ရခိုင်ပြည်နယ် အောက်ဆီဂျင်လိုအပ်ချက် နောက်နှစ်ပတ်အတွင်းဖြေရှင်းနိုင်တော့မယ်လို့ ပြည်နယ်ကောင်စီပြော
ရခိုင်ပြည်နယ်က ဆေးရုံတွေမှာ ဆေးဝါးကုသမှုခံယူနေကြရတဲ့ ကိုဗစ်နဲ့တခြားလူနာတွေအတွက် အောက်ဆီဂျင်လိုအပ်ချက် အခက်အခဲတွေကို နောက်နှစ်ပတ်အတွင်းမှာ ဖြေရှင်းနိုင်တော့မယ်လို့ ရခိုင်ပြည်နယ်စီမံခန့်ခွဲရေးကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်လူနာတွေများပြားလာနေတဲ့အတွက် အောက်ဆီဂျင်ရရှိနိုင်ဖို့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ပြည်မဘက်မှာရှိတဲ့ အောက်ဆီဂျင်စက်ရုံတွေကနေ နေ့စဉ်မှာယူသုံးစွဲနေရတယ်လို့သိရပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း ဆေးရုံပေါင်း ၁၈ ခုမှာ ကိုဗစ်လူနာတွေရှိနေပြီး အဲ့ဒီလူနာတွေထဲ အောက်ဆီဂျင်ပေးထားရသူတွေက နေ့စဉ်များပြားလာနေတာကြောင့် မလုံလောက်မှုတွေနဲ့ကြုံနေရပြီး အဲ့ဒီလိုအပ်ချက်တွေကိုဖြရှင်းနိုင်ဖို့အတွက် မြောင်းတကာနဲ့ ကပစ စက်ရုံတွေက ထုတ်လုပ်တဲ့အောက်ဆီဂျင်တွေကို မှာယူပြီး ဆေးရုံတွေကို ခွဲဝေပေးနေရတယ်လို့ ပြည်နယ်ကောင်စီက ပြောပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းဆေးရုံတွေမှာ လူနာတွေအတွက် တစ်နေ့ကို အောက်ဆီဂျင်းအိုး သုံးရာနီးပါးခန့်သုံးစွဲနေရတာကြောင့် ပြည်နယ်အတွင်းကထွက်ရှိတဲ့ အောက်ဆီဂျင်ပမာဏနဲ့ လုံလောက်မှုမရှိတဲ့အတွက် ပြည်မဘက်မှာရှိတဲ့ တပ်မတော်စက်ရုံတွေကို အားကိုးနေရတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိအောက်ဆီဂျင်ထုတ်လုပ်နိုင်မှုပမာဏမှာ စစ်တွေဆေးရုံ၊ ကျောက်ဖြူဆေးရုံ၊ မောင်တောဆေးရုံ၊ တပ်မတော်ဆေးရုံ (စစ်တွေ)၊ တပ်မတော်ဆေးရုံ (အမ်း)နဲ့ မြောက်ဦးကိုယ်ထူကိုယ်ထစက်ရုံတွေကနေ တစ်နေ့ကို အိုး ၁၅၀ လောက်သာထုတ်လုပ်နိုင်ပြီး စစ်တွေဆေးရုံတစ်ခုတည်းမှာ တစ်နေ့ကို ၁၅၀ ခန့်အသုံးပြုနေရတယ်လို့သိရပါတယ်။
စစ်တွေဆေးရုံမှာ တစ်နေ့ကို အောက်ဆီဂျင်အိုး ၆၀ ထွက်ရှိပေမယ့် လိုအပ်ချက်ပမာဏက ၁၅၀ ခန့်ရှိနေတာကြောင့် အိုး ၉၀ လောက်က မြောင်းတကာနဲ့ ကပစ ကလာတဲ့အောက်စီဂျင်တွေကို စစ်တွေဆေးရုံအတွက် အဓိကပို့ပေးနေရတာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း လက်ရှိမှာ ကိုဗစ်ပိုးတွေ့လူနာပေါင်း ၂၇၁၄ ဦးနဲ့ သေဆုံးသူ ၁၇၅ ဦးရှိပြီဖြစ်ကာ လက်ရှိဆေးကုသမှုခံယူနေရသူကတော့ ၈၆၀ ဦးရှိနေတယ်လို့ ပြည်နယ်ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
























