မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. SNLD ပါတီ တည်ထောင်သူ ဦးခွန်ထွန်းဦး ကွယ်လွန်

    ထင်ရှားတဲ့ ရှမ်းနိုင်ငံရေးသမား၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူလည်း ဖြစ်တဲ့ ဦးခွန်ထွန်းဦး ဒီကနေ့ ဧပြီ ၃၀ မှာ ရန်ကုန်မြို့က နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ သူ့ပါတီက အတည်ပြုပါတယ်။

    အသက် ၇၉ နှစ်အရွယ် ဦးခွန်ထွန်းဦးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်တာလို့ လက်ရှိ SNLD ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ဘီဘီစီကို ပြောပါတယ်။ ဦးခွန်ထွန်းဦးဟာ သီပေါစော်ဘွား စဝ်ကြာဆိုင် ရဲ့ တူတော်စပ်ပြီး ရှမ်းနိုင်ငံရေးလောကမှာ သြဇာညောင်းသူဖြစ်ပါတယ်။

    သူဟာ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ အနိုင်ရအမတ်လည်းဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့နိုင်ငံရေးလှုပ်ရှားမှုကြောင့် စစ်အစိုးရက ထောင်ဒဏ် အနှစ် ၉၀ ကျော် ချမှတ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်၂၀၁၂ ခုနှစ် မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

    ၂၀၂၀ ခုနှစ်က ပါတီကနေ အနားယူတဲ့အချိန်မှာ ပါတီကလည်းပေးမထွက်ခဲ့လို့ သတင်းစာထဲကြေညာထည့်ပြီး သူအနားယူပြီလို့လူသိရှင်ကြားပြောခဲ့တာက အမှတ်ရစရာဖြစ်ပါတယ်။

    ဦးခွန်ထွန်းဦး
  2. ဖမ်းဆီးခံထားရတဲ့ ၈၈ မျိုးဆက်အဖွဲ့ဝင် မခက်ခက်နဲ့ မနုနုအောင်တို့ မိသားစုနဲ့ အဆက်အသွယ်ပြတ်, ဖမ်းဆီးခံရသူတွေအတွက် အသက်အန္တရာယ်စိုးရိမ်နေတယ်လို့ ၈၈ မျိုးဆက်အဖွဲ့ ထုတ်ပြန်

    ဘားအံ့မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အဖွဲ့က မနုနုအောင်၊ မခက်ခက်နဲ့ သူ့ရဲ့သားဖြစ်သူ ကိုမြတ်သူတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက်ပိုင်း အဆက်အသွယ်ပြတ်တောက်သွားပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာလည်း မသိရဘူးလို့ ၈၈မျိုးဆက်အဖွဲ့ကထုတ်ပြန်ထားပါတယ်။

    ဖမ်းဆီးခံလိုက်ရတဲ့ မနုနုအောင်ဟာ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တောင်သူလယ်သမားရေးရာဌာနကဖြစ်သလို မခက်ခက်ကတော့ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနကဖြစ်ပြီး ကျန်းမာရေးအခြေအနေကြောင့်ဆေးကုဖို့ ဘားအံမြို့ကိုအသွားမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့ဝင်တွေကပြောပါတယ်။

    ‘’မခက်က အာရုံကြောထိထားသလို မနုကလည်း ဒူးတွေယောင်ပြီးထမရဘူး။ မဖြစ်မနေဆေးခန်းသွားရမှာဖြစ်လို့ ဘားအံကိုသွားကြတာ။ မနက်ပိုင်း ၉နာရီကတည်းကအဆက်အသွယ်ပြတ်သွားတာ။ ဆေးခန်းကိုစုံစမ်းတော့လည်း ရောက်မလာဘူးဆိုတော့ ညနေပိုင်းလောက်မှ စစ်ကောင်စီကဖမ်းသွားတယ်ဆိုတာသိရတာ။ အခုဘယ်လိုမှစုံစမ်းလို့မရဘူး။လာစုံစမ်းရင် စုံစမ်းတဲ့လူပါ အဖမ်းခံရနိုင်တယ်။ ဘယ်မှာဖမ်းထားလဲမသိဘူး။ သူတို့က ဘာမှလုပ်နေတာလည်းမဟုတ်ဘူး။ ကျန်းမာရေးမကောင်းတဲ့လူတွေကိုဖမ်းထားတာ အရမ်းစိုးရိမ်နေကြတယ်’’ လို့ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) က အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ၈၈ မျိုးဆက်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ပြည်တွင်းမှာအာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကနိုင်ငံတဝန်းမှာရှိတဲ့စစ်အာဏာသိမ်းမှုကိုပုံစံမျိုးစုံနဲ့ဖမ်းဆီးတာတွေလုပ်နေပြီး အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာတဲ့အချိန်အထိ ဖမ်းဆီးခံရသူပေါင်း သောင်းနဲ့ချီရှိနေပြီလို့လည်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

    ၈၈ မျိုးဆက်

    ဓာတ်ပုံ ရင်းမြစ်, Social Media

  3. ကန့်ဘလူမြို့နယ်မှာ အိမ်ခြေ ၁၂၀ ကျော် မီးရှို့ခံရ

    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ငုတ်တိုကျေးရွာမှာ ဧပြီ ၂၉ ရက် မနေ့ မနက် ၁၀ နာရီခွဲလောက်မှာစစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီးနောက် မနက် ၁၁ နာရီခွဲလောက်မှာ မီးစရှို့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အိမ်ခြေ ၃၀၀ ကျော်ရှိတဲ့ အင်ငုတ်တိုကျေးရွာမှာ မနေ့က မီးရှို့ခံရတာကြောင့် အိမ်ပေါင်း ၁၂၀ ကျော် မီးလောင်ခဲ့ရပြီး နွား၊ ကြက်၊ ဝက် စတဲ့ လယ်ယာသုံးနဲ့ တိရစ္ဆာန်တွေလည်း မီးလောင်သေဆုံးတယ်လို့ ပြောပါတယ်။

    “ကျွန်တော်တို့ရွာက ကျွန်းလှ- ကောလင်းသွားတဲ့ လမ်းအနားမှာရှိတာ၊ သူတို့တွေ မိုင်းဆွဲခံရတာတွေရှိတော့ ကျွန်တော်တို့ရွာမှာ ပီဒီအက်ဖ်တွေရှိတယ်ဆိုပြီး မီးလာရှို့တာ၊ ဒီနေ့မနက် ရွာထဲခဏပြန်ဝင်ပြီး ယူလို့ရသလောက်၊ စားလို့ရတာတွေ ပြန်သယ်ကြတုန်း စစ်ကြောင်းပြန်ထွက်လာတယ်ဆိုလို့ ရွာသားတွေ ပြန်ပြေးလာရတယ်။” လို့ ဒေသခံတစ်ယောက်က ဒီ‌နေ့ ဧပြီ ၃၀ ရက်အခြေအနေကို ပြောပြပါတယ်။

    ချပ်သင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်အင်အား ၈၄ ယောက်နဲ့ ပျူစောထီး ၁၄ ယောက်တို့ မီးရှို့ခဲ့ကြတာဖြစ်ပြီး၊ ဒီနေ့မနက်မှာလည်း တခြားရွာတွေဘက်ကို ထပ်သွားနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်းထဲမှာ မနေ့က ဧပြီ ၂၉ ရက်မှာတင် ကန့်ဘလူမြို့နယ် အင်ငုတ်တိုကျေးရွာသာမက ဒီပဲယင်းမြို့နယ် ယင်းတွေရွာ၊ မြင်းမူမြို့နယ် ကန်တော်ရွာ၊ ခင်ဦးမြို့နယ် ဂွေးကုန်းနဲ့ တပင်ကောင်း၊ ရွှေဘိုမြို့နယ်မှာ ကျားရွာ တွေလည်း မီးရှို့ခံခဲ့ရတာပါ။

    မြန်မာနိုင်ငံမှာ အာဏာသိမ်းခံရပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဧပြီ ၁၃ ရက်အထိ စစ်ကောင်စီနဲ့လက်အောက်ခံအဖွဲ့အစည်းတွေ မီးရှို့ခဲ့တဲ့ အိမ်ချေပေါင်း ကိုးထောင်ကျော်ရှိပြီး အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး နေအိမ်ပေါင်း ၅၆၀၀ ကျော် မီးရှို့ခံထားရတာဖြစ်ပါတယ်။

    အင်ငုတ်တိုရွာ၊ မီးရှို့ခံရ၊ စစ်ကောင်စီမီးရှို့၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, အင်ငုတ်တိုကျေးရွာသူ/သားများဆုံစည်းရာ Facebook Page

    ဓာတ်ပုံ ပုံစာ, ကန့်ဘလူမြို့နယ် ၊ အင်ငုတ်တိုကျေးရွာ ပုံဟောင်း
  4. ရေဦးမြို့မှာ လူသေအလောင်းတွေဆက်တိုက်တွေ့, အလောင်းရာဂဏန်းထိရှိလာတယ်လို့ လူမှုကူညီ‌ရေးအသင်းတွေပြော

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့ထဲမှာ အခုဧပြီလထဲမှာ လူသေအလောင်းတွေဆက်တိုက်တွေ့ နေတယ်လို့သွားရောက်သယ်ဆောင်ကူညီပေးနေတဲ့ ပရဟိတအသင်းတွေကပြောပါတယ်။

    ရေဦးမြိုနယ်ထဲကကျေးရွာအစပ်တွေ၊ ရထားသံလမ်းဘေးတွေနဲ့မြစ်ချောင်းထဲမှာ မျောလာတဲ့အနေအထားနဲ့ တွေ့ရတာဖြစ်ပြီး အလောင်းတချို့မှာတော့သတ်ဖြတ်ခံထားရတဲ့ပုံစံတွေ့နေရတယ်လို့ အလောင်းတွေကိုသယ်ဆောင် သင်္ဂြိုဟ်တာတွေလုပ်ပေးနေတဲ့ ပုညကုသလလူမှုကူညီရေး အသင်းကတာဝန်ရှိသူကပြောပါတယ်။

    ‘’အစုလိုက်အပြုံလိုက်တွေ့တာမဟုတ်ဘဲ တရက်ကို တစ်လောင်းတွေ့လိုက်၊ နှစ်လောင်းတွေ့လိုက်၊ သုံးလောင်းတွေ့လိုက်တွေ့နေတာ။ ပုံတွေပြဖို့တောင် ရုပ်ပျက်ဆင်းပျက်ပဲ၊ အလောင်းတွေကို ရေထဲမျှောလိုက်တာတွေလည်းခဲရာခဲဆစ်သယ်ရတယ်။အာဏာသိမ်းပြီးနောက်ပိုင်း ၇လလောက်ကစပြီး ကျွန်တော်ရေတွက်ထားတာဆိုရင်အလောင်း ၁၀၀ ကျော်သွားပြီ’’ လို့ ပုညကုသလလူမှုကူညီရေး အသင်းက တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ရေဦးမြို့

    ဓာတ်ပုံ ရင်းမြစ်, ပုညကုသလ လူမှုကူညီရေး အသင်း

    ဒါ့အပြင် အခု ဧပြီလထဲမှာပဲ ပိုင်ရှင်မဲ့စွန့်ပစ်ထားတဲ့အလောင်းတွေကို သွားရောက်သယ်ဆောင် ဆယ်ယူတာတွေလုပ်ပေးနေရတာ အလောင်း ၁၂ လောင်းရှိနေပြီလို့လည်း သူကဆက်ပြောပါတယ်။ ဒီလိုတွေ့ရှိတဲ့အလောင်းတွေထဲမှာတော့ ဒေသခံတွေ၊ စစ်ကောင်စီသတင်းပေးလို့သတ်မှတ်ထားသူတွေ နဲ့ နေရာအတိအကျမသိရဘဲ ရေထဲမျောတဲ့အနေအထားနဲ့ပါလာသူတွေရှိနေပြီး တချို့အလောင်းတွေကိုတော့မိသားစုတွေကိုယ်တိုင်လာရောက်တွေ့ပြီးမှ သင်္ဂြိုဟ်ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

    အခု လူသေအလောင်းတွေ့ရှိနေတဲ့ စစ်ကိုင်းတိုင်းရေဦးမြို့နယ်နဲ့ အနီးတဝိုက် မှာရှိနေတဲ့ ကျေးရွာ၊ မြို့နယ်တွေဟာဆိုရင်လည်း စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ စစ်ကောင်စီ သတင်းပေးလို့ သတ်မှတ်ခံရသူတွေ သတ်ဖြတ်ခံရမှုတွေ ဖြစ်နေတဲ့ ဒေသတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေကပြောဆိုထားပါတယ်။

    ရေဦးမြို့

    ဓာတ်ပုံ ရင်းမြစ်, ပုညကုသလ လူမှုကူညီရေး အသင်း

  5. ရုပ်ရှင်ဖန်တီးသူ မအိမ့်ကို စစ်ကောင်စီက ထောင်သုံးနှစ်ချ, စစ်ကြောရေးကာလအတွင်းရိုက်နှက်ခံထားရတာတွေကြောင့်နောက်ဆက်တွဲကျန်းမာရေးထိခိုက်မှုတွေရှိနေ

    စစ်ကောင်စီကဖမ်းဆီးထားတဲ့ ရုပ်ရှင်ဖန်တီးသူ မအိမ့်ကို မနေ့ဧပြီ ၂၉ရက်က ပုဒ်မ ၅၀၅ နဲ့အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

    ရုပ်ရှင်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ မအိမ့်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လ ကတည်းက စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးပြီးတစ်နှစ်နီးပါးအကြာမှာ အခုလိုထောင်ဒဏ်ချမှတ်လိုက်တာပါ။

    ဖမ်းဆီးသွားပြီးနောက်ပိုင်းမှာတော့ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အဖွဲ့တွေဆီ ငွေကြေးလှူဒါန်းတယ်ဆိုတဲ့ စွဲချက်အပြင် တခြားစွပ်စွဲချက်တွေကို ထည့်သွင်းစွဲဆိုတာတွေရှိတယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

    "စွပ်စွဲထားတာတွေကတော့အများကြီးပဲ။ ငွေလှူတယ်ဆိုတာကတော့ အဓိကစွဲချက်ပါ။ ဘယ်စွပ်စွဲချက်ကိုမှ ဝန်ခံလက်မှတ်ထိုးတာမရှိပါဘူး။ ကျန်းမာရေးကောင်းပေမယ့် ခြေသလုံးမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာကျန်နေသေးလို့ အလေးအပင်မလို့မရဘူး။ ခေါင်းကိုရိုက်ထားလို့ မေ့တတ်လာတယ်လို့လည်းပြောပါတယ်။ အရင်ကမှတ်ဉာဏ်ကောင်းတယ်’’ လို့ မအိမ့်ရဲ့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။

    ရုပ်ရှင်ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ မအိမ့် ဖမ်းဆီးထောင်ချခံထားရချိန်မှာတော့ သူကိုယ်တိုင်ထုတ်လုပ်သူအနေနဲ့ရော ပူးတွဲဇာတ်ညွှန်းရေးသူအနေနဲ့ရောပါဝင်ထားတဲ့ "ခြေလေးချောင်း" ရုပ်ရှင်ဇာတ်ကားဟာလည်း နာမည်ကြီးနိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်တဲ့ဘူဆန်ရုပ်ရှင်ပွဲတော်အပြင်နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာပြသပြီး အောင်မြင်မှုရထားပါတယ်။

    မအိမ့်ကိုပြန်လွှတ်ပေးဖို့ကိုလည်း နိုင်ငံတကာရုပ်ရှင်အဖွဲ့အစည်း ၂၀ က စုပေါင်းတောင်းဆိုထားခဲ့ကြပါတယ်။

    ရုပ်ရှင်ဖန်တီးသူ မအိမ့်

    ဓာတ်ပုံ ရင်းမြစ်, SEAFIC

  6. ရွာငံတိုက်ပွဲမှာ ဒေသခံ PDF ၅ ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်တဲ့ ရွာငံမြို့နယ်ထဲ တဲ့လုကျေးရွာနဲ့ တောင်ဦးကျေးရွာကြားမှာ စစ်ကောင်စီနဲ့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ က တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲမှာ YPDF အဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့တယ်လို့ အဖွဲ့က ဒီကနေ့ ဧပြီ ၃၀ မှာထုတ်ပြန်လာပါတယ်။

    ပန်းလောင်မြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်နဲ့ YPDF တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က အရာရှိ ၁ ဦး အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    YPDF အနေနဲ့ လက်နက်အင်အားမမျှတာတွေ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ပြန်ဆုတ်ခွာခဲ့ရတာဖြစ်ပြီး လက်နက်ကြီးထိမှန်ပြီး ရဲဘော် ၅ဦး ကျဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့တာဖြစ်တယ်လို့ YPDF ကထုတ်ပြန်ပါတယ်။

    တိုက်ပွဲသတင်းတွေကိုတော့ အင်တာနက်အခက်အခဲကြောင့် ဒီကနေ့မှ ထုတ်ပြန်နိုင်တာြဖစ်တယ်လို့ဆိုပါတယ်။

    အခုဧပြီလထဲမှာပဲ ရွာငံမြို့နယ်ထဲက ကျေးရွာတွေထဲကို စစ်ကောင်စီတပ်တွေဝင်ရောက် မွှေနှောက်တာတွေ၊ ဒေသခံရွာသားတွေကို ဖမ်းဆီးခြိမ်း‌ခြောက်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၂၅ရက်နေ့မှာလည်း ရွာငံမြို့နယ်ထဲ နွားဘန်းကြီးကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ဒေသခံ ရွာသား ၁၄ ဦးကို ဖမ်းဆီးထားတယ်လို့ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

    ရှမ်းပြည်နယ်တောင်ပိုင်းမှာဖြစ်နေတဲ့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ရဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိပေမယ့် ရွာငံ ဖြစ်စဥ်မှာတော့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တချို့မှာ ရေးသားနေတာတွေရှိပါတယ်။

    ရွာငံ

    ဓာတ်ပုံ ရင်းမြစ်, Social Media

  7. မေ ၁ ရက်ကစပြီး နိုင်ငံတကာလေကြောင်းကနေ ဝင်ရောက်လာသူတွေကို လေဆိပ်မှာတင် ကိုဗစ်စစ်ဆေးပြီး သွားလာခွင့်ပြုမယ်

    လာမယ့် မေလ ၁ ရက်နေ့ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဝင်ရောက်လာမယ့် ခရီးသွားတွေကို ကုန်ကျစရိတ်သက်သာတဲ့အပြင် ကိုဗစ်ဓာတ်ခွဲအဖြေ အချိန်တိုအတွင်း ချက်ချင်းရရှိနိုင်တဲ့ RDT နည်းနဲ့ ပြောင်းလဲစစ်ဆေးပေးသွားမယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဧပြီ (၂၉) ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

    ဒီ RDT နည်းနဲ့ကိုဗစ်စစ်ဆေးတာဟာ အချိန်တစ်နာရီခန့်သာကြာမြင့်နိုင်ပြီး ကိုဗစ်မတွေ့ခဲ့ရင် မိမိလိုရာခရီးကို ဆက်လက်သွားရောက်နိုင်မှာဖြစ်ပြီး ကိုဗစ်တွေ့ရှိရင်တော့ ဆေးရုံ၊ ကုသရေးစင်တာ၊ ဟိုတယ်စတဲ့ နေရာတွေကို လွှဲပြောင်းပို့ဆောင်ကုသမှာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ဧပြီ (၁၇)ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ကစပြီး နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်တွေကို စစ်ကောင်စီကပြန်ဖွင့်ပေးခဲ့တာကနေ ဧပြီ (၂၈)ရက်အထိ ဝင်ရောက်လာတဲ့ခရီးသည်တွေကနေ ကိုဗစ်တွေ့ရှိမှုရာခိုင်နှုန်းအလွန်နည်းတယ်လို့ဆိုပါတယ်။

    ဒါကြောင့် ပြည်ပနိုင်ငံကနေ မြန်မာပြည်တွင်း ဝင်ရောက်လာသူတွေကို သတ်မှတ်ဟိုတယ်မှာ (၂၄)နာရီနေထိုင်စေပြီး RT- PCR နည်းနဲ့ ဓာတ်ခွဲစမ်းသပ်တာတွေလုပ်ခဲ့တာကနေ အခုလို လေဆိပ်မှာတင် ကိုဗစ်စစ်ဆေးပြီး သွားလာခွင့်ပြုမယ့်နည်းကို ပြောင်းလဲမှာလို့ ဖော်ပြထားပါတယ်။

    ဒါ့အပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) တွေ၊ နယ်စပ်အဝင်အထွက်ဂိတ်တွေကနေ ပြန်လည်ဝင်ရောက်လာသူတွေကိုလည်း အရင်က ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးရင် အသွားအလာကန့်သတ်ထားရှိမှု (၅)ရက်အစား (၃)ရက်ကိုပြောင်းလဲသတ်မှတ်သလို ကာကွယ်ဆေးအကြိမ်ပြည့်မထိုးရသေးသူတွေကိုလည်း အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်ကို ပြင်ဆင်ပြောင်းလဲထားပါတယ်။

    RDT, Yangon Airway

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  8. ချင်းပြည်နယ် လုံခြုံရေး တာဝန်ယူမယ်လို့ CNO ကြေညာ

  9. ပက်ထရိုနပ်စ် ကုမ္ပဏီ ရဲတံခွန် စီမံကိန်းက နုတ်ထွက်

    မလေးရှားနိုင်ငံပိုင် PETRONAS ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ကုမ္ပဏီကြီးရဲ့ လုပ်ငန်းခွဲတွေဖြစ်ကြတဲ့ PETRONAS Carigali Myanmar Inc PCMI နဲ့ PC Myanmar ဟောင်ကောင် လိမီတက် တို့က မြန်မာနိုင်ငံ ရဲတံခွန် ကမ်းလွန်ရေနံ စီမံကိန်း လုပ်ကွက် M12 နဲ့M14 တို့ကနေ နုတ်ထွက်တယ်လို့ ဧပြီလ ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

    ပြောင်းလဲနေတဲ့ လုပ်ငန်း အနေအထားနဲ့ စွမ်းအင် ဆိုင်ရာ အသွင်ကူးပြောင်းမှု အရှိန်မြင့်တက်လာနေတဲ့ အခြေအနေကြားမှာ ကုမ္ပဏီရဲ့ တိုးတက်မှု ရည်မှန်းချက်နဲ့ ကိုက်ညီအောင် နည်းပညာနဲ့ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ထိထိရောက်ရောက် ဆန်းစစ်တဲ့ မဟာ ဗျူဟာ အရ လေ့လာ သုံးသပ်ပြီးမှ အခုလို ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပက်ထရိုနပ်စ် ကုမ္ပဏီက ပြောပါတယ်။

    PCML အနေနဲ့ ရဲတံခွန် စီမံကိန်းကို ၂၀၀၃ ခုနှစ်က စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ၄၀.၉ ရာခိုင်နှုန်း ပါဝင်ခဲ့ပါတယ်။

    ဒီစီမံကိန်းမှာ မြန်မာနိုင်ငံ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းက ၂၀.၅ ရာခိုင်နှုန်း၊ Nippon Oil Exploration ( Myanmar) Limited က ၁၉.၃ ရာခိုင်နှုန်းနဲ့ PTTEP International Limited က ၁၉.၃ ရာခိုင်နှုန်း ရင်းနှီး မြှုပ်နှံ ထားကြပါတယ်။

    ပက်ထရိုနပ်စ် ကုမ္ပဏီ ရဲတံခွန် စီမံကိန်းက နုတ်ထွက်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  10. ဒေါက်တာဇော်မြင့်မောင်အမှု တရားခံပြသက်သေမလာလို့ ရုံးချိန်းရွှေ့

    မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ စွဲဆိုထားတဲ့အမှုနှစ်ခုအတွက် ဒီကနေ့ ရုံးချိန်းမှာ တရားခံပြသက်သေမလာလို့ရုံးချိန်းပြောင်းလိုက်ပါတယ်။

    မြေယာနဲ့ပတ်သက်တဲ့အဂတိအမှုနှစ်ခုအတွက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဟောင်းဖြစ်ခဲ့တဲ့ဒေါက်တာစိုးသန်းကိုနောက်တပတ်ရုံးချိန်းမှာဆင့်ခေါ်ထားတယ်လို့တရားရုံးအသိုင်းဝိုင်းကပြောပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ကိုတရားစွဲဆိုထားတဲ့နောက်ထပ်အဂတိလိုက်စားမှုတိုက်ဖျက်ရေးအမှုသုံးခုကိုဧပြီ၂၆ရက်နေ့ကစစ်ဆေးရာမန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌဒေါ်ဝင်းမြမြကတရားခံပြသက်သေ ထွက်ဆိုခဲ့ပါတယ်။

    သူကဒေါက်တာဇော်မြင့်မောင်ဆေးကုသရာမှာပါတီရဲ့ကျန်းမာရေးရန်ပုံငွေကိုသာသုံးစွဲခဲ့ကြောင်းဆိုပါတယ်။

    ဒါ့အပြင်ဝန်ကြီးဟောင်းဦးဇာနည်အောင်လည်းပါတီမြေနေရာချထားပေးမှုအတွက်အသေးစိတ်သက်သေထွက်ဆိုခဲ့တယ်လို့သိရပါတယ်။

    ဒေါက်တာဇော်မြင့်မောင်ရဲ့အဂတိအမှု ငါးခုမှာသုံးခုအတွက်သာအတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုတရားခံပြသက်သေအဖြစ်ဆင့်ခေါ်ထားပေမဲ့လက်ရှိအချိန်ထိခွင့်ပြုမှုရှိ၊မရှိကိုမသိရသေးဘူးလို့တရားလွှတ်တော်ရှေ့နေတွေကဆိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာဇော်မြင့်မောင်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  11. ရေစကြိုမြို့နယ်အနီးက ပခန်းငယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေ ဝင်တိုက်

    ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်ခဲ့တဲ့ ပုံဟောင်း

    ဓာတ်ပုံ ရင်းမြစ်, Social Meida

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်ခဲ့တဲ့ ပုံဟောင်း

    မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ ၁၀ ဝန်းကျင်အကွာက ပခန်းငယ် ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက အင်အား ၄၀ ဝန်းကျင်နဲ့ မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ တိုက်ခိုက်ရာမှာ ပါခဲ့တဲ့ အဖွဲ့တချို့က သတင်းထုတ်ပြန်လာကြပါတယ်။

    မုံရွာ-ပခုက္ကူလမ်းမကြီးရဲ့အတွင်းဘက်၃မိုင်ခန့်ရှိတဲ့ ပခန်းငယ် ရဲစခန်းကို မြောင်ဒေသကာကွယ်ရေးတပ်၊27 Revolution Force၊သိန်းငှက်ပြောက်ကျားတပ်ဖွဲ့စတဲ့အဖွဲ့တွေကဝင်စီးခဲ့တာလို့ တိုက်ပွဲအကြောင်း သိရှိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

    တိုက်ပွဲဖြစ်ချိန်၄၅မိနစ်ကြာမြင့်ပြီးကာကွယ်ရေးတပ်တွေကအာပီဂျီ၂လုံး၊၆၀မမ၇လုံးနဲ့စက်သေနတ်နဲ့ပစ်ခတ်ခဲ့ပြီးအဲဒီအချိန်မှာ စခန်းထဲရှိနေသူ ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

    စခန်းကို၇၀ရာခိုင်နှုန်းလောက်ဒေသကာကွယ်ရေးတပ်တွေက သိမ်းပိုက်နိုင်ချိန်မှာစစ်ကောင်စီတပ်တွေကကား၃စီးနဲ့စစ်ကူလာတဲ့အတွက်စစ်ကူလာတဲ့တပ်ကိုမိုင်းနဲ့ထပ်ဆွဲတဲ့အတွက်စစ်ကောင်စီဘက် ၄ဦးသေ၊၃ဦးထိခိုက်ခဲ့တယ်၊ဒီတိုက်ခိုက်မှုတစ်ခုလုံးမှာ စစ်ကောင်စီဘက်က ၁၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

    နောက်ပိုင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေက စခန်းကနေ ပြန်ဆုတ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုမှာ ကာကွယ်ရေးတပ်တွေဘက်က သေဆုံးသူ မရှိဘူးလို့လည်း ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီကဘက်က စုစုပေါင်း လူ ၁၄ ဦး သေဆုံးတယ်လို့ တိုက်ခိုက်မှုအကြာင်း သိရှိသူတွေက ပြောပြီး ဒီတိုက်ပွဲအကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ခြင်းမရှိသေးသလို ဘီဘီစီက သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

    ဒီစခန်းဟာ ဒီတိုက်ခိုက်မှုနဲ့ဆိုရင် ဒုတိယအကြိမ်တိုက်ခိုက်မှု ဖြစ်တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

    ဒီတိုက်ပွဲကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ 27 Revolution Force၊မြင်းခြံခရိုင်တပ်ရင်းအမှတ် ( ၃ )၊ MSPDF၊ 11 Brothers Revolution Force၊မြောင်မြို့နယ်ကျေးရွာတပ်ပေါင်းစု၊သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ Thwaythauk Revolution Force နဲ့ဒေါင်းညီနောင်အဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

    စခန်းကို ဝင်ရောက်တိုက်ခိုက်မှု မှတ်တမ်း

    ဓာတ်ပုံ ရင်းမြစ်, 27 Revolution Force

    ဓာတ်ပုံ ပုံစာ, စခန်းကို ဝင်ရောက်တိုက်ခိုက်မှု မှတ်တမ်း
  12. ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီ ဘာကြောင့်ဖမ်းတာလဲ၊ ဘယ်မှာထိန်းသိမ်းထားလဲ

    မန္တလေးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းမိခဲ့ပြီး အဲဒီတပ်ဖွဲ့ဝင်ကတစ်ဆင့် စစ်ဆေးတွေ့ရှိချက်အရ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

    "၁၄ ရက်နေ့လောက်တုန်းက ပီဒီအက်ဖ်ထဲမှာ ပါနေတဲ့ ဘဏ္ဍာရေးမှူးပေါ့။ မန္တလေးမှာ ဘဏ္ဍာရေးမှူးလုပ်နေတဲ့ ရှေ့နေတစ်ယောက်ပါပဲ။ အဲဒီ ပီဒီအက်ဖ်တစ်ယောက်ကို ကျွန်တော်တို့မိတာရှိပါတယ်။ သူ့ကို စစ်ဆေးလိုက်တဲ့အခါမှာ သူတို့အဖွဲ့ကို လှူဒါန်းတဲ့အထဲမှာတော့ ဒီ သူ့ရဲ့ထွက်ချက်ထဲမှာ ဒေါ်ရွက်နုအောင်ရဲ့နာမည်လည်း ပါပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က အမှုဖွင့်ပြီး စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ အမှုထင်ရှားတဲ့အတွက်ကြောင့်မို့လို့ တရားစွဲဆိုပြီးဖမ်းဆီးထိန်းသိမ်းထားပါတယ်" လို့ သူက ပြောပါတယ်။

    ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ ည နဲ့ အမှုဖွင့်ထားပါတယ်။ လက်ရှိမှာ ဒေါ်ရွက်နုအောင်ကို သက်ဆိုင်ရာရဲစခန်းမှာဖမ်းဆီးချုပ်နှောင်ထားကြောင်းနဲ့ ရှေ့နေနဲ့တွေ့ဆုံခွင့်အပါအ၀င် တရားဥပဒေနဲ့အညီ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေရရှိမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကဆက် ပြောပါတယ်။ ဒေါ်ရွက်နုအောင်ကို စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ဧပြီ ၂၇ ရက်မနက်အစောပိုင်းမှာ သူ့ရုံးခန်းမှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

    သူဟာ အဖမ်းဆီးမခံရခင်အချိန်အထိ မန္တလေးတိုင်း၀န်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်နေသူဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၀င်တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ နာမည်ကျော်အမှုအခင်းကြီးတစ်ခုဖြစ်တဲ့ ကလေးငယ်ဗစ်တိုးရီးယားအမှုမှာ နစ်နာသူဘက်က လိုက်ပါဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။

    PDF, NLD CEO, Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. မြဝတီ အောင်မြေရွှေဘုံရပ်ကွက်အနီး စစ်ကောင်စီ- BGF ပူးပေါင်း အဖွဲ့ တွေနဲ့ KNLA တိုက်ပွဲ ဖြစ်နေ, ရပ်ကွက်အတွင်းလက်နက်ကြီး ကျပြီး ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေရှိ

    ကရင်ပြည်နယ်၊ မြဝတီမြို့အဝင်မှာရှိတဲ့ အမှတ် ၄ အောင်မြေ ရွှေဘုံရပ်ကွက်၊ မချောလေးတောင်ကုန်းနေရာမှာ ဒီကနေ့ ဧပြီ ၂၉ နေ့လယ်ပိုင်းက စစ်ကောင်စီ BGF ပူးပေါင်း အဖွဲ့ တွေနဲ့ KNLA တပ်ဖွဲ့တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီတိုက်ပွဲတွေကြားမှာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျလို့ ဒေသခံ ၃ ဦးထိခိုက်ဒဏ်ရာရတာရှိနေတယ်လို့ အောင်မြေရွှေဘုံရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။

    ‘’အခုမနက်ပိုင်း ၁၁ နာရီကျော်လောက်ကပစ်ခတ်သံတွေကြားရတယ်။ မချောလေးဘုရား တောင်ရဲ့တောင်ဘက် ခြံကွက်ကုန်းတွေမှာတိုက်ပွဲပြင်းထန်နေတာ။ မချောလေးဘုရားကုန်း၊ ‌ငွေဟင်္သာဘုရားကုန်းဘက်နဲ့ရပ်ကွက်တွေထဲအထိလက်နက်ကြီးကျည်တွေကျတာ။ ထမင်းရောင်းနေတဲ့ဆိုင်နားမှာ ၃ ယောက်ထိထားတယ်။ ကျွန်တော်တို့တော့ အိမ်ပိတ်ထားခဲ့ပြီး မြို့ထဲ ဘုန်းကြီးကျောင်းဘက်ပြေးပြီးနေတယ်။ လူတွေလည်းမနေရဲကြတော့ဘူး’’ လို့ အောင်မြေရွှေဘုံ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမြဝတီမြို့နယ် မြို့ပေါ်ရပ်ကွက်တွေအထိတိုက်ပွဲတွေကူးစက်ပြင်းထန်လာနေတဲ့အတွက် ဆက်ပြီးပစ်ခတ်မှုတွေဖြစ်မှာကိုလည်း ဒေသခံတွေက စိတ်ပူစိုးရိမ်မှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မြဝတီ

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. အသက် ၁၂ နှစ်အရွယ်ကလေးတစ်ဦးအပါအ၀င် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးဖမ်းဆီးခံရ

    ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား ၃ ဦးနဲ့ အသက် ၁၂ နှစ်အရွယ်ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့ဧပြီ ၂၈ ညနေပိုင်းက ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကျောင်းသား သမဂ္ဂအဖွဲ့ကထုတ်ပြန်ထားပါတယ်။

    ဒေါပုံဘောလုံးကွင်းအတွင်းမှာရှိနေတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၀င် တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ သမဂ္ဂ အဖွဲ့ဝင်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင်၊ ကိုဟိန်းထက်ဇော် ၊ ကိုသီဟအောင် တို့နဲ့အတူ (၁၂) နှစ်အရွယ် ကလေးတစ်ဦး စုစုပေါင်း (၄) ဦး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    "မနေ့က မွန်းလွဲ ၁၂ နာရီ ၄၀ လောက်အထိ အဆက်အသွယ်ရပါတယ်။ ညနေပိုင်းမှာ ဒေါပုံဘောလုံးကွင်းမှာ ဘောလုံးကန်နေတာကို ဝင်ဖမ်းတာလို့သိထားပါတယ်။ ကလေးကလည်း အဲဒီအနားမှာရှိနေတဲ့ကလေးကို ဖမ်းသွားတာပါ" လို့ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂကအဖွဲ့ဝင်တစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ကျောင်းသားလူငယ်တွေကိုအခုလိုဖမ်းဆီးသွားပြီးနောက်ပိုင်း ကျောင်းသားများသမဂ္ဂအနေနဲ့သတင်းကိုမပြတ်နားစွင့်နေပြီးဖမ်းဆီးခံကျောင်းသားတွေတစ်စုံတစ်ခုဖြစ်ခဲ့ရင် စစ်ကောင်စီရဲ့တာဝန်ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံရသူတွေထဲမှာ ကျောင်းသားလူငယ်တွေနဲ့ ကျောင်းသားများသမဂ္ဂခေါင်းဆောင်တွေအဖွဲ့ဝင်တွေလည်း အများစုပါဝင်နေပြီး ကျောင်းသားတချို့ကိုတော့ စစ်ကောင်စီက ပုဒ်မတပ်တရားစွဲဆိုမှုတွေလုပ်ပြီး သေဒဏ်၊ နှစ်ရှည်ထောင်ဒဏ်ချမှတ်နေပါတယ်။

    ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

    ဓာတ်ပုံ ရင်းမြစ်, EYUSU

  15. ဒီပဲယင်းမြို့နယ်ကျေးရွာတွေအတွင်းမှာ လက်နက်ကြီးထိမှန်တာကြောင့် အမျိုးသမီး တစ်ဦးသေဆုံး၄ဦးဒဏ်ရာပြင်းထန်, ပစ်ခတ်မီးရှို့မူတွေဆက်ဖြစ်နေလို့ ကျေးရွာ ၇ ရွာလောက်ထပ်ပြေးရပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းနယ်ထဲက ယင်းတွေကျေးရွာနဲ့ မဲသည်ကျေးရွာတွေမှာ ဒီကနေ့ ဧပြီ ၂၉ မနက်ပိုင်းက ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်မီးရှို့တာတွေဆက်ဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    လက်ရှိမှာတော့ ယင်းတွေကျေးရွာအပါအ၀င် နေအိမ်မီးရှို့ခံရတဲ့ရွာတွေလည်းရှိနေပြီး လက်နက်ကြီးတွေကြောင့် ဒေသခံအမျိုးသမီးတစ်ဦးလည်းသေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

    ‘’ဒီပဲယင်းအနောက်ဘက်ကွက်သစ် အင်းတန်းဘက်ကနေ စစ်ကောင်စီလာတော့ မဲသည်ရွာကလူတွေက ယင်းတွေကိုပြေးတာ အဲဒီမှာလက်နက်ကြီးကျတော့အမျိုးသမီး၅ဦးကိုထိတာ တစ်ယောက်ကတော့နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်။ ကျန်တဲ့လူတွေလည်းဒဏ်ရာပြင်းတယ်။ အခုလည်းယင်းတွေရွာထဲမီးရှို့ခံရတဲ့အိမ်တွေရှိနေတယ်။ ၇ အိမ် ၈ အိမ်လောက်ကလုံးဝပြာကျသွားပြီတဲ့။ တိုက်ပွဲမရှိပါဘူး။အခုက လက်နက်ကြီးကျတယ်ဆိုတာ စစ်ကောင်စီက ရွာကိုဝင်ရင်လက်နက်ကြီးအရင်ထုတာ။စစ်ရေးအရမသိပေမယ့် မိုင်းဆွဲခံရမှာဆိုလို့ ကြိုပစ်ပြီးမှ ဝင်တာ ၊ တိုက်ပွဲဖြစ်တယ်ဆိုရင် နှစ်ဖက်ပစ်သံကြာရမှာတော့ အခုကလက်နက်ကြီးသံပဲကြားတာ ‘’လို့ စစ်ရှောင်တွေကိုကူညီပေးနေတဲ့ဒီပဲယင်းဒေသခံက ဘီဘီစီကိုပြောပါတယ်။

    အခုပစ်ခတ်မှုတွေထပ်ဖြစ်တာကြောင့်ယင်းတွေ၊ မဲသည်၊ ဝဘာရွာအပါအဝင် ကျေးရွာ ၇ ရွာလောက်ထပ်မံထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီပဲယင်းနယ်ထဲက ကျေးရွာတွေမှာတော့ စစ်ကောင်စီက မကြာခဏဝင်ရောက်ပစ်ခတ်မှုတွေရှိနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာပြေးဖို့အသင့်အနေအထားနဲ့နေထိုင်နေရပြီးစစ်ရှောင်နေရာသတ်မှတ်ချက်လည်းမရှိဘဲ နေ့ စဥ်လူမှုဘဝတွေလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပြပါတယ်။

    ဒီပဲယင်းနယ်ထဲကျေးရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေနေ့စဥ်ရက်ခြားဆိုသလို ပစ်ခတ်ဝင်ရောက်တာ မီးရှို့တာတွေရှိနေတဲ့အကြောင်းနဲ့အရပ်သားထိခိုက်သေဆုံးမှုတွေကို ဒေသခံတွေက ပြောဆိုကြပေမယ့်စစ်ကောင်စီကသတင်းထုတ်ပြန်တာမရှိသလို ရွာတွေကို စစ်တပ်က မီးမရှို့ ကြောင်းတုံ့ပြန်ပြောဆိုပါတယ်။

    ဒီပဲယင်းမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, Cj

    ဓာတ်ပုံ ပုံစာ, ပုံစာ- အခုဧပြီလအတွင်းမှာတွေ့ရတဲ့ ဒီပဲယင်းနယ်ထဲ ကျေးရွာနေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့မြင်ကွင်း
  16. ကျောက်ညှပ်စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်, နှစ်ဖက်အကျအဆုံးရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေ

    ထိုင်းမြန်မာ နယ်စပ် မြန်မာဘက်အခြမ်း ဖာပွန် ခရိုင် KNU တပ်မဟာ ၆ နယ်မြေ အတွင်း စစ်ကောင်စီ တပ်စွဲထားတဲ့ ကျောက်ညှပ် စခန်းကို KLNA ပူးပေါင်းတပ်ေတွဘက်က မနေ့ဧပြီ ၂၈ ရက်မှာ ပြန်လည် သိမ်းပိုက်ခဲ့ပြီး နယ်မြေ ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းနီးစပ်သူတွေထံက သိရပါတယ်။

    ကျောက်ညှပ်စခန်းကို မနက်ပိုင်းမှာ ကရင်ပူးပေါင်းအဖွဲ့ တွေ ပြန်သိမ်းနိုင်တယ်၊ သိမ်းပြီးတော့ လေယာဉ်လာပစ်တာ၊ ဗုံး ကြဲတာကြောင့် အနီးအပါး ကရင် ကျေးရွာ တွေက ဒေသခံ တွေ ဘေးလွတ်ရာ ရွှေ့ပေးထားတယ်၊ သူက ဖာပွန် အမှတ် ၄၃၄ တပ်ရင်းက နယ်ခြား ခံစစ်စခန်း လုပ်ထားတာတော့ နှစ်တော်တော်ကြာရှိနေတဲ့စခန်းပေါ့၊ အခုတော့ နယ်မြေ ရှင်းလင်းရေး ဆက်လုပ်နေတယ်" လို့ စစ်ရေး နယ်မြေ ရောက် သတင်းအရင်းအမြစ်က ပြောပါတယ်။

    မနေ့က ဖြစ်ပွားတဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံး ရှိတယ်လို့ သိရပြီး KNLA ပူးပေါင်းတပ်များ မှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ ဒီစခန်း သိမ်းပိုက်ခံရတယ်ဆိုတဲ့သတင်းအပေါ် စစ်ကောင်စီဘက်က ဧပြီ ၂၉ ရက်မွန်းလွဲပိုင်းထိ သတင်းမထုတ်ပြန်သေးပါဘူး။

    KNLA ပူးပေါင်းတပ်တွေဘက်ကလည်း ရဲဘော်တစ်ဦး ဒဏ်ရာ ရရှိပြီး KNLA တပ်မဟာ ၅ စစ်ဆင်ရေး ဗျူဟာမှူးအဆင့်ရှိအရာရှိတစ်ဦး ကျဆုံးတယ်လို့ သတင်းတွေ ထွက်နေပေမယ့် KNU ဘက်ကတော့ အတည်ပြု ထုတ်ပြန် ပြောဆိုတာမရှိသေးပါဘူး။

    Military, KNU/KNLA, April 28

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျောက်ညှပ်စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်
  17. မြင်းမူ PDF စခန်း နှစ်ခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း, မြင်းခြံ PDF အဖွဲ့က CDM ရဲတပ်သား ကိုဟိန်းထက် ကျဆုံးတယ်လို့ ထုတ်ပြန်

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်စခန်းတွေကို ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်စီးနင်း ခဲ့တယ်လို့ မြင်းမူဒေသကာကွယ်ရေးတပ်တွေဖြစ်တဲ့ GTR MMU နဲ့ Myin Mu Defence Force က ထုတ်ပြန်လာပါတယ်။

    "ကန်တော်ကျေးရွာမှာ ရှိတဲ့အဖွဲ့ကို မနက် ၄ နာရီက ဝင်ရောက်စီးနင်းတာပါ။ PDF တွေ ထိခိုက်တာ ကျဆုံးတာက သတင်းသေချာမရသေးဘူး။ သတင်းကြိုရထားလို့ လမ်းက စောင့်တိုက်ကြတယ်။ စစ်ကောင်စီဘက်က ထိတာတွေလည်း လူနာတင်ယာဉ်ကားတွေနဲ့ တင်သွားတာလည်းကြားထားတယ်။ အခုထိလည်း ကန်တော်ကျေးရွာမှာ စစ်ကောင်စီတပ်တွေအင်အားတိုးပြီးတပ်စွဲထားတယ်။ တိုက်ပွဲအခြေအနေလည်းတင်းမာနေတယ်" လို့ မြင်းမူဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ Knight Commanders အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

    လက်ရှိမှာလည်း မြင်းမူက ဒေသခံ PDF အဖွဲ့တွေက မုံရွာ - မြင်းမူ - မန္တလေးလမ်းပိုင်းနဲ့ ထီးဆောင်း-အရာတော်လမ်းပိုင်းတွေကို ဧပြီ ၂၉ ကစပြီး လုံးဝအသုံးမပြုကြဖို့ အသီးသီးထုတ်ပြန်လာပါတယ်။

    ဒါ့အပြင် မြင်းခြံ Zero အဖွဲ့က ဒုတိယခေါင်းဆောင်တစ်ဦးဖြစ်တဲ့ CDM ရဲတပ်သား ကိုဟိန်းထက် (ခေါ်) ကိုရခိုင်ဟာလည်း မြင်းမူထီးစောင်းဘက်ကို စစ်ကူသွားရင်း ဒီကနေ့မှာ ကျဆုံးခဲ့တယ်လို့ မြင်းမူဒေသကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားပါတယ်။

    စစ်ကောင်စီဘက်က သတင်းတွေကိုထုတ်ပြန်နေတဲ့ တယ်လီဂရန်ချယ်နယ်တွေမှာတော့ မြင်းမူဒေသာကွယ်ရေးတပ်စခန်းတွေကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေသေဆုံးမှုရှိသလို လက်နက်တွေလည်းသိမ်းဆည်းမိတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

    မြင်းမူ PDF

    ဓာတ်ပုံ ရင်းမြစ်, မြင်းမူ PDF

  18. ထားဝယ်၊မြိတ်ကားလမ်းမှာ ခရီးသည်တင်ယာဥ် ၂စီးပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး၊ ဒဏ်ရာရသူများပြား

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်-ထားဝယ်ကားလမ်းပေါ်က ပုလောမြို့အနီးမှာ မနေ့ဧပြီ ၂၈ ညနေပိုင်းက ခရီးသည်တင်ယာဥ်ကားတွေဖြစ်တဲ့ ရတနာတိုးနဲ့ရွှေလီရတနာကားတွေပစ်ခတ်ခံရပြီး ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ ထိတာကတော့ကားပေါ်ပါလာတဲ့ ပုလောက မြ‌ဒေါင်ရွာသားတစ်ယောက်ပါတယ်။ မလေးရှားက အပြန်ရန်ကုန်မှာကွာရန်တင်းဝင်ပြီး ပုလောကိုအဆင်းမှာကားပေါ်မှာထိတာ။ နောက်တစ်ယောက်ကတော့ရန်ကုန်ဒေသခံ၊ နောက်တစ်ယောက်က ပဲခူးကလို့ သိထားပါတယ်။ ဒဏ်ရာရတာ ၁၈ ယောက်လောက်ရှိတယ်။ ကားနားခိုင်းတာ မနားလို့ပစ်တာလို့လည်း ကြားထားတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုခရီးသည်တင်ကားပစ်ခတ်ခံရတဲ့ မြိတ်-ထားဝယ်ကားလမ်းပေါ်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေမကြာခဏဖြစ်သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါ လာတဲ့ယာဥ်တန်းတွေမကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာတွေလည်းရှိခဲ့တဲ့အကြောင်းကိုလည်း နှစ်ဖက်ထုတ်ပြန်ချက်တွေရှိထားခဲ့ပါတယ်။

    ပုလော

    ဓာတ်ပုံ ရင်းမြစ်, CJ

    မနေ့ဧပြီ ၂၈ ရက်နေ့ကခရီးသည်တင်ယာဥ် ပစ်ခတ်ခံရမှုနဲ့ပတ်သတ်လို့ ဒေသခံတချို့နဲ့ ဒေသတွင်းသတင်းတွေမှာတော့ နှစ်ဖက်တိုက်ပွဲကြား စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့်ဖြစ်တယ်ဆိုတဲ့ပြောဆိုချက်တွေရှိသလို စစ်ကောင်စီဘက်က သတင်းတွေကိုထုတ်ပြန်ပေးနေတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာ တော့ ဒေသခံ PDF တွေပစ်တာဆိုပြီး စွပ်စွဲထုတ်ပြန်ပါတယ်။

    ပစ်ခတ်ခံရတဲ့ သက်ဆိုင်ရာ ခရီးသည်တင်ယာဥ်လိုင်းတွေကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့်ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

    ပုလောမြို့နယ်က ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ PRDF ကတော့ ထားဝယ်-ပုလော-မြိတ် အဝေးပြေး ကားလမ်းပေါ်မှာ စစ်ကောင်စီဘက်ကို ပြောက်ကျားတိုက်ခိုက်မှုတွေ ၊ မိုင်းဆွဲတိုက်ခိုက်တာတွေရှိတဲ့အတွက် ရှိတဲ့အတွက် ကားမှန်ချပြီး မောင်းနှင်ဖို့ကို မေတ္တာရပ်ခံတယ်လို့ ထုတ်ပြန်ထားပြီး PRDF အနေနဲ့လည်း ပြည်သူတွေလိုက်ပါသွားလာနေတဲ့ ယာဥ်တန်းတွေကို မှားယွင်းတိုက်ခိုက် မှုမလုပ်မိအောင်စုံစမ်းစစ်ဆေးတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    ပုလော

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာမှာ ဒေသခံနှစ်ဦးနေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ခံရပြီးသေဆုံး

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ထဲက ပန္ဒလဲကျေးရွာမှာမနေ့ဧပြီ ၂၈ ညပိုင်းကဒေသခံ ၂ဦးနေအိမ်အတွင်းပစ်ခတ်ခံရပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပစ်ခတ်ခံရတဲ့ ဒေသခံတွေဟာ ပန္ဒလဲကျေးရွာရပ်မိရပ်ဖတွေဖြစ်တဲ့ အသက် အသက် ၅၀ ကျော်အရွယ်ဦးဖေမွန်၊ ဦးကျော်ထွေးနဲ့ အသက် ၇၀အရွယ် ဦးဖေသန်းတို့ဖြစ်ပြီး ဦးကျော်ထွေးနဲ့ ဦးဖေသန်းကတော့ပစ်ခတ်ခံရတဲ့နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ဦးဖေမွန်ကတော့ ဒဏ်ရာအပြင်းအထန်ရပြီးထားဝယ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီပစ်ခတ်မှုဟာဆိုရင် စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့တွေရဲ့လုပ်ရပ်ဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို အခုလိုလုပ်တဲ့လုပ်ရပ်အပေါ် စစ်ကောင်စီကအားပေးအားမြှောက်လုပ်နေတယ်လို့လည်း ထားဝယ်ခရိုင်သပိတ်ကော်မတီကဒီကနေ့ ဧပြီ ၂၉ မှာထုတ်ပြန်လာပါတယ်။

    ‘’ အခုပစ်ခတ်ခံရတဲ့လူတွေက သာမန်ပြည်သူတွေပါပဲ။ ရပ်မိရပ်ဖတွေပါ။ပန္ဒလဲကျေးရွာဟာဆိုရင်လည်း စစ်တပ်လက်နက်တပ်ဆင်ပေးထားတဲ့ပျူစောထီး ၁၅ ယောက်လောက်ရှိတယ်။ သူတို့တွေက လူနေအိမ်တွေစျေးတွေမှာလက်နက်ပြပြီးဆက်ကြေးကောက်တာတွေလည်းရှိတယ်’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုပစ်ခတ်မှုဖြစ်တဲ့ ပန္ဒလဲကျေးရွာမှာပြီးခဲ့တဲ့ နှစ်အောက်တိုဘာ ၂၂ ရက်မှာလည်းအခုလိုပစ်ခတ်မှုကြောင့် ဒေသခံ ၂ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ဒေသခံတွေပြောပြချက်အရသိရပါတယ်။ဒီဖြစ်စဉ်အပေါ် သပိတ်ကော်မတီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    ပန္ဒလဲကျေးရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. တရားလွှတ်တော် ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ