မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည် အဂတိမှုနဲ့ ထောင် ၅ နှစ်ချမှတ်ခံရ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာငွေတွေယူခဲ့တယ်ဆိုတဲ့အဂတိမှု စွပ်စွဲချက်အမှုမှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံလိုက်ရတယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    အဲဒီအမှုအတွက် အပြီးသတ်အမိန့်ကို ဒီနေ့ ဧပြီလ ၂၇ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အမိန့်ချလိုက်တာလို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကတော့ မဟုတ်မမှန်စွပ်စွဲခံရတာဆိုပြီး အခုလိုထောင်ဒဏ်ချမှတ်ခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုသလို အမှုအတွက် အယူခံဆက်တက်ဖို့ရှိတယ်ဆိုလို့လည်း ဘီဘီစီက သိရှိရပါတယ်။

    ဒီအမှုဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပ‌ဒေ ပုဒ်မ ၅၅ အရ စွဲဆိုခံရတဲ့အမှုလည်းဖြစ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်စုံစမ်းရေးအရာရှိတစ်ဦးက တရားလိုအဖြစ်တိုင်တန်းတဲ့အမှုလည်း ဖြစ်ပါတယ်။

    အမှုအတွက် ဦးဖြိုးမင်းသိန်းရော ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့ပါ တရားလိုဘက်က သက်သေအဖြစ် ထွက်ဆိုခဲ့ကြတာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုမှာ သူ့ကို စွပ်စွဲထားတာတွေဟာ အဓိပ္ပါယ်မရှိဘူးလို့ အစောပိုင်းကတည်းက ‌ပြောထားပါတယ်။

    ဦးဖြိုးမင်းသိန်း၊ ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, U Phyo Min Thein Facebook

  2. ငြိမ်းချမ်းရေးဆွေး‌နွေးပွဲကို NCA ၉ ဖွဲ့အထိ တက်နိုင်တယ်လို့ စစ်ကောင်စီပြောခွင့်ရပြော

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ထဲက ၉ ဖွဲ့အထိ တက်ရောက်နိုင်တဲ့အခြေအနေရှိတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ပြောလာပါတယ်။

    ဒီနေ့ ဧပြီလ ၂၇ ရက်မှာ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပြောလာတာဖြစ်ပါတယ်။

    NCA မှာ လက်မှတ်ထိုးထားတဲ့ဘယ်အဖွဲ့တွေဘက်က အကြောင်းပြန်ထားတယ်ဆိုတာမျိုးတော့ သူက အကျယ်တဝင့်မပြောသွားပါဘူး။

    NCA ကို လားဟူဒီမိုကရေက်တစ်အစည်းအရုံး၊ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ မွန်ပြည်သစ်ပါတီ၊ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(ဒီကေဘီအေ)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ချင်းအမျိုးသားတပ်ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ရခိုင်လွတ်မြောက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ တို့ ပါဝင် လက်မှတ်ရေးထိုးထားကြပါတယ်။

    ဒါ့အပြင် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ထဲက ၈ ဖွဲ့နဲ့ အဆက်အသွယ်ရထားပြီး အဆက်အသွယ်ရတဲ့အဖွဲ့တွေဟာ ငြိမ်းချမ်းရေးဆွေး‌နွေးပွဲကို တက်ရောက်နိုင်ချေရှိနေတယ်လို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

    ဗိုလ်ချုပ်ဇော်မင်းထွန်း

    ဓာတ်ပုံ ရင်းမြစ်, MRTV

  3. မင်္ဂလာပါ။ ဘီဘီစီရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု စာမျက်နှာသစ် စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတင်ဆက်ခဲ့တဲ့ သတင်းတွေကိုတော့ဒီစာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်။