မြန်မာစစ်ခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲ မဖိတ်ဘူးလို့ အမေရိကန်ပြော

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံ-အမေရိကန်ခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲ ဖိတ်ကြားမှာမဟုတ်ဘူးဆိုပြီး အမေရိကန်ဘက်က ပြောလာပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အာဆီယံအထူးသံရဲ့ မြန်မာခရီးစဥ် လာမယ့်သီတင်းပတ်တွေအတွင်း စတင်ဖို့ရှိ

    မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာ့အရေးဆိုင်ရာ အာဆီယံအထူးသံတမန်ဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း

    အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက လာမယ့်သီတင်းပတ်တွေအတွင်းမှာ မြန်မာနိုင်ငံကို အလုပ်သဘော ခရီးစဥ်သွားရောက်ဖို့ရှိနေတယ်လို့ ထုတ်ပြောလာပါတယ်။

    မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းတိုင်ပင်မှုအစည်းအဝေးကို မေလ ၆ ရက်မှာ ကျင်းပခဲ့ပါတယ်။

    အဲဒီအစည်းအဝေးအပြီးမှာ အထူးသံက ဒုတိယအကြိမ်ဖြစ်မယ့် သူ့ရဲ့ မြန်မာခရီးစဥ် ရှိတဲ့အကြောင်း ထုတ်ပြောလာတာပါ။

    လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်မှာ ကျင်းပမယ့် အာဆီယံ-အမေရိကန်အထူးအစည်းအဝေးပွဲကနေ ပြန်လာပြီး တဲ့နောက်မှာ မြန်မာခရီးစဥ် စတင်မယ်လို့ဆိုပါတယ်။

    ''အာဆီယံအဖွဲ့ကြီးရဲ့အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ မြန်မာပြည်တွင်းမှာဖြစ်နေတဲ့ အကြပ်အတည်းတွေကို တတ်နိုင်သလောက် ကူညီနိုင်ဖို့ မျှော်လင့်တယ်''ဆိုပြီး အထူးသံက ပြောပါတယ်။

    ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆော့ခွန်းဟာ ပြီးခဲ့တဲ့မတ်လတုန်းကလည်း အာဆီယံအထူးသံတမန် တာဝန်နဲ့ မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ခဲ့ပြီးဖြစ်ပါတယ်။

    အဲဒီခရီးစဥ်တုန်းက စစ်ကောင်စီဥက္ကဋ္ဌအပါအဝင် ဝန်ကြီးတွေ၊ စစ်ကောင်စီခန့် ငြိမ်းချမ်းရေးအဖွဲ့တို့နဲ့ တွေ့ဆုံခဲ့ပြီး လူသားချင်းစာနာမှုအရေးကို အဓိက ဆွေးနွေးပြောဆိုခဲ့တယ်လို့ အဲဒီကတည်းကပြောထားပါတယ်။

    ဒါပေမဲ့ အဲဒီခရီးစဉ်ဟာမြန်မာ့ အရေးဖြေရှင်းဖို့ခရီးမပေါက်ခဲ့ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

  2. အေအေစစ်ဦးစီးချုပ်ရဲ့ တွစ်တာမှာ ပြောဆိုမှုအပေါ် စစ်ကောင်စီပြောခွင့်ရ တုံ့ပြန်ပြောဆိုချက်

  3. အမေရိကန်နဲ့မတွေ့ခင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဖို့ရှိ

    အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်းဆုံး အကောင်အထည်ဖော်ရွက်နိုင်ဖို့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေအားလုံး ပါဝင်တဲ့ အလွတ်သဘော တွေ့ဆုံမှုတခုကို မေလ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပသွားဖို့ ရှိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    လာမယ့်ကြာသပတေးနေ့ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပမယ့် အမေရိကန် အာဆီယံ ထိပ်သီးညီလာခံမတိုင်ခင် အဖွဲ့ဝင်နိုင်ငံခြားရေးဝန်ကြီးတွေအားလုံး တွေ့ဆုံသွားမှာဖြစ်ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့. ပတ်သက်လို့ အမြင်သဘောထားတွေကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒါပေမဲ့ ဒီအစည်းအဝေးကို ဘယ်လိုကျင်းပသွားမလဲဆိုတာနဲ့ အမေရိကန် အာဆီယံ ထိပ်သီးညီလာခံကို ဖိတ်ကြားခြင်းမခံရတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးကော ပါဝင်ဆွေးနွေးခွင့်ရမလားဆိုတာ တိတိကျကျ မသိရသေးပါဘူး။

    မြန်မာအာဏာသိမ်းစစ်တပ်ဟာ အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပူးပေါင်းတာ မရှိတဲ့အတွက်ကြောင့်မလို့ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မတွေ့ရပြီးနောက်ပိုင်း အခုလို အလွတ်သဘောတွေ့ဆုံဖို့ စီစဥ်ရတာ ဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောပါတယ်။

    တဆက်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို အသိအမှတ်မပြုတဲ့ မြန်မာ စစ်ကောင်စီရဲ့ လုပ်ရပ်ကို စိတ်ပျက်မိတယ်လို့ မလေးရှားက ထုတ်ဖော်ပြောဆိုပါတယ်။

    စစ်ကောင်စီရဲ့ ဒီလုပ်ဆောင်မှုကြောင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ မေလ ၆ ရက် သောကြာနေ့က ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပေးအပ်ဖို့ အာဆီယံအစည်းအဝေးမှာ အထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာ ဖိတ်ကြားခြင်း မခံခဲ့ရဘူးလို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

    အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို မြန်မာဘက်က ဆက်လက် တားဆီးနေတဲ့အတွက် စိုးရိမ်မကင်းဖြစ်မိတယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် အနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC အပါအဝင် ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံသွားဖို့ ဝန်ကြီး Datuk Seri Saifuddin Abdullah က ထပ်လောင်းပြောဆိုပါတယ်။

    ဒါဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ လုပ်ဆောင်တာ ဖြစ်ပြီး လက်ရှိအခြေအနေအရ မြန်မာနိုင်ငံကို ပိုမို ထောက်ခံအားပေးဖို့နဲ့ စည်းလုံးညီညွတ်ကြောင်း ပြသဖို့အတွက် ပါဝင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

    “ဒါပေမဲ့ မလေးရှားနိုင်ငံအနေနဲ့ တဖက်ဖက်ကို ရွေးချယ်ရပ်တည်တာ မဟုတ်ဘူး။ အာဆီယံအဖွဲ့နဲ့ စစ်ကောင်စီ ထိတွေ့ဆက်ဆံတာတွေကိုလည်း ရပ်တန့်သွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ NUG အစိုးရဟာ ရွေးကောက်ပွဲကနေတဆင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တယ်။ NUCC ကလည်း အဖွဲ့အစည်းတွေ ပေါင်းစုံ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဥ်းစားဖို့လိုတယ်” လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပါတယ်။

    မေလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အာဆီယံ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Park Sokhonn က မြန်မာနိုင်ငံတွင်းကို လူသားချင်းစာနာထောက်ထားရေး အကူအညီတွေပေးအပ်ဖို့ အခက်အခဲများစွာ ရှိနေပေမယ့် တိုးတက်ပြောင်းလဲမှုတွေ ရှိလာခဲ့ပြီလို့ ပြောပါတယ်။

    လက်ရှိအာဆီယံ အလှည့်ကျ ဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုဖို့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို တရားဝင် တောင်းဆိုထားခဲ့ပေမဲ့ စစ်ကောင်စီကတော့ တွေ့ခွင့်မပြုသေးဘူးလို့ ပြန်လည်ပြောဆိုထားပါတယ်။

    အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ မကြာမီ တွေ့ဆုံဖို့ရှိ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  4. အာဆီယံခေါင်းဆောင်တွေကို ပိုမိုအချိန်ပေးသင့်တယ်လို့ သမ္မတ ဘိုင်ဒန်ကို ကမ္ဘောဒီးယား တိုက်တွန်း

    အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အစိုးရအနေနဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း အာဆီယံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ အလေးအနက်ထားတယ်ဆိုရင် လာမယ့်သီတင်းပတ် ဝါရှင်တန်ဒီစီမှာ ကျင်းပမယ့် အမေရိကန် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေကို သမ္မတ ဘိုင်ဒန်အနေနဲ့ ပိုမိုအချိန်ပေးသင့်တယ်လို့ ကမ္ဘောဒီးယား ထိပ်ပိုင်းတာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်၊၊

    မေလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့မှာ ကျင်းပမယ့် ထိပ်သီးညီလာခံမှာ အာဆီယံ ခေါင်းဆောင်တွေနဲ့ သမ္မတ ဘိုင်ဒန်တို့ တွေ့ဆုံဖို့ ရှိပေမယ့် သမ္မတဘိုင်ဒန်အနေနဲ့ ဒေသတွင်းခေါင်းဆောင်တွေကြား တဦးချင်း သီးခြားတွေ့ဆုံဖို့ လောလောဆယ်ထိ အစီအစဥ် မရှိသေးဘူးလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်၊ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အနီးကပ် အကြံပေးလည်း ဖြစ်တဲ့ ဝန်ကြီး Kao Kim Hourn က ပြောပါတယ်။

    အာဆီယံအလှည့်ကျအဖြစ် တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားနိုင်ငံဟာ ဒီထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးချုပ် ဟွန်ဆန် တက်ရောက်ဖို့ ရှိပါတယ်။

    ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်ကတော့ ဖိတ်ကြားခြင်း မခံရသလို ဖိလစ်ပိုင်နိုင်ငံကလည်း ရွေးကောက်ပွဲကာလအပြီး အပြောင်းအလဲကြောင့် တက်ရောက်ဖွယ် မရှိပါဘူး။

    သမ္မတ ဘိုင်ဒန်အနေနဲ့ အာဆီယံခေါင်းဆောင်တွေကို တလေးတစားနဲ့ မျှမျှတတ ဆက်ဆံသင့်ပြီး အကျိုးရှိတဲ့အချိန်တွေ ကုန်ဆုံးဖို့ အခွင့်အရေးပေးသင့်တယ်လို့လည်း ဝန်ကြီး Kao Kim Hourn က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

    နိုင်ငံကြီးတနိုင်ငံလည်း ဖြစ်၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အမေရိကန်နိုင်ငံဟာ ဝါရှင်တန်ဒီစီကို လာရောက်မယ့် အာဆီယံခေါင်းဆောင်တွေအပေါ် ပိုမိုရင်းနှီးပျူငှာစွာ ဆက်ဆံသင့်တယ်။ အထူးသဖြင့် သမ္မတ ဘိုင်ဒန်ဟာ အမေရိကန်နဲ့ အာဆီယံကြား ဆက်ဆံရေးရေချိန် ပိုမိုတိုးမြှင့်ဖို့အတွက် မဟာဗျူဟာကျတဲ့ မိတ်ဖက်နိုင်ငံတွေအကြောင်း ဆွေးနွေးပြောဆိုဖို့ ရှိနေတဲ့အတွက်ကြောင့် အခုလို ပြောဆိုရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    တရားဝင်တွေ့ဆုံတာ ဖြစ်စေ၊ အလွတ်သဘောအရ ဖြစ်စေ အပြန်အလှန်ဆွေးနွေးပြောဆိုတာမျိုး လုပ်ဖို့အတွက် အိမ်ရှင်နိုင်ငံက ခေါင်းဆောင်နဲ့ အာဆီယံအလှည့်ကျ ဥက္ကဌ တွေ့ဆုံတာဟာ ပုံမှန် လုပ်ရိုးလုပ်စဥ်တခု ဖြစ်တယ်လို့လည်း ဝန်ကြီး Kao Kim Hourn က ယူဆပါတယ်။

    ဒါပေမဲ့ ဒီထိပ်သီးညီလာခံဟာ အချိန်အကြာကြီး ကျင်းပမှာ ဖြစ်သလို သမ္မတ ဘိုင်ဒန်ကိုယ်တိုင်လည်း အလုပ်တွေ များနေတာကြောင့် နှစ်ဖက်တွေ့ဆုံတာမျိုး စီစဥ်ထားတာ မရှိဘူးလို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်က သူ့ကို ပြောတယ်လို့လည်း ဆိုပါတယ်။

    အိမ်ဖြူတော်ဘက်ကတော့ ဝန်ကြီး Kao Kim Hourn ရဲ့ မှတ်ချက်ပေးပြောဆိုမှုတွေကို တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

    ဒါပေမဲ့ ကြာသပတေးနေ့မှာ သမ္မတ ဘိုင်ဒန်ဟာ အာဆီယံခေါင်းဆောင်တွေကို အိမ်ဖြူတော်မှာ ညစာတည်ခင်းဧည့်ခံသွားမှာ ဖြစ်ပြီး နိုင်ငံခြားရေးဌာနမှာ ကျင်းပမယ့် ထိပ်သီးညီလာခံမှာလည်း သူတို့နဲ့ ပါဝင်ဆွေးနွေးသွားမယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးဝန်ကြီးက Jen Pskai က သတင်းထောက်တွေကို ပြောဆိုထားပါတယ်။

    အမေရိကန် အာဆီယံ ဆက်ဆံရေး ၄၅ နှစ် ပြည့်မြောက်ခဲ့တာကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့အနေနဲ့ရော ဒေသတွင်းမှာရှိတဲ့ အကြီးမားဆုံး စိန်ခေါ်ချက်တွေကို ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ အာဆီယံရဲ့ အဓိက အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့အနေနဲ့ အခုလို ထိပ်သီးညီလာခံ ကျင်းပရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဒါဟာ ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပတဲ့ ပထမဆုံး အာဆီယံ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံကို နှစ်ရှည်လများစွာ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်အတွက်လည်း ပထမဆုံး အိမ်ဖြူတော် ခရီးစဥ် ဖြစ်ပါတယ်။

    အာဆီယံခေါင်းဆောင်တွေကို ပိုမိုအချိန်ပေးသင့်လို့ သမ္မတ ဘိုင်ဒန်ကို ကမ္ဘောဒီးယား တိုက်တွန်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  5. ဂန့်ဂေါမြို့နယ်တွင်းမှာ စစ်တပ်ထုတ်ကုန်ပစ္စည်းသယ်ယူမှုတွေနဲ့ ရိက္ခာသယ်ယူမှုတွေကို ဒေသကာကွယ်ရေးတပ်တွေ စောင့်ကြည့်စစ်ဆေးနေ

    မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲက ဂန့်ဂေါ-ကလေးလမ်းမနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီထုတ်ကုန်တွေနဲ့ ရိက္ခာအများအပြားသယ်ယူမှုကို ဒေသကာကွယ်ရေး တပ်တွေက စောင့်ကြည့်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ထုတ်ပြန်လာပါတယ်။

    ဒီလိုစောင့်ကြည့်စစ်ဆေးတဲ့နေရာမှာ စစ်ကောင်စီထုတ်ကုန်တွေအပြင် စားနပ်ရိက္ခာနဲ့ ကုန်စည်အများအပြား သယ်ယူမှုတွေကိုပါ စောင့်ကြည့်စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။

    ‘’ ဂိတ် ၅ ခုကို စစ်နေတာပါ။ ဂန့်ဂေါမြို့ကနေ ဖြတ်သွားတဲ့ကုန်စည်တွေကိုလည်း ထွက်ခွင့်မပေးဘူး။ ကျွန်တော်တို့ဘက်က လမ်းပန်းဆက်သွယ်ရေးလည်းခက်တော့ ရိက္ခာ ပြတ်သွားမှာစိုးလို့။ ပြီးတော့ ဂန့်ဂေါအောက်ပိုင်း နှမ်းခါးကို ကျော်သွားရင် ဟိုဘက်က ပျူစောထီးရွာတွေချည်းပဲ။ ဒါကြောင့် နှမ်းခါးကိုကျော်ပြီး ရိက္ခာအများအပြားသယ်ခွင့်ပေးဘူး’’လို့ ဂန့်ဂေါပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူက ဘီဘီစီကိုပြောပါတယ်။

    အခုလိုစစ်ဆေးမှုတွေကိုတော့ ပြီးခဲ့တဲ့ ဧပြီလကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး ခုလက်ရှိ မေလထဲမှာ ပိုပြီးတင်းကျပ်လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။#

    ဒါ့အပြင် စစ်ကောင်စီရဲ့ထုတ်ကုန်တွေ ဖြစ်တဲ့ အရက်၊ ဘီယာ၊ ဆေးလိပ် နဲ့ စစ်ကောင်စီရဲ့ ဆက်စပ်ထုတ်ကုန်တွေကိုလည်း ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ သယ်ယူဖြတ်သန်းတာ မလုပ်ဖို့ တင်းကျပ်စစ်ဆေးတာတွေပြုလုပ်နေပြီး အရေးယူမှုတွေလုပ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ဒီလိုစစ်ဆေးမှုတွေကို Phoenix Defence Battalion (အထူးတိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ ၊ YDF - တပ်ရင်း - 4)က ဦးဆောင်ပြီး ဂန့်ဂေါမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့လည်း သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ထားပါတယ်။

    ဂန့်ဂေါ

    ဓာတ်ပုံ ရင်းမြစ်, Phoenix Defence Battalion

  6. တန့်ဆည်အနောက်ခြမ်းက ကျေးရွာတွေနားမှာ နှစ်ဖက်တိုက်ပွဲဖြစ်, တန့်ဆည်အနောက်ခြမ်းက ကျေးရွာတွေနားမှာ နှစ်ဖက်တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ် အနောက်ခြမ်းက ကျေးရွာတွေနားမှာ ဒီကနေ့ မေလ ၇ ရက်နေ့မနက်ပိုင်းကစလို့ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေ ကြားထိတွေ့တိုက်ပွဲတွေအပြင် ကျေးရွာနေအိမ်တွေမီးရှို့ခံရတဲ့ဖြစ်စဥ်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ မေလ ၆ ရက်နေ့ က တန့်ဆည်အနောက်ခြမ်းက လက်ဆည်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ မေလ ၇ ရက် မနက်ပိုင်းကစလို့ အင်တောရိုးကျေးရွာ ၊ ရေရှင်ကုန်းကျေးရွာနဲ့ ရေခုကျေးရွာတွေကို ရွာစဥ်လှည့်ဝင် ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုနဲ့လည်း ထိတွေ့တိုက်ပွဲရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ‘’ လက်ဆည်ရွာကနေ အထွက်မှာ တိုက်ပွဲဖြစ်တာ မိနစ် ၂၀ လောက်ကြာတယ်။ ရွာမီးရှို့ရင်း ဒေသကာကွယ်ရေးတပ်က လူငယ် ၃ ဦးလည်း မီးထဲပါပြီး ကျဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က သတင်းပို့ထားပါတယ်။ တိုက်ပွဲက မိနစ် ၂၀ လောက်ကြာတယ်။ စစ်တပ်ဘက်ကလည်း အယောက် ၂၀လောက် ကျတယ်လို့သိထားရတယ်။ အဲဒီကနေ စစ်ကောင်စီတပ်တွေက ရွာစဥ်လှည့်တာ အင်တောရိုးကျေးရွာမှာ အိမ် ၂ လုံးမီးရှို့ခံရတယ်။ ရေရှင်ရွာကတော့ မီးလောင်တာ အိမ် တော်တော်များတယ်။ အိမ် ၁၅ လုံးလောက်ပဲကျန်တယ်ကြားတယ်။ အခုတော့ ရေခုရွာ ထဲမှာ စစ်တပ်ကတပ်စွဲထားပြီ။ အိမ် ၂ လုံးလောက်မီးလောင်နေတယ်သိထားရတယ်။ အဲ့ဒီရွာရော အနားကရွာတွေပါ ပေါင်းရင် ၇ ရွာလောက် ‌ဘေးလွတ်ရာနေရာတွေ ပြေးနေရတယ်လို့’’ ဒေသကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ ‌ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    တန့်ဆည်

    ဓာတ်ပုံ ရင်းမြစ်, Soe News

    စစ်ကိုင်းတိုင်းထဲက တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ စစ်ကောင်စီတပ်တွေ ပြီးခဲ့တဲ့ ဧပြီနောက်ဆုံးပတ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပြီး ဂရိတ်ကျေးရွာ၊ တောဂျင်ကျေးရွာ၊ ကြောင်ဆင်းအိုင်ကျေးရွာနဲ့ ကံကလေးကုန်းကျေးရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ကြောင့် နှစ်ပတ်အတွင်း ကျေးရွာလူနေအိမ် ၁၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေဖြစ်တဲ့ Voice Of Taze နဲ့ Taze News ကလည်း ထုတ်ပြန်ထားပါတယ်။

    တန့်ဆည်

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. လက်နက်ကြီးတွေကျတာကြောင့် ကွတ်ခိုင်က စစ်ရှောင်တွေ တောင်ယာလုပ်ဖို့အခက်ကြုံနေရ

    ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ထဲက တာမိုးညဲမြို့နယ်ခွဲ၊ လွယ်ကန်ကျေးရွာတဝိုက်ကတောင်ယာမြေပေါ်မှာ လက်နက်ကြီးတွေကျရောက်နေတာကြောင့် စစ်ရှောင်ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မုံးစီး KBC Campတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    အခုလက်နက်ကြီးကျရောက်နေတဲ့ နေရာမှာ စစ်ရှောင်ပြည်သူတွေရော အရပ်သားတချို့ပါ တောင်ယာလုပ်ကိုင်ကြတဲ့နေရာဖြစ်တယ်လို့ စစ်ရှောင်တွေကပြောပါတယ်။

    ဒီလက်နက်ကြီးကျရောက်တာကို ကျေးရွာအုပ်ချုပ်ရေးဘက်ကနေ စစ်ကောင်စီတာဝန်ရှိသူတချို့ကို ဆက်သွယ်ပြောခဲ့ပေမဲ့ သူတို့ရဲ့လက်နက်မဟုတ်တာကြောင့် မရှင်းလင်းပေးနိုင်ကြောင်းတုံ့ပြန်တယ်လို့ စခန်းတာဝန်ရှိသူကနေ သိရပါတယ်။

    "‌စစ်တပ်ကအပေါ်ပိုင်းမှာနေရာယူထားတယ်။ အောက်ဘက်ကတောင်ယာလုပ်သူတွေက ဒီနေရာမှာလက်နက်ကြီးကျနေတဲ့ပထမကမသိဘူး၊ လက်နက်ကျတာကတစ်ပတ်လောက်ရှိပြီ သိတာမနေ့ကမှ သိကြတယ်။ ပေါက်ကွဲနိုင်လား၊ အန္တရာယ်ဘယ်လောက်ရှိမလဲဆိုတာလည်းမသိနိုင်ဘူး။ မိုးကကျတော့မယ်၊ တောင်ယာမီးရှို့ရတော့မှာလေ၊ မီးရှို့မှ ထပေါက်သွားမလားဆိုတာကိုလည်း စစ်ရှောင်တွေကလန့်နေကြပြီ"လို့ မုံးစီး KBC Camp တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ကွတ်ခိုင်

    ဓာတ်ပုံ ရင်းမြစ်, CJ

    မုံးစီးစစ်ရှောင်တွေဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကတည်းက စစ်ရှောင်နေကြရတာဖြစ်ပြီး မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်တွေဖြစ်တဲ့ KIA၊ TNLA၊ MNDAA တပ်တွေနဲ့ လက်ရှိအာဏာသိမ်းစစ်ကောင်စီတပ်တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ၂၀၁၁ ခုနှစ်ကတည်းက နေရပ်ကိုစွန့်ခွာထွက်ပြေးခဲ့ရသူတွေဖြစ်ပါတယ်။

    ကွတ်ခိုင်

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. စစ်တွေမြို့က သတင်းဌာနကို စစ်ကောင်စီဝင်ရောက်ရှာဖွေ

    ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ နိရဉ္စရာသတင်ဌာနရုံးဟောင်းကို ဒီကနေ့မေလ ၇ရက်မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေခဲ့တယ်လို့သတင်းဌာနတာဝန်ရှိသူပြောဆိုပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် နယ်မြေရဲတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသမီးတစ်ဦးပါ ရုံးအတွင်းဝင်ရောက်ရှာဖွေခဲ့တာဖြစ်ပြီး ဘာကြောင့်ရှာဖွေတယ်ဆိုတာမသိရသေးဘူးလို့ လည်း သတင်းဌာနတာဝန်ရှိသူကဆက်ပြောပါတယ်။

    လက်ရှိမှာတော့ သတင်းဌာနရုံးခန်းကို အသစ်ပြောင်းရွှေ့ထားတဲ့အတွက် ရှာဖွေမှုပြုလုပ်ချိန်မှာ သတင်းဌာနရဲ့ဝန်ထမ်းတွေနဲ့ မတွေ့ရှိခဲ့သလို နိရဉ္စရာရုံးသစ်တည်ရှိတဲ့နေရာကိုလည်း ထပ်မံစုံစမ်းရှာဖွေမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

    အခုလို စစ်ကောင်စီက သတင်းဌာနကိုရှာဖွေမှုတွေပြုလုပ်နေတဲ့အတွက် သတင်းထုတ်လုပ်မှုတွေကိုပါ ရပ်နားထားမှာဖြစ်တယ်လို့ နိရဉ္စရာသတင်းဌာန ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်းထုတ်ပြန်ထားပါတယ်။

    ရခိုင်ပြည်နယ်မှာ အခြေစိုက်တဲ့ သတင်းဌာန ၅ ခုရှိတဲ့အနက် Western News ကိုလည်း စစ်ကောင်စီရဲ့သတင်းတွေ မဟုတ်မမှန်ရေးသားတယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့တရားစွဲဆိုထားသလို Development Media Group က တည်ထောင်သူ၊ အယ်ဒီတာတစ်ဦးနဲ့ သတင်းထောက်တစ်ဦးတို့ကိုလည်း တရားစွဲဆိုထားပြီးတော့ အခု Narinjara News ကိုလည်း အခုလို ထပ်မံရှာဖွေမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

    နိရဉ္စရာ

    ဓာတ်ပုံ ရင်းမြစ်, AFP via Getty ၊ ပုံဟောင်း

  9. ရုပ်ရှင်ရုံတွေပြန်ဖွင့်ပေမယ့် မျှော်မှန်းသလိုမဖြစ်ခဲ့ဘူးလို့ စစ်ကောင်စီပြော

    နှစ်နှစ်ကျော်ကြာပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်လှစ်ဖို့ စစ်ကောင်စီဘက်က လုပ်ခဲ့ပေမယ့် မျှော်မှန်းသလောက်ခရီးမရောက်ခဲ့ဘူးလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးက မနေ့ မေလ ၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ဧပြီလ ၁၇ ကစပြီး ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတချို့မှာရှိတဲ့ ရုပ်ရှင်ရုံတွေကို တပြိုင်တည်းပြန်ဖွင့်ခဲ့တာဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာတဲ့ သရုပ်ဆောင်တွေရဲ့ဇာတ်ကားတွေကို ပွဲဦးထွက်အနေနဲ့ ပြသခဲ့ပေမယ့် ရုပ်ရှင်ရုံစဖွင့်ချိန်ကစလို့ တစ်လဝန်းကျင်ရှိတဲ့အထိ ရုပ်ရှင်ရုံတွေမှာ လာ‌ရောက်ကြည့်ရူသူမရှိသလောက်ဖြစ်ခဲ့တဲ့ အခြေအနေဖြစ်ခဲ့တာပါ။

    မနေ့ မေလ ၆ရက်နေ့က ရန်ကုန်မြို့၊ ဗဟန်းမြိုနယ်မှာရှိတဲ့ရုပ်ရှင်အစည်းအရုံးမှာတော့ ရုပ်ရှင်ရုံတွေပြန်ဖွင့်ရာမှာအခက်အခဲရှိနေတာတွေအတွက် စစ်ကောင်စီဝန်ကြီးဌာနနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေ တွေ့ဆုံခဲ့ပြီး အခုလိုရုပ်ရှင်ရုံတွေမှာလာကြည့်သူမရှိတာဟာ မသမာသူအဖျက်သမားတွေက ဟန့်တားနှောက်ယှက်နေတာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းရဲ့ပြောဆိုခဲ့တာကိုလည်း ဒီကနေ့ မေလ ၇ ရက် စစ်ကောင်စီထုတ် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

    အခုလိုရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို့ခက်ခဲနေတာနဲ့ပတ်သက်ပြီး ကူညီဖြေရှင်းပေးမယ်လို့လည်း ဆက်ပြောထားတာကိုတွေ့ရပါတယ်။

    လက်ရှိမှာတော့ အများပြည်သူရုံးပိတ်ရက်တွေနဲ့ သီတင်းပတ်ကုန်ဆုံးချိန်တွေမှာတောင် ရုပ်ရှင်ရုံတွေမှာလာကြည့်သူမရှိသလောက်ဖြစ်နေတာကိုလည်း ရုပ်ရှင်ရုံတာဝန်ခံ တချို့နဲ့ ဒေသခံတချို့ကို ဘီဘီစီက ဆက်သွယ်မြန်းထားချက်အရသိရပါတယ်။

    ရုပ်ရှင်ရုံ
  10. မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူဖို့ အချက်သုံးချက်နဲ့တောင်းဆို, အမေရိကန်အစိုးရအနေနဲ့ အာဆီယံရဲ့ ဦးဆောင်မှုကို မှီတည်မနေဘဲ ဆက်လက်ဆောင်ရွက်ရမယ်လို့ပြော

    EPA

    ဓာတ်ပုံ ရင်းမြစ်, EPA

    ဓာတ်ပုံ ပုံစာ, အမေရိကန်အစိုးရအနေနဲ့ အာဆီယံရဲ့ ဦးဆောင်မှုကို မှီတည်မနေဘဲ ဆက်လက်ဆောင်ရွက်ရမယ်လို့ပြော

    လာမယ့်မေလ (၁၂)ရက်ကနေ (၁၃)ရက်အထိ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အာဆီယံခေါင်းဆောင်တွေဟာ ဝါရှင်တန်ဒီစီမှာတွေ့ဆုံဖို့ရှိနေပြီး မြန်မာပြည်ကလူအခွင့်အရေးအခြေအနေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းအတွက် ဆွေးနွေးဖို့ရှိနေပါတယ်။

    ဒါကြောင့် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကဝင်ငွေတွေကို့ ပိတ်ဆို့အရေးယူရေးနဲ့လူမျိုးတုံးသတ်ဖြတ်မှုတဲ့ စစ်အုပ်စုဆီကို ဘဏ်ငွေတွေလွှဲပြောင်းနေမှုကို ရပ်တည့်‌စေရေးအတွက် မြန်မာအပါအဝင် နိုင်ငံတကာအရပ်ဖက်အဖွဲ့အစည်း (၆၂၆)ဖွဲ့နဲ့ ပြည်သူ နှစ်သိန်းနှစ်သောင်းကျော်ကနေ တောင်းဆိုကြောင်းမနေ့မေလ (၆)ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ပြည်သူနှစ်သိန်းကျော်ရဲ့အသံကို သမ္မတဘိုင်ဒန်အစိုးအနေနဲ့ ဦးစားပေးခြေလှမ်းတစ်ရပ်အဖြစ်နားဆင်ပေးဖို့နဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကိုပိတ်ဆို့အရေးယူပေးဖို့ အချက်သုံးချက်နဲ့တောင်းဆိုတယ်လို့ဆိုပါတယ်။

    စစ်အုပ်စုဆီကို ရေနံနဲ့သဘာဝဓာတ်ငွေ့ငွေတွေမရောက်ရှိဖို့ ပိတ်ဆို့အရေးယူမှုတွေကိုအသုံးပြုပြီး တရားဝင်အသိအမှတ်ပြုခံရတဲ့ အစိုးရအတွက် ‌ဝင်ငွေတွေကို သီးခြားသတ်မှတ်ထားတဲ့ ဘဏ်စာရင်းတွေမှာပြောင်းလဲထိန်းသိမ်းရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်း၊ တောင်ကိုရီးယားကမဟာမိတ် ဖက်တွေပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၂၂ခုနှစ်ဇန်နဝါရီလမှာ ဘဏ္ဍာရေးဌာနကထုတ်ပြန်ထားတဲ့ စီးပွားရေးဆိုင်ရာလမ်းညွှန်ချက်ပါ MOGEနဲ့ သက်ဆိုင်တဲ့ အရာတွေ၊ MOGE ကို‌ငွေလွှဲပေးနေတဲ့ ရေနံကုမ္ပဏီတွေနနဲ့ ဘဏ်တွေကို ဆက်သွယ်ဆက်ဆံတာကို ငွေကြေးခဝါချခြင်းအဖြစ်သတ်မှတ်ဖို့နဲ့ လိုက်နာမှုမရှိသူတွေကို နောက်ဆက်တွဲသက်ရောက်မှုရှိစေရေး၊ တတိယအချက်အနေနဲ့ ဆယ်စုနှစ်တွေတိုင်အောင် MOGE ဝင်ငွေတွေကိုခဝါချခဲ့ပြီး အစိုးရဘဏ်စာရင်းတွေလည်း စစ်အုပ်စုဆီကိုရောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)ကို စီးပွားရေး ပိတ်ဆို့ရေး ဆိုတဲ့ အချက် သုံးချက် တောင်းဆိုခဲ့ပါတယ်။

    Blood Money (FB)

    ဓာတ်ပုံ ရင်းမြစ်, Blood Money (FB)

    ဓာတ်ပုံ ပုံစာ, မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ပိတ်ဆို့အရေးယူဖို့ အချက်သုံးချက်နဲ့တောင်းဆို

    ဒါ့အပြင် သမ္မတဘိုင်ဒန်ရဲ့ အမေရိကန်အစိုးရအနေနဲ့ အာဆီယံရဲ့ ဦးဆောင်မှုကို မှီတည်မနေဘဲ ဆက်လက်ဆောင်ရွက်ရမယ်လို့ ဒီတောင်းဆိုစာမှာရေးသားထားပါတယ်။

    လက်ရှိ အာဆီယံရဲ့ဘုံသဘောတူညီချက်ငါးချက်ကိုသဘောတူခဲ့တဲ့ စစ်ကောင်စီဟာ တစ်နှစ်ကျော်ကြာအချိန်အထိ ပြည်သူတွေအပေါ် အကြမ်းဖက်နေမှု တွေကို ရပ်တန့်ဖို့ပျက်ကွက်နေဆဲဖြစ်သလို ဒီမိုကရေစီလူထုလှုပ်ရှားမှုကို ရက်စက်စွာဆက်ဖြိုခွင်းနေပြီး တိုင်းပြည့်အနှံ့က သန်းပေါင်းများစွာ‌သောပြည်သူ တွေရဲ့လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကိုလည်းဆက်လက်ပိတ်ဆို့ထားတဲ့အပြင် လူသားချင်းစာနာထောက်ထားမှုနဲ့ ‌ဆေးဘက်ဆိုင်ရာဝန်ထမ်း တွေကိုလည်း ဖိနှိပ်တိုက်ခိုက်နေဆဲလို့ တောင်းဆိုစာမှာထည့်သွင်းဖော်ပြထားပါတယ်။

    အာဆီယံဘုံသဘောတူညီချက်ငါးရပ်ဟာ ရည်ရွယ်ချက်ကောင်းတွေနဲ့လုပ်ခဲ့ပေမဲ့ အကြောင်းရင်းခံညီညွတ်မှု ဒါမှမဟုတ် ဥပဒေအရအသိအမှတ်ပြုခံရမှု မရှိဆိုတဲ့အချက်တွေအဖြစ်ကို လျှော့ကျခဲ့ရပြီး တိုးတက်မှုမဆောင်ကျဉ်းနိုင်လို့ ဆိုပါတယ်။

  11. AA ရဲ့ စစ်ဦးစီးချုပ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ကို တွစ်တာမှာ စိန်ခေါ်

  12. တိုက်ပွဲဝင်ချင်းလူမျိုးတွေရဲ့ ခိုလှုံရာ မီဇိုရမ်

  13. ခင်ဦး ရေဦး ကားလမ်းတစ်လျှောက် စစ်ကောင်စီတပ်တွေ နေရာယူထား, အနီးတစ်၀ိုက်ရွာတချို့ မီးရှို့ခံရပြီး အိမ်မွေးတိရစ္ဆာန်တွေကို ရိက္ခာအဖြစ် ယူဆောင်သွားတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးရေဦး ကားလမ်းတစ်လျှောက်က တဲစုရွာကို စစ်ကောင်စီတပ်တွေ ဒီကနေ့ မေလ ၆ ရက် နေ့ မနက် ၁၀ နာရီလောက်မှာ ၀င်ရောက် မီးရှို့ခဲ့တဲ့အတွက် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ အနီးအနားက ဒေသခံတွေထံက သိရပါတယ်။

    အိမ်တွေကို မီးရှို့ပြီးနောက်မှာလည်း နေအိမ်တစ်အိမ်မှာ မွေးမြူထားတဲ့ ၀က်တစ်ကောင်ကို ပစ်သတ်ပြီး ဆိုင်ကယ်ပေါ်ယူတင်သွားသလို ကျွဲ သုံးကောင်ကိုလည်း အကြောင်းမရှိဘဲ သေနတ်နဲ့ပစ်သတ်ပြီး ထားပစ်ခဲ့တယ်လို့ မျက်မြင် တွေ့သူတွေက ပြောပါတယ်။

    "နေအိမ်တွေကိုမီးမရှို့ခင်မှာလည်း အိမ်ပေါ်က ဆီတို့ ပဲတို့ လို စားစရာ‌တွေယူတယ်။ ပြီးတော့ အိမ်မွေးခိုင်းကျွဲတွေကိုလည်း ပစ်သတ်ခဲ့တယ်။ ရွာကတော့ ၆ အိမ်လောက် ပျက်စီးသွားတယ်" လို့ မီးရှို့ခံရတဲ့ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

    ဒီဖြစ်စဥ်မတိုင်မီ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့က ခင်ဦး၊ အင်းပတ်ရွာကို စစ်ကောင်စီ အင်အား ၁၀၀ လောက်က ၀င်ရောက်ပြီး တန်ဖိုးရှိတဲ့ပစ္စည်းတွေ ယူဆောင်သွားခဲ့ပြီး ရွာသား ၄ ဦးကို လက်ပြန်ကြိုးတုပ်ပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

    နောက်နေ့ မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေ ထပ်ံ၀င်ရောက်လာပြီး ခေါ်ဆောင်သွားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ရွာထဲ ပစ်ခတ်ပြီး ရွာကို မီးရှို့ခဲ့တာကြောင့် ရွာ က အိမ်ခြေ ၂၀၀ ထက်မနည်း ပြာကျသွားပြီး ကျန်းမာရေး မကောင်းတာကြောင့် နေအိမ်မှာပဲ မပြေးနိုင်တဲ့ အသက် ၄၀ အရွယ် ရွာသားတစ်ဦး ‌မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာတော့ စစ်ကိုင်းက ရေဦး ခင်ဦး ကားလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေက ရွာတွေကို မွှေနှောက်ရှာဖွေတာတွေ ဆက်တိုက်ရှိနေတယ်လို့လည်း သိရပါတယ်။

    Khin U, Yay U, Sagaing Region, May 3

    ဓာတ်ပုံ ရင်းမြစ်, Khin U Support Organization-KSO

    ဓာတ်ပုံ ပုံစာ, မီးရှို့ခံထားရတဲ့ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာကို ၀ိုင်း၀န်းငြှိမ်းသတ်စဥ်
  14. မြောင်မြို့ မြစ်ဆုံစံပြ ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ၀င်ရောက်၊ လူငယ်တချို့ကို ဖမ်းဆီး၊ ရွာကို မီးရှို့နေ

    စစ်ကိုင်းတိုင်း၊ မြောင်မြို့ နယ်၊ မြစ်ဆုံကျေးရွာကို စစ်ကောင်စီဘက်က အင်အား ၁၀၀ ကျော်နဲ့ ဒီနေ့ မေလ ၆ ရက်နေ့ မနက် ၉ နာရီခန့်မှာ ၀င်ရောက်ခဲ့ပြီး ဒေသခံလူငယ် ၁၀ ဦးထက်မနည်း ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ဒီကနေ့မွန်းလွဲပိုင်း ၁ နာရီ ၀န်းကျင်မှာတော့ ဖမ်းဆီးသွားခဲ့တဲ့ လူငယ်တွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် ညနေ ၃ နာရီ ၀န်းကျင်လောက်ကစပြီး ရွာကို မီးစတင်ရှို့နေလို့ ထွက်ပြေးခဲ့ရတယ်လို့ တိမ်းရှောင်ထွက်ပြေးနေတဲ့ ရွာသားဒေသခံတစ်ဦးက ပြောပါတယ်။ မြစ်ဆုံရွာဟာ ‌မြောင်မြို့မှာ အကြီးဆုံးရွာလို့ ပြောနိုင်ပြီး အိမ်ခြေ ၉၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

    စစ်ကိုင်း မန္တလေး နဲ့ မကွေး တို့ဆုံရာမှာရှိတဲ့ ဒီ မြစ်ဆုံစံပြရွာကို ပထမဆုံးအကြိမ် ဒီနေ့ မနက်ပိုင်းမှာ စတင်၀င်ရောက်လာပြီးတဲ့နောက် ညနေပိုင်းမှာ စတင် မီးရှို့နေတာလို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    " သတင်းလည်း မထူး ၊ ဘာအကြောင်းပြချက်ကို ဘာမှမရှိဘဲ ၀င်ချလာတာ ၊ အင်အား ၁၀၀ ကျော်လောက် မကဘူး။ ပြီးတော့ လူငယ်တွေကို အဓိက ဓားစားခံအဖြစ်ခေါ်တယ်။ နောက်ပြီး နေ့လယ်မှာ ပြန်လွှတ်လိုက်တယ်။ ပြန်လွှတ်ပြီး မကြာပါဘူး။ ရွာအထက်ပိုင်းကနေစပြီး မီးစရှို့တော့တာပဲ။ ခုတော့ အားလုံး ပြေးနေရပြီ" လို့ ဒေသခံတစ်ဦးက ပြောလာပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ရွာတွေအနီး ဒါမှမဟုတ် တိုက်ပွဲတွေဖြစ်ရာ ရွာတွေအနီးကိုသာ ၀င်ရောက်လေ့ရှိပေမယ့် ဒီ မြစ်ဆုံရွာကတော့ တိုက်ပွဲလည်းမရှိတဲ့ ရွာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

    ရုတ်တရက် မီးလာရှို့တာကြောင့် ဘာပစ္စည်းမှ သယ်ဆောင်ချိန်မရဘဲ ပြေးလွှားနေကြရတဲ့ရွာခံတွေဟာ ဘေးလွတ်ရာနေရာတွေကနေ ရွာကို ပြန်လည်စောင့်ကြည့်နေချိန်မှာတော့ ပစ္စည်းတွေနဲ့ကျန်ခဲ့တဲ့ ကျွဲ၊ နွား ၊ကြက် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေအတွက် ပူပန်နေကြရပြီး စစ်ကောင်စီတပ်တွေ ပြန်ထွက်ခွာသွားမယ့်အချိန်မှာ မီးငြှိမ်းသတ်ဖို့ အသင့်အနေအထားနဲ့ စောင့်ကြည့်နေ ရတယ်လို့ပြောပါတယ်။

    မျက်မြင်ဒေသခံတွေရဲ့ပြောကြားချက်နဲ့ ဒီဖြစ်စဥ််််််် အပေါ်် စစ်ကောင်စီဘက်က မေ ၆ ရက်ညနေပိုင်းထိ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    Myaung, Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. ဘုတလင် အုတ်ဖိုရွာမှာ သတ်ဖြတ်ခံရသူတွေထဲကတစ်ဦးရဲ့ မိသားစု၀င်တစ်ဦးပြောပြချက်

    စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ထဲမှာ မေလ ၃ ရက်နေ့က ယောဂီကျောင်းထဲ စစ်ရှောင်နေသူ ၉ ဦး အသတ်ခံခဲ့ရပါတယ်။ အသတ်ခံခဲ့ရသူတွေထဲမှာ အမျိုးသား၊ အမျိုးသမီးတွေနဲ့ သက်ကြီး ရွယ်အိုတွေပါ ပါ၀င်ခဲ့ပါတယ်။

    မေလ ၂ ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်တွေဟာ အုတ်ဖိုရွာအ၀င်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးတဲ့နောက် အုတ်ဖိုရွာထဲကို ၀င်ရောက်လာခဲ့တဲ့အတွက် ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။ အဲဒီထဲက ဒေသခံတချို့ဟာ ယောဂီကျောင်းထဲ၀င်ပြီး ရှောင်တိမ်းနေကြစဉ်မှာ စစ်ကောင်စီတပ်က တွေ့သွားပြီး အသတ်ခံခဲ့ရတာလို့ အုတ်ဖိုရွာခံတွေက ပြောကြပါတယ်။

    ဘုတလင် အုတ်ဖိုရွာထဲက သေဆုံးသူ တစ်ဦးရဲ့ အမျိုးသမီး ပြောပြတာက

    " သူကလေ စစ်တပ်က တောင်ဘက်ကလာတယ်ဆိုလို့ မြောက်ဘက်ပြေးတာပေါ့နော်။ မြောက်က လာတာကိုတော့ သူ မသိလိုက်ဘူး။ အဲဒီမှာ စစ်တပ်က မိသွားတာပေါ့။ ပြီးတော့ အသတ်ခံရတယ်။ သူအသတ်ခံရတာ ကျွန်မ မသိရဘူး။ ဘယ်သူမှ ကျွန်မကို အသိမပေးဘူး။ ညကျမှ သမီးက သူ့အဖေ ပုဆိုးလေးခင်း အိပ်တာ၊ ဘာလို့လဲလို့မေးတော့ ခင်းအိပ်ချင်လို့ပါတဲ့။ ပြီးတော့ ပုဆိုးလေးခြုံပြီး အိပ်သွားတာ။အဲဒီကတည်းက စိတ်က ထင့်နေတာ။ နောက်နေ့တော့ နင့်ယောကျာ်း မြေမြှုပ်တော့မယ် ကြည့်ဦးမလားလို့ ပြောတေ့ာမှ သေမှန်းသိရတာ" လို့ ငိုပြီး ပြောပြပါတယ်။

    လက်ရှိမှာတော့ အမျိုးသား အသတ်ခံရပြီးတဲ့နောက် အကြွေးတွေနဲ့အတူ ကလေး နှစ်ယောက်ကျန်ခဲ့ပြီးတဲ့နောက် ဘယ်လိုတွေ ရှေ့ဆက်ရမှန်း အင်အားမရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဘုတလင် ၊ အုတ်ဖိုရွာမှာ မေလ ၃ ရက်နေ့က ‌၉ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်မှာ အမျိုးသား၈ ဦးနဲ့ အမျိုးသမီး ၁ ဦး ပါ၀င်တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ သက်ကြီးပိုင်းတွေလည်း ပါ၀င်ပြီး အသက် ၅၀ ကျော်အရွယ် အမျိုးသား ၆ ဦး ၊ အသက် ၃၀ အရွယ် ကလေး မိခင်တစ်ဉီးအပါအ၀င် အသက် ၇၀ ကျော် အရွယ် ၂ ဦးလည်း ပါ၀င်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Butalin, Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ကေအဲန်ယူ - သထုံခရိုင်အတွင်း ဒေသခံစစ်ဘေး‌ရှောင်တွေ အခက်အခဲများစွာကြုံနေကြရ

    ကေအဲန်ယူ - သထုံခရိုင် ၊ ဘီးလင်းမြို့နယ်၊ လေးကေ ကျေးရွာကို မေလ ၁ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ် လာရောက်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပြီးနောက် လူနေအိမ်တွေအပါအ၀င် သီလရှင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဒီကနေ့ မေလ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

    အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးလာပြီး ရွာသားတွေကိုနှိပ်စက်တာ၊ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေ်ဆောင်သွားတာ၊ ညှဥ်းပန်း နှိပ်စက်တာ တွေ ပြုလုပ်နေတာကြောင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ ပြီး သေဆုံးခဲ့တယ်လို့ ကေအဲန်ယူဗဟို ထုတ်ပြန်ချက်က ဆိုပါတယ်။

    စစ်ရေးတင်းမာနေတဲ့ အနေအထားကြောင့် စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေဘက်ကို အရင်ထက် ပိုမို ၀င်ရောက်နေရာယူလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြောက်ကျားတိုက်ခိုက်ခံခဲ့ရပြီး ဒဏ်ရာရ သေဆုံးမှုတွေရှိလာတာကြောင့် စစ်တပ်က ဒေသခံရွာသားတွေဘက်ကို အညှိုးအတေးနဲ့ ပိုပြီး ဖိနှိပ်လာတာမျိုးကြုံရတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

    မေလ ၁ ရက်နေ့ကတည်းက ပြေးနေရတဲ့စစ်ရှောင်တွေတစ်သောင်းကျော်ရှိလာပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ဆေး၀ါး၊ သောက်ရေ ကအစ လိုအပ်နေကြပါတယ်။ လက်ရှိမှာတော့ သထုံခရိုင် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကော်မတီက စစ်ဘေးရှောင်တွကို ကူညီကယ်ဆယ်စောင့်ရှောက်ထားပြီး စစ်ဘေးရှောင်ဦးရေ တစ်နေ့တခြား တိုးလာတာကြောင့် လိုအပ်ချက်တွေ များစွာရှိနေတယ်လို့လည်း သိရပါတယ်။

    KNU

    ဓာတ်ပုံ ရင်းမြစ်, KNU

  17. ရေဦးမြို့နယ် နှောကုန်းနဲ့ဇ၀ရွာတွေကို စစ်ကြောင်းထိုးလာပြီး ရွာတွေကိုမီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အသက်လုပြေးနေရတယ်လို့ ဒေသခံတွေ ပြော, ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး

    စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ‌နှောကုန်းနဲ့ ဇ၀ရွာတွေကို စစ်ကောင်စီက ယာဥ် ၃ စီးနဲ့ ၀င်ရောက်လာခဲ့ပြီး ဒီနေ့ မနက် ၁၀ နာရီလောက် ကစပြီး ရွာတွေအတွင်း မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ရွာတွေဘက်ကို ဆက်တိုက် ပစ်ခတ်တာကြောင့် နှောကုန်းက အမျိုးသမီးငယ်တစ်ဦး ဦးခေါင်းထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ဒီနေ့ မွန်းလွဲ တစ်နာရီ လောက်မှာ စစ်တပ်က နေအိမ်တွေကို စတင်မီးရှို့ ခဲ့တဲအပြင် ‌တိမ်းရှောင်ထွက်ပြေးနေတဲ့ရွာသားတွေ ရှိရာဘက်ကိုပါ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက်လုပြီး ပြေးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

    "ပြေးနေတဲ့သူတွေဘက်ကို ၆၀ မမ နဲ့ လှမ်းထုတာ၊ ရှိတဲ့အကာအကွယ်လေးတွေ ယူပြီး ထွက်ပြေးခဲ့ရတယ်။ မနည်း အသက်လုပြေးရတာ။ ခုပဲ ပြေးနေတုန်းမှာ ရွာတွေကို မီးစရှို့တယ်။ ရွာတွေက ပြေးနေရတဲ့သူတွေ မနည်းဘူး။ အကြောင်းကတော့ ဘာမှမရှိဘူး။ ဒလန်သတင်းပေးရှိတာလားပဲပြောရမယ် " လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ဦးက ပြေးလွှားနေရင်းကမှ လက်ရှိ အခြေအနေကို ပြောပြပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီရဲ့ အင်အား ၇၀လောက်ရှိတဲ့စစ်ကြောင်းဟာ နှောကုန်းနဲ့ ဇ၀ အပါအ၀င် အနီးပတ်လည်က ‌ရွာတွေကိုပါ စစ်ကြောင်းထိုးဖို့ အနေအထား ရှိနေတာကြောင့် ‌ကျန်တဲ့ရွာတွေလည်း တိမ်းရှောင်နေကြရတယ်လို့ သိရပြီး စုစုပေါင်း လူ ၃၀၀၀ လောက် ထွက်ပြေးနေရပြီလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်ကို ရေဦး‌‌နှောကုန်းဖြစ်စဥ်နဲ့ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    Sagaing region

    ဓာတ်ပုံ ရင်းမြစ်, ရေဦး‌နှောကုန်းကျေးရွာ Volunteer Team

  18. မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ပစ်ခတ်ခံရလို့ တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာရ

    မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ ဒီကနေ့ မေ ၆ မနက်ပိုင်းက အမျိုးသားနှစ်ဦး သေနတ်ပစ်ခတ်ခံရလို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

    ဒဏ်ရာရသူတစ်ဦးကို ဆေးရုံကိုပို့ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

    " ပစ်ခတ်သံတွေတော့ ကြားနေရတယ်။ တစ်ယောက်က မှောက်ရက်ကြီးဖြစ်နေတာ။ ဗိုက်မှာ မှန်ထားတာ။ အက်ျီ သွေးစွန်းနေတဲ့ အပေါက်တွေက လေးချက်လောက်ရှိတယ်။ ကားပေါ် Dead body တင်ပေးချိန်မှာ အမှတ် ၇ ရဲစခန်းကလူတွေရောက်လာပြီး စစ်ချက်ယူနေတာ တွေ့တယ်"လို့ ဖြစ်စဉ် အနီး ဝန်းကျင် မြင်တွေ့ရသူတစ်ဦးက ပြောပါတယ်။

    ပစ်ခတ်မှုမှာ သေဆုံးသူ ကိုမိုးကိုဟာ အမျိုးသားရေးဆရာတော်လို့ လူသိများတဲ့ ဆရာတော် ဦးဝီရသူ တပည့်အရင်းဖြစ်ပြီး ကျောက်ကုန်သည်တစ်ဦး ဖြစ်တယ်လို့ သိရပြီး စစ်ကောင်စီသတင်းပေးအဖြစ် နာမည်ကြီးနေတဲ့သူတစ်ဦး ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    သူဟာ ၄၁လမ်း ၊ ၈၆ နဲ့ ၈၇လမ်းကြား ၊ တောင်ခွင်မင်းကြီးကျောင်းတိုက် အနီးမှာ ဒီနေ့မနက်က မနက်စာစားနေချိန် အပစ်ခံရတာဖြစ်ပါတယ်။

    ဒီမနက်ပိုင်း တောင်ခွင်မင်းကြီးကျောင်းတိုက်အနီး ဖြစ်စဉ်မှာ အပြန်အလှန်ပစ်ခတ်သံတွေ ကြားရပြီး ပစ်ခတ်မှုဖြစ်ပွားတဲ့ နေရာမှာတင် ကိုမိုးကို သေဆုံးတာကို တွေ့ရသလို အခြားတစ်ယောက်က ဘုန်းကြီးကျောင်းဝင်းထဲ ခုန်ဆင်းတာတွေ့လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဆေးရုံကြီးကို ပို့ဆောင်လိုက်တဲ့ ဒဏ်ရာရသူကတော့ အသက် ၆၀ ဝန်းကျင်ရှိပြီး၀မ်းဗိုက်နဲ့နောက်ကျောကို ရှပ်ထိသွားတာ တွေ့ရတယ်လို့ လူမှုကူညီကယ်ဆယ်ရေး အသင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    Mandalay, May 6

    ဓာတ်ပုံ ရင်းမြစ်, Vomdy

  19. စစ်ကိုင်းတိုင်း ဆားတောင်မှာ ရွာလေး‌ရွာ မီးရှို့ခံရပြီး ဒေသခံ ၂၀၀၀ ‌ကျော် တိမ်း‌ရှောင်နေကြရ

    စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင် မြို့နယ်ခွဲထဲက ရွာ ၄ ရွာကို ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က စပြီး မီးရှို့ခဲ့တာကြောင့် အိမ်ခြေပေါင်း ၅၀၀ ကျော် ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀၀၀ ကျော် အိုးမဲ့ အိမ်မဲ့ဖြစ်နေတယ်လို့ ဆားတောင် ဒေသခံတစ်ဦးက ပြောပါတယ်။

    Sagaing Region/IDP People

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဆားတောင်နယ်ထဲက သာစည်လေးရွာကို စစ်ကောင်စီတပ်တွေ ဧပြီလ ၉ ရက်နေ့က စပြီး ၀င်ရောက်လာတဲ့နောက် တစ်ရွာလုံး မီးရှို့ခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေဘက်က ၆ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် သာဇင်ရွာ၊ ဘုရားလှရွာ‌၊ ညောင်ပင်ရှည် စတဲ့ရွာတွေကိုပါ ဆက်တိုက် မီးရှို့ခဲ့ပြီး ဆားတောင်မှာရှိတဲ့ ရွာ ၁၅ ရွာအနက် ရွာလေးရွာက ခုလို မီးရှို့ခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Sagaing Region/IDP People

    ဓာတ်ပုံ ရင်းမြစ်, CJ

    " ရွာသားတွေကတော့ ဘယ်မှ မပြန်ရဲသေးဘူး။ ပျူစောထီးရှိတဲ့ ရွာတွေနဲ့ ကပ်နေတာရော၊ အချိန်မရွေး စစ်ကြောင်းပြန်ထိုးလာရင် စစ်ကြောင်းနဲ့တိုးမိမှာလည်း စိုးရတယ်။ စစ်ကြောင်းနဲ့ တိုးရင်က သေဖို့ပဲလေ။ အဲဒါကြောင့် တောထဲမှာပဲ လယ်ကွင်းကြား ချောင်းကြား တောတိုးအိပ်ရတာပဲ။ တချို့ကလည်း အမျိုးတွေရှိရာ တခြား ဒေသက ရွာတွေဘက်ရှောင်နေတယ်။ ကျွန်တော်တို့က သွားစရာမရှိတော့ တောထဲနေတယ်။ စစ်ရှောင်ကူညီနေသူတွေက ချက်ကျွေးတာစားနေရတယ်" လို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။

    Sagaing Region/IDP People

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒါ့အပြင် ဒေသခံအများစုဟာ မီးရှို့ခံရတဲ့ သူတို့ရွာတွေက ပျူစောထီးရွာတွေနဲ့ ကပ်နေတဲ့အတွက် ရွာတွေထဲကို ပြန်မ၀င်ရဲဘဲ တောထဲမှာနဲ့ နီးစပ်ရာနေရာတွေမှာပဲ တဲထိုးနေထိုင်ကြတာရှိပြီး စားရေးသောက်ရေး အတွက်တော့ တခြားမြို့ဘက်မှာရှိတဲ့ NUG အစိုးရ လူကယ်ပြန်၀န်ကြီးဌာနကတစ်ဆင့် လာရောက် ထောက်ပံ့ထားတဲ့ အကူအညီတွေကို မှီခိုအားကိုးနေရတယ်လို့ သိရပါတယ်။

    Sagaing Region

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. မြို့ပြ ပြောက်ကျားတွေ မြို့ပေါ်မှာ ရပ်တည်ဖို့ ခက်လာ