မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဖြိုးမင်းသိန်းအမှု မပြီးပြတ်သေး

    ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဖြိုးမင်းသိန်းအမှု မပြီးပြတ်သေး

    ဓာတ်ပုံ ရင်းမြစ်, ဖြိုးမင်းသိန်းဖေ့ဘွတ်ခ်

    ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေယူလို့ဆိုပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ထောင် ၅ နှစ်ချခံထားတဲ့အမှုဟာ မပြီးပြတ်သေးဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ လာမယ့် မေလ ၄ ရက်မှာ ကြားနာဖို့ရှိနေပါတယ်။

    ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရဲ့ အမှုခေါ်စာရင်းမှာ ဒီအမှုအတွက် ရာဇဝတ်ပြင်ဆင်မှုကို လက်ခံသင့်မသင့်ကြားနာဖို့ မေ လ ၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့ကို ချိန်းဆိုထားတာတွေ့ရပါတယ်။

    ဒါကြောင့် ဒီအမှုဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်တဲ့ကြားဖြတ်အမိန့်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှုတက်ထားတုန်းမှာပဲ နေပြည်တော်အထူးတရာရုံးက အပြီးသတ်အမိန့်ချလိုက်တာဖြစ်ပါတယ်။

    ဥပဒေကြောင်းအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်မတင်သင့်ဘူးလို့ ဆုံးဖြတ်ရင် ထောင်ဒဏ်ငါးနှစ်ချမှတ်ထားတဲ့ အမိန့်ဟာ အလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်ပါတယ်။

    စွဲချက်တင်သင့်တယ်လို့ ဆုံးဖြတ်ရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖွဲ့အနေနဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်အပေါ် အယူခံဆက်တက်နိုင်မှာဖြစ်ပါတယ်။

  2. မြန်မာအရေးလက်တွဲဆောင်ရွက်မယ်လို့ ဂျပန်နဲ့ဗီယက်နမ်ခေါင်း‌ဆောင်တွေပြော

    မြန်မာအရေးပူးလက်တွဲဆောင်ရွက်မယ်လို့ ဂျပန်နဲ့ဗီယက်နမ်ခေါင်း‌ဆောင်တွေပြော

    ဓာတ်ပုံ ရင်းမြစ်, ဂျပန်ဝန်ကြီးချုပ်ရုံး

    မြန်မာ့အရေးကို အတူလက်တွဲဆောင်ရွက်မယ့်အကြောင်း ဂျပန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံခေါင်းဆောင်တွေက မနေ့ မေလ ၁ ရက်မှာ ပြောလာပါတယ်။

    ဂျပန်ဝန်ကြီးချုပ် ဖူမီယိုခီရှီဒါက ဗီယက်နမ်ဝန်ကြီးချုပ် ဖမ်မင်ချင်းနဲ့ ဟနွိုင်းမြို့မှာတွေ့ဆုံချိန် အခုလိုသဘောတူလိုက်တာဖြစ်ပါတယ်။

    အာရှက လုံခြုံရေးကိစ္စတွေအကြောင်း ဝန်ကြီးချုပ်နှစ်ဦးဆွေးနွေးကြချိန်မှာ အခုလိုပြောခဲ့ကြတာဖြစ်ပါတယ်။

    ဂျပန်ဝန်ကြီးချုပ်ဟာ သူ့ရဲ့ ပြည်ပ ၅ နိုင်ငံခရီးစဥ်အတွင်း ဗီယက်နမ်နိုင်ငံကို ရောက်နေတာဖြစ်ပြီး ဒီနေ့ မေလ ၂ ရက်မှာ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံဖို့ရှိနေပါတယ်။

    ဝန်ကြီးချုပ် ဖူမီယို ခီရှီဒါဟာ ထိုင်းဝန်ကြီးချုပ်ပရာရွတ်ချိန်အိုချာနဲ့ တွေ့ဆုံတဲ့အခါ စီးပွားရေးကိစ္စရပ်တွေအပြင် မြန်မာ့အရေးကိုလည်း ဆွေးနွေးနိုင်ခြေရှိပါတယ်။

  3. စစ်ကိုင်းမှာ ဧပြီ တစ်လတည်း နေအိမ် ၂ထောင်ကျော်မီး‌ရှို့ခံရ, အာဏာသိမ်းကာလအတွင်း နေအိမ် တစ်သောင်း‌လေးထောင်ကျော်မီးရှို့ခံထားရ

    ပြီးခဲ့တဲ့ ဧပြီလတစ်လထဲမှာပဲ နိုင်ငံတဝန်းက နေအိမ်ပေါင်း ၃၅၁၄ လုံးကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ နေအိမ်မီးရှို့ခံရမှုတွေနဲ့ ဆက်စပ်တဲ့ထိခိုက်ဆုံးရှုံးမှုတွေကိုလေ့လာမှတ်တမ်းတင်နေတဲ့ Data for Myanmar အဖွဲ့က မေလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    အဲဒီထဲမှာ နေအိမ် ၂၅၁၂ လုံးက စစ်ကိုင်းတိုင်းထဲကဖြစ်ကာ နေအိမ်မီးရှို့ခံရမှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲမှာမှ ခင်ဦးမြို့နယ်က နေအိမ် ၅၂၉ လုံးမီးလောင်ကျွမ်းခဲ့ပြီး အများဆုံး မီးရှို့ခံရတဲ့ မြို့နယ်ဖြစ်ပါတယ်။

    ဒုတိယအများဆုံးနေအိမ်မီးရှို့ခံရမှုက မကွေးတိုင်းဖြစ်ပြီး နေအိမ်ပေါင်း ၉၅၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီထဲမှာ ပေါက်မြို့နယ်ထဲကကျေးရွာတွေမှာနေအိမ် ၇၄၈ လုံး နဲ့အများဆုံးမီးရှို့ခံခဲ့ရတယ်လို့ Data for Myanmar ရဲ့ထုတ်ပြန်ချက်ကဖော်ပြပါတယ်။

    အာဏာသိမ်းတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကစလို့ ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ တစ်နှစ်နဲ့သုံးလအတွင်း နိုင်ငံတဝန်းမီးရှို့ဖျက်ဆီးခံခဲ့ရ တဲ့ အိမ်အရေအတွက်ဟာ တစ်သောင်းတစ်ထောင့်လေးရာကျော် ရှိခဲ့ပြီလို့ Data for Myanmar ရဲ့ စာရင်းတွေမှာတွေ့ရပါတယ်။

    တစ်နှစ်ကျော်အတွင်း နေအိမ်မီးရှို့ခံရမှုတွေကိုပြန်ကြည့်ရင် စစ်ကိုင်းတိုင်းက ၂၆ မြို့နယ်မှာ အိမ်လုံးရေ ၇၅ဝဝ ကျော်၊ မကွေးတိုင်းမှာ ၂၁ဝဝ ကျော်၊ ချင်းပြည်နယ်မှာ ၁၁၀၀ ကျော် ဖြစ်ပါတယ်။

    ဒီစာရင်းတွေဟာ ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေ၊ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေရဲ့ စာရင်းတွေကို အခြေခံထားတာဖြစ်ပြီး၊ အမှန်တကယ် အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ Data for Myanmar အဖွဲ့ကထုတ်ပြန်ချက်မှာပြောထားပါတယ်။

    စစ်ကောင်စီ ဘက်ကတော့ နေအိမ်မီးရှို့ခံရတာတွေနဲ့ပတ်သက်ပြီးဒေသကာကွယ်ရေးတပ်တွေဘက်ကလုပ်တာဆိုတဲ့ စွပ်စွဲချက်နဲ့ ငြင်းဆိုမှုတွေရှိပါတယ်။

    ပုံစာ - စစ်ကိုင်းတိုင်းအတွင်း ခင်ဦးနဲ့ ပုလဲမြို့နယ်ထဲကကျေးရွာတွေမှာ နေအိမ်မီးရှို့ခံရမှုများ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပုံစာ - စစ်ကိုင်းတိုင်းအတွင်း ခင်ဦးနဲ့ ပုလဲမြို့နယ်ထဲကကျေးရွာတွေမှာ နေအိမ်မီးရှို့ခံရမှုများ
    ပုံစာ - စစ်ကိုင်းတိုင်းအတွင်း ခင်ဦးမြို့နယ်ထဲကကျေးရွာတွေမှာ နေအိမ်မီးရှို့ခံရမှုများ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပုံစာ - စစ်ကိုင်းတိုင်းအတွင်း ခင်ဦးမြို့နယ်ထဲကကျေးရွာတွေမှာ နေအိမ်မီးရှို့ခံရမှုများ
  4. ခရီးသည်တွေ ပိုဝင်လာဖို့ ကိုဗစ်စည်းကမ်းတချို့ စစ်ကောင်စီ ဖြေလျှော့

  5. NUG နဲ့ အလွတ်သဘော တွေ့ဆုံဖို့ အာဆီယံကို မလေးရှား တိုက်တွန်းဖို့ရှိ

    အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံတို့ကြား အလွတ်သဘော ထိတွေ့ဆက်ဆံတာတွေ လုပ်ဖို့ အဆိုပြုသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အဖြေရှာဖို့အတွက် ပြီးခဲ့တဲ့နှစ် ဧပြီလ နှောင်းပိုင်းမှာ ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်ဖြစ်ထွန်းတာတွေ မရှိတဲ့အတွက်ကြောင့်မလို့ အခုလို တိုက်တွန်းရတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ဆိုပါတယ်။

    အာဏာသိမ်းစစ်တပ်ဘက်က ပူးပေါင်းဆောင်ရွက်မှု အကြီးအကျယ် ပျက်ကွက်ခဲ့တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်နှစ်ဦး ကြိုးစားခဲ့ပေမယ့် ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှု မရှိတာ တွေ့မြင်နိုင်တယ်လို့လည်း ထောက်ပြပါတယ်။

    တခြားအစိုးရတွေကို အသိအမှတ်ပြုဖို့ တိုက်တွန်းတာ မဟုတ်ပေမယ့် မြန်မာနိုင်ငံတွင်းမှာ ရှိနေကြတဲ့ နိုင်ငံသားတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဘယ်လို ပေးပို့သွားနိုင်မလဲဆိုတာ အပါအဝင် အလွတ်သဘော ထိတွေ့ဆက်ဆံမှုမျိုးကတော့ ဖြစ်နိုင်ခြေရှိတယ်လို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံတွင်းမှာ ရှိနေကြတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေကို ဖြစ်နိုင်ရင် အကူအညီပေးကြဖို့ကိုလည်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက အကြံပြုပါတယ်။

    ဒါပေမဲ့ လိုအပ်နေတဲ့သူအားလုံးဆီကို ရောက်ဖို့အတွက် အကူအညီတွေ မျှဝေရာမှာ ပွင့်လင်းမြင်သာမှု ရှိတယ်လို့လည်း ဆိုပါတယ်။

    တစ်ခါ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍနဲ့ လုပ်ငန်းတာဝန်တွေ ပိုမိုထိရောက် အားကောင်းစေဖို့အတွက် အာဆီယံအဖွဲ့အနေနဲ့ နည်းလမ်းတွေ ရှာဖွေကြဖို့ လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က တိုက်တွန်းလိုက်ပါတယ်။

    ဒီအဆိုပြုချက်တွေကို မေလ ၅ ရက်နေ့မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအရုံးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မလေးရှားနိုင်ငံခြားရေးဝန်ကြီး
  6. ချိပ်ပိတ်ရတဲ့အိမ်ကို စစ်ကောင်စီက ရောင်းချဖို့ ပြင်နေတယ်လို့ အဆိုတော်ချမ်းချမ်း‌ပြော

    အဆိုတော်ချမ်းချမ်းနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသန္တရအာဏာပိုင်တွေက ဖေဖော်ဝါရီလမှာ ချိတ်ပိတ်ခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, social media

    ဓာတ်ပုံ ပုံစာ, အဆိုတော်ချမ်းချမ်းနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသန္တရအာဏာပိုင်တွေက ဖေဖော်ဝါရီလမှာ ချိပ်ပိတ်ခဲ့ပါတယ်။

    အဆိုတော်ချမ်းချမ်းက ရန်ကုန်တိုင်း၊ သန်လျင်မြို့ပေါ်က ချိပ်ပိတ်ခံထားရတဲ့ သူရဲ့နေအိမ်နဲ့ခြံကို စစ်ကောင်စီဘက်က ရောင်းချဖို့ ပြင်နေတယ်ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ပေါ်ကနေ ထုတ်ပြောလာပါတယ်။

    အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးတဲ့နောက် မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅နဲ့ ဖမ်းဝရမ်းထုတ်ခံရတဲ့ချမ်းချမ်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလတုန်းက ချိပ်ပိတ်ခဲ့တာဖြစ်ပါတယ်။

    အဆိုတော်ချမ်းချမ်းကတော့ သူ့နေအိမ်နဲ့ခြံကို စစ်ကောင်စီဘက်က မတရားချိပ်ပိတ်ခဲ့တာနဲ့ အိမ်စာချုပ်တွေဟာ အိမ်ပိုင်ရှင်တွေလက်ထဲမှာပဲရှိနေတာတွေကြောင့် ဝယ်ယူတဲ့သူဟာ ပိုင်ရှင်ဖြစ်လာမှာမဟုတ်ဘူးလို့လည်း သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ ရေးသားထားတာတွေ့ရပါတယ်။

    ချမ်းချမ်း နေအိမ်ကို ရောင်းချဖို့ဆိုတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်ပြောဆိုတာမရှိသေးသလို ဘီဘီစီကလည်းဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

    စစ်ကောင်စီဟာ အာဏာသိမ်းဆန့်ကျင်မှုမှာ ပါဝင်သူ လူပုဂ္ဂိုလ်တွေနဲ့ နာမည်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်တာတွေလုပ်နေပါတယ်။

    အကြည်ညိုပျက်စေမှု မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅၊ အကြမ်းဖက်အဖွဲ့အစည်းများနဲ့ ဆက်သွယ်မှု ဆိုင်ရာ ပုဒ်မ ၁၇ (၁) တို့အရ တရားစွဲ ခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို သာမာန် အားဖြင့် ချိပ်ပိတ်လို့ မရဘူးလို့ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက ဘီဘီစီကို အစောပိုင်းကတည်းက ပြောထားဖူးပါတယ်။

  7. လောပိတရေအားလျှပ်စစ်စက်ရုံက လုံခြုံရေး ရဲ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ KNDF ပြော

    လောပိတရေအားလျှပ်စစ်စက်ရုံက လုံခြုံရေး ရဲ ၇ ဦးကို ဖမ်းဆီးထားတယ်လို့ KNDF ပြော

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ထဲက လောပိတရေအားလျှပ်စစ်စက်ရုံ ရေလျှံလုံခြုံရေးရဲကင်းမှာ စောင့်နေတဲ့ ရဲ ၇ ဦးကို ဖမ်းဆီးထားတယ်ဆိုပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်လာပါတယ်။

    ဧပြီလနှောင်းပိုင်းမှာ ကရင်နီပြည်နယ်ထဲမှာဖြစ်တဲ့တိုက်ပွဲအခြေတွေကို ဒီနေ့ မေလ ၁ ရက်မှာ KNDF က သတင်းထုတ်ပြန်ချိန် အခုလိုဖော်ပြလာတာဖြစ်ပါတယ်။

    အဲဒီရဲ ၇ ဦးကို ဧပြီလ ၂၉ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အရေးယူနိုင်ဖို့ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့ ဆီ လွှဲပြောင်းထားလိုက်ပြီလို့ KNDF က ပြောပါတယ်။

    ကရင်နီပူးပေါင်းတပ်ဖွဲ့တွေဟာဖယ်ခုံမြို့နယ်ထဲမှာ တိုက်ပွဲကြောင့် ပျက်စီးတဲ့ လျှပ်စစ်တာဝါတိုင်တွေကို ပြုပြင်ဖို့လာတဲ့ လျှပ်စစ်ဝန်ထမ်း ၂၆ ဦးကို ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်တုန်းကလည်း ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

  8. ပတ္တယားမြို့မှာ မူးယစ်ဆေးသုံးပါတီပွဲကျင်းပမှုနဲ့ မြန်မာတွေအပါအဝင် လူ ၁၆ ဦး ဖမ်းဆီးခံရ

    ပတ္တယားကမ်းခြေမှာ မူးယစ်ဆေးသုံးပါတီပွဲကျင်းပမှုနဲ့ မြန်မာတွေအပါအဝင် လူ ၁၆ ဦး ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, Bangkok Post

    ဓာတ်ပုံ ပုံစာ, ကတ်တမင်း မူးယစ်ဆေးဝါးတွေလည်းတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

    ထိုင်းနိုင်ငံအရှေ့ပိုင်းက ပင်လယ်ကမ်းခြေမြို့ ပတ္တရားမှာ တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲပြီး ပါတီပွဲကျင်းပနေတဲ့ မြန်မာနဲ့ တရုတ်အပါအဝင် လူ ၁၆ ဦးကို ထိုင်းအာဏာပိုင်တွေက မနေ့ ဧပြီလ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။

    ပတ္တယားမြို့က အဆောက်အအုံတစ်ခုမှာ ညနှောင်းပိုင်း ပါတီတွေ ကျင်းပနေတယ်ဆိုတဲ့ ဒေသခံတွေရဲ့တိုင်တန်းချက်ကြောင့် ထိုင်း လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးချိန်မှာ ဒီလူတွေကို ဖမ်းမိခဲ့တာလို့ ထိုင်းသတင်းတွေမှာဖော်ြပပါတယ်။

    အဖမ်းခံရသူတွေထဲမှာ တရုတ်နိုင်ငံက ၈ ဦး၊ မြန်မာက အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၁ ဦး၊ ထိုင်းအမျိုးသမီး ၂ ဦးပါဝင်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြပါတယ်။

    ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန်မှာ ပါတီပွဲပြုလုပ်နေဆဲဖြစ်ပြီး မူးယစ်ဆေးဝါးတွေကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

    အခုတော့ အဖမ်းခံရသူတွေကို ဆေးစစ်ဆေးတာတွေလုပ်နေပြီး ထိုင်းအာဏာပိုင်တွေက ဥပဒေကြောင်းအရ အရေးယူတာတွေ ဆက်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

  9. ဒေါငံခါးရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ဒီးမော့ဆို PDF ပြော, မိုးဗြဲမှာလည်း PDF တွေ မွမ်းမံသင်တန်းဆင်း

    ဒေါငံခါးရွာ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ဒီးမော့ဆို PDF ပြော

    ဓာတ်ပုံ ရင်းမြစ်, မိုးဗြဲပီဒီအက်ဖ်

    ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်ဆိုပြီး ဒေသကာကွယ်ရေးတပ်ဖွဲ(ဒီးမော့ဆို- PDF) က ဒီနေ့ မေလ ၁ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    မနေ့ ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး နောက်ထပ် ၅ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ ဧပြီလ ၂၉ ရက်မှာ စစ်ကောင်စီတပ်ရဲ့သတ်ဖြတ်တာခံရတဲ့ အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးရဲ့ ရုပ်အလောင်းကိုလည်းတွေ့ခဲ့ရတာကြောင့် ပြန်လည်သယ်ဆောင်လာပြီး မီးသင်္ဂြိုဟ်ခဲ့ရတယ်လို့လည်းဆိုပါတယ်။

    စစ်ကောင်စီဘက်က အခုလိုထိခိုက်ကျဆုံးမှုကိုတော့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

    တစ်ချိန်တည်းမှာပဲ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း မနေ့ ဧပြီလ ၃၀ ရက်မှာ မွမ်းမံသင်တန်းဆင်းခဲ့တယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။

    မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ခွဲ(၄/၅) တပ်ခွဲ ၂ခွဲ ပူးပေါင်းပြီး ၁၁ရက်ကြာ ​မွန်းမံသင်တန်းကိုပြုလုပ်ခဲ့ပြီးနောက် သင်တန်းဆင်းပွဲလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

  10. NUG အနေနဲ့ အလုပ်သမားတွေအတွက်တိကျတဲ့မူဝါဒချမှတ်ပေးဖို့ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေတောင်းဆို, အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြုံနေရတယ်လို့ပြော

    FGWM

    ဓာတ်ပုံ ရင်းမြစ်, FGWM

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းစ ဖေဖော်ဝါရီ (၆)ရက်၊ ရန်ကုန်မြို့ရဲ့ပထမဆုံးဆန္ဒပြပွဲမှာပါဝင်တဲ့ အလုပ်သမားတွေမြင်ကွင်း။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ မြန်မာ့အလုပ်သမားတွေဘဝသာယာဖို့ တိကျတဲ့မူဝါဒတွေချမှတ်ပေးဖို့နဲ့ အလုပ်သမားတွေကို အသိအမှတ်ပြုပေးဖို့ မေလ (၁)ရက်၊ အလုပ်သမားနေ့ထုတ်ပြန်ချက်တွေအပြင် ဒီကနေ့မှာ NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဦးဆောင်ကျင်းပနေတဲ့ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)အထိမ်းအမှတ်အခမ်းအနားမှာလည်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူတွေကနေ ထည့်သွင်းပြောသွားခဲ့ပါတယ်။

    ပြည်သူတွေလိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်တည်ထောင်နိုင်ဖို့အတွက် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး အဲ့ဒီဖွဲ့စည်းပုံထဲမှာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပြည်သူတွေရဲ့ အခွင့်အရေးတွေကို ထည့်သွင်းပြဌာန်းပြီးလက်တွေ့အကောင်အထည်ဖော်နိုင်မှသာ ပထမအဆင့် မိမိတို့အခွင့်အရေးတွေရရှိနိုင်ဖို့ ယုံကြည်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ABFTU)ကလည်း မေဒေးနေ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

    တခါ မြန်မာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)ကလည်း အလုပ်သမားတွေအတွက် ပြဌာန်းတဲ့ဥပဒေတွေ၊ အလုပ်သမားစံနှုန်းတွေ ကောင်းကောင်းမွန်မွန်ရေးဆွဲနိုင်မှ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးတွေ အပြည့်အဝရမယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေအနေနဲ့လက်ရှိမှာ လုပ်ခလစာမလုံလောက်ဘဲ ကုန်ဈေးနှုန်ကြီးမြင့်တဲ့ဒဏ်ကို အဓိကအခက်အခဲအနေနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းလွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ပျောက်ဆုံးပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင် စီးပွားရေးအကျပ်အတည်းတွေကို ရင်ဆိုင်တွေ့ကြုံနေခဲ့ရတယ်လို့လည်းဖော်ပြထားပါတယ်။

    ဒါ့အပြင် လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေကိုအကြောင်းပြချက်မရှိဘဲ အလုပ်ကထုတ်ပယ်တာ၊ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ခံစားခွင့်မပေးတာ၊ အကျိုးစီးပွားဆိုင်ရာသဘောတူစာချုပ်တွေ ချိုးဖောက်တာအပြင် အချိန်ပို (OT) ကြေးမပေးဘဲ ဖိအားပေးခိုင်းစေတာ၊ခြိမ်းခြောက်တာစတဲ့ လုပ်ငန်းခွင်အတွင်း အလုပ်သမားအခွင့်အရေးချိုးဖောက်မှုမျိုးစုံကို ပြုလုပ်နေတယ်လို့ CTUM ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

    ကိုဗစ်ရိုက်ခတ်မှုကြောင့်ရော အာဏာသိမ်းနောက်ဆက်တွဲအခြေအနေတွေကြောင့်ပါ မြန်မာနိုင်ငံလူဦးရေ ၁.၆သန်းဟာ အလုပ်အကိုင်ဆုံးရှုံးပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့စစ်တမ်းအရတွေ့ရပါတယ်။

  11. လောင်းလုံမှာ ရွာသား ၂ ဦး ထောင်ဒဏ် တစ်သက် ချမှတ်ခံရ

    လောင်းလုံမှာ ရွာသား ၂ ဦး ထောင်ဒဏ် တစ်သက် ချမှတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, social media

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက လောင်းလုံမြို့နယ်ထဲမှာ ကျေးရွာသား ၂ ဦးဟာ ဧပြီလ ၂၉ ရက်မှာ ထောင်ဒဏ် တစ်သက်စီ အမိန့်ချမှတ်ခံလိုက်ရတယ်လို့သိရပါတယ်။

    သူတို့ ၂ ဦးဟာ သောကြာပြင်ကျေးရွာက ဦးစောရွှေနဲ့ ကိုစိုးမင်းထွေးတို့ဖြစ်ပြီး ထားဝယ်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တစ်သက်စီချမှတ်လိုက်တာဖြစ်ပါတယ်။

    သူတို့ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ် ဗုံးပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မနှစ် စက်တင်ဘာလကတည်းက ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ပြောပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ထားဝယ်မှာ ဖမ်းဆီးခံရသူတွေထဲ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရတာဟာ အခုတစ်ကြိမ်က ပထမဆုံးဖြစ်တယ်လို့ အဲဒီကွန်ရက်က သတင်းထုတ်ပြန်ထားပါတယ်။

  12. NLD ပါတီနာမည်သုံး တွေ့ဆုံမှုတွေဟာ အဖွဲ့ချုပ်ကို ကိုယ်စားမပြုဘူးလို့ ဗဟိုကော်မတီပြော

    အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်( NLD) ပါတီနာမည်ကို အသုံးပြုပြီး ချိတ်ဆက်ဆောင်ရွက်မှုတွေဟာ အဖွဲ့ချုပ်ကို ကိုယ်စားမပြုဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက ဒီနေ့ မေလ ၁ ရက်မှာ စာထုတ်လာပါတယ်။

    ဖမ်းဆီးခံထားရတဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌအပါအဝင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ရဲ့ လွတ်လပ်တဲ့စုံညီအစည်းအဝေး မပြုလုပ်နိုင်တဲ့ကာလမှာ စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီက ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေနဲ့တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးဖို့ ကိုယ်စားပြု ခန့်အပ်ထားသူလည်း မရှိဘူးလို့ ဆိုပါတယ်။

    ဒါကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ သံရုံးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိမယ်ဆိုရင်လည်း ပါတီနဲ့ မသက်ဆိုင်ဘူးလို့ ထုတ်ပြန်ချက်က ပါရှိပါတယ်။

    မနေ့ ဧပြီလ ၃၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနဲ့ ကော်မတီဝင်တွေ၊ ဗဟိုရေးရာကော်မတီဝင်တွေ၊ ပြည်နယ်နဲ့တိုင်း တာဝန်ခံတွေ အစည်းအဝေးအရ ဆုံးဖြတ် လိုက်တာလို့လည်း ဆိုပါတယ်။

    နိုင်ငံတကာကိုယ်စားလှယ်အချို့ရဲ့ ပြည်တွင်းခရီးစဥ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့တွေ့ဆုံတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာအပြီးမှာ အခုကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

  13. စစ်ကောင်စီက ခရိုင် ၄၆ ခရိုင် အသစ်တိုးချဲ့ဖွဲ့စည်းလာ

    ၂၀၂၃ မှာလုပ်ဖို့ စစ်ကောင်စီပြင်နေတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် - PR ကျင့်သုံးဖို့ မဲဆန္ဒနယ်တွေပြင်ဆင်ဖို့ အဓိကရည်ရွယ်တာလို့ သုံးသပ်နေနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၃ မှာလုပ်ဖို့ စစ်ကောင်စီပြင်နေတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် - PR ကျင့်သုံးဖို့ မဲဆန္ဒနယ်တွေပြင်ဆင်ဖို့ အဓိကရည်ရွယ်တာလို့ သုံးသပ်နေ

    နိုင်ငံတွင်း ခရိုင်ပေါင်း ၄၆ ခရိုင်ကို အသစ်တိုးချဲ့ဖွဲ့စည်းတယ်ဆိုပြီး စစ်ကောင်စီဘက်က ဒီနေ့ မေလ ၁ ရက်မှာ ကြေညာလာပါတယ်။

    တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရင်ရှိပြီးသား ၇၅ ခရိုင်နဲ့ ပါဆိုရင် အခုထပ်တိုးချဲ့တယ်ဆိုတာကြောင့် ခရိုင်ပေါင်း ၁၂၁ အထိ ရှိလာတာဖြစ်ပါတယ်။

    ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ပိုမိုအဆင်ပြေစွာဆောင်ရွက်နိုင်ဖို့ အခုလို ခရိုင်အသစ်တွေတိုးချဲ့တာလို့ စစ်ကောင်စီဘက်ကပြောဆိုထုတ်ပြန်ထားပါတယ်။

    နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အခုလိုခရိုင်တွေတိုးချဲ့တာက ၂၀၂၃ မှာလုပ်ဖို့စစ်ကောင်စီပြင်နေတဲ့ ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် - PR ကျင့်သုံးဖို့အတွက် မဲဆန္ဒနယ်တွေပြင်ဆင်ဖို့ အဓိကရည်ရွယ်တာလို့ သုံးသပ်ကြပါတယ်။

    အချိုးကျကိုယ်စားပြုစနစ် - PR မှာ မဲဆန္ဒနယ်တွေကိုခွဲတဲ့အခါ မြို့နယ်ကိုအခြေခံတွက်ချက်တာမဟုတ်ဘဲ ခရိုင်ကိုအခြေခံတွက်ချက်မှာဖြစ်တာကြောင့် စစ်ကောင်စီက အခုလိုလုပ်ဆောင်လာတာဆိုတဲ့ပြောဆိုဝေဖန်ချက်တွေလည်းရှိနေတာပါ။

    စစ်တပ်က အမြဲတမ်းစွဲကိုင်ကိုးကားပြောဆိုနေတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ မှာတော့ ''သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် (သို့မဟုတ်) ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် (သို့မဟုတ်) အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလိုဆောင် ရွက်ပေးရမည်” လို့ပြဌာန်းထားတာပါ။

    ဒါပေမဲ့ လက်ရှိမှာ အရေးပေါ်အခြေအနေကြေညာပြီး ဒုသမ္မတဦးမြင့်ဆွေကို ယာယီသမ္မတ တင်မြှောက်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပေးကြောင်း ပြောကာ အာဏာသိမ်းထားတဲ့ အခြေအနေဖြစ်ပါတယ်။

  14. ရိုဟင်ဂျာအများဆုံးပါတဲ့ လူပေါင်း ၁၄၀ ကျော်ကို မလေးရှားရေပိုင်နက်ထဲ ဖမ်းမိ

    ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်ထဲက ရိုဟင်ဂျာဒုက္ခသည်နေရာချထားရေးကျွန်းဆီကို ဘင်္ဂလားဒေ့ရှ်ရေတပ်က သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်ထဲက ရိုဟင်ဂျာဒုက္ခသည်နေရာချထားရေးကျွန်းဆီကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ၂၀၂၀ နှစ်ကုန်ပိုင်းတုန်းက သယ်ယူပို့ဆောင်ပေးနေတာဖြစ်ပါတယ်။

    ရိုဟင်ဂျာ ၁၃၀ ကျော်ပါဝင်တဲ့ တရားမဝင်ရွှေ့ပြောင်း လူပေါင်း ၁၄၀ ကျော်ကို မလေးရှားရေပိုင်နက်ထဲမှာမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့တယ်ဆိုပြီး မလေးရှားကလာတဲ့သတင်းတွေမှာဖော်ြပပါတယ်။

    အဲဒီလူပေါင်း ၁၄၃ ဦးကို မလေးကျွန်းဆွယ် အနောက်ဘက်ကမ်းရိုးမှာရှိတဲ့ ပီရတ်ဆိုတဲ့ မလေးရှားပြည်နယ်ရဲ့ ကမ်းလွန် ရေပြင်မှာ မနေ့ ဧပြီလ ၃၀ ရက် မနက်ပိုင်းမှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    အသက် အငယ်ဆုံး ၅ နှစ်ကနေ အသက်အကြီးဆုံး ၄၀ ဝန်းကျင်အထိပါတဲ့အဲဒီရွှေ့ပြောင်းတွေကို ပြည်နယ်ကမ်းလွန်ရေမိုင် ၆ မိုင်အကွာက စက်လှေတစ်စီးပေါ် တွေ့ခဲ့တာလို့ မလေးရှားသတင်းတွေမှာဖော်ပြပါတယ်။

    ရဲတပ်ဖွဲ့က ဖမ်းဆီးချိန် စက်လှေပေါ် လူပေါင်း ၈၇ ဦးဖမ်းမိပြီး ကျန်သူတွေကိုတော့ ကမ်း‌ခြေကို ကူးခတ်ဖို့ ကြိုးပမ်းချိန် ဖမ်းမိခဲ့တာလို့ဆိုပါတယ်။

    စာရွက်စာတမ်းမရှိတဲ့ အဲဒီအဖမ်းခံရသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအမျိုးသား ၄ ဦးနဲ့ မြန်မာအမျိုးသား ၅ ဦးပါဝင်တယ်လို့လည်း သတင်းတွေမှာဖော်ပြပါတယ်။

  15. မေဒေးနေ့ မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ လမ်းလျှောက်ချီတက်, ထိုင်းအလုပ်သမားဝန်ကြီးဆီကို အလုပ်သမားအခွင့်အရေးဆိုင်ရာတောင်းဆိုချက်တွေပေးပို့မယ်

    မေဒေးနေ့ မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ လမ်းလျှောက်ချီတက်

    ဓာတ်ပုံ ရင်းမြစ်, MWRN

    ဒီကနေ့ မေလ ၁ ရက် မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေစုပေါင်းပြီး ‌ရွှေ့ပြောင်းလုပ်သားအခွင့်အရေးဆိုင်ရာတွေကိုလမ်းလျှောက်ချီတက်တောင်း‌ဆိုကြပါတယ်။

    ဒီကနေ့ လမ်းလျှောက်ချီတက်ပွဲကို ထိုင်းနိုင်ငံလုံးဆိုင်ရာ​သွေးစည်းညီညွတ်​ရေးသမဂ္ဂအဖွဲ့ချုပ် TLSC/SERC နဲ့အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN အဖွဲ့ကမြန်မာ​ရွှေ့​ပြောင်းအလုပ်သမား ၇၅ ယောက်နဲ့ ပူး​ပေါင်းလုပ်ဆောင်ခဲ့တာပါ။

    ချီတက်သူတွေဟာ ဘန်ကောက်မြို့ ဒီမိုကရေစီကျောက်တိုင်ရှေ့မှာစုစည်းပြီး မနက် ၈နာရီကျော်က စတင်ချီတက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီကနေ ထိုင်းနိုင်ငံဘန်ကောက်ရှိကုလသမဂ္ဂရုံးရှေ့မှာ ‌အလုပ်သမားအခွင့်အရေးဆိုင်ရာတွေဟောပြောတာတွေလုပ်မှာဖြစ်သလို ထိုင်းအစိုးရအိမ်တော်ကိုလည်း သွားရောက်ကြဖို့ရှိပါတယ်။

    မေဒေးနေ့ မှာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများ လမ်းလျှောက်ချီတက်

    ဓာတ်ပုံ ရင်းမြစ်, MWRN

    ထိုင်းအစိုးရအိမ်တော်မှာ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးနဲ့ကိုယ်တိုင်တွေ့ဆုံကာ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေကိုယ်စား တောင်းဆိုချက်စာကို ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ကဦးအောင်ကျော်က ပြောကြားပေးအပ်မှာဖြစ်ပါတယ်။

    '' ဒီကနေ့တောင်းဆိုမယ့်အချက်တွေထဲမှာအဓိကကတော့ ‌အလုပ်သမားအခွင့်အရေးနဲ့အညီ လွတ်လပ်စွာအသင်းအဖွဲ့နဲ့ သမဂ္ဂတွေဖွဲ့စည်းခွင့် ၊နောက်ပြီး ကိုဗစ်ကာလနဲ့ ကိုဗစ်လွန်ကာလတွေမှာ ရွှေ့ပြောင်းလုပ်သားတိုင်းတန်းတူ ပေးသွင်းထားတဲ့ လူမှုဖူလုံရေးကြေးတွေကို ထိုင်းနိုင်ငံသားအလုပ်သမားတွေနဲ့အတူ ရွှေ့ပြောင်းလုပ်သားတွေကိုလည်းတန်းတူအခွင့်အရေးပေးဖို့ စတဲ့အချက်တွေပါမှာပါ '' လို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN ကဦးအောင်ကျော်ကပြောပါတယ်။

    ဒီကနေ့ကျင်းပတဲ့ လမ်းလျှောက်ချီတက်တောင်းဆိုပွဲကို ထိုင်းရောက်မြန်မာလုပ်သားတွေကနှစ်စဉ်ပြုလုပ်သလို တောင်းဆိုချက်တွေထဲက အချို့ကိုလည်းထိုင်းအလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်ပေးတာတွေရှိတယ်လို့ဆိုပါတယ်။

  16. အာဆီယံ လမ်းကြောင်း အတွက် ပြုပြင်သင့်တဲ့ အချက် ၃ ချက်

  17. မတူပီက ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဥ်တန်း လမ်းတလျှောက်တိုက်ခိုက်ခံနေရတယ်လို့ CDF မင်းတပ်ပြော

    ချင်းပြည်နယ် မတူပီမြို့ကနေ မင်းတပ်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီ ယာဥ်တန်းဟာ မိုင်တိုင်အမှတ် ၇၁ မှာ CDF Mindat (မိုးပီတပ်ရင်း) အဖွဲ့တွေနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ CDF Mindat ပြောခွင့်ရသူက ပြောပါတယ်။

    ဧပြီ ၃၀ရက် နေ့လယ် ၂နာရီ ၀န်းကျင်မှာ စဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့စစ်ကြောင်းကို CDF Mindat က အနီးကပ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၄ဦးသေပြီး ၃ဦးအပြင်းအထန် ဒဏ်ရာရသွားတယ်လို့ CDF Mindat ပြောခွင့်ရသူက အတည်ပြုပါတယ်။

    ဒေသခံ ကာကွယ်ရေးတပ်တွေ ဘက်က တစုံတရာ ထိခိုက် ဒဏ်ရာရမှု မရှိဘူးလို့ သူက ဆိုပြီး တခြား မိုင်းဆွဲ တိုက်ခိုက်မှုတွေမှာလည်း စစ်ကောင်စီ ဘက်က ထိခိုက် ကျဆုံးမှုတွေ ရှိပေမယ့် အရေအတွက်ကို အတိအကျ အတည်ပြုလို့ မရသေးဘူးလို့ သူက ပြောပါတယ်။

    ဒီ စစ်ကောင်စီ ယာဥ်တန်းဟာ ဧပြီ ၂၇ ရက်နေ့က မတူပီကနေ စတင် ထွက်ခွာလာတာ ဖြစ်ပြီး မင်းတပ်ကို ဆင်းလာတဲ့ တလျှောက်CDF Mindat ရဲ့ ခြုံခို တိုက်ခိုက်ခံရမှုကြောင့် မတူပီနဲ့ မင်းတပ်ကြား မိုင် ၁၀၀ ၀န်းကျင်သာ ရှိတဲ့ ခရီးကို သီတင်းနှစ်ပတ်လောက် အချိန်ယူသွားနေရတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ လတုန်းက လူအင်အား ရာနဲ့ချီ တင်ဆောင်လာတဲ့ ဒီစစ်ကောင်စီ ယာဥ်တန်းဟာ မတူပီကို တက်သွားခဲ့တာ ဖြစ်ပြီး ရိက္ခာ ၊ လစာနဲ့ လူအင်အား လာဖြည့်တင်းတာ ဖြစ်ပုံရတယ်လို့ CDF Mindat ပြောခွင့်ရသူက ဆိုပါတယ်။

    တကယ်လို့များ CDF Mindat တပ်ဖွဲ့၀င်တိုင်းမှာ လက်နက် ရှိမယ်ဆိုရင် အခုလို ရာနဲ့ချီ လူအင်အား ၊ တင့်ကားတွေ ၊ လက်နက်ကြီးတွေ လိုက်ပါလာတဲ့ ယာဥ်တန်းကို အပြီးတိုင် ချေမှုန်းနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    အခုတော့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီ တပ်တွေနဲ့ လက်နက် အင်အား မမျှတာကြောင့် ခြုံခိုတိုက်ရတဲ့ အနေအထားပဲ ရှိနေရတယ်လို့ သူက ပြောပါတယ်။

    ဧပြီလ ၂၈ ရက်နေ့တုန်းကလဲ မတူပီမြို့နယ်ကနေ ၁၆ မိုင်အကွာ နေရာမှာ CDF မတူပီနဲ့ စစ်ကောင်စီတပ်တွေရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကြောင်း CDF – Matupi က ပြောပါတယ်။

    မတူပီမြို့ကနေ ကျောက်ထုကို စစ်အင်အား ၃၀၀ နီးပါးရှိတဲ့ စစ်ယာဉ်တန်းအစီး ၇၀ ပြန်လည်ထွက်ခွာလာရာမှာ မတူပီ-မင်းတပ် လမ်းမကြီး မတူပီမြို့ကနေ ၁၆ မိုင်အကွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးတယ်လို့ သိရပါတယ်။

    ဒီထိခိုက်သေဆုံးမှု အခြေအနေတွေကို ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

    ဒီတိုက်ပွဲသတင်းတွေကို စစ်ကောင်စီကလည်း ထုတ်ပြန်တာ မရှိပါဘူး။

    မင်းတပ် ဒေသခံ ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကိုခြုံခို တိုက်ခိုက်

    ဓာတ်ပုံ ရင်းမြစ်, Chin Defence Force - Mindat

    ဓာတ်ပုံ ပုံစာ, ချင်းပြည်နယ်မှာ နွေဦးတော်လှန်းရေး စတင်ခဲ့တာ တနှစ်ပြည့်ပြီ
    မင်းတပ် ဒေသခံ ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်တွေကိုခြုံခို တိုက်ခိုက်

    ဓာတ်ပုံ ရင်းမြစ်, Chin Defence Force - Mindat

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ တပ်တွေခြုံခိုတိုက်ခိုက်ခံရလို့ မိုင်တရာကျော်ခရီးကို သီတင်း၂ပတ်ကျော် အချိန်ယူသွားနေရ
  18. အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲခံရတဲ့ တောင်ကုတ်က ဆရာမ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

    အကြမ်းဖက်ဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံနေရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အထက်တန်းပြဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို ဧပြီလ ၂၈ ရက်နေ့က သံတွဲခရိုင်တရားရုံးကနေ ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့တယ်လို့ သူ့ရဲ့ရှေ့နေ ဦးသော်ဇင်ထွန်းက ပြောပါတယ်။

    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တွေကို လက်နက်ငယ်နဲ့ ဖောက်ခွဲရေးသင်တန်းတွေ ပေးပြီးပြန်လာတဲ့ စစ်သားတစ်ဦးကို ငွေ တစ်သောင်းကျပ် ထောက်ပံ့တယ်ဆိုပြီး စစ်ကောင်စီကနေ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

    အဲ့ဒီစစ်သားစည်သူလွင်ဆိုသူဟာ အာဏာသိမ်းပြီးနောက်ပိုင်း CDM ဝန်ထမ်းတစ်ဦးဖြစ်နဲ့ PDF တွေကို သင်တန်းပေးပြီး ပြန်လာတဲ့အချိန်မှာ အမ်းမှာဖမ်းဆီးခံလိုက်ရပြီး ဒေါ်ချယ်ရီသက်ရှည်နဲ့ ဆက်သွယ်မှုတွေကို သိရှိခဲ့တာဖြစ်တယ်လို့ စွဲဆိုချက်မှာပါရှိကြောင်း သိရပါတယ်။

    အမှုရဲ့ အဓိကအကြောင်းခြင်းရာတစ်ခုဖြစ်တဲ့ စည်သူလွင်ဆိုသူကို တရားရုံးမှာတင်ပြဖို့ ဆရာမရဲ့ရှေ့နေဘက်က တောင်းဆိုခဲ့ပေမဲ့ တရားရုံးကပယ်ချခဲ့တာကြောင့် စစ်ကောင်စီဘက်က လုပ်ကြံပြီးတရာစွဲဆိုမှုတစ်ခုအဖြစ် သံသယဖြစ်မိတယ်လို့ ရှေ့နေက ပြောပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ အဲ့ဒီစွပ်စွဲချက်နဲ့ ဆရာမနေထိုင်ရာ တောင်ကုတ်မြို့ ကန်ပိုင်ရပ်ကွက်နေအိမ်ကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးခြင်းခံလိုက်ရပြီး ပုဒ်မ ၅၀ (ည)နဲ့ စွဲဆိုခြင်းခံရတာ ဖြစ်ပါတယ်။

    အဲ့ဒီအချိန်မှာ ဆရာမဟာ CDM ဝန်ထမ်းတစ်ဦးအဖြစ် စစ်ကောင်စီရဲ့ကြေညာချက်ထဲပါဝင်ပြီး အလုပ်တာဝန်တွေရပ်နား ခံထားရတဲ့ကာလလည်းဖြစ်ပါတယ်။

    သူ့ကို တရားစွဲဆိုရာမှာ သက်သေခံအဖြစ် သူမရဲ့လူမှုကွန်ရက်အကောင့်မှာ ရေးသားထားတဲ့ အချက်အလက် ပေါင်း ၆၀ ကျော်ကို တရားရုံးကို တင်သွင်းခဲ့ပြီး အဲ့ဒီရေးသားချက်တွေထဲမှာ အာဏာသိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဆန့်ကျင် ပြောဆိုထားတာတွေ မပါဝင်သလို ပြီးခဲ့တဲ့အစိုးရလက်ထက်က ရေးသားခဲ့တာတွေလည်း အများအပြားပါဝင်နေတယ်လို့ ရှေ့နေက ပြောပါတယ်။

    သူ့ကိုချမှတ်လိုက်တဲ့ ထောင်ဒဏ် ၁၀ နှစ်ဟာ အဲ့ဒီပုဒ်မရဲ့ အနိမ့်ဆုံးပြစ်ဒဏ်ကိုချမှတ်ထားတာဖြစ်တဲ့အတွက် အယူခံတက်တော့မှာမဟုတ်ဘူးလို့ ရှေ့နေက ပြောပါတယ်။

    PDFတွေကို အကူအညီပေးတယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းက ဖမ်းဆီးခံထားရသူ အနည်းဆုံး ၁၀ ခန့်ရှိခဲ့ပြီး အများစုကတော့ ပြစ်ဒစ်တွေအသီးသီးချမှတ်ခံထားရပြီးဖြစ်သလို တချို့ကိုလည်း စစ်ဆေးပေါ်ပေါက်ချက်တွေမရှိဘူးဆိုပြီး ပြန်လည်လွှတ်ပေးခဲ့တာတွေလည်း ရှိပါတယ်။

    ဒေါ်ချယ်ရီသက်ရှည်

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. ထောင် ၁၁ နှစ်ထိ ချမှတ်ခံထားရပြီး အမှု ၁၀ မှုကျော် ဆက်လက်ရင်ဆိုင်ရဖို့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်

  20. မြို့ပြပြောက်ကျားအဖွဲ့တစ်ဖွဲ့ အဖွဲ့လိုက်ဖမ်းဆီးခံရပြီး သေဆုံးသူတွေရှိနေတယ်လို့ ထုတ်ပြန်လာ

    ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Dark Shadow အဖွဲ့ဝင်အားလုံး ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့မှာ စစ်ကောင်စီ ဖမ်းဆီးတာကို ခံလိုက်ရပြီး အဖွဲ့ဝင်တွေသေဆုံးမှုတွေလည်းရှိတယ်လို့ ရန်ကုန်ကမြို့ပြပြောက်ကျားအဖွဲ့တွေက အသီးသီးထုတ်ပြန်ကြပါတယ်။

    Dark Shadow အဖွဲ့ဝင်တွေကို ရန်ကုန်၊ ကြည့်မြင်တိုင် တစ်ဖက်ကမ်းက အလပ်ချောင်းကျေးရွာထဲမှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးမှုကြောင့် အဲဒီနေ့မှာပဲ အဖွဲ့ဝင်တစ်ယောက် နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    နောက်တစ်ရက်မှာတော့ ကျန်အဖွဲ့ဝင်တွေ ရန်ကုန်မြို့က စစ်ဆေးရေးဂိတ်တစ်ခုမှာဖမ်းဆီးခံရပြီး အားလုံးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ Dark Shadow အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ အလားတူထုတ်ပြန်ချက်တွေကို ရန်ကုန်က မြို့ပြပြောက်ကျားအင်အားစုတွေကလည်းထုတ်ပြန်လာပါတယ်။

    ‘’အဖွဲ့မှာက အဖွဲ့ဝင် ၁၅ ယောက်ရှိတယ်။အဲဒီနေ့က ဖမ်းတဲ့အချိန်မှာ အဖွဲ့ဝင်တစ်ယောက်ကိုချက်ချင်းပစ်သတ်လိုက်တယ်။ နောက်နေ့မှာ ကျန်တဲ့လူတွေကိုလက်နက်တွေနဲ့အတူစစ်ကြောရေးကိုဖမ်းသွားတယ်။ အကုန်ကျဆုံးသွားကြောင်းအတည်ပြုပေးတာကတော့ ကျွန်တော်တို့ ရန်ကုန် မြေအောက်လှုပ်ရှားတဲ့အဖွဲ့တွေရဲ့ဌာနချုပ်က အတည်ပြုပေးတာပါ။ မိသားစုတွေလည်း Dead Body တွေပြန်မရကြဘူး’’ လို့ ရန်ကုန်က မြို့ပြ‌ပြောက်ကျား အဖွဲ့တစ်ခုဖြစ်တဲ့ MSI Youth Defense Force က အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလိုပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Dark Shadow အဖွဲ့ကလူငယ်တွေထဲမှာ ရန်ကုန်စမ်းချောင်းပင်ပသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့ဖူးတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်လည်း ပါဝင်တယ်လို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက လည်းသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းကြောင်းထုတ်ပြန်ထားပါတယ်။

    အခုလိုမြို့ပြပြောက်ကျားလူငယ်တွေဖမ်းဆီးခံရတာတွေ ပစ်ခတ်သေဆုံးမှုရှိနေတယ်လို့ ထုတ်ပြန်ချက်တွေသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာလည်း ကြည့်မြင်တိုင်မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က မြို့ပြပြောက်ကျားလူငယ်တွေ ဖမ်းဆီးခံရတာ စစ်ကောင်စီသတင်းပေးတွေကြောင့်ဖြစ်တယ်ဆိုပြီး သတင်းပေးသူတွေကိုနာမည်နဲ့တကွထုတ်ပြန်ထားပါတယ်။

    အခုလို အဖွဲ့လိုက်ဖမ်းဆီးခံရပြီးသေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ််နေတဲ့ Dark Shadow အဖွဲ့ဟာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ နန်းထိုက်အောင်စစ်ဆေးရေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဧပြီလအတွင်း ရန်ကုန်မြို့တွင်း စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာတွေနဲ့ ရဲစခန်းကိုတိုက်ခိုက်မှုတွေကို ထုတ်ပြန်ထားပါတယ်။

    ဘီဘီစီအနေနဲ့ ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တွေ အခုလိုဖမ်းဆီးခံရပြီး သေဆုံးတယ်လို့သတင်းတွေထွက်ပေါ်နေတဲ့အပေါ်စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းနေပါတယ်။

    Dark Shadow

    ဓာတ်ပုံ ရင်းမြစ်, Dark Shadow FB

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့တော်ခန်းမရှေ့ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ကို Dark Shadow အဖွဲ့က ‌ဖောက်ခွဲမှုလုပ်ချိန်ကထုတ်ပြန်ထားပုံ