သံတွဲ၊ရမ်းဗြဲအပါအဝင်ရခိုင် မြို့နယ်အချို့မှာရေကြီးလို့မိသားစုတွေရွှေ့ပြောင်းရ၊သံတွဲဆေးရုံမှာလည်း ရေဝင်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
ရခိုင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်းမိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် မြို့နယ်တချို့မှာ ရေကြီးလို့ အခက်တွေ့နေကြရတယ်လို့ ဒေသခံအချို့ကပြောပါတယ်
လတ်တလောမှာ ရေအများအပြားနစ်မြုပ်နေတဲ့မြို့နယ်တွေကတော့ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက သံတွဲမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တို့ဖြစ်ကြပြီး သံတွဲမြို့ပေါ်မှာတော့ နေရာပြောင်းရွှေ့ ထားရတဲ့မိသားစုတွေလည်းရှိနေတယ်လို့ သံတွဲမြို့ခံ ဦးသောင်းထွန်းကပြောပါတယ်။
သံတွဲမြို့ပေါ်မှာရှိတဲ့ ရပ်ကွက် ၁၁ ခုအနက် အမြင့်ပိုင်းရက်ကွက်တွေဖြစ်တဲ့ ရပ်ကွက် ၃-၄-၅ ကလွဲပြီး ကျန်တဲ့ရပ်ကွက် ၈ ခုမှာရေနစ်မြုပ်နေပြီး ပြောင်းရွှေ့ထားရတဲ့မိသားစုတွေကတော့ ဇရပ်တွေမှာဘဲ ယာယီခိုလှုံနေကြတယ်လို့ သိရပါတယ်။
တောင်ကျရေတွေပြည့်လျှံပြီး ရေတွေမြင့်တက်လာနေတဲ့အတွက် သံတွဲမြို့ နန်းချောင်းဓါတ်အားခွဲ စက်ရုံ လည်း ရေနစ်မြုပ်နေသလို မြို့တွင်းမှာရှိတဲ့ ဗို့အားမြင့် ထရန်စဖော်မာတွေလည်း ရေနစ်မြုပ်နေ တာ ကြောင့် ဇူလိုင် ၂၆ ရက် မနေ့ကနေ လျပ်စစ်မီးတွေကိုလည်း ဖြတ်တောက်ထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
အခုလိုရေကြီးရေလျှံဖြစ်နေတာဟာ မိုးရွာသွန်းမှုများပြားနေတဲ့အတွက် ရခိုင်ရိုးမပေါ်ကဆင်းလာတဲ့ တောင်ကျရေတွေကြောင့် သံတွဲချောင်းကိုလျှံတက်လာပြီးတော့ တစ်မြို့နယ်လုံး ရေကြီးနေတာဖြစ်တယ်လို့ဦးသောင်းထွန်းကပြောပါတယ်။
"ရေကြီးတဲ့အတွက် မိသားစု တစ်ဆယ်ကျော်လောက်တစ်နေရာပြီးတော့ နောက်တစ်နေရာမှာလည်း ပြောင်းရွှေ့နေရတာရှိတယ်။ ကယ်ဆယ်ရေးလုပ်တဲ့လူတွေကတော့ရှိတယ်။ ကြက်ခြေနီ ကလည်း နည်းနည်းပေါ့။ ဒီမှာက ကိုဗစ်ကိစ္စတွေကိုလည်း လုပ်နေရတော့ လူတွေကလည်း တော်တော်ကိုပင်ပန်း နေကြပါပြီ။ အခုမနက်ပိုင်းကတော့ အပြင်ကိုထွက်လို့မရတော့ အခြေအနေအတိအကျတော့ မသိရ သေးဘူး။"လို့ ဦးသောင်းထွန်းက ပြောပါတယ်။
သံတွဲနဲ့ ဂွမြို့နယ်ကိုဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာလည်း ရေပြည့်လျှံနေတဲ့အတွက်သွားလာရေးအခက်အခဲရှိတာကြောင့် ကားအသွားအလာတွေကိုလည်း ယာယီရပ်နားထားရ တယ်လို့ သိရပါတယ်။
လက်ရှိမှာ သံတွဲမြို့နယ်ဟာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုအများဆုံးမြို့နယ်တွေထဲပါဝင်ပြီး ပိုးတွေ့လူနာပေါင်း ၂၂၇ ရှိပြီဖြစ်ကာ လက်ရှိဆေးရုံပေါ်မှာ ကုသမှုခံယူနေရသူ ၆၈ ဦးရှိနေပြီး ကိုဗစ် လူနာ တွေကို ဆေးကုသမှုတွေပြုလုပ်ပေးနေတဲ့ သံတွဲခရိုင်ဆေးရုံကိုလည်း ရေတွေဝင်ရောက်နေပြီလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒါ့အပြင် ရမ်းဗြဲမြို့ပေါ်မှာလည်း ရပ်ကွက်ခြောက်ခုလုံး ရေနစ်မြုပ်နေပြီး နေရာပြောင်းရွှေ့ ထားရသူတွေ မရှိသေးပေမယ့် မိုးဆက်လက်ရွာသွန်းနေတဲ့အတွက် ဆက်ပြီးရေတက်လာနိုင်တဲ့ အခြေအနေရှိနေတယ်လို့ မြို့ခံတွေကပြောဆိုကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလည်း လတ်တလောမှာ ရေကြီးနစ်မြုပ်တာတွေမရှိသေးပေမယ့် မိုးရွာသွန်းမှု အားကောင်းနေဆဲ ဖြစ်တဲ့အတွက် လေးမြို့မြစ်နဲ့ ကုလားတန်မြစ်ရေမြင့်တက်လာ မှာကိုစိုးရိမ်နေကြရပြီး မြစ်ရေမြင့်တက်လာလို့ ရေနစ်မြုပ်မှုနဲ့ကြုံရလို့ရှိရင် လေးမြို့ကမ်းခြေတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေနဲ့မြို့ တွေမှာ မြေပြိုမှုအန္တရာယ်ဖြစ်ပွားမှာကိုလည်း စိုးရိမ် နေကြရတာဖြစ်ပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် လူတွေအပြင်ထွက်သွားလာမှုတွေ မလုပ်ရဲကြသလို အလုပ်အကိုင်တွေကိုလည်းရပ်နားထားကြရတဲ့အတွက် စားရေးသောက်ရေး အခက်အခဲ တွေဖြစ်နေကြတဲ့အချိန် အခုလိုရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားလာခဲ့ပါက ပိုမိုဆိုးရွာတဲ့ စားဝတ်နေရေး အခက် အခဲတွေကို ရင်ဆိုင်ရနိုင်တဲ့အခြေအနေ လည်းဖြစ်ပါတယ်။








