တယ်လီနောထွက်ခွာသွားမှု ဘယ်လိုရိုက်ခတ်မှုတွေ ရှိမလဲ

တယ်လီနော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

မြန်မာပြည်တွင်းအခြေအနေဟာ ပိုမိုဆိုးဝါးလာနေတဲ့အတွက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ သူတို့ရဲ့ လုပ်ငန်းတွေ အားလုံးကို လက်ဘနွန် အခြေစိုက် M1 Group ကုမ္ပဏီကို အမေရိကန် ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီလို့ ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေသလို လုံခြုံရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာပြည်တွင်းမှာ ဆက်လည်ပတ်သင့်မသင့် သုံးသပ်စဉ်းစားနေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က ကြေညာချက်ထုတ်ပြန်အပြီးမှာ တယ်လီနော ကုမ္ပဏီဘက်က အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြန်မာပြည်ရဲ့ အခြေအနေတွေဟာ ပြည်သူတွေရဲ့ လုံခြုံရေး၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ၊ လေးစားလိုက်နာမှုတွေနဲ့ ပတ်သက်လို့ တယ်လီနော ကုမ္ပဏီအတွက် စိန်ခေါ်ချက်တွေ ပိုမိုတိုးလာနေတာကြောင့် အခုလို ရောင်းချလိုက်တာ ဖြစ်တယ်လို့ တယ်လီနော ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Sigve Brekke က ပြောပါတယ်။

ဒါပေမဲ့ တယ်လီနောမြန်မာရဲ့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ ဝန်ဆောင်မှု တွေကတော့ ဆက်လက်လည်ပတ်နေမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တယ်လီနော ပြည်တွင်းသုံးစွဲမှု

တယ်လီနော ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်က စတင်ဝင်ရောက်ခဲ့ပြီး ပြည်တွင်းမှာ လည်ပတ်နေတဲ့ ဆက်သွယ်ရေး ကုမ္ပဏီ ၄ ခုအနက် စစ်တပ်နဲ့ အစိုးရ လက်အောက်ခံအဖွဲ့အစည်းတွေနဲ့ ဆက်နွှယ်မှု မရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ့မှု ကုမ္ပဏီ တခုဖြစ်ပါတယ်။

လူဦးရေ ၅၄ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ တယ်လီနော ကွန်ရက်ကို သုံးစွဲသူ ၁၈ သန်းရှိတယ်လို့လည်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ဘာကြောင့် ထွက်သွားတာဖြစ်မလဲ

လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လေးစားလိုက်နာတဲ့ နိုင်ငံတကာ အဖွဲ့အစည်းအနေနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ ဆက်လက်လည်ပတ်တာဟာ ဆုံးရှုံးမှုတွေ များနိုင်တာကြောင့် အခုလို ဆုံးဖြတ်တာ ဖြစ်နိုင်တယ်လို့ စီးပွားရေးနဲ့ နည်းပညာ အကြံပေး ဦးချစ်ထွန်းဖေက ဘီဘီစီကို ပြောပါတယ်။

"အခုလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံမှာ ဆက်လည်ပတ်တာဟာ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တယ်။ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ သဘောသဘာဝအရ ရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံတကာ အစိုးရတွေ၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်သူတွေက ဖိအားတွေ ပေးလာနိုင်တယ်။ အစုရှယ်ရာဈေးကွက်လည်း ထိုးကျသွားနိုင်တယ်။ ပိုက်ဆံရှာနိုင်တာထက် မြန်မာပြည်နဲ့ ပတ်သက်လို့ ဆုံးရှုံးနိုင်မှု ပိုများနိုင်တယ်လို့ တွက်ပြီး စဉ်းစားတဲ့ဟာပေါ့" လို့ ဆိုပါတယ်။

သုံးစွဲသူတွေအပေါ် သက်ရောက်မှု

ပြည်တွင်းသုံးစွဲသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

နိုင်ငံတွင်း လူဦးရေ သုံးပုံတပုံ သုံးစွဲနေတဲ့ နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီတခု ပြည်တွင်းကနေ ထွက်ခွာတာဟာ ပြည်သူတွေအတွက်လည်း ထိခိုက်နစ်နာစေတယ်လို့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။

နည်းပညာကျွမ်းကျင်သူ ကိုမြတ်မင်းထက်ကတော့ "ပြည်သူတွေအတွက် ရွေးချယ်စရာ နည်းသွားပြီ။ နိုင်ငံရေးအခြေအနေကြောင့် ဆက်မလုပ်ချင်တော့လို့ ထင်တယ်။ နော်ဝေးအခြေစိုက် နိုင်ငံခြား ကုမ္ပဏီဆိုတော့ သူတို့ကုမ္ပဏီနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မညီတော့လို့ပေါ့" လို့ ဆိုပါတယ်။

တယ်လီနော ကုမ္ပဏီ မြန်မာပြည်တွင်းကို ဝင်ရောက်လာပြီးနောက်ပိုင်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ အများကြီး ရှိခဲ့သလို အလုပ်အကိုင်အခွင့်အရေးတွေလည်း အများကြီး ပေါ်ပေါက်ခဲ့တယ်လို့ စီးပွားရေး ပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒါပေမဲ့ သုံးစွဲသူတွေရဲ့ အခွင့်အရေးကို အကာအကွယ်မပေးပဲ သူတို့ရဲ့ ပုဂ္ဂလိက အချက်အလက်တွေကို စောင့်ကြည့်ဖို့ အာဏာသိမ်းစစ်ကောင်စီက ဖိအားပေးလာမယ်ဆိုရင်တော့ နိုင်ငံတကာအဖွဲ့အစည်းတခုအနေနဲ့ ဒါကို လက်ခံနိုင်မှာ မဟုတ်ဘူးလို့လည်း ဆိုကြပါတယ်။

"တယ်လီနောလို နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီလုပ်တဲ့ အဖွဲ့အစည်းတွေ ဝင်လာတော့မယ်လို့ မထင်ဘူး။ ဒီလိုအနေအထားမျိုးမှာ လည်ပတ်နိုင်တယ်ဆိုတဲ့ အဖွဲ့အစည်းကတော့ လူ့အခွင့်အရေး၊ နိုင်ငံတကာ စံသတ်မှတ်ချက်တွေ၊ ပွင့်လင်းမြင်သာမှုတွေကို ဂရုမစိုက်ပဲ အဆင်ပြေအောင် လုပ်မယ့် အဖွဲ့တွေပဲ လာမယ်။ သုံးစွဲသူတွေအတွက်ကတော့ အတော်လေး စိုးရိမ်ရတယ်" လို့ ဦးချစ်ထွန်းဖေက သုံးသပ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြည်တွင်းမှာ လည်ပတ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့ လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းတာ၊ တချို့ ကုမ္ပဏီငယ်လေးတွေ ပိတ်သိမ်းတာ ရှိခဲ့ပေမယ့် တယ်လီနောလို ရင်းနှီးမြှုပ်နှံမှု အများအပြား လုပ်ထားတဲ့ နိုင်ငံခြား ကုမ္ပဏီကြီးတခု ထွက်ခွာသွားတာကတော့ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။

နိုင်ငံရေး မတည်မငြိမ် ဖြစ်မှုတွေနဲ့အတူ စီးပွားရေးပါ ယိုင်နဲ့လာတဲ့ မြန်မာပြည်ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာဖို့ အင်မတန် နည်းသွားမယ်လို့လည်း ဦးချစ်ထွန်းဖေက ဆိုပါတယ်။

"ကျင့်ဝတ်စည်းကမ်း၊ ဥပဒေတွေနဲ့အညီ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းတွေနဲ့ လာတဲ့ အဖွဲ့အစည်းတွေကတော့ လာဖို့ ခဲသွားမယ်။ ယုံကြည်မှု ပျက်ပြားသွားတဲ့အတွက် ဒီလိုအခြေအနေမျိုးမှာ ဘယ်ရင်းနှီးမြှုပ်နှံမှုမျိုးကိုမှ မလာတဲ့အပြင် နှစ်တွေအများကြီး စောင့်ကြည့်တဲ့ အနေအထားထိ ဖြစ်သွားမယ်။ ဒေသတွင်း ကုမ္ပဏီအသေးတွေပဲ လာနိုင်တော့မယ်။ လာမယ့် သူတွေကလည်း တစ်ပွဲထိုး မြန်မြန်နဲ့ များများရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြည့်တဲ့အဖွဲ့အစည်းတွေပဲ လာတဲ့အတွက် နိုင်ငံအတွက် အန္တရာယ်များနိုင်တယ်။"

Myanmar mobile user

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်ကောင်စီရဲ့ လုပ်ရပ်ကို တုံ့ပြန်ခဲ့တဲ့ ကုမ္ပဏီ

ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လမ်းမတွေထွက်မှာ လူထုအုံ့ကြွမှုကြီးတွေ နိုင်ငံတဝန်း ပေါ်ပေါက်လာချိန်မှာ အင်တာနက်လိုင်းတွေကို ယာယီ ဖြတ်တောက်ဖို့ စစ်ကောင်စီက မိုဘိုင်းကုမ္ပဏီကြီးတွေကို စတင်ညွှန်ကြားခဲ့ပါတယ်။

အမိန့်အရ အဲဒီလို ဆောင်ရွက်ခဲ့ရပေမယ့် မြန်မာပြည်ရဲ့ အခြေအနေကို အင်မတန် စိုးရိမ်တဲ့အကြောင်း ဆက်သွယ်ရေး ကုမ္ပဏီတွေထဲမှာ တယ်လီနော ကပဲ စာရေးသား ထုတ်ပြန်ခဲ့ပါတယ်။

"အထူးသဖြင့် အခုလို မတည်မငြိမ်ဖြစ်နေတဲ့ ကာလမျိုးမှာ ပြည်သူတွေအနေနဲ့ သတင်းအချက်အလက် ရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ရဖို့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို အချိန်ပြည့် ရယူနိုင်အောင် လုပ်ဆောင်ပေးသင့်တယ်လို့" လည်း အာဏာပိုင်တွေကို တိုက်တွန်းခဲ့တာပါ။

ဆန္ဒပြသမားတွေကို စစ်တပ်ဘက်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေ ဆက်တိုက်ရှိလာတဲ့အချိန်မှာ အင်တာနက်ပေါ်ကနေ သတင်းတု သတင်းမှားတွေ ဖြန့်ဝေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီက မတ်လ ၁၅ ရက်နေ့မှာ နိုင်ငံတဝန်း မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေကို နှစ်လနီးပါးကြား ဖြတ်တောက်ထားခဲ့ပါတယ်။

အဲဒီအချိန်မှာလည်း တယ်လီနော ကုမ္ပဏီက လူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို လေးစားလိုက်နာဖို့နဲ့ ဆက်သွယ်ရေးလိုင်းတွေ ချက်ချင်း ပြန်ဖွင့်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပြန်ပါတယ်။

ဒါပေမဲ့ မြန်မာပြည်တွင်းမှာ ဆက်လက်ရပ်တည်သွားမယ်၊ အနာဂတ်မှာ ဆက်ရှိမရှိဆိုတာကတော့ မြန်မာပြည်သူတွေအပေါ် ကောင်းစွာ ဝန်ဆောင်မှု ပေးနိုင်မှုနဲ့ နိုင်ငံတွင်း တိုးတက်ဖြစ်ထွန်းမှုတွေအပေါ် မူတည်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ နိုင်ငံ့စီးပွားရေး ကျဆင်းမှုနဲ့အတူ တယ်လီနော ကုမ္ပဏီလည်း ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်ကာလမှာ အရှုံးပေါ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာ ၇၈၃ သန်းလုံးကို အရှုံးအဖြစ် သတ်မှတ်လိုက်ပြီလို့ မေလ ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

"အခက်အခဲတွေ ရှိပေမယ့် ပြည်တွင်းမှာ ဆက်လက် လည်ပတ်နိုင်ဦးမယ်လို့ ယူဆခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အခြေအနေတွေဟာ ပိုဆိုးလာခဲ့တယ်" လို့ မစ္စတာ Sigve Brekke က ဆိုပါတယ်။

တယ်လီနော

ဓာတ်ပုံ ရင်းမြစ်, Telenor Myanmar

မိုဘိုင်းဖုန်းကွန်ရက် သုံးစွဲသူတွေရဲ့ သတင်းအချက်အလက်တွေကို ရယူဖို့အတွက် အာဏာသိမ်းစစ်ကောင်စီက ဆက်သွယ်ရေးကုမ္ပဏီကြီးတွေကို ဖိအားပေးခဲ့သလို ကုမ္ပဏီရဲ့ ထိပ်တန်းအမှုဆောင်အရာရှိကြီးတွေကိုလည်း ပြည်တွင်းကနေ ခွင့်ပြုချက်မရှိပဲ မထွက်ခွာဖို့ ညွှန်ကြားထားတယ်လို့ ကာယကံရှင်တစ်ယောက်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ရေးထားပါတယ်။

"စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေ ရှိလာပြီဆိုရင် တယ်လီနောလို ဥရောပ ကုမ္ပဏီအနေနဲ့ ဆက်လုပ်ချင်တော့မှာ မဟုတ်ဘူး" လို့လည်း နည်းပညာကျွမ်းကျင်သူ ကိုမြတ်မင်းထက် က သုံးသပ်ပါတယ်။

အစားထိုးလုပ်ကိုင်မယ့် ကုမ္ပဏီ

နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဟာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့ ကုမ္ပဏီကို ဒေါ်လာ ၁၀၅ သန်းလောက်နဲ့ အလျင်အမြန် ရောင်းချခဲ့တဲ့အပေါ် မြန်မာပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

တယ်လီနောရဲ့ အစုရှယ်ရာတွေကို ဝယ်ယူလိုက်တဲ့ M1 Group ကုမ္ပဏီဟာလည်း ၂၀၁၉ ခုနှစ်က အဂတိလိုက်စားမှု စွဲချက်တွေနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တဲ့ လက်ဘနွန်ဝန်ကြီးချုပ်ဟောင်း Najib Azmi Mikati ပူးတွဲတည်ထောင်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Mikati မိသားစုဟာ အကျိုးစီးပွားအတွက် လူ့အခွင့်အရေးနဲ့ ပုဂ္ဂလိက အချက်အလက်တွေကို အလေးမထားသလို အာဏာရှင်တွေနဲ့ လက်တွဲလုပ်ကိုင်တဲ့ ရာဇဝင်ရှိတယ်လို့လည်း Justice For Myanmar အဖွဲ့အစည်းက ဆိုပါတယ်။

M1 Group ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီဟာ မြန်မာစစ်တပ် ချုပ်ကိုင်ထားတဲ့ Mytel ကုမ္ပဏီနဲ့ စီးပွားရေး ဆက်စပ်လုပ်ဆောင်ခဲ့တဲ့ Irrawaddy Green Towers တာဝါတိုင် ကုမ္ပဏီရဲ့ အဓိက ရှယ်ရာဝင်လည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း မြန်မာ့လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ Burma Campaign UK အဖွဲ့က M1 Group ကုမ္ပဏီကို ၂၀၁၉ ခုနှစ်မှာ အမည်ပျက်စာရင်း (dirty list) သွင်းခဲ့ပါတယ်။

တယ်လီနောရဲ့ အစုရှယ်ရာတွေကို ဝယ်ယူပြီး ပြည်တွင်းမှာ ဆက်လက် လည်ပတ်တော့မယ့် M1 ကုမ္ပဏီအနေနဲ့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးသလို မြန်မာပြည်မှာ ဘယ်လို ဆက်လက် လည်ပတ်သွားမလဲဆိုတာနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

မြန်မာပြည်သူတွေကတော့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတခု ပြည်တွင်းကနေ ဆုတ်ခွာသွားတာကြောင့် ဆက်သွယ်ရေးကွန်ရက် ဝန်ဆောင်မှု ကဏ္ဍမှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာမှာကို စိုးရိမ်နေကြပါတယ်။