုန်းတွေ ဆက်တိုက်မြင့်တက်နေတယ်လို့ ဒေသနာရေးကူညီမှုအသင်းတွေကနေ သိရပါတယ်။
ပဲခူးမြို့ပေါ်တစ်ခုထဲမှာပင် တစ်ရက်ကို ကိုဗစ်အတည်ပြုနဲ့ သံသယလက္ခဏာနဲ့ သေဆုံးသူ အနည်းဆုံး ၂၀ အထက်ရှိနေတယ်လို့ ပဲခူးမြို့ပေါ်မှာ ကိုဗစ်ကြောင့်သေဆုံးသူတွေကို ပို့ဆောင်ပေးနေတဲ့ နာရေးကူညီမှု အသင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။
အခုအခါ ပိုးကူးစက်မှု ရှိမရှိ စစ်ဆေးသူလည်း နည်းသွားပြီး ဆေးရုံတွေမှာ သေဆုံးသူထက် နေအိမ်တွေမှာ သေဆုံးသူတွေက ပိုများလာတယ်လို့ သိရပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်းပဲခူးမြို့ပေါ်က ကိုဗစ်လက္ခဏာနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်အချို့က နာရေးသီးသန့်ပြုလုပ်ချင်တဲ့အတွက် သာမန်သေဆုံးသူအဖြစ် နာရေးချတာတွေ ရှိလာတဲ့အတွက် ပဲခူးမြို့က ဆင်ဖြူကွင်းသုသာန်က ဝန်ထမ်းတွေမှာပါ ကိုဗစ်ကူးစက်ခံရတာတွေရှိလာတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းဟာ ကိုဗစ် ကူးစက်နှုန်း မြင့်တက်နေတဲ့ ဒေသတွေထဲမှာ ပါဝင်တဲ့အတွက် မြို့နယ်တချို့ကို နေအိမ်တွေမှာပဲ နေထိုင်ရေး သတ်မှတ် ကြေညာထားပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေ
တရုတ်နိုင်ငံကနေ မှာယူထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေထဲက တချို့ကို ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဇူလိုင်လ ၃၀ ရက်နေ့က စတင်ထိုးပေးခဲ့ပြီး လက်ရှိအချိန်ထိ လူဦးရေ ၂၁၀ ကို ထိုးပေးပြီး ဖြစ်တယ်လို့ သံတွဲမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ရဲ၀င်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ဘယ်လောက်ရရှိလဲဆိုတာ လောလောဆယ် အတိအကျ မသိရေသးပေမယ့် သံတွဲမြို့နယ်တွင်း လူဦးရေ ၁၄၃၀ ကို ထိုးပေးမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေကို ဒီကနေ့ကစပြီး နေ့စဉ်မနက်ကိုးနာရီကနေ နေ့လယ်နှစ်နာရီအထိကို ထိုးပေးသွားမှာဖြစ်ပါတယ်။
ဦးစားပေးအနေနဲ့တော့ ပြည်သူတွေနဲ့ထိတွေ့ဆက်ဆံနေရတဲ့ အစိုးရဝန်ထမ်းတွေ၊ ဘဏ်ဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်တွေကိုထိုးပေးသွားမှာဖြစ်တယ်လို့ သံတွဲဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း စစ်တွေမြို့နယ်မှာလဲ ဇူလိုင်လ ၃၁ ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ နေရာတွေခွဲပြီး ထိုးပေးသွားမှာဖြစ်သလို ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေမှာလည်း ထိုးခွင့်ရကြမှာ ဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းအပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး ယခုဆေးထိုးပေးမယ့်သူတွေကိုလည်း ပြီးခဲ့တဲ့တခေါက်တွေကအတိုင်း ဆေးစစ်ချက်တွေ ရယူပြီး ကျန်းမာရေးကောင်းမွန်နေသူတွေကိုပဲ ဆေးထိုးပေးသွားမှာဖြစ်ပါတယ်။
အရင်ကတော့ ကိုဗစ်ကာကွယ်ဆေးတွေအပေါ် အယုံကြည်နည်းပါးတဲ့အတွက် ဆေးလာထိုးကြသူအရေအတွက် သိပ်မရှိပေမယ့် လက်ရှိမှာကိုဗစ်ကူးစက်မှုတွေမြင့်မားနေသလို ရောဂါလက္ခဏာကလည်းပြင်းထန်တဲ့အတွက် ကာကွယ်ဆေးထိုးဖို့ စိတ်၀င်စားသူ ပိုများပြားလာနေတာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးတွေကို ပြီးခဲ့တဲ့ နှစ်ခေါက်က လူဦးရေ တစ်သိန်းတစ်သောင်းကျော်ကို ထိုးပေးထားပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin
ရန်ကုန် တကသ သပိတ် စစ်ကြောင်း ဖြိုခွင်းခံရ၊ အနည်းဆုံး နှစ်ဦးဖမ်းဆီးခံရ
ရန်ကုန်မြို့မှာ ဒီနေ့ ဇူလိုင် ၃ဝ ရက်နေ့ ညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ တကသမြို့နယ် ပူးပေါင်းသပိတ်စစ်ကြောင်းကို အရပ်ဝတ်နဲ့လူတချို့ဝင်ရောက်ဖြိုခွင်းခဲ့ပြီး လူငယ်နှစ်ဦး ရော်ဘာကျည်ထိမှန်ခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာပါဝင်တဲ့လူငယ်တွေကပြောပါတယ်။
" စပြီးတော့ သပိတ်ထွက်တဲ့အချိန်မှာပဲ အရှေ့ကနေလာတာမဟုတ်ဘူး ဘယ်ဘက်၊ ညာဘက်ကနေ အရပ်ဝတ်တွေနဲ့ဝင်ဆွဲတယ် ။ အရပ်ဝတ်မြင်တာ လေးယောက်မြင်လိုက်တယ် ။ တစ်ယောက်က ပစ္စတိုတလက် ပါတယ်။
တစ်ယောက်က ခေါက်သေနတ်ပါတယ် ။ သူတို့ပစ်တာတော့ ရော်ဘာကျည်နဲ့ပစ်တာ ညီမလည်း ရော်ဘာကျည်နဲ့ ခြေထောက်ကို ထိသွားတာ ရှိတယ်။ကောင်လေးတစ်ယောက် ခွေပြီးလဲသွားတာကို တွေ့တယ် ။ လဲသွားတဲ့ကောင်လေးကို ဆိုင်းဘုတ်ပြန်ကိုင်ခိုင်းပြီး ကြွေးကြော်ခိုင်းတယ်။ ပြီးတော့ နှိပ်စက်နေတယ် ။ ညီမတို့လည်း အိမ်တအိမ်ထဲဝင်ပြီးနောက်ဖေးလမ်းကြားက ပြေးရတယ် "လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့လူငယ်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ဒီကနေ့သပိတ်စစ်ကြောင်းထဲမှာ ဖမ်းဆီးခံလိုက်ရသူ နှစ်ဦးထက်မနည်းရှိနေပြီး အဖမ်းခံရတဲ့ စာရင်းကိုတော့ ဆက်လက်အတည်ပြုနေဆဲလို့ သပိတ်စစ်ကြောင်းထဲက လူငယ်တစ်ယောက်က ပြောပါတယ်။
ဒီနေ့သပိတ်စစ်ကြောင်းမှာ ရန်ကုန်အခြေစိုက်ကျောင်းသားသမဂ္ဂသပိတ်စစ်ကြောင်းနဲ့ ရန်ကုန်မြို့တွင်းက သပိတ်စစ်ကြောင်းတွေ ပူးပေါင်းပြီးထွက်ခဲ့ကြတာဖြစ်ပြီး သပိတ်စထွက်တဲ့ကျောက်မြောင်း၊ သီတာလမ်းထိပ် နဲ့ သတိပဌာန်လမ်းအနီး မှာပဲ ဖြိုခွဲခံလိုက်ရတာဖြစ်တယ်လို့ သပိတ်စစ်ကြောင်းဦးဆောင်သူတွေက ဆိုပါတယ်။
ဒီရက်ပိုင်းထဲမှာပဲ စစ်အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွေ နေ့စဉ်ထွက်နေတဲ့ မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းကိုလည်း ပစ်ခတ်ဖြိုခွင်းတာတွေရှိခဲ့ပြီး ထိခိုက်သေဆုံးမူတွေရှိတယ်လို့ သပိတ်စစ်ကြောင်းပါဝင်သူတွေက ပြောဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အလံဖြူအလံဝါထောင်တဲ့အိမ်တွေကို အာဏာပိုင်တွေက ပြန်ဖြုတ်ခိုင်းတာတွေရှိ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကြောင့် အစားအသောက်နဲ့ ဆေးဝါးအကူအညီတောင်းခံဖို့အတွက် အလံဖြူအလံဝါ ထောင်ထားတဲ့ ရန်ကုန်မြို့တွင်းက နေအိမ်တွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေက အလံတွေ ပြန်ဖြုတ်ခိုင်းတာတွေ ရှိတယ်လို့ အကူညီပေးနေကြတဲ ပရဟိတ လူငယ်တွေက ပြောပါတယ်။
စမ်းချောင်းမြို့နယ်တွင်းက အလံထောင်ထားတဲ့ အိမ်တွေကို လိုက်လံအကူအညီပေးနေတဲ့ လူငယ်တချို့ကိုလည်း စစ်ကောင်စီက ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။
လုံခြုံရေးအခြေအနေကြောင့် အကူအညီပေးရေး အလုပ်တွေကို ပေါ်ပေါ်ထင်ထင် မလုပ်ရဲတော့သလို လာလှူတဲ့ သူတွေကိုလည်း မှတ်တမ်းမှတ်ထားဖို့ အုပ်ချုပ်ရေးမှူးတွေက စေခိုင်းတာတွေ ရှိတယ်လို့လည်း လူငယ်တွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် အလံတွေလွှင့်ထူပြီး အကူအညီတောင်းတဲ့ နေအိမ်တွေ လျော့နည်းသွားပေမယ့် အခက်အခဲဖြစ်နေကြတဲ့ အိမ်တွေ အများအပြား ရှိတယ်လို့လည်း ဆိုပါတယ်။
အိမ်တွင်းမှာ နေထိုင်တဲ့ မိသားစု၀င်တွေအားလုံး ကိုဗစ်ကူးစက်ခံထားရလို့ လိုအပ်တဲ့ အကူအညီတွေ တောင်းခံနိုင်ဖို့ အလံဖြူ အလံဝါတွေ လွှင့်ထူတဲ့ လှုပ်ရှားမှုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စတင်ခဲ့တာ ဖြစ်ပါတယ်။
အလံတွေ ထောင်ပြီး အကူအညီတောင်းခံတဲ့ နေအိမ်တွေကို ပြည်သူတွေအချင်းချင်း တတ်အားသရွေ့ ထောက်ပံ့ကူညီနေခဲ့ကြတာပါ။
“အလံတွေက များသောအားဖြင့် သုံးပုံတပုံလောက်က မရှိကြတော့ဘူး။ သူတို့ထောင်လို့ စားနပ်ရိက္ခာ အဆင်ပြေသွားပြီ ဆိုရင် ပြန်ဖြုတ်ရတယ်။ အိမ်တအိမ်ကို သွားမယ်ဆိုရင် အဲဒီအိမ်က ယိုင်ထိုးနေပြီ။ အဲလို အခြေအနေမှာ ကျွန်တော်တို့ရောက်သွားတာ အလံဖြုတ်ထားတယ်။ ဘာလို့ အလံဖြုတ်တာလဲဆိုတော့ ရပ်ကွက်က ဖြုတ်ခိုင်းလို့ပါတဲ့။ ဒါပေမဲ့ ရပ်ကွက်လူကြီးတွေ ဘာတွေ ဖြုတ်ခိုင်းတယ်ဆိုတာက သူတို့ကိုယ်တိုင်လည်း ကူညီပေးပါတယ်လို့ ပြောတယ်။ တော်တန်ရုံကတော့ ၅ ရက်ပြည့်လို့ ဖြုတ်တာထက် ရပ်ကွက်က လာဖြုတ်ခိုင်းတာတွေလည်း ရှိတယ်။ တ၀က်လောက်က။ ညကတင် ပေ့ချ်မှာကော တယောက်ချင်းစီရဲ့ အကောင့်တွေမှာကော လိုအပ်ချက်တွေ ရှိတယ်လို့ ပြောတယ်။ အလံထောင်ထားလားဆိုတော့ ထောင်မထားဘူး” လို့ အကူအညီလိုက်ပေးနေတဲ့ လူငယ်တဦးက ပြောပါတယ်။
ရန်ကုန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ အဆိုးဆုံး ဖြစ်နေတဲ့ မြို့ဖြစ်ပြီး ကိုဗစ်ကြောင့် နေ့စဥ် လူရာနဲ့ချီ သေဆုံးနေတယ်လို့လည်း ပရဟိတသမားတွေ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Social Media
မင်းကင်းမြို့ ပန်းဆက်၊တောင်ဖြူတိုက်ပွဲ ဖြစ်ရပ်မှန်
ဦးဉာဏ်ဝင်းအတွက် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးတချို့ ဝမ်းနည်းသဝဏ်လွှာပို့
မကြာသေးခင်က ကွယ်လွန်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းအတွက် ၀မ်းနည်းကြောင်း သ၀ဏ်လွှာကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ်ဗိုက်ဒါက ဦးဦးဉာဏ်ဝင်းရဲ့ဇနီးဖြစ်သူ ဒေါ်လှလှဝင်း ထံကို ဒီကနေ့ ဇူလိုင်လ ၃၀ရက်မှာ ပန်းခြင်းနဲ့အတူ ပေးပို့လာတယ်လို့ ကျန်ရစ်သူမိသားစုဝင်တစ်ဦးကပြောပါတယ်။
အဲဒီသဝဏ်လွှာထဲမှာ ဦးဉာဏ်ဝင်းရဲ့ ဒီမိုကရေစီအရေးတက်ကြွစွာလှုပ်ရှားမှုတွေနဲ့အတူ ဥပဒေပြုရေးအတွက် မမှိတ်မသုန်ကြိုးစားလုပ်ဆောင်ခဲ့မှုတွေကို အမှတ်ရမိကြောင်းနဲ့ မြန်မာပြည်သူတွေအတွက် ဆုံးရှုံးမှုတစ်ခုဖြစ်လို့ထပ်တူဝမ်းနည်းမိတယ်လို့ ပါရှိပါတယ်။
ပြီးခဲ့တဲ့ဇူလိုင် ၂၇ရက်ကလည်း မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါသေးတယ်။
ဂျပန်သံအမတ်ကြီးရဲ့ သဝဏ်လွှာထဲမှာတော့ မြန်မာ့ဒီမိုကရေစီအရေးအတွက် အသက်ကိုပဓာနမထားဘဲ နှစ်ပေါင်းများကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ဦးဉာဏ်ဝင်းကိုတန်ဖိုးထားလေးစားရပါကြောင်းပါရှိပါတယ်။
ဇူလိုင်၂၀ရက်က ကွယ်လွန်ခဲ့တဲ့ ဦးဉာဏ်ဝင်းဟာ ကွယ်လွန်ချိန်မှာ အသက် ၇၉နှစ်ရှိပြီဖြစ်ပါတယ်။
ဦးဉာဏ်ဝင်းမှာ အယ်ဇိုင်းမားရောဂါကိုခံစားနေရတဲ့ အသက် ၇၅ နှစ်အရွယ်ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, social media
ဓာတ်ပုံ ပုံစာ, ရန်ကုန်က အမေရိကန်သံအမတ်က ဦးဉာဏ်ဝင်းကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း ကျန်ရစ်သူ မိသားစုထံပေးပို့တဲ့ ပန်းခြင်း ပျောက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး ကျဆုံးပြီလို့ မုံရွာ PDF ထုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ခုရက်ပိုင်းအတွင်း ယင်းမာပင်နဲ့ ကနီနယ်ထဲမှာ စစ်ကောင်စီဘက်က လှုပ်ရှားမှုတွေရှိနေပြီး ကနီမှာ ရွာတွေထဲ ခြောက်လှန့်ပစ်ခတ်တာတွေရှိနေလို့ တိမ်းရှောင်နေရတယ်ဆိုပြီး ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်းမှာဖြစ်တဲ့ ဇူလိုင်လ ၂၆ ရက်တုန်းက တိုက်ပွဲမှာ ပျောက်ဆုံးနေတဲ့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး သေဆုံးတယ်ဆိုတာကို အတည်ပြုနိုင်ပြီဆိုပြီး မုံရွာ PDF က ဒီနေ့ ဇူလိုင်လ ၃၀ ရက်မှာ လူမှုကွန်ယက်ကနေ သတင်းထုတ်ပြန်လာပါတယ်။
ယင်းမာပင်မှာ ဇူလိုင်လ ၂၆ ရက်တိုက်တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တဲ့တိုက်ပွဲထဲ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါ၀င်ခဲ့တယ်လို့ မုံရွာ PDF က အစောပိုင်းတုန်းက ကြေညာခဲ့ပါတယ်။
အဲဒီတိုက်ပွဲထဲ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦးနဲ့ ပျောက်ဆုံးသူ ၂ ဦးရှိတယ်ဆိုပြီး မုံရွာ PDF က အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့တာပါ။
အခုတော့ ပျောက်ဆုံးရဲဘော် ၂ ဦး ကျဆုံးသွားခဲ့ပြီဆိုတာကို အတည်ပြုနိုင်တဲ့အတွက် ဇူလိုင် ၂၆ ရက် တိုက်ပွဲမှာ ကျဆုံးရဲဘော် ၇ ဦး ရှိတယ်လို့ ပြောပါတယ်။
ဒီ့အတွက် ဝမ်းနည်းရတဲ့အကြောင်း ပြောသလို ကျဆုံးရဲဘော်တွေကို သူရဲကောင်းတွေအဖြစ်သတ်မှတ်တဲ့အပြင် စစ်အာဏာရှင်အမြစ် ဖြတ်ရေး ဆက်တိုက်ပွဲဝင်မယ်လို့လည်း ဆိုပါတယ်။
