မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မူဆယ်မှာ စစ်သားတွေလမ်းကြုံ တင်ခေါ်ခဲ့ရတဲ့ကား ပစ်ခတ်ခံရလို့ ရှမ်းလူငယ် ၂ ဦးသေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတင်းအကျပ်လမ်းကြုံတင်ခေါ်ဖို့ စေခိုင်းခံရတဲ့ကားဟာ လမ်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)ရဲ့ ပစ်ခတ်ခံရတာကြောင့် ကားပေါ်က ရှမ်းလူငယ် ၂ ဦး သေနတ်မှန်သေဆုံးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က မေလ ၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ကွတ်ခိုင်မြို့ကနေ မူဆယ်မြို့ကို ခရီးထွက်လာတဲ့ အဲဒီလူငယ်တွေရဲ့ကားကို ခြေလျင်တပ်မ ၉၉ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးက မူဆယ်မြို့ကနေ ၁၆ မိုင်အကွာ နမ့်ပေါ်တံတားအရောက်မှာ ဟန့်တားပြီး သူတို့ကို တင်ခေါ် ဖို့ စေခိုင်းခံခဲ့ရပြီးမှာ အခုလိုပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

    အဲဒီလူငယ်တွေရဲ့ကားကို TNLA က နားမွန်းကျေးရွာအုပ်စု၊ မော်တောင်းရွာအနီးမှာ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ် စိုင်းစံလှနဲ့ အသက် ၂၂ နှစ်အရွယ် စိုင်းဆိုင်ဟန်တို့ နှစ်ဦး မေလ ၄ ရက်မှာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာလို့ဆိုပါတယ်။

    ပစ်ခတ်မှုမှာ ကားတိမ်းမှောက်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးနီးပါးသေဆုံးခဲ့တယ်လို့လည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    သေဆုံးသူလူငယ်နှစ်ဦးလုံးဟာ ကျောက်မဲမြို့ကဖြစ်ပြီး စိုင်းစံလှမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်များကွန်ယက် (TYN)မှဦးဆောင်ကော်မတီ၀င်တစ်ဦးဖြစ်တယ်လို့လည်းဆိုပါတယ်။

    သေဆုံးသူတွေကို မေလ ၅ ရက်မှာ မူဆယ်မြို့မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, SHRF

    ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေကို မေလ ၅ ရက်မှာ မူဆယ်မြို့မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။
  2. ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဝတပ်အပါအဝင် လက်နက်ကိုင် ၉ ဖွဲ့တက်ဖို့ရှိတယ်လို့ စစ်ကောင်စီပြော

    နေပြည်တော်မှာ ၂၀၁၆ ခုနှစ်တုန်းက ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နေတဲ့ တပ်မတော်သားတွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ၂၀၁၆ ခုနှစ်တုန်းက ကျင်းပတဲ့ ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နေတဲ့ တပ်မတော်သားတွေ

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)နဲ့ ရှမ်းတပ်တွေအပါအဝင် လက်နက်ကိုင် ၉ ဖွဲ့အထိ တက်ဖို့ရှိတယ်ဆိုပြီး စစ်ကောင်စီပြောခွင့်ရသူက ဒီနေ့ မေလ ၉ ရက်ညနေပိုင်းမှာပြောပါတယ်။

    အဲဒီအဖွဲ့ ၉ ဖွဲ့ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ၆ ဖွဲ့နဲ့ ဝတပ်(UWSA)၊ မိုင်းလားအဖွဲ့ (NDAA)နဲ့ ရှမ်းမြောက်အဖွဲ့(SSPP)တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

    အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေထဲက ကရင်ငြိမ်းချမ်းရေးကောင်စီ(KNLA/PC)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားဒီမိုရေစီအကျိုးပြုတပ်(DKBA)နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့ တက်ရောက်ဖို့ရှိနေတာပါ။

    အပစ်ရပ်အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကျောင်းသားတပ်(ABSDF)တို့ကတော့ ဒီဆွေးနွေးပွဲကို မတက်ဘူးလို့ အစောပိုင်းကတည်းက အတည်ပြုထားပါတယ်။

    အပစ်ရပ်အဖွဲ့ထဲက လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)ကတော့ ဆွေးနွေးပွဲ တက် မတက်ဘူးလို့သိရပါတယ်။

    စစ်ကောင်စီဘက်က အပြောအရဆိုရင် ရှမ်းပြည်နယ်ထဲတပ်တွေဖြစ်တဲ့ ရှမ်းအရှေ့ မိုင်းလားအဖွဲ့(NDAA)၊ ရှမ်းမြောက်အဖွဲ့(SSPP)နဲ့ ရှမ်းတောင်အဖွဲ့(RCSS)တို့ အဲဒီအစည်းအဝေးပွဲကို တက်မယ်ဆိုပြီး အကြောင်းပြန်ထားကြတာဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ အပစ်ရပ်မှာလက်မှတ်ထိုးထားတဲ့အဖွဲ့တွေရော မထိုးထားတဲ့အဖွဲ့တွေကိုရော ဖိတ်ကြားခဲ့တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    တစ်ချိန်တည်းမှာပဲ ကချင်လွတ်မြောက်ရေးတပ်(KIO/KIA)၊ ကရင်နီတပ်(KNPP)တို့က တက်ရောက်မှာမဟုတ်ဘူပြောထားပေမဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့လို့သိကြတဲ့ ရက္ခိုင့်တပ်(AA)၊ တအာင်းပလောင်အဖွဲ့(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်(MNDAA)တို့ကတေ့ စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ် မှုကိုစောင့်ကြည့်သွားမယ်လို့ပြောထားပါတယ်။

  3. ခင်ဦးမြို့နယ် မြင်းကျရွာက နေအိမ်တွေ မီးရှို့ခံရ

    ခင်ဦးမြို့နယ် မြင်းကျရွာထဲက နေအိမ်တွေ မီးရှို့ခံရ

    ဓာတ်ပုံ ရင်းမြစ်, screengrab

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းကျရွာထဲက နေအိမ်တွေ မနေ့ မေလ ၈ ရက်ညပိုင်းမှာ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ‌ပြောလာပါတယ်။

    မြင်းကျရွာထဲကို စစ်ကောင်စီတပ်‌တွေ ဝင်ရောက်ချိန် နေအိမ် ၁၆ လုံး မီးရှို့ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီတပ်ဟာ မြင်းကျကျေးရွာအနီးမှာ မနေ့ညနေပိုင်းက ဖြစ်တဲ့တိုက်ပွဲအတွင်း ‌ဒေသကာကွယ်ရေးတပ်တွေဘက်ဆီကနေ လက်လုပ်သေနတ်တွေ၊ ဗုံးနဲ့မိုင်းတွေ သိမ်းမိခဲ့တယ်လို့ စစ်ကောင်စီဘက်ကသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်(telegram)ချန်နယ်တွေမှာ ရေးသားထားတာ‌‌‌တွေ့ရပါတယ်။

    ဒေသကာကွယ်ရေးတပ်တွေဘက်ကတေ့ မြင်းကျရွာကို မီးရှို့ပြီး ရေဦးမြို့နဲ့ ခင်းဦးကို အသွားအပြန်လုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကား‌‌‌တွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်ကျဆုံးမှုရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    အခုဆို ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေရဲ့မီးရှို့ဖျက်ဆီးတာခံရတဲ့နေအိမ်ပေါင်း တစ်ထောင့်လေးရာကျော်အထိရှိနေပြီလို့ ခင်ဦးနယ်အကူအညီပေးရေးအဖွဲ့က ပြောထားပါတယ်။

  4. စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ဆက်လက်စောင့်ကြည့်မယ်လို့ အေအေပြော, ညီနောင်မဟာမိတ် ၃ဖွဲ့လုံး သဘောထားအတူတူပဲလို့လည်း ဆို

    စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ဆက်လက်စောင့်ကြည့်မယ်လို့ အေအေပြော

    ဓာတ်ပုံ ရင်းမြစ်, AA

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်မှုကို ဆက်လက်စောင့်ကြည့်သွားမယ်ဆိုပြီး ရက္ခိုင့်တပ်တော်(အေအေ)ဘက်က ဒီနေ့ မေလ ၉ ရက်မှာပဲ ထုတ်ပြောလာပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေပေမဲ့ သူ့လက်အောက်ခံတပ်တွေဟာ နည်းမျိုးစုံနဲ့ပြဿနာဖန်တီးနေပြီး ရွာတွေကို အင်အားသုံးဝင်ရောက်ကာ ပြည်သူတွေကို ဒုက္ခပေးတာတွေ၊ ကုန်စည်စီးဆင်းမှုတွေကို ပိတ်ပင်မှုတွေကိုလုပ်နေတယ်လို့အေအေပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

    ဒီခြေအနေတွေဟာ စစ်ဖြစ်နေတဲ့ကာလထက်ကို ပိုပြီးတော့ ဆိုးရွားလာတာရှိတယ်လို့လည်း သူကဆိုပါတယ်။

    ‘’ဒီလုပ်ရပ်တွေက တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတည်ဆောက်ရေးကို ပျက်ပြားစေတဲ့လုပ်ရပ်ဖြစ်တယ်၊ ရန်လိုတဲ့အပြုအမူတွေဖြစ်တယ်၊ ဒါကြောင့်မို့လို့ ရှေ့ဆက်ပြီးဆွေးနွေးရေးကိစ္စတွေအတွက်ကတော့ အများကြီး အနှောင့်အယှက်အဟန့်အတားတွေဖြစ်တာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အနေနဲ့ကတော့ စောင့်ကြည့်သွားသွားရမယ့် အနေအထားလို့ ပြောလို့ရတာပေါ့’’ လို့ ခိုင်သုခက ပြောပါတယ်။

    မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့လို့သိကြတဲ့ အေအေ အပါအဝင် တအာင်းတပ်(TNLA)နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်(MNDAA)တို့ဟာလည်း အေအေနဲ့ သဘောထားအတူတူပဲလို့လည်း သူကဆိုပါတယ်။

    စစ်ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက် မတက် ဒီနေ့ မေလ ၉ ရက်မှာ နောက်ဆုံးထားအကြောင်းကြားဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေကို အကြောင်းကြားထားချိန် အေအေရဲ့ အခုပြောဆိုချက် ထွက်လာတာဖြစ်ပါတယ်။

    လက်ရှိမှာ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထဲက ၅ ဖွဲ့တက်ရောက်ဖို့ရှိပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO/KIA)၊ ကျောင်းသားတပ်(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ ကရင်နီ(KNPP)တို့ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ စာထုတ်ပြန်ထားကြပါတယ်။

  5. ကျောက်တော်မှာ စစ်ရှောင်စခန်းမီးလောင်မှု လူပေါင်းတစ်ထောင်ကျော် မီးဘေးသင့်

    မဟာမုနိဘုရားအနီးက မဟာမုနိကျေးရွာနဲ့ကပ်ရက်မှာရှိတဲ့ စခန်းတောင်ဘက် အဆောင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မဟာမုနိဘုရားအနီးက မဟာမုနိကျေးရွာနဲ့ကပ်ရက်မှာရှိတဲ့ စခန်းတောင်ဘက် အဆောင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ထဲက မဟာမုနိ စစ်ဘေးရှောင်စခန်းမှာ ဒီနေ့ မေလ မေလ ၉ ရက် ဒီကနေ့မနက် အစောပိုင်းမှာ မီးလောင်ခဲ့တာကြောင့် အဲဒီစခန်းမှာနေထိုင်တဲ့ စစ်ရှောင်တွေထဲက လူဦးရေ ၁၁၀၀ ကျော်ဟာ မီးဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

    စစ်ဘေးရှောင်စခန်းအတွင်းက နေအိမ်ပေါင်း ၄၃၀ ကျော်ထဲက ၂၆၀ ကျော် မီးထဲပါသွားခဲ့ပြီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။

    မီးဘေးဒုက္ခသည်တွေကိုတော့ အနီးမှာရှိတဲ့ စာသင်ကျောင်းမှာ ယာယီခိုလှုံခွင့်ပြုထားပြီး စခန်းမှာရှိတဲ့ ဆန်လက်ကျန်နဲ့ အလှုရှင်တွေဆီက ကောက်ခံလို့ရရှိတဲ့ ရိက္ခာတွေနဲ့ စားသောက်ရေးတို့အတွက် ဖြေရှင်းပေးထားတယ်လို့ အဲ့ဒီစခန်းကိုရောက်ရှိနေတဲ့ မြောက်ဦးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦထွန်းသာစိန်က ပြောပါတယ်။

    မဟာမုနိ စစ်ရှောင်စခန်းဟာ မီးလောင်မှုဟာ  အခုနှစ်အတွင်း ရခိုင်ပြည်နယ်ထဲက စစ်ရှောင်စခန်းတစ်ခု ဒုတိယအကြိမ်မြောက် မီးလောင်မှုဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မဟာမုနိ စစ်ရှောင်စခန်းဟာ မီးလောင်မှုဟာ အခုနှစ်အတွင်း ရခိုင်ပြည်နယ်ထဲက စစ်ရှောင်စခန်းတစ်ခု ဒုတိယအကြိမ်မြောက် မီးလောင်မှုဖြစ်ပါတယ်။

    မဟာမုနိဘုရားအနီးက မဟာမုနိကျေးရွာနဲ့ကပ်ရက်မှာရှိတဲ့ အဲဒီစခန်းရဲ့တောင်ဘက် အဆောင်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၃ နာရီလောက်မှာမီးငြိမ်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    လက်ရှိမှာလည်း ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းနေတဲ့အတွက် မီးဘေးကြောင့် အခက်အခဲကြုံနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် နေအိမ်တွေဆောက်လုပ်နိုင်ရေး အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ပြောဆိုပါတယ်။

    ရခိုင်မှာ အခုနှစ်အတွင်း စစ်ရှောင်စခန်းက ရာနဲ့ချီတဲ့နေအိမ်တွေ မီးလောင်တာ အခုတစ်ကြိမ်က ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဆောင်းတွင်းတုန်းကလည်း ‌မြောက်ဦးမြို့နယ်အတွင်းက အကြီးဆုံးစခန်းတစ်ခုဖြစ်တဲ့ တိမ်ညို စစ်ဘေးရှောင်စခန်းမှာ အလားတူ ညအချိန်မီးလောင်မှုဖြစ်ခဲ့ပါသေးတယ်။

  6. မလေးရှားကို ဝင်ဖို့ စောင့်နေတဲ့ လူပေါင်း ၉၀ နီးပါး ထိုင်းရဲဖမ်းမိထား

    လုံခြုံရေးယူနေတဲ့နရသီဝပ်ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လုံခြုံရေးယူနေတဲ့နရသီဝပ်ခရိုင်ရဲတပ်ဖွဲ့ဝင်တွေ

    မလေးရှားနိုင်ငံထဲကို တရားမဝင် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာ ၉၀ နီးပါးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုပြီး ထိုင်းကလာတဲ့သတင်းတွေအရ သိရပါတယ်။

    မြန်မာနိုင်ငံသား ၈၉ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း၊ နရသီဝပ်ခရိုင်ထဲက တက်ဘာမြို့ မှာဖမ်းမိခဲ့တာဖြစ်ပြီး မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ချိန်မှာ သုံးမယ့် ပစ်ကပ်ကား ၃ စီးကိုလည်း ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

    ''ဒီလူတွေဟာ မလေးရှားထဲဝင်နိုင်မယ့် အခွင့်ကောင်း စောင့်နေတယ်လို့သိရပြီး ရဲတပ်ဖွဲ့ဝင်စီးချိန်မှာ ထွက်ပြေးတဲ့ ကား ၄ စီးကို မောင်းတဲ့ထိုင်းယာဥ်မောင်း ၄ ဦးကို လိုက်ရှာနေပါပြီ'' လို့ ခရိုင်ရဲတပ်ဖွဲ့ဒုတိယအကြီးအကဲရဲ့ပြောကြားချက်ကို ကိုးကားပြီး ဘာနာမာသတင်းဌာနက သတင်းဖော်ပြပါတယ်။

    ထိုင်းအာဏာပိုင်တွေဟာ တရားမဝင်လူကုန်ကူးမှုတိုက်ဖျက်ဖို့ နယ်စပ်တွေမှာ ကင်းလှည့်တာတွေတိုးလုပ်သွားမယ်ဆိုပြီး နရသီဝပ်ခရိုင်အတွက် စစ်တပ်အကြီးအကဲက ပြောထားပါတယ်။

    ဒါ့အပြင် မလေးရှားနိုင်ငံအနောက်မြောက်ပိုင်းက ဆိပ်ကမ်းမြို့ Pasir Masမှာ မနေ့ မေလ ၈ ရက်မနက်တုန်းက ဆိပ်ခံတံတားတွေကနေတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၀ ကျော်ကို ဗန်ကားတစ်စီးထဲမှာ မလေးရှားရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။

  7. မြောင်အလယ်ပိုင်းရွာတွေထဲ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ရွာခံတွေထွက်ပြေးနေရ, ချင်းတွင်းမြစ်ဝှမ်းဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောကိုတိုက်ခိုက်ခဲ့တယ်လို့ မြောင် PDF ပြော

    MSPDF

    ဓာတ်ပုံ ရင်းမြစ်, MSPDF

    ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက်ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတိုက်ခိုက်ခံရတဲ့ မြင်ကွင်း။

    ပြီးခဲ့တဲ့မေလ (၇)ရက်၊ မနက်ပိုင်းမှာ ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက်ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတစ်စီးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြောင် PDF က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ထိခိုက်မှုများတယ်လို့ ဆိုပါတယ်။ တခါ စစ်သင်္ဘောတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဒီကနေ့ မနက် (၁၁)နာရီဝန်းကျင်အထိတစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

    အဲဒီနောက် ဒီကနေ့မေလ ၉ရက် မနက်ပိုင်းမှာတော့ မြောင်ဒေသအတွင်း စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ငါးရံ့အူ၊ ပန်းညိုစတဲ့ ရွာတွေဘက် ဝင်ရောက်တာကြောင့် ဒေသခံတွေ ကြိုတင်တိမ်းရှောင်နေကြတယ် ရွာခံတွေကပြောပါတယ်။

    "လောလောဆယ်ကသူတို့ကတောထဲမှာပန်းညိုဘက်ဝင်မယ့်သဘောရှိနေတော့၊ ငါးရံ့အူ၊ပန်းညိုအဲ့ရွာတွေက ၂မိုင်ပတ်လည်ရွာတွေအကုန် ကြိုရှောင်ကြတာပဲ။ မပြေးနိုင်လို့ ရွာထဲကျန်နေခဲ့တဲ့သူ ကျောင်းတွေထဲနေခဲ့တဲ့သူတွေကို တွေ့ရင် စုဝေးခိုင်းပြီး ဒီလိုရွာတွေဝင်ရတာ PDF တွေရှိလို့ပါလို့ဝါဒဖြန့်တဲ့သဘောပြောမယ်။ တစ်ရွာအနည်းဆုံး တစ်အိမ် မီးရှို့ တယ်၊ တချို့ရွာသားတွေအဖမ်းခံရတာရှိတယ်" လို့ မြေပြင်အခြေအနေသိရှိသူ မြောင်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြောင်နယ်ကို စစ်ကြောင်းနှစ်ကြောင်းခွဲကာ မေလအစကစပြီး ဝင်ရောက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မေလ (၆)ရက်မှာ မြစ်ဆုံရွာက နေအိမ် (၉)အိမ်၊ မေလ (၇)ရက်မှာ ရွှေလှံရွာက (၂)အိမ်၊ ‌မနေ့မေလ (၈)ရက်မှာ ငါးရံ့အူရွာက (၂)အိမ်နဲ့ မင်းလှရွာက (၁)အိမ် နေ့စဉ်လိုလိုမီးရှို့ခံရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

  8. အာဏာသိမ်းစစ်တပ်ရန်က ထွက်ပြေးခဲ့ရတဲ့ အိန္ဒိယရောက် မြန်မာများ

    အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ချင်းတိုင်းရင်းသားတွေ

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, အိန္ဒိယနယ်စပ်ဘက်ကို ထွက်ပြေးခဲ့ကြရတဲ့ချင်းတိုင်းရင်းသားတွေ

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ‌ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းခံရတာနဲ့ ‌‌‌နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူတွေထဲမှာ ချင်းပြည်နယ်မှာ နေထိုင်သူတွေလည်းပါဝင်ပါတယ်။

    ချင်းပြည်နယ်ဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့နယ်စပ်ချင်းထိစပ်နေတာဖြစ်လို့ လက်ရှိမှာ ထောင်နဲ့ချီတဲ့ ချင်းဒေသခံတွေဟာ မီဇိုရမ်ပြည်နယ်ထဲမှာ ခိုလှုံနေကြပါတယ်။

    အိန္ဒိယ-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေနဲ့ တော်လှန်ရေးတပ်သားတွေကို ဘီဘီစီက သွားရောက် တွေ့ဆုံထားတဲ့ရုပ်သံကို ဒီလင့်ခ် ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  9. စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ KNU ပြော, လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး ဆွေးနွေးပွဲသာဖြစ်သင့်တယ်လို့လည်းဆို

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးဖိတ်ခေါ်မှုဟာ ကန့်သတ်ဖိတ်ကြားမှု ပုံစံဖြစ်ပြီး သက်ဆိုင်ပတ်သက်သူတွေအားလုံး ပါဝင်နိုင်တဲ့အခင်းအကျင်းမရှိတာကြောင့် ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သဘောထားထုတ်ပြန်လာပါတယ်။

    ကန့်သတ်ဖိတ်ကြားမှုပုံစံဖြစ်တာကြောင့် ဖိတ်ကြားမှုမှာမျှော်မှန်းထားသလို ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးရဖို့နဲ့ လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်တာကြောင့်လိုလည်း ကေအဲန်ယူရဲ့ မေလ ၉ ရက် ထုတ်ပြန်ချက်က ဆိုပါတယ်။

    ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ အဖြေရှာတာ၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ နိုင်ငံရေးမှာ တပ်မတော်က မပါဝင်တော့တာ၊ နောက် အသွင်ကူးပြောင်းရေးကာလမှာ တရားမျှတမှုကို လက်ခံတာ၊ တန်းတူညီမျှတဲ့စွာတွေ့ဆုံဆွေးနွေးလိုတာတွေအပြင် ဆွေးနွေးမှုအဆင့်ဆင့်တွေမှာ နိုင်ငံတကာကို လေ့လာသူအဖြစ်၊ အကျိုးဆောင်အဖြစ်နဲ့ သက်သေတွေအဖြစ် ပါဝင်တွေစေတာမျိုးလို ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဥ်အသစ်ဟာ ဆွေးနွေးဖက်တွေကြားမှာ ရှိသင့်တယ်လို့လည်း ကေအဲန်ယူဘက်က အကြံပြုပါတယ်။

    လက်ရှိမှာ နိုင်ငံအနှံ့မှာ ဖြစ်နေတဲ့ တိုက်ပွဲနဲ့ စစ်ပွဲတွေကြောင့် လူသားချင်းစာနာမှုအကျပ်အတည်း ဖြစ်ပေါ်နေစေပြီး လက်တလော စစ်ကောင်စီနဲ့ဆွေးနွေးညှိနှိုင်းမှုဟာ လူထုအတွက် လူသားချင်းစာနာမှု အကူအညီ ဝင်ရောက်ခွင့်နဲ့ အရေးပေါ် အကူအညီပေးရေးဆိုင်ရာဆွေးနွေးပွဲတွေသာ ဖြစ်သင့်တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ လွယ်ဒိုးမြို့နယ်ထဲက တဒွီးခိုကျေးရွာမှာ မေလ ၇ ရက်တုန်းက စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရသွားခဲ့တဲ့အမျိုးသမီး ၂ ဦးထဲ က တစ်ဦးသေဆုံးခဲ့တယ်လို့ ကေအဲန်ယူအာဘော် မူတြော်သတင်းမှာဖော်ပြပါတယ်။

    ကေအဲန်ယူဘက်ကတော့ တိုက်ပွဲကြောင့်ဖြစ်လာတဲ့ စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ စစ်ကောင်စီအနေနဲ့ တပ်စခန်းအချို့နဲ့ အင်အားဖြန့်ကြက်တာတွေကို ပြန်ရုတ်သိမ်းဖို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်ဘူးလို့ KNU ပြော

    ဓာတ်ပုံ ရင်းမြစ်, Mutraw News

  10. မုန်တိုင်းအာစန်နီရဲ့အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ပြည်နယ်တချို့မှာ မိုးကြီးနိုင်

    မိုးဇလ

    ဓာတ်ပုံ ရင်းမြစ်, မိုးဇလ

    ဓာတ်ပုံ ပုံစာ, ဒီကနေ့ မေလ (၉)ရက်မနက်၊ မိုးဇလထုတ်ပြန်ချက်။

    ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း အာစန်နီဟာ လက်ရှိမှာအဝါရောင်အဆင့်ဖြစ်ပြီး မြန်မာနိုင်ငံဘက်ကို ဦးတည်ရွှေ့လျားမယ့် အခြေအနေမရှိပေမဲ့ ဒီမုန်တိုင်းအရှိန်ကြောင့် နောက်နှစ်ရက်အတွင်း မိုးပိုလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မနေ့မေလ (၈)ရက် ညပိုင်းက သတင်းထုတ်ပြန်ပါတယ်။

    ဒီမုန်တိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ ‌‌ဒေသအလိုက်ရေမိုင်တွေအပြင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့အနောက်တောင်ဘက် ရေမိုင် (၃၆၀)မိုင်ခန့်နဲ့ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့ ဒီကနေ့မေလ (၉)ရက်၊ မနက်ပိုင်းက မိုးဇလရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

    ဒါကြောင့် ဒီကနေ့ညနေပိုင်းအထိခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ မိုးရွာသွန်းနိုင်ချေ (၈၀)ရာခိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။

    မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလည်း ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းကျချိန် ရေပြင်၊ မြေပြင်လေဟာ တစ်နာရီကို မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၈)ပေကနေ (၁၂)ပေခန့်ရှိ နိုင်တယ်လို့ မိုးဇလက ပြောပါတယ်။

    ဆိုင်ကလုန်းမုန်တိုင်းအာစန်နီဟာ မေလ (၁၀)ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ သူနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းလွန် ဩရိဿကမ်းခြေ)ကိုရောက်ရှိနိုင်ပြီး အဲ့ဒီကတဆင့် မြောက် - အရှေ့မြောက်ဘက်ကို ကွေ့ကာ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း (အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းလွန်)ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

    ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းကလည်း မြန်မာနိုင်ငံကို ဦးတည်ပြီး မုန်တိုင်းတစ်ခုဖြစ်ပေါ်ခဲ့ကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပြီး မုန်တိုင်းအာစန်နီ လို့ သတင်းရေးသားဖော်ပြမှုတွေရှိခဲ့ပါတယ်။

    ဒါပေမဲ့ မြန်မာနိုင်ငံကိုဦးတည်တဲ့ ဒီမုန်တိုင်းဟာ အားကောင်းသောမုန်တိုင်းငယ်အဖြစ်သာဖြစ်ခဲ့ပြီး ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို မရောက်ရှိခဲ့ဘဲ အားပျော့ပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

    ဒါကြောင့် အဲ့ဒီမုန်တိုင်းငယ်ကို အာစန်နီလို့ နာမည်မပေးခဲ့ဘဲ အခုတကြိမ် အိန္ဒိယနိုင်ငံကိုဦးတည်နေတဲ့ မုန်တိုင်းဟာ ဆိုင်ကလုန်းအဆင့်ဖြစ်လာတာကြောင့် အာစန်နီလို့ ခေါ်ဝေါ်တာလို့ မိုးလေဝသပညာရှင်အသိုင်းအဝိုင်းကသိရပါတယ်။

  11. အေအေနဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီက ရှာဖွေမှုတွေလုပ်၊ စစ်တွေက အုပ်ချုပ်ရေးမှူးအချို့ ဖမ်ဆီးခံရ

  12. စစ်ကောင်စီက ငွေစက္ကူရိုက်ဖို့ ကုန်ကြမ်းတွေဆက်ရနေ

  13. ဟားခါး-ဖလမ်းလမ်းပေါ်က စစ်ကောင်စီယာဥ်တန်း ရက်ဆက် တိုက်ခိုက်ခံရ

    ပြီးခဲ့တဲ့မေလ ၄ ရက်တုန်းက ဖလမ်းမြို့နယ်ရှိ ရမ်ထလိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်အချို့ မီးရှို့ခံခဲ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့မေလ ၄ ရက်တုန်းက ဖလမ်းမြို့နယ်ရှိ ရမ်ထလိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် နေအိမ်အချို့ မီးရှို့ခံခဲ့ရပါတယ်။

    ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါး - ဖလမ်းလမ်းတစ်လျှောက် မောင်းလာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်းကို ချင်းကာကွယ်ရေးတပ်တွေက မေလ ၄ ရက်နဲ့ ၆ ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ချင်းအမျိူးသားအဖွဲ့ချူပ်(CNO) က သတင်းထုတ်ပြန်လာပါတယ်။

    တင့်ကား ၂ စီးနဲ့နောက်ထပ် စစ်ကောင်စီအင်အား ၁၇၀ ပါတဲ့ အဲဒီယာဥ်တန်းဟာ ဟားခါးမြို့ကနေ ဖလမ်းဘက်ကို မေလ ၂ ရက်ကတည်းက ထွက်ခွာလာတာဖြစ်ပြီး အဲဒီယာဥ်တန်းကို ချင်း‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၃ ရက်နေ့ ကတည်းက တိုက်ခိုက်နေတာဖြစ်ပါတယ်။

    CNO ဟာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ပူးပေါင်းပြီးအဲဒီယာဥ်တန်းကို မေလ ၄ ရက်မှာ ဒေါက်ထက်ကျေးရွာ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ချိန် စစ်ကောင်စီဘက်က ၆ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

    နောက် မေလ ၆ ရက်မှာလည်း တားလ်ကျေးရွာအကျော်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ပဒေသာမိုင်းနဲ့ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က ကျဆုံးဒဏ်ရာရသူရှိခဲ့တယ်လို့လည်း CNO ဘက်က သတင်းထုတ်ပြန်ပါတယ်။

    ဟားခါး-ဖလမ်း လမ်းတစ်လျှောက်မှာ တိုက်ပွဲဖြစ်တဲ့ကျေးရွာတွေကိုထဲက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့လည်း ‌ချင်းကာကွယ်ရေးတပ်တွေဘက်က အစောပိုင်းကတည်းက ပြောထားပါတယ်။

  14. ဖရူဆိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရ

    ဖရူဆိုမြို့နယ်ထဲ စစ်ကောင်စီရဲ့ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရ

    ဓာတ်ပုံ ရင်းမြစ်, social media

    ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ယာဥ်တန်းကို မနေ့ မေလ ၇ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အသေအပျောက်ရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ဘေ်လခဲမြို့ကနေ ထွက်လာတဲ့ စစ်ကားအစီးရေ ၂၀ ကျော်ပါ အဲဒီယာဥ်တန်းကို လောကျေခူ ကျေးရွာအနီးမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

    ၂ နာရီကြာတဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ စစ်ကား ၄ စီးကို မီးရှို့နိုင်ခဲ့သလို စစ်သား ၁၅ ဦးသေဆုံးတယ် ဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    အဲဒီနောက် မနက် ၁၁ နာရီခန့်မှာ ကူဖို့ရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုက်ပွဲထပ်ဖြစ်တာကြောင့် စစ်ကောင်စီဘက်က အကျအဆုံးထပ်ရှိခဲ့သလို ၂ ဦးကို အရှင် ဖမ်းမိခဲ့တယ်လို့လည်း ကရင်နီအင်အားစုတွေဘက်က ပြောပါတယ်။

    စစ်ကောင်စီဘက်က ဒီသတင်းနဲ့ပတ်သက်ပြီး သတင်းတစုံတရာ မထုတ်ပြန်သေးပေမဲ့ စစ်ကောင်စီ သတင်းတွေကို ဖော်ြပနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ တိုက်ခိုက်မီးရှို့ခံရတာဟာ စစ်ကောင်စီတပ်ရဲ့ထောက်ပို့ယာဥ်တန်းက ကားတွေဖြစ်တယ်လို့ ရေးသားနေကြပါတယ်။

  15. စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ အပစ်ရပ်အဖွဲ့တွေထဲက ၅ ဖွဲ့ တက်မယ်, ကျောင်းသားတပ်(ABSDF)က စစ်ကောင်စီရဲ့ဆွေးနွေးပွဲကိုမတက်ဘူးလို့စာထုတ်

    နေပြည်တော်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နေပြည်တော်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး(NCA)စာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ၅ ဖွဲ့ကတက်မယ်ဆိုပြီး အပစ်ရပ်၁၀ဖွဲ့ စုဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့(PPST) ဘက်က ပြောပါတယ်။

    ပြီးခဲ့တဲ့ မေလ ၆ ရက် နဲ့ ၇ ရက် တွေမှာ ပြုလုပ်ခဲ့တဲ့ PPST အထူးအစည်းအဝေးမှာ သက်ဆိုင်ရာအဖွဲ့တွေက တစ်ဖွဲ့ချင်းသဘောထားမှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

    "အဲဒီအထူးအစည်းအဝေးမှာ စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဘယ်လိုသဘောထားရှိကြလဲဆိုပြီး အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြတယ်။ တက်မယ်လို့ သဘောထားပေးတဲ့ အဖွဲ့က ၅ ဖွဲ့ရှိတယ်။ ကျန်တဲ့အဖွဲ့တွေက သူတို့အဖွဲ့တွေမှာ ဗဟိုကော်မတီ အစည်းအဝေးထိုင်ဖို့ရှိတော့ သဘောထားမပေးနိုင်တဲ့အဖွဲ့ရှိသလို အချို့အဖွဲ့တွေကလည်း လက်ရှိအဖွဲ့အစည်းထဲမှာ မအားလပ်လို့ တက်ရောက်ဖို့ အဆင်သင့်မဖြစ်လို့ မတက်ဘူးဆိုတဲ့ သဘောထားမှတ်ချက်ပေးတဲ့အဖွဲ့တွေလည်းရှိတယ် "လို့ PPST ‌ပြောခွင့်ရသူက ပြောပါတယ်။

    တက်ရောက်ဖို့သဘောထားပေးတဲ့အဖွဲ့တွေက မွန်ပြည်သစ်(NMS)၊ KNU - KNLA /PCငြိမ်းချမ်းရေးကောင်စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)တို့ ဖြစ်ပါတယ်။

    တဖက်မှာလည်း စစ်ကောင်စီဟာ PPST တစ်ဖွဲ့လုံးအနေနဲ့မဟုတ်ဘဲ အပစ်ရပ် အဖွဲ့ဝင် တစ်ဖွဲ့ချင်းစီကို ဖိတ်ခေါ်စာပို့ခဲ့တာဖြစ်ပါတယ်။

    စစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တန်းတူရည်တူ ဆွေးနွေးအဖြေရှာဖို့ ပြည့်စုံလုံလောက်တဲ့အခင်းအကျင်းမဟုတ်လို့ ဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးဆိုပြီးတော့ အပစ်ရပ်လက်မှတ်ထိုးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျောင်းသားတပ်(ABSDF)က ဒီနေ့ မေလ ၈ ရက်မှာပဲ စာထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီဘက်ကတော့ သူတို့ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို တက်မတက် မနက်ဖြန်မေလ ၉ ရက်မှာ နောက်ဆုံးထားပြီး အကြောင်းကြားဖို့ ဖိတ်ခေါ်ထားသလို တစ်ဖွဲ့ချင်းစီအနေနဲ့ရော အစုအဖွဲ့အလိုက်ပါဆွေးနွေးမယ်လို့ ပြောထားတာဖြစ်ပါတယ်။

    ဒါ့ပြင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း အဲဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို သူကိုယ်တိုင် တက်ရောက်ဆွေးနွေးမယ်လို့ ပြောထားပါတယ်။

    ဒါပေမဲ့ စစ်ကောင်စီရဲ့ အခုဖိတ်ခေါ်မှုဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းမဟုတ်လို့ တက်ရောက်မှာ မဟုတ်ဘူးဆိုပြီး ကချင်လွတ်မြောက်ရေးတပ်(KIO/KIA)၊ ကရင်နီ (KNPP)နဲ့ ချင်းအမျိုးသားတပ်ဦး(CNF)တို့က အစောပိုင်းကတည်းက စာထုတ်ထားပါတယ်။

    စစ်ကောင်စီဘက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်ထားတဲ့အဖွဲ့တွေကိုရော၊ အပစ်ရပ်လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကိုရော ဖိတ်ထားပြီး အဲဒီထဲက အတော်တော်များများ ဆွေးနွေးပွဲ တက်ရောက်နိုင်ချေရှိတယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    ဒါပေမဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့လို့သိကြတဲ့ ရက္ခိုင့်တပ် (AA)၊ တအာင်းပလောင်အဖွဲ့(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်(MNDAA)တို့အပြင် ရှမ်းတပ်ဖွဲ့တွေဖြစ်ကြတဲ့ RCSSနဲ့ SSPP၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ ဝ တပ် (UWSA)တို့ကတော့ သဘောထားမှတ်ချက်တစုံတရာ မထုတ်ပြန်ကြသေးပါဘူး။

  16. တနင်္သာရီမြို့နယ်၊ ထုံခါအကျဉ်းစခန်းကို PDF အဖွဲ့တွေဝင်ရောက်စီးနင်းခဲ့တယ်လို့ဆို

    Tanintaryi Defense Force

    ဓာတ်ပုံ ရင်းမြစ်, Tanintaryi Defense Force

    ဓာတ်ပုံ ပုံစာ, ထုံခါအကျဉ်းစခန်းမြင်ကွင်း။

    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု ထုံခါရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ဘဝသစ်၊ အမှတ်(၄)ရဲဘက်အကျဉ်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီကနေ့ မေလ ၈ရက် မနက် (၅)နာရီလောက်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

    မိနစ် (၂၀)နီးပါးအထိ အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့ကာ (၄)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မြိတ်ခရိုင်) တပ်ရင်း (၂)ရဲ့ ဒီကနေ့ ထုတ်ပြန်စာမှာဖော်ပြထားပါတယ်။

    ဒီဖြစ်စဉ်ကြောင့် ကာကွယ်ရေးအဖွဲ့ ဘက်က တစ်ဦးသေဆုံးခဲ့ပြီးအရပ်သားပြည်သူတော့ထိခိုက်တာမရှိဘူးလို့ဆိုပါတယ်။

    ထုံခါအကျဉ်းစခန်းဟာ ရေဖြူစစ်ဗျူဟာနဲ့သုံးမိုင်အကွာမှာရှိတဲ့ အကျဉ်းစခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ ထုံခါအကျဉ်းစခန်းဖြစ်စဉ်နဲ့ပတ်သက်လို့သတင်း ထုတ်ပြန်တာမရှိသေးဘူး။

  17. တောင်ကလေး အကျဥ်းထောင်က နိုင်ငံရေးသမားတွေနဲ့ကျောင်းသားတွေကို ထောင်ပြောင်းရွှေ့ တယ်လို့ ဘားအံကျောင်းသားကွန်ရက်ပြော

    တောင်ကလေး အကျဥ်းထောင်က နိုင်ငံရေးသမားတွေနဲ့ကျောင်းသားတွေကို ထောင်ပြောင်းရွှေ့ တယ်လို့ ဘားအံကျောင်းသားကွန်ရက်ပြော

    ဓာတ်ပုံ ရင်းမြစ်, CJ

    ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တောင်ကလေးအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ ကျောင်းသား၊ကျောင်းသူ အကျဉ်းသားတွေအပါအဝင် ၆၀ ကျော်ကို ဒီကနေ့ မေလ ၈ရက် မနက်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းစခန်းကို ထောင်ပြောင်းရွှေ့ထုတ်တယ်လို့ ဘားအံကျောင်းသားကွန်ရက်အဖွဲ့ ကပြောပါတယ်။

    ''ဒီနေ့မနက် ၅ နာရီဝန်းကျင်လောက်က ထောင်ပြောင်းလိုက်တာပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ထောင်ဆူပူမှုကြောင့် တိုက်ပိတ်ခံကြရတယ်။ နောက် ထောင်တွင်းဆန္ဒပြမှုတွေအစဥ်တစိုက် ပြုခဲ့တဲ့အတွက်လို့လည်းယူဆရပါတယ်'' လို့ ဘားအံကျောင်းသားကွန်ရက်အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    အကျဥ်းသားထောင်​ပြောင်းထုတ်ချိန်မှာ နိုင်ငံရေးအကျဥ်းသားတွေက သွေးသစ္စာသီချင်းဆိုပြီး မလိုက်ချင်ကြောင်း ထုတ်ဖော်ပြောဆိုမှုတွေလည်းရှိခဲ့တာကြောင့် ထောင်အာဏာပိုင်တွေနဲ့ အခြေအတင်ပြောဆိုမှုတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

    မနက် ၉ နာရီကနေ အခုနေ့လယ်ပိုင်းအထိ ဘားအံထောင်တွင်း အကျဥ်းကျ အဆောင်တွေမှာ ဆန္ဒထုတ်ဖော်တာတွေဆက်ရှိနေတယ်လို့သိရပါတယ်။

    ဘားအံအကျဉ်းထောင်က ဆယ်နဲ့ချီတဲ့အကျဉ်းသာတွေကို အခုလိုထောင်ပြောင်းရွှေ့ တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ပတ်သက်ပြီး ဘီဘီစီက အကျဉ်းဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး ဦးခင်ရွှေကို ဆက်သွယ်ပေမဲ့ အခုနေ့လယ်ပိုင်းအထိ တယ်လီဖုန်းမကိုင်သေးပါဘူး။

  18. ရှားတောမြို့နယ်ထဲ ကရင်နီတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊, စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ကရင်နီတပ်ပြော

    ကရင်နီတပ်(KA) ပတ်စဥ် ၇၁ သင်တန်းဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, KA

    ဓာတ်ပုံ ပုံစာ, ကရင်နီတပ်(KA) အပတ်စဥ် ၇၁ သင်တန်းဆင်းပွဲ

    ကယား(ကရင်နီ)ပြည်နယ်၊ ရှားတောမြို့နယ် အရှေ့ဘက်ခြမ်းက သံလွင်မြစ်ဘေးမှာ စစ်ကောင်စီတပ်နဲ့ ဒီနေ့ မေလ ၈ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တယ်ဆိုပြီး ကရင်နီတပ်မတော်(KA)က သတင်းထုတ်ပြန်လာပါတယ်။

    သံလွင်မြစ်ဘေး တာတမောစခန်းမှာရှိတဲ့ အမှတ် ၄၂၈ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

    အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် ၆ ဦးသေဆုံးတယ်လို့ ကရင်နီတပ်ဘက်က သတင်းထုတ်ပြပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအအတည်မပြုနိုင်သေးပါဘူး။

    နှစ်ဆန်းပိုင်းတုန်းကလည်း ရှားတောမြို့နယ်ထဲမှာ နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်ရှိတယ်လို့ ကရင်နီတပ်ဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

    ကရင်နီတပ် အခြေစိုက်စခန်းရှိရာ ရှားတောမြို့နယ်ထဲက စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

  19. နယူးယောက်မြို့က မြန်မာ့နွေဦးတော်လှန်ရေးနေ့ Second Wave

    နယူးယောက်မြို့က မြန်မာ့နွေဦးတော်လှန်ရေးနေ့ Second Wave

    ဓာတ်ပုံ ရင်းမြစ်, Kyaw Soe Latt

    ဓာတ်ပုံ ပုံစာ, မြန်မ့ာဒီမိုကရေစီအရေး ရပ်တည်ပေးကြဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြ

    အမေရိကန်ပြည်ထောင်စု၊ နယူး‌ယောက်ခ်မြို့မှာ ပြည်ပရောက်မြန်မာပြည်ဖွားတိုင်းရင်းသားတွေစုပေါင်းပြီးကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့ Second Wave အမည်နဲ့ ဆန္ဒထုတ်ဖော်နေမှု ပြုလုပ်သွားပါတယ်။

    အဲလို ဆန္ဒထုတ်ဖော်တာကို မေလ ၇ ရက်နဲ့ ၈ ရက်မှာ ၂ ရက်ကြာပြုလုပ်သွားတာပါ။

    မြန်မာပြည်တွင်းက စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဒီဆန္ဒထုတ်ဖော်တာကို နယူးယောက်မြို့က မြန်မာအသိုင်းအဝိုင်း(NYCBC)အဖွဲ့ကဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။

    ပြည်သူ့ဆန္ဒကို အလေးထားဖို့နဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတွေကို ပါဝင်သူတွေက ကြွေးကြော်ခဲ့ကြပါတယ်။

    မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းထားတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပေမဲ့ ပြည်တွင်း ပြည်ပမှာတော့ စစ်အာဏာသိမ်းဆန့်ကျင်တဲ့ဆန္ဒထုတ်ဖော်မှုတွေဆက်ရှိနေပါတယ်။