မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
မြို့ပြပြောက်ကျားအဖွဲ့တွေ ဆက်တိုက်ဖြိုခွင်းခံနေရ
ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂၆၀ နီးပါး ဖွဲ့စည်းပြီးပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနပြော

ဓာတ်ပုံ ရင်းမြစ်, PDF
ဓာတ်ပုံ ပုံစာ, တောင်ပိုင်းစစ်ဒေသနယ်မြေ၊ ဘောဒိုင်းစခန်းတွင် ကျင်းပတဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ၁ နှစ်ပြည့်အခမ်းအနား ပြည်သူ့ကာကွယ်ရေးတပ်(PDF)ဖွဲ့စည်းတယ်လို့ ကြေညာမှု တစ်နှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံတ၀န်း PDF တပ်ရင်းပေါင်း ၂၆၀ နီးပါးကို ဖွဲ့စည်းထားပြီးပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ မေလ ၅ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
PDF ဖွဲ့စည်းမှု တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာန ဘက်က အခုလို သတင်းထုတ်ပြန်လာတာပါ။
NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း PDF ကို တတိုင်းပြည်လုံးအတိုင်းအတာနဲ့ စစ်ဒေသကြီးတွေ၊ စစ်ဒေသခွဲတွေ၊ အထူးစစ်ဒေသတွေကို ဖွဲ့စည်းဆောင်ရွက်ထားနိုင်ပြီဖြစ်သလို တပ်ရင်းတပ်ဖွဲ့တွေကိုလည်း သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းပြီး စုဖွဲ့ဆောင်ရွက်မှုတွေ လက်နက် တပ်ဆင်မှုတွေ ဆောင်ရွက်နေပြီလို့ ဒီနေ့မှာပဲ ပြောဆိုထားပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးက PDF ဖွဲ့စည်းမှု တစ်နှစ်ပြည့်အမှာစကားမှာတော့ PDF ဟာ ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ တပ်ဖြစ်အောင်ကြိုးစားရမှာဖြစ်သလို ပြည်သူ့တွန်းလှန်ခုခံစစ်မှာ ကိုယ်လက်အင်္ဂါနဲ့ အသက်ဆုံးရှုံးခဲ့ရသူတွေ စွန့်လွှတ်အနစ်နာခံခဲ့ကြသူတွေကို အသိအမှတ်ပြုပြောဆိုထားတာလည်းတွေ့ရပါတယ်။
လက်ရှိမှာ မြို့နယ်အခြေပြုပြည်သူ့ကာကွယ်ရေးအဖွဲ့ကို မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ ဖွဲ့စည်းထားပြီဖြစ်ပြီး မြိုပြ ပြောက်ကျားနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄၀၀ ကျော်နဲ့လည်း ချိတ်ဆက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ဟားခါး-ဖလမ်း လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, Chin World
ဓာတ်ပုံ ပုံစာ, ဟားခါး- ဖလမ်း လမ်းမှာ ၂ ရက်အတွင်း မီးရှို့ခံရတဲ့လူနေအိမ် အလုံးရေ ၂၀ နီးပါးရှိလာပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်း၊ ဟားခါး- ဖလမ်း လမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်နေတယ်ဆိုပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တင့်ကား ၂ စီးနဲ့ နောက်ထပ် ကားအစီး ၃၀ နီးပါးပါတဲ့ယာဥ်တန်းအနေနဲ့ ဟားခါးမြို့ကနေ ဖလမ်းဘက်ကို မေလ ၂ ရက်ကတည်းကထွက်လာတာဖြစ်ပြီး အဲဒီယာဥ်တန်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။
''အဲဒီယာဥ်တန်းကို ချင်းကာကွယ်ရေးတပ်တွေဖြစ်တဲ့ CDF နဲ့ CNA တို့က ဖြတ်တိုက်နေတာ ဟိုတနေ့ (မေလ ၃)ရက်နေ့ကတည်းကပါပဲ။ ဒီနေ့လည်း မိုင်းဆွဲတိုက်တာမျိုး လုပ်တယ်။ စစ်ကောင်စီဘက်က အကျအဆုံး ၂၀ လောက်ရှိလာပြီ။ ဒီနေ့ တလန်ဇာရ်ရွာတိုက်ပွဲမှာ CDF နဲ့ CNA တပ်ဖွဲ့ဝင် ၂ ဦးလည်း ကျဆုံးတယ်''လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
တလန်ဇာရ်ရွာမှာ ဒီနေ့မနက်ပိုင်း တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က နေအိမ် ၁၁ လုံးကို မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီအတိုင်ခင် မနေ့ မေလ ၄ ရက်တုန်းကလည်း စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တဲ့ ဟားခါး-ဖလမ်းလမ်းပေါ်က ရမ်ထလိုကျေးရွာမှာ စတော်ဘယ်ရီခြံတစ်ခြံထဲက နေအိမ် ၂ လုံးအပါအဝင် လူနေအိမ် ၁၀ လုံးကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ KIO ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကေအိုင်အိုအဖွဲ့ဥက္ကဋ္ဌဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်ရဲ့အကြီးတန်းခေါင်းဆောင်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးအန်ဘန်လ(ညာဘက်အလယ်)နဲ့ ဗိုလ်ချုပ် ဂွမ်မော်(ညာဘက် အစွန်)တို့ ကေအိုင်အေထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ၂၀၁၆ ခုနှစ်တုန်းက ကျင်းပတဲ့တိုင်းရင်းသားလက်နက်ကိုင်ညီလာခံကို တက်ရောက်စဥ် စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မှာ မဟုတ်ဘူးဆိုပြီး ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ဒီနေ့ မေလ ၅ ရက်မှာ ပြောလာပါတယ်။
ဖိတ်ခေါ်တဲ့နေရာမှာ ပါဝင်သူင့်သူအားလုံးကို မဖိတ်ထားတာနဲ့ နိုင်ငံရေးရာတွေကို ဆွေးနွေး အဖြေရှာမယ်ဆိုတဲ့ သဘောထား မပါတာကိုလည်းတွေ့ရတာကြောင့် တန်းတူဆွေးနွေးနိုင်တဲ့ အချိန်အခါနဲ့ အခင်းအကျင်းအရောက်မှသာ ပါဝင်ဆွေးနွေးမယ်လို့ KIO ဗဟို ကော်မတီက စာထုတ်လာတာဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးဖို့ ဒုတိယဗိုလ်ချုပ်ကြီးမင်းနောင်က ထပ်ဆင့်အကြောင်းကြားတဲ့စာကို မေလ ၂ ရက် ရရှိပြီးနောက်မှာ KIO ဘက်က အခုလိုပြောလာတာလည်းဖြစ်ပါတယ်။
KIO ဘက်ကတော့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးဆွေးနွေးခြင်းနဲ့ပဲ အဖြေရှာဖို့ လိုအပ်တယ်လို့ ပြောထားပါတယ်။
ပြည်တွင်းပဋိပက္ခတွေ အရှိန်မြင့်နေပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာကနေ ပေါ် ပေါ်လာတဲ့ ဒေသကာကွယ်ရေးတပ် PDF တွေတော့ ဒီကမ်းလှမ်းချက်မှာ မပါ၀င်ဘူးလို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌကတော့ ရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို သူကိုယ်တိုင်တွေ့ဆုံမှာဖြစ်ပြီး မေ ၉ ရက်နောက်ဆုံးထားအကြောင်းပြန်ကြဖို့လည်း ပြောထားပါတယ်။
လက်ရှိအဲဒီကမ်းလှမ်းချက်ကိုလက်ခံပြီး ပွဲတက်ဖို့ စာရင်းပေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တစ်ဒါဇင် ကျော်ရှိနေချိန်မှာ KIO က ခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။
KIO/KIA ဟာ အပစ်ရပ်စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာတော့ စစ်ကိုင်းနဲ့ကချင်ပြည်နယ်အစပ် ဒေသတချို့မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
သံတောင်မြို့ ရဲစခန်းက ရဲနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ကရင်ပြည်နယ်မြောက်ပိုင်း သံတောင်မြို့မှာ မြို့မရဲစခန်းက ရဲ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်ဆိုပြီး သံတောင်ဒေသကာကွယ်ရေးတပ်ဘက်က လူမှုကွန်ရက်ကနေ သတင်းထုတ်ပြန်လာပါတယ်။
သဲတောင်မြို့ရဲစခန်းက ဆင်းလာတဲ့ ရဲတပ်ကြပ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦးကို ဒီနေ့ မေလ ၅ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့တာလို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
အဲဒီရဲ ၂ ဦးဟာ လုံခြုံရေးတာဝန်အတွက် ရဲစခန်းထဲကနေ ထွက်လာခဲ့ပြီနောက်မှာ ပစ်ခတ်ခံခဲ့ရတာလို့ သိရပါတယ်။
သေဆုံးတဲ့ရဲ ၂ ဦးဆီကနေ သေနတ် ၂ လက်နဲ့ ကျည်တစ်ချို့ ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အရာတော်မြို့နယ်ထဲက မလဲသာရွာ မီးရှို့ခံရပြီး အိမ် ၅၀၀ ကျော်ပျက်စီး, မီးလောင်ပြင်ထဲ အလောင်းတစ်လောင်းတွေ့တယ်လို့လည်း ဒေသခံတွေပြော

ဓာတ်ပုံ ရင်းမြစ်, အရာတော်သတင်းမှန်ပြန်ကြားရေး
ဓာတ်ပုံ ပုံစာ, မလဲသာကျေးရွာထဲက နေအိမ်တစ်ဝက်ကျော် မီးထဲပါသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲ မလဲသာကျေးရွာဟာ ပြီးခဲ့တဲ့ မေလ ၂ ရက်တုန်းက မီးရှို့ခံခဲ့ရတာကြောင့် အိမ်ခြေ ၅၀၀ ကျော် မီးထဲပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မလဲသာကျေးရွာထဲ ဝင်ရောက်လာချိန် လက်နက်ကြီးပစ်ခတ်ပြီးနောက်မှာ နေအိမ်တွေကို မီးရှို့ခဲ့တာလို ဒေသခံတွေက ပြောပါတယ်။
မီးလောင်ပြင် အပျက်အစီးတွေကြားထဲမှာ မီးလောင်ကျွမ်းနေတဲ့ အလောင်းတစ်လောင်းကို တွေ့ခဲ့ပေမဲ့ သေဆုံးသူဟာ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် နေအိမ်တွေမီးရှို့ခံရတာကြောင့် ထောင်နဲ့ချီတဲ့ မလဲသာကျေးရွာသူရွာသားတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
မလဲသာကျေးရွာကို အခုတစ်ကြိမ် စစ်ကောင်စီ ဝင်ရောက်မှုဟာ လေးကြိမ်မြောက်ဖြစ်တယ်လို့ ဒေသတွင်းသတင်းစာမျက်နှာတွေမှာဖော်ပြပါတယ်။
ဒေသကာကွယ်ရေးတပ်ဟာ မလဲသာကျေးရွာ မီးဘေးသင့်စစ်ရှောင်တွေအတွက် ရန်ပုံငွေထဲကအချို့ကို လှူဒါန်းထားတယ်ဆိုပြီး အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောထားပါတယ်။
လောင်းလုံးမြို့နယ်ထဲမှာ တစ်ပတ်အတွင်း အမျိုးသား ၄ ဦး ပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မေလ (၃)ရက်က စွန့်ပစ်ခံရတဲ့သေဆုံးရုပ်အလောင်းပေါ်က အမှတ်တံဆိပ် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းဒလဲကျေးရွာအုပ်စုထဲ အမျိုးသားလေးဦး တစ်ပတ်အတွင်းသေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မေလ (၃)ရက်မနက်ပိုင်းမှာ ပန်းဒလဲကျေးရွာအုပ်စုအပိုင် မြောင်းပေါက်ရွာက အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းလာရောက်စွန့်ပစ်ခံရပြီး လည်ပင်းမှာလည်း "လေဟုန်ပြင်းပြင်း အနီရောင်ကိုရှင်း"ဆိုတဲ့ စွန်ရဲအဖွဲ့တံဆိပ်လည်ဆွဲ ဆွဲထားခဲ့တယ်လို့ မျက်မြင်တွေ့ကသူပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဧပြီလ (၂၈)ရက်ကလည်း ပန်းဒလဲကျေးရွာက အမျိုးသားသုံးဦးကိုနေအိမ်တွေပေါ် လက်နက်ကိုင်လူတစ်စုတက်လာကာ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး စွန်ရဲအဖွဲ့ကလုပ်ဆောင်တယ်ဆိုပြီးသိရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။
"(၃)ရက်နေ့ကအလောင်းပစ်ခံရသူက မတ်လကတည်းကအဖမ်းခံထားရတာတစ်လကျော်ပြီ၊ အခုမှအလောင်းပစ်တာပေါ့လေ။ ပန်းဒလဲရွာကတော့ အိမ်ပေါ်တွေသေနတ်နဲ့တက်ပစ်တာ၊ ငါးယောက်ကိုပစ်တာ နှစ်ယောက်ကထွက်ပြေးလွတ်ခဲ့တယ်။ သူတို့ကိုဘာကြောင့်လုပ်လဲမသိရဘူး။ အခုလုပ်တာက ပျူတွေလို့ပဲကျွန်တော်တို့ကသိထားတာ"လို့ လောင်းလုံးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လောင်းလုံးဒေသခံတွေကတော့ ပန်းဒလဲကျေးရွာမှာ အရပ်အခေါ်ပျူစောထီးလို့ခေါ်ကြတဲ့ အရပ်ဝတ်လက်နက်ကိုင်သူတွေရှိပြီး အခုတော့စွန်ရဲအဖွဲ့အနေနဲ့လှုပ်ရှားလာတာလို့ပြောပါတယ်။
အဲဒီအဖွဲ့ဟာ ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးရဲ့ မိသားစုဝင်တွေကို အသက်အန္တရာယ်ခြိမ်းခြောက်မယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ ပြောဆိုနေတယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ ပျူစောထီးအဖွဲ့ကိုလည်းမသိဘူးလို့ ငြင်းဆန်ထားပြီးဖြစ်သလို ပြည်သူ့စစ်အဖွဲ့တွေသာ ရပ်ရွာအခြေပြုဖွဲ့စည်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
မြန်မာကိုအကူအညီပေးရေးတိုင်ပင်ဆွေးနွေးမှုဆိုင်ရာအစည်းအဝေးကို ကုလအရာရှိတက်မယ်, မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ်ကလည်း အမျိုးသမီးတွေ ပိုမိုပါဝင်ခွင့်ရဖို့ ပြောလာ

ဓာတ်ပုံ ရင်းမြစ်, social media
ဓာတ်ပုံ ပုံစာ, မြန်မာဆိုင်ရာကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ ကမ္ဘောဒီးယားနိုင်ငံမှာ မနက်ဖြန် မေလ ၆ ရက်မှာ ကျင်းပမယ့် မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေး တိုင်ပင်ဆွေးနွေးမှုဆိုင်ရာအစည်းအဝေးကို ကုလသမဂ္ဂ အရေးပေါ်အကူအညီပေးရေးဆိုင်ရာဒုတိယညှိနှိုင်းရေးမှူး Joyce Msuya တက်ရောက်ဖို့ရှိနေပါတယ်။
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားက ဦးဆောင်မယ့်အဲဒီအစည်းအဝေးပွဲမှာ တက်ရောက်မယ့်သူတွေဟာ မြန်မာပြည်မှာ လိုအပ်ချက်မြင့်တက်လာနေတဲ့ လူသားချင်းစာနာမှုအကူအညီအရေးအပြင် အရေးပေါ် အကူအညီလိုအပ်နေသူတွေဆီ အကူအညီပေးရေးအဖွဲ့တွေ မရောက်နိုင်တဲ့အဟန့်အတားတွေအရေးကိုလည်း ဆွေးနွေးကြဖို့ ရှိတယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာကလည်း ဒီဆွေးနွေးပွဲကို ကြိုဆိုပြီး မြန်မာပြည်တွင်းအခြေအနေကြောင့် အကူအညီတွေဟာ လမ်းကြောင်းအစုံကနေ တတ်နိုင်သမျှ မျှမျှတတရောက်ရှိဖို့ လိုအပ်တဲ့အကြောင်း ပြောထားပါတယ်။
ဒါ့ပြင် လက်ရှိမြန်မာပြည်တွင်း ပဋိပက္ခဟာ ကလေးနဲ့အမျိုးသမီးတွေအပေါ် သက်ရောက်မှု ပိုကြီးမားနေတာကြောင့် သူတို့ကို အကာအကွယ်ပေးဖို့လိုတယ်လို့လည်း သူက ဆိုပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေဟာ လူမှုအသိုက်အဝန်းမှာ ထိခိုက်လွယ်တဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတဲ့ခွဲခြားနိုင်စွမ်းရှိပြီး ထိရောက်တဲ့အကူအညီပေးနိုင်အောင် စွမ်းဆောင်နိုင်သူတွေဖြစ်လို့ အကူအညီပေးရေးဆွေးနွေးတိုင်ပင်မှုတွေမှာ အမျိုးသမီးတွေကို အဓိကနေရာမှာ တာဝန်ပေးဖို့ ကမ္ဘာ့အသိုင်းအဝန်းကို အထူးကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။
"တောင်းစားရမယ့်ဘဝကို ရောက်သွားတာပဲရှင်"
စစ်ကိုင်းတိုင်းအတွင်းက အုပ်စုလိုက် လူသတ်မှုများ
NLD ပါတီထဲမှာ စစ်ကောင်စီနဲ့ ဆက်သွယ်သူတချို့ရှိတယ်ဆိုတဲ့အပေါ် သုံးသပ်မှု
ကနီနယ်ထဲက ဝင်မနားရဲစခန်းကို စစ်ကောင်စီတပ် ပြန်ရုပ်သိမ်းသွားပြီလို့ ဒေသခံတွေပြော, အရပ်သား ၂ ဦး မိုင်းထိပြီး ခြေပြတ်

ဓာတ်ပုံ ရင်းမြစ်, social media
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ထဲက ဝင်မနားကျေးရွာမှာရှိတဲ့ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ မေလ ၄ ရက် မနက်ပိုင်းမှာပဲ ပြန်လည်ရုပ်သိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီနယ်ထဲက စစ်ကောင်စီတပ်ဟာ ကလေးခရိုင်ကလာတဲ့ ဒေသစိုးမိုးရေးစစ်ကြောင်းနဲ့ပူးပေါင်းပြီး ရဲစခန်းကို ပြန်ရုပ်သိမ်းသွားတာလို့လည်း ဆိုပါတယ်။
‘’မနက် ၆ နာရီလောက်မှာ သူတို့ ထွက်သွားကြတယ်။ သူတို့ အမြဲစိုးရိမ်နေရတာမျိုးဆိုတော့ သူတို့စခန်းကို သူတို့ ပြန်ရုပ်သိမ်းသွားတာဖြစ်မယ်။ စခန်းထဲမှာရှိတဲ့ ဝန်ထမ်းအိမ်ရာလို အဆောင်အသေးတွေကိုလည်း သူတို့ဘာသာ မီးရှို့သွားတယ်။ ပင်မရဲစခန်းနဲ့ အချုပ်ကိုတော့ မီးမရှို့သွားဘူး’’ လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ပြန်ထွက်သွားပြီးတဲ့နောက် ဒီနေ့ မနက် ၁၀ နာရီလောက်မှာ ကျေးရွာအတွင်းကို ဝင်ကြည့်တဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက် ၂၀ အရွယ် နောက်ထပ် အမျိုးသားတစ်ဦးလည်း ရဲစခန်းအနီးလမ်းမပေါ်မှာ မိုင်းထိမှန်ခဲ့ပြီး ခြေချင်းဝတ်ပြတ်တဲ့အထိ ဒဏ်ရာရခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဟာ တောထဲမှာ စစ်ရှောင်နေတဲ့ ဝင်မနားကျေးရွာအုပ်စု၊ မကျည်းအိုကျေးရွာက ဒေသခံ ၃ ဦးလည်းဖမ်းဆီးခဲ့ပြီးနောက် ကနီနယ်ထဲဝင်ချိန်မှာ အဲဒီရွာသားတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဝင်မနားရဲစခန်း ဘာ့ကြောင့်ပြန်ရုပ်သိမ်းတယ်ဆိုတာကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်တာခံခဲ့ရပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးဘက်က ပြောထားဖူးပါတယ်။
အတိုင်ပင်ခံနဲ့ဦးဖြိုးမင်းသိန်းအမှုကို တရားလွှတ်တော်ချုပ် ပလပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီကနေ ရွှေနဲ့ဒေါ်လာတွေယူတယ်လို့ စွပ်စွဲခံရတဲ့အမှု စွဲချက်တင်သင့် မသင့်အပေါ် လျှောက်ထားမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီနေ့ မေလ ၄ ရက်မှာ ပလပ်လိုက်ပါတယ်။
အဲဒီလိုဆုံးဖြတ်ပေးဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှုတက်ထားတုန်းမှာပဲ နေပြည်တော်အထူးတရာရုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြီးခဲ့တဲ့တစ်ပတ်မှာ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အခုတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒီအမှုအတွက် ရာဇဝတ်ပြင်ဆင်မှုကို လက်ခံသင့်မသင့်ကြားနာခဲ့ပြီးနောက်မှာ အမှုကို ပလပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်မတင်သင့်ဘူးလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆုံးဖြတ်ရင် ထောင်ဒဏ်ငါးနှစ်ချမှတ်ထားတဲ့အမိန့်ဟာ အလိုအလျောက်ပျက်ပြယ်သွားမှာဖြစ်ပေမဲ့ အမှုကို တရားလွှတ်တော်ချုပ်မှာ ပလပ်လိုက်တဲ့အတွက် နေပြည်တော်အထူးတရားရုံးရဲ့ ထောင်ဒဏ်ချမှတ်မှုဟာ အပြီးသတ်အမိန့်ဖြစ်သွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတာကို ကျေနပ်မှုမရှိသလို အယူခံဆက်တက်မယ်ဆိုပြီး နေပြည်တော်တရားရုံးနဲ့ နီးစပ်သူတွေက အစောပိုင်းကတည်းက ပြောထားပါတယ်။
ဖားကန့်မှာ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၂ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက မော်ဘုံကျေးရွာမှာ မနေ့ ဧပြီလ ၃ ရက် ညပိုင်းတုန်းက လက်နက်ကြီးကျည် ထိမှန်ပြီး အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူအမျိုးသား ၁ ဦးဟာ အသက် ၆၃ နှစ်အရွယ် ဦးရုံးဆိုသူ ထမင်းဆိုင်ပိုင်ရှင်ဖြစ်ပြီး နောက်တစ်ဦးကတော့ အဲဒီထမင်းဆိုင်မှာ ထမင်းလာဝယ်တဲ့ အသက် ၄၂ နှစ်အရွယ် ဦးတင်မောင်ထွေးဆိုသူဖြစ်ပါတယ်။
''အမျိုးသားက စျေးဝယ်သူကို ဟင်းချိုခပ်ပေးမယ်ဆိုပြီး မီးဖိုချောင်ထဲ ဝင်သွားတဲ့အချိန်မှာ နှစ်ယောက်လုံး ထိသွားတာ။ အကုန်လုံးကတော့ မိုင်းသံကြားတာနဲ့ ထွက်ပြေးကြတာ။ ဘယ်သူပစ်တယ်။ ဘယ်ကနေ ကျလာတယ်ဆိုတာလည်း မသိရဘူး။ ပေါက်ကွဲအပြီး မီးဖိုချောင်ထဲ ပြန်ဝင်ပြီး ပြေးကြည့်တော့ နှစ်ယောက်လုံးက ဆန့်ဆန့်ကြီး အသက်မရှိတော့ဘူး။ သူများက မိုင်းသံကြားတော့ တိုက်ပွဲဖြစ်မှန်းမသိ၊ ဘာမှန်းမသိဆိုတော့ အကုန်ပြေးကြတာ။ အားလုံးတိတ်သွားမှ ဘေးကို အကူအညီ တောင်းနိုင်တာ'' လို့ သေဆုံးခဲ့သူဆိုင်ရှင်အမျိုးသားရဲ့ မိသားစုဝင်က ပြောပါတယ်။
မှော်ဘုံကျေးရွာထဲကို အရင်က လက်နက်ကြီးကျတာမျိုး မရှိခဲ့ပေမဲ့ အခုဖြစ်ရပ်ကြောင့် ရွာထဲမှာ ဆက်နေဖို့ ကြောက်ရွံ့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
မနေ့ညတုန်းက ပေါက်ကွဲခဲ့တဲ့လက်နက်ကြီးဟာ ဘယ်သူကနေ ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
မြန်မာစစ်ရှောင်တွေသုံးတဲ့ နယ်စပ်ယာယီတံတားကို ထိုင်းစစ်သားတွေဖျက်ဆီးနေတဲ့ရုပ်သံ ထွက်ပေါ်လာ

ဓာတ်ပုံ ရင်းမြစ်, Fortify Rights
ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် ထိုင်းနယ်စပ်ဘက်ကို ထွက်ပြေးကြတဲ့ စစ်ရှောင်တွေ အသုံးပြုတဲ့ယာယီတံတားကို ထိုင်းစစ်သားတွေ ဖျက်ဆီးနေကြတဲ့ရုပ်သံတစ်ခုကို လူ့အခွင့်အရေးအဖွဲ့(Fortify Rights) က မေလ ၃ ရက်မှာ ထုတ်ပြန်လာပါတယ်။
သောင်ရင်းမြစ်မြစ်လက်တက် ဝေါလေမြစ်ပေါ်မှာရှိတဲ့ အဲဒီလူကူးတံတားဟာ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်နဲ့ ကရင်ပြည်နယ်နယ်စပ်မှာရှိပြီး ထိုင်းစစ်သားတွေက လူကူးတံတားကို မတ်လတုန်းက အခုလိုဖျက်ဆီးခဲ့ကြတာလို့ အဲဒီအဖွဲ့က ပြောပါတယ်။
ထိုင်းစစ်သားတွေ တံတားကို ဖျက်တဲ့အချိန် မြန်မာဘက်ခြမ်းက ရိုက်ကူးထားတဲ့ အဲဒီရုပ်သံထဲမှာတော့ ရုပ်သံရိုက်ကူးသူကို ထိုင်းစစ်သားက ခြိမ်းခြောက်ပြောဆိုနေတာကိုလည်းတွေ့ရပါတယ်။
ထိုင်းအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ မြန်မာဒုက္ခသည်တွေကို အကြောင်းမဲ့ဖမ်းဆီး ထိန်းသိမ်းတာ၊ ဒုက္ခသည်တွေဆီကနေ ငွေယူတယ်ဆိုပြီး စွပ်စွဲခံရတာတွေ ရှိတယ်ဆိုလို့လည်း Fortify Rightsအဖွဲ့ကပြောပါတယ်။
မြန်မာဒုက္ခသည်တွေ၊ ကုလအရာရှိအချို့နဲ့ ထိုင်းနိုင်ငံထဲမှာ အကူအညီပေးနေသူတွေကိုတွေ့ဆုံမေးမြန်းပြီး Fortify Rightsအဖွဲ့က အခုလိုပြောတာြဖစ်ပါတယ်။
လက်ရှိမှာ ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေအခွင့်အရေးတွေကိုအာမခံပေးနိုင်တဲ့ နိုင်ငံတကာစာချုပ်မှာရော၊ ဒုက္ခသည်တွေကို ကာကွယ်ကူညီပေးရေးဆိုင်ရာဥပဒေမူဘောင်တွေမှာ ပါဝင်လက်မှတ်ထိုးထားတာ မရှိသေးပါဘူး။
ဒါကြောင့် ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေကို စောင့်ရှောက်တာမျိုးလို အပြည်ပြည်ဆိုင်ရာတာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းပြီး နမူနာကောင်းပြတဲ့နိုင်ငံ ဖြစ်လာဖို့ အခုအချိန်မှာ လုပ်ဆောင်သင့်တယ်လို့ Fortify Rightsအဖွဲ့က တိုက်တွန်းထားပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အနည်းဆုံး (၁၅)ဦးသေဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေပြော, ဒီကနေ့တော့ နှစ်ဖက်စောင့်ကြည့်နေဆဲအခြေအနေလို့ဆို

ဓာတ်ပုံ ရင်းမြစ်, RKDF
ဓာတ်ပုံ ပုံစာ, ရေရှင်ရွာတိုက်ပွဲပြီးနောက် ဧပြီ (၂၄)ရက်မှာကာကွယ်ရေးအဖွဲ့တွေဘက်ကတွေ့ရှိရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျန်ရစ်ပစ္စည်းတွေ တွေ့ရစဉ်။ ဧပြီနောက်ဆုံးအပတ်လောက်ကစပြီး ဆယ်ရက်ကြာထိတွေတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကအနည်းဆုံး (၁၅)ဦးသေဆုံးခဲ့သလို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဘက်မှာလည်း နှစ်ဦးသေဆုံးခဲ့တယ်လို့ ကလေးမြို့ကာကွယ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေကပြောကြပါတယ်။
ဧပြီလ (၂၂)ရက်ကစပြီး ဆက်တိုက်တိုက်ပွဲရှိနေတဲ့ ကလေးမြို့တောင်ဘက်ကရွာတွေမှာ ဒီကနေ့မေလ (၄)ရက်မနက်ပိုင်းမှာတော့ တိုက်ပွဲမရှိသေးဘဲ နှစ်ဖက်စောင့်ကြည့်အနေအထားရှိနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကိုပြောပါတယ်။
"ရေရှင်မှာကတော့ တပ်မစွဲလိုက်နိုင်ဘူး။ အဲ့ဒီမှာသူတို့အလောင်း (၄)လောင်းရတယ်၊ ကျွန်တော်တို့ဘက်က PDF ကလေးကတစ်ဦးသေဆုံးတယ်။ အရှေ့စည်းရွာမှာတော့ အလောင်း (၇)လောင်းရတယ်၊ လက်နက်တွေပါသိမ်းမိတယ် ကျည်တွေရောပေါ့။ ရှားဖိုရွာမှာတော့ အလောင်း (၄)လောင်း တွေ့တယ်၊ မောင်းပြန်တွေပါရတယ်။ ရှားဖိုတိုက်ပွဲမှာတော့ CDF KKG ကတစ်ဦးကျတယ်"လို့ ကလေးမြို့တောင်ဘက်ရွာတောင်ပိုင်းတိုက်ပွဲတွေက ထိခိုက်မှုအခြေအနေကို မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
ဒီသေဆုံးမှုစာရင်းနဲ့ပတ်သက်ပြီး ဘီဘီစီဘက်ကသီးခြားအတည်ပြုနိုင်တာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်စာမျက်နှာတွေပေါ်ပျံ့နှံ့နေတဲ့ အရှေ့စည်းရွာမီးရှို့ခံရတဲ့မြင်ကွင်း။ ကလေးမြို့တောင်ဘက်က ရေရှင်၊ အရှေ့စည်းနဲ့ ရှားဖိုရွာဒီတိုက်ပွဲတွေဟာ စစ်ကောင်စီဘက်ကနေ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အနေအထားလို့ ဆိုပါတယ်။
မေလ (၁)ရက်မှာ စစ်ကောင်စီ စစ်ကြောင်းဟာ ရှားဖိုရွာကိုထိုးစစ်ဆင်လာခဲ့ပြီးနောက် ကာကွယ်ရေးအဖွဲ့တွေနဲ့ မေလ (၃)ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ကာလေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီတပ်တွေ ရှားဖိုရွာထဲ နေရာယူထားပြီလို့ သိရပါတယ်။
ဧပြီလ (၂၇)ရက်နေ့မှာအရှေ့စည်းရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေအကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကာ ရွာထဲကိုဝင်ရောက်တပ်စွဲခဲ့ပြီးတဲ့နောက် အဲ့ဒီနေ့ ညနေပိုင်းကစပြီး အရှေ့စည်းရွာကနေအိမ်တွေကို နေ့စဉ်လိုလိုမီးရှို့ခဲ့ရာကနေ တစ်ရွာလုံးနီးပါးမီးလောင်ခဲ့ပြီလို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ဧပြီ (၂၂)ရက်နေ့တုန်းက စစ်ကောင်စီစစ်ကြောင်းဟာရေရှင်ရွာဘက် ဦးတည်လာခဲ့ပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက် ရေရှင်ရွာတောင်ဘက်က ကျောက်ပြုတ်ရွာဘက်ကိုဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
ဒီလိုစစ်ကြောင်းထိုးသွားလာပြီး ထိတွေ့တိုက်ပွဲတွေအကြား ရေရှင်၊ အရှေ့စည်း၊ ရှားဖိုရွာတွေအပြင် အနီးတဝိုက်ရွာတွေပါ ရွာလုံးကျွတ်တိမ်းရှောင်နေကြပြီဖြစ်ပြီး ဧပြီ (၂၇)ရက်တုန်းကလည်းမြစ်သာမြစ်ကိုဖြတ်ကူးစစ်ရှောင်တဲ့ရွာသားတွေ တံတားကျိုးကျတာကြောင့် လူသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
မန္တလေး Green House Inn ပစ်ခတ်မှုမှာ သေဆုံးခဲ့သူတွေဟာ မြစ်ငယ် PDF ကလို့ မြို့ပြပြောက်ကျားအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုအစောပိုင်းကာလ မန္တလေးမြို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်မှာရှိတဲ့ Green House Inn(တည်းခိုခန်း)မှာ မနေ့ မေလ ၃ ရက်တုန်းက စစ်ကောင်စီတပ်ဖွဲ့င်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်ချိန် သေဆုံးခဲ့သူ ၅ ဦးဟာ မြစ်ငယ် PDF တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသာလေးဦးလည်းပါဝင်ပြီး သူတို့ရဲ့နာမည်တွေကိုပါ မြို့ပြပြောက်ကျားအဖွဲ့က ဒီနေ့ မေလ ၄ ရက်မှာ သတင်း ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒဏ်ရာရလူနာ ခဏဝင်နားနေတဲ့တည်းခိုခန်းကို စစ်ကောင်စီတပ်ဘက်က သတင်းရသွားပြီး အင်အားသုံး ဝင်ရောက်ပစ်ခတ်ဖမ်းဆီးရာကနေ အပြန်အလှန်ပစ်ခတ်မှုမှာ မြစ်ငယ် PDF အဖွဲ့ဝင်တွေ ဆုံးပါးခဲ့ကြတာလို့လည်း ဆိုပါတယ်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားလေးဦးကို ပစ္စတိုသေနတ်၊ ကျည်အချို့၊ လက်ပစ်ဗုံးတစ်လုံးနဲ့အတူ အသေဖမ်းမိခဲ့တယ်လို့ အဲဒီဖြစ်စဥ်ကို စစ်ကောင်စီဘက်က သတင်းဖြန့်တယ်ဆိုပြီး ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။
ရွှေဘို၊ ဇီးဖြူကုန်းနဲ့ဆိပ်ခွန်ရွာကြား စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရ, ရွာခံတစ်ဦးလက်နက်ကြီးကျည်ထိမှန်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ရွှေဘို၊ ဇီးဖြူကုန်းနဲ့ဆိပ်ခွန်ရွာကြား စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ထဲက ဇီးဖြူကုန်းရွာကို မေလ (၁)ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်ပြီးတဲ့နောက် မေလ (၂)ရက်မှာတော့ ဇီးဖြူကုန်းကနေ ဆိပ်ဖြူရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)နီးပါးတိုက်ခိုက်ကျဆုံးနိုင်ပြီး ဗိုလ်ကြီးအဆင့်တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိတယ်လို့ ကာကွယ်ရေးအဖွဲ့တွေဘက်က ဒီကနေ့ မေလ (၄)ရက်နေ့၊ မနက်ပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးတာနဲ့ပတ်သက်ပြီး ဘီဘီစီဘက်ကသီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
ဒီဖြစ်စဉ်ပြီးတဲ့နောက် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် ဆိပ်ခွန်ရွာသားတစ်ဦး လက်နက်ကြီးကျည်မှန်ထိခိုက်ဒဏ်ရာရခဲ့ သလို အဲ့ဒီနေ့ မေလ (၂)ရက် ညနေ (၆)နာရီကျော်လောက်မှာလည်း ဆိုင်ကယ်စီးလာတဲ့ပြည်သူတစ်ဦးကို ဆိပ်ခွန်ရွာမှာအရင်ကတည်းက တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ သေနတ်နဲ့ပစ်တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
"လက်နက်ကြီးမှန်တာကကျ မိုင်းဆွဲခံရတဲ့အဖွဲ့ကပစ်တာ။အဲ့အဖွဲ့ကတပ်ပြန်ခေါက်သွားတယ်။ အဲ့ဒီနေ့ညနေပိုင်းဆိပ်ခွန်ရွာခံအမျိုးသားတစ်ဦးကို ရွာထဲ စခန်းချနေတဲ့ စကစတွေကလှမ်းပစ်တာ။ ပြီးတော့မီးရှို့လိုက်တယ်ပေါ့ဗျာ။ ပြောတာကတော့ တားတာဆိုင်ကယ်မရပ်ပေးလို့တဲ့" လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောပြပါတယ်။
မေလ (၃)ရက်နဲ့ (၄)ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘူးလို့ ရွှေဘိုပြည်သူ့ကာကွယ်ရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
အရပ်သားအုပ်ချုပ်မှုပြန်ရောက်ရေးအဖြေရှာဖို့ ကုလအထူးကိုယ်စားလှယ်နဲ့ CRPH ဥက္ကဋ္ဌတို့ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, CRPH
စစ်အာဏာသိမ်းမှုအောက်က မြန်မာနိုင်ငံမှာ အရပ်သားအုပ်ချုပ်မှု ပြန်လည်ရောက်ရှိရေး အားလုံးပါဝင်တဲ့ အဖြေရှာဖွေရေးအပါအဝင် လက်ရှိမြန်မာပြည်တွင်းအရေးကိစ္စတွေကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ ဆွေးနွေးထားတယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က သတင်းထုတ်ပြန်ပါတယ်။
ကုလအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာနဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ မေလ ၃ ရက်မှာတွေ့ဆုံချိန် အခုလိုဆွေးနွေးခဲ့တာလို့လည်း ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအကြပ်အတည်းကိုဖြေရှင်းဖို့ ပါဝင်သင့်သူတွေအားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ မြန်မာ့အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေက ပြောနေတာပါ။
ဒါပေမဲ့ ဘယ်လိုဘယ်ပုံ အဖြေရှာကြဖို့ ကြိုးပမ်းမယ်ဆိုတာ ကုလအထူးကိုယ်စားလှယ်နဲ့ ဦးအောင်ကြည်ညွန့်တို့ဆွေးနွေးခဲ့ကြတယ်ဆိုတာကိုတော့ CRPH ထုတ်ပြန်ချက်မှာဖော်ပြထားတာမတွေ့ရပါဘူး။
စစ်ရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးကိစ္စတွေ၊ အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဥ်းသားတွေလွတ်မြောက်ရေး၊ ဒေသတွင်းနဲ့နိုင်ငံတကာသိုက်အဝန်းက ကူညီဆောက်ရွက်ပေးနိုင်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
မြန်မာနဲ့ မလေးရှားအပါအဝင် အရှေ့တောင်အာရှက နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာ့အရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ထိတွေ့ပြောဆိုဖို့ အာဆီယံအဖွဲ့ကြီးကို တိုက်တွန်းဖို့ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့အပြီးမှာ အထူးကိုယ်စားလှယ်နဲ့ ဦးအောင်ကြည်ညွန့်တို့တွေ့ဆုံမှု ထွက်ပေါ်လာတာပါ။
