မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အင်းစိန်ထောင်တွင်းက အကျဥ်းသားတချို့ဆီက အရပ်ဝတ်တွေ သိမ်းဆည်းခံရ၊ ကန့်ကွက်ပြီးနောက် ပြန်ထုတ်ပေး

    အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးပြီး ပြစ်ဒဏ် ချမှတ်ခံထားရသူတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်မြို့အကျဉ်းထောင်တွေဆီ ရွှေ့ပြောင်း တာတွေ လုပ်ခဲ့ပြီးနောက် အင်းစိန်ထောင် ၅ တိုက်မှာ အကျဉ်းကျနေသူတွေ အရပ်ဝတ်တွေကို သိမ်းဆည်းခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

    ဘာကြောင့် ဒီလို လုပ်တယ် ဆိုတာ တော့ မသိရပါဘူး။

    ဒါပေမဲ့ ကန့်ကွက်မှုပြုလုပ်ပြီးနောက် အရပ်ဝတ်တွေ ပြန်ရခဲ့တယ်လို့ သိရပါတယ်။

    ဒါ့အပြင် အဲဒီ ၅ တိုက်မှာ အကျဉ်းကျနေတဲ့ သံလျင်မြို့နယ် NLD ပါတီ လူငယ် တာဝန်ခံ ကိုသန်းတိုးအောင်ကို ဧပြီလ ၂၅ ရက်နေ့က ခြေကျင်းနဲ့ ထိပ်တုံးခတ်ပြီး ထောင်ဝင်စာ ပါဆယ် ပိတ်တဲ့ အတွက် သူက အစာငတ်ခံ ဆန္ဒပြခဲ့ရာမှာ ဧပြီလ ၂၇ ရက်နေ့က သက်ဆိုင်ရာ ထောင်အာဏာပိုင်တွေက သူ အစာငတ်ခံ ဆန္ဒပြရတဲ့အကြောင်း ခေါ်ယူ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

    အကျဉ်းကျသူတွေကို ထောင်ဝတ်စုံ အပြာပဲ ဝတ်ရမယ်လို့ သတ်မှတ်ထားပေမဲ့ တခြားအဝတ်တွေ ဝတ်တာကို ခွင့်ပြုထားတာကြောင့် ကျန်တဲ့ တိုက်တွေမှာ မသိမ်းဘဲ ၅ တိုက် တစ်ခုတည်းမှာ သိမ်းတာကို လက်မခံနိုင်ဘူး၊ သူ့ကို ထိပ်တုံးခတ်တာဟာလည်း လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်တယ်၊ သူ့တစ်ယောက်တည်းကိုပဲ ထောင်ဝင်စာ ပါဆယ် ပိတ်တာကိုလည်း ပြန်ခွင့်ပြုရမယ် စသဖြင့် ကိုသန်းတိုးအောင်က တင်ပြတာတွေကို ထောင်အာဏာပိုင်တွေက ပြန်လည် ခွင့်ပြုလိုက်တယ် ဆိုပြီး ကြာသပတေးနေ့က သူ့ကို ရုံးထုတ်ချိန်မှာ ပြန်ပြောပြခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။

    ကိုသန်းတိုးအောင်က ပုဒ်မ ၅၀၅- က အရ ပြစ်ဒဏ် ၃ နှစ် ချခံထားရသူပါ။ အဲဒီ ပြစ်ဒဏ် ချခံရပြီးမှ ကိုစည်သူကျော်၊ ကိုဟိန်းမင်းထက် ဆိုတဲ့ လူငယ် နှစ်ယောက်နဲ့အတူ ပေါက်ကွဲစေတတ်သောဝတ္တု ပစ္စည်းများဆိုင်ရာ ဥပဒေ ၃ ပုဒ်မ နဲ့ ထပ်မံ တရားစွဲခံထားရပါတယ်။ ဆက်လက်ကြားနာ စစ်ဆေးနေဆဲ အဲဒီ အမှု အတွက် ဧပြီလ ၂၈ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။

    ထောင် အရွှေ့အပြောင်းတွေ လုပ်တဲ့ ကိစ္စနဲ့ သူ့ကို ကန့်သတ်ချက်တွေ ပြုလုပ်တဲ့ ကိစ္စနဲ့ ဆက်စပ် ပတ်သက်မှု ရှိမရှိ ဆိုတာတော့ မသိရပါဘူး။

    ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို နယ်မြို့တွေက ထောင်တွေဆီ ပြောင်းရွှေ့ရာမှာ ကြိုတင် အသိပေးတာ၊ မိသားစုဝင်တွေကို အသိပေးတာလည်း မရှိပါဘူး။

    သတင်းကြားလို့ လိုက်စုံစမ်းတော့မှ သူတို့ မိသားစုဝင် အကျဉ်းသားတွေကို ထောင်ရွှေ့လိုက်ပြီလို့ သိကြရတဲ့အကြာင်း မိသားစုဝင်တွေနဲ့ တရားရုံး အသိုင်းအဝိုင်းက ဘီဘီစီကို ပြောပါတယ်။

    ကျိုက်မရောထောင်ကို ပြောင်းရွှေ့ခံလိုက်ရသူ တစ်ယောက်ရဲ့ မိသားစုဝင်က အင်းစိန်ထောင်ကို သွား စုံစမ်းတော့ ဘယ်သူတွေ ဘယ်ထောင် ပြောင်းရတယ် ဆိုတာA4 စာရွက်မှာ ရေး ကပ်ထားတယ်လို့ ထောင်တာဝန်ခံ က ပြောတဲ့ အတွက် အဲဒီ စာရင်းထဲမှာ သူ့မိသားစုဝင်ရဲ့ နာမည်ကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

    လောလောဆယ် သိရသလောက် ဒိုက်ဦးထောင်၊ သာယာဝတီထောင်နဲ့ ကျိုက်မရော ထောင်တွေကို ပြောင်းရွှေ့လိုက်တယ်ဆိုတာ မိသားစု တွေက ပြောပါတယ်။

    အကျဉ်းသား တွေကို ဘာကြောင့် ထောင်ပြောင်းတယ်၊ ဘယ်ထောင်တွေကို ဘယ်နှယောက် ပို့တယ် ဆိုတာ တိတိကျကျတော့ မသိရပါဘူး။

    ထောင်ပြောင်းခံရသူတွေထဲမှာ တက္ကသိုလ် ကျောင်းအသီးသီးက သမဂ္ဂ ခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ အင်းစိန်ထောင်တွင်း လူငယ်ဆောင်က အကျဉ်းသား လူငယ်တွေ ဖြစ်တယ် ဆိုတာ ဘီဘီစီက ရရှိတဲ့ စာရင်းတွေ အရ သိရပါတယ်။

    အင်းစိန်ထောင်
  2. လေပြင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်စစ်ရှောင်စခန်းတွေ ပြန်ပြုပြင်ဖို့ အကူညီလိုအပ်

  3. ကျိန်ခရန်ချောင်းဘေးမီးလောင်မှု မြစ်ဆုံကြောင့် ပြောင်းရွှေ့လာသူတွေ အခက်အခဲထပ်တိုး

  4. မတူပီကနေ မင်းတပ်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရ

    မတူပီကနေ မင်းတပ်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရ

    ဓာတ်ပုံ ရင်းမြစ်, မတူပီတော်လှန်ရေးသတင်း

    ချင်းပြည်နယ်၊ မတူပီမြို့ကနေ မင်းတပ်ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းဟာ မတူပီ-မင်းတပ် ကားလမ်းပေါ်မှာ ၂ ရက်ဆက်တိုက် တိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်လို့ ချင်းဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်ပါတယ်။

    ကားအစီးရေ ၇၀ ကျော်ပါတဲ့ အဲဒီစစ်ယာဥ်တန်းကို ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) က မနေ့ ဧပြီလ ၂၇ ရက်နဲ့ ဒီနေ့ ၂၈ ရက်တို့မှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး CDF မတူပီက သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    အဲဒီယာဥ်တန်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းသေဆုံးတယ်လို့ ချင်း‌ကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

    ဒီစစ်ကောင်စီယာဥ်တန်းဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်လောက်က ပခုက္ကူ- မင်းတပ်ကနေ မတူပီကို တက်သွားခဲ့တာဖြစ်ပြီး အခုတော့ မတူပီကနေ ပြန်ဆင်းလာတာဖြစ်ပါတယ်။

    အဲဒီယာဥ်တန်းဟာ အသွားတုန်းက လမ်းတစ်လျှောက်မှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်တာခံခဲ့ရပြီး ယာဥ်တန်းမှာပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးတယ်လို့ ‌ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက အစောပိုင်းကတည်းက သတင်းထုတ်ပြန်ထားပါတယ်။

    အဲဒီယာဥ်တန်းဟာ ပုံမှန်ဆို နေ့ချင်းသွားနိုင်တဲ့ အဲဒီခရီးစဥ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့် ၁၀ ရက်ကျော် ခရီးကြာခဲ့တာဖြစ်ပါတယ်။ အသွားတုန်းက အစီးရေ ၈၀ ကျော် ပါသွားခဲ့ပေမဲ့ ပြန်အဆင်းမှာ အစင်းရေ ၇၀ ကျော်သာ ပြန်ဆင်းလာတာဖြစ်ပါတယ်။

    စစ်ကောင်စီတပ်ရဲ့ယာဥ်တန်းဟာ မတူပီမှာရှိနေတဲ့တပ်ဖွဲ့ဝင်တွေကို ရိက္ခာပို့တဲ့ယာဥ်တန်းဖြစ်နိုင်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့်ယူဆမှုတွေရှိပေမဲ့ အဲဒီယာဥ်တန်းဘာ့ကြောင့် အခုလို အသွားအပြန်ရှိလာတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

  5. ကလေးဒေသစစ်ရှောင်တွေ ဖြတ်ကူးတဲ့ယာယီမြစ်ကူးတံတားကျိုးကျလို့ ကလေးငယ်တွေအပါဝင် လူ ၇ ဦး ရေနစ်သေဆုံး, ၂ ဦး ပျောက်ဆုံးနေ

    ကလေးဒေသစစ်ရှောင်တွေ ဖြတ်ကူးတဲ့ယာယီမြစ်ကူးတံတားကျိုးကျလို့ ကလေးငယ်တွေအပါဝင် လူ ၇ ဦး ရေနစ်သေဆုံး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နွေမှာ သုံးနိုင်ဖို့ ဒေသခံတွေ ကိုယ်ထူကိုယ်ထဆောက်လုပ်ထားတဲ့ယာယီတံတားကျိုးကျတာဖြစ်ပါတယ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မနေ့ ဧပြီလ ၂၇ ရက် မနေ့က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာ တဲ့အတွက် တိုက်ပွဲတွေဖြစ်တာကြောင့် ဘေးလွတ်ရာထွက်‌ပြေးကြတဲ့ အရှေ့စည်းရွာ၊ ဒိုးနွယ်ရွာနဲ့ ကျောက်ဖူးရွာက ‌ဒေသခံတွေဟာ ထွက်ပြေးရင်း မြစ်သာမြစ်ကူးတံတား ကျိုးကျပြီး အရပ်သား ၇ ယောက် သေဆုံးခဲ့ပါတယ်။

    ‘‘တံတားက နွေရာသီမှာ သုံးဖို့ လုပ်ထားတဲ့ ယာယီသစ်သားတံတားပါ။ ထွက်ပြေးလာသူတွေက ရာချီရှိတော့ တံတားကျိုးကျပြီး ဒေသခံတချို့ ရေထဲမျောပါသွားခဲ့ကြတာပါ။ ဒီနေ့မနက်မှာတော့ အလောင်း ၇ လောင်းကို ပြန်ရှာတွေခဲ့ပြီး မီးသင်္ဂြိုဟ်လိုက်တယ်’’လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

    သေဆုံးသူတွေထဲမှာ အသက် ၂ နှစ်၊ ၅ နှစ်၊ ၈ နှစ်နဲ့၁၄ နှစ်အရွယ် ကလေးတွေပါဝင်တယ်လို့ ကူညီပေးနေသူတွေ ကောက်ယူထားတဲ့စာရင်းတွေအရ သိရပါတယ်။

    ဒီနေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက မြောက်စည်းရွာကနေ အရှေ့စည်းရွာ၊ ဒိုးနွယ်ရွာနဲ့ ကျောက်ဖူးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေနေရပ်ပြန်ရဲကြသေးပါဘူး။

    ကလေးမြို့မှာ ဧပြီလအတွင်း တိုက်ပွဲဖြစ်ပွားတာ ၄ ကြိမ်နဲ့အထက်ရှိတယ်လို့ ဧပြီလ ၂၆ ရက်ကရိန်းဂျား ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

  6. ပေါက်မြို့နယ်ထဲက သစ်ညီနောင်ရွာ မီးရှို့ခံရ

    ပေါက်မြို့နယ်ထဲက သစ်ညီနောင်ရွာ မီးရှို့ခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သစ်ညီနောင်ကျေးရွာကို စစ်ကောင်စီနဲ့ပျူစောထီးတွေက ဒီနေ့ ဧပြီလ မနက် ၉ နာရီ ၀န်းကျင်လောက်ကစပြီး ၀င်ရောက်မီးရှို့နေတဲ့အပြင် ရွာအနီးမှာ စစ်ကောင်စီတပ်တွေ ရှိနေသေးတာ‌ကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

    ‌စစ်ကောင်စီတပ်ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာခံတွေသာရှိတဲ့ကျေးရွာထဲကို အခုလိုမီးရှို့နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီနဲ့ပျူစောထီး အင်အား ၅၀ ကျော်လောက်ဟာ မနေ့ကတည်းက သစ်ညီနောင်ရွာကို ၀င်ရောက်နေတာဖြစ်လို့လည်း ဆိုပါတယ်။

    အဲဒီနောက်ရွာထဲကို လှည့်ကြည့်ခဲ့ကြအပြီး ဒီနေ့မနက်မှ မီးစရှို့တာလို့ ဒေသခံတွေကပြောကြပါတယ်။

    ကျေးရွာထဲမှာ စစ်ကောင်စီတပ်တွေဆက်ရှိနေသေးတာကြောင့် ရွာထဲက ပျက်စီးမှု အခြေအနေကို အတိအကျမသိရသေးဘူးလို့ ဒေသခံတွေက‌ ‌‌ပြောထားပါတယ်။

  7. ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာမှာ ဒေသခံနေအိမ် ၂၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ PDF ထောက်ပို့တစ်ဦးလည်းအသတ်ခံရ, အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မီးရှို့ခံရတဲ့အိမ်ခြေ ၉၀၀ ကျော်အထိရှိနေပြီး ဒေသခံ ၄၀၀၀ ကျော်အကူအညီလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲကသံဘိုကျေးရွာထဲကို ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်က စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ပျူစောထီးအဖွဲ့တွေအင်အားသုံး၀င်ရောက်ခဲ့ပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဧပြီ ၂၆ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ပျူစောထီးအင်အား ၅၀ လောက် သံဘိုရွာထဲ ၀င်ရောက်လာတာဖြစ်ပြီး ရွာအနီးမှာတွေ့တဲ့ ဒေသကာကွယ်ရေးတပ်တွေကို ထောက်ပံ့ပို့ဆောင် ပေးနေတဲ့ ဒေသခံတစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ သံဘိုရွာနဲ့မကျီးတုံရွာဆိုတာ ကြားထဲမှာ ချောင်းဆုံဆိုတဲ့ရွာသေးလေးတရွာပဲ ခြားတယ်။ မကျီးတုံကတော့ ပျူ‌စောထီးတွေကြီးစိုးတဲ့ရွာလေ အဲဒီရွာကနေ၀င်လာတာ။ စစ်တပ်နဲ့ပျူစောထီးပေါင်း၀င်လာတာ၊ ၀င်လာပြီဆိုကတည်းက အကုန်ပြေးရတာပဲ။ ရွာမှာ အိမ်ခြေ ၄၀၀ လောက်ရှိတာ ၂၀၀ လောက်မီးရှို့ခံလိုက်ရတယ်’’ လို့ ခင်ဦးဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ခင်ဦးမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး

    ပြည်တွင်းမှာအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်ကိုင်းတိုင်းခင်ဦးနယ်ထဲက ကျေးရွာ တွေအနားမှာ စစ်ကောင်စီနဲ့ ‌ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဖြစ်ခဲ့တာတွေ ရှိခဲ့သလို စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးတာတွေ၊စစ်ကောင်စီတပ်ဖွဲ့၀င်တွေ မိုင်းဆွဲခံရပြီးသေဆုံးတာတွေလည်းရှိခဲ့ပါတယ်။

    ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့ပျူ‌စောထီးအဖွဲ့တွေက ကျေးရွာတွေထဲ၀င်ရောက်ပြီး နေအိမ်တွေကို မီးရှို့ခဲ့တာတွေလည်းရှိခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ခင်ဦးနယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းမီးရှို့ခံခဲ့ရပြီး နေအိမ်ပေါင်း ၉၀၀ ကျော်လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ဒေသတွင်းသတင်းတွေကို မှတ်တမ်းတင်ထားတဲ့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာလည်း နေအိမ်မီးလောင်ပျက်စီးမှုတွေကြောင့် ဒေသခံ ၄၀၀၀ လောက်ဟာလည်း နေထိုင်ဖို့နဲ့စားဝတ်နေရေးအခက်အခဲတွေဖြစ်နေပြီးအကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမီးရှို့ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ တပ်ဖွဲ့၀င်တွေရဲ့လုပ်ရပ်ဖြစ်ကြောင်း ကိုယ်တိုင်ကြုံရတဲ့ ဒေသခံတွေကပြောဆိုချက်တွေရှိထားပေမဲ့ စစ်ကောင်စီကတော့ သူတို့လုပ်ဆောင်တာမဟုတ်ဘူးလို့တုံ့ပြန်ပါတယ်။

    ခင်ဦးမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး

  8. အင်းတော်ကြီးဒေသ ချောင်း၀ပြည်သူ့စစ်ဂိတ်စခန်း တိုက်ခိုက်ခံရ

    အင်းတော်ကြီးဒေသ ချောင်း၀ပြည်သူ့စစ်ဂိတ်စခန်းကို ကေအိုင်အေနဲ့ပြည်သူကာကွယ်ရေးတိုက်ခိုက်

    ဓာတ်ပုံ ရင်းမြစ်, social media

    ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ ချောင်း၀ပြည်သူ့စစ်ဂိတ်စခန်းကို ကေအိုင်အေနဲ့ ပြည်သူကာကွယ်ရေး(KPDF) က ဒီနေ့ ဧပြီလ ၂၈ ရက်မှာ မီးရှို့ ခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။

    ဒီနေ့ မနက်လေးနာရီလောက်မှာ သေနတ်သံ၊ ပစ်ခတ်သံပေါက်ကွဲသံတွေလည်း ကျယ်လောင်စွာကြားရတယ်လို့လည်း ဆိုပါတယ်။

    ဒေသခံတွေရဲ့ပြောပြချက်အရ ဒီနေ့နေ့လည်ပိုင်း တစ်နာရီအထိ အဲ့နေရာကို ဘယ်သူမှဖြတ်သန်းသွားလာတာ မရှိသေးဘူးလို့သိရပါတယ်။

    “ဖြစ်တဲ့နေရာက နန့်မွန်းကနေလာရင် အဝင်ပေါ့။ ချောင်းဝကနေလာရင် အထွက်ပေါ့။ ချောင်းဝကနေ လာရင် ခရီးတစ်မိုင်လောက်ရှိတယ်။ မိုင်းတွေဘာတွေ ရှိနေမှာစိုးလို့ ဒေသခံတွေကတော့ အဲဒီဘက် သွားတာလာတာမတွေ့ရသေးဘူး။ပြည်သူ့စစ်တွေလည်း တိမ်းရှောင်သွားလားဆိုတာ သဲသဲကွဲကွဲမသိရသေးဘူး’’လို့ ဒေသခံတွေက ပြောပါတယ်။

    အဲဒီပြည်သူ့စစ်ဂိတ်ဟာ အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့ချောင်းဝရွာအနီးမှာရှိပါတယ်။

  9. ကောလင်း၊၀န်းသိုမြို့ထဲမှာ ဒေသခံနေအိမ်တွေမီးရှို့ ခံရ၊ ရွာပေါင်း ၉ ရွာထက်မနည်းနေရပ်စွန့်ခွာပြေးနေရ

    စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ထဲက ၀န်းသိုမြို့နယ်ထဲမှာရှိတဲ့ကျေးရွာတွေအတွင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဝင်ရောက်မီးရှို့တာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ဆက်သွယ်ပြောပြလာပါတယ်။

    ပြီးခဲ့တဲ့ ဧပြီ ၂၃ရက်က ၀န်းသိုမြို့နယ်ထဲက စိန်လည်ရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တချို့ မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးတဲ့ ဖြစ်စဥ်အပြီးနောက်ပိုင်းမှာ အနီးအနားက ကျေးရွာတွေမီးရှို့ ခံရတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

    "ရွာမိုင်းဆွဲခံရပြီးတော့ ဧပြီ ၂၅ လောက်ကျတော့အရင်ရှိပြီးသားစစ်တပ်နဲ့ထပ်ရောက်လာတဲ့ စစ်တပ်ရွာတွေကို၀င်မယ်ပြောတယ်။ အချိန်တစ်နာရီပေးမယ်ရွာထဲကထွက်သွားရမယ်ဆိုတဲ့သတင်းစကားတွေလည်း တဆင့်စကားတွေ ကကြားရတယ်။ အခုအရှို့ခံရတဲ့ရွာတွေထဲမှာတော့ စိန်လည်ရွာကတော့ရွာကြီးပါ။ ရွာစဥ်လိုက် ၀င်သွားတာ အိမ်ခြေ ၁၄၈ လုံးလောက်မီးလောင်သွားတယ်။ အခုစစ်တပ်ပြန်ထွက်သွားပေမယ့် ရွာသားတွေပြန်မနေရဲသေးဘူး"လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ကောလင်း

    ဓာတ်ပုံ ရင်းမြစ်, cj

    လက်ရှိမှာတော့ ၀န်းသိုမြို့နယ်ထဲက ဥသျှစ်ခုန်၊ ကျောက်ပေါက်ခုံ၊စိန်လည် ၊ သပြေသာ၊ ရှမ်းစုရွာ၊အောင်ကုန်းရွာ စတဲ့ကျေးရွာကနေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာ​ဖြစ်ပြီးဒီရွာတွေအပြင် အနီးအနားက ကျေးရွာ ၃ရွာလောက်ပါ ဘေးလွတ်ရာပြေးနေရလို့ ရွာပေါင်း ၉ ရွာထက်မနည်း နေရပ်စွန့်ခွာပြေးနေရတဲ့အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒါ့အပြင် ကောလင်းမြို့နယ်မှာဆိုရင် ဖုန်းနဲ့အင်တာနက်အဆက်အသွယ်တွေ ဖြတ်တောက်ခံထားရတာ ၇ လ၀န်းကျင်လောက်ရှိနေပြီဖြစ်လို့ သတင်းစီးဆင်းမှုအားနည်းနေချိန်မှာ အခုလိုကျေးရွာတွေထဲကို စစ်တပ်က ၀င်ရောက်မီးရှို့တာတွေနဲ့ပတ်သက်ပြီး ဒေသခံတွေလည်း စိတ်ပူစိုးရိမ်မှုတွေဖြစ်နေ တယ်လို့လည်းသိရပါတယ်။ ကောလင်းမြို့နယ်ထဲက အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့သတင်းထုတ် ပြန်တာမရှိပါဘူး။

    ကောလင်း

    ဓာတ်ပုံ ရင်းမြစ်, cj

  10. ဒေါ်အောင်ဆန်းစုကြည်ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရမှုကို နိုင်ငံတကာ ဝေဖန်

    ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေ ယူတယ်ဆိုတဲ့စွပ်စွဲချက် အဂတိမှုနဲ့ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပေမဲ့ ‌ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွပ်စွဲချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ဒေါ်လာတွေ ယူတယ်ဆိုတဲ့စွပ်စွဲချက် အဂတိမှုနဲ့ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပေမဲ့ ‌ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွပ်စွဲချက်ဟာ အဓိပ္ပါယ်မရှိဘူးလို့ အစောပိုင်းကတည်းက ပြောထားပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရမှုကို ကုလသမဂ္ဂနဲ့ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာနိုင်ငံခြားရေးဝန်ကြီးတချို့က ဝေဖန်ပြောဆိုလာကြပါတယ်။

    ဥရောပသမဂ္ဂ(အီးယူ)ကတော့ ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ အမှုဟာ နိုင်ငံရေးပယောဂနွယ်ပြီး မြန်မာပြည်တွင်းမှာ ဥပဒေစိုးမိုးမှုပျက်ပြားလာနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ မနေ့ ဧပြီလ ၂၇ ရက်မှာပဲ ကြေညာချက်ထုတ်ပြန်လာပါတယ်။

    တစ်ချိန်တည်းမှာပဲ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ဆိုပါတယ်။ ပွင့်လင်းမြင်သာပြီးဘက်မလိုက်တဲ့တရားခွင်၊ သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ဥပဒေကြောင်းအရ ခုခံပိုင်ခွင့်နဲ့ မပြစ်မရှိကြောင်းမှတ်ယူပိုင်ခွင့်တွေဟာ နိုင်ငံတကာလူ့အခွင့်အရေးကြေညာချက်အောက်မှာ ဥပဒေအရ သာတူညီမျှရှိစေရမယ့်အရာတွေလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ‌ပြောခွင့်ရသူက ဒေါ် အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်ခံရအပြီးမှာ မြန်မာနိုင်‌ငံ အခြေအနေကို ထည့်သွင်းပြောဆိုသွားတာဖြစ်ပါတယ်။

    ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ မြန်မာပြည်တွင်းက စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး အကြမ်းဖက်မှုနဲ့ဖိနှိပ်မှုချက်ချင်းရပ်ဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ နိုင်ငံရေးအကျဥ်းသားတွေကို ပြန်လွှတ်ပေးဖို့ ထပ်လောင်းတောင်းဆိုတယ်လို့လည်း သူက ပြောပါတယ်။

    နောက် ဆွီဒင်နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတွေအပါဝင် လူ့အခွင့်အရေးအဖွဲ့တွေဖြစ်တဲ့ HRW၊ Burma Campaign UK အဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရမှုကို ရှုတ်ချပြောဆိုထားပါတယ်။

  11. ရန်ကုန်တိုင်းလူမှုရေး၀န်ကြီးဟောင်း ဦးနိုင်ငံလင်း အဂတိမှု‌စွဲချက်တွေအတွက် ထောင် ၁၅ နှစ်ချမှတ်ခံရ

    ဦးနိုင်ငံလင်း

    ဓာတ်ပုံ ရင်းမြစ်, ဖြိုးမင်းသိန်းဖေ့ဘွတ်ခ်

    ဓာတ်ပုံ ပုံစာ, ဦးနိုင်ငံလင်း

    ရန်ကုန်တိုင်းလူမှုရေး၀န်ကြီးဟောင်း ဦးနိုင်ငံလင်းကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၅ မှုအတွက် တစ်မှုကို သုံးနှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်တဲ့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

    ဒီနေ့ ဧပြီ ၂၈ ရက် မနက်ပိုင်းက ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားရုံး (ရန်ကုန်တိုင်း‌ဒေသကြီး တရားလွှတ်တော်တရားခွင်) ကနေ ခုလိုချမှတ်လိုက်တာဖြစ်တယ်လို့သိရပြီး ဦးနိုင်ငံလင်းကတော့ ဒီအမိန့်တွေကို အယူခံဆက်တက်မယ်လို့ သိရပါတယ်။

    ဦးနိုင်ငံလင်းဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတာဝန်ယူထားချိန် တိုင်းအစိုးရအဖွဲ့အသုံးစရိတ်နဲ့တည်ဆောက်တဲ့ပညာရေးဆိုင်ရာ အဆောက်အဦတွေဆောက်လုပ်ရေးတင်ဒါကော်မတီဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ချိန် လုပ်ပိုင်ခွင့်ရတဲ့လုပ်ငန်းတွေကနေ ငွေကြေးနဲ့လက်ဆောင်ရယူခဲ့တယ်လို့ စွပ်စွဲခံရပြီး အမှုဖွင့်ခံခဲ့ရတာဖြစ်ပါတယ်။

  12. ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ

    ရှေ့နေ ဒေါ်ရွက်နုအောင်

    ဓာတ်ပုံ ရင်းမြစ်, screengrab

    ဓာတ်ပုံ ပုံစာ, ရှေ့နေ ဒေါ်ရွက်နုအောင်

    အရင် အစိုးရအဖွဲ့၀င်ဟောင်းတွေရဲ့အမှုအများစုကို လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းက အိုးဘိုထောင်မှာ စစ်ဆေးတဲ့ အမှုရုံးချိန်းတစ်ခုမှာလိုက်ပါဆောင်ရွက်ခဲ့ပြီး အပြန်မှာ ဖမ်းဆီးခံရပါတယ်။

    သူနဲ့အတူ ရှေ့နေတစ်ဦးပါ ဖမ်းဆီးခေါ်ဆောင်သွားခံရပါတယ်။

    ဖမ်းဆီးခံရတဲ့အကြောင်းအရာကို မသိရသလို ဘယ်ကိုခေါ်ဆောင်သွားလဲ မသိရသေးဘူးလို့ တရားရုံးအသိုင်းဝိုင်းက ပြောပါတယ်။

    "သူတို့ မနေ့က ဒေါက်တာဇော်မြင့်မောင် ရုံးချိန်းမှာ ဘာတွေဖြစ်ကြလဲ မသိဘူး။ ညနေ လေးနာရီကျော်လောက် အပြန်မှာဖြစ်တာ။ ဘာကိစ္စနဲ့ဖမ်းမှန်းမှမသိတာ။ အကြောင်းပြချက်က ဘာမှန်းမသိတာကိုး"လို့ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။

    တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆမန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ရွေးကောက်ပွဲအမှုနဲ့ အဂတိအမှုတွေ၊ မန္တလေးတိုင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဟောင်း ဦးဇာနည်အောင်အမှုတွေအပြင် မကြာ‌ခင်က အိုးဘိုထောင်မှာ ရုံးထုတ်စစ်ဆေးခဲ့တဲ့ NLD ပါတီနာယက ဦး၀င်းထိန်အမှုကိုလည်း လိုက်ပါဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။

    ဒီလို အမှုတွေကို လိုက်ပါဆောင်ရွက်နေဆဲ တရားလွှတ်တော်ရှေ့ ဖမ်းဆီးခံရတာဟာ သူလိုက်ပါဆောင်ရွက်နေတဲ့ အမှုတွေက အပြီးမပြတ်ဘဲ ဖြစ်သွားနိုင်တယ်လို့ တရားရေးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။

    ဒီရက်ပိုင်းမှာ NLD ပါတီဝင်အများစုကို ဖမ်းဆီးတာ၊ တရားစွဲဆိုတာ၊ သတ်ဖြတ်တာတွေ ရှိနေလို့ မန္တလေးတိုင်း NLD ပါတီ CEO ဖြစ်ခဲ့ဖူးတဲ့ ဒေါ်ရွက်နုအောင် ဖမ်းဆီးခေါ်ဆောင်ခံရတာက ဒီဖြစ်စဥ်တွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက မှတ်ချက်ပြုပြောပါတယ်။

  13. ထားဝယ်မှာ ရွာသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့ပြော

    ထားဝယ်မှာ ရွာသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ မွန်လူ့အခွင့်အရေးအဖွဲ့ပြော

    ဓာတ်ပုံ ရင်းမြစ်, မွန်မြေလူ့အခွင့်အရေးအဖွဲ့

    ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့သူ နှစ်ဦး

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သူတို့ဖမ်းဆီးထားတဲ့ တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ရွာသား ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကိုလည်း ရာဘာစိုက်ခင်းထဲမှာ သင်္ဂြိုဟ်ခဲ့တယ်လို့ မွန်နဲ့ တနင်္သာရီတိုင်းအတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ မွန်မြေလူ့အခွင့်အရေးအဖွဲ့က ဧပြီလ ၂၇ ရက်မှာ ပြောပါတယ်။

    အဲဒီအမျိုးသား ၂ ဦးဟာ ပေတခက်ရွာက ကိုကျော်ဝင်းနဲ့ ရငယ်ရွာက ကိုကျော်စိုးသူတို့ဖြစ်ပြီး သူတို့နှစ်ဦးကို စစ်ကောင်စီတပ်ရဲ့ အမှတ် ၄၀၉ ခြေမြန်တပ်ရင်းက ကမြိုင်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်မှာ ဖမ်းဆီးသွားပြီးကတည်းက ပျောက်ဆုံးနေကြသူတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။

    သူတို့ ၂ ဦးကို အဲဒီခြေမြန်တပ်ရင်း ယာယီအခြေစိုက်တဲ့နေရာတဲ့ ကိုက် ၁၀၀ အကွာမှာရှိတဲ့ မြိတ်-ထားဝယ် ကားလမ်းဘေးက ဦးတင်လတ်ရာဘာစိုက်ခင်းအနီးမှာ မီးသင်္ဂြိုဟ်ခဲ့တာလို့ ဒေသခံတွေက ပြောတယ်လို့လည်း ဆိုပါတယ်။

    စစ်ကောင်စီတပ်ဟာ အလောင်းတွေကို တမင်ဖျောက်ဖျက်ခဲ့ပြီး အဲဒီနေရာကို ဘယ်သူမှ ပေးမဝင်ဘူးဆိုပြီး အနီးနားမှာရှိတဲ့ရွာခံတွေက ပြောတယ်လို့လည်းဆိုပါတယ်။

    သေဆုံးခဲ့သူတွေအကြောင်း သိနိုင်ဖို့ ကြိုးပမ်းပေမဲ့ တုံ့ပြန်မှုမရတာကြောင့် အရာမထင်ဖြစ်ခဲ့ရတယ်လို့ သေဆုံးသူတွေထဲကတစ်ဦးဖြစ်သူ ကိုကျော်ဝင်းရဲ့မိသားစုဝင်တွေက ပြောထားတယ်လို့လည်း မွန်မြေလူ့အခွင့်အရေးအဖွဲ့က ‌ပြောပါတယ်။

    ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာရဖို့ ဘီဘီစီက စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဆီ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

  14. တနှစ်နီးပါး အိမ်မပြန်ရသူတွေရဲ့ ငြိမ်းတောင်စစ်ရှောင်စခန်း

    ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ထဲက ငြိမ်းတောင်စစ်ရှောင်စခန်းရဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ၂၀၂၁ မေလကတည်းက စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ကယားပြည်နယ်ထဲမှာတော့ ဒေသခံပြည်သူအများစုဟာဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။

    ဒီးမော့ဆိုမြို့နယ်၊ ‌‌ဒေါ့ငံခါးကျေးရွာထဲမှာလည်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်ကရွာထဲကို လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပြထားပါတယ်။

    ဒီပစ်ခတ်မှုတွေကြောင့် ‌ဒေါ့ငံခါးကျေးရွာအနီးမှာရှိတဲ့နောင်ပုလဲရွာနဲ့ အိုးခုရီရွာတွေက ဒေသခံတွေဟာလည်းဘေးလွတ်ရာပြေးခဲ့ကြရပြီး ငြိမ်းတောင်စစ်ရှောင်စခန်းကိုဖွင့်လှစ်ခဲ့ကြတာပါ။ ဒီစစ်ရှောင်စခန်းမှာ နေထိုင်နေကြရတာတနှစ်နီးပါးကြာမြင့်နေပြီဖြစ်ပြီး အလှူရှင်တွေက ပေးပို့တဲ့အစားအသောက်နဲ့ရေကိုသာ အားကိုးပြီးနေကြရတယ်လို့စစ်ရှောင်တွေကဆိုပါတယ်။

    ငြိမ်းတောင်စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, MPA

    " ကျွန်တော်တို့ကတော့ အိမ်ပြန်ချင်တာပေါ့။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ မနေရတာလဲ တစ်နှစ်နီးပါးရှိနေပြီ။ ဘာမှလဲလုပ်ကိုင်စားသောက်လို့မှမရတာ။" လို့ နောင်ပုလဲကျေးရွာက စစ်ရှောင်နေရတဲ့ အသက် ၃၀ ကျော်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးကပြောပြပါတယ်။

    ဒီငြိမ်းတောင်စစ်ရှောင်စခန်းမှာ ဆိုရင် စစ်ရှောင် ၄၀၀ နီးပါးရှိနေပြီး ထပ်ပြီးတိမ်းရှောင်လာသူတွေလည်းဆက်ရှိနေတယ်လို့ သူကဆက်ပြောပြပါတယ်။

    ငြိမ်းတောင်စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, MPA

    လက်ရှိမှာလည်း ကယားပြည်နယ်အတွင်းကစစ်ရှောင်စခန်းတွေမှာ စစ်ကောင်စီရဲ့ ဘက်ပေါင်းစုံက ကန့်သတ်ပိတ်ဆို့မှုတွေကြောင့်စစ်ရှောင်စခန်းတချို့မှာအစားအသောက်၊ ဆေး၀ါးပြတ်လပ်မှုတွေအပြင် သောက်သုံးရေအခက်အခဲတွေကိုပါရင်ဆိုင်နေရတယ်လို့စစ်ရှောင်အရေးအကူအညီပေးနေသူတွေကပြောပြပါတယ်။

    လူဦးရေ ၃သိန်းလောက်ရှိတဲ့ကယားပြည်နယ်ထဲမှာတော့ နေရပ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ရှောင်ဦးရေ ၂ သိန်းကျော်နေပြီလို့ ကရင်နီလူမှုအဖွဲ့အစည်းတွေကထုတ်ပြန်ထားပါတယ်။

    ငြိမ်းတောင်စစ်ရှောင်စခန်း

    ဓာတ်ပုံ ရင်းမြစ်, MPA

  15. မြန်မာ့အရေး အာဆီယံလမ်းကြောင်း ပြုပြင်သင့်တဲ့အချက်တွေကဘာတွေလဲ

    အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်တုန်းက ပြုလုပ်တဲ့မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ ဘုံသဘောတူညီချက်တွေရခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်တုန်းက ပြုလုပ်တဲ့မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေ အစည်းအဝေးမှာ ဘုံသဘောတူညီချက်တွေရခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

    မြန်မာ့အရေး ဖြေရှင်းဖို့ဆိုပြီး အာဆီယံခေါင်းဆောင်တွေကြား ဘုံသဘောတူညီချက် ၅ ရပ်ရရှိခဲ့တာ တနှစ်ပြည့်ပြီဖြစ်ပါတယ်။

    အကြမ်းဖက်မှုချက်ချင်းရပ်ရေး၊ သက်ဆိုင်သူတွေတွေ့ဆုံဆွေးနွေးရေး၊ အဲဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့ အာဆီယံအထူးသံက ကြားဝင်ညှိနှိုင်းပေးရေး၊ အာဆီယံက တဆင့်လူသားချင်းစာနာမှု အကူအညီတွေပေးရေးနဲ့ အာဆီယံ အထူးသံမြန်မာပြည်ကိုလာပြီး သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးနဲ့တွေ့ဆုံရေး စတဲ့အချက်တွေကို အာဆီယံခေါင်းဆောင်တွေက သဘောတူခဲ့ကြတာဖြစ်ပါတယ်။

    ဒါပေမဲ့ ဒီသဘောတူညီချက် ၁ နှစ်ပြည့်တဲ့အချိန်မှာ ဘုံသဘောတူညီချက်တေွ အကောင်အထည်ဖော်ရေးမှာ မြန်မာစစ်ကောင်စီဘက်က ပူးပေါင်းမှု အားနည်းတယ်ဆိုတဲ့အချက်ကို ထောက်ပြပြီး အာဆီယံလမ်းကြောင်း ပြုပြင်သင့်တဲ့အချက်တွေကို လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန် အမတ်များ အဖွဲ့ APHR က ထောက်ပြအကြံပြုလာတာတွေလည်း ရှိနေပါတယ်။

    အဲဒီအချက်တွေက ဘာတွေပါလဲ။ အပြည့်အစုံကို ဒီလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

  16. မြန်မာစစ်တပ် ဗိုလ်လောင်းနဲ့ အရာရှိတချို့ကို ဂျပန်အစိုးရက စစ်သင်တန်းပေးဖို့ စီစဉ်နေ

  17. ဘားအံ အကျဉ်းထောင်အတွင်း ဆန္ဒပြမှုဖြစ်ပေါ်, စစ်ကောင်စီတပ်တွေဝင်ရောက်ထိန်းသိမ်းနေတယ်လို့ ထောင်နဲ့နီးစပ်သူတွေပြော

    ဘားအံ အကျဉ်းထောင်မှာ ဒီနေ့ ဧပြီလ ၂၇ ရက် ညနေ ပိုင်းကစလို့ နိုင်ငံ ရေး အကျဉ်းသားတွေ ထောင်တွင်း ဆန္ဒ ထုတ်ဖော် မှု ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက ဝင်ရောက်ထိမ်းသိမ်းဖို့ ရောက်ရှိ နေကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဘီဘီစီကိုပြောပါတယ်။

    ထောင်အာဏာပိုင်တွေရဲ့ ကျောထောက်နောက်ခံပြုမှုကိုရထားတဲ့ အကျဉ်းသား တစ်စုကနေ နိုင်ငံရေး အကျဉ်းသားတစ်ဦးကို ရိုက်နှက်ညှဉ်းပန်းတဲ့ကိစ္စကို အကျဉ်းထောင် တာဝန်ရှိသူတွေက ပြေလည်အောင် ဖြေရှင်းပေးခြင်း မရှိတာကြောင့် ခုလိုဆန္ဒ ထုတ်ဖော်မှုဖြစ်ပွားတာလို့ကနဦး သိရပါတယ်။

    လက်ရှိမှာ နိုင်ငံရေး အကျဉ်းသားများ ထားရှိတဲ့အဆောင်မှာသွေးသစ္စာ သီချင်း တိုင်တည်သီဆို ခြင်း ၊ စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်သံတွေနဲ့ ဆန္ဒ ထုတ်ဖော် နေကြပြီး အခု ညနေ ၆ နာ ကျော် အချိန် မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထောင်တွင်း အဆောင်တွေထဲ ဝင်ရောက် နေရာယူ ထားပြီလို့ သိရပါတယ်။

    Hpa An

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. မင်းကင်းနယ်၊ ဇင်ကလဲရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် တရွာလုံးနီးပါးမီးရှို့ခံရ

    ဇင်ကလဲရွာအနီးတိုက်ပွဲဖြစ်တဲ့အချိန်ကို ရိုက်ကူးထားတယ်ဆိုတဲ့ရုပ်သံတစ်ခုကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သူတို့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ထားတာတွေ့ရပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, DRPA

    ဓာတ်ပုံ ပုံစာ, ဇင်ကလဲရွာအနီးတိုက်ပွဲဖြစ်တဲ့အချိန်ကို ရိုက်ကူးထားတယ်ဆိုတဲ့ရုပ်သံတစ်ခုကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သူတို့လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ထားတာတွေ့ရပါတယ်။

    စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ဇင်ကလဲရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မနေ့ ဧပြီလ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ချိန် စစ်ကောင်စီတပ်က အကျအဆုံးရှိခဲ့တယ်ဆိုပြီး ‌ဒေသကာကွယ်ရေးတပ်‌တွေဘက်က သတင်းထုတ်ပြန်လာပါတယ်။

    မနက်ခင်း ၈ နာရီဝန်းကျင်တိုက်ပွဲမှာ အထိအခိုက်ရှိခဲ့တဲ့စစ်ကောင်စီတပ်ဟာ မနက်ပိုင်းနဲ့‌ ‌‌‌နေ့လည်ပိုင်းမှာ ဇင်ကလဲရွာကို မီးရှို့ခဲ့တာလို့ ‌‌ဒေသခံတွေက ပြောပါတယ်။

    ''ရွာကို အရပ်လေးမျက်နှာကနေ ဝင်ပြီး မီးရှို့ကြလို့ အိမ်ခြေ ၃၀၀ နီးပါး မီးထဲပါသွားပြီ။ အကုန်နီးပါးကုန်အောင် ရှို့တာမျိုးပေါ့။ ဒီဘက်က တောင်သူလုပ်စားတဲ့ရွာတွေဆိုတော့ တောင်သူပစ္စည်းတွေရော၊ နွားစာတွေဘာတွေရော ရွာထဲမှာထားတာပါ။ အခု အကုန်လုံးကုန်ပါပြီ။ ကိုယ့်အိမ်မီးလောင်ပေမဲ့ ရိုးရိုးမီးလောင်တာဆိုရင်တော့ ကိုယ့်ဘာသာ ဝင်ငြှိမ်းလို့ရတာပေါ့။ အခုဟာက စစ်တပ်ရှိနေတော့ ဝင်ငြှိမ်းလို့မရခဲ့ဘူး'' လို့ ‌ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မင်းကင်းမှာ ပြီးခဲ့တဲ့ဧပြီလ ၂၅ ရက်တုန်းကလည်း သံပေါက်ကျေးရွာမှာ ‌‌အိမ်တွေ မီးရှို့ခံခဲ့ရတဲ့ဖြစ်စဥ်လည်းရှိထားပါတယ်။

    အခုဆို မင်းကင်းမြို့နယ်ထဲမှာ ဘင်ရွာ၊ မုတ်သာ၊ မောက်တက်၊ မင်းကင်းမြို့တောင်ဘက်နားက ကုလဲ၊ သံပေါက်၊ ဇင်ကလဲ စတဲ့ကျေးရွာတွေ မီးရှို့ခံထားရပြီး စုစုပေါင်းဆိုရင် မီးရှို့ခံရတဲ့နေအိမ်ပေါင်း ထောင်ဂဏန်းအထိရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

  19. NUG နိုင်ငံခြားရေးဝန်ကြီး၊ NUCC ဥက္ကဋ္ဌတို့နဲ့ အလွတ်သဘောတွေ့ဆုံထားတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

    မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က အမျိုးသားညီညွတ်ရေးအစိုး(NUG)နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ဥက္ကဋ္ဌတို့နဲ့ အလွတ်သဘောတွေ့ဆုံခဲ့တယ်ဆိုပြီး ပြောလာပါတယ်။

    ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဆွေးနွေးပွဲမတိုင်ခင်မှာ အခုလိုတွေ့ဆုံခဲ့တာလို့ ဝန်ကြီးက သူ့ရဲ့တွစ်တာအကောင့်ကနေ ရေးသားထားတာဖြစ်ပါတယ်။

    မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ် တနှစ်ပြည့်ပြီဖြစ်ပေမဲ့ စစ်ကောင်စီဘက်က အကောင်အထည်ဖော်နိုင်မှုမရှိတာကိုထောက်ပြပြီး အာဆီယံခေါင်းဆောင်တွေအနေနဲ့ NUG နဲ့ လူသိရှင်ကြား မြန်မြန်ထိတွေ့ပြောဆိုဖို့ လူ့အခွင့်အရေးဆိုင်ရာအာဆီယံလွှတ်တော်အမတ်များအဖွဲ့က ခေါင်းဆောင်တွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့တဲ့အကြောင်း ရေးသားချက်ကို အကြောင်းပြန်ရင်း ဝန်ကြီးက တွစ်တာမှာ အခုလိုပြန်လည်ရေးသားခဲ့တာပါ။

    တစ်ချိန်တည်းမှာပဲ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဧပြီလ ၂၇ ရက်မှာ အဂတိမှုနဲ့ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတာကိုလည်း စိုးရိမ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။

    လူ့အခွင့်အရေးနဲ့ တရားမျှတမှုလို အခြေခံအခွင့်အရေးတွေကို မြန်မာပြည်တွင်းမှာ ပေါ်ပေါက်ဖြစ်ထွန်း သင့်တယ်လို့လည်း ဝန်ကြီးက ရေးထားပါတယ်။