မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေပြဋ္ဌာန်းတယ်လို့ CRPH သတင်းထုတ်ပြန်

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစ ဖေဖော်ဝါရီ (၁၀)ရက်၊ လွိုင်ကော်မြို့ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်လာစဉ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပေးပို့လာတဲ့ "ပြည်သူ့ရဲတပ်ဖွဲ့ ဥပဒေ"ကို ပြည်ထောင်စုလွှတ်တော် CRPH က အတည်ပြုပြဋ္ဌာန်းလိုက်တယ်လို့ မနေ့ မေလ (၃)ရက်မှာသတင်းထုတ်ပြန်လာပါတယ်။

    အာဏာသိမ်းစစ်အုပ်စုကို ဥပဒေနဲ့အညီထိထိရောက်ရောက်အရေးယူနိုင်ရေး၊ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကနေ ပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ ဥပဒေမဲ့ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ မီးရှို့ဖျက်ဆီးမှု၊ လုယက်မှုနဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခဲ့တာတွေ ကို ဖော်ထုတ်အရေးယူနိုင်ရေး၊ အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီနဲ့လက်အောက်ခံဝန်ထမ်းတွေက နိုင်ငံတော်ပိုင်မြေပေါ်၊ မြေအောက် သဘာဝသယံဇာတတွေကို ကိုယ်ကျိုးအတွက် လုပ်ပိုင်ခွင့်အာဏာကိုအသုံးပြုပြီးအလွဲသုံးစားပြုလုပ်ထားရှိမှုတွေကိုဖော်ထုတ်ပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေးတို့အပြင် ပြည်သူအချင်းချင်းကြား ဒုစရိုက်မှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လူထုနဲ့ပူးပေါင်းပြီး တားဆီးနိုင်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးယုံကြည်အားကိုးလက်ခံတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်ပြီးအခြေခံပြုပုံဖော်ကာပြည်သူတွေအပေါ် ဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးတဲ့ ပြည်သူလေးစားတန်ဖိုးထားတဲ့ ရဲတပ်ဖွဲ့ပေါ်ပေါက်လာစေဖို့ ရည်ရွယ်တယ်လို့ အချက် (၅)ချက်နဲ့ ဒီရဲတပ်ဖွဲ့ဥပဒေမှာ ‌ဖော်ပြ ပါတယ်။

    ဒီပြည်သူ့ရဲတပ်ဖွဲ့မှာ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပါဝင်တဲ့ရဲတပ်ဖွဲ့ဝင်တွေ၊ အာဏာသိမ်းမှုမတိုင်ခင်ကအကြောင်းအမျိုးမျိုးနဲ့ ပင်စင်၊ နှုတ်ထွက်၊ ထုတ်ပယ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေ၊ ရဲတပ်ဖွဲ့မှာဝင်ရောက်အမှုထမ်းလိုတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ ရပ်ရွာအတွင်း အကျင့်စာရိတ္တကောင်း မွန်တဲ့ ပြည်ထောင်စုသားတွေနဲ့ ဖွဲ့စည်းရမယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။

    ဒါပေမဲ့ ထုတ်ပယ်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေလို့ဆိုရာမှာ အကျင့်စာရိတ္တဖောက်ဖျက်မှုကြောင့် အရေးယူခံထားရသူတွေမပါဝင်စေရဘူးလို့ ဆိုပါတယ်။

    NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ပြီးခဲ့တဲ့ ဧပြီ (၂၅)ရက်ထုတ်ပြန်ချက်အရ အဲ့ဒီနေ့အထိ CDM ရဲတပ်ဖွဲ့ဝင်အင်အား (၂၉၃၇) ဦးရှိပြီဖြစ်သလို ဝန်ကြီးဌာနရဲ့ CDM ပြည်သူ့ရဲတပ်ဖွဲ့ယာယီအုပ်ချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်ပြီး ကျရာတာဝန်ထမ်းရွက်လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဆီ ပူးပေါင်းတာဝန်ထမ်းဆောင်ဟန်ဆောင်ပြီး ပြည်သူ့ဘက်ရပ်တည်နေတဲ့ Pre - CDM ရဲတပ်ဖွဲ့ဝင် အင်အား (၃၄)ဦးထိရှိပြီလို့ သိရပါတယ်။

  2. BPLA ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ

    BPLA ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, BPLA

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အမှတ်စဥ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲဓာတ်ပုံတွေကို သူတို့ရဲ့ လူမှုကွန်ယက်ကနေ ဒီနေ့ မေလ ၄ ရက် မနက်ပိုင်းမှာပဲ ထုတ်ပြန်လာပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ BPLA အဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့တုန်းကပဲ ဖွဲ့စည်းမှုတစ်နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ပြုလုပ်ထားပါတယ်။

    BPLA ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, BPLA

    BPLA ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) အပါအဝင် အခြားတိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်နေခဲ့တာ အခုနှစ်ဆန်းပိုင်းကတည်းက ဖြစ်တယ်လို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ‌ပြောထားပါတယ်။

    BPLA ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, BPLA

    တစ်ချိန်တည်းမှာပဲ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော်(AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်(MNDAA)နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့ကလည်း BPLA ရဲ့ဖွဲ့စည်းပုံနဲ့ တိုက်ပွဲဝင်နိုင်တဲ့အရည်အချင်းတွေကို အသိအမှတ်ပြုပြောဆိုထားပြီး တတ်နိုင်သရွေ့ ပံ့ပိုးဝန်းရံသွားမယ်လို့ BPLA တစ်နှစ်ပြည့်ကို ပေးတဲ့ သူတို့ရဲ့သဝဏ်လွှာမှာရေးထားပါတယ်။

  3. စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်

  4. ဇူးရစ်မြို့လယ်က မြန်မာအတွက် နံရံ

  5. ဖမ်းဆီးခံခဲ့ရတဲ့ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားရဲ့မိသားစုဝင်တွေ ပြန်လွတ်မြောက်

    EYUSU

    ဓာတ်ပုံ ရင်းမြစ်, EYUSU

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ကျောင်းသားဉာဏ်ဝင်းထက်ရဲ့မိသားစုဝင်တွေ။

    မနေ့ မေလ (၁)ရက်၊ ညပိုင်းမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ကိုဉာဏ်ဝင်းထက်ရဲ့မိသားစုဝင် (၇)ဦးကို ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ‌ကျောင်းသားသမဂ္ဂဘက်ကစာထုတ်ပြန်ခဲ့ပါတယ်။

    ဖမ်းဆီးခံရချိန် အဲ့ဒီကျောင်းသားရဲ့မိဘတွေအပါအဝင် အသက် (၁၀)နှစ်အရွယ်ကလေးငယ်အပါ (၇)ဦးကို ဒေါပုံရဲစခန်းကိုဖမ်းဆီးသွားခဲ့တာလို့ဆိုပါတယ်။

    ဖမ်းဆီးပြီးနှစ်ရက်အကြာ ဒီကနေ့မေလ (၃)ရက်၊ နေ့လယ်ပိုင်းမှာတော့ ကျောင်းသားကိုဉာဏ်ဝင်းထက်ရဲ့မိသားစုဝင်အကုန်လုံး ပြန်လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။

    "ကလေးလေးပါ ပြန်လွတ်တယ်ကြားပါတယ်။ မိသားစုကိုကဘယ်လိုမှတိုက်ရိုက်ဆက်သွယ်လို့မရပါဘူး။ အဲ့ဒီတော့ဘာတွေမေးမြန်းခံရလဲ၊ သူတို့ထိခိုက်မှုရှိလားဘာမှကိုမသိရပါဘူး။ ကျောင်းသားကိုဉာဏ်ဝင်းထက်ကအခုတစ်နေရာမှာရှိပါတယ်။ သူ့မိဘတွေကမနှစ်ကတည်းက အမွေပြတ်စွန့်လွှတ်ထားခဲ့ပါတယ်"လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ (၂၈)ရက်ညနေပိုင်းမှာလည်း ဒေါပုံမြို့နယ်ဘောလုံးကွင်းအတွင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ)ရဲ့အဖွဲ့ဝင်နဲ့ကျောင်းသား (၃)ဦးအပြင် အသက် (၁၂)နှစ်အရွယ်သာရှိသေးတဲ့ကလေးငယ်တစ်ဦးပါ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

    အဲ့ဒီအသက်မပြည့်သေးတဲ့ကလေးငယ်ဟာမေလ (၃)ရက်မှာပြန်လွတ်မြောက် လာခဲ့ပြီး ကျန်ကျောင်းသားတွေရဲ့နောက်ဆက်တွဲသတင်းကို ဒီကနေ့အချိန်အထိမသိရသေးဘူးလို့ သမဂ္ဂဘက်ကဆိုပါတယ်။ အာဏာသိမ်းပြီး‌နောက်ပိုင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ ကျောင်းသား၊ကျောင်းသူ (၁၃)ဦးအထိ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

    EYUSU

    ဓာတ်ပုံ ရင်းမြစ်, EYUSU

    ဓာတ်ပုံ ပုံစာ, ဖမ်းဆီးစစ်ဆေးခံခဲ့ရတဲ့ကျောင်းသားဉာဏ်ဝင်းထက်ရဲ့မိသားစုဝင်တွေ။
  6. တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင်း စစ်ရှောင်ဦးရေနှစ်ထောင်ဝန်းကျင်အထိရှိလာ, နေရာထိုင်ခင်းနဲ့ စားဝတ်နေရေးအတွက် အခက်အခဲရှိနေ

    PRDF

    ဓာတ်ပုံ ရင်းမြစ်, PRDF

    ဓာတ်ပုံ ပုံစာ, မေလ (၁)ရက်တိုက်ပွဲကြောင့်စစ်ရှောင်ကြရသူတွေ။

    ပြီးခဲ့တဲ့မေလ (၁)ရက်နေ့လယ်ပိုင်းတုန်းက တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင်းက ကျောင်းနိမ့်ကျေးရွာမှာစစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အကြား တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံတစ်ထောင်နီးပါးစစ်ရှောင်ခဲ့ကြရပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ခုနှစ်၊မေလကစကာ ပုလောမြို့နယ်တွင်း ကျေးရွာခုနှစ်ရွာလောက်က စစ်ရှောင်ကိုးရာနီးပါးရှိနေခဲ့ပြီး ရွာကြီးဖြစ်တဲ့ ကျောင်းနိမ့်ရွာလည်း ရွာလုံးကျွတ် အခုလိုထပ်မံစစ်ရှောင်ရတာကြောင့် စစ်ရှောင်ဦးရေ နှစ်ထောင်ဝန်းကျင်အထိမြင့်တက်လာတာလို့ စစ်ရှောင်ကူညီသူတွေကပြောပါတယ်။

    ဒါကြောင့် လတ်တလောစစ်ဘေးရှောင်လာတဲ့ ကျောင်းနိမ့်ရွာခံတွေအတွက် အဝတ်အစားတွေပါလိုအပ်နေသလိုအစားအသောက်၊နေရာထိုင်ခင်းအတွက်ပါ အခက်အခဲကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    "ကျောင်းနိမ့်ရွာကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထိန်းချုပ်ထားနိုင်တဲ့နေရာပါ၊ စစ်ကောင်စီနယ်မြေခံတပ်ရင်းနဲ့လည်းနီးပါတယ်။အဲ့ဒီနေ့က ရုတ်တရက် နေ့လယ်ပိုင်းဝင်လာတဲ့အတွက် စစ်ရှောင်တွေကဘာမှမသယ်လိုက်နိုင်ဘူး။ ပုလောမြို့နယ်ထဲကစစ်ရှောင်စခန်းမှာနေနေကြသူတွေရှိသလို ရွာတွေထဲ အချင်းချင်းပြန်ကူညီနေရတဲ့ အနေအထားလည်းဖြစ်တယ်"လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နီးစပ်သူကပြောပါတယ်။

    မေလ (၁)ရက်တိုက်ပွဲပြီးတဲ့နောက် ကျေးရွာအတွင်းက နေအိမ် (၄)လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့ မေလ (၃)ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာထဲမရှိတော့ပေမဲ့ ဒေသခံတွေဟာနေရပ်ကိုမပြန်ရဲကြသေးဘူးလို့ ဆိုပါတယ်။

    PRDF

    ဓာတ်ပုံ ရင်းမြစ်, PRDF

    ဓာတ်ပုံ ပုံစာ, ကျောင်းနိမ့်ရွာတွင်းကမီးရှို့ခံရတဲ့နေအိမ်တစ်လုံးကိုတွေ့ရစဉ်။
  7. ရေခဲတောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်အမှုအတွက် တောင်တက်အဖွဲ့ခေါင်း ဆောင် နှစ်ဦးကို ထောင်တစ်နှစ်ခွဲစီချ

    ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလတုန်းကဖုန်ဂရန်ရာဇီရေခဲတောင်ကိုတောင်တက်အဖွဲ့နဲ့အတူတက်ရင်းပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်အမှုအတွက် တောင်တက်အဖွဲ့ဖြစ်တဲ့ THE SUMMITER အဖွဲ့ကခေါင်းဆောင်နှစ်ဦးကို ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကထောင်ဒဏ်တစ်နှစ်ခွဲစီနဲ့ ငွေဒဏ်တွေအသီးသီးချမှတ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။တောင်တက်အဖွဲ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကိုဇော်ဇင်ခိုင်နဲ့ကိုအောင်ခိုင်မြင့်တို့ကို လူသေဆုံးစေမှု ပုဒ်မ ၃၀၄(က)နဲ့ မိသားစုကတရားစွဲဆိုခဲ့တာဖြစ်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့က မြန်မာ့ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဒ်မ ၃၃ နဲ့ထပ်မံတရားစွဲဆိုခဲ့ပြီးနောက်ပိုင်း ၃ နှစ်အကြာမှာ အခုလို ထောင်ဒဏ်တွေချမှတ်လိုက်တာဖြစ်တယ်လို့ဆိုပါတယ်။" ပြစ်မှုနဲ့ပြစ်ဒဏ်နဲ့မမျှတဘူးလို့ထင်ပါတယ်။ ဒီတောင်တက် အဖွဲ့ခေါင်းဆောင်နှစ်ယောက်လုံးက နိုင်ငံတကာမှာ တောင်တက်နည်းစနစ်တွေ ကိုသင်ထားတဲ့လူတွေပါ။ တောင်တက်ကြိုးမယူသွားလို့အခုလိုဖြစ်ရတာ။ သူတို့ကိုစစ်တဲ့အချိန်မှာလည်းတောင်တက်ကြိုးမယူသွားဘူးဆိုတာ ဝန်ခံထားတယ်။ပေါ့လျော့မှုလည်းမြောက်တယ်။ အခုချတာ တစ်နှစ်ခွဲဆိုတော့ဘာ‌ပြောရမယ်မသိဘူး။ နောက်လူတွေအတွက်လည်းမှတ်မှတ်သားသားမဖြစ်ဘူး" လို့ မစိမ့်ထက်ရဲ့မိသားစုဝင်နဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ဒါ့အပြင်မစိမ့်ထက်တောင်ပေါ်ကပြုတ်ကျသေဆုံးခဲ့စဥ်က မစိမ့်ထက်ရဲ့ ခန္ဓာကိုယ်ကို ပျက်စီးနေတဲ့ အနေအထားနဲ့တောင်ပေါ်ကတွေ့ခဲ့တယ်ဆိုတဲ့ တောင်တက်အဖွဲ့ကပြောဆိုချက်တွေ နဲ့ကယ်ဆယ်ဖို့ကြိုးစားတယ်ဆိုတဲ့ ပြောဆိုချက်တွေလည်းရှိခဲ့ပါတယ်။အခင်းဖြစ်ပြီး ၄၅ ရက်အကြာ မစိမ့်ထက်ရဲ့အလောင်းကိုပြန်တွေ့ချိန်မှာတော့ အလောင်းကခန္ဓာကိုယ်ပျက်စီးတာမရှိဘဲ ပြန်တွေ့ခဲ့တဲ့အပေါ် ကွဲလွဲချက်တွေဖြစ်ခဲ့တာကိုလည်းမိသားစုဝင်တွေကထောက် ပြခဲ့ကြပါတယ်။မစိမ့်ထက်သေဆုံးပြီးနောက်ပိုင်းမှာ တော့ JUSTIC FOR SAINT HTET နာမည်နဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ မစိမ့်ထက်အမှုအတွက်တရားမျှတမှု တောင်းဆိုတာတွေလည်းရှိခဲ့ပါတယ်။ မစိမ့်ထက်အတွက် မိသားစုဝင်တွေကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ တောင်တက်ကြိုးကိုအသုံးမပြုခဲ့တာကြောင့် မစိမ့်ထက်သေဆုံးရတာဖြစ်ကြောင်းပြောဆိုခဲ့ပြီး "ငွေနှစ်သိန်းနဲ့လူ့အသက်လဲခဲ့ရတယ်’’ လို့ မစိမ့်ထက်ရဲ့ဖခင်ဖြစ်သူကပြောဆိုခဲ့ပါတယ်။လက်ရှိမှာတော့ ချုပ်ရက်ခံစားခွင့်တွေကြောင့် တောင်တက် အဖွဲ့ခေါင်းဆောင်နှစ်ဦးမှာ ပုဒ်မ ၃၀၄(က) အရချမှတ်တဲ့ ပြစ်ဒဏ်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့ကတည်းက လွတ်မြောက်သွားပြီဖြစ်ပြီးငွေဒဏ်ပေးဆောင်ဖို့သာကျန်တော့တယ်လို့ မစိမ့်ထက်ရဲ့မိသားစုနဲ့နီးစပ်သူတွေက ပြောပြပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရေခဲတောင်ပေါ်က ပြုတ်ကျသေဆုံးခဲ့တဲ့ မစိမ့်ထက်အမှုအတွက် တောင်တက်အဖွဲ့ခေါင်း ဆောင် နှစ်ဦးကို ထောင်တစ်နှစ်ခွဲစီချ
  8. တောင်ကိုရီးယားနိုင်ငံကချီးမြှင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာဆု ဒေါက်တာစင်သီယာမောင်ရရှိ

    The May 18 Memorial Foundation

    ဓာတ်ပုံ ရင်းမြစ်, The May 18 Memorial Foundation

    ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားနိုင်ငံကချီးမြှင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာဆု ဒေါက်တာစင်သီယာမောင်ရရှိ

    တောင်ကိုရီးယားနိုင်ငံ The May 18 Memorial Foundation ကနှစ်စဉ်ဆုချီးမြှင့်လေ့ရှိတဲ့ ၂၀၂၂ခုနှစ်အတွက် လူ့အခွင့်အရေးဆိုင်ရာ ဂွမ်ဂျူး (Gwangju)ဆုကို ဒေါက်တာစင်သီယာမောင်ရရှိပါတယ်။

    ထိုင်း - မြန်မာနယ်စပ်မှာရှိနေတဲ့ ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ မယ်တော်ဆေးခန်းကို တည်ထောင်ခဲ့တဲ့ ဒေါက်တာစင်သီယာမောင်ဟာ ထောင်နဲ့ချီတဲ့မြန်မာဒုက္ခသည်တွေရဲ့ ‌အခက်အခဲတွေကိုကျော်လွှား‌နိုင်အောင် ကူညီပေးခဲ့တဲ့ လူမှုဘဝပြောင်းလဲကူညီပေးခဲ့သူတစ်ဦးအနေနဲ့ ‌ဆုရွေးချယ်ရေးအဖွဲ့ကနေ ဆုချီးမြှင့်ခဲ့တာလို့ ဒီကနေ့ မေလ (၃)ရက်မှာ သူတို့ရဲ့တရားဝင်ဝက်ဆိုက်မှာဖော်ပြထားပါတယ်။

    ဒေါက်တာစင်သီယာမောင်ဟာ မြန်မာစစ်အစိုးရ၏ ဖိနှိပ်ညှဉ်းပန်းမှုနဲ့ သူ့ရဲ့ကိုယ်ရေးကိုယ်တာဘဝကို ခြိမ်းခြောက်မှုတွေကြားကနေ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုတွေဟာ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ကမ္ဘာတဝှမ်းက နိုင်ငံသားတွေအတွက် စံနမူနာကောင်းတစ်ခုဖြစ်‌တယ်လို့ ဆိုပါတယ်။

    အခုလို တောင်ကိုရီးယားနိုင်ငံလူ့အခွင့်အရေးဆိုင်ရာဆုရွေးချယ်ရေးအဖွဲ့ကနေ မြန်မာနိုင်ငံသားတစ်ဦးကိုဆုပေးအပ်ပြီး ပံ့ပိုးကူညီမှုဟာ မြန်မာနိုင်ငံကခက်ခဲကြမ်းတမ်းတဲ့ ဒီမိုကရေစီခရီးအတွက် အထောက်အကူ အနည်းငယ်ဖြစ်မယ်လို့ မျှော်လင့်ပြီး ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့စည်းလုံးညီညွတ်မှုတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံအပ်ပါတယ်လို့ The May 18 Memorial Foundation ကထည့်သွင်းဖော်ပြထားပါတယ်။

    ဒေါက်တာစင်သီယာမောင်ဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုက လွတ်မြောက်ဖို့အတွက် ထိုင်းနိုင်ငံနယ်စပ် မဲဆောက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကာ ဒုက္ခသည်အရေးကိုတစိုက်မက်မက်လုပ်ကိုင်နေသူဖြစ်ပါတယ်။

    သူဟာ ၂၀၁၅ခုနှစ်တုန်းကလည်း တောင်ကိုရီးယားနိုင်ငံ POSCO TJ Park Foundationကချီးမြှင့်တဲ့ ရပ်ရွာဖွံ့ဖြိုးရေးနဲ့ ပရဟိတလုပ်ငန်း‌ဆိုင်ရာဆုကိုလည်း ရရှိခဲ့ပါတယ်။

  9. ဘုတလင်၊ အုတ်ဖိုရွာက စစ်ရှောင်ကိုးဦးအသတ်ခံရ, အသက် (၇၀)ကျော်အမျိုးသားနှစ်ဦး၊ ကလေးမိခင်တစ်ဦးပါဝင်

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဘုတလင်၊ အုတ်ဖိုရွာက စစ်ရှောင်ကိုးဦးအသတ်ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုရွာအနောက်မြောက်ထောင့် (၁)မိုင်အကွာက ယောဂီကျောင်းအတွင်းခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူ (၉)ဦး သေနတ်ဒဏ်ရာတွေနဲ့အသတ်ခံထားရတာကို ဒီကနေ့မေလ (၃)ရက်၊ မနက်အစောပိုင်းမှာ တွေ့ခဲ့ရတယ်လို့ မျက်မြင်ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    မနေ့မေလ(၂)ရက်၊ ညနေစောင်းပိုင်းမှာ ဘုတလင်မြို့ဘက်ကဆင်းလာတဲ့ စစ်ကြောင်းဟာရွာတွေတဝိုက် စစ်ကြောင်းထိုးသွားလာရင်း အုတ်ဖိုရွာအဝင်အနီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အုတ်ဖိုရွာထဲဝင်ရောက်လာခဲ့တယ်လို့ဆိုပါတယ်။

    ဒါကြောင့် ဒေသခံတွေဟာ ရွာတွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ရွာခံတချို့ဟာ အဲ့ဒီယောဂီကျောင်း‌ထဲစစ်ရှောင်ခဲ့ကြကာ အခုလိုစစ်ကောင်စီသတ်တာခံခဲ့ရတယ်လို့ အုတ်ဖိုရွာခံ တွေကပြောပါတယ်။

    သေဆုံးသူ (၉)ဦးမှာ အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး(၁)ဦးလို့ သိရပါတယ်။ အမျိုးသားအသက် (၅၀)ဝန်းကျင် (၆)ဦး၊ အသက် (၇၀)ကျော် (၂)ဦးအပြင် အသက် (၃၀)ကျော်အရွယ် ကလေးမိခင်တစ်ဦးအသတ်ခံထားရတယ်လို့ ဆိုပါတယ်။

    "ဦးခေါင်းတွေချည်းအပစ်ခံထားရတယ်ဗျ၊ အသက်၇၀ကျော်အဖိုးကြီး‌တစ်ယောက်ဆိုလက်အုပ်ချီထားရက် ဒူးထောက်သေနေတာ ဂုတ်ကိုဓားနဲ့ခုတ်ထားတာသူ့ကိုကလေ။ အမျိုးသမီးကျနှိပ်စက်ဒဏ်ရာတွေနဲ့သေဆုံးထားတာ၊ အသက်လေးနှစ်အရွယ်သမီးလေးကျန်ခဲ့တယ်။ ယောဂီကျောင်းထဲက သီလရှင်တွေ တခြားသူတွေကလွတ်လာပါတယ်။ ဒီစစ်ရှောင်ကိုးဦး‌အသတ်ခံရတာပါ"လို့ မျက်မြင်အုတ်ဖိုရွာခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုအသတ်ခံရတဲ့(၉)ဦးမှာ (၈)ဦးဟာအုတ်ဖိုရွာခံတွေဖြစ်ကြပြီး တစ်ဦးကတော့ လက်ပံရွာက ယာဉ်မောင်းသမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

    အုတ်ဖိုရွာအတွင်း နေအိမ်တချို့ဖျက်ဆီးခံထားရပြီး လှည်း၊ကားနဲ့ ထော်လာဂျီအပါ သုံးစီးမီးရှို့ခံထားရတယ်လို့ဆိုပါတယ်။

    ဒီကနေ့မနက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာကနေဘုတလင်မြို့ဘက်ကို ထွက်ခွာသွားပြီးဖြစ်သလို အုတ်ဖိုရွာအနီးက လက်ပံရွာမှာ တပ်စွဲနေတဲ့ နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း ဒီပဲယင်းနယ်ဘက်ကို ပြန်သွားခဲ့ပြီလို့ ဒေသခံတွေကပြောပါတယ်။

  10. အာဏာသိမ်းတစ်နှစ်ကျော်ကာလအတွင်း သတင်းသမားအနည်းဆုံး (၁၄၃)ဦးဖမ်းဆီးခံရ, နှစ်ပေါင်း(၃၀)ကျော်အတွင်း သတင်းသမားတွေစံချိန်တင်ဖိနှိပ်ခံရလို့ ISP ထုတ်ပြန်

    YE AUNG THU/AFP via Getty Images

    ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP via Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာနောင်းသတင်းထောက် ဖမ်းဆီးခံရစဉ်၊ ၂၀၂၁ခုနှစ်၊ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်။

    အာဏာသိမ်းပြီးတစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံတဝန်းက သတင်းသမား အနည်းဆုံး (၁၄၃)ဦးဖမ်းဆီးခံခဲ့ရသလို သတင်းမီဒီယာလုပ်ငန်း (၁၁)ခုကို စစ်ကောင်စီကလိုင်စင်ပိတ်သိမ်းခဲ့တယ်လို့ သုတေသနပြုစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Institute for Strategy and Policy - Myanmar (ISP) ကနေ ထုတ်ပြန်ပါတယ်။

    ဒီကနေ့ မေလ (၃)ရက်ဟာ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ‌တော့ အာဏာသိမ်းကာလလည်းဖြစ်တာနဲ့အညီ သတင်းသမားဖမ်းဆီးခံရမှုတွေက ဆက်တိုက်ဆိုသလိုရှိနေတုန်းပါ။

    ISP ရဲ့ သုတေသနတွေ့ရှိချက်အရ နိုင်ငံအတွင်း သတင်းသမာတွေ ဖမ်းဆီးထိန်းသိမ်းခံရသူ (၁၄၃)ဦးထဲက (၈၂)ဦးပြန်လည်လွတ်မြောက်ခဲ့ပြီး (၅၈)ဦးဖမ်းဆီးထိန်းသိမ်းခံနေရဆဲဖြစ်ကာ သေဆုံးသူ (၃)ဦးရှိခဲ့တယ်လို့ သိရပါတယ်။

    ဖမ်းဆီးခံနေရဆဲ (၅၈)ဦးထဲက (၁၉)ဦးဟာ ထောင်ဒဏ်ချမှတ်ခံထားရပြီး ကျန်တဲ့ (၃၉)ဦးထဲက အများစုဟာ အကျဉ်းထောင်ထဲ ချုပ်နှောင်ခံထားရတာ တစ်နှစ်ကျော်ကြာမြင့်နေပြီလည်းဖြစ်ပါတယ်။

    ဒါ့အပြင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၁)ရက်ကနေ ဧပြီလ (၂၁)ရက်အတွင်းမှာတင် သတင်းမီဒီယာသမား (၃၄)ထက်မနည်း ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ ဆိုပါတယ်။

    ဒါဟာ နှစ်ပေါင်း (၃၀)ကျော်အတွင်း သတင်းသမားတွေစံချိန်တင်ဖိနှိပ်ခံနေရတာလို့ ISP ရဲ့ မေလ (၂)ရက်ထုတ် စာတမ်းမှာဖော်ပြထားပါတယ်။

    ဒီလိုဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းထောက်အားလုံးကိုချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ သတင်းစာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို လေးစားလိုက်နာကြဖို့နဲ့ မြန်မာနိုင်ငံက အင်တာနက်ကန့်သတ်ချက်တွေအားလုံးကို ရုတ်သိမ်းပေးဖို့ ဒီကနေ့ မေလ (၃)ရက်မှာမြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကနေ စာထုတ်တောင်းဆိုထားပါသေးတယ်။

    မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆယ်စုနှစ်တစ်စုခန့်နောက်ပြန်ဆုတ်နေသလို တရုတ်ပြည်သူ့သမ္မတနိုင်ငံပြီးရင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချမှု ဒုတိယအများဆုံးနိုင်ငံဖြစ်တယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

  11. KNU မူတြော်ခရိုင်က မယ်ညုထာကျေးရွာကိုလက်နက်ကြီးထိမှန်, စပါးကျီနဲ့ ဆန်စက်တချို့မီးလောင်ပျက်စီးခဲ့တယ်လို့ KNU ပြော

    KNU မူတြော်သတင်း။

    ဓာတ်ပုံ ရင်းမြစ်, KNU မူတြော်သတင်း။

    ဓာတ်ပုံ ပုံစာ, ကျေးရွာ‌တွင်း မီးလောင်ပျက်စီးမှုတချို့ကိုတွေ့ရစဉ်။

    မေလ (၁)ရက်၊ ညပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာအုပ်စုအတွင်းက မယ်ညုထာကျေးရွာထဲကို စစ်ကောင်စီရဲ့မာထောရွာအခြေစိုက် စကခ(၈) လက်အောက်ခံ၊ ခမရ (၄၀၈)က လက်နက်ကြီး ၈၁-၂၂ (၃)လုံးပစ်ချခဲ့တယ်လို့ မူတြော်သတင်းက ဒီကနေ့ မေလ (၃)ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာပါတယ်။

    ဒါဟာရွာအတွင်းကို တမင်ရည်ရွယ်ပစ်ချတာဖြစ်ပြီး စပါးတင်း(၉၀)ခန့်သိုလှောင်ထားတဲ့ စပါးကျီတစ်လုံးမီးလောင်ပြာကျခဲ့သလို အဲ့ဒီစပါးကျီအနီးက ဆန်စက်တစ်လုံးပါ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မူတြော်သတင်းကဆိုပါတယ်။

    ဒီလိုရွာအတွင်းလက်နက်ကြီးကျရောက်တာကြောင့် တိရစ္ဆာန်နဲ့ လူထိခိုက်မှု တစုံတရာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    KNU မူတြော်သတင်း။

    ဓာတ်ပုံ ရင်းမြစ်, KNU မူတြော်သတင်း။

    ဓာတ်ပုံ ပုံစာ, ကျေးရွာ‌တွင်း မီးလောင်ပျက်စီးမှုတချို့ကိုတွေ့ရစဉ်။

    မေလ (၁)ရက်နေ့၊ ညနေ (၄)နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီကနေ တိုက်လေယာဉ်နဲ့ (၁၀)ကြိမ်တိတိ မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်း ဒေဘုနိုနဲ့ သေကာထာကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့်လည်း နေအိမ်အဆောက်အအုံတချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

    ဒါကြောင့် KNU ခရိုင်ဲန့ မြို့နယ်ကတာဝန်ရှိခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့နေ့စဉ်နေထိုင်သွားလာရာမှာ ဘေးကင်းလုံခြုံရေးကိုဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    ဒီလို KNU ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်ထဲကဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ဒီကနေ့ မေ(၃)ရက်၊ မနက် (၁၀)နာရီဝန်းကျင်အထိ စစ်ကောင်စီဘက်ကနေ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

  12. NUG နဲ့မ​တွေ့ဆုံဖို့ မ​လေးရှားကို စစ်​ကောင်စီသတိ​ပေး

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, NUG နဲ့မ​တွေ့ဆုံဖို့ မ​လေးရှားကို စစ်​ကောင်စီသတိ​ပေး

    မ​လေးရှားနိုင်ငံအစိုးရတာဝန်ရှိသူ​တွေ၊ လွှတ်​တော်အမတ်​တွေအ​နေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရအပါအဝင် စစ်​ကောင်စီကအကြမ်းဖက်လို့​ကြေညာထားတဲ့ အဖွဲ့အစည်း​တွေနဲ့ ထိ​တွေ့ဆက်ဆံ၊ အား​ပေးပံ့ပိုးတာမပြုလုပ်ဖို့ စစ်​ကောင်စီအ​နေနဲ့ သတိ​ပေးတယ်လို့ ​မ​နေ့​မေလ(၂)ရက်မှာ စာထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် ​အာဆီယံကို NUG အစိုးရနဲ့အလွတ်သ​ဘောထိ​တွေ့ဆက်ဆံဖို့ အဆိုပြုသွားမယ်လို့ မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီးရဲ့ ​ပြောကြားချက်ကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ပယ်ချတယ်လို့ စစ်​ကောင်စီနိုင်ငံခြား​ရေးဝန်ကြီးဌာနကဆိုပါတယ်။

    ဒီလိုမ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီးရဲ့ ​ပြောကြားချက်ဟာ မဆင်မခြင်နဲ့ တာဝန်မဲ့အဆိုပြုချက်ဖြစ်တယ်လို့ စွပ်စွဲထားပါ​သေးတယ်။

    ဒီ​ပြောကြားချက်ဟာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှု​တွေကို အား​ပေးရာ​ရောက်တဲ့အပြင် အကြမ်းဖက်မှုတိုက်ဖျက်​ရေးအတွက် စစ်​ကောင်စီရဲ့ ကြိုးပမ်း​ဆောင်ရွက်ချက်​တွေကို အဟန့်အတားဖြစ်​စေပြီး နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်​ရေး သ​​ဘောတူညီချက်​တွေကို ချိုး​ဖောက်ရာ​ရောက်​စေတဲ့အတွက် အခုလိုပြင်းပြင်းထန်ထန်ကန့်ကွက်ရတာလို့ စစ်​ကောင်စီထုတ်ပြန်ချက်မှာ ​ဖော်ပြပါတယ်။

    မ​လေးရှားနိုင်ငံခြား​ရေးဝန်ကြီး Datuk Seri Saifuddin Abdullah အ​နေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာဖို့အတွက် ပြီးခဲ့တဲ့နှစ် ဧပြီလ နှောင်းပိုင်းမှာ ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်ဖြစ်ထွန်းတာတွေ မရှိတဲ့အတွက်ကြောင့်မလို့ အခုလို တိုက်တွန်းရတာလို့ ဆိုပါတယ်။

    မ​လေးရှားဘက်က ဒီအဆိုပြုချက်တွေကို မေလ ၅ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအရုံးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။

  13. SNLD ပါတီဥက္ကဋ္ဌဟောင်း ခွန်ထွန်းဦးရဲ့ စျာပနပြုလုပ်

    SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးရဲ့ စျာပန

    ဓာတ်ပုံ ရင်းမြစ်, သျှမ်းသံတော်ဆင့်

    ဓာတ်ပုံ ပုံစာ, SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးရဲ့ စျာပန

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီဥက္ကဋ္ဌ‌ဟောင်း ခွန်ထွန်းဦးရဲ့ စျာပနကို ဒီနေ့ မေလ ၂ ရက်မှာ ပြုလုပ်သွားပါတယ်။

    အသက် ၇၉ နှစ်အရွယ် ခွန်ထွန်းဦးဟာ ရန်ကုန်မြို့၊ ကိုးမိုင်နေအိမ်မှာ ဧပြီလ ၃၀ ရက်မွန်းလွဲပိုင်းမှာ ကွယ်လွန်ခဲ့တာပါ။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီအချို့နဲ့ ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းအချို့ကလည်း လွမ်းသူ့ပန်း‌‌ခွေပို့ခဲ့ကြတာကိုလည်း‌‌တွေ့ရပါတယ်။

    SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးရဲ့ စျာပန

    ဓာတ်ပုံ ရင်းမြစ်, သျှမ်းသံတော်ဆင့်

    ခွန်ထွန်းဦးဟာ သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ တူတော်စပ်ပြီး ရှမ်းနိုင်ငံရေးလောကမှာ သြဇာညောင်းသူလည်းဖြစ်ပါတယ်။

    သူဟာ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ အနိုင်ရအမတ်လည်းဖြစ်ပါတယ်။

    ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကြောင့် စစ်အစိုးရက ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ခဲ့ပါတယ်။

    သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့သူဖြစ်ပါတယ်။

  14. ချစ်ကြည်ရေးတံတား အမှတ် ၁ ပြန်ဖွင့်ရေး မြန်မာဘက်က အခြေအနေ မသိရသေးဘူးလို့ မြဝတီကုန်သည်တွေပြော

    ချစ်ကြည်ရေးတံတား အမှတ် ၁ မုခ်ဦးမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက် ရှင်းလင်းပြီးတဲ့အနေအထားဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ချစ်ကြည်ရေးတံတား အမှတ် ၁ မုခ်ဦးမှာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက ကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက် ရှင်းလင်းပြီးတဲ့အနေအထားဖြစ်ပါတယ်။

    မြန်မာ- ထိုင်းနယ်စပ်က မြ၀တီ-မဲ့ဆောက် ချစ်ကြည်ရေးတံတား အမှတ် ၁ ကို ပြန်လည်ဖွင့်လှစ်ဖို့ ထိုင်းနိုင်ငံဘက်က ပြင်ဆင်ဆောင်ရွက်တာတွေလုပ်နေပေမဲ့ မြန်မာဘက်ခြမ်းက တံတားကို ပြန်ဖွင့်၊ မဖွင့်ဆိုတာကို မြန်မာစစ်ကောင်စီဌာနတွေဘက်ကနေ မသိရသေးဘူးလို့ မြဝတီကုန်သည်အသိုင်းအဝိုင်းဘက်ကပြောပါတယ်။

    ကိုဗစ်‌ရောဂါထိန်းချုပ်ရေးအတွက် အဲဒီတံတားကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်ကတည်းက ပိတ်ခဲ့တာပါ။

    ဒါပေမဲ့ ကူးစက်ရောဂါထိန်းချုပ်ရေးအစီအမံတွေသတ်မှတ်ပြီး ထိုင်းနိုင်ငံဘက်ကို ဝင်ထွက် သွားလာ အလုပ်လုပ်ကိုင်ခွင့်တွေ ပြန်ခွင့်ပြုဖို့ ထိုင်းဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာ မဲ့ဆောက်မြို့၊ တာပ်ခ့် ခရိုင် အုပ်ချုပ်ရေးဌာနဆိုင်ရာတွေက တံတားအမှတ် ၁ ကို မနေ့ မေလ ၁ ရက်မှာ သန့်ရှင်းရေးလုပ်ပြီး အသင့်ပြင်ထားတာဖြစ်ပါတယ်။

    ‘’မြ၀တီဘက်မှာတော့ တံတားထိပ်အခြေအနေက ပြီးခဲ့တဲ့ရက်က မိုင်းပေါက်ကွဲလို့ ပျက်စီးသွားတဲ့ အခြေအနေကို ပြင်ဆင်ပြီး သန့်ရှင်းရေးလုပ်ထားတဲ့အပိုင်းပဲ ရှိတယ်။ တံတားဖွင့်မယ်ကြေညာတာမရှိသေးဘူး။ ထိုင်း-မြန်မာကုန်သည်အသင်းအနေနဲ့တော့ နှစ်ဖက်တာ၀န်ရှိတဲ့သူတွေနဲ့ တံတားဖွင့်ဖို့အလွတ်သဘော ညှိနှိုင်းတာတွေရှိနေတယ်’’လို့ မြဝတီကုန်သည်တစ်ဦးက ပြောပါတယ်။

    တံတား အမှတ် ၁ ပိတ်ထားပေမဲ့ တံတား အမှတ် ၂ ဘက်မှာတော့ ထုတ်ကုန်သွင်းကုန်တွေကို အကန့်အသတ်နဲ့သယ်ဆောင်ရောင်း၀ယ်ဖို့ ခွင့်ပြုထားသလို မြန်မာရွေ့ပြောင်းလုပ်သားတွေကို အကန့်အသတ်နဲ့ဝင်ခွင့်ပေးတာတွေကို ခွင့်ပြုထားပါတယ်။

    လက်ရှိမှာတော့ ကရင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာနဲ့ သွားရောက်မယ့်လုပ်သားတွေ ပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးအပိုင်းတွေမှာ အခက်အခဲဖြစ်နေစေတယ်လို့ နယ်စပ်ကုန်သည်တွေက ပြောဆိုနေကြပါတယ်။

  15. ရဲတံခွန်သဘာဝဓာတ်ငွေ့လုပ်ကွက်ကနေ ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS ထွက်ခွာ

    လုပ်ကွက်နမူနာ

    ဓာတ်ပုံ ရင်းမြစ်, JX နီပွန်ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေးကော်ပိုရေးရှင်း

    ဓာတ်ပုံ ပုံစာ, လုပ်ကွက်နမူနာ

    မြန်မာပြည်တွင်းက သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထွက်ခွာတော့မယ်ဆိုပြီး ဂျပန်စွမ်းအင်ကုမ္ပဏီကြီးဖြစ်တဲ့ ENEOS က ဒီနေ့ မေလ ၂ ရက်မှာ ပြောလာပါတယ်။

    အခုလိုထွက်ခွာမယ့်ဆုံးဖြတ်ချက်ကို ကုမ္ပဏီရဲ့လက်အောက်ခံဖြစ်တဲ့ JX နီပွန်ရေနံနဲ့သဘာဝဓာတ်ငွေ့တူးဖော်ရေးကော်ပိုရေးရှင်းက ရဲတံခွန်သဘာဝဓာတ်ငွေ့တူးဖော်ရေးလုပ်ကွက်တွေမှာပါတဲ့မြန်မာမိတ်ဖက်လုပ်ငန်းတွေကို ပြီးခဲ့တဲ့သောကြာနေ့ကတည်းက အသိပေးထားပြီးဖြစ်တယ်လို့ဆိုပါတယ်။

    ‘’ရင်းနီးမြှုပ်နှံမှုဟာ သက်ဆိုင်ရာနိုင်ငံနဲ့နိုင်ငံသားတွေရဲ့လူမှုဘဝကို အကျိုးပြုမှုရှိလားဆိုတဲ့ စီမံကိန်းဆိုင်ရာ ဆန်းစစ်တွက်ချက်မှုတွေပြုလုပ်မှုကို အခြေခံပြီးနောက် မြန်မာပြည်တွင်းကအခြေအနေကို စဥ်းစား’’ခဲ့တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

    ကုမ္ပဏီဟာ အဲဒီသဘာဝဓာတ်ငွေ့ စီမံကိန်းမှာ ၁၉ ရာခိုင်နှုန်းကျော်ပါဝင်နေတာပါ။

    အဲဒီဂျပန်ကုမ္ပဏီဟာ မြန်မာပြည်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဖြစ်ပြီးကတည်းက မြန်မာပြည်တွင်းကနေ ထွက်ခွာတဲ့စွမ်းအင်ကုမ္ပ‌ဏီတွေထဲကတစ်ခုလည်းဖြစ်လာပါတယ်။

  16. အိဒ်ပွဲတော်ကို သိုသိပ်စွာ ကျင်းပဖို့ မွတ်စလင်ပြည်သူ့ကာကွယ်ရေး အင်အားစု တိုက်တွန်း

    အိဒ်ပွဲတော်ကို သိုသိပ်စွာ ကျင်းပဖို့ မွတ်စ်လင်ပြည်သူ့ကာကွယ်ရေး အင်အားစု တိုက်တွန်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပက်လမ်းမှာ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်ထွက်(ဝါဖြေ) ဖို့ အစားအသောက်တွေကို ဝယ်ယူနေကြတာဖြစ်ပါတယ်။

    စစ်အာဏာသိမ်းမှုအောက် မြန်မာပြည်တွင်းက မွတ်စလင်အဖွဲ့အစည်းအနေနဲ့ အိဒ်ပွဲတော်ကျင်းပတဲ့အခါ နေအိမ်တွေမှာပဲ မိသားစုနဲ့အတူ သိုသိပ်စွာ ကျင်းပဆင်နွှဲဖို့ မွတ်စလင်တော်လှန်ရေးအင်အားစုတွေက စာထုတ် တိုက်တွန်းလာပါတယ်။

    မြန်မာမွတ်စလင်အဖွဲ့အစည်းဟာ အစိုးရအဆက်ဆက်မှာ နှစ်ပေါင်းများစွာ ဖိနှိပ်မှုတွေကို ခံစားခဲ့ကြရပြီးဖြစ်တာကြောင့် အာဏာရှင်စနစ်အောက်ကနေ တိုင်းပြည်နဲ့ မွတ်စလင်လူ့အဖွဲ့အစည်း လွတ်မြောက်ရေးတို့အတွက် အာဏာရှင်နဲ့ ပူးပေါင်းသူတွေကို တိုက်ထုတ်ရမယ့်ကာလဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒါ့ကြောင့် အခုလိုကာလမှာ အခြားညီနောင်တွေနဲ့ တသားတည်းရပ်တည်ကာ အိဒ်ပွဲတော်ကို သိုသိုသိပ်သိပ်ကျင်းပပြီး တိုင်းပြည်လွတ်မြောက်ရေးအတွက် အထူးဆုတောင်းကြဖို့ တိုက်တွန်းတယ်လို့လည်း ပြောပါတယ်။

    အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်အဆိုအရဆိုရင် မနက်ဖြန် မေလ ၃ ရက်၊ အင်္ဂါနေ့ကို အိဒုလ်ဖိသ်ရ် ဝါကျွတ်အိဒ်ပွဲတော်ကျရောက်တဲ့နေ့ ဖြစ်ပါတယ်။

  17. အမရပူရမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးထားတဲ့အမျိုးသားရုပ်အလောင်းစွန့်ပစ်ခံရ, သွေးသောက်အဖွဲ့တံဆိပ်ပါ လည်ဆွဲဆွဲထားတယ်လို့ ဒေသခံတွေပြော

    cj

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အမရပူရမှာ ဓားဒဏ်ရာတွေနဲ့သေဆုံးထားတဲ့အမျိုးသားရုပ်အလောင်းစွန့်ပစ်ခံရ

    မန္တလေးတိုင်း ၊ အမရပူရမြို့နယ်ထဲမှာ ဒီကနေ့မေလ (၂)ရက်မနက်ပိုင်းက ခန္ဓာကိုယ်တစ်ခုလုံး ဓားဒဏ်ရာတွေရှိနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း စွန့်ပစ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

    အဲ့ဒီသေဆုံးသူရဲ့ လည်ပင်းမှာ သွေးသောက်အဖွဲ့တံဆိပ်ပါ လည်ဆွဲကတ်ဆွဲပေးထား တာကို မျက်မြင်တွေက တွေ့ခဲ့ရသလို သွေးသောက်အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာလို့ ယူဆရမယ့် တယ်လီဂရမ်ချန်နယ်မှာလည်း အမရပူရ၊ NLD ပါတီစည်းရုံးရေးမှူး ဇော်ကြီးကိုရှင်းလင်းတယ်ဆိုပြီး စာတန်းနဲ့တကွ ဓာတ်ပုံတွေကိုပါ ဒီကနေ့မနက်(၁၀)နာရီဝန်းကျင်မှာ ဖော်ပြထားတယ်။

    "သေဆုံးသူမှာ ဘယ်သူဆိုတာမသိရသေးဘူး။လက်မောင်းနှစ်ဖက်မှာ ဗိုလ်ချုပ်ပုံတွေ ပါရှိပါတယ်။ လည်ပင်းနဲ့ ဗိုက်တွေမှာ ဓားခုတ်ရာ ဓားထိုးရာတွေ ဖြစ်နေပြီး သေဆုံးသူဟာ အသက် ၄၀အရွယ်လောက် ရှိပါတယ်။ ရုပ်အ‌လောင်းကို ရှမ်းလေးကျွန်းမရောက်ခင် ဓာတ်ဆီဆိုင်အနီးနေရာမှာ တွေ့ရပြီး မနက် ၇နာရီကျော်လောက်မှာ အမရပူရဆေးရုံကို သယ်ဆောင်ပို့ပေးရပါတယ်။ သေဆုံးသူရဲ့ လည်ပင်းမှာ သွေးသောက်အဖွဲ့ ကဒ်ကို ဆွဲခဲ့ပြီး ညပိုင်းကတည်းက အသတ်ခံရတာဖြစ်နိုင်ဖွယ် ရှိတယ်"လို့ မြင်တွေ့ခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ဧပြီ (၂၁)ရက်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ၊ ထောက်ခံသူတွေသာမက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဖမ်းဆီးသတ်ဖြတ်မယ်ဆိုတဲ့ သွေးသောက်အဖွဲ့အမည်နဲ့ကြေညာမှုတွေ စစ်ကောင်စီနဲ့နီးစပ်တဲ့သတင်းတွေကို ဖော်ပြလေ့ရှိတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စတင်ရေးသားခဲ့တာကို တွေ့ရပါတယ်။

    အဲ့ဒီနောက် ဧပြီ (၂၄)ရက် တစ်ရက်တည်းမှာတင် NLD ထောက်ခံသူတွေလို့ နာမည်ကျော်တဲ့ မန္တလေး၊စိန်ဝင်းဝင်းလက်ဖက်ရည်ဆိုင် မိသားစုဝင်သုံးဦးအပါအဝင် တခြားပါတီနဲ့ဆက်စပ်သူနှစ်ဦး စုစုပေါင်း (၅)ဦးဖမ်းဆီးသတ်ဖြတ်ခံရ၊ ပြင်းထန်ဒဏ်ရာရခဲ့တာကနေစပြီး နေ့စဉ်လိုလို မန္တလေးမှာ သတ်ဖြတ်ခံရပြီးအလောင်းစွန့်ပစ်တာတွေ ဆက်တိုက်ဖြစ်နေပါတယ်။

    ဒီသွေးသောက်အဖွဲ့နဲ့ပတ်သက်ပြီး စစ်ကောင်စီအနေနဲ့ မသိဘူးလို့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။

  18. NLD နဲ့ SNLD ပါတီတွေကို အစစ်ဆေးခံဖို့ အချိန်ထပ်ပေးထားတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ပြော

    NLD နဲ့ SNLD ပါတီတွေကို အစစ်ဆေးခံဖို့ အချိန်ထပ်ပေးထားတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ပြော

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီတွေကို အစစ်ဆေးခံဖို့ အချိန်ထပ်ပေးထားတယ်ဆိုပြီး စစ်ကောင်စီက ခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်က ပြောလာပါတယ်။

    နိုင်ငံရေးပါတီဝင်တွေရဲ့အင်အား၊ ပါတီရန်ပုံငွေနဲ့ ပစ္စည်းတွေ စုဆောင်းထိန်းသိမ်းတာ၊ သုံးစွဲတာ၊ စာရင်းရှင်းလင်းတာတွေရှိ၊ မရှိကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ပါတီတွေကို စစ်ဆေးနေတာပါ။

    အခုတော့ အစစ်ဆေးမခံရသေးတဲ့ ပါတီ ၁၀ ခုထဲမှာ ပါတီကြီးတွေဖြစ်တဲ့ SNLD ပါတီကို အချိန် ၁ လ ထပ်ပေးထားပြီး NLD ပါတီကိုလည်း အချိန်ထပ်ပေးထားတယ်လို့ ကော်မရှင်ဘက်က ပြောပါတယ်။

    ဒီပါတီတွေဟာ အစစ်ဆေးခံဖို့ ပျက်ကွက်တဲ့အတွက် လိုအပ်သလို အရေးယူဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ စုံညီအစည်းအဝေးပွဲလုပ်ပြီး ဖြစ်ပေမဲ့ အဲဒီအစည်းအဝေးပွဲမတိုင်ခင် SNLD ဘက်က အချိန်ပေးဖို့ ဆက်သွယ်လာတာကြောင့်လို့ ဆိုပါတယ်။

    NLD ပါတီဘက်ကိုတော့ အစစ်ဆေးခံရမယ့်ဗဟိုအလုပ်အမှုဆောင်တွေ ဖမ်းဆီးခံတာ၊ တိမ်းရှောင်နေရတာ၊ အချို့အဆက်အသွယ်မရတာတွေကြောင့် စာရင်းတွေ စုစည်းပြီး စစ်ဆေးတာခံဖို့ အခက်အခဲရှိနေတာကြောင့် အချိန်တစ်ခုအထိ စောင့်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ကော်မရှင်က ပြောပါတယ်။

    ရွေးကောက်ပွဲကော်မရှင်ဟာ NLD ပါတီနဲ့ SNLD ပါတီတို့ကို စစ်ဆေးမယ်လို့ အခုနှစ် ဖေဖော်ဝါရီလကတည်းက စာထုတ်ထားတာဖြစ်ပါတယ်။

    SNLD ပါတီဘက်ကတော့ လုပ်ထုံးလုပ်နည်းအရ ငွေစာရင်းစစ်ဆေးတာမျိုးလို စစ်ဆေးမှုတွေဟာ ပါတီကို လာရောက်စစ်ဆေးတာမျိုးဖြစ်ပြီး ပါတီက သွားရောက်အစစ်ခံတာမျိုးမဟုတ်လို့ စစ်ဆေးခံမှာမဟုတ်ဘူးလို့ မီဒီယာကို အစောပိုင်းကတည်းကပြောထားဖူးပါတယ်။

    NLD ပါတီဘက်ကတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိမယ်ဆိုရင် ပါတီနဲ့မဆိုင်သလို စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးဖို့ ကိုယ်စားပြု ခန့်ထားတာလည်း မရှိဘူးလို့ မနေ့ မေလ ၁ ရက်မှာပဲ စာထုတ်ထားပါတယ်။

  19. လုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာသိန်းချီ ပေးခဲ့တယ်ဆိုတဲ့ အဂတိအမှုကို ကြားနာ

    လုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်လာသိန်းချီ ပေးခဲ့တယ်ဆိုတဲ့ အဂတိအမှုကို ကြားနာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ စေပိုင်ကုမ္ပဏီပိုင်ရှင်ဦးမောင်ဝိတ်က ဒေါ်လာငွေ ၅ သိန်း လာဘ်ထိုးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ တရားစွဲဆိုခံထားရတဲ့ အဂတိမှုကို ဒီနေ့ မေလ ၂ ရက်မှာ နေပြည်တော်အထူးတရားရုံးမှာကြားနာခဲ့ပါတယ်။

    အဲဒီအမှုအပါအဝင် ‌ဒေါ်အောင်ဆန်းစုကြည်နောက်ထပ်စွပ်စွဲခံထားရတဲ့ အဂတိအမှုတွေထဲက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်တဲ့ အဂတိအမှု ၂ မှုကိုလည်း ကြားနာခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ဒီနေ့ ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်စွပ်စွဲခံရတဲ့ လုပ်ငန်းရှင်ဦးမောင်ဝိတ်နဲ့ဆက်စပ်တဲ့ အဂတိမှုတွေအတွက် တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအရာရှိ ဦးရဲထက်က စစ်မေးချက်တွေကိုလာရောက်ထွက်ဆိုတယ်လို့သိရပါတယ်။

    ဒီအမှုအတွက် စစ်ကောင်စီက သက်သေဖြစ်အဖြစ်ခေါ်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်‌ဒေးရှင်းတာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာသန့်သော်ကောင်းဟာ ဒီနေ့ရုံးချိန်းကို မလာခဲ့တာကြောင့် ဒီ့အတွက် လာမယ့်တစ်ပတ် မေလ ၉ ရက် တနင်္လာနေ့ကို ရုံးချိန်း ထပ်ချိန်းထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအခြေအနေလည်းကောင်းမွန်တယ်လို့တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

    • ဒေါ်အောင်ဆန်းစုကြည်ကို မောင်ဝိတ်က ဒေါ်လာ ၅ သိန်းခွဲလာဘ်ထိုးတယ်လို့ စွပ်စွဲ
  20. ၀င်းတာပန်‌ကျေးရွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ

    မွန်ပြည်နယ်ထဲက KNU တပ်မဟာ(၁ ) နယ်မြေ သထုံ ခရိုင် ဝင်းတာပန်ကျေးရွာမှာ မေလ ၁ရက် က စစ်ကောင်စီ ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်းရှိဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ လူနေအိမ် ၃လုံးမီးလောင်ပျက်စီးခဲ့ပြီး အခြားနေအိမ် ၇ လုံး ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာ အဲဒီက ဒေသခံထောင်ချီ ဟာ စစ်ဘေးရှောင် နေကြရတယ်လို့ သထုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ က သိရပါတယ်။

    '' မနေ့ က လေယာဉ်နဲ့ဗုံးလာကြဲတာ ၂ကြိမ်ပေါ့ ။ ပထမက မနက်ပိုင်း မှာလာတယ်။မနက်ပိုင်းလာတုန်းကထိခိုက်မှုတွေမရှိဘူး။ နောက် နေ့လည် ၁နာရီ ကျော် မှာ ဒုတိယအကြိမ်လာကြဲတော့ရွာသားတွေရဲ့နေအိမ်တွေ ပျက်စီးကုန်တယ်။ ရွာသားတွေ က တိုက်ပွဲဖြစ်တဲ့ ဧပြီ၂၉ ရက်လောက်ကတည်းက ရှောင်နေကြတာ ဆိုတော့ လူတော့အထိအခိုက်မရှိဘူး ။ လေးကေနဲ့ ၀င်းတာပန် စစ်ကောင်စီ စခန်းတွေ တိုက်ပွဲဖြစ်ကတည်းကအဲ့ရွာတွေဘက်မှာဖုန်းလိုင်းတွေဖြတ်ထားတယ်အခုထိပါပဲ။အဆက်အသွယ် ဘာမှလုပ်မရဘူး'' လို့ သထုံပြည်သူကာကွယ်ရေး တပ်ဖွဲ့ ၀င်တစ်ဦး က ပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ မှ စတင်ကာ မွန်ပြည်နယ် ၊ သထုံခရိုင် ဘီးလင်းဒေသ အတွင်းရှိ စစ်ကောင်စီ အခြေစိုက် ဝင်းတာပန်စခန်း၊လေကေစခန်း ပိန္နဲတော စခန်း နဲ့ကမမောင်း ဗျူဟာဘက် ကနေ ကျေးရွာ တွေဘက်ကို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ဝါးဘိုးတော ၊ ညောင်ကုန်းနဲ့ ပိန္နဲတော ကျေးရွာတွေဘက်မှာလည်း ဒေသ တွင်း KNLA / KNDO တပ်ဖွဲ့၊ သထုံပြည်သူကာကွယ်ရေး တပ်ဖွဲ့ တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

    အဲဒီလို ပစ်ခတ်မှုကြောင့် KNU တပ်မဟာ ၁ နယ်မြေ အတွင်းတွင် ဒေသတွင်း ကျေးရွာပေါင်း ၂၀ ခန့် ကစစ်ဘေးရှောင်နေရတဲ့ ပြည်သူတစ်သောင်း နီးပါးရှိနေပြီးဖြစ်ကြောင်းသိရသည်။

    ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရတဲ့ အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မြင်တွေ့ရတဲ့ အခြေအနေ
    မြေပြင်မှာတွေ့ရတဲ့ ဗုံးလက်နက်အစိတ်အပိုင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မြေပြင်မှာတွေ့ရတဲ့ ဗုံးလက်နက်အစိတ်အပိုင်း