စက်တင်ဘာ (၁၂)ရက် စစ်ကောင်စီရဲ့ သတင်းစာမှာ ဖော်ပြချက်အရ ဖေဖော်ဝါရီကနေ စက်တင်ဘာ (၉)ရက်အထိ တာဝါတိုင်တွေကို မီးရှို့ဖောက်ခွဲဖျက်ဆီးမှု (၆၈)ကြိမ်ရှိပြီလို့ဆိုပါတယ်။
တစ်ဖက်မှာတော့ အမျိုးသား ညီညွတ်ရေးအစိုးရ NUGကနေ တော်လှန်ရေးအတွက် တိုက်ပွဲစတင်ကြောင်း စက်တင်ဘာ (၇)ရက်မှာကြေညာပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ဒေသအချို့မှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးလာကြပြီး တာဝါတိုင်(၈၀)နီးပါးဖျက်ဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဒီလို ဆက်သွယ်ရေးတာဝါတိုင်တွေကို ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် Mytel နဲ့ MPT ကို အဓိက ဦးစားပေးလုံခြုံရေးပေးဖို့ စစ်ကောင်စီဘက်ကညွှန်ကြားတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ တာဝါတိုင်တွေကို လုံခြုံရေးပေးတာ မတွေ့ရဘူးလို့ ဒေသခံတွေက ဆိုပါ တယ်။
“ဘုတလင်ဘက်ကတော့ အဲ့(၇)ရက်နေ့ထဲက တာဝါတိုင်ဖြိုကျတာပဲ၊ သူတို့က Mytel ကိုပဲ လုပ်တာပါ။ တခြားတာဝါတိုင်တွေကို လုံးဝမထိဘူး။ အခုတော့ Mytel တွေ သုံးမရတော့ဘူး ဒီနယ်တစ်ဝိုက်တော့လေ။ ဘုတလင်ကိုပဲ (၁၀)တိုင်နီးပါး အဖြိုခံရပြီကြားတယ်။ ကျွန်တော်တို့နားမှာလည်း တာဝါတိုင်ရှိတယ်လေ၊ ဖြိုပြီးတော့ကျ လာစစ်ဆေးတာမရှိဘူး။ အခုထိလည်း သူတို့ပြောသလို အစောင့်ချတာတွေလည်းမရှိပါဘူး။ ဒါပေမယ့် ၉ရက်နေ့တုန်းကတော့ တောင်ဘက်ပိုင်းက ရွာတွေကို တာဝါတိုင်ဖြိုလို့ ဝင်မွှေတယ်ကြားတယ်။ ကျန်တဲ့အော်ပရေတာတွေက ဖုန်းပြောရတာလည်း အဆင်ပြေပါတယ်။ လိုင်းပဲကြပ်နေတာ။ Mytel ကတော့ အာဏာသိမ်း ကတည်းက ကတ်တွေအကုန်ချိုးလိုက်ပြီ။”လို့ ဘုတလင်နယ်ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေဘက်ကတော့ စစ်ကောင်စီကို ထောက်ပံ့နေတဲ့ ဒေါက်တိုင်တွေကို ပစ်မှတ်ထား ချေမှုန်းသွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ဒီကနေ့ စက်တင်ဘာ (၁၂)ရက်မနက်ပိုင်းမှာလည်း မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ ကုက္ကိုကိုင်းရွာက တာဝါတိုင်နဲ့ မကွေးမြို့က တာဝါတိုင်တွေကိုလည်း ဖောက်ခွဲမှုပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ Mytel တာဝါတိုင် (၇)ခုကို စက်တင်ဘာ (၁၀)ရက်တရက်ထဲမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီဟာ စစ်ကောင်စီကို အဓိက ထောက်ပံ့နေတဲ့လုပ်ငန်းတစ်ခုအဖြစ်လူသိများပြီး ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဌာနအောက်က ဆက်သွယ်ရေးလုပ်ငန်းဖြစ်တဲ့ Viettelနဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, တာဝါတိုင်ဖျက်ဆီးခံရပုံ