ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကယားပြည်နယ်မှာ ဖမ်းဆီးခံရတာ အိုးအိမ်စွန့်ပြေးနေရတာတွေ ဆက်ရှိနေ

    ကရင်နီ လူမှု အသင်းအဖွဲ့များကွန်ရက်ရဲ့ နှစ်ပတ်တစ်ကြိမ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကယားပြည်နယ်နဲ့ ဖယ်ခုံမြိုနယ်အတွင်း စစ်ကောင်စီရဲ့ ကျူးလွန်မှုများဆိုပြီး ရက်စွဲအလိုက် ဖြစ်ရပ်တွေကို ဖော်ပြထားပါတယ်။

    သြဂုတ်လ ၃၀ ရက်နေ့ကနေ စက်တင်ဘာလ ၁၂ ရက်နေ့အထိ ဒေသတွင်းမှာ စစ်ကောင်စီ တပ်ဖွဲ့တွေကြောင့် သေဆုံးခဲ့ရသူ ၄ ယောက်၊ ဖမ်းဆီးခံရသူ ၉ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၄ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

    အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ကနေ စက်တင်ဘာ ၁၂ ရက်နေ့ အထိဆိုရင်တော့ သေဆုံးသူ ၈၆ ယောက်နဲ့ အဖမ်းခံရသူ ၁၇၉ ယောက် ရှိတယ်လို့ ဆိုပါတယ်။

    ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖယ်ခုံ၊ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ဘော်လခဲမြို့နယ်တွေ အတွင်းမှာ နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆင်ရေးတွေ ဆက်လက် လုပ်ဆောင်နေပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်တိုင်းမှာ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အရပ်သားတွေကို ပစ်ခတ်တာတွေ ရှိတယ်လို့လည်း ဖော်ပြပါတယ်။

    သြဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၂ ရက်နေ့ အထိ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေ၊ ဖမ်းဆီးမှုတွေ၊ အရပ်သားတွေကို ပစ်ခတ်ပြီးဖမ်းဆီးခေါ်ဆောင်သွားတဲ့ အခြေအနေတွေကိုလည်း သက်ဆိုင်ရာ ဒေသခံ မျက်မြင်သက်သေတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    KNPP နဲ့ KNDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာမှုနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် စက်တင်ဘာလအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးသွားခဲ့ရသူတွေ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

    ဒီးမော့ဆိုမြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာက ရွာသား ၃၀၀၀ ကျော် ထပ်မံထွက်ပြေးခဲ့ကြရတာကိုလည်း ဖော်ပြထားပါတယ်။ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူတွေနဲ့ အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှု အများဆုံးရှိတဲ့ မြို့နယ်က ဒီ့မော့ဆိုမြို့နယ် ဖြစ်တယ် ဆိုတာ ကရင်နီ လူမှု အသင်းအဖွဲ့များ ကွန်ရက်ရဲ့ စာရင်း အရ တွေ့ရပါတယ်။

    အာဏာသိမ်းမှု စတင် ကတည်းက စက်တင်ဘာလ ၁၂ ရက်နေ့ အထိ ကရင်နီပြည်နယ် အတွင်းမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးကြရသူ စုစုပေါင်းက ၁၂၉၄၄၉ ယောက် ရှိပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

    မီးရှို့ခံရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်

    ဓာတ်ပုံ ရင်းမြစ်, KNDF

    ဓာတ်ပုံ ပုံစာ, မီးရှို့ခံရတဲ့ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်
  2. စစ်ကောင်စီက မန္တလေး သမိုင်းဝင် ဘုရားတွေရဲ့ ရ‌ငွေ သုံးငွေစာရင်းရှင်းတမ်းတောင်း

    မန္တလေးခရိုင် မြို့နယ်အတွင်းက ဘုရားတွေရဲ့ ရငွေ၊ သုံးငွေ စာရင်းရှင်းတမ်းကို လစဉ်နောက်ဆုံးပတ်အတွင်း စစ်ကောင်စီ စီမံအုပ်ချုပ်ရေး အဖွဲ့ကို ပေးပို့ရမယ်လို့ ကြေညာချက် ထွက်ပေါ်လာခဲ့ပါတယ်။

    "စာရောက်ပါပြီ။ အလှူငွေ စာရင်းပေါ့။ အရင်က ဒီလိုစာထွက်တာမရှိပေမဲ့ ဩဝါဒဆရာတော်တွေထံ ဘုရားက အလှူရငွေကို လစဉ် ရငွေ၊သုံးငွေ စာရင်းအပ်တယ်။ ပြီးရင် မြို့နယ် သံဃာနာယက ပြီးရင် မြို့နယ်အုပ်ချုပ်ရေးကို ပို့တယ်။ကြေညာချက်စာထုတ်တာ ဒါပထမဆုံးပါပဲ။ အလှူခံပုံး မဖွင့်တာတောင် တစ်နှစ်ကြာပြီ။ ဘုရားလူမှ မလာတာ။ မရှိဘူးပေါ့ " လို့ အမရပူရမြို့နယ်တွင်း ၂၀၁၉ခုနှစ်ထိ နေ့စဉ်ဘုရားဖူး ငါးရာကျော် လာလေ့ရှိတဲ့ ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မန္တလေးခရိုင်အတွင်း တည်ထားကိုးကွယ်တဲ့ သမိုင်းဝင် ဘုရားတွေရဲ့ ရငွေသုံးငွေကို မြို့နယ်အလိုက် စုစည်းပြီး ယခုလက စတင်ကာ လစဉ်နောက်ဆုံးအပတ်အတွင်း စာရင်း ၂ စုံ ပေးပို့ရမှာဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

    စက်တင်ဘာ ၁၂ရက် နေ့စွဲနဲ့ စစ်ကောင်စီက မြို့နယ်စီမံချုပ်ရေးအဖွဲ့ကနေ မြို့နယ်အလိုက် ဂေါပကအဖွဲ့တွေကို ဘုရားအလှူခံငွေရရှိတဲ့ လစဉ် ငွေစာရင်းရှင်းတမ်းတွေကို စုစည်းပြီး ပြန်လည်တင်ပြသွားဖို့ အကြောင်းကြားချက်လို့ ပေးပို့စာမှာ ဖော်ပြထားပါတယ်။

    ဒီလို ဘုရားအလှူငွေက ရရှိစာရင်းတင်ပြဖို့ ပေးပို့စာကို မန္တလေးမြို့က ဘုရားဖူးအလာများတဲ့ ဘုရားတချို့နဲ့ ဂေါပကအဖွဲ့ရှိတဲ့ တချို့ ဘုရားတွေကိုတော့ ပေးပို့စာရောက်မလာသေးဘူးလို့ နီးစပ်တဲ့အသိုင်းဝိုင်းကနေ သိရပါတယ်။

    အခုလို မန္တလေးက ဘုရားတွေကို စါရင်းတောင်းတာနဲ့ပတ်သက်လို့ လက်ခံနိုင်စရာ အကြောင်းမရှိဘူးလို့ မန္တလေးမြို့က ဆရာတော်တစ်ပါးက ပြောပါတယ်။

    မန္တလေးအနောက်ပြင်က ရတနာမဉ္ဇူဘုရား

    ဓာတ်ပုံ ရင်းမြစ်, RATHA GARDREN

    ဓာတ်ပုံ ပုံစာ, မန္တလေးအနောက်ပြင်က ရတနာမဉ္ဇူဘုရား
  3. ကုန်စျေးနူန်းတွေတက်လို့ ရခိုင်စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲ

    ရခိုင်ပြည်နယ်မှာ အခုလအတွင်း ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်လာနေတဲ့အတွက် စစ်တွေမြို့က ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ စားဝတ်နေရေးအခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

    စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကူညီမှုတွေကို မှီခိုနေကြရတာဖြစ်ပြီး ကျန်းမာရေးနဲ့အခြားကိစ္စရပ်တွေအတွက် လိုအပ်တဲ့ငွေကြေးတွေကို မြို့ပေါ်မှာ ကြုံရာကျဘန်းလုပ်ကိုင်ပြီး ရပ်တည်နေကြရတာဖြစ်ပါတယ်။

    လက်ရှိမှာတော့ သူတို့ကိုထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် WFP က လူတစ်ဦးကို တစ်လစာအတွက် ကျပ်တစ်သောင်းခွဲစီထောက်ပံ့ပေးနေတဲ့ အထောက်အပံ့တွေလည်း ပြတ်လပ်နေတဲ့အပြင် အလုပ်တွေလည်းမလုပ်ကိုင် ကြရတာကြောင့် ဝင်ငွေတွေလည်းမရှိကြတဲ့ကြားထဲ ကုန်ဈေးနှုန်းတွေပါ ဆက်လက်မြင့်တက်လာနေတာကြောင့် အသားဟင်းတွေတောင်ဝယ်မစားနိုင်ကြတော့ဘဲ ဖြစ်နေရတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

    တချို့ ဒုက္ခသည်အမျိုးသမီးတွေကတော့ ဝင်ငွေရရှိဖို့အတွက် တစ်ပိုင်တစ်နိုင်ဈေးရောင်းချကြပေမဲ့ လတ်တလောမှာ လူတွေ အကျပ်အတည်းနဲ့ကြုံနေကြရတဲ့အတွက် ရောင်းချရတာလည်း တွက်ခြေမကိုက်တာကြောင့် တစ်နေ့တာစားရေးသောက်ရေး အတွက် မဖူလုံနိုင်ဘူးလို့ဆိုကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. အင်တာနက်ဖြတ်တောက်ခံရတာ တလလောက်ရှိလာတဲ့ ဖားကန့်အခြေအနေ, တိုင်းဒေသကြီးတချို့မှာလည်း အင်တာနက်ပြတ်တောက်မှုတွေ ထပ်ရှိလာ

    ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာ တလနီးပါးကြာမြင့်ချိန်မှာတော့ ဒေသခံတွေရဲ့အရောင်းအဝယ်လုပ်ရတဲ့စီးပွားရေးကိစ္စတွေမှာအခက်ကြုံတာတွေ ရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ လုံးခင်၊ ဆိပ်မူ၊ တာမခန်၊ ဟောင်းပါး၊ ဆယ်ဇင်း စတဲ့ နေရာတွေမှာပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကစပြီး အင်တာနက်ဖြတ်တောက်ခံခဲ့ရတာဖြစ်ပြီး ကျောက်စိမ်းဈေးကွက်ကိုအားထားပြီး ဝင်ငွေရှာဖွေနေရတဲ့ ဒေသခံတွေမှာတော့ အရောင်းအဝယ်တွေအဆင်မပြေဖြစ်လာတယ်လို့ ပြောပါတယ်။

    "အင်တာနက်တွေဖြတ်၊ လိုင်းမရတော့ လုပ်ရကိုင်ရတာလည်းအဆင်မပြေဘူးလေ။အရောင်းအဝယ်ကလည်းမကောင်းဘူး။ ကျောက်ဝိုင်းလည်းမဖြစ်ဘူး။ လူတွေကလည်းမသွားရဲမလာရဲကြဘူး။ လက်ဖက်ရည်ဆိုင်လောက်ပဲလူနည်းနည်းရှိတယ်။ ညပိုင်းဆိုရင်လည်းကြောက်ရတယ် " လို့ဖားကန့်ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီလိုအင်တာနက်ဖြတ်တောက်ခံထားရတဲ့အခြေအနေတွေကြောင့် ကျောက်စိမ်းဈေးကွက်ကိုအဓိကထားရတဲ့ဒေသခံအများစုဟာ အခက်အခဲဖြစ်နေပြီး ကျောက်စိမ်းဈေးကွက် ပျက်လုနီးနီးဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဖားကန့်ကို အင်တာနက်ဖြတ်တောက်ထားတာဟာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)နဲ့စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ သတင်းတွေကြောင့် ကြိုတင်ဖြတ်တောက်တာဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အခုလိုအင်တာနက်ဖြတ်တောက်ခံရတာနဲ့ပတ်သက်လို့ဒေသခံတွေက သက်ဆိုင်ရာ အင်တာနက်ဆက်သွယ်ရေးကုမ္ပဏီကိုတွေဆက်သွယ်မေးမြန်းရာမှာတော့ စစ်ကောင်စီဘက်ကဖြတ်တောက်ခိုင်းတယ်ဆိုတဲ့ သဘောပြန်လည်ဖြေဆိုတယ်လို့လည်း ဖားကန့်ဒေသခံတွေကဆိုပါတယ်။

    ဖားကန့်မှာ အင်တာနက်ဖြတ်တောက်ထားတာနဲ့ပတ်သတ်ပြီး ဘီဘီစီက ဆက်သွယ်ရေးကုမ္ပဏီတွေဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။ ဒီရက်ပိုင်းအတွင်းမှာတော့ ဖားကန့်ဒေသမှာ တိုက်ပွဲတွေငြိမ်နေပေမယ့် ရဟတ်ယာဉ်ပျံသန်းမှုတွေ ရက်ခြားဆိုသလို တနေ့ကိုနှစ်ကြိမ်လောက် ပျံသန်းတာတွေရှိနေပြီး စစ်အင်အားတိုးချဲ့ချထားတယ်ဆိုတဲ့ဒေသတွင်းသတင်းတွေလည်းထွက်ပေါ်နေပါတယ်။

    အင်တာနက်ပြတ်တောက်မှု အခြေအနေတွေနဲ့ပတ်သက်ပြီး မနေ့စက်တင်ဘာ ၁၄ရက်နေ့ကစပြီး မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ မြင်းခြံမြို့တို့အပါအဝင် စစ်ကိုင်းတိုင်းထဲက ဘုတလင်၊ ယင်းမာပင် အရာတော်၊ကနီ၊ ပုလဲ ၊မြောင်၊ မကွေးတိုင်း တောင်တွင်းကြီး မြို့တွေဘက်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတယ်လို့ ဒေသခံတွေကပြောဆိုထားပါတယ်။ အခုလိုတိုင်းဒေသကြီး တချို့မှာအင်တာနက်လိုင်းတွေပြတ်တောက်နေတာနဲ့ပတ်သက်လို့ ဘာကြောင့်ဖြတ်တောက်ထားရသလဲနဲ့ ဘယ်လောက်ကြာမလဲဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

  5. အိမ်ငှားရမ်းနေထိုင်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေ ရပ်ကွက်ရုံးကိုပို့ဖို့လိုက်လံကြေညာ, တရားရုံးရဲ့ဆုံးဖြတ်ချက်တွေစောင့်ကြည့်ရမယ်လို့ ဥပဒေပညာရှင်သုံးသပ်

    ရန်ကုန်မြို့တွင်းက မြို့နယ်၊ ရပ်ကွက်တွေမှာ အိမ်ငှားရမ်းနေထိုင်သူတွေနဲ့ပတ်သက်လို့ ဧည့်စာရင်းတိုင်ဖို့၊ အိမ်ငှားရမ်းနေထိုင်သူတွေရဲ့အချက်အလက်တွေကို သက်ဆိုင်ရာအိမ်ရှင်တွေကရပ်ကွက်ရုံးတွေကို အကြောင်းကြားဖို့လိုက်လံကြေညာတာတွေရှိနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့မှာ စစ်ကောင်စီက အကြမ်းဖက်မှုနဲ့ ပတ်သက်ဆက်နွှယ်တယ်လို့ ထင်ရှားပေါ်ပေါက်တဲ့နေအိမ်တိုက်ခန်းတွေကို နိုင်ငံတော်ပိုင်သိမ်းမှာဖြစ်တဲ့အကြောင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်အပြီးမှာပဲ ရပ်ကွက်တွေအတွင်း ဧည့်စာရင်းတိုင်ဖို့၊ အိမ်ငှားရမ်းသူတွေရဲ့အချက်အလက်တွေကိုပေးဖို့ အိမ်ပိုင်ရှင်တွေကို ရပ်ကွက်ရုံးတွေက လိုက်လံနှိုးဆော်လာတာဖြစ်တယ်လို့ ရပ်ကွက်နေဒေသခံတချို့ကပြောဆိုပါတယ်။

    ဒီလိုထုတ်ပြန်ချက်တွေဟာဆိုရင် ပြီးခဲ့တဲ့သြဂုတ်လထဲမှာ ပြန်လည်ပြင်ဆင်ခဲ့ တဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒေကိုပြန်လည်ပြင်ဆင်တဲ့ ဥပေဒကြောင့်ဖြစ်ပြီး ဒါတွေနဲ့ပတ်သက်လို့အရေးယူမှုတွေရှိလာခဲ့ရင် တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုပဲစောင့်ကြည့်ရမယ်လို့ ဥပေဒပညာရှင်တွေကသုံးသပ်ပါတယ်။

    " အဓိကရည်ရွယ်ချက်ကတော့ NLD အဖွဲ့ဝင်တွေ၊ PDFတွေ၊ CRPH တွေကို ပုန်းခိုနေထိုင်ခွင့်မရအောင်တည်းခိုခွင့် အဆောက်အဦအသုံးပြုခွင့် မရအောင်ပိတ်ပင်တားဆီးတဲ့အနေနဲ့အဆောက်အဦပိုင်ရှင်တွေကိုချုပ်ကိုင်တဲ့သဘောပါပဲ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီး အတည်ဖြစ်နေတယ်လို့ အပ်နှင်းထားတဲ့အာဏာအရ ဥပဒေတွေအပြင်ဆင်ခွင့် အရေးပေါ်ကာလမှာ ရှိတယ်လို့ကြေညာပြီးသူကပြင်ဆင်တာကိုး၊ သို့သော်နိုင်ငံတကာဥပဒေတွေသဘာဝမှာ နိုင်ငံတနိုင်ငံမှာပင်မအရင်းခံဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမညီတဲ့ ဥပဒေတွေသည် အလိုအလျောက်ပျက်ပြယ်တယ်။ ပြင်ဆင်လိုက်တဲ့ ဥပဒေတွေဟာလည်း ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေမှာအခန်း ၁၁မှာပါတဲ့ နိုင်ငံသားတွေရဲ့အခြေခံလူ့အခွင့်အရေးနဲ့ နိုင်ငံသားအခွင့်အရေးနဲ့ဆန့်ကျင်နေတယ်။ဒါတွေကဘယ်ကျမှပြန်ဖြေရှင်းနိုင်မလဲဆိုတော့ သက်ဆိုင်ရာ တရားရုံးတွေမှာ၊ အထူးတရားရုံးတွေမှာတရားစွဲတဲ့အခါကျမှ တရားရုံးမှာ တရားစွဲခံရသူတွေကိုယ်စား ဆရာတို့က ဥပဒေနဲ့ညီညွတ်သလား၊မညီညွတ်ဘူးလား၊ ဖွဲစည်းပုံနဲ့ညီသလား၊ မညီသလား ဆရာတို့ကဆောင်ရွက်ရမှာပေါ့။အဲ့ဒီကျမှ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကို စောင့်မျှော်ပြီးကြည့်ရမှာပေါ့ " လို့ ဥပဒေအကြံပေးတစ်ဦးက သုံးသပ်ပါတယ်။

    လက်ရှိမှာတော့ ဒီကြေညာချက်တွေကြောင့် ရပ်ကွက်တွေအတွင်းမှာ ဧည့်စာရင်းတိုင်တန်းမှုတွေပိုများလာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေမှာ ဆန္ဒပြလှုပ်ရှားတဲ့ကျောင်းသားလူငယ်တချို့ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေလည်းဆက်ပြီးဖြစ်နေတယ်လို့ မြို့ပြပျောက်ကြားလှုပ်ရှားသူလူငယ်တွေက ပြောပါတယ်။

  6. တီးတိန်မှာ Mytel မိုင်တဲတာဝါတိုင် တစ်ခု ထပ်မံဖောက်ခွဲခံရ

    ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ထုတ်လိုင်ကျေးရွာအနီးက စစ်တပ်ရှယ်ယာပါတဲ့ Mytel မိုင်တဲ တာဝါတိုင်ကို စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းက ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကနေတစ်ဆင့်သိရပါတယ်။

    ဒီတာဝါတိုင်တွေကို စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့ PDF-Zoland နဲ့ Civil Defense Militia တို့က ဖောက်ခွဲတာလို့ သတင်းထုတ်ပြန်ပါတယ်။

    စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း တီးတိန်မြို့မရပ်ကွက် ပြည်သူ့ဆေးရုံအနီးက Mytel မိုင်တဲ တာဝါတိုင်တိုင်တစ်တိုင်ကို စက်တင်ဘာလ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီးတော့ ဒီကနေ့ ဖောက်ခွဲခံရတာနဲ့ဆိုရင် ချင်းပြည်နယ်အတွင်းမှာ ၇ ရက်အတွင်း Mytel Tower တိုင် ၅ တိုင်မြောက် ဖျက်ဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး တီးတိန်မြို့နယ်အတွင်းရှိ Mytel မိုင်တဲ ဝာဝါတိုင်တွေကို PDF-Zoland တပ်ဖွဲ့က ဖေါက်ခွဲခဲ့တာဖြစ်တယ်လို့ သိရပြီး တီးတိန်မြို့အဝင်၊ ကနေဒီတောင်ခြေနဲ့ ခိုင်ကမ်းမြို့အနီး စတဲ့ ၃ နေရာမှာ Mytel မိုင်တဲတာဝါတိုင်တွေကို ဖေါက်ခွဲဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

    တီးတိန်မြို့နယ်မှာ Mytel မိုင်တဲ တာဝါတိုင်ဖျက်ဆီးခံရတာကြောင့် Mytel မိုင်တဲ အင်တာနက်လိုင်း အသုံးပြုလို့မရတော့ ကြောင်းသိရပြီး ဖုန်းလိုင်းမှာမူ ပြောဆိုလို့ ရသေးကြောင်းဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Zalen

  7. ဧည့်စာရင်းဝင်စစ်တယ်ဆိုပြီး ဒဂုံတက္ကသိုလ်ကျောင်းသား ၆ ဦးကို ဖမ်းဆီး

    ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၃၉လမ်းအတွင်းမှာနေထိုင်တဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၆ ဦးကိုမနေ့ကစက်တင်ဘာ ၁၄ ရက်နေ့ညပိုင်းက စစ်ကောင်စီတပ်တွေက ဧည့်စာရင်းစစ်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကျောင်းသားအဖွဲ့တွေကပြောပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ် ပထမနှစ်နဲ့ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး လူငယ်အမျိုးသမီးကျောင်းသူ ၂ဦးနဲ့အမျိုးသား ၄ ဦးတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဒီကနေ့စက်တင်ဘာ ၁၅ရက်မှာထုတ်ပြန်လာပါတယ်။

    " သူတို့နေတဲ့တိုက်ခန်းကို မနေ့ညက၁၀နာရီလောက်ဝင်ပြီး ဧည့်စာရင်းစစ်ရင်းဖမ်းဆီးသွားတယ်လို့ကြားသိရတယ်။ မနေ့ညက ကျောက်တံတားရဲစခန်းမှာရှိနေပမယ့် အခုတော့ စစ်ကြောရေးကိုပို့လိုက်ပြီလို့ယူဆရတယ်။ NUG ရဲ့တော်လှန်ရေးကြေညာချက်အပြီးမှာ လူငယ်တွေကို ပိုပြီးဖမ်းဆီးမှုတွေခပ်စိတ်စိတ်လုပ်လာတာ၊ အကြောက်တရားတွေ ရိုက်သွင်းလာတယ်လို့မြင်ပါတယ်။ စစ်ကြောရေးရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေအတွက်လည်းစိုးရိမ်ပါတယ် " လို့ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ဘီဘီစီကိုပြောပါတယ်။

    အခုလိုဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသားလူငယ်တွေကို ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်းထုတ်ထားတာမျိုးလည်းမရှိဘဲ ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုလည်း ၎င်းတို့မိသားစုဝင်တွေနဲ့ကျောင်းသားအဖွဲ့တွေကမသိရှိရဘူးလို့ ပြောဆိုကြပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တော်လှန်ရေးစတင်ကြောင်းကြေညာချက်အပြီးမှာ နိုင်ငံအနှံပစ်ခတ်၊ ဖောက်ခွဲမှုတွေပိုဖြစ်လာတာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်မှုတွေ၊ ညဘက်စစ်ဆေးမှုတွေနဲ့ဖမ်းဆီးမှုတွေ ပိုရှိလာတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

    ပြည်တွင်းမှာဆိုရင်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်တော်လှန်ရေးမှာပါဝင်သူတွေကိုဆက်တိုက်ဖမ်းဆီးမှုတွေလုပ်လာခဲ့ပြီး လက်ရှိမှာဖမ်းဆီးချုပ်နှောင်ခံထားရသူပေါင်း ၆၄၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

  8. ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြတ်ပြတ်သားသားရပ်တည်ကြောင်း ပြင်သစ်သံရုံးထုတ်ပြန်

    မြန်မာနိုင်ငံမှာ ဒီမိုကရေစီလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးကို ပြင်သစ်နိုင်ငံက တောင်းဆိုလိုက်ပြီး ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာ ၈ ရက်က အထွေထွေရွေးကောက်ပွဲမှာ ထုတ်ဖော်ပြသခဲ့တဲ့မြန်မာနိုင်ငံသားတွေရဲ့ ဆန္ဒမဲတွေနဲ့ ပြတ်ပြတ်သားသား ရပ်တည်ကြောင်း ပြင်သစ်သံရုံးက ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်လာပါတယ်။

    ဒီနေ့ စက်တင်ဘာ ၁၅ ရက်ဟာ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ လည်း ဖြစ်ပါတယ်။ ဒီနေ့ဟာ လူထုရဲ့ ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုမြှင့်တင်ရေး၊ လူသားနဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးတွေကို အာမခံတဲ့ ဒီမိုကရေစီတန်ဖိုးတွေကို ပြင်သစ်နိုင်ငံက ထောက်ခံကြောင်း ထပ်မံအတည်ပြုဖို့အခွင့်အလမ်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

    France Ambassador Mr. Christian Lechervy

    ဓာတ်ပုံ ရင်းမြစ်, Ambassade de France

  9. ဧရာဝတီဘဏ်ငွေသယ်ယာဉ် ဓားပြတိုက်ခံရမှု စစ်ကောင်စီစွပ်စွဲချက် မဟုတ်မှန်ကြောင်း ပဲခူး PDF ငြင်းဆို

    ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ ဧရာဝတီဘဏ်ရဲ့ငွေသယ်ယာဉ်ကို လူ ၇ ဦးက ဓားပြတိုက်ပြီး ငွေကျပ်သိန်းလေးသောင်းယူဆောင်သွားတဲ့ဖြစ်စဉ်မှာ လုယက်သူတွေဟာ ပဲခူးမြို့က PDF တွေဖြစ်တယ်ဆိုတဲ့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကို ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF က မဟုတ်မှန်ကြောင်း မနေ့ စက်တင်ဘာ ၁၄ ရက်ညပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ ဒီထုတ်ပြန်ချက်ဟာ ဒေသကာကွယ်ရေးတပ်တွေကို ပုံဖျက်တဲ့လုပ်ရပ်ဖြစ်ပြီး ပဲခူး PDF အနေနဲ့ ပြည်သူတွေကိုမျက်နှာမူပြီး တော်လှန် မယ့်အဖွဲ့အစည်းဖြစ်ကြောင်း၊ အခုလိုလုပ်ရပ်တွေကိုဘယ်လိုအချိန်ခါမျိုးမှာမှ လုပ်ဆောင်သွားမှာ မဟုတ်တဲ့အကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ ဧရာဝတီဘဏ်ရဲ့ငွေသယ်ယာဉ်ကို ဓါးပြတိုက်ခဲ့ ၇ ဦးဟာ ဒေသကာကွယ်ရေးတပ်တွေဖြစ်ကြောင်း၊ ဖြစ်စဉ်မှာ ပါဝင်သူတွေကို ငွေကျပ်သိန်းလေးသောင်းနဲ့အတူလက်နက်တွေနဲ့အတူဖမ်းဆီးရမိကြောင်း ဓားပြမှုမှာပါဝင်တယ်လို့စွပ်စွဲခံရသူတွေရဲ့ ဓာတ်ပုံနဲ့တကွ မနေ့ စက်တင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

  10. တပ်မိသားစုတွေနဲ့ စစ်ကောင်စီဥက္ကဋ္ဌတွေ့ဆုံပြီး ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်လို့ ရှင်းပြပြန်, တပ်မိသားစုဝင်တွေကို တွေ့ဆုံနှစ်သိမ့်မှုတွေအတွက် အချိန်နှောင်းနေပြီလို့နိုင်ငံရေးလေ့လာသုံးသပ်သူတွေ ပြော

    စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ တပ်မိသားစုဝင်တွေကို မနေ့ စက်တင်ဘာ ၁၄ ရက်နေ့က စစ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမမှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

    ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ နည်းပြအရာရှိ၊ ကထိက အရာရှိ၊ ပါရဂူဆေးမှူးတွေ၊ ဆရာ၊ဆရာမတွေနဲ့အတူ စစ်သည်မိသားစုတွေကိုပါ တွေ့ဆုံခဲ့တာဖြစ်ပြီး အရာရှိတွေ၊ စစ်သည်မိသားစုတွေအနေနဲ့ ဝင်ငွေ၊ ထွက်ငွေမျှတအောင်နေဖို့၊ ရောင့်ရဲကြဖို့ကို မိန့်ခွန်းမှာထည့်သွင်းပြောကြားဖော်ပြခဲ့ပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဥက္ကဋ္ဌက နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်းရခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး လွတ်လပ်တရားမျှတတဲ့ရွေးကောက်ပွဲတရပ်ပြန်လည်ကျင်းပပေးမယ်လို့လည်း ဆိုပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တနှစ်အတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပမယ်လို့ပြောဆိုချက်တွေရှိခဲ့ပြီး အာဏာသိမ်းမှုကာလ ၆လတာကာလကြာမြင့်ချိန်မှာတော့ေ ရွးကောက်ပွဲကျင်းပဖို့ လုပ်ငန်းဆောင်တာတွေလုပ်နေရတဲ့အတွက် ၂၀၂၃ ခုနှစ် ဩဂုတ်လမှာ အဲဒီလုပ်ငန်းစဉ်အားလုံး ပြီးဆုံးဖွယ်ရှိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက အာဏာသိမ်းတာ ၆ လပြည့်တဲ့နေ့မှာ ပြောတဲ့ မိန့်ခွန်းမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့စစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့တပ်မိသားစုဝင်တွေကိုတွေ့ဆုံပြောဆိုတဲ့အခြေနေတွေရှိနေပေမယ့် ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတပ်မတော်သားတွေနဲ့တပ်မိသားစုဝင်တွေအပေါ် အမြင်တွေကတော့ အဆိုးဘက်ကိုရောက်နေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေဘက်က သုံးသပ်ကြပါတယ်။

    " အရင်ကလည်း တပ်ကအရာရှိတွေ၊ တပ်မိသားစုဝင်တွေကို တွေ့ဆုံပြောဆိုဖူးတာရှိပါတယ်။ အခုကအခြေနေတော်တော်ဆိုးနေပြီ။ ဒီအခြေအနေကိုမကုစားဘဲ ရောင့်ရဲတင်းတိမ်ဖို့ပြောနေတာကနောက်ကျနေပါပြီ။ အားလုံးကဘာမှပြည့်ပြည့်၀၀ခံစားရတာမဟုတ်ဘူး။ သူတို့ မိသားစုတွေလည်းသေဆုံးနေတယ်။ ဒီလိုအခြေအနေတွေမှာ ရောင့်ရဲကြဖို့သွားပြောနေတာမထိရောက်ပါဘူး၊ နောက်ကျနေပါပြီ " နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ တပ္မဒီပအင်စတီကျု့က ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက သုံးသပ်ပြောဆိုပါတယ်။

    တဖက်မှာလည်း မြန်မာ့နိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၇လ အတွင်း မြန်မာပြည်သူလူထုခံစားနေရတဲ့ ဒုက္ခတွေပြောင်းလဲလျော့ပါးသွားတာမရှိသလို အာဏာသိမ်းမှုကိုဆန့်ကျင်နေတဲ့ ပြည်သူလူထုရဲ့အရှိန်လည်းလျော့မသွားဘူးလို့ ထုတ်ပြန်ထားပါတယ်။

    ဒါ့အပြင် အာဏာသိမ်းပြီးတဲ့နောက် စစ်ဘက်ဆိုင်ရာကနေ စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့တပ်မတော်သားတွေ၊ ရဲအရှာရှိတွေလည်းဆက်ရှိနေသလို နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ၊ ဒေသကာကွယ်ရေး တပ်တွေရဲ့ ခုခံဖောက်ခွဲတိုက်ခိုက်မှုတွေကလည်း အရှိန်လျော့သွားတာမရှိတာကြောင့် တိုင်းပြည်ကို ထိန်းသိမ်းဖို့ အခြေအနေ စစ်ကောင်စီမှာ ရှိမနေသေးဘူးလို့ မြန်မာ့အရေးကျွမ်းကျင်သူတချို့က သုံးသပ်ပြေကြားထားပါတယ်။

    Senior General Min Aung Hlaing

    ဓာတ်ပုံ ရင်းမြစ်, MOI

  11. သုံးခွမြို့NLD ဥက္ကဋ္ဌနဲ့ အုပ်ချုပ်ရေးမှူးဟောင်း အပါအဝင် ၈ဦး အဖမ်းခံရ

    ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ဘုရားကြီးကျေးရွာမှာ မနေ့ကစက်တင်ဘာ ၁၄ ရက်နေ့ညပိုင်းက NLD ဥက္ကဋ္ဌနဲ့ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတို့အပါအဝင် ၈ ဦးကို စစ်ကောင်စီတပ်တွေကနေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ သုံးခွမြို့နယ် NLD ဥက္ကဋ္ဌဦးလှစိုးနဲ့အုပ်ချုပ်ရေးမှူးဟောင်း ဒေါ်ဌေးဝင်းတို့ဟာ အာဏာသိမ်းပြီးနောက်ပိုင်းကတည်း ရပ်ရွာကတိမ်းရှောင်နေခဲ့ပြီး နေအိမ်ကိုပြန်လာတဲ့ ရက်ပိုင်းအတွင်းမှာ ဖမ်းဆီးခံလိုက်ရတာလို့ဒေသခံတွေကပြောပါတယ်။

    " အကုန်လုံးကတိမ်းရှောင်နေတာ။ ပြန်လာတာမှရက်ပိုင်းပဲရှိသေးတယ်။ အုပ်ချုပ်ရေးမှူးဆိုရင်လည်း အာဏာသိမ်းပြီးကတည်းက အလုပ်ကနားပြီးရှောင်နေတာ။ အခုတော့အုပ်ချုပ်ရေးမှူးအသစ်ရှိတယ်။ ပြန်လာပြီး ရက်ပိုင်းအတွင်း သတင်းပေးကြောင့် အဖမ်းခံရတာပါ။ NLD အဖွဲ့ဝင်မိန်းကလေး ၃ ယောက်လည်းပါသွားတယ် " လို့ဘုရားကြီးကျေးရွာဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။ လက်ရှိမှာတော့ ဖမ်းဆီးခံရသူတွေရဲ့သတင်းနဲ့ပတ်သက်လို့သိရတာမရှိသေးဘူးလို့လည်းဖမ်းဆီးခံရသူတွေရဲ့မိသားစုနဲ့နီးစပ်သူတွေကဆိုပါတယ်။ ဒါ့အပြင်သုံးခွမြို့နယ်ထဲက ဘုရားကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ယောက် ပစ်ခတ်ခံရလို့သေဆုံးတဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါသေးတယ်။

    အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက်မှာဘုရားကြီးကျေးရွာမှာ အုပ်ချုပ်ရေးမှူးတစ်ဦးထပ်မံခန့်အပ်ခဲ့ပြီး လက်ရှိဖမ်းဆီးခံရထားရတဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းကတော့ အာဏာသိမ်းမှုဖြစ်စဉ်အစကတည်းက အလုပ်တာဝန်ကနေ နုတ်ထွက်ထားသူဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

    Thone Gwa, Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. ကုလအထွေထွေညီလာခံ အစည်းအဝေးမှာမြင်တွေ့ရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်း, အရည်ချင်းစစ် ကော်မတီအဖွဲ့ဝင်နိုင်ငံတွေအဖြစ် အမေရိကန်၊ တရုတ်၊ ရုရှား၊ ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ ဆီရာလွန်၊ တောင်အာဖရိကနဲ့ ဆွီဒင်နိုင်ငံတို့ ဖြစ်

    ၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲနဲ့ ၇၆ ကြိမ်မြောက် ညီလာခံ ဖွင့်ပွဲအစည်းအဝေးတွေကို တက်ရောက်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြင်တွေ့ရတာဖြစ်ပါတယ်။

    ဒါ့အပြင် သံအမတ်ကြီးဟာ မျက်နှာစုံညီအစည်းအဝေးတွေကိုလည်းတက်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖေ့စ်ဘွတ်ခ်စာမျက်နှာက ထုတ်ပြန်ထားပါတယ်။ ဒီအစည်းအဝေးတွေကို စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း စကားမပြောရ ဆိုပြီး အမေရိကန်နဲ့ တရုတ်တို့ ကြိုတင်ညှိနှိုင်းထားတဲ့ သတင်းတွေလည်း ဒီမတိုင်ခင်က ထွက်ပေါ်ခဲ့ပါတယ်။

    နိုင်ငံကို ကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့တွေကို စိစစ်ရွေးချယ်တဲ့ "credentials committee" အရည်ချင်းစစ် ကော်မတီအဖွဲ့ဝင်နိုင်ငံတွေကို ရွေးချယ်ခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံတွေအဖြစ် အမေရိကန်၊ တရုတ် နဲ့ ရုရှားသုံးနိုင်ငံအပါအဝင် ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ ဆီရာလီယွန်၊ နမ်မီးဘီးယားနဲ့ ဆွီဒင်နိုင်ငံတို့ ဖြစ်ပါတယ်။

    အဲဒီကော်မတီရဲ့အစည်းအဝေးတွေဟာ နိုဝင်ဘာမှာ စတင်နိုင်ဖွယ်ရှိပြီးဒီကြားကာလမှာ ကော်မတီကနေ အဖြေ တစုံတရာ ထွက်မလာ သေးတဲ့ အထိ မြန်မာကို ကိုယ်စားပြုသူဟာ လက်ရှိ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တနည်းအားဖြင့် ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဖြစ်တယ်လို့ လည်း ကုလရဲ့ လုပ်ထုံးလုပ်နည်းတွေ အကြောင်း ကျွမ်းကျင်သူတွေက အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။

    ဒါ့ကြောင့် အမေရိကန်နဲ့တရုတ်ကြား အခု အလွတ်သဘော နားလည်မှု ယူထားတာဟာ အဲဒီ နိုဝင်ဘာ ကော်မတီ အစည်းအဝေးကနေ အဖြေ တစုံတရာ မထွက်မချင်း စစ်ကောင်စီ ကိုယ်စားလှယ်ကို ကုလ အထွေထွေ ညီလာခံမှာ နေရာပေးတာမျိုး၊ စကားပြောခွင့် ပြုတာပေးတာမျိုး မလုပ်ကြဖို့ အဓိပ္ပာယ် ဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။လက်ရှိမှာ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက‌ တရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။

    Myanmar Permanent Mission to UN

    ဓာတ်ပုံ ရင်းမြစ်, Myanmar Permanent mission to UN

  13. စစ်ကောင်စီ လေကြောင်းတိုက်ခဲ့တဲ့ ရန်ကြောင့် ထွက်ပြေးခဲ့သူတွေ မီဇိုရမ်ထဲ လူ ၂ ထောင် ဝန်းကျင် ရောက်လာ

    စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာဘက်ခြမ်းကနေ လူတွေ ထွက်ပြေးပြီး အိန္ဒိယ၊ မီဇိုယမ် ပြည်နယ်ထဲကို အစုအလိုက် အပြုံလိုက် ဝင်ရောက်မှုတွေ အခု ရက်ပိုင်းတွေ မှာပဲ ထပ်မံ ရှိလာပြန်တယ်လို့ အိန္ဒိယဘက်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ၄ ရက် အတွင်း မြန်မာဘက်ကနေ ဝင်လာသူတွေ အယောက်ပေါင်း ၂၀၀၀ ဝန်းကျင် ရှိတယ်လို့ အိန္ဒိယ ပြည်တွင်း မီဒီယာတွေက ပြောပါတယ်။

    ကလေးသူငယ်တွေလည်း အများအပြား ပါဝင်တဲ့ အဲဒီသူတွေဟာ မီဇိုရမ်နဲ့ နယ်စပ်တလျှောက် ချင်းရွာတွေက သူတွေ ဖြစ်ပြီး၊ စစ်ကောင်စီ တပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အတွက် အခုလို ထွက်ပြေး ကြရတာ ဖြစ်တယ်လို့ အိန္ဒိယ မီဒီယာတွေမှာ ဖော်ပြ ထားပါတယ်။

    မီဇိုရမ်ပြည်နယ်ထဲက ဟာနာသီရယ် Hnahthial ခရိုင်တစ်ခုတည်းမှာတင် လူပေါင်း ၁၅၀၀ ဝန်းကျင် ရောက်လာပြီး ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။

    ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်မြောက်ပိုင်း ထန်တလန်မြို့နယ်ထဲက အိန္ဒိယနဲ့ကပ်ရက် လုံလဲရ်ကျေးရွာမှာ စက်တင်ဘာ ၁၀ ရက်နေ့ တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ခဲ့တဲ့ သတင်းကို ဘီဘီစီကလည်း ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

    အဲဒီ လေကြောင်း တိုက်ခိုက်တာကြောင့် လူနေအိမ်တွေ ပျက်စီးခဲ့ပြီး အနည်းဆုံး လူ (၇)ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ လုံလဲရ်ရွာနားက စစ်ကောင်စီရဲ့ တပ်ခွဲစခန်းတခုကို CDFတွေက တိုက်ခိုက်ခဲ့ကြတာမှာ၊ စခန်းကျခါနီး တိုက်လေယာဉ်နဲ့ လေကြောင်းပစ်ကူ ပေးခဲ့တာလို့ CDFရဲ့ ပြောရေး ဆိုခွင့်ရှိသူက ဆိုပါတယ်။

    မြန်မာနဲ့ကပ်ရက် အိန္ဒိယဘက်ခြမ်းက မီဇီုရမ်ပြည်နယ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာနဲ့ကပ်ရက် အိန္ဒိယဘက်ခြမ်းက မီဇီုရမ်ပြည်နယ်
  14. ကုလအထွေထွေညီလာခံ- စစ်ကောင်စီ ကိုယ်စားလှယ် မတက်ရ၊ ဦးကျော်မိုးထွန်း စကားမပြောရ

  15. စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ပို့တဲ့စာ ဒေါ်အောင်ဆန်းစုကြည်လက်မခံ

    ရွေးကောက်ပွဲကော်မရှင်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုစာ ၂ စောင် ကို ဒီက‌နေ့ ရုံးချိန်းမှာ ‌ဒေါ်အောင်ဆန်းစုကြည်ဆီကို ပေးပို့ခဲ့ပါတယ်။

    အဲ့ဒီစာ ၂ စောင်ကို ရုံးချုပ်ကနေတစ်ဆင့် နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ ‌ရှေ့နေတွေက ယူဆောင်သွားခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ရုံးချိန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးခဲ့တယ်လို့ သိရပါတယ်။

    ဒီလိုပေးချိန်မှာတော့ စာတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံခဲ့ဘူးလို့ ရှေ့နေအဖွဲ့ကနေ သိရပါတယ်။

    လက်ရှိမှာ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်သစ်က NLD ပါတီကို ဖျက်သိမ်းသင့်မသင့် စဉ်းစားမယ်လို့ ပြောဆိုထားသလို နိုင်ငံရေးပါတီတွေ‌ငွေရေးကြေးရေးတွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ဘက်က စစ်ဆေးနေချိန်လည်းဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့ဝင်တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက‌တော့ ပါတီမှာ CEC တွေရှိတယ် CEC တွေတွေ့ပြီး လွတ်လပ်စွာဆုံးဖြတ်ပြီးမှ ဆုံးဖြတ်ချက်ချလို့ရမှာ ဒါကြောင့်လက်မခံတာလို့ပြောကြောင်း ဘီဘီစီကို ပြောပါတယ်

    ဒီလို ရွေးကောက်ပွဲကော်မရှင် UEC ကပေးတဲ့စာကို ဒေါ်အောင်ဆန်းစုကြည်လက်မခံတာဟာ စစ်ကောင်စီခန့်တဲ့ ကော်မရှင်ကိုအသိအမှတ်မပြုဘူး၊ လက်မခံတဲ့သဘောဖြစ်တယ်လို့ နိုင်ငံရေးပါတီတချို့က မှတ်ချက်ပြုပါတယ်။

    တစ်ဖက်မှာလည်း ဥပဒေအရ ‌ရွေးကောက်ပွဲကော်မရှင်ဘက်ကပေးတဲ့စာကို ပါတီဘက်ကနေလက်မခံတာမျိုးလုပ်လို့မရဘဲ စာပါအကြောင်းအရာကိုသာငြင်းဆန်လက်မခံတာမျိုးလုပ်လို့ရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဆိုပါတယ်။

    ဒါကြောင့် အခုလို လက်မခံလိုက်တာဟာ ရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ဖော်ပြောကြားနေတဲ့ NLD ပါတီပယ်ဖျက်ဖို့ကို ပိုပြီးလမ်းကြောင်းပေးရာရောက်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ဆိုပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. အင်တာနက်တွေ ပြတ်တဲ့ မြို့တွေများလာ

    မန္တလေးတိုင်းထဲက မိုးကုတ်မြို့နဲ့ မြင်းခြံမြို့တို့အပါအဝင် စစ်ကိုင်းတိုင်းထဲက ဘုတလင်၊ ယင်းမာပင် အရာတော်၊ကနီ၊ ပုလဲ ၊မြောင်၊ မကွေးတိုင်း တောင်တွင်းကြီး မြို့တွေဘက်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံရတယ်လို့ ဒေသခံတွေက တစ်ဆင့် ဘီဘီစီက စုံစမ်းသိရပါတယ်။

    ဒီမြို့တွေဟာ မိုင်တဲ တာဝါတိုင်တွေဖောက်ခွဲခံရတာ ရှိသလို အချို့မြို့နယ်တွေမှာ ဒေသခံ PDF တွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ မြို့တွေဖြစ်ပါတယ်။

    "အင်တာနက်ကတော့ ဖြတ်ထားတာ ဘာကြောင့်လဲ မသိဘူး။ ၂နာရီလောက်မှ ပြတ်သွားတာ"လို့ မိုးကုတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

    မိုးကုတ်မြို့မှာ ဖုန်းအက်တာနက်လိုင်းတွေပြတ်သလို ကြိုးမဲ့ ဝိုင်ဖိုင်တွေရဲ့ အင်တာနက်ပါ ပြတ်တောက်သွားကြောင်း စက်တင်ဘာ ၁၃ရက်နေ့ ညနေပိုင်းက မိုးကုတ်မြို့ အရှေ့ပိုင်းမှာ Mytel တာဝါတိုင် ဗုံးဖောက်ခွဲခံရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

    မြင်းခြံမြို့မှာ လည်းဒီကနေ့ နေ့လယ်ပိုင်းက စပြီးအင်တာနက်တွေ ပြတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စစ်ကိုင်းတိုင်း ထဲက မြို့တွေကလည်း အလားတူ ဒီကနေ့ နေ့လယ်ပိုင်းက စပြီးအင်တာနက်တွေ ပြတ်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. မကွေးကြံ့ခိုင်ရေးရုံးအနီး ပေါက်ကွဲမှု PDF က မသက်ဆိုင်လို့ ကြေညာ

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ထဲက ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရုံးအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၄ရက် မနက်ပိုင်းက ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပြီး ဒီပေါက်ကွဲမှုဟာ မကွေးတိုင်းအတွင်းက PDF တွေဘက်က သူတို့နဲ့ မသက်ဆိုင်ကြောင်း ဆက်သွယ်ပြောကြားလာပါတယ်။

    ဒီပေါက်ကွဲမှုကြောင့် ရုံးအနီးမှာရှိနေတဲ့ ၅နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး နောက်ထပ် ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    အဆိုပါဖြစ်စဉ်ဟာ မိမိတို့ မကွေးတိုင်းအခြေပြု PDF မိတ်ဖက်အဖွဲ့အစည်းတွေက ဆောင်ရွက်တာ မဟုတ်ကြောင်းနဲ့ အခုလို ပြည်သူလူထု ထိခိုက်စေနိုင်တဲ့ ဖောက်ခွဲတိုက်ခိုက်မှုများကို မည်သည့်အဖွဲ့မှ ဆောင်ရွက်သည်ဖြစ်စေ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချကြောင်း အများပြည်သူသိရှိစေရန် ကြေညာတယ်လို့ သူတို့က ပြောပါတယ်။

    အခုလို ပေါက်ကွဲမှုဖြစ်စဉ်တွေဟာဆိုရင် မကွေးမြို့ပေါ်မှာ ၃ကြိမ်လောက်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မြို့တွင်းကဘုန်းကြီးကျောင်းမှာရှိတဲ့ မိုင်တဲလ် ဖုန်းတာဝါတိုင် ဖောက်ခွဲခံရမှု ဖြစ်ခဲ့တယ်လို့ မကွေးဒေသခံတွေက ပြောပါတယ်။

    ဒီဖြစ်စဉ်တွေကြောင့် မကွေးမြို့အတွင်းမှာ အသွားအလာ ကန့်သတ်တာတွေပိုတင်းျပ်နေပြီး စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်တွေအနားမှာတော့ ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ ဆင်းတွန်းပြီးသွားရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေလည်း လုပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။

    ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, မကွေးသတင်းမှန် ဖေ့ဘုတ်

  18. မန္တလေးမှာ အိမ်ထဲ ဗုံးနဲ့ ပစ်ခံရ၊တစ်ဦးသေဆုံး

  19. ကနီအထက် ချင်းတွင်းမြစ်အတွင်းမှာ ပစ်ခတ်မှုဖြစ်

    စစ်ကောင်စီတပ်တွေလိုက်ပါလာတဲ့ ရှော်တယ်အမြန်ယာဥ်ဟာ စစ်တင်ဘာလ ၁၄ ရက်နေ့ က ကနီမြို့ဆိပ်ကမ်းမှာ ညအိပ်ပြီး ချင်းတွင်းမြစ်အတိုင်း တစ်စီးတည်း ဆန်တက်လာခဲ့ကြောင်း ကင်းစံပြကျေးရွာအနီးမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ဒါအပြင်ကနီနဲ့ ကင်းကြားက ချင်းတွင်းမြစ်ဘေးက ကျေးရွာတွေ ဖြစ်တဲ့ ကဲတောင်နဲ့ ပဲကင်း ရွာတွေအနီးမှာ ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ဘယ်လို လက်နက်ကြီးနဲ့ ပစ်ခဲ့တယ် ဘယ်နေရာတွေကို ပစ်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့တော့ အတည်ပြုလို့မရ‌သေးပါဘူး။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် နဲ့ ၁၂ ရက် ကနီ ဝင်းမနား ရွာရဲစခန်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်တွေဟာ ကနီနယ်ထဲက ရေကြောင်းကနေ စစ်ရေယာဥ်တွေနဲ့ တက်လာနေသလို ရဟတ်ယာဥ်တွေပျံဝဲပြီးစောင့်ကြည့်တာတွေလုပ်နေတယ်လို့ ဒေသခံသတင်းတွေအရ သိရပါတယ်။

    အခြားစစ်ကောင်စီ စစ်သင်္ဘော တစ်စီးကတော့ စက်တင်ဘာလ ၁၄ ရက် မနက် ၇ နာရီအချိန်မှာ အထက်သို့ ဆန်တက်လာခြင်း မရှိဘဲ အောက်ဖက် မုံရွာမြို့ကို စုန်ဆင်းသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

    အခြား လက်နက်ခဲယမ်းတွေ တင်ထားတယ် ဆိုကြတဲ့ အမြန်ယာဥ်နှစ်စီးကတော့ ကနီမြို့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ သိရပါတယ်။

    စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက် ကနီမြို့နယ် ဝင်းမနားကျေးရွာနယ်မြေရဲစခန်းတိုက်ပွဲမှာ PDF တွေဘက်က အင်အားတစ်ထောင်ခန့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    စစ်ကောင်စီတပ်တွေလိုက်ပါလာတဲ ရှော်တယ်အမြန်ယာဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေလိုက်ပါလာတဲ ဆိုတဲ့ ရှော်တယ်အမြန်ယာဥ်
  20. ဒီးမော့ဆို ဆိုတိုက်ပွဲ KNDF နှစ်ဦးသေဆုံး

    ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ကဒါးလာ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တေွနဲ့ ကရင်နီတပ်မတော် KA၊ KNDF ပူးပေါင်းတပ်တို့ စက်တင်ဘာလ ၁၄ ရက် ၊ မနက် ၅ နာရီခန့်က တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

    စစ်ကောင်စီရဲ့ ဒီးမော့ဆို အခြေစိုက်တပ်ရင်း ၁၀၂ တပ်ရင်းက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ ၄ နာရီ နီးပါးဖြစ်ပွားခဲ့တယ်လို့ KNDF က ပြောပါတယ်။

    တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိပြီး KNDFဘက်က နှစ်ဦး ကျဆုံးပြီး စစ်ကောင်စီဘက်က သေဆုံးမှုကို အတည်မပြုနိုင်ကြောင်းလည်း သူတို့ကပြောပါတယ်။

    စက်တင်ဘာလ ၁၃ ရက်နေ့ ညကလည်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ ကယားပြည်နယ်လွိုင်ကော်မြို့ ဧက ၅၀၀ ရပ်ကွက်မှာ ည ၈နာရီခန့်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

    ကယားပြည်နယ်တိုက်ပွဲတွေနဲ့ ပတ်သက်လို့စစ်ကောင်စီဘက် က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဒီးမော့ဆို မြို့နယ်ထဲက ၆ မိုင်ရွာ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဒီးမော့ဆို ၆ မိုင် စံပြ ကျေးရွာ