ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. တီးတိန်မြို့နယ်၊ ကိုးမိုင်ရဲစခန်းဂိတ်တိုက်ခိုက်ခံရမှု စစ်ကောင်စီဘက်က ၅ ဦးသေဆုံးလို့ထုတ်ပြန်, ကျဆုံးသူမရှိဘူးလို့ ရဲစခန်းဘက်က တုံ့ပြန်

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲက ၉မိုင်ဂိတ်အနီးက ခိုင်ကမ်းရဲစခန်းဂိတ်ကို ချင်းပြည်နယ်ထဲက ဒေသကာကွယ်ရေးတပ်တွေပူးပေါင်းပြီး ဒီကနေ့စက်တင်ဘာ ၁၇ရက်နေ့မနက်ပိုင်းက တိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီလိုရဲစခန်းတိုက်ခိုက်မှုကို ချင်းပြည်နယ်ထဲက PDF (Zoland)၊ CDF-KGK၊ CDM စတဲ့ ဒေသကာကွယ်ရေးတပ် ၃ ခုပူးပေါင်းတိုက်ခိုက်တာဖြစ်ပြီး ရဲတပ်သား ၅ ဦးသေဆုံးပြီးစစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။ ရဲစခန်းဘက်ကတော့ ဒီကနေ့မနက်တိုက်ခိုက်မှုမှာ ကျဆုံးသူမရှိကြောင်းပြန်လည်တုံ့ပြန်ပြောဆိုပါတယ်။

    " မနက် ၅နာရီလောက်ကလာပစ်တယ်။ ထိခိုက်အကျအဆုံးမရှိဘူးလို့ စခန်းဘက်ကအကျအဆုံးမရှိဘူးလို့ပြောပါတယ်။ အကျအဆုံးရှိတယ်ဆိုမတင်ဘဲနေလို့မရဘူးလေ။ အခုလိုရဲစခန်းတွေကိုတိုက်ခိုက်လာတာနဲ့ ပတ်သက်ပြီးတော့ ခုတ်ရာတခြား ရှရာတခြားဖြစ်နေပြီလို့ပဲပြောချင်ပါတယ်။ သူတို့ဖြစ်ချင်တာနဲ့ လုပ်နေတာနဲ့လွဲနေပြီ" လို့ စခန်းနဲ့နီးစပ်တဲ့ရဲအရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်နေ့မှာလည်း ဒီးမောမြို့နယ်ရဲစခန်းကိုဒေသကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အကြောင်း ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    လက်ရှိမှာတော့ နိုင်ငံတဝန်းမှာရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီကြားပစ်ခတ်တိုက်ခိုက်မှုတွေဆက်ဖြစ်နေပြီး ဒီထဲမှာ နယ်မြေခံရဲစခန်းတွေကိုလည်း ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်တာတွေ၊ ရဲစခန်းအနီးအနားမှာပေါက်ကွဲမှုတွေဖြစ်တာတွေလည်းဆက်ရှိနေပါတယ်။

    တဖက်မှာလည်း ချင်းပြည်နယ်နဲ့ကယားပြည်နယ်ထဲမှာရှိတဲ့ ဒေသကာကွယ် ရေးတပ်တွေက နယ်မြေခံရဲစခန်းတွေနဲ့စစ်ကောင်စီတပ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေနဲ့ လာရောက်ပူးပေါင်းဖို့ဖိတ်ခေါ်တဲ့ထုတ်ပြန်ချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

    Tedim, Chin State

    ဓာတ်ပုံ ရင်းမြစ်, NBung Dat Kasa

  2. မန္တလေးမှာ သင်းအုပ်ဆရာတော်တစ်ဦးကို အရပ်ဝတ်တွေနဲ့အင်အားသုံးဖမ်းဆီး

    မန္တလေးမြို့မှာနေထိုင်တဲ့ ဖလမ်းနှစ်ခြင်းခရစ်ယာန်အသင်းတော်ကသင်းအုပ်ဆရာတော် သျှန်လျှန်ဆန်းကို မနေ့ကစက်တင်ဘာ ၁၆ရက်နေ့က အရပ်ဝတ်နဲ့လက်နက်အပြည့်အစုံပါတဲ့အဖွဲ့တစ်ခုက နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။

    ဒီလိုဝင်ရောက်ဖမ်းဆီးရာမှာ အရပ်ဝတ်အင်အား ၂၀လောက်နဲ့ဖမ်းဆီးတာဖြစ်ပြီးဆရာတော်ရဲ့ဖုန်းနဲ့မိသားစုဝင်တွေရဲ့လက်ကိုင်ဖုန်းအားလုံးကိုသိမ်းယူသွားတဲ့အပြင်နေအိမ်မှာ နာရေးအကူအညီငွေရထားတဲ့ ငွေသား ကျပ် သိန်း ၄၀ ကိုလည်းယူဆောင်သွားတယ်လို့မိသားစုတွေကပြောပါတယ်။

    "ဘာကြောင့်လာဖမ်းတယ်ဆိုတာလည်းမပြောဘူး။ မန္တလေးမြို့တပတ်ပတ်ပြီး ညနေလောက်ဆိုပြန်ပို့ပေးမယ်ပြောပြီးဖမ်းသွာတယ်။ လာဖမ်းတဲ့အချိန်မှာ ဆရာတော်ရဲ့ဖုန်းကို ပတ်စ်ဝါ့ဒ် ဖွင့်ခိုင်းတယ်။ ဆရာတော်ရဲ့ ညီမလေးက ပတ်စ်ဝါ့ဒ် မသိဘူးပြောတော့ ပါးကိုလေးချက်ရိုက်တယ်။ ဆရာတော်ကိုတော့၁၆ရက်နေ့မနက်ပိုင်းကခေါ်သွားတာအခုထိအဆက်အသွယ်မရသေးပါဘူး" လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    သင်းအုပ်ဆရာတော် သျှန်လျှန်ဆန်းဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကင်းရှင်းသူတစ်ယောက်ပြီဖြစ်ပြီးချင်းပြည်နယ်အတွင်းက မှာဆိုရင်လည်း နာမကျန်းသူတွေအတွက်ကူညီထောက်ပံ့မှုတွေကိုပရဟိတလုပ်ဆောင်ပေးနေတဲ့ဆရာတော်တပါးဖြစ်တယ်လို့မိသားစုတွေကပြောပါတယ်။

    ဆရာတော်ဟာ ကိုဗစ်ရောဂါကူးစက်ခံရာကနေ ကျန်းမာရေးနောက်ဆက်တွဲအခြေအနေတွေကြောင့်ပရဟိတလုပ်ငန်းတွေကိုတောင် ရပ်ဆိုင်းထားချိန်မှာ အခုလိုဖမ်းဆီးသွားတာ ဘာကြောင့်မှန်း မိသားစုတွေက မသိရှိဘူးလို့ပြောပါတယ်။

    အခုလိုဘာသာရေးခေါင်းဆောင်တစ်ယောက်ကိုအကြောင်းမဲ့ဖမ်းဆီးတဲ့လုပ်ရပ်ကို ရှုတ်ချကြောင်းနဲ့ဆရာတော်အတွက် ဆုတောင်းမေတ္တာစာတွေကိုလည်း ဘာသာရေးအသင်းအဖွဲ့တွေက ထုတ်ပြန်ဖို့ရှိနေတယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ်။ သင်းအုပ်ဆရာတော်ကိုဖမ်းဆီးသွားတာဟာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိသားစုတွေကပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တော့ သတင်းမထုတ်ပြန်သေးပါဘူး။

    Chin

    ဓာတ်ပုံ ရင်းမြစ်, Social Media

  3. စစ်ကောင်စီက ဒီးမောဆိုဒေသကို ထိန်းချုပ်ဖို့ကြိုးစားလာတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ပြော

    ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာရှိတဲ့ လွိုင်ကော်၊ ဒီးမောဆိုအနီးတဝိုက်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားပြီး ဒီရက်ပိုင်းအတွင်းမှာပဲကျေးရွာတွေအနီးမှာ တိုက်ပွဲတွေခပ်စိပ်စိပ်ဖြစ်လာတယ်လို့ KNDF ဘက်ကပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ကစလို့ ဒီးမောဆိုမြို့နယ်ရဲစခန်းကို ဒေသကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခဲ့တာရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာလည်း ဒီးမောဆိုအနီးက ဒေါပိုစီကျေးရွာနဲ့ စံပြကျေးရွာတွေအနီးမှာ စစ်ကောင်စီဘက်က စတင်တဲ့တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးတွေရှိတဲ့အကြောင်းကိုလည်း KNDF ကထုတ်ပြန်ထားပါတယ်။

    ဒါဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တော်လှန်ရေးကြေညာချက်အပြီးမှာစစ်ကောင်စီဘက်က ကရင်နီပြည်နယ်အတွင်းပိုပြီး ထိုးစစ်ဆင်လာတာဖြစ်ပြီး ဒီးမောဆို နယ်မြေတဝိုက်ကို ထိန်းချုပ်ချင်တဲ့သဘောဖြစ်တယ်လို့ ကရင်နီတပ်မတော် KNDF ဘက်ကပြောပါတယ်။

    “ ဒီးမောဆိုထဲက စံပြ ၆ မိုင်နားမှာဆိုရင်အခိုင်အမာတပ်စွဲထားတယ်။ ကျွန်တော်တို့ဘက်ကတော့ စစ်အာဏာသိမ်းပြီးကတည်း ကတောက်လျှောက်တိုက်လာတာပဲ။ NUG ကတော်လှန်ရေးမကြေညာခင်ကတည်းက တိုက်လာတာ၊ စစ်ကောင်စီဘက်ကတော့ ဒီကြေညာချက်အပြီးမှာ နယ်မြေကို ထိန်းချုပ်ချင်လာတဲ့သဘောရှိတယ် “ လို့ KNDF ဘက်က ပြန်ကြားရေးတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုတိုက်ပွဲတွေဆက်ဖြစ်လာတဲ့ အခြေအနေကြောင့် ဒေသတွင်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် ညှိနှိုင်းမှုတွေ၊ စားပွဲတင်ဆွေးနွေးမှုတွေလုပ်လာတဲ့ အခြေအနေရှိပေမယ့် ကရင်နီပြည်နယ်အတွင်းကဒေသကာကွယ်ရေးတပ်တွေအတွက်တော့ ဒီအခြေအနေတွေကမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

    “ ပထမတကြိမ် တရားဝင်စာတွေမထုတ်ပေမယ့် ညှိနှိုင်းမှုတွေလုပ်ခဲ့လို့ယာယီအပစ်အခတ်ရပ်ခဲ့ပေမယ့် သူတို့ဘက်က တရားဝင်စာထုတ်ပြန်လာလည်းမရှိခဲ့သလို၊ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုလည်း အကာကွယ်ပေးတာမရှိခဲ့ဘူး၊ ပစ်နေတာပဲ။ အခုဆွေးနွေးတယ်ဆိုတာ လူနည်းစုပါပဲ။ ကရင်နီပြည်နယ်အတွင်းက လက်နက်ကိုင်တွေအတွက်တော့ စားပွဲတင်ဆွေးနွေးမှုက ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။ စစ်ရှောင်ပြည်သူတွေကလည်းမယုံဘူး" လို့ KNDF ပြန်ကြားရေးတာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ကရင်နီပြည်နယ်ထဲမှာဆိုရင် အာဏာသိမ်းမှုဖြစ်စဉ်စခဲ့တဲ့ဖေဖော်ဝါရီလနောက်ပိုင်းကတည်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်ဖြစ်ခဲ့တာ ဒီကနေ့ထိတိုက်ပွဲပေါင်း ၆၀ ကျော်လာပြီလို့လည်း ဒေသကာကွယ်ရေးတပ်တွေကသတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မေလထဲမှာတော့ စစ်ရှောင်ပြည်သူတွေတိုးလာတာကြောင့်ဒေသခံအဖွဲ့အစည်းအစည်းတွေရဲ့ ညှိနှိုင်းမှုတွေနဲ့ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်ကြားပြီးခဲ့တဲ့ ဇွန်လထဲမှာ ယာယီအပစ်အခတ်ရပ်စဲခဲ့ပါသေးတယ်။

    ဒီနောက်ပိုင်းမှာပဲ ကရင်နီပြည်နယ်ထဲကကျေးရွာတွေ၊ လူနေအိမ်တွေမှာ ပစ်ခတ်မှုတွေ၊ လက်နက်ကြီးထိမှန်မှုတွေဆက်ဖြစ်လာတာကြောင့် တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်လာပြီး နှစ်ဖက်ကျဆုံးမှုတွေရှိလာတယ်လို့ ကရင်နီတပ်မတော် KNDFဘက်ကထုတ်ပြန်ထားပါတယ်။ ဒီကနေ့စက်တင်ဘာ ၁၇ ရက်နေ့မနက်ပိုင်းမှာလည်း လွိုင်ကော်မြို့နယ်အနီး ဒေါပိုစီနဲ့စံပြ ၆မိုင်ကျေးရွာအနီးမှာ ကရင်နီတပ်တော်နဲ့စစ်ကောင်စီကြား၄၅ မိနစ်ကြာတိုက်ပွဲဖြစ်ခဲ့ပြီး ကရင်နီတပ်တော်ဘက်က တပ်ကြပ်ကြီးတစ်ဦးလက်နက်ကြီးထိမှန်ကျဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

    အလားတူစစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိတဲ့အကြောင်းကိုလည်း KNDF ဘက်ကဒီရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့တလျှောက်သတင်းထုတ်ပြန်လာပါတယ်။ လက်ရှိမှာတော့ ဒီတိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်အတွင်းမှာ စစ်ဘေးရှောင်ဦးရေသိန်းဂဏန်းရှိလာပြီး စက်တင်ဘာလအတွင်းမှာပဲ ဒီးမောဆိုအနီးတဝိုက်မှာစစ်ဘေးတိမ်းရှောင်ရတဲ့ရွာပေါင်း ၁၅ ရွာဝန်းကျင်ထပ်တိုးလာတယ်လို့ကရင်နီပြည်နယ်အတွင်းစစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေကပြောပါတယ်။

    Kayah state

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, ရှေ့တန်းတနေရာမှာမြင်ရတဲ့ KNDF တပ်ဖွဲ့
  4. မိုးကုတ်မြို့က စစ်ကောင်စီသတင်းပေး လို့ သတင်းထွက်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင် သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံး

    မိုးကုတ်မြို့အရှေ့ပိုင်းက ရွှေဂူရပ်ကွက်မှာနေထိုင်တဲ့ စစ်ကောင်စီတပ်တွေကို သတင်းပေးတယ်လို့ နာမည်ကြီးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်ကျော်မိုးဆိုသူစက်တင်ဘာ ၁၆ ရက်နေ့ညနေပိုင်းက သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးမှုဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    " သူကအိမ်ရှေ့မှာကွမ်းယာရောင်းနေတာ၊ ကွမ်းယာဝယ်သလိုနဲ့ဝင်ပစ်သွားတာ။ သေနတ်သံ ၃ချက်ကြားလိုက်ရတယ်။ ဖြစ်ဖြစ်ပြီးချင်းစစ်သားတွေလာတာတော့မတွေ့ဘူး။ အရပ်ဝတ်နဲ့လူတွေလာသယ်သွားတယ် " အနီးအနားကဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    သေဆုံးခဲ့သူကိုအောင်ကျော်မိုးဟာဆိုရင် မိုးကုတ်မြို့ရဲ့မီးသတ်ဌာနမှာ တပ်စုမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး မိုးကုတ်မြို့အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းပြီးသတင်းပေးလို့ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းကဈေးကြီး တိုက်တန်းထောင့်မှာ ကြက်ဥအရောင်းဆိုင်ဖွင့်လှစ်ထားတဲ့ ကြံခိုင်ရေးပါတီဝင် ဇနီးမောင်နှံကို ဆိုင်ကယ်နဲ့လူတချို့ကဆိုင်အတွင်းသေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မိုးကုတ်မြို့အတွင်းမှာတော့ စစ်ကောင်စီတပ်တွေက လုံခြုံရေးတင်းကျပ်စစ်ဆေးတာတွေ၊ ညဘက်စစ်ဆေးမှုတွေနဲ့ရံဖန်ရံခါ သေနတ်ပစ်ဖောက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    Moegyoke, Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  5. ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အဂတိမှုတွေ ရုံးချိန်းပေး, နေပြည်တော်မှာ ပေါင်းစစ်မယ်လို့ဆို

    ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်မှာ စွဲဆိုထားတဲ့ အမှု ၄ မှုကို လာမယ့် အောက်တိုဘာ ၁ ရက် နေ့မှာ စတင်စစ်ဆေးဖို့ ရုံးချိန်းပေးလိုက်ပါပြီ။

    လက်ရှိစစ်နေတဲ့ နေပြည်တော်က ခြံနံပါတ် (၁) အထူးတရားရုံးမှာပဲ ပေါင်းစစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

    နှစ်ပတ်တစ်ခါ သောကြာနေ့တွေမှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က တရားသူကြီးက နေပြည်တော်မှာ လာစစ်မှာဖြစ်ပါတယ်။

    သူဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၅ နဲ့ အမှု ၄ မှု ဖွင့်ခံထားရပြီး အဲ့ဒီပုဒ်မက တစ်မှုကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချနိုင်ပါတယ်။

    အဲ့ဒီ ၄ မှု ထဲမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ (ခြောက်သိန်း) နဲ့ အကယ်ဒမီအခေါက်ရွှေ (၇) ပိဿာ ကို သုံးကြိမ်ခွဲယူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့က တစ်မှု စွဲထားပါတယ်။

    နောက်ထပ် အမှု ၃ မှု ကတော့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စွဲဆိုထားတာဖြစ်ပါတယ်။

    နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ရှည်ထောင်ဒဏ်တွေပါတဲ့ အမှု (၁၀) မှုနဲ့တရားစွဲခံထားရပါတယ်။

    ရန်ကုန်မှာစွဲထားတဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ စွဲထားတဲ့အမှုကိုလည်း နေပြည်တော်မှာပဲ ပေါင်းစစ်မှာ ဖြစ်ပါတယ်။

    Daw Aung San Suu Kyi

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    Daw Aung San Suu Kyi, Trial, Naypyitaw

    ဓာတ်ပုံ ရင်းမြစ်, MOI

  6. ၀နယ်က လူငယ်ကေဒါတွေအတွက် ပထမဆုံးပေးတဲ့ သင်တန်းက ဘယ်လို ထူးခြားပါလဲ

  7. မုံရွာက မြန်မာဘီယာဂိုဒေါင် ဗုံးပေါက်

    စစ်ကိုင်တိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်က မြန်မာဘီယာ ဂိုဒေါင်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ ည ၇ နာရီကျော်ခန့်က ဗုံးပေါက်ကွဲတဲ့ ရုပ်သံတစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

    စက်တင်ဘာလ ၁၆ ရက်နေ့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ မှန်ပြီး အဲ့ဒီရပ်ကွက်အတွင်းမှာ စစ်သားတွေ ကင်းလှည့်နေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဗုံးပေါက်ကွဲမှုကို (မုံရွာသံမဏိအဖွဲ့သားများ-MPDF ကိုယ်စားပြု)က သူတို့လုပ်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

    စက်တင်ဘာ ၁၄ ရက် မနက်ကလည်း မြဝတီရပ်ကွက် ကျောက္ကာလမ်းဘေးမှာရှိတဲ့ Mytel မိုင်တဲလ် (တိုင်းရုံး) ကို ဗုံးဖောက်ခွဲခဲ့ပါတယ်။

    အခုပေါက်ကွဲမှုရော မိုင်တဲလ် တိုင်းရုံးပေါက်ကွဲမှုမှာပါ ဝန်ထမ်းတွေ ဒဏ်ရာရ ထိခိုက်မှုမရှိဘူးလို့သိရကြောင်း ဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Screen shot

  8. ကယားပြည်နယ်ကတိုက်ပွဲဖြစ်တဲ့ ဒေသတွေကို ခရီးမသွားကြဖို့ သတိပေး

    ကယားပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါပိုးစီ နဲ့ စံပြ (၆)မိုင်ကျေးရွာတို့ကနေ ဖရူဆိုမြို့နယ် ကဒါးလားကျေးရွာအထိ၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းတစ်လျှောက် ညနေ ၆နာရီမှ နံနက် ၆ နာရီအထိ ခရီးသွားလာခြင်းမပြုဖို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

    ဒီကနေ့ စက်တင်ဘာလ (၁၆)ရက်နေ့ နံနက် ၈နာရီခွဲအချိန်မှာ ဒီးမော့ဆိုမြို့နယ် (၆)မိုင်ကျေးရွာအနီး တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေး(KNDF)ပူးပေါင်းတပ်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ဒီလိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄ ဦးခန့် ထိခိုက်ကျဆုံးခဲ့တယ်လို့ KNDF ကပြောပါတယ်။

    ။ ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ် ခြေရာတော်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ပစ်ခတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့တွေအနီးတစ်ဝိုက်မှာ ညဘက် ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    KA၊ KNDFပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး KNDF အနေနဲ့ စစ်ကောင်စီတပ်ကို ကယားပြည်နယ်တစ်ဝန်းလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်ပြီး အမြစ်ပြတ်ခြေမှုန်းသွားမယ်လို့ထုတ်ပြန်ထားပါတယ်။

    ကယားဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များ

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, ကယားဒေသခံ လက်နက်ကိုင်တပ်ဖွဲ့များ
  9. သတင်းသမားတွေကို ဖမ်းဆီးမှုပိုများလာပြီး စွဲဆိုတဲ့ ပုဒ်မတွေပြင်းထန်လာတယ်လို့ ဥပဒေပညာရှင်တွေကပြော

  10. မန္တလေးမှာ ဆန္ဒပြမှုတွေရှိ

    စစ်ကောင်စီတပ်တွေက ဖမ်းဆီးမှုတွေ ရှာဖွေမှုတွေရှိခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားတဲ့ မန္တလေးမှာ ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်။

    မြတောင်သပိတ်စစ်ကြောင်း ဆိုပြီး ပိုစတာကိုင်ထားတဲ့ ဆန္ဒပြသူ အချို့ဟာ လမ်းပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပြီးစစ်အာဏာရှင်ကို ဘယ်တော့မှ ဒူးမထောက်ဖူးဆိုတဲ့ စာတန်းပါတဲ့ ပိုစတာတွေကိုလည်း ကိုင်ဆွဲခဲ့ကြပါတယ်။

    ဆန္ဒပြသူတွေလူငယ်တွေ အများစုဖြစ်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်အချို့ပါဝင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    စက်တင်ဘာ ၁၆ ရက် မန္တလေးက ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Spring Diary

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၁၆ ရက် မန္တလေးက ဆန္ဒပြပွဲ
    No tag

    ဓာတ်ပုံ ရင်းမြစ်, Spring Diary

  11. ကုလအထွေထွေညီလာခံ- အရည်ချင်းစစ်ကော်မတီဝင် နိုင်ငံတွေ အပေါ် ဆန်းစစ်ခြင်း

  12. ငါးထောင်တန်နဲ့ တစ်သောင်းတန်ဖျက်တယ်ဆိုတဲ့ အမိန့်စာ အတု လို့ စစ်ကောင်စီထုတ်ပြန်

    လူမူကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ကျပ် ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီကစပြီး တရားဝင်‌ငွေစက္ကူအဖြစ်က ရပ်စဲလိုက်တယ်ဆိုတဲ့စာဟာ အတုဖြစ်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောပါတယ်။

    အဲ့ဒီ့ အမိန့်စာအတုမှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးထားပြီး ငွေကြေးတန်ဖိုး ကျဆင်းခြင်းနဲ့ ငွေကြေး‌ဖောင်းပွမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဒီအမိန့်ကို ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

    ဒီစာကို မသမာသူအချို့က ထုတ်ပြန်တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပြီး ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ယုံယုံကြည်ကြည် သုံးကြဖို့ကိုလည်း စစ်ကောင်စီက ပြောပါတယ်။

    စစ်ကောင်စီ လက်ရှိကိုးကားပြီးပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ငွေစက္ကူတွေကို ဖျက်သိမ်းတာကို တားမြစ်ထားပါတယ်။

    တစ်သောင်းတန် ကို ၂၀၁၂ ဇွန်လ ၁၅ ရက်နေ့က စတင် ထုတ်ဝေ
    ဓာတ်ပုံ ပုံစာ, တစ်သောင်းတန် ကို ၂၀၁၂ ဇွန်လ ၁၅ ရက်နေ့က စတင် ထုတ်ဝေ
  13. လောင်းလုံးမြို့က ကိုဗစ်စင်တာအချို့ အပိတ်ခံရ

    ထားဝယ်ဒေသ၊ လောင်းလုံးမြို့နယ်ထဲက ကျေးရွာ အချို့မှာ ဖွင့်လှစ်ထားတဲ့ ကိုဗစ်စင်တာအချို့အား လာရောက်ပိတ်ခိုင်းထားတယ်လို့ သိရကြောင်း ထားဝယ်အခြေစိုက် Dawei Watch သတင်းဌာနကရေးပါတယ်။

    လောင်းလုံးမြို့နယ်က ဝေဒီ၊ ရေဖြူ၊ ကဒက်ကြီးကျေးရွာသုံးရွာက ကိုဗစ်စင်တာကို ပိတ်ရန်အတွက် ရဲနှင့် စစ်သားများ ရွာအတွင်းလာရောက်စစ်ဆေးစဉ် မှာသွားခဲ့ကြောင်း ဒေသခံအချို့က ပြောတာကို ကိုးကားပြီးရေးပါတယ်။

    လောင်းလုံးမြို့နယ်ဟာ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုတွေ နေ့စဥ်နီးပါးပြုလုပ်နေတဲ့ ထားဝယ်ခရိုင်ထဲက မြို့နယ်ဖြစ်ပါတယ်။

    ဒီရွာတွေဟာ ကျေးရွာစာသင်ကျောင်းတွေကို ကိုဗစ်စင်တာအဖြစ်ဖွင့်လှစ်ထားပြီး ကိုဗစ်လူနာတွေကို ကုသပေးနေတာဖြစ်ပါနတယ်။

    ဝေဒီ ရွာက ကိုဗစ်စင်တာကို မနက်ဖြန်စက်တင်ဘာလ ၁၆ ရက်နေ့ ပိတ်ဖို့နဲ့ ရေဖြူ ကိုဗစ် စင်တာကို စက်တင်ဘာလ ၂၄ ရက်နေ့နောက်ဆုံးထားပြီး ပိတ်ဖို့ စစ်ကောင်စီတပ်တွေက ပိတ်ဖို့မှာသွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    အဲ့ဒီ ကိုဗစ်စင်တာတွေကို ဘာကြောင့်ပိတ်ခိုင်းတယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံတွေကိုယ်တိုင်လည်း နားမလည် ဖြစ်နေကြောင်းလည်း ထားဝယ်ဒေသခံတွေက ပြောပါတယ်။

    လောင်းလုံးက သြဂုတ်လ ၂၈ အမျိုးသမီးသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လောင်းလုံးက သြဂုတ်လ ၂၈ အမျိုးသမီးသပိတ်
  14. မြိုင်မြို့နယ်ထဲက ရွာတချို့ မီးရှို့ခံရ၊ မီးလောင်ပျက်စီးနေတဲ့အလောင်းတွေ ထပ်တွေ့

    မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ထဲက အေးချမ်းသာစံပြကျေးရွာအတွင်းမှာမနေ့ စက်တင်ဘာ ၁၅ ရက်နေ့ညနေပိုင်းမှာနေအိမ်တွေမီးရှို့ဖျက်ဆီးခံခဲ့ရပြီး မီးလောင်ပျက်စီးနေတဲ့ ရုပ်အလောင်း ၂ လောင်းကိုတွေ့ခဲ့တယ်လို့ဒေသခံရွာသားတွေကပြောပါတယ်။

    စစ်ကောင်စီတပ်တွေက ကျေးရွာတွေအနီးလှည့်လှည်တပ်စွဲပစ်ခတ်မှုတွေကြောင့် အေးချမ်းသာစံပြကျေးရွာထဲမှာ သက်ကြီးရွယ်အိုတချို့သာကျန်ခဲ့ချိန် အခုလို နေအိမ်တွေမီးရှို့ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူ ၂ဦးကတော့ သက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ဖို့ကျန်ခဲ့တဲ့လူငယ်တွေဖြစ်တယ်လို့ရွာသားတွေကပြောပါတယ်။

    " ၁၄ ရက်နေ့ကတည်းဖြစ်တာပါ။ မနေ့ကညနေကမှ ရွာနားပြန်ကပ်လို့ရလို့အလောင်းတွေတွေတာ။သေသွားတဲ့လူငယ်တွေကို PDF တွေထင်ပြီးလုပ်သွားတာ။ သူတို့ကရွာထဲက သက်ကြီးရွယ်အိုမိဘတွေကိုစောင့်ရှောက် ဖို့နေခဲ့တာ။ အခုရွာထဲက အိမ်တွေ၊ ကားတွေ၊ ဆိုင်ကယ်တွေ အကုန်မီးရှို့သွားတယ်။အခုတွေ့ရတဲ့အလောင်း ၂လောင်းအပြင်သေတဲ့လူတစ်ယောက်ရှိသေးတယ်။ အလောင်းတော့ပြန်မရသေးဘူး။ ဒဏ်ရာရနေတဲ့ရွာသားနှစ်ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်" လို့ ဒေသခံရွာသားတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ မြိုင်မြို့နယ်ထဲက အေးချမ်းသာစံပြကျေးရွာ၊ ဌေးအောင်ရွာ၊ ပန်းရွာစတဲ့ကျေးရွာတွေအပြင် အနီးအနားက ရွာပေါင်း ၇ရွာလောက်ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ရွာသားတွေကပြောပါတယ်။

    မြိုင်မြို့နယ်မှာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ အခုလိုအနီးအနားမှာရှိတဲ့ရွာတွေမှာ ပစ်ခတ်မှုတွေ၊ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေဆက်ဖြစ်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မြိုင်က အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။

    Myine, Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မော်တော်ယာဉ်တစ်စီးလည်း မီးလောင်ပျက်စီးနေ
    Myine, Magway

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဆိုင်ကယ်တချို့မီးရှို့ဖျက်ဆီးခံထားရ
  15. ကမာရွတ်မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်စီးနင်းပြီး ၆ ဦးထက် မနည်းဖမ်းဆီးခံရ

    ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၇ရပ်ကွက်မှာရှိတဲ့ ပြည်ရိပ်မွန်အိမ်ရာအတွင်းကို မနေ့စက်တင်ဘာ ၁၅ရက်နေ့ည ၁၀ နာရီဝန်းကျင်ကစပြီး သန်းခေါင်းကျော်အချိန်ထိ စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး ပြည်သူ ၆ ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    စစ်ကောင်စီကား ၇ စီး၊ အိမ်စီးကား ၂ စီးနဲ့ စစ်သားနဲ့အရပ်ဝတ်အင်အား ၄၀ ဝန်းကျင်လောက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး နေအိမ်တိုက်ခန်းတွေကဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့လူငယ်တချို့ကို တိုက်အောက်ဘက်တွေမှာ ရိုက်နှက်စစ်ဆေးနေတာတွေကိုလည်း ပြည်သူတချို့မှတ်တမ်းတင်ထားတာတွေလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ထွက်ပေါ်လာပါတယ်။

    နေအိမ်တိုက်ခန်းတချို့ပေါ်ကို စစ်ကောင်စီတပ်တွေတက်သွားတဲ့အချိန်မှာတော့ သေနတ်ပစ်ဖောက်သံတွေနဲ့ မိန်းကလေးအော်သံတွေကိုကြားလိုက်ရပြီး အမျိုးသမီးတချို့လည်း ဖမ်းဆီးခံလိုက်ရတယ်လို့ အနီးအနားကမြင်တွေ့သူတွေကဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ ဝင်ရောက်ဖမ်းဆီးနေတဲ့မြင်ကွင်းတွေကို တိုက်ပေါ်က ဓာတ်ပုံရိုက်ယူနေတဲ့ ပြည်သူတစ်ဦးကိုလည်းဖမ်းဆီးသွားခဲ့ပြီး မနေ့က တစ်ညတည်း ဖမ်းဆီးခံရသူ ၆ ဦးထက်မနည်းရှိနေတယ်လို့ ကမာရွတ်မြို့နယ်အတွင်းနေထိုင်သူတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနိုင်ငံတဝန်း တော်လှန်ရေး စတင်ကြဖို့ ကြေညာချက်အပြီးမှာ ညဘက်စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ ဖောက်ခွဲပစ်ခတ်မှုတွေ ပိုများလာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာလည်း ပစ်ခတ်ခံရလို့သေဆုံးမှုတွေလည်း ပိုများလာနေပါတယ်။

  16. မြန်မာအတွက် ကိုဗစ်ကာကွယ်ရေး အထောက်အကူပြု ဆေးဝါးပစ္စည်း ပထမအသုတ် အာဆီယံပေးအပ်

    မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုကို တုံ့ပြန်ဆောင်ရွက်ရာမှာ အထောက်အကူပြုစေနိုင်ဖို့ အမေရိကန်ဒေါ်လာ ၁.၁ သန်းတန်ဖိုးရှိတဲ့ ဆေးဝါးပစ္စည်းတွေ မြန်မာနိုင်ငံကို ဒီကနေ့ စက်တင်ဘာလ ၁၅ ရက်နေ့က ပေးအပ်ခဲ့တယ်လို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းက ထုတ်ပြန်ပါတယ်။

    မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဖြန့်ဝေပေးမယ့် အဲဒီ ဆေးပစ္စည်းတွေကို အွန်လိုင်း အခမ်းအနားနဲ့ အတွင်းရေးမှူးချုပ် Dato Lim Jock Hoi က လွှဲအပ်ခဲ့တာပါ။

    မြန်မာနိုင်ငံအတွက် အာဆီယံက လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ သြဂုတ်လ ၁၈ ရက်နေ့က ကတိကဝတ်တွေ ပြုခဲ့ကြပြီးနောက် အခု ပထမအသုတ် ပေးအပ်တာဖြစ်ပါတယ်။

    အခု တစ်သုတ်ပေးတဲ့ အကူအညီတွေကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တူရကီ စတဲ့ လေးနိုင်ငံနဲ့ Temasek Foundation International တို့က ထောက်ပံ့တာပါ။ ကူညီသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ဒီအကူအညီတွေကြောင့် အခက်အခဲ အကျပ်အတည်းကာလကို ရင်ဆိုင်နေရတဲ့ မြန်မာ ပြည်သူတွေအတွက် သက်သာရာရစေလိမ့်မယ်လို့ ယုံကြည်ကြောင်း အာဆီယံ အတွင်းရေးမှူးချုပ် Dato Lim Jock Hoi ကပြောပါတယ်။

    လူသားချင်းစာနာမှု ဆိုင်ရာ ပထမအဆင့် အရေးပေါ် အကူအညီနဲ့ နောက်ပိုင်း ဒုတိယအဆင့် အကူအညီ အတွက် တခြားနိုင်ငံတွေကလည်း ပံ့ပိုးကူညီကြပါလို့ အတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။

    ပထမအဆင့် အရေးပေါ် အကူအညီအတွက် နောက်တစ်သုတ်ကို ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ စင်္ကာပူနဲ့ ဗီယက်နမ် နိုင်ငံတို့က တခြားအလှူရှင်နိုင်ငံတွေ အဖွဲ့အစည်းတွေနဲ့ အတူ ပံ့ပိုးပေးလိမ့်မည်လို့ မျှော်လင့်ရကြောင်းလည်း သူက ပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, ASEAN

  17. မြန်မာနိုင်ငံမှာ တယ်လီနော ဆက်နေဖို့ ဘာကြောင့် မဖြစ်နိုင်တာလဲ

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မြန်မာစစ်တပ်ရဲ့ ဖိအားတွေကြောင့် တယ်လီနော ကုမ္ပဏီက မြန်မာ နိုင်ငံတွင်းမှာ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

    နော်ဝေနိုင်ငံပိုင် တယ်လီနောကုမ္ပဏီရဲ့ ဝန်ဆောင်မှုကို သုံးစွဲသူတွေရဲ့ ဆက်သွယ်မှုတွေကို မြန်မာ အာဏာပိုင်တွေ ကြားဖြတ် ဖမ်းယူနိင်မယ့် ကိရိယာတွေ တပ်ဆင်ပေးမှသာ မြန်မာ နိုင်ငံမှာ ဆက်နေလို့ရမယ် ဆိုတာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအရ ပိုပြီး ရှင်းရှင်းလင်းလင်း သိလာရတယ်လို့ တယ်လီနော ကုမ္ပဏီရဲ့ ထုတ်ချက်မှာ ဖော်ပြပါတယ်။

    ကြားဖြတ် ထောက်လှမ်းနိုင်မယ့် နည်းပညာ စတင်အသုံးပြုနိုင်အောင် လုပ်ပေးဖို့ မြန်မာစစ်အစိုးရဘက်က ဖိအားတွေ အဆက်မပြတ်ပေးတာ ခံရပြီးနောက်မှာ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တယ်လီနောရဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ ကုမ္ပဏီရဲ့ အာရှဌာနခွဲ အကြီးအကဲက ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

    ဆက်သွယ်ရေး ကြားဖြတ်ဖမ်းယူတဲ့ ကိရိယာတွေကို နော်ဝေအစိုးရ ကရော နိုင်ငံတကာကပါ တားမြစ်ထားတာဖြစ်ပြီး ဒါတွေကိုသုံးနိုင်အောင် လုပ်ပေးဖို့လည်း တယ်လီနော ကုမ္ပဏီအနေနဲ့ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

    ဒါ့အပြင် သုံးစွဲသူတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေရေးရာနဲ့ စည်းမျဉ်းစည်းကမ်း ဆိုင်ရာ မူဘောင်တွေ၊ အခြေခံ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာစောင့်ထိန်းမှုမျိုး လောလောဆယ် မြန်မာနိုင်ငံမှာ မရှိဘူးလို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    သုံးစွဲသူတွေရဲ့ ဆက်သွယ်မှုတွေကို ကြားဖြတ်စောင့်ကြည့်ဖမ်းယူတာဟာ တယ်လီနော ကုမ္ပဏီရဲ့ တန်ဖိုးထားမှုနဲ့ စံနှုန်းတွေကို ချိုးဖောက်ရာကျတယ်လို့လည်း ဆိုပါတယ်။

    တယ်လီနောကုမ္ပဏီအနေနဲ့ အခုအချိန်အထိ ကြားဖြတ်ဖမ်းယူနိုင်အောင် လုပ်ဆောင်ပေးထားတာမျိုး မရှိသလို ကုမ္ပဏီရဲ့ ဆန္ဒ သဘောအရ ဒါမျိုး လုပ်ဆောင်မှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။

    မြန်မာနိုင်ငံက လုပ်ငန်းတွေကို M1 ကို ရောင်းမယ်လို့ တယ်လီနောက ကြေညာလိုက်ပြီးနောက်မှာဝန်ထမ်းတွေလုံခြုံရေးနဲ့ စံထားမှုတွေအတိုင်းဆက်အလုပ်လုပ်လို့ မရနိုင်တော့တဲံ အချိန်ရောက်လာလို့ ထွက်ခွာဖို့ ဆုံးဖြတ်ရတာဖြစ်တယ်လို့ဆိုပါတယ်။

  18. ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့အမှု နေပြည်တော်ကို ရုံးပြောင်းမိန့်ချ

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှာ စွဲထားခဲ့တဲ့ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်အမှုကို ပြည်ထဲရေးဝန်ကြီးဌာနက နေပြည်တော်ကိုရုံးပြောင်းဖို့တောင်းဆိုခဲ့တာ အမိန့်ကျလာပြီလို့ ရှေ့နေတွေကပြောပါတယ်။

    ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် လည်းပါဝင်ပြီး သူ့ရဲ့ လက်(ပ်)တော့ နဲ့ စာရွက်စာတမ်းတွေမှာတွေ့ရတဲ့ အချက်အလက်တွေအရ တရားစွဲဆိုထားတာဖြစ်ပါတယ်။

    ဒီအမှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ရှောင်တာနယ် အပါအဝင် စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ ကိုပါ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

    နေပြည်တော် ဘယ်ရုံးကို ပြောင်းတယ်ဆိုတာ မသိရသေးကြောင်းနဲ့ ဒီအမူနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ သြစတေးလျနိုင်ငံသား ရှောင်တာနယ်နဲ့ ဝန်ကြီးဟောင်းတွေကို ရန်ကုန်အင်းစိန်ထောင်ထဲမှာ ရှိပြီး သူနဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွှက်မယ်ဆိုတာလည်း မသိရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

    ဒီအမှုနဲ့ ပတ်သက်ပြီးစစ်ဆေးမှုတွေ မစရသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်ရှေ့နေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. ဗဟိုဘဏ်က ဒေါ်လာ ၈ သန်းထုတ်ရောင်း

    စစ်ကောင်စီခန့် ဗဟိုဘဏ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက် နေ့ကဒေါ်လာ ၁၃ သန်းထုတ်ရောင်းပြီး ၂ ရက်အကြာမှာပဲ စက်တင်ဘာ ၁၅ ရက်နေ့ ဒီကနေ့မှာ ဒေါ်လာ ၈ သန်းထပ်ပြီး ထုတ်ရောင်းခဲ့ပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ‌ဒေါ်လာစျေးတွေ တစ်ဒေါ်လာကို ၂၀၀၀ ကျပ်အထက်စျေးပေါက်ခဲ့ပေမဲ့ အခုတော့ ဒေါ်လာစျေးဟာ ၁၉၀၀ ဝန်းကျင်အထိ ပြန်လည် ကျဆင်းလာခဲ့ပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာနဲ့ မြန်မာ‌ငွေတို့ ဝယ်ရောင်းလုပ်ရာမှာ အများဆုံးထားရမဲ့ ကွာဟချက်ကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီး နူန်းရှင်ဖြစ်လာခဲ့ပါတယ်။

    ဗဟိုဘဏ်က စက်တင်ဘာလ ၁၅ ရက်နေ့ အမေရိကန်တစ်ဒေါ်လာကို ၁၇၅၀ ကျပ်နူန်းနဲ့ ဒေါ်လာ ၁၅ သန်းရောင်းချပေးခဲ့သလို စက်တင်ဘာလ ၁၃ ရက် နေ့ကလည်း ၁၇၅၀ ကျပ်နဲ့ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

    ရန်ကုန်မှာ ဒေါ်လာ အဝယ် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၉၀၀ ခန့် ကောင်တာတွေက စျေးပေးကြတာရှိပြီး သူတို့ဆီက ဝယ်ရင်တော့ ကျပ် ၁၉၄၀ ဝန်းကျင်ခန့်နဲ့ ဝယ်လို့ရတယ်လို့ စျေးနူန်းထုတ်ပြန်ထားပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images