ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ထန်တလန်မှာ တမြို့လုံးနီးပါးစစ်ဘေးရှောင်နေရ

    ချင်းပြည်နယ်၊ ထန်တလန်မှာ ပစ်ခတ်မှုတွေကြောင့် ပြည်သူအများစု နေအိမ်စွန့်ခွာနေကြပြီး ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာတော့ တမြို့လုံးနီးပါးစစ်ရှောင်နေကြပြီလို့ သိရပါတယ်။ ထန်တလန်မြို့မှာ လူဦးရေ ၈၀၀၀ နီးပါးရှိတာဖြစ်ပြီး အခုတော့ ထောင်နဲ့ချီစစ်ဘေးရှောင်နေကြကာ မြို့‌ပေါ်မှာ လူဦးရေ ၅၀ကျော်လောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျေးရွာတွေဘက်နဲ့ အိန္ဒိယနယ်စပ် ကို စစ်ဘေးရှောင်နေကြပါတယ်။

    “ကျွန်တော်တို့ မြို့ကထွက်ခွာဖို့ ကားပေါ်က ထွက်တဲ့အချိန်တောင်လက်နက်ကြီးသံကြားလိုက်တယ်။ ထန်တလန်မြို့ပေါ်ကနေ ထွက်ပေါက် သုံးပေါက်ရှိတယ်။ နှစ်ပေါက်က စစ်တပ်ဘက်က နေရာယူထားပြီး ပစ်ခတ်မှုတွေလုပ်နေတယ်။ အခုလည်း လက်နက်ကြီးသံကြားတော့ ကျန်ခဲ့တဲ့သူတွေလည်း ထွက်လာ ဖို့ခက်နေတယ်။”လို့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။

    အခုလို အစုလိုက်အပြုံလိုက် စစ်ဘေးရှောင်ရတာကြောင့် ကိုဗစ်ကပ်ရောဂါတဖန်ကူးစက်ပျံ့ပွားမှာကို စိုးရိမ်နေကြရပြီး အစားအသောက်၊ဆေးဝါးတွေပါ လိုအပ်နေပါတယ်။

    စက်တင်ဘာ (၁၈)ရက်က ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ အင်အားသုံးပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာ နေအိမ်အဆောက်အအုံ တွေ မီးလောင်ခဲ့ကာ မီးလောင်စဉ် မီးငြှိမ်းသတ်ဖို့ ထွက်လာသူတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ သေဆုံးရတာတွေရှိခဲ့တယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

    အခုလို ထန်တလန်မြို့ပေါ်မှာ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ရတာဟာ သမိုင်းတလျှောက်ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

    ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

    Chin

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ (၁၈)ရက်က ထန်တလန်မြို့ပစ်ခတ်မှုမြင်ကွင်း
  2. ကယားပြည်နယ်၊ ဒီးမော့ဆိုမှာ တိုက်ပွဲပြန်ဖြစ်, ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တချို့နဲ့ ရွာသားတဦးထိခိုက်ဒဏ်ရာရတယ်လို့ KNDF ပြော

    ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါးပိုးစီရွာဘက်မှာ ဒီကနေ့နေ့လယ် (၁၂)နာရီဝန်းကျင်က နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကနေ စစ်အင်အားအများအပြားနဲ့ စစ်ကြောင်း (၃) ကြောင်းခွဲကာ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်တာလို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF ကပြောပါတယ်။ ဒီတိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးဘက်က ထိခိုက်ဒဏ်ရာရသူရှိသလို ရွာသားတဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပါတယ်။

    “သူတို့ဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲကဖြစ်ရတာ၊ အင်အားချင်းမမျှဘူး၊ လက်နက်ချင်း မမျှဘူး။ (၂)နာရီနီးပါးဖြစ်ခဲ့တယ်။ အခု ၃နာရီဝန်းကျင်တော့ တိုက်ပွဲငြိမ်သွားပြီ။ လက်နက်ကြီးကြောင့် ဒီဘက်က ထိခိုက်တာရှိတယ်၊ သေဆုံးရှိမရှိက သေသေချာချာမသိရသေးဘူး။ တိုက်ပွဲဖြစ်တဲ့ရွာက နဂိုထဲက စစ်ရှောင်နေကြတယ်။စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေးပုံစံလုပ်ဆောင်တာ။”လို့ KNDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ စက်တင်ဘာ (၇)ရက်က တော်လှန်ရေးအတွက် တိုက်ပွဲစတင်ပြီ လို့ ကြေညာပြီးနောက် ကယားပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး ဒေသခံအမြောက် အများ စစ်ဘေးရှောင်နေရပါတယ်။ လက်ရှိတိုက်ပွဲဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်မှာဆို တမြို့လုံးနီးပါး စစ်ဘေးရှောင်နေ ကြရပါတယ်။

    ကယား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေသွားလာနေစဉ်
  3. ဆယ်နှစ်ကြာတဲ့ထိ နေရပ်ပြန်ဖို့ခက်ခဲနေတဲ့စစ်ဘေးရှောင်နေရဆဲ မုံးစီးစစ်ဘေးရှောင်များ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုအတွင်းမှာ လွန်ခဲ့တဲ့ဆယ်နှစ်က စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်တွေထဲက KIA၊ TNLA၊ MNDAAတပ်တို့အကြားပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း(၉)ရွာက အိမ်ထောင်စုပေါင်း(၅၀)ကျော်နဲ့ လူဦးရေ(၃၀၀)ကျော်ဟာ နေရပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။

    စစ်ဘေးရှောင်သူတွေဟာ လွယ်ကန်၊ မိုင်ဂျာယန်၊ နမ့်ခန်ယာ၊ ကောင်းဆန်၊ ကွမ်းက၊ နဂန်၊ နောင်လောင်း၊ မန်လောင်း၊ ယိန်းမော်ကျေးရွာတွေကဖြစ်ပြီး မုံးစီး KBCနဲ့ RC စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်လာခဲ့ကြပါတယ်။ လက်ရှိနိုင်ငံရေး အခြေအနေ၊ ကိုဗစ်ကပ်ရောဂါအခြေအနေတို့ကြောင့် နေထိုင်စားသောက်ရေးခက်ခဲနေတဲ့အပြင် နေရပ်ပြန်ဖို့လည်း လုံခြုံမှုမရှိတာကြောင့် မပြန်နိုင်သေးဘူးလို့ စစ်ရှောင်နေရသူတွေကပြောပါတယ်။

    ဆယ်နှစ်ကြာနေရပ်စွန့်စွာခဲ့ရတာကြောင့် သူတို့ပိုင်ဆိုင်မှုတွေလည်း ပျက်ဆီးဆုံးရှုံးကုန်ပြီဖြစ်တာကြောင့် အစိုးရဘက်က ပြန်လည်ထူထောင်ရေးလုပ်ဆောင်ပေးမှသာ နေရပ်ပြန်ဖို့အဆင်ပြေနိုင်လိမ့်မယ်လို့ ဒေသခံတွေကဆိုပါတယ်။

    မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ် (ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, မုံစီးစစ်ရှောင်စခန်း
    မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, မုံစီးစစ်ရှောင်စခန်း
    မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)

    ဓာတ်ပုံ ပုံစာ, မုံစီးစစ်ရှောင်စခန်း
  4. နေပြည်တော်၊ လယ်ဝေးမြို့နယ်က စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုဖြစ်ပွား, ပေါက်ကွဲမှုကြောင့် ရဲဝန်ထမ်း (၃)ဦးထိခိုက်ဒဏ်ရာရတယ်လို့ နေပြည်တော် PDFထုတ်ပြန်

    ဒီနေ့ စက်တင်ဘာ (၂၀)ရက် မနက် (၁၀)နာရီအကျော်မှာ နေပြည်တော်၊ လယ်ဝေးမြို့၊ အင်ဘုရပ်ကွက် ဘက်က စစ်ဆေးရေးဂိတ်မှာပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ဒီလိုပေါက်ကွဲမှုကြောင့် စစ်ကောင်စီဘက်ကနေ စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

    “မီးပွိုင့်နားမှာလို့ ကြားတယ်။ ရွာကလူတွေမြို့ပေါ်မတက်လာကြသေးဖို့ မြို့ပေါ်အသိတွေက လှမ်းသတိပေး တယ်။”လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်တာလို့ သူတို့ကိုယ်တိုင် ထုတ်ပြန်ခဲ့ပါတယ်။ အင်ဘုရပ်ကွက်မှာတပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်ကို လျပ်တပြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲဝန်ထမ်း အနည်းဆုံး (၃)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    စက်တင်ဘာ (၁၄)ရက်ကလည်း လယ်ဝေးမြို့နယ်၊ ရှမ်းစုဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

    အခုလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်း ပစ်ခတ်ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာမထုတ်ပြန်သေးသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ ကြိုးစားနေပါတယ်။

    Nay Pyi Taw

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နေပြည်တော်၊လယ်ဝေးမှာ ပေါက်ကွဲမှုဖြစ်
  5. အင်းစိန်အကျဉ်းထောင်အတွင်းက အရပ်ဘက်အထူးတရားရုံးတွေအတွက် ရုံးချိန်းပြန်ပေး, အထူးတရားရုံးပြန်ဖွင့်ဖို့ တိုင်းတရားလွှတ်တော်နဲ့ ညှိနှိုင်းနေဆဲလို့ အကျဉ်းဦးစီးပြော

    ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်အတွင်းက အရပ်ဘက်အထူးတရားရုံးတွေရဲ့ ရုံးချိန်းတွေကို ဒီနေ့ကစပြီး မြို့နယ်အလိုက်ရုံးချိန်းပေးခဲ့ပါတယ်။ ရုံးချိန်းပေးပေမယ့် ဒီကနေ့မှာတော့ အင်းစိန်အကျဉ်းထောင်အတွင်း အထူးတရားရုံး စစ်ဆေးတာတွေမရှိဘူးလို့ ရှေ့နေအသိုင်းအဝိုင်းကပြောပါတယ်။

    “ဒီနေ့ဆို လသာမြို့နယ်က ရက်ချိန်းပေးလို့ လာတယ်။ မစစ်ဆေးဖြစ်ဘူးပေါ့ဗျာ။ မနက်ဖြန်ဆို လှိုင်သာယာ တရားသူကြီးက ရုံးချိန်းပေးတယ်။ ၂၃ရက်ဆို စမ်းချောင်းက ရုံးချိန်းပေးထားတယ်။ အဲတော့ အရပ်ဘက် အထူးတရားရုံးတွေဖွင့်ဖို့က အကျဉ်းဦးစီးကပဲ ပြောနိုင်မယ်။”လို့ ဥပဒေအကြံပေးတဦးကပြောပါတယ်။

    အကျဉ်းဦးစီးဌာနဘက်ကတော့ တရားရုံးတွေပြန်စဖို့ တိုင်းတရားလွှတ်တော်နဲ့ ညှိနှိုင်းနေရဆဲဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။ “ညှိနေဆဲပဲ၊ အဲဒါကြောင့် သေချာမသိရသေးဘူး။ မနက်ဖြန်စမယ်ဆိုတာကလည်း မသေချာဘူး။” လို့ အကျဉ်းဦးစီးတာဝန်ရှိသူတဦးက ဆိုပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ဇူလိုင် (၆)ရက်ကစကာ အင်းစိန်အကျဉ်ထောင်ကနေ အကျဉ်းသားတွေကို ရုံးထုတ်မစစ်ဆေးတော့တာ ဒီနေ့ စက်တင်ဘာ (၂၀)ရက်အထိဆို နှစ်လကျော်ပြီဖြစ်ပါတယ်။

    ဒီလို တရားရုံးထုတ်မစစ်ဆေးတာကြောင့် စွပ်စွဲခံရကာ ထောင်ကျနေသူတွေအတွက် နစ်နာမှုတွေရှိတယ်လို့ ထောက်ပြကြပါတယ်။ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ (၁)ရက်ကနေ ဖမ်းဆီးခံရသူ ၇၀၀၀နီးပါးရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက် ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

    Insein Prison

    ဓာတ်ပုံ ရင်းမြစ်, Insein Prison

    ဓာတ်ပုံ ပုံစာ, အင်းစိန်အကျဉ်းထောင်ရှေ့ ပုံဟောင်း
  6. အိန္ဒြာကျော်ဇင် ဂျာမနီရုပ်ရှင်ပွဲတော်မှာ သရုပ်ဆောင်ထူးချွန်ဆုရရှိ

    ဂျာမနီနိုင်ငံမှာကျင်းပနေတဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ “What happened to the wolf?” မြန်မာရုပ်ရှင် ဇာတ်ကားပြသခဲ့ပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားနဲ့ပဲ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ဟာ “Seymour Cassel Award for Best Performance” ဆု ရရှိတယ်လို့ ဒီနေ့ စက်တင်ဘာ (၂၀)ရက်မှာ ထုတ်ပြန်ပါတယ်။

    အဲဒီဇာတ်ကားကို ဒါရိုက်တာဏကြီး ရိုက်ကူးတာဖြစ်ပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ ဒါအပြင် မိတ်ကပ်မေဦးအဖွဲ့ကလည်း ရုပ်ရှင်ကားအတွက် မိတ်ကပ်ဖန်တီးပေးထားတာဖြစ်ပါတယ်။

    အကယ်ဒမီဆုရှင်လည်းဖြစ်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ ရိုးရင်းလှပမှု၊ ပင်ကိုယ်စိတ်ထားနဲ့ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူမရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့ “What happened to the wolf?” ပေ့ချ်ကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။

    လက်ရှိမှာတော့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာ အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရ တာဖြစ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ - ကနဲ့ တရားစွဲဆိုခံနေရတာဖြစ်ပါတယ်။

    ဒီရုပ်ရှင်ဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာနဲ့မိတ်ကပ် ဖန်တီးသူတွေကို စစ်ကောင်စီဘက်က ဖမ်းဝရမ်းထုတ်ထားတာဖြစ်သလို မိတ်ကပ်ဖန်တီးရှင်ဖြစ်တဲ့ မေဦးဟာလည်း စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်နေပါတယ်။

    Film

    ဓာတ်ပုံ ရင်းမြစ်, What happened to the wolf fb page

    ဓာတ်ပုံ ပုံစာ, What happened to the wolf ဇာတ်ကားကြည့်ရှုနေပုံ
  7. စစ်ကောင်စီဟာ နယ်မြေရှင်းလင်းရေးဆိုကာ ကျူးလွန်မှုတွေကို အရှိန်မြင့်လုပ်ဆောင်ဖို့ အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ရည်ရွယ်ချက်ရှိရှိဖြတ်တောက်နေတယ်လို့ စစ်ကိုင်းအခြေစိုက်အဖွဲ့ (၉၈)ဖွဲ့ကြေညာ

    စစ်ကောင်စီဟာ နိုင်ငံတဝန်း အထူးသဖြင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းမြစ်ဝှမ်း ဒေသ၊ အ‌နောက်မြောက်လွင်ပြင်ဒေသနဲ့ မကွေးတိုင်းဒေသကြီးရှိ ယောနယ်ဒေသတို့ကို နယ်မြေရှင်းလင်း ရေး ခေါင်းစဉ်တပ်ပြီး လေကြောင်းကနေ တိုက်ခိုက်တာ၊ ရွာလုံးကျွတ်မီးရှို့တာ၊ ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ အပြင် ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုကို လုယူသိမ်းပိုက်တာကို ကျူးလွန်ခဲ့ပြီး ထပ်မံကျူးလွန်ဖို့အတွက် အင်တာနက်နဲ့ ဖုန်းလိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်နေတယ်လို့ စစ်ကိုင်းအခြေစိုက် အဖွဲ့ (၉၈)ဖွဲ့ က ပူးတွဲကြေညာခဲ့ပါတယ်။

    ဒီလိုကြေညာရာမှာ မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်အပါအဝင် သပိတ်ကော်မတီ၊အင်အားစုတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ လူငယ်ရေးရာကော်မတီတွေပူးတွဲကြေညာတာဖြစ်ပါတယ်။

    ဒါကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင်တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ထိရောက်တဲ့နည်းလမ်းတွေကို မြန်မြန်ဆန်ဆန်အကောင်အထည်ဖော်ဖို့ တိုက်တွန်း တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

    ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတွေ၊အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းအဖွဲ့အစည်း ဖြစ်တဲ့ အာဆီယံအနေနဲ့ ပြည်သူကိုကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို ပိုမိုအရှိန်အဟုန်မြင့် ဆက်ဆံကာ ထိရောက်တဲ့အကူအညီတွေပံ့ပိုးပေးဖို့တောင်းဆိုတယ်လို့လည်း ပြောပါတယ်။

    လက်ရှိမှာတော့ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက အနည်းဆုံးမြို့နယ် (၁၀)မြို့နယ်မှာ စက်တင်ဘာ (၁၄)ရက်ကစကာ အင်တာနက်တွေပြတ်တောက်နေပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက တချို့ရွာတွေမှာ စစ်ကောင်စီဘက်က PSI စလောင်းတွေကိုပါ လိုက်လံ သိမ်းဆည်းခဲ့ပါတယ်။

    cj

    ဓာတ်ပုံ ရင်းမြစ်, cj

    ဓာတ်ပုံ ပုံစာ, အင်တာနက်တွေဖြတ်တောက်
  8. တော်လှန်ရေးရဲ့နောက်တစ်ဆင့်လာတော့မယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ NUG ရဲ့ ကာကွယ်ဝန်ကြီး ပြော

    စက်တင်ဘာ ၇ ရက်နေ့မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ ခုခံစစ်စတင်ပြီလို့ NUG ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ကနေ ကြေညာခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ တော်လှန်ရေးနောက်တဆင့် လာတော့မယ်လို့ ကာကွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ထပ်မံပြောဆိုလာပါတယ်။

    ခုခံစစ်စပြီလို့ကြေညာအပြီးထဲက မန္တလေး၊ ရန်ကုန် အပါအဝင် မြို့ကြီးနဲ့ နယ်မြို့တွေမှာပါ ပေါက်ကွဲမှုနဲ့ နေ့စဉ် လိုလိုရှိနေပြီး ပစ်ခတ်မှုတွေလည်း အရင်ထက်ပိုများလာခဲ့တာဖြစ်ပါတယ်။

    မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်အတွင်း ဒေသခံတစ်ဦးကလည်း" ဒီဒေးခေါ်ပြီးမှ စိတ်လာတာပဲ။ ၈၆ ပတ်ဝန်းကျင်ကတော့ ကြားနေရတာပဲ။ ၄၁လမ်း အပိုင်းထိပဲ။ တအုံးအုံး တဒိုင်းဒိုင်း နေ့တိုင်းပဲ။ ညတိုင်း နီးပါးပါပဲ။ ညတိုင်းလဲ ကျီးလန့်စာစားပဲ"လို့ မန္တလေးမြို့ အနောက်ပိုင်း ညပိုင်းအခြေနေတွေကို ဘီဘီစီက ပြောပြထားပါတယ်။

    မနေ့က စက်တင်ဘာ ၁၉ ရက်နေ့တစ်ရက်တည်းမှာပဲ ရန်ကုန်၊ ပခုက္ကူနဲ့ သံတောင်ကြီးအပါအဝင်မြို့ အချို့မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ စစ်ကောင်စီသတင်းပေးလို့ ပြောဆိုခံရသူ ၄ဦးထက်မနည်း ပစ်ခတ် သတ်ဖြတ်ခံခဲ့ရပါတယ်။

    တော်လှန်ရေးအတွင်းမှာ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးခဲ့တဲ့ အပြစ်မဲ့ ပြည်သူတွေအတွက်ကို ပြည်သူ့ အစိုးရက တာဝန်ယူလိမ့်မယ်လို့လည်း ဦးရည်မွန်ကပြောဆိုထားပါတယ်။

    တော်လှန်ရေးရဲ့နောက်တဆင့်လာတော့မယ်

    ဓာတ်ပုံ ရင်းမြစ်, Spring Diary

    ဓာတ်ပုံ ပုံစာ, တော်လှန်ရေးရဲ့နောက်တဆင့်လာတော့မယ်
  9. မုံရွာက ရဲတစ်ဦး သေနတ် နှစ်လက်နဲ့အတူ CDM လုပ်

    မုံရွာစီးပွားရေးဘဏ် အစောင့်တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ CDM လုပ်ပြီး ဆက်သွယ်လာလို့ သေနတ်နှစ်လက်နဲအတူ ဟားခါး CDF ထံကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တယ်လို့ MPDF ကိုယ်စားပြု သံမဏိနှင့်အဖွဲ့သားများက သတင်းထုတ်ပြန်ပါတယ်။

    ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မုံရွာမြို့ မြန်မာဘီယာဂိုဒေါင်ကို ဖောက်ခွဲခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

    ဒီရဲဝန်ထမ်းဟာ ချင်းလူမျိုးဖြစ်ပြီး မုံရွာမြို့ ဗိုလ်ချုပ်လမ်းရှိ မြန်မာ့စီးပွားရေးဘဏ်မှာ တာဝန်ကျနေတာ ဖြစ်ပြီးတော့ လက်နက် နှစ်လက်နဲ့အတူ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ Chindwin Post သတင်းမှာ ဖော်ပြပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်ဟာ စစ်ကိုင်းတိုင်း မုံရွာမြို့ရှိတပ်နယ်မိသားစုများထံ လာရောက်နေတဲ့ အချိန်မှာ အခုလို ရဲတပ်ဖွဲ့ဝင်တစ်ဦး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    ဘဏ်စောင့် ရဲတစ်ဦး CDM ဝင်ပြီးနောက် မုံရွာမြို့က အဆိုပါ ဘဏ်ရှေ့ ရဲတပ်ဖွဲ့အင်အား နှစ်ဆတိုးချထားတာကို တွေ့ရပြီး လမ်းသွားလမ်းလာပြည်သူ‌တွေကို စစ်ဆေးမှု ပိုလုပ်နေတာတွေ့ရတယ်လို့ မုံရွာမြို့ခံတစ်ဦးကပြောပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, MPDF

  10. ရခိုင်ကျောင်းသားလေးဦး ပြစ်ဒဏ်ချမှတ်မှုကို သမဂ္ဂကလက်မခံနိုင်ကြောင်းထုတ်ပြန်

    စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့က စစ်ဆန့်ကျင်ရေးတောင်းဆိုတဲ့ ဆန္ဒပြမှု

    ဓာတ်ပုံ ရင်းမြစ်, MORN HTEET/MPA

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ်က စစ်တွေမြို့မှာရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့က စစ်ဆန့်ကျင်ရေးတောင်းဆိုတဲ့ ဆန္ဒပြမှု

    ပြီးခဲ့တဲ့နှစ် ၂၀၂၀ က ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၉ တို့နဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ရခိုင်တက္ကသိုလ်ကျောင်းသား လေးဦးတို့ကို စက်တင်ဘာလ ၁၆ ရက် ကြာသပတေးနေက စစ်တွေမြို့နယ် တရားရုံးကနေ ပြစ်ဒဏ် ၂ နှစ်ခွဲချမှတ်ခဲ့ ပြီး ဒီပြစ်ဒဏ်ချမှတ်မှုတွေနဲ့ပတ်သက်လို့ လက်မခံနိုင်ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောပါတယ်။

    ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကတော့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနဲ့ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ုကုန်)က ကိုကောင်းထွန်းတို့ဖြစ်ကြပါတယ်။

    ဖမ်းဆီးခံလိုက်ရပြီး စစ်တွေအကျဉ်းထောင်ကနေ တစ်နှစ်နီးပါးအကြာ အမှုရင်ဆိုင်နေခဲ့ကြရတဲ့အချိန် ရုံးချိန်းတွေကိုလည်း ပုံမှန်မချိန်းဆိုဘဲ အကြောင်းအမျိုးမျိုးပြကာ အချိန်ကြန့်ကြာမှုတွေရှိနေခဲ့ကြသလို အမိန့်ချဖို့ရက်ကိုလည်း အသိပေးထားခြင်း မရှိတဲ့အပြင် မိသားစုတွေကိုလည်း တရားခွင့်သို့ဝင်ရောက်ကြားနာခွင့်မပေးဘဲ ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ပြောဆိုပါတယ်။

    စစ်တွေမြို့နယ်တရားရုံးအနေနဲ့ ပြည်သူတွေအတွက် တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ ကျောင်းသားတွေကို အခုလိုမျိုး အမိန့်ချမှတ်လိုက်တာဟာ အနိုင်ကျင့်တဲ့လုပ်ရပ်ဖြစ်ပြီး ဒီလိုပွင့်လင်းမြင်သာမှုမရှိတဲ့ တရားခွင့်ကချမှတ်လိုက်တဲ့အမိန့်ကို သမဂ္ဂအနေနဲ့လက်မခံနိုင်ကြောင်း ကိုတိုးတိုးအောင်က ပြောပါတယ်။

    အဲ့ဒီကျောင်းသားလေးဦးတို့ဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ ပြည်သူတွေ ထိခိုက်သေဆုံးနေကြရတာကြောင့် တိုက်ပွဲတွေကိုရပ်တန့်ပေးဖို့နဲ့ ပိတ်ထားတဲ့ အင်တာနက်တွေကို ပြန်လည်ဖွင့်ပေးဖို့အတွက် ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့က စစ်တွေမြို့ပေါ်မှာ အရပ်သားပြည်သူအင်အား တစ်ရာကျော်ခန့်ပါဝင်တဲ့ ဆန္ဒပြတောင်းဆိုမှု တစ်ခုကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

    ကိုကျော်နိုင်ဌေးဟာ စစ်တွေတက္ကသိုလ်-ဥပဒေဘာသာရပ် စတုတ္ထနှစ်၊ ကိုဦးသန်းနိုင်က စစ်တွေကွန်ပျူတာတက္ကသိုလ် စတုတ္ထနှစ်၊ ကိုမြတ်စိုးဝင်းမှာ ကျောက်ဖြူပညာရေးကောလိပ် ပထမနှစ်၊ ကိုကောင်းထွန်းမှာ ဒဂုံတက္ကသိုလ် ရှေးဟောင်းသုတေသနဘာသာ စတုတ္ထနှစ် တို့က ကျောင်းသားတွေ ဖြစ်ကြပါတယ်။

  11. ကမ္ဘာ့ ကုလသမဂ္ဂက ကုလားထိုင်လုပွဲများ

  12. ရှမ်းမြောက်ဒေသမှာ ကိုဗစ် ကူးစက်မှုတွေများလာ

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ တစ်ပတ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ နောင်ချို့ကျောက်မဲ လားရှိုးနဲ့ နမ့်ဖက်ကာ မြို့နယ်တွေမှာ ကူးစက်မူ့များလာတာတွေကို တွေ့ရပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ကျောက်မဲမြို့က စစ်ဘေးရှောင်စခန်းမှာ ပိုးတွေ့ရှိသူ ၂၀၀ နီးပါးရှိခဲ့တယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

    အခုရက်ပိုင်းမှာ ကူးစက်မှုတွေ စဖြစ်တာဖြစ်ပြီး စစ်ရှောင်စခန်းမှာ ကူးစက်ခံရတာ တစ်ပတ်လောက်ရှိပြီလို့လည်း သူက ပြောပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၁၄ ရက်နေ့နဲ့ ၁၅ ရက် နှစ်ရက်ထုတ်ပြန်မူ့အရ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ကျောက်မဲမြို့မှာစစ်ဘေး ရှောင် ၁၇၀ ကျော် ကူးစက်ခံရတယ်လို့ ဖော်ပြထားပါတယ်။

    ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမူတွေရှိတဲ့ ကျေးရွာအချို့ကဒေသခံတွေဟာ မြို့နဲ့နီးတဲ့နေရာကို ပြောင်းရွှေခိုလှုံခဲ့ပြီးတော့ အဲဒီခိုလှုံလာသူထဲကမှ ဖျားနာလို သံသယရှိတဲ့သူတွေကို စစ်ဆေးကြည့်ရာကနေ ပိုးတွေတဲ့သူတွေ တွေ့ရှိခဲ့တာလို့ စခန်းတာဝန်ခံက ပြောပါတယ်။

    ဒါအပြင် မူဆယ်မြို့နဲ့ ကွက်ခိုင်မြို့ကြားမှာရှိတဲ့ နမ့်ဖက်ကာ မြို့နယ်မှာ ဒီရက်ပိုင်းအတွင်း ပိုးကူးစက်မူ့ များလာတယ်လို့ ကိုဗစ် ၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ ကူညီပေးနေသူတစ်ဦးက အခုလိုပြောပါတယ်။

    သြဂုတ်လအကုန်ထိ နမ်ဖက်ကာဒေသမှာ ပိုးတွေ့သူ ၄၈ ဦးသာရှိခဲ့ ပေမဲ့ စက်တင်ဘာလလယ်မှာတော့ ၁၂၀ အထိ များလာခဲ့ပါတယ်။

    ဇူလိုင်လဆန်းပိုင်းကနေ သြဂုတ်လလယ်ပိုင်းလောက်ထိ မြန်မာနိုင်ငံမှာ ကိုဗစ် ဖြစ်ပွားမူ့များခဲ့ပေမဲ့လည်း သြဂုတ်လလယ်ပိုင်းက စလို့ကူးစက်မူ့ ပြန်လည် ကျဆင်းလာခဲ့ပြီး စက်တင်ဘာလလယ်မှာ ဆိုရင် သိသိသာသာကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

    ကျောက်မဲမြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ကိုဗစ်လူနာတစ်ဦးကို ဆေးရုံပို့ဖို့ခေါ်လာစဥ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျောက်မဲမြို့နယ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က ကိုဗစ်လူနာတစ်ဦးကို ဆေးရုံပို့ဖို့ခေါ်လာစဥ်
  13. လှိုင်မြို့နယ် (၁၆)ရပ်ကွက်မှာ အမျိုးသားတစ်ဦးပစ်သတ်ခံရ

    ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် (၁၆)ရပ်ကွက်မှာ အမျိုးသားတစ်ဦးကို ဒီကနေ့ စက်တင်ဘာလ ၁၉ ရက် မနက် (၈)နာရီဝန်းကျင်မှာ သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။ အုတ်ကျင်းဘူတာရုံလမ်းနဲ့ ဗဟိုလမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း သေနတ်နဲ့ ပစ်သတ်ခဲ့ရတာလို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

    “ပစ်ခံရတဲ့သူက ဒလန်လို့ပြောတယ်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အမြဲထိုင်နေကြ ဒီမနက်အဲ့ဒီဆိုင်မှာထိုင်ရင်း အပစ်ခံလိုက်ရတာ၊ စက်ဘီးနဲ့ (၃)ချက်ပစ်သွားတယ်လို့ကြားတယ်။” လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီလိုပစ်ခတ်မှုပြီးတဲ့နောက် လမ်းကိုခေတ္တပိတ်လိုက်ပြီး စစ်‌ကောင်စီဘက်က စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ် လို့ဆိုပါတယ်။

    အနီးအနားရပ်ကွက်တွေမှာတော့ နေ့လယ်ပိုင်းအချိန်အထိ ရှာဖွေဖမ်းဆီးမှုလုပ်ဆောင်တာမရှိဘူးလို့ ဒေသခံတွေကနေ သိရပါတယ်။

    Yangon

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့တွင်းစစ်ကောင်စီဘက်က စစ်ဆေးမှုတွေလုပ်နေစဉ် (ပုံဟောင်း)
  14. ကော့မှူးမှာ အုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ

    ကော့မှူးမြို့နယ်ထဲက ဘုရားနီ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်လွင်အောင် ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ သေနတ်ပစ်ခံရတယ်လို့ ရွာခံတွေက ဘီဘီစီကို ပြောပါတယ်။

    သေနတ် ဒဏ်ရာ ၄ ချက်ရသွားတဲ့ အုပ်ချုပ်ရေးမှူးကို မင်္ဂလာဒုံစစ်ဆေးရုံကို တင်ထားတယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။

    အခင်းဖြစ်ပွားခဲ့တဲ့ ရှာဘွားကျေးရွာအုပ်စုထဲမှာရှိတဲ့ ဘုရားနီ ရွာကို စစ်ကောင်စီတပ်တွေ လာရောက်စစ်ဆေးပြီး ညနေ ၄ နာရီ ခွဲမှ ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဆိုင်ကယ် နှစ်စီး နဲ့ လာပစ်သွားတာလို့ပဲ သူတို့ သိရတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

    ဦးကျော်လွင်အောင်ဟာ ကော့မှူးမှာ ပထမဆုံးသေနတ်ပစ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး သူ့ရှေ့မှာ နတ်စင်ကုန်းရွာက ဆယ်အိမ်မှူးတစ်ဦး သေနတ်ပစ်ခံရပေမယ့်လို့ မထိမှန်ခဲ့ပါဘူး။

    အာဏာသိမ်းပြီးတဲ့နောက် အသတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး တစ်ရာကျော်ရှိပြီး ဒဏ်ရာရသူလည်း တစ်ရာကျော်ရှိပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    junta, Kawhmu, admin

    ဓာတ်ပုံ ရင်းမြစ်, WINNET MYANMAR

  15. ခရမ်းမြို့နယ်အရှေ့ပိုင်းကရွာတချို့မှာ စစ်ကောင်စီကနေ ပြည်သူ (၅)ဦးစီပေးဖို့ တောင်းတယ်လို့ ဒေသခံတွေပြော

    ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အရှေ့ပိုင်းကရွာတချို့မှာ စစ်ကောင်စီဘက်ကနေ လုံခြုံရေးအတွက်ဆိုကာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ပြည်သူ (၅)ဦးစီပေးဖို့ တောင်းခံတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုတောင်းခံတဲ့အကြောင်း မနေ့စက်တင်ဘာ (၁၈)ရက်ကစပြီး ဒေသခံတွေအကြား သတင်းပျံ့လာတာ ဖြစ်ပါတယ်။

    “တောင်းတာက တကယ်တောင်းတာဗျ၊ ကင်းမွန်းခြုံရွာဘက်မှာ အုပ်ချုပ်ရေးမှူးက မပေးဘူး ငြင်းလိုက်တော့ ညဘက်အပြင်ထွက်ချိန်ကျော်တဲ့သူတွေကို ခေါ်သွားမယ်။ ပြန်မပေးဘူးလို့ ပြောသွားတယ်တဲ့။ အဲဒီရွာဘက်က မော်လမြိုင်ဘက်ကို ပင်လယ်ထွက်ပေါက်ရှိလို့ နဂိုထဲက စစ်တပ်က ရှိတယ်။ နောက် သူတို့ဘက်က အဲ့ဒီရွာကကြယ် ၃ပွင့်တစ်ယောက်ကိုလည်း အရင်လက ပစ်သတ်သွားတာ ရှိတော့ လုံခြုံရေးတင်းကြပ်နေတာ။”လို့ ခရမ်းဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ခရမ်းမြို့နယ် ပစ်ခတ်မှုဖြစ်စဉ်ပြီးတဲ့နောက် ဖမ်းဆီးမှုတွေသိပ်မရှိပေမဲ့ ကျေးရွာတွေဘက်မှာ လုံခြုံရေး တင်းကြပ်နေတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့လတွေထဲက ရွာတွေဘက်ကနေ မြို့ပေါ်လာမယ်ဆိုရင် ထောက်ခံစာနဲ့မှ သွားလာလို့ရတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

    ဒီလို တောင်းခံမှုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို မေးမြန်းဖို့ကြိုးစားနေပါတယ်။

    CJ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ခရမ်းမြို့
  16. စစ်ကောင်စီတပ်တွေ မင်းကင်းနယ်ထဲမှာ ရှာဖွေမှုတွေလုပ်

    စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးအောက်ဒေသကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စက်တင်ဘာလ ၁၉ ရက်နေ့က မင်းကင်းနယ်ထဲက ဖတ်ခက်ရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက်လာခဲ့ပြီး ပစ္စည်းတွေကို မြစ်ကမ်းဘေးမှာပုံထားခဲ့တာတွေ့ရကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

    ချင်းတွင်းမြစ်အတွင်းသွားနေတဲ့ မော်တော်အချို့က စက်တွေကို ဖြုတ်ယူတာတွေရှိပြီး ကုန်မော်တော်အချို့ကိုလည်း ချောဆွဲတာတွေရှိခဲ့တယ်လို့လည်း ပြောပါတယ်။

    ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    ဒေသခံလက်နက်ကိုင်တွေဘက်ကတော့ စစ်ကောင်စီတပ်တွေ ဖမ်းဆီးမှုတွေရှိနေလို့ မင်းကင်းမြို့နယ်အတွင်း ဖြတ်သန်းပြီး ချင်းတွင်းမြစ် အတွင်း စုန်၊ဆန် သွားလာနေကြတဲ့ဲ့ ကုန်မော်တော်ယာဥ်၊အမြန်ရေယာဥ်တွေကို ဖြတ်သန်းသွားလာခြင်း မလုပ်ဖို့ သတိပေးထားပါတယ်။

    မင်းကင်းမြို့နယ်ပြည်သူတွေကိုလည်း ယခုကာလအတွင်း အမြဲသတိနဲ့ နေထိုင်ကြဖို့၊အကြောင်းတစ်စုံတစ်ရာမရှိဘဲ အပြင်ကို လုံးဝမထွက်ကြဖို့၊လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး၊အရေးကြီးသော ပစ္စည်းများကို အသင့်ပြင်ထားကြဖို့ကိုလည်း ဒေသခံ လက်နက်ကိုင်အဖွဲ့တွေက သတိပေးထားပါတယ်။

    ကနီ နယ်အဆုံး မင်းကင်းနယ်စပ်ရွာတွေ စက်တင်ဘာလ ၁၈ ရက်နေ့ညက စစ်ကောင်စီတပ်တွေ ရောက်လာတဲ့ သတင်းကြောင့် ပုန်းရှောင်နေကြရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကနီ နယ်အဆုံး မင်းကင်းနယ်စပ်ရွာတွေ စက်တင်ဘာလ ၁၈ ရက်နေ့ညက စစ်ကောင်စီတပ်တွေ ရောက်လာတဲ့ သတင်းကြောင့် ပုန်းရှောင်နေကြရ
  17. ဟားခါးမြို့မှာ မီးထပ်လောင်

    ချင်းပြည်နယ်၊ ဟားခါးမြို့အစွန်မှာ ဒီနေ့ညနေ (၃)နာရီဝန်းကျင်မှာ နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီလိုမီးလောင်ကျွမ်းတာကြောင့် ထိခိုက်ဒဏ်ရာရတာမရှိပေမဲ့ ဘာကြောင့်မီးလောင်သလဲဆိုတာကို မသိရသေးပါဘူး။

    “၂နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က တစ်ဖက်သတ် ပစ်ခတ်မှုတွေရှိတယ်။ မိုင်းထိပြီးပဲ အဲ့ဒီအိမ် မီးလောင်သလား၊ အိမ်ပိုင်ရှင် ပေါ့ဆပြီးမှ မီးလောင်သလားဆိုတာ သေချာမသိရသေးဘူး။ ဒီနေ့ ဟားခါးမှာ‌တော့ နှစ်ဖက် အပြန်အလှန်ပစ်ခတ်တာမရှိဘူး။”လို့ CDF ဟားခါးရဲ့ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    မနေ့ စက်တင်ဘာ (၁၈)ရက်က ဟားခါးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် နေအိမ်မီးလောင် ပျက်စီးမှုတွေနဲ့ အိမ်ထဲနေ ပြည်သူ (၅)ဦးထက်မနည်း လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီလိုပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာမထုတ် ပြန်သေးသလို ဘီဘီစီဘက်ကလည်း မေးမြန်းဖို့ကြိုးစားနေပါတယ်။

    Chin

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ (၁၈)ရက်က ဟားခါးမြို့တွင်းပစ်ခတ်မှုမြင်ကွင်း
  18. သာကေတ KBZ ဘဏ်ရှေ့ ပေါက်ကွဲမှုဖြစ်

    သာကေတ မြို့နယ်၊ ရုပ်ရှင်ရုံ မှတ်တိုင်က ကမ္ဘောဇဘဏ်အနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲတစ်နာရီခွဲ ဝန်းကျင်က ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့တယ်လို့ အနီးနားနေထိုင်သူတွေက ပြောပါတယ်။

    မြင်တော်သာလမ်းမပေါ်က ဒီပေါက်ကွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ် လို့ G-20 Urban Burma Phoenix Organization (G-20 UBPO) က ပေါက်ကွဲမှု ဖြစ်အပြီး တစ်နာရီအကြာမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒါ့အပြင် စစ်ကောင်စီနဲ့ ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း ဖောက်ခွဲဖျက်ဆီးသွားမယ်လို့ သူတို့က ကြေညာပါတယ်။

    ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့အပတ်က မြင်တော်သာလမ်းမပေါ်က ရဲကင်းတစ်ခုကိုလည်း ဖောက်ခွဲခဲ့ပါသေးတယ်။

    KBZ, Bomb

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. ကန်ကြီးထောင့်မြို့နယ် ဒုအုပ်ချုပ်ရေးမှူး အဖမ်းခံရ

    ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒုတိယ အုပ်ချုပ်ရေးမှူး တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅နာရီ ဝန်းကျင်က ဖမ်းဆီးသွားကြောင်း ကန်ကြီးထောင့်ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်စုံကို စစ်ကောင်စီတပ်ဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီးသွားတာဖြစ်ပြီး ဘာအတွက် ဖမ်းဆီးသွားတယ်ဆိုတာကို မသိရကြောင်း၊ လာဖမ်းသူများထဲမှာ စစ်သားများသာမက အရပ်ဝတ်နဲ့ လူအချို့လည်း ပါဝင်တယ်လို့ မျက်မြင်တွေ့သူ တွေထံက သိရပါတယ်။

    ဦးပြည့်စုံဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ လက်ရှိ တာဝန် ထမ်းဆောင်နေသူဖြစ်ပြီး CDM လုပ်သူလည်း မဟုတ်ကြောင်း ဒေသခံတွေက တစ်ဆင့် သိရပါတယ်။

    စစ်ကောင်စီဘက်က သူ့ကို ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကို သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    သူ့ကို ပုသိမ်က ထောက်လှမ်းရေးတပ် စစ်ကြောရေးစခန်းကို ခေါ်သွားတာလို့လည်း ယူဆနေကြပြီး ထွေအုပ်ဝန်ထမ်းတစ်ဦး အဖမ်းခံရတာ ပထမဆုံးအကြိမ်ပဲလို့ မြိုခံတွေက ပြောပါတယ်။

    ကန်ကြီးထောင့်မြို့က စစ်ကောင်စီသတင်းပေးလို့ ဒေသခံတွေကပြောတဲ့သူတစ်ဦး အသတ်ခံခဲ့ရသလို ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း သတင်းသမားတစ်ဦး အဖမ်းခံခဲ့ရတာ ရှိပါတယ်။

    စစ်ကောင်စီ သတင်းပေးလို့ ‌ဒေသခံတွေ ပြောတဲ့သူတစ်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စက်တင်ဘာ ၁၉ ရက်နေ့အထိ ဒေသခံ ၄၀ ဦးဝန်းကျင် ဖမ်းဆီးထားပြီး ၁၀ ဦးခန့်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. စစ်ကိုင်းနဲ့ မကွေးက လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ကုလကို NUG အစီရင်ခံစာတင်

    စစ်ကောင်စီက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို အစီရင်ခံစာတင်သွင်းလိုက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

    ဇူလိုင်လကထဲကစတဲ့ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးမှာ ကိုယ်တွေ့ကြုံခဲ့သူတွေ ကို တိုက်ရိုက်မေးပြီးရေးတဲ့ အစီရင်ခံစာ လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြထားပါတယ်။

    ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာ လအတွင်း ဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ အသက်သေဆုံးတဲ့အထိ နှိပ်စက်မှုတွေ နဲ့ ဥပဒေမဲ့ ဖမ်းဆီးမှုတွေ အစီရင်ခံစာထဲပါတယ် လို့ NUG ရဲ့ထုတ်ပြန်ချက်ထဲဖော်ပြထားတာပါ။

    လူ့အခွင့်အရေးကောင်စီအနေနဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ပြည်သူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ဖို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။

    ဒါ့အပြင် မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချခြင်းနဲ့ စစ်ရေးအကူအညီပေးတာတွေကို ရပ်တန့်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ အမြန်ရပ်တန့်ဖို့ တရားမျှတမှုအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအပါအဝင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေကတဆင့် ထိထိရောက်ရောက်ဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။

    စက်တင်ဘာလထဲ စစ်ကိုင်း၊မကွေးနဲ့ ချင်းပြည်နယ်ထဲက မြို့တွေမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုတွေ ပိုစိတ်လာပြီး ရွာတချို့လည်း မီးရှို့ခံရလို့ နေရပ်စွန့်ခွာထွက်ပြေးရသူတွေလည်းပိုမိုများပြားလာနေပါတယ်။

    Sagaing, Magway, UNHRC,NUG

    ဓာတ်ပုံ ရင်းမြစ်, Gangaw Youths Voice

    ဓာတ်ပုံ ပုံစာ, မကွေးတိုင်းထဲက မြင်သားရွာ မီးလောင်ပြင်
    Sagaing, Magway, UNHRC,NUG

    ဓာတ်ပုံ ရင်းမြစ်, Gangaw Youths Voice

    ဓာတ်ပုံ ပုံစာ, အညာစစ်ဘေးရှောင် တဲတစ်လုံး