ကိုဗစ် ကူးစက်မှု သြဂုတ်လထဲ ထက်ဝက်ကျအောင်လုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

ဒီနှစ်ကုန် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကို ထိုးမှာဖြစ်တဲ့အတွက် တစ်လ ၅ သန်းထိုးရမှာ ဖြစ်ပြီး အခုလအတွက် ဆေးအလုံအလောက်ရှိကြောင်းလည်း ပြောဆိုသွား

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြန်မာစစ်အာဏာရှင်အစိုးရက ဒီမိုကရေစီစနစ်ကို ဆက်လက်ဖျက်ဆီးနေဆဲလို့ ယူကေ ဝန်ကြီးပြော

  2. ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပယ်ဖျက်မှုအပေါ် ပါတီတွေရဲ့ အမြင်

  3. ခဝဲခြံမျက်မမြင်ကျောင်းမှာ ကိုဗစ်ပိုးတွေ့သူ လူ ၁၅ ဦးနီးပါးရှိနေ

    ခဝဲခြံမျက်မမြင်ကျောင်းက လူ ၁၅ ဦးနီးပါးမှာ ကိုဗစ်ပိုးတွေ့

    ဓာတ်ပုံ ရင်းမြစ်, social media

    ရန်ကုန်မြို့က ခဝဲခြံမျက်မမြင်ကျောင်းမှာ ကျောင်းသားကျောင်းသူတွေအပါအဝင်လူပေါင်း ၁၅ ဦးဟာ ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရက်စ်ပိုး) ကူးစက်ခံထားရတယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ''ပထမတစ်ကြိမ်တွေ့တုန်းက ၉ ဦးပေါ့။ အဲဒီထဲက အမျိုးသားတစ်ဦးကတော့ ပြီးခဲ့တဲ့တစ်ပတ်မှာပဲ ဆုံးပါတယ်။ ဒါနဲ့ ဖျားတာမျိုးလို ကိုဗစ်လက္ခဏာပြတဲ့သူတွေရှိတာနဲ့ ဆေးထပ်စစ်ကြည့်တာ မနေ့ ဇူလိုင်လ ၂၇ ရက်မှာ ၈ ဦး ထပ်တွေ့ တယ်ပေါ့။ စစ်တာကတော့ စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့က ကျောင်းမှာ လာစစ်ပေးသွားတာပါ။'' လို့ ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ ပိုးတွေ့လူနာတွေကို ပင်မဆောင်ရဲ့ ၅ ထပ်မှာ သီးခြား ကန့်သတ် ခွဲထားပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးထားသလို စေတနာ့ဆရာဝန်တစ်ဦးနဲ့ အွန်လိုင်းကနေ ကျန်းမာရေးတိုင်ပင်မှုယူနေတယ်လို့လည်း သိရပါတယ်။

    ကျောင်းတွေပိတ်တဲ့ကာလဖြစ်လို့ ကျောင်းမှာ ကျောင်းအိပ် ကျောင်းစားကျောင်းသားနည်းပေမဲ့ ဝန်ထမ်းနဲ့ကျောင်းသားအပြင် ဝန်းထဲမှာနေသူ စုစုပေါင်း ၁၀၀ နီးပါးရှိနေတာကြောင့် ပိုးကူးစက်သူ တိုးလာပြီး ဝန်နဲ့အင်အား မမျှမှာကို စိုးရိမ်တယ်လု့ိလည်း ကျောင်းဘက်က ပြောထားပါတယ်။

    လက်ရှိမှာ ပိုးတွေ့သူတွေထဲမှာ ကိုဗစ်ရောဂါလက္ခဏာပြင်းပြင်းပြတဲ့သူ မရှိသေးပေမဲ့ ဆရာဝန်နဲ့တိုင်ပင်မှုအရ စောင့်ကြည့်ရမယ့်လူနာ ၂ ဦးတော့ ရှိနေတယ်လို့လည်း ကျောင်းက ပြောပါတယ်။

  4. မြဝတီမှာ ရပ်ကွက်အချို့ရေမြုပ်လို့ ဒေသခံအချို့ကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေရ

    မြဝတီမှာ ရပ်ကွက်အချို့ရေမြုပ်

    ဓာတ်ပုံ ရင်းမြစ်, မြဝတီမီးသတ်

    ဓာတ်ပုံ ပုံစာ, မြဝတီမှာ ရပ်ကွက်အချို့ရေမြုပ်

    မြဝတီမြို့မှာ ဒီကနေ့ ဇူလိုင် ၂၈ မနက်ပိုင်းက မိုးသည်းထန်စွာရွာပြီး သောင်ရင်းမြစ်ရေဝင်ရောက်လာတဲ့ အတွက် ရပ်ကွက်အချို့မှာ ရေကြီးနစ်မြုပ်နေလို့ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို ရွှေ့ပြောင်းနေ နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာ မြဝတီမြို့က အမှတ်၁၊ ၂၊ ၃ နဲ့ ၅ ရပ်ကွက်အတွင်းက အနိမ့်ပိုင်းနေရာတွေမှာ ရေကြီးနစ်မြုပ်နေ လို့ သွားလာဆက်သွယ်ရေးပါအခက်တွေ့နေကြရတယ်လို့ဆိုပါတယ်။

    ‘ ‘ ဒီမနက် ၄နာရီလောက်မှာပြန်တက်လာတာ။ အဆိုးဆုံးကတော့ အမှတ် ၂ နဲ့ ၃ပဲ မြစ်နဲ့နီးတဲ့နေရာနားက အိမ်တွေဆို အမိုးပဲကျန်တော့တယ်။ တအိမ်လုံးမြုပ်နေတာ။ ကျွန်တော့်အိမ်ဆိုလည်း ၂ထပ်တိုက်ကို အောက်ထပ်ကမြုပ်နေလို့အခု အမှတ် ၅ ဘက်က ကုန်းမြင့်တဲ့ဘက်ကရွှေ့နေရတယ်။ ကယ်ဆယ်ရေး စခန်း က ၇ခုရှိတဲ့ထဲ စခန်း ၃ခုလောက်က ရေမြုပ်ကုန်တယ်။’’လို့ အမှတ် ၂ ရပ်ကွက်နေ ကိုဝေလင်းက ဘီဘီစီကိုပြောပြပါတယ်။

    ဒီကနေ့ မနက် ၈ နာရီက အမှတ်(၂/၃)ရပ်ကွက်အတွင်းက ရေဘေးသင့်သူအချို့ကို မြဝတီခရိုင် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက အမှတ်(၂)ရပ်ကွက်ရှိ အလက(၂)စာသင်ကျောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အထက(ခွဲ)စာသင်ကျောင်း တွေမှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းအသီးသီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

  5. ကိုဗစ်တတိယလှိုင်းဒဏ်အစောဆုံးခံခဲ့ရတဲ့ ကလေးမြို့မှာ သေဆုံး ကူးစက်မှုနှုန်းကျလာ

    ကိုဗစ်တတိယလှိုင်းဒဏ်အစောဆုံးခံခဲ့ရတဲ့ ကလေးမြို့မှာ သေဆုံး ကူးစက်မှုနှုန်းကျလာ

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ကူးစက်သေဆုံးနှုန်းကျလာပေမဲ့ အောက်စီဂျင်ရရှိမှုပြဿနာရှိနေဆဲ

    မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်း အစောဆုံးအပြင်းအထန်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တဲ့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ လူသေဆုံးမှုနဲ့ ကိုဗစ်ကူးစက်မှု တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လျော့ကျလာတယ်လို့ လူမှုကူညီရေးသမားတွေက ပြောပါတယ်။

    ''ပြီးခဲ့တဲ့ ၃၊ ၄ ရက်တည်းကစပြီး စင်တာတွေမှာရော၊ အပြင်မှာရော သေဆုံးမှု ကျလာတယ်လို့ပြောလို့ရတယ်။ အရင်က တော်တော်ဆိုးခဲ့တဲ့အခြေအနေတုန်းကဆိုရင် တနေ့ကို လူ ၂၀၊ ၃၀ အထိ သေဆုံးနေတာ။ အခုဆို ၁၀ ယောက်အောက်ကို ကျလာတယ်။ စင်တာမှာလည်း လာစစ်တဲ့လူက ကျသွားတယ်။ လာစစ်တဲ့သူ တရက်ကို ၁၀ ယောက်ပတ်ဝန်းကျင်ပဲလာတယ်။ ပြီးတော့ ပိုးတွေ့သူကလည်း ၄၊ ၅ ယောက်ဝန်းကျင်ပဲတွေ့တယ်။ ဒီဘက်က စင်တာက ဆင်းသွားတဲ့သူနဲ့ ဝင်လာတဲ့သူကိုယှဉ်ကြည့်ရင် အဲလို ကျသွားတာပေါ့။''လို့ ကလေးမြို့ ကိုဗစ်စင်တာတစ်ခုက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

    ကလေးမြို့မှာ လိုအပ်မှနေအိမ်ပြင်ပထွက်ခွင့်ရတဲ့ (stay at home) အစီအစဉ်လုပ်လိုက်တာဟာ ထိရောက်တာကြောင့် အခုလို ကူးစက် သေဆုံးနှုန်း ကျဆင်းသွားရတဲ့တစ်ချက်လို့ သူက ယူဆပါတယ်။

    ကလေးမှာ ပြီးခဲ့တဲ့ ဇွန်လနှောင်းပိုင်းနဲ့ ဇူလိုင်လ လည်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာရော၊ နေအိမ်တွေမှာသေဆုံးသူတွေရောပါ ပေါင်းရင် နေ့စဉ် လူ ၁၀၀ ကျော်အထိ သေဆုံးမှုတွေဖြစ်ခဲ့အပြီးမှာ အခုလို ကူးစက်သေဆုံးမှု လျော့ကျသွားတာလည်းဖြစ်ပါတယ်။

    ဒါပေမဲ့ လက်ရှိအချိန်အထိ တနေ့ကို လူ ၁၀ ဦးနီးပါးသေဆုံးနေသေးတာနဲ့ပတ်သက်ပြီး အဲဒီစေတနာ့ဝန်ထမ်းပြောပြတာက ''သူတို့မှာ မောတာ၊ အောက်စီဂျင်လိုအပ်တာမျိုးလို လက္ခဏာတွေက တစ်လလောက်အထိ ရှိနေကြတုန်းပဲ။ ဒီတော့ လက်ရှိမှာ ကူးစက်မှုနှုန်းထားအတော်ကျဆင်းသွားပြီ။ ဒါပေမဲ့ဆုံးပါးသူရှိနေသေးတယ်ဆိုတာက ပြီးခဲ့တဲ့လနဲ့ချီ ကူးခဲ့တဲ့သူတွေက အခုအချိန်မှ ၁ လပြည့်မှ၊ ၁လ ကျော်မှ သေဆုံးတာတွေရှိနေသေးလို့ သေဆုံးမှုရှိနေတာ။ အရင် ပထမလှိုင်း၊ ဒုတိယလှိုင်းတုန်းက ကူးစက်ပုံမျိုးဆိုရင် အခုအချိန်မှာ သေဆုံးသူ ရှိမှာတောင် မဟုတ်တောပါဘူး'' လို့ သူက ပြောပါတယ်။

    ကိုဗစ်တတိယလှိုင်းကူးစက်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲက ၆ မြို့နယ်ကို ကျန်းမာရေးဌာနက stay at home ကြေညာထားပြီး အဲဒီထဲမှာ ကလေးမြို့နယ်က အစောဆုံးကြေညာခံရတဲ့မြို့နယ်ဖြစ်ပါတယ်။

  6. ရခိုင်မှာ မြို့နယ်လေးခုထိ ရေနစ်မြုပ်၊ သံတွဲမြို့မှာရေအနည်းငယ်ပြန်ကျ

    ရခိုင်ပြည်နယ်အတွင်း မိုးကြီးရေလျှံမှုတွေကြောင့် မြို့နယ်လေးခုမှာ ရေကြီးနစ်မြုပ်မှုတွေ နဲ့ရင်ဆိုင်နေကြရပြီး တစ်မြို့လုံးရေနစ်မြုပ်နေတဲ့ သံတွဲမြို့မှာတော့ မနေ့ကညအချိန်ရေပြန်ကျစပြုနေပြီလို့ မြို့ခံတွေကပြောပါတယ်။ မနေ့ကမနက်ပိုင်းရေတွေမြင့်တက်လာနေတဲ့အချိန်မှာတော့ ရပ်ကွက် သုံးခုလောက်က ရေမမြုပ်သေးပေမယ့် နေ့လယ်ပိုင်းမှာတော့ တောင်ကျရေတွေတိုးလာနေတဲ့အတွက် သံတွဲတစ်မြို့လုံးရေနစ်မြုပ်သွားခဲ့တာပါ။ အနိမ့်ပိုင်းနေရာတွေမှာဆို လူနှစ်ရပ်ကျော်တဲ့အထိ မြင့်တက်ခဲ့ကာ အမြင့်ပိုင်းနေရာတွေမှာတော့ လူတစ်ရပ်ကျော်လောက်ထိ နစ်မြုပ်ခဲ့တယ်လို့ လက်ရှိရေနစ်မြုပ်နေတဲ့ရပ်ကွက်တွေအတွင်းမှာ နေထိုင်သူတွေက ပြောဆိုကြပါတယ်။ သံတွဲရေကြီးမှုဟာ ရေတက်ချိန်မြန်လွန်းတဲ့အတွက် လူတွေစိုးရိမ်မှုတွေနဲ့ကြုံခဲ့ကြရပြီး ကယ်ဆယ်ရေးတွေကိုလည်း အပြည့်အဝမလုပ်နိုင်ကြတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ ညောင်ပင်ဈေးရပ်ကွက်ကနေအိမ်အများစုတို့မှာ ဆက်နေလို့မရတဲ့အတွက် ဘေးလွတ်ရာနေရာတွေကိုပြောင်းရွှေ့နေကြရပြီး စားရေးသောက်ရေးအခက်အခဲတွေဖြစ်ခဲ့ရတယ်လို့လည်း သိရပါတယ်။ သံတွဲမြို့နယ်ဟာ ကိုဗစ် တတိယလှိုင်းအဖြစ်များတဲ့မြို့နယ်တစ်ခုဖြစ်တာကြောင့် ရောဂါကူးစက်ခံရမှာကို စိုးရိမ်ကြောက်လန့်နေကြတဲ့အချိန်မှာ အခုလိုရေကြီးနစ်မြုပ်မှုနဲ့ကြုံတွေ့လာရတဲ့အတွက် ကူညီကယ်ဆယ်မှုတွေလည်း မရရှိတာဖြစ်တယ်လို့ သံတွဲမြို့ခံ ဦးသောင်းထွန်းက ပြောပါတယ်။ ဒါ့အပြင် မနေ့က ရေစတင်နစ်မြုပ်ချိန်ကစလို့ ဓါတ်အားခွဲစက်ရုံတွေရေနစ်မြုပ်နေတဲ့အတွက် လျှပ်စစ်မီးတွေကိုလည်း ဖြတ်တောက်ထားရတာကြောင့် တစ်မြို့လုံး ဆက်သွယ်ရေးပါပြတ်တောက်ခဲ့တာပါ။ သံတွဲဆေးရုံလည်းရေနစ်မြုပ်နေတဲ့အတွက် မနေ့ ကနေ့ လယ်ပိုင်းမှာ လူနာတွေကိုဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသလို ကိုဗစ်လူနာတွေကိုတော့ ဆေးရုံအနီးက ကျောင်းမှာယာယာကုသဆောင်အဖြစ်ပြုလုပ်ပြီး ပြောင်းရွှေ့ထားရတယ်လို့ ပြည်နယ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။ ကိုဗစ်လူနာများပြားနေတဲ့ သံတွဲဆေးရုံမှာ အောက်စီဂျင်လိုအပ်ချက်တွေကို ထုတ်လုပ်ပေးနိုင်ရေးအတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တည်ဆောက်ပြီးစီးခဲ့တဲ့ အောက်စီဂျင်စက်ရုံကိုလည်း ရေနစ်မြုပ်တဲ့အတွက် အရေးကြီးတဲ့အစိပ်အပိုင်းတွေကိုဖြုတ်ပြီး ပြောင်းရွှေ့ထားရတယ်လို့ သိရပါတယ်။

    တောင်ကုတ်မြို့မှာလည်း မနေ့က နေ့လယ်ပိုင်းကဝင်ရောက်နေတဲ့ရေဟာ ဒီရေတက်ပြီး တဖြည်းဖြည်းတိုးလာနေတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မောင်တောမြို့နယ်မြောက်ဖျား ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာရှိတဲ့ ကျေးရွာ ၇ ရွာခန့်မှာ ရေနစ်မြုပ်နေပြီး ရေစီးနှုန်းပြင်းထန်တဲ့အတွက် တံတားနှစ်စင်းကျိုးပျက်ခဲ့တာကြောင့် ဆက်သွယ်ရေးတွေလည်းပြတ်တောက်နေသလို မြို့ပေါ်ရပ်ကွက်တစ်ခုလည်း ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။ ရေနစ်မြုပ်နေတဲ့ကျေးရွာတွေကတော့ မီးတိုက်ကျေးရွာ၊ သဲချောင်းကျေးရွာ၊ သစ်တုံးနားခွဆုံကျေးရွာ၊ အိုးထိန်းကျေးရွာ၊ ခမောင်းဆိပ်မြို့အရှေ့ပိုင်းရပ်ကွက်၊ သက်ကိုင်ညာကျေးရွာနဲ့ တမန်းသားကျေးရွာတို့ဖြစ်ကြပါတယ်။ ရေကြီးမှုကြောင့် ကျေးရွာခုနှစ်ရွာမှာ ရေနစ်မြုပ်နေတဲ့လူနေအိမ်ပေါင်း ၃၆၉ အိမ်၊ လူဦးရေ ၁၆၀၀ နီးပါးခန့်တို့မှာ ရေဘေးဒုက္ခကြုံနေကြရတာပါ။

    မောင်တောမြောက်ပိုင်း နယ်စပ်ကတစ်လျှောက်ကိုဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်က သံကူကွန်ကရစ်တံတားတွေဖြစ်တဲ့ အလျားပေ ၇၀ ရှိတဲ့ တမန်းသားတံတားနဲ့ အလျားပေ ၂၀၀ ရှည်တဲ့ မာဇီးတံတားတို့ဟာ ရေတိုက်စားပြီး ကျိုးပျက်သွားခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နေအိမ်တွေမှာ ဆက်လက်နေထိုင်လို့မရတော့တဲ့မိသားစုတွေက ဘေးလွတ်ရာကိုပြောင်းရွှေ့နေထိုင်နေကြပေမယ့် မိုးကဆက်ရွာနေတဲ့အတွက် တောင်ကျရေတွေများလာလို့ရှိရင် ရေဆက်တက်နိုင်တဲ့အခြေအနေရှိနေတယ်လို့ ဒေသခံတွေအကြား စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။

    ရခိုင်မှာ မြို့နယ်လေးခုထိ ရေနစ်မြုပ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရခိုင်မှာ မြို့နယ်လေးခုထိ ရေနစ်မြုပ်
  7. မြန်မာစစ်ခေါင်းဆောင်တွေရဲ့လုပ်ရပ်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ရှုတ်ချ ပြောဆိုလိုက်သလို မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အနေနဲ့လည်း မြန်မာပြည်တွင်းက အကြမ်းဖက်မှုတွေရပ်အောင် ဆက်တောင်းဆိုဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

    ဇူလိုင်လ ၂၇ ရက်နေ့မှာ စင်ကာပူနိုင်ငံကိုရောက်ရှိနေချိန်မှာ ဝန်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

    ''မြန်မာလူထုရဲ့ရပိုင်ခွင့်အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ ငြင်းတဲ့ စစ်တပ်ရဲ့လုပ်ရပ်နဲ့ လူထုရဲ့အသက်အိုးအိမ်ကိုကာကွယ်ပေးရမှာကို မလုပ်ပေးနိုင်တဲ့ စစ်တပ်လုပ်ရပ်တွေဟာ နည်းနည်းလေးတောင် လက်ခံနိုင်စရာမရှိပါဘူး''လို့ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင်တက်တဲ့ ဂျာကာတာအစည်းအဝေးပွဲမှာ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ချက်ရအောင် အားထုတ်ခဲ့တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့အားထုတ်မှုကိုလည်း သူက အသိအမှတ်ပြုပါတယ်။

    ''စစ်တပ်ဟာ ပြည်သူအတွက်ပဲ ဖြစ်ရပါမယ်။ ဒါနဲ့ဆန့်ကျင်ဖီလာ မဖြစ်ရပါဘူး။ ဒါ့ကြောင့် မြန်မာစစ်တပ်အနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာဖို့နဲ့ ထာဝရငြိမ်းချမ်းအောင်လုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဒီနေရာမှာ အာဆီယံဟာ အဓိကဏ္ဍကမှာပါဝင်နေသလို ပါဝင်နိုင်အောင်လည်း လုပ်နိုင်ပါတယ်။ ဒီအရေးကို ဆက်လုပ်နိုင်အောင် အာဆီယံကိုလည်း ကျတော်တို့ ဆက်လက်အားပေးတိုက်တွန်းသွားပါမယ်။'' လို့ သူက ပြောပါတယ်။

    အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ဧပြီလတုန်းပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေရဲ့မြန်မာ့အရေးအထူးအစည်းဝေးပွဲမှာ ပြည်တွင်းကအကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ သက်ဆိုင်ရာပါဝင်ပတ်သက်သူတွေကြား တွေ့ဆုံဆွေးနွေးမှုစဖို့၊ ဆွေးနွေးပွဲတွေမှာ အာဆီယံအထူးသံတမန်က ကြားဝင်ညှိနှိုင်းဖို့ အချက်တွေ သဘောတူခဲ့ကြပါတယ်။

    ဒါပေမဲ့ အဲဒီအစည်းအဝေးအပြီး လနဲ့ချီကြာသည့်တိုင်အောင် အဲဒီအချက်တွေထဲက တချက်ကိုမှ မဖော်ဆောင်နိုင်သေးတာနဲ့ပတ်သက်ပြီး မြန်မာ့အရေး အာဆီယံရဲ့ကြားဝင်ပေးနိုင်မှုကို နိုင်ငံရေးအကဲခတ်တွေက ဝေဖန်နေကြပါတယ်။

    မြန်မာစစ်တပ်ရဲ့လုပ်ရပ်တွေဟာ နည်းနည်းလေးတောင်လက်ခံနိုင်စရာအကြောင်းမရှိပါဘူး လို့ ကန် ကာကွယ်ရေး၀န်ကြီးပြော

    ဓာတ်ပုံ ရင်းမြစ်, AFP

  8. ရေကြီးမြေပြိုမှုကြောင့် ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာ ဒုက္ခသည် ၆ ယောက်သေဆုံး

    ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း ဒုက္ခသည် စခန်းတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့်ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ မွတ်ဆလင် ၆ ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ တချို့ရှိတယ်လို့ ရိုက်တာသတင်းမှာ ရေးသားထားပါတယ်။

    ဒုက္ခသည်စခန်းတွေမှာ မြေပြိုမှုကြောင့် ၅ ယောက် သေဆုံးပြီး ကလေးတစ်ယောက်ကတော့ ရေထဲ ပါသွားတယ်ဆိုတဲ့ သတင်းတွေ ရထားတယ်လို့ ဒုက္ခသည်များဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူ မိုဟာမက် ရှမ်ရှက် ဒူဇာ က ပြောပါတယ်။

    မြေပြိုမှုအတွင်း သေဆုံးသွားသူတွေထဲမှာလည်း ကလေးတွေ ပါတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ နှစ်ရက်အတွင်း မိုးအသည်းအသန်ရွာသွန်းမှုတွေကြောင့် ဒုက္ခသည်စခန်းအများစု ရေမြုပ်နေတယ်လို့လည်း နောက်ထပ် အစိုးရ အရာရှိတဦးက ပြောပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်အတွင်းက ညစ်ပတ်ပေရေနေတဲ့ စခန်းတွေမှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းနီးပါးလောက် နေထိုင်နေကြတာ ဖြစ်ပါတယ်။အ

    လာမယ့်ရက်ပိုင်းတွေအတွင်း မိုးထပ်ကြီးနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက တွက်ဆထားပါတယ်။

    ရေကြီးခဲ့တဲ့ အပျက်အစီးတွေကြား စခန်းမှာ နေထိုင်ကြသူတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရေကြီးခဲ့တဲ့ အပျက်အစီးတွေ ကြည့်နေတဲ့ စခန်းမှာ နေထိုင်ကြသူတွေ
  9. သတင်းမီဒီယာအပေါ် ဖိနှိပ်မှုတွေ ရပ်တန့်ဖို့ HRW အဖွဲ့ တိုက်တွန်း

    မြန်မာ စစ်ကောင်စီကို သတင်းထောက်တွေကို ဖမ်းဆီး အရေးယူနေတာတွေ နဲ့ လွတ်လပ်တဲ့ မီဒီယာ အပေါ် ဖိနှိပ်ဖို့ ကြိုးစားနေတာကို ရပ်တန့်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းမှာ သတင်းသမား ၉၈ ယောက် အဖမ်းခံခဲ့ရပြီး ၄၆ ယောက်ဟာ အခုထက်တိုင် ဖမ်းဆီးခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း အေအေပီပီ က ပြောထားပါတယ်။

    အဲဒီထဲက ၆ ယောက်ကို အပြစ်ရှိကြောင်း တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခဲ့ရာမှာ ၅ ယောက်က လှုံ့ဆော်မှု၊ မမှန်သတင်းဖြန့်မှု ပုဒ်မ ၅၀၅-က နဲ့ စွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။

    အဲဒီလို ပြစ်ဒဏ်ချမှတ်မှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာတဝန်းက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

    အဲဒီ ပြစ်မှုအတွက် ထောင်ဒဏ် ၃ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ပေးဆောင်ရတာ ဖြစ်တယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ ကပြောပါတယ်။

  10. UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို

    UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, UWSA

    UWSA ထိန်းချုပ်ရာ ဝ အထူးဒေသက အသက်၁၈နှစ်အထက် လူဦးရေ ၃ သိန်းနီးပါးလုံး ကာကွယ်ဆေး ၂​ကြိမ်ထိုးပြီးသွားပြီလို့ ဝ ဒေသပြောခွင့်ရ ဦးညီရန်းက ဘီဘီစီကို ပြောပါတယ်။

    ကာကွယ်ဆေးအားလုံးကို တရုတ်နိုင်ငံက အခမဲ့ ထောက်ပံ့ခဲ့တာလို့ သိရပါတယ်။

    " အခုချိန်ထိတော့ ကိုဗစ်ကြောင့် သေဆုံးသူတော့ မရှိဘူး။ ပေါ့စတစ်လူနာကတော့ ၃၀၀ နီးပါး တွေ့ခဲ့ပြီး ဆေးရုံက ဆင်းသွားခဲ့ပြီ ဖြစ်တယ်။ ပေါ့စတစ်တွေကတော့ ပြင်ပကလာတဲ့သူတွေ များပါတယ်။ ကာကွယ်ဆေးက ဒေသခံရော ပြင်ပလူရောအားလုံးကို အခမဲ့ ထိုးပေးပါတယ်။ ၂ လပိုင်းကတည်းက စထိုးပေးတာပါ"လို့ သူက ပြောပါတယ်။

    UWSA ထိန်းချုပ်ရာ ဝ အထူးဒေသအတွင်းက မြို့နယ်တွေမှာ တစ်မြို့နဲ့တစ်မြို့ ကူးလူးသွားလာခွင့်ကို နှစ်ပတ်တစ်ကြိမ် ဆေးစစ်ပြီးသွားလာခွင့်လက်မှတ်ရမှသာ သွားခွင့်ပြုတယ်လို့လည်း သိရပါတယ်။

    UWSA ထိန်းချုပ်ရာ ဝ ဒေသက ၁၈နှစ်အထက် လူဦးရေအားလုံးနီးပါးကာကွယ်ဆေးထိုးပြီးလို့ဆို

    ဓာတ်ပုံ ရင်းမြစ်, UWSA

  11. ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းတာ နိုင်ငံရေးအကျပ်အတည်း ပိုဆိုးစေနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီပြော

    စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်သစ်က ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တာဟာ အလုံးစုံ ပျက်သုဥ်းရေးဦးတည်နေတဲ့ နိုင်ငံအတွက် နိုင်ငံရေးအကျပ်အတည်းကို ပိုဆိုးသွားစေနိုင်တယ်လို့ ရခိုင် အမျိုးသားပါတီ ANP ကဒီကနေ့ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ANP ဟာ ရွေးကောက်ပွဲမှာ ၂၅ နေရာဝင်ပြိုင်ပြီး လွှတ်တော်သုံးရပ်မှာ စုစုပေါင်း ၁၅ နေရာ နဲ့ ရခိုင်ပြည်နယ်မှာ နေရာအများဆုံး အနိုင်ရထားတဲ့ ပါတီ ဖြစ်ပါတယ်။

    • ANP ပါတီ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာ အများစု အနိုင်ရ

    အဲဒီထုတ်ပြန်ချက်ထဲမှာ တစ်လ အပစ်ရပ်ရေး ထပ်တိုးတာထက် ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

    မြန်မာနိုင်ငံဟာ ကိုဗစ်နဲ့အတူ တိုက်ပွဲတွေနဲ့ စီးပွားရေး အခက်အခဲတွေ ကြုံတွေနေရပြီး ပြည်သူတွေ အကျိုးအတွက် ဘယ်အဖွဲ့အစည်းကိုမဆို လူသားချင်းစာနာတဲ့ အထောက်အပံ့တွေပေးနိုင်ဖို့ စီစဥ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

    ANP က ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ဟာ လက်ရှိမှာ စစ်ကောင်စီမှာ အဖွဲ့ဝင် အဖြစ်ပါနေပေမဲ့ ပါတီနဲ့ စစ်ကောင်စီကြား ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီလို့ ပါတီက မေလမှာ ပြောထားပါတယ်။ ပြည်နယ်ကောင်စီမှာ ပါဝင်ခွင့်ရဖို့ ညှိနှိုင်းမယ်လို့ ပြောခဲ့ဖူးပေမဲ့ ပါတီက တောင်းဆိုတဲ့ နေရာကို စစ်ကောင်စီဘက်က မလိုက်လျောတာကြောင့် အဲဒီလို ဆုံးဖြတ်ခဲ့တယ်လို့ ပြောထားခဲ့ပါတယ်။

    စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်သစ်က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေးနှစ်ကြိမ်မှာ ပထမအကြိမ် ဖေဖော်ဝါရီလ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပေမဲ့ မေလမှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်ကို ANP က မတက်ရောက်ခဲ့ပါဘူး။

    ရွေးကောက်ပွဲရလဒ်ဖျက်သိမ်းတာ နိုင်ငံရေးအကျပ်အတည်း ပိုဆိုးစေနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီပြော
  12. သံတွဲ၊ရမ်းဗြဲအပါအဝင်ရခိုင် မြို့နယ်အချို့မှာရေကြီးလို့မိသားစုတွေရွှေ့ပြောင်းရ

  13. ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော

    ကနီကျေးရွာတွေမှာ စစ်ကောင်စီဘက်က ခြောက်လှန့်ပစ်ခတ်တာ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေဆဲလို့ ဒေသခံတွေပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    စစ်ကိုင်းတိုင်းဒေသကြီး၊ကနီမြို့နယ်ထဲကကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ လှည့်လှည်တပ်စွဲနေပြီး ရွာတွေထဲ အင်အားသုံးပြီးလှည့်လှည်ခြောက်လှန့်ပစ်ခတ်တာတွေ၊ ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ စစ်ကောင်စီနဲ့ ကနီဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား လူသေဆုံးတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

    ဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ကနီမြို့နယ်အတွင်းကကျေးရွာတွေမှာ လှည့်လှည်တပ်စွဲပြီး ပစ်ခတ်ခြောက်လှန့်တာတွေ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို့ယူဆတဲ့လူငယ်တွေကိုဖမ်းဆီးတာတွေဆက်လိုက်လုပ်နေတယ်လို့ ဒေသခံတွေကပြောဆိုလာတာပါ။

    "ရက်ပိုင်းအတွင်းပဲ သေနတ်သံတွေပြန်ကြားနေရတယ် ရွာထဲကအိမ်တွေကိုထိတာတွေလည်းရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ရွာထဲက ကိုယ်ဝန်ဆောင်တယောက် ပေါင်ကိုကျည်ထိသေးတယ်။ ဖမ်းလိုက်၊ စစ်လိုက်၊ ပြန်လွှတ်လိုက်လုပ်နေတော့ပြေးတဲ့ရွာတွေလည်း ကြိုပြေးပြီ။ အထူးသဖြင့် လူငယ်ဆိုရင်ကိုရွာထဲမနေရဲဘူး " လို့ ကနီနယ်ခံက ဘီဘီစီကိုပြောပါတယ်။

    အခုလိုပစ်ခတ်ဖမ်းဆီးတာတွေရှိပေမယ့် လက်ရှိအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့စစ်ကောင်စီအပြန်လှန်ပစ်ခတ်နေတာမျိုးမရှိဘူးလို့လည်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

    "ရွာထဲကိုပစ်လိုက် ရွာသားတွေကိုဖမ်းလိုက်နဲ့စစ်ကိုမြူ နေတဲ့သဘောဖြစ်နေတယ်။ လက်ရှိကတော့နှစ်ဖက်တင်းမာနေတာပဲရှိပါတယ်။ အပြန်လှန်ပစ်ခတ်တာမျိုးမရှိပါဘူး"လို့ ကနီဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုစစ်ကောင်စီဘက်က လှည့်လှည်တပ်စွဲဖမ်းဆီးမူတွေကြောင့် ပြီးခဲ့တဲ့တိုက်ပွဲတွေတုန်းက တိမ်းရှောင်ရတဲ့ရွာတွေအပြင် ရွာပေါင်း ၄ရွာလောက်ထပ်ပြီး ရှောင်ပြေးရတာကြောင့် ကနီဒေသထဲမှာ ၂၄ ရွာလောက်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ဒေသခံလူမူအကူညီပေးနေသူတွေကဆိုပါတယ်။

    ကနီမှာ ဇွန်လ ၉ ရက်ကနေ ၁ဝ ရက်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါဝင်ပြည်သူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပြီး စစ်ရှောင်တွေနေတဲ့နေရာတွေထိ စစ်ကောင်စီဘက်ကလိုက်ခံပစ်ခတ်တာကိုလည်း ထည့်သွင်းပြောဆိုထားပါတယ်။

    စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ စစ်ကောင်စီအနေနဲ့ ဒေသခံစစ်ရှောင်တွေရှိတဲ့တောတွေထဲ လိုက်လံပစ်ခတ်တာမရှိဘူးလို့ငြင်းဆိုထားသလို လက်ရှိကနီဒေသထဲက ပစ်ခတ်ဖမ်းဆီးမူတွေနဲ့ပတ်သက်လို့လည်း ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  14. ကိုဗစ်ကြောင့်သေဆုံးနှုန်းမြင့်တက်နေတဲ့ ရန်ကုန်က မြို့နယ်အချို့မှာ ပိုးသတ်ဆေးဖြန်း

    မြန်နိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ တစ်ရက်ကို ရာချီရှိလာချိန်မှာပဲ ဖြစ်ပွားသေဆုံးမှုနှုန်းအများဆုံးဖြစ်နေတဲ့ ရန်ကုန်မြို့က ကျောက်တံတားမြို့နယ်အတွင်းမှာ ပရဟိတအဖွဲ့တချို့က ပိုးသတ်ဆေးဖြန်းတာတွေကို ပြုလုပ် ပေးခဲ့ပါတယ်။

    ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇူလိုင် ၂၆ ရက်နေ့ထုတ်ပြန်ချက်အရ ပြည်တွင်းမှာ ကိုဗစ်အတည်ပြု လူနာသေဆုံးမှုမှာ ၇,၅၀၇ ဦးရှိသွားပြီဖြစ်ပါတယ်။

    တိုင်းနဲ့ပြည်နယ်အသီးသီးက နာရေးကူညီပေးနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ပြောဆိုချက်အရတော့ သေဆုံးသူစာရင်း ဟာ အတည်ပြုထုတ်ပြန်ချက်ထက်အဆများစွာ ကွာဟနိုင်တယ်လို့လည်း ပြောဆိုထားကြပါတယ်။

    ကျောက်တံတားမြို့နယ်အတွင်းမှာ ပရဟိတအဖွဲ့တချို့က ပိုးသတ်ဆေးဖြန်း

    ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း

    ဓာတ်ပုံ ပုံစာ, ကျောက်တံတားမြို့နယ်အတွင်းမှာ ပရဟိတအဖွဲ့တချို့က ပိုးသတ်ဆေးဖြန်း
  15. မြတောင်သပိတ်ဖြိုခွင်းခံရမှု- သေဆုံးသူ ၂ ဦးအထိရှိနိုင်

    မြတောင်သပိတ်ဖြိုခွင်းခံရမှု- သေဆုံးသူ ၂ ဦးအထိရှိနိုင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဘုရားကြီး အရှေ့မုခ်မှာ သပိတ်ဖြိုခွင်းခံရတာဖြစ်ပြီး ဘုရားပရဝုဏ်ထဲက‌နေ လှမ်းပစ်တာလို့ ဒေသခံတချို့ကပြော

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေတဲ့ မန္တလေးမြို့က မြတောင်သပိတ်စစ်ကြောင်းဟာ ဒီနေ့ ဇူလိုင်လ ၂၇ ရက် နေ့လည်ပိုင်းမှာ ဖြိုခွင်းခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပစ်ခတ်လို့ အနည်းဆုံး လူနှစ်ဦးသေဆုံးဖွယ်ရှိတယ်လို့ သပိတ်မှာ ပါဝင်သူတချို့က ပြောပါတယ်။

    "လူစုပြီး ဆန္ဒပြနေချိန် နောက်ကနေ ဝင်ပစ်တာ။ ကောင်းမလေးတယောက်က ခေါင်းမှန်တာ။အသက်ရှင်ပုံမရဘူး။ လှုပ်ရှားမှုလဲမရှိဘူး။ ကောင်လေးက လည်ပင်းထိတာ။ သူတို့ကို စကစက ကားပေါ်တင်သွားတယ်။ light truck ကားနဲ့"လို့ မြတောင်သပိတ်ပါဝင်သူ တစ်ဦးကပြောပါတယ်။

    ဘုရားကြီး အရှေ့မုခ်မှာ သပိတ်ဖြိုခွင်းခံရတာဖြစ်ပြီး ဘုရားပရဝုဏ်ထဲက‌နေ လှမ်းပစ်တာလို့ ဒေသခံတချို့ကပြောပါတယ်။

    ဆိုင်ကယ်ငါးစီးကို စစ်ကောင်စီက ယူသွားပြီး မိန်းကလေးနှစ်ဦးနဲ့ ယောက်ျားလေးတယောက် သေနတ်ပစ်ခံရတယ်လို့ ကနဦးသတင်းတွေအရလဲ သိရပါတယ်။

    မန္တလေးမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာတွေကို အသွင်ပေါင်းစုံနဲ့ မြို့နယ်အလိုက် ဆန္ဒပြခဲ့တာ နေ့စဉ်ပဲဖြစ်ပါတယ်။

    နေ့သပိတ်တွေ ညသပိတ်တွေကို စစ်ကောင်စီရဲ့ ဖမ်းဆီး ရိုက်နှက် ပစ်ခတ်တာတွေကြားက သံဃာ‌တွေ၊ ကျောင်းသားလူငယ်တွေ၊ ပညာရေး၊ ကျန်းမာရေး၊ အင်ဂျင်နီယာစတဲ့အဖွဲ့စည်း ပေါင်းစုံက သပိတ်တွေပြုလုပ်နေဆဲဖြစ်ပါတယ်။

  16. မြဝတီမြို့မှာ နာရီဝက်အတွင်း ရေတက်လို့ ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရ

    မြဝတီမြို့မှာ နာရီဝက်အတွင်း ရေတက်လို့ ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရ

    ဓာတ်ပုံ ရင်းမြစ်, Dr.Alex

    ဓာတ်ပုံ ပုံစာ, ဒီနေ့ ဇူလိုင်လ ၂၇ ရက်မနက်ပိုင်းမှာ ရေအနည်းငယ်ပြန်ကျသွားပြီဖြစ်ပေမဲ့ မနေ့တုန်းကတော့ ရုတ်တရက်ရေကြီးလို့ ရွှေမြဝတီကိုဗစ်စင်တာလည်း လူနာတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

    ကရင်ပြည်နယ်ထဲ မိုးဆက်တိုက်ရွာသွန်းတာနဲ့ သောင်ရင်းမြစ်ရေ တက်လာတွေကြောင့် မြဝတီမြို့တွင်းမှာ မနေ့ ဇူလိုင်လ ၂၆ ရက်ညပိုင်းကစလို့ လူနေရပ်ကွက်တွေထဲ ရေကြီးခဲ့ပြီး တစ်မြို့လုံးနီးပါး ရေဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။

    အခုရက်ပိုင်းအတွင်း တစ်နိုင်ငံလုံး မိုးဆက်တိုက်ရွာသွန်းမူနဲ့အတူ မြဝတီမြို့မှာလည်းမိုးရက်ဆက်ရွာခဲ့တာရယ် ထိုင်းဘက်က ရေကာတာဖောက်တာကြောင့်မြစ်ရေလျှံပြီးအခုလိုရုတ်တရက်ရေကြီးလာတာလို့လည်း ဒေသခံအများစုကပြောကြပါတယ်။

    "ရေကြီးနေကျအချိန်ဆိုပေမဲ့ အခုလောက်ရေတက်မကြမ်းခဲ့ဘူး ။ အခုက နာရီဝက်အတွင်း ရေတက်လာတာဘာပစ္စည်းမှာကိုယူချိန်မရဘူး။ ရေတက်မယ်လို့ကြိုပြောလားမပြောလားဆိုတော့ကျွန်တော်ပဲမကြားတာပဲနေမှာပါ။ လူတွေကတော့ ဘာမှယူချိန်မရဘဲ ပြေးတာပဲ။ ဟိုတယ်ပိုင်ရှင်ကနေဖို့ဟိုတယ်ဖွင့်ပေးတယ်။ ကားရှိတဲ့လူက ကားနဲ့ရွှေ့ပေးတယ်။ ပြည်သူကပဲပြည်သူကိုကူနေတာများပါတယ်။အခက်ခဲကတော့ အကုန်ခက်တာပဲ နေရေးကောစားသောက်ရေးကောခက်တယ် ။ ဒီလောက်ရေတက်ကြမ်းပုံနဲ့၂၀၁၃ ခုနှစ်ကလိုဖြစ်သွားမှာကိုအားလုံးက စိတ်ပူနေကြတယ်လို့ " မြဝတီမြို့နယ် အမှတ် ၃ ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ လူမူကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ မြဝတီမြို့တွင်းမှာ ရှိတဲ့လူနေအိမ် ၈ဝ ရာခိုင်နူန်းကျော်လောက်ရေဘေးလွတ်ရာကိုရွှေ့ပြောင်းထားရပြီး ရေဘေးရှောင်စခန်းရယ်လို့ဖွင့်ထားနိုင်တာမျိုးမရှိသေးဘူးလို့ကူညီပေးနေသူတွေက ပြောပါတယ်။

    "လက်ရှိတော့ စာသင်ကျောင်း ဟိုတယ် စတဲ့ ဘေးလွတ်ရာနေရာတွေကို ဆက်တိုက်ရွှေ့ပေးနေရတာပဲ။ လူဦးရေကတော့ တမြို့လုံးနီးပါးပဲ။ ရပ်ကွက်တိုင်းမြုပ်တယ်။ အထည်ချုပ်စက်ရုံတွေလည်းရေမြုပ်တယ်။ မြဝတီမှာကိုဗစ်ကလည်းတအားဖြစ်နေတာ။ မနေ့ညက ရွှေမြဝတီကွာရန်တင်းစင်တာလည်း ရေမြုပ်လို့ကိုဗစ်လူနာတွေကိုလည်း ရွှေ့ပေးနေရတယ်။ ကျွန်တော်တို့မနေ့ညကတည်းက နေရာတွေ ရွှေ့ဖို့လိုက်လည်းအော်ခဲ့သေးတယ် " လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (မြဝတီ)က တာဝန်ခံကိုမောင်ငယ်က ဘီဘီစီကိုပြောပါတယ်။

    မြဝတီမြို့အတွင်းမှာ ဒီနေ့ဇူလိုင် ၂၇ ရက် မနက်ပိုင်းအထိ ရေပြန်ကျတာမျိုးမရှိသေးဘဲထိုင်းဘက်က ရေကာတာဖောက်တာတွေနဲ့ မိုးဆက်ရွာတာတွေဖြစ်ရင် မြို့ရေကြီးမှုပိုဆိုးလာမှာကို ဒေသခံတွေကစိုးရိမ်ပူပန်နေကြပါတယ်။

  17. ရွှေတြိဂံဒေသရောက် မြန်မာလုပ်သားတွေ ကွာရန်တင်း လချီဝင်နေရ

    ရွှေတြိဂံဒေသရောက် မြန်မာလုပ်သားတွေ့ ကွာရန်တင်းလချီဝင်နေရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မြန်မာ၊ထိုင်း၊လာအို သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသက လာအိုနိုင်ငံအပိုင် ရွှေတြိဂံအထူးစီးပွားရေးဇုန်ဒေသထဲမှာရှိတဲ့ မြန်မာ(ရခိုင်)ရွာက မြန်မာလုပ်သားတွေဟာ ကွာရန်တင်းစင်တာတွေမှာ လနဲ့ချီ ကွာရန်တင်းနေရတဲ့အခြေအနေကြုံနေရတယ်လို့ သိရပါတယ်။

    ''ဒီမှာတော့ မြန်မာဆိုရင် ဆေးစစ်ပြီး သံသယဆိုပြီးတော့ ကွာရန်တင်းစင်တာကို သူတို့ခေါ်သွားတယ်။ တချို့ဆို ၁၅ ရက်နဲ့ပြန်ရတယ်။ တချို့ဆို ၁ လ၊ တချို့ဆို ၂ လ၊ ၃ လ လောက်ဝင်ရတာအထိရှိတယ်။ ဒါပေမဲ့ သူတို့မှာ တကယ်ပိုးရှိပြီး ပေါ့စတစ်လူနာထွက်လာတယ်ဆိုတာမျိုးလည်း မတွေ့ဘူး။ နောက်ပြီးတော့ ဆေးကုသမှုလည်းမရှိဘူး။ ကွာရန်တင်းစင်တာမှာထားတယ်၊ ဆေးစစ်တယ်၊ ဆေးမအောင်ဘူးဆိုရင် ထပ်ထားတယ်။ ဆေးအောင်တယ်၊ မအောင်ဘူး ဆိုတာတော့ သူတို့ ဘယ်လို စံနှုန်းနဲ့သတ်မှတ်လည်းတော့မသိဘူး။ ပြီးရင် သူတို့ကို လက်ရှိနေတဲ့ မြန်မာရွာကြီးထဲကိုပဲ ပြန်ပို့တယ်။'' လို့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

    လက်ရှိမှာ ရွှေတြိဂံအထူးစီးပွားရေးဇုန်က လာအိုအပိုင်နယ်မြေထဲက မြန်မာရွာကြီးအနားက ဈေးသစ်မှာ စင်တာတစ်ခု၊ မြို့အပြင် တောင်ခြေမှာ စင်တာတစ်ခုနဲ့ မြန်မာရွာ မြောက်ဘက် တစ်မိုင်အကွာက တရုတ်လို လွန်မြန်ချင်းလို့ခေါ်တဲ့အရပ်မှာ စင်တာတစ်ခု ဖွင့်ထားပြီး အဲဒီကွာရန်တင်းစင်တာ ၃ ခုမှာ လူ ၅ ထောင်နီးပါးကို အသွားအလာကန့်သတ်စောင့်ကြည့်နေသလို အများစုဟာ မြန်မာလုပ်သားတွေဖြစ်တယ်လို့လည်း သိရပါတယ်။

    ''ဒီမှာက အလုပ်လုပ်တဲ့နေ့အတွက်ပဲ ဝင်ငွေရတာဆိုတော့ ကွာရန်တင်း ရက်ချီ၊ လချီဝင်နေရတော့ အတော်လေး ဒုက္ခရောက်ကြတယ်။ မြန်မာ(ရခိုင်)ရွာကြီးဆိုရင်လည်း ကိုဗစ်ထိန်းချုပ်ဖို့ဆိုပြီး လော့ဒေါင်းချထားတာ ၃ လအထိ ရှိနေပြီ။ အဲဒီထဲက လူတွေလည်း အပြင်ကလူ လာလှူမှ အဆင်ပြေတဲ့အခြေအနေမျိုး ဖြစ်နေတယ်'' လို့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။

    ရွာအနီးက ကွာရန်တင်းစင်တာကို အဲဒီနယ်မြေမှာ လုပ်ပိုင်ခွင့်ရတဲ့ တရုတ်ကုမ္ပဏီကပဲ သူပိုင်အဆောက်အအုံတွေမှာ ဖွင့်လှစ်ထားတယ်လို့ မြန်မာလုပ်သားတွေအပြောအရ သိရပြီး ကွာရန်တင်းဝင်နေသူတွေအတွက် စားရေးသောက်ရေးကို မြန်မာ(ရခိုင်)ရွာအုပ်ချုပ်ရေးအဖွဲ့ကပဲ တာဝန်ယူတယ်လို့သိရပါတယ်။

    ''ရွာထဲမှာတောင် လော့ဒေါင်းချထားပြီး အကန့်အသတ်နဲ့ ထားထားလို့ ဒုက္ခရောက်ကြတော့ ကွာရန်တင်းစင်တာမှာ ရှိတဲ့သူတွေကို ပို့တဲ့အစားအစာကလည်း လိုအပ်ချက်ရှိတာပေါ့။ ထမင်းတစ်ထုပ်၊ ဟင်းတစ်ထုပ်၊ တခါတလေ အရွက်လေး အသားလေးပေါ့။ ဒါပေမဲ့လည်း ချို့တဲ့တော့ ပိုယူတဲ့သူလည်းရှိတယ်။ အဲဒီတော့ မလောက်ငှတာတွေရှိနေတယ်။'' လို့လည်း အဲဒီမြန်မာလုပ်သားက ပြောပါတယ်။

    မြန်မာလုပ်သားအများစုရှိတဲ့ ဈေးအသစ်က ကွာရန်တင်းစင်တာမှာ စည်းကမ်း မလိုက်နာလို့ဆိုပြီး စင်တာမှာရောက်နေသူတချို့ကို တာဝန်ယူထားသူတွေက ဒဏ်ပေးတာမျိုးတွေ ရှိတယ်ဆိုပြီး ရွှေတြိဂံဒေသသတင်းတွေကို အဓိက ဖော်ပြနေတဲ့ တာချီလိတ်သတင်းအေဂျင်စီက အခုလ အစောပိုင်းမှာဖော်ပြခဲ့ဖူးပါတယ်။

    လက်ရှိမှာ အဲဒီက လောင်းကစားရုံအပါအဝင် တခြားစီးပွားရေးလုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ကုမ္ပဏီဝန်ထမ်းတွေသာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ဖြစ်လို့ အသွားအလာ အကန့်အသတ်မကြုံရပေမဲ့ လက်လုပ်လက်စားသောင်းချီ ရှိတဲ့ မြန်မာ(ရခိုင်)ရွာကြီးထဲမှာ နေထိုင်သူတွေဟာ ဆေးမထိုးရသေးလို့ ကန့် သတ်မှုတွေ ပိုကြုံနေရတယ်လို့ သိရပါတယ်။

    ကိုဗစ်-၁၉ ကပ်ရောဂါစဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်အတွင်း အရပ်သားအစိုးရက ရွှေတြိဂံကနေ နေရပ်ပြန်လိုတဲ့မြန်မာလုပ်သားတွေကို ပြန်ခေါ်ခဲ့တာမျိုးရှိပေမဲ့ စစ်ကောင်စီလက်ထက်မှာ တရားဝင်ပြန်ခေါ်တာမျိုးမရှိသေးဘူးလို့ အဲဒီက မြန်မာလုပ်သားတွေဆီကနေ သိရပါတယ်။

    ဝင်ငွေမရှိတာ၊ အသွားအလာကန့်သတ်ခံရတာတွေကြောင့် မြန်မာလုပ်သားတွေဟာ စစ်ကောင်စီက ဦးဆောင်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအစီအစဉ်နဲ့ တရားဝင် ပြည်တော်ပြန်ဖို့ စောင့်ဆိုင်းနေကြရတယ်လို့လည်း သိရပါတယ်။

  18. မြန်မာနိုင်ငံက ကိုဗစ်ရောဂါ ကူးစက်မှုဖြစ်ပွားနှုန်း အခြေအနေက ဘယ်လိုရှိလဲ

  19. ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း စစ်ကောင်စီကော်မရှင် ကြေညာ

    ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွှေးကောက်ပွဲ ရလဒ်တွေကို ပယ်ဖျက်လိုက်တယ်လို့ စစ်ကောင်စီခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

    ရွှေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်က မဲစာရင်းတွေကို မြို့နယ်အလိုက် စစ်ဆေးခဲ့ရာမှာ မဲ ၁၁ သန်း ၃ သိန်း ကျော် မှားယွင်းနေတာကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောသွားပါတယ်။

    မဲလက်မှက် ပျောက်တာတွေ မဲအပိုတွေ တွေ့ရသလို နိုင်ငံသားစိစစ်ရေး ကဒ်မပါဘဲ မဲပေးတာတွေ့ရပြီး NLDပါတီဟာ မလျော်သြဇာသုံးပြီး အာဏာရရှိရေးအတွက် လုပ်ဆောင်ခဲ့တာကို စိစစ်တွေ့ရတယ်လို့လည်း ပြောသွားပါတယ်။

    ဒါကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် သတ်မှတ်လို့မရတဲ့ အတွက် အခုလို ပယ်ဖျက်လိုက်တာလို့လည်း ထုတ်ပြန်သွားခဲ့ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ လွှတ်တော် သုံးရပ်မှာ ကိုယ်စားလှယ်လောင်း ၁၁၀၆ ဦး ဝင်ပြိုင်ပြီး ၉၂၀ ဦးအထိ စံချိန်တင် အနိုင်ရခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို NLD ဆူနာမီ လို့ အမည်တပ်ခဲ့ကြပြီး ပြိုင်ဘက် USDP ပါတီက ၂၀၁၅ လောက်ကို အနိုင်မရခဲ့ဘဲ တစ်နိုင်ငံလုံး နေရာ ၃၀ ကျော်ပဲ အနိုင်ရခဲ့ပါတယ်။

    USDP ပါတီက ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့ဘဲ ဘက်လိုက်မူကင်းပြီး မတရားနည်းနဲ့ မဲဆွယ်တာမရှိတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တပ်မတော်နဲ့ ပူးပေါင်းပြီး စည်းကမ်းကျတဲ့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံသူများ မန္တလေးမြို့တွင်အောင်ပွဲခံနေကြစဥ်

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံသူများ မန္တလေးမြို့မှာ ရွေးကောက်ပွဲအပြီး အောင်ပွဲခံနေကြစဥ်
  20. လန်ဒန် မြန်မာသံရုံး အကြီးအကဲသစ် ဗီဇာစောင့်ဆိုင်းနေတယ်လို့ စစ်ကောင်စီပြော

    မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ဖြစ်ခဲ့အပြီး ဗြိတိန်မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို ထုတ်ပယ်ခဲ့ပြီးနောက် သံရုံးအကြီးအကဲသစ်တစ်ယောက်ကို မြန်မာဘက်က ခန့်အပ်လိုက်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောခဲ့ပါတယ်။

    လက်ရှိမြန်မာသံရုံး အကြီးအကဲအသစ်ကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းအောင်ကျော်ကိုခန့်အပ်ထားပြီး ဖြစ်တယ်လို့ စစ်ကောင်စီဘက်က သတင်းမီဒီယာတွေကို ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့က ပြောပါတယ်။

    လန်ဒန်မြို့က မြန်မာသံရုံး အကြီးအကဲသစ် ခန့်အပ်မှုက အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး Ambassador E and P (Ambassador Extraordinary and Plenipotentiary) အဖြစ် Full-fledged ambassador အဆင့်ခန့်အပ်မှုမဟုတ်ဘဲ Ambassador အဆင့်ပဲ ဖြစ်ပါတယ်။

    ဒါကြောင့် အိမ်ရှင် ဗြိတိန်နိုင်ငံဘက်က သဘောတူအတည်ပြုမှု ရယူဖို့ မလိုပါဘူး။

    အရင်ဗြိတိန်သံအမတ်ကြီး ဦးကျော်စွာမင်းကို CDM လှုပ်ရှားမှုမှာ ပါလို့ဆိုပြီး အလုပ်ထုတ်ထားပြီး ဖြစ်တယ်လို့လည်း စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့ပါတယ်။

    သံရုံး အကြီးအကဲသစ် ဦးထွန်းအောင်ကျော်ဟာ ဗြိတိန်ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းနေပြီး ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး မခန့်အပ်မီကာလအတွင်း ဦးထွန်းအောင်ကျော် အနေနဲ့ သံရုံးယာယီတာဝန်ခံ /သံအမတ်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့လည်း စစ်ကောင်စီဘက်က ဒီက‌နေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    အခု ခန့်အပ်ခံရသူဟာ အရင် လေတပ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် ဖြစ်ပြီး တရုတ်နိုင်ငံမှာ သံအမတ်တာ၀န် ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက် ဖြစ်တယ်လို့ လန်ဒန် မြန်မာသံရုံး အသိုင်းအဝိုင်းက တစ်ဆင့် သိရပါတယ်။

    လန်ဒန် မြန်မာသံရုံး

    ဓာတ်ပုံ ရင်းမြစ်, Getty Images