ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရွှေဝါရောင်တော်လှန်ရေးမှာသွေးမြေကျခဲ့ရတဲ့သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေကို CDM ရဲတပ်ဖွဲ့တောင်းပန်

    ၂၀၀၇ခုနှစ်၊ စက်တင်ဘာ (၁၈)ရက်ကနေ (၂၆)ရက်အထိ ရွှေဝါရောင်တော်လှန်ရေးမှာ စစ်တပ်နဲ့ ရဲတွေရဲ့ လုပ်ရပ်ကြောင့် နှိပ်စက်ခံခဲ့ရတဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေအပြင် အခုကာလအတွင်း နှိပ်စက်၊ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေကိုတောင်းပန်တယ်လို့ CDM ရဲတပ်ဖွဲ့က ဒီကနေ့စက်တင်ဘာ (၁၉)ရက်မှာ ထုတ်ပြန်ပါတယ်။

    ရဲတပ်ဖွဲ့ရဲ့အခုလိုကျူးလွန်ခဲ့မှုတွေဟာ သွယ်ဝိုက်သက်ဆိုင်တယ်လို့ ထင်မိတာကြောင့် အခုလိုတောင်းပန်ရ တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဒါအပြင် စစ်ကောင်စီကိုဆန့်ကျင်တော်လှန်ရေးအတွက်လည်း တိုက်ပွဲဝင်သွားမယ်လို့ ကတိပေးတယ်လို့ဆိုပါတယ်။

    ရွှေဝါရောင်တော်လှန်ရေးဟာ လောင်စာစီစျေးနှုန်းမြင့်တက်တာနဲ့ လူထုရဲ့ ကျပ်တည်းမှုတွေကြောင့် သံဃာတော်တွေ မေတ္တာပို့ချီတက်ခဲ့ကြတာကို အကြမ်းဖက်ဖြိုခွင်းခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

    ၂၀၀၇ခုနှစ်၊စက်တင်ဘာ (၁၈)ရက်ကို ရွှေဝါရောင်နေ့အဖြစ် သတ်မှတ်ထားပြီး (၁၄)နှစ်ကြာရှိသွားပြီ ဖြစ်ပါတယ်။

    Reuters

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ၂၀၀၇ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေး
    Myanmar Police CDM Channel

    ဓာတ်ပုံ ရင်းမြစ်, Myanmar Police CDM channel

    ဓာတ်ပုံ ပုံစာ, ထုတ်ပြန်စာ
  2. စစ်ကောင်စီဥက္ကဋ္ဌ ကို ရိုးရာဝတ်စုံ ဝတ်ပေးလို့ ကချင်အသိုင်းအဝိုင်းဝေဖန်, မြစ်ကြီးနားမှာ ဆန္ဒပြပွဲတွေ ဆက်ရှိ

    ကချင်ပြည်နယ်ကို ရောက်နေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် က ရိုးရာအသုံးအဆောင်တွေ လက်ဆောင်ပေးတဲ့အပေါ် ကချင်အသိုင်းအဝိုင်းမှာ ဝေဖန်မှုဖြစ်ပေါ်နေပါတယ်။

    မြစ်ကြီးနားရောက်စစ်ကောင်စီဥက္ကဋ္ဌကို ရိုးရာဝတ်စုံဝတ်ပေးပြီး ရိုးရာအသုံးအဆောင်တွေပေးနေတဲ့ သတင်းဓာတ်ပုံကို ဒေသတွင်းမီဒီယာKachinwavesက ဖော်ပြခဲ့ပြီး ဒီလိုဝတ်ဆင်မှုအပေါ် မကျေနပ်တဲ့ မှတ်ချက်အမြောက်အများ ပေးခဲ့ကြတာပါ။

    ကချင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ခေါင်းပေါင်း၊လွယ်အိတ်နဲ့ ငွေဓား လက်ဆောင်ပေးတာကို အဓိက မကျေနပ်တာ လို့ ကချင်လူငယ်တချို့က ဘီဘီစီကို ပြောပါတယ်။

    ‘ ကျွန်တော်တို့တန်ဖိုးထားတဲ့အရာတွေကို ဒီလိုလူမျိုးကိုပေးလို့ မကျေနပ်တာ’ လို့ ကချင်လူငယ်တစ်ဦးကပြောပါတယ်။

    ဒီလိုရိုးရာအသုံးအဆောင်ကို ထိမ်းမြားမင်္ဂလာမှာပေးလေ့ရှိသလို တစ်ယောက်အခက်အခဲတစ်ယောက်အပြန်အလှန်ကူညီဖို့ ညီအစ်ကိုဖွဲ့တဲ့ အထိမ်းအမှတ်အဖြစ် လည်း ပေးလေ့ရှိတယ် လို့ သိရပါတယ်။

    ဒီလို အသုံးအဆောင်တွေပေးတဲ့ ဝန်ကြီးချုပ် ဦးခက်ထိန်နန် ကိုလည်း လူမှုကွန်ရက်မှာ ဝေဖန်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

    စက်တင်ဘာ ၁၈ ရက်မှာစစ်ကောင်စီဥက္ကဋ္ဌ ရောက်နေတုန်းမြစ်ကြီးနားမြို့မှာ လုံခြုံရေး တင်းကြပ်ထားတဲ့ကြားက ဆန္ဒပြမှုတချို့လည်း ရှိခဲ့ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌ ကိုKachin State Civilian Movement- KSCMအင်အားစုက လူငယ် တွေနဲ့ မြစ်ကြီးနား အခြေစိုက် ကျောင်းသားသမဂ္ဂလူငယ်တွေစက်တင်ဘာ ၁၉ ရက်မှာ လည်း မြစ်ကြီးနားမှာ ဆန္ဒထပ်ပြခဲ့ကြပါတယ်။

    ဒီကိစ္စအပေါ် ဝေဖန်မှုတွေရှိနေတာကြားရတဲ့အကြောင်း ကေအိုင်အို ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုပြီး ကေအိုင်အိုအနေနဲ့တော့ မှတ်ချက်ပေးစရာမရှိဘူးလို့ ပြောပါတယ်။

    ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေဟာ စစ်တပ်က ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်

    စစ်တပ်နဲ့ အဓိက တိုက်ပွဲဖြစ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ်။

    စစ်ကောင်စီဥက္ကဋ္ဌဟာ မြစ်ကြီးနားတပ်နယ်ကို စက်တင်ဘာ မနက်ပိုင်းမှာ သွားရောက်တဲ့အခါ စစ်ယူနီဖောင်းကိုဝတ်ဆင်ခဲ့ပြီး နေ့လည်ပိုင်းမှာ ဌာနဆိုင်ရာတွေ့ဆုံတဲ့အခါ အရပ်ဝတ်ပြောင်းလဲဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။

    စစ်ကောင်စီ ဥက္ကဋ္ဌ နဲ့အဖွဲ့ဟာ ဒီကနေ့မှာတော့ ကချင်ပြည်နယ် မြောက်ဖျားက ပူတာအို မှာ ရှိနေတာပါ။

    Kachin

    ဓာတ်ပုံ ရင်းမြစ်, cincds, KSCM

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီဥက္ကဋ္ဌကို ရိုးရာဝတ်စုံဝတ်ပေးနေစဉ်
    Kachin

    ဓာတ်ပုံ ရင်းမြစ်, cincds, KSCM

    ဓာတ်ပုံ ပုံစာ, မြစ်ကြီးနားမှာ ဆန္ဒပြ
  3. မန္တလေးမှာ စက်တင်ဘာလအတွင်း နေ့ရောညပါ ပေါက်ကွဲပစ်ခတ်မှုတွေ အရင်ထက်ပိုများလာ

    မန္တလေးမြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှု ပစ်ခတ်သံတွေဟာ စက်တင်ဘာလ ပထမပတ်ကစပြီး ပိုစိတ်လာ

    မန္တလေးမြို့အတွင်း နေ့ရော ညပိုင်းတွေမှာပါ ပေါက်ကွဲမှု ပစ်ခတ်သံတွေဟာ စက်တင်ဘာလ ပထမပတ်ကစပြီး ပိုစိတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "ညတိုင်းလိုလိုကတော့ သေနတ်သံလိုလို ဗုံးသံလိုလို အသံဗုံးလိုလို ဒါတွေ အမြဲတမ်း ကြားနေရတာ။ ညပိုင်းမှာဆို ကျွန်တော်တို့အတွက် လုံခြုံမှု မရှိဘူး။ ဘယ်ဘက်ကနေ ဖြစ်တာလဲတော့ တိကျမှုတော့ မရှိဘူးပေါ့။ ဒါပေမယ့် ညတိုင်းကတော့ တဒုန်းဒုန်းက ကြားနေရတာ" လို့ စိန်ပန်းရပ်ကွက် အနီးဝန်းကျင်မှာ နေထိုင်သူ ဒေသခံက ပြောပါတယ်။

    မဟာအောင်မြေမြို့နယ်အတွင်း ဒေသခံတစ်ဦးက" ဒီဒေးခေါ်ပြီးမှ စိတ်လာတာပဲ။ ၈၆ ပတ်ဝန်းကျင်ကတော့ ကြားနေရတာပဲ။ ၄၁လမ်း အပိုင်းထိပဲ။ တအုံးအုံး တဒိုင်းဒိုင်း နေ့တိုင်းပဲ။ ညတိုင်းနီးပါးပါပဲ။ ညတိုင်းလဲ ကျီးလန့်စာစားပဲ"လို့ မန္တလေးမြို့ အနောက်ပိုင်း ညပိုင်းအခြေနေတွေကို ပြောပြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမြို့အတွင်း စက်တင်ဘာ ပထမပတ်ကစလို့ ပေါက်ကွဲ ပစ်ခတ်သံတွေ ပိုများလာပါတယ်။ စစ်ကောင်စီ လုံခြုံရေး ယူထားတဲ့နေရာ စစ်ဆေးတဲ့နေရာမှာ ပေါက်ကွဲမှု ပိုများလာပါတယ်။

    ချမ်းမြသာစည်မြို့နယ် အရှေ့ပိုင်း မြို့သစ်ပတ်ဝန်းကျင်တွေ ၊ မဟာအောင်မြေမြို့နယ် စိန်ပန်းဝန်းကျင်နဲ့ ၃၅လမ်းမကြီး၊ အောင်မြေသာစံမြို့နယ် နန်းရှေ့ရပ်နဲ့ ၆၂လမ်းမကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ် အစပ်ကြားတို့မှာ နေ့ညတိုင်းအလို စစ်ဆေးမှုတွေ ပစ်ခတ်သံတွေ ပေါက်ကွဲတာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

    "လုံခြုံမှု မရှိတာက စစ်အာဏာသိမ်းပြီးကတည်းကပဲ။ အခုဆို အသွားအလာလုပ်ချိန်ဆို စိုးရိမ်ကြောင့်ကြမှု တွေနဲ့ သွားလာရတာ။ ဘာလို့ဆို ပေါက်ကွဲတဲ့ ဖြစ်စဉ် ဖြစ်ခဲ့တဲ့နေရာဆို တွေ့တဲ့လူ စစ်ဆေး ဖမ်းဆီး တာပဲ။ ဟုတ်တာမဟုတ်တာ မသိဘူး။ အားလုံးကို သတိထားပြီးသွားနေရတာ"လို့ မန္တလေးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

  4. ကလေး-ဂန့်ဂေါလမ်းမကြီးဘေးရွာတွေက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ မိုးကာတွေလိုအပ်, နှမ်းခါးရွာစစ်ရှောင်သူတွေ ရေဘေးပါထပ်ကြုံနေရ

    စက်တင်ဘာလဆန်းကစပြီး ပစ်ခတ်မှုတွေကြောင့် ကလေး-ဂန့်ဂေါလမ်းမကြီးတဝိုက်က ရွာပေါင်း (၁၀)ရွာ နီးပါး စစ်ဘေးရှောင်နေရပါတယ်။ အဲဒီထဲကမှ (၄)ရက်အတွင်း အိမ်ခြေ(၅၀)ကျော် မီးရှို့တာခံခဲ့ရ တဲ့နှမ်းခါးရွာသားတွေကတော့ အခုချိန်အထိ ရွာထဲပြန်မနေရသေးသလို ရွာရဲ့ (၄)မိုင်အကွာ တောင်ခရမ်းရွာ မှာစစ်ကောင်စီတပ်တွေ စခန်းချနေတာကြောင့် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    နှမ်းခါးရွာ စစ်‌ဘေးရှောင်တွေဟာ ဒီရက်ပိုင်းအတွင်း ရာသီဥတုဆိုးရွားပြီး ဆက်တိုက်ဆိုသလို မိုးရွာနေတာကြောင့် ရေဘေးနဲ့ပါရင်ဆိုင်နေရပါတယ်။

    “ညကဆို (၁)နာရီလောက်ကြီး စစ်ရှောင်နေရာတွေရေကြီးလာပြီး ပစ္စည်းတွေမျောလို့ လိုက်ဆယ်ရတယ်။ နွားတွေတောင်မျောပြီးတခြားရွာရောက်ကုန်လို့ ပြန်သွားမခေါ်နိုင်သေးဘူး။ ရေက လူတရက်ကျော်လို့ လက်ပစ်ကူးပြီးသွားရတယ်။ ကျွန်တော်တို့က တောင်သူတွေဆိုတော့ ဆန်ဆီက အဆင်ပြေပေမယ့် ကုန်မာနဲ့ နောက် မိုးကာ၊ ဖိနပ်၊ဆေးဝါးတွေ လိုအပ်နေတယ်။”လို့ နှမ်းခါးရွာခံတဦးက ဘီဘီစီကိုပြောပါတယ်။

    နှမ်းခါးရွာက လူဦးရေ (၅၀၀၀)ကျော်စစ်ဘေးရှောင်နေရကာ လူအစုလိုက်အပြုံလိုက် စစ်ရှောင်နေတာမျိုး မဟုတ်ဘဲ မိသားစု နှစ်စု၊သုံးစုကိုတနေရာခွဲကာ စစ်ရှောင်နေရတယ်လို့ ဆိုပါတယ်။ နှမ်းခါးရွာနဲ့ မိုင် (၂၀) နီးပါးဝေးတဲ့ ထယ်လှော်ရွာဘက်မှာ‌တော့ ရေကြီးရေလျှံမှုမရှိပေမယ့် မိုးရွာသွန်းမှုတွေကြောင့် စစ်ရှောင်ရာ မှာ အခက်အခဲရှိနေပါတယ်။

    “မိုးကရွာတော့ လမ်းကဆိုးတယ်။ အနီးအနားရွာတွေက ရိက္ခာထောက်ပံ့ပေမယ့် ဆန်တစ်ပြည် နှစ်ပြည်ဟာ ဘယ်နရက်မှ မခံဘူးလေ။ အဲ့တော့ ဆန်ဆီဝယ်နိုင်ဖို့ နည်းလမ်းစဥ်းစားနေရတယ်။ ရွာကလူတွေကလည်း အပြင်ထွက်မသွားလာရဲကြသေးဘူး။ တစ်ယောက်စ နှစ်ယောက်စဘဲ အပြင်ထွက်ရဲသေးတာ။ ရေရှည်သာ ဆို အစားအသောက်အတွက် အတော်ကိုစိုးရိမ်တယ်။ ဘယ်အဖွဲ့အစည်းကမှလည်း လာထောက်ပံ့တာ မရှိဘူးလေ၊ အနီးအနားကရွာတွေပဲ အားကိုးနေရတာ။ ” ထယ်လှော်ရွာခံတဦးက ပြောပါတယ်။

    ကလေး-ဂန့်ဂေါတဝိုက်က စစ်ရှောင်နေရသူတွေအတွက် ထောက်ပံ့မှုတွေလိုအပ်နေပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ကာကွယ်ရေးထောက်ပံ့မှုတွေကိုလည်း မျှော်လင့်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    Gangaw

    ဓာတ်ပုံ ရင်းမြစ်, Gangaw Youth Voice

    ဓာတ်ပုံ ပုံစာ, ဂန့်ဂေါမြို့နယ်အတွင်းက စစ်ဘေးရှောင်နေပုံ
  5. လောင်းလုံမြို့နယ်သပိတ်ဖြိုခွင်းခံရ, အိမ်စီးကားနဲ့လာပြီး သေနတ်ပစ်ဖောက်လူစုခွဲ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်မှာ ဒီကနေ့ စက်တင်ဘာ (၁၉)ရက် မနက်ပိုင်းက သပိတ်စစ်ကြောင်းထွက်ဖို့ လူစုနေတုန်းမှာပဲ ဖြိုခွင်းခံရပါတယ်။

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အိမ်စီးကားနဲ့ရောက်လာပြီး သေနတ်ပစ်ဖောက်ခဲ့တာကြောင့် လူစုခွဲခဲ့ရတယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီကပြောပါတယ်။ ဒီလိုသေနတ်နဲ့ပစ်ဖောက်ဖြိုခွင်းတာကြောင့် ထိခိုက်ဒဏ်ရာ ရသူ ရှိ၊မရှိ မသိရသေးပါဘူး။

    “အိမ်စီးကားနဲ့ (၄)ယောက်ဆင်းလာပြီး သေနတ်နဲ့ပစ်တာ၊ မိုးပေါ်ထောင်ပစ်လားဘယ်လိုလဲ မသိရဘူး ကျွန်တော်တို့လည်း ပြေးရတာဆိုတော့လေ။ ထိခိုက်ဒဏ်ရာရတာတွေ၊ နောက် ဖမ်းဆီးခံရလားလည်း သေချာမသိရသေးဘူး။ အဲ့ဒီမှာကျွန်တော်တို့ကျန်ခဲ့တဲ့ ဆိုင်ကယ် အစီး (၂၀)လောက်ကိုတော့ အချုပ်ကားပေါ်တင်ယူသွားတယ်လို့ သိရတယ်။ လူစုခဲ့တဲ့ အင်းဇောက်ရွာနဲ့ လောင်းလုံရဲစခန်းကြားမှာတော့ အခုချိန်အထိအင်အားအလုံးအရင်းနဲ့ စစ်ဆေးမှုတွေရှိနေတယ်။”လို့ ဖြိုခွင်းခံရစဉ် သပိတ်မှာရှိနေသူတဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီရက်ပိုင်းအတွင်း ထားဝယ်ခရိုင်အတွင်း သပိတ်စစ်ကြောင်းထွက်ဖို့ ပိုမိုခက်ခဲလာပြီး နေအိမ်တွေမှာ လိုက်လံဖမ်းဆီးမှု တွေလည်းရှိနေတယ်လို့ သိရပါတယ်။

    Dawei

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လောင်းလုံမြို့နယ်သပိတ်စစ်ကြောင်း (ပုံဟောင်း)
  6. ထန်တလန်မြို့ပစ်ခတ်မှုမှာသေဆုံးခဲ့တဲ့သင်းအုပ်ဆရာတော် နာရီ၊ ဖုန်းနဲ့ မင်္ဂလာရွှေလက်စွပ်ကိုလက်ချောင်းဖြတ်ပြီးလုယူခံခဲ့ရတယ်လို့ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထုတ်ပြန်, နေအိမ် ၁ဝလုံးထက်မနည်းမီးလောင်ပျက်စီး

    မနေ့က စက်တင်ဘာ ၁၈ ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှု ကြောင့် သေဆုခဲ့ရတဲ့ ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန် အသင်းတော် (TCBC) က ပါစတာ ကျုံးဗျက်ဟုမ်းရဲ့ နာရီ၊ ဖုန်းနဲ့ မင်္ဂလာလက်စွပ်ကို လက်ချောင်းကိုပါဖြတ်ပြီး လုယူခံခဲ့ရတာကိုတွေ့ခဲ့ရတယ်လို့ ချင်းနှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(CBC) ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာထုတ်ပြန်လာပါတယ်။

    မနေ့က စက်တင်ဘာ ၁၈ ရက်နေ့က ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့ တွေ ကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ရဲ့ အင်အားသုံးပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာ နေအိမ် အဆောက်အဦတွေမီးလောင်ခဲ့ပြီး မီးလောင်စဉ် မီးသတ်ဖို့ ထွက်လာသူတွေကို စစ်ကောင်စီ တပ်ကပစ်ခတ်ခဲ့လို့ သေဆုံးရတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပစ်ခတ်မှုတွေကြောင့် နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ကျွမ်းခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံအချို့ လည်း ထိမှန်ဒဏ်ရာရတာတွေရှိတယ်လို့ သိရပါတယ်။

    အဆိုပါပစ်ခတ်မှု၊ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီကနေ့ စက်တင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းအထိ တစ်စုံတစ်ရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

    နေအိမ် ၁ဝလုံးထက်မနည်းမီးလောင်ပျက်စီး

    ဓာတ်ပုံ ရင်းမြစ်, Chin World/CJ

    ဓာတ်ပုံ ပုံစာ, နေအိမ် ၁ဝလုံးထက်မနည်းမီးလောင်ပျက်စီး
  7. ရခိုင်မှာ ဓာတ်မြေဩဇာဈေးမြင့်တက်နေလို့တောင်သူတွေအခက်ကြုံ

    ရခိုင်ပြည်နယ်အတွင်းအခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှာ ဓါတ်မြေဩဇာတွေဈေးမြင့်တက်နေလို့တောင်သူတွေအခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့တောင်သူတွေက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်ကဓါတ်မြေဩဇာတစ်အိတ်ကိုကျပ်သုံးသောင်းဝန်းကျင်သာရှိခဲ့ရာကနေအခုနှစ်မိုးစပါးစိုက်ပျိုးရာသီအရောက်မှာဈေးမြင့်တက်လာခဲ့ပြီး အခုစက်တင်ဘာ လလယ်လောက်မှာတော့တစ်အိတ်ကို ကျပ်ခြောက်သောင်းကျော်ထိ ရှိနေပါတယ်။

    အခုလိုမျိုးဓါတ်မြေဩဇာဈေးတွေမြင့်တက်နေတာကြောင့်တောင်သူအများစုဟာသူတို့ရဲ့စိုက်ပျိုးထားတဲ့စပါးခင်းတွေကိုမြေဩဇာတွေမကျွေးနိုင်ကြသလိုတချို့တတ်နိုင်တဲ့တောင်သူတွေကလည်းပုံမှန်ထက်ထက်ဝက်ခန့်လျှော့ချပြီးသာကျွေးထားရတယ်လို့မြောက်ဦးမြို့နယ် ကန်ဇောက်ကျေးရွာက တောင်သူဦးစိုးနိုင်ကပြောပါတယ်။

    တောင်သူတွေအနေနဲ့ဓါတ်မြေဩဇာကိုအပြည့်အဝအသုံးမပြုနိုင်တာကြောင့်စပါးဖြစ်ထွန်းမှုနည်းပါးသလိုအထွက်နှုန်းကောင်းနိုင်မှာမဟုတ်ဘူးလို့သုံးသပ်ကြပါတယ်။

    ရခိုင်ပြည်နယ်က တောင်သူတွေဟာ မိုးစပါးကိုသာ အဓိကစိုက်ပျိုးလုပ်ကိုင်ကြသူတွေဖြစ်ကြပြီးအခုနှစ် မိုးစပါးရာသီမှ ာဓါတ်မြေဩဇာဈေးနှုန်းတွေအပြင် တခြားလုပ်အားခတွေနဲ့အရင်းအနှီးတွေကြီးမားစွာ အသုံးပြုထားရတာကြောင့် တောင်သူတစ်ဦးချင်းစီအတွက် ကြီးမားတဲ့အရှုံးတွေနဲ့ရင်ဆိုင်ရနိုင်ခြေရှိနေတယ်လို့ ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောပါတယ်။

    ရခိုင်မှာအခုလိုဓါတ်မြေဩဇာဈေးနှုန်းတွေမြင့်တက်ခဲ့ရတာဟာ လက်ရှိဖြစ်ပွားနေတဲ့ကိုဗစ်၁၉ရောဂါအပြင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်ဖြစ်တယ်လို့ ထောက်ပြပြောဆိုပါတယ်။

    ဓာတ်မြေသြဇာစျေးက ၂ ဆလောက်အထိ တက်လာပါတယ်။
    ဓာတ်ပုံ ပုံစာ, ဓာတ်မြေသြဇာစျေးက ၂ ဆလောက်အထိ တက်လာပါတယ်။
  8. ဟားခါးမြို့တွင်းပစ်ခတ်မှုတွေထပ်ဖြစ်ပြန်၊ နေအိမ်တချို့မီးလောင်, လက်နက်ကြီးထိလို့ ဒဏ်ရာရသူ ၅ဦး ထက် မနည်းရှိ

    ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းမှာ ဒီကနေ့စက်တင်ဘာ ၁၈ရက်နေ့ညပိုင်းကစစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန်ပစ်မှုတွေဖြစ်ခဲ့ပြီး နေအိမ်မီးလောင်ပျက်စီးမှုတွေနဲ့ အိမ်ထဲနေပြည်သူတွေထိခိုက်ဒဏ်ရာရတာရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    " ပစ်သံကတော့နှစ်ဖက်ပစ်ခတ်သံပါပဲ၊ ဟားခါးတမြို့လုံးအိမ်ထဲကမထွက်ရဲဘူး။ နေအိမ်ထဲနေရင်း ကလေးမတစ်ယောက်က ခေါင်းကိုကျည်ထိထားတယ်။အခြေအနေဘယ်လိုရှိလဲမသိဘူး၊ ဆေးရုံလည်းမပို့ရဲကြဘူး။ တခြားကျည်ထိထားသူတွေလည်းရှိသေးတယ်။ပစ်မယ်ဆိုရင်လည်း ဘေးလွတ်ရာသွားပစ်စေချင်တယ် "လို့ဟားခါးဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့စက်တင်ဘာ ၁၈ရက်နေ့မှာပဲ ချင်းပြည်နယ် ထန်တလန်မြို့အတွင်းမှာ ပစ်ခတ်မှုတွေကြောင့်နေအိမ်တွေမီးလောင်တာ၊ သင်းအုပ်ဆရာတစ်ဦးသေဆုံးတာတွေရှိခဲ့ပြီးညပိုင်းမှာတော့ ဟားခါးမြို့အတွင်းပစ်ခတ်မှုတွေထပ်ဖြစ်လာပါတယ်။

    Hakha, Chin State

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. ထန်တလန်က ပစ်ခတ်မှုအတွင်းသင်းအုပ်ဆရာတော်တစ်ဦးသေဆုံး, နေအိမ် ၁၀လုံးထက်မနည်းမီးလောင်ပျက်စီး

    ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းက အမှတ်(၁)ရပ်ကွက်အတွင်းမှာဒီကနေ့စက်တင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး ရပ်ကွက်အတွင်းကနေအိမ်တွေပေါ်လက်နက်ကြီးကျလို့ မီးလောင်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    " စဖြစ်တာကနေ့လယ်၂နာရီလောက်မှပစ်ခတ်သံတွေစကြားရတာ၊ အဲ့ဒီအချိန်တုန်းကတော့ ပစ်ခတ်သံတွေကြားရလို့အိမ်ထဲနေနေတုန်း စစ်သားတွေဝင်လာပြီး မကြောက်နဲ့၊ရှာစရာရှိလို့ဆိုပြီးဝင်ရှာတယ်။ လမ်းမကြီးပေါ်က နေအိမ်တွေအကုန်ရှာတယ်၊ပြန်ထွက်သွားတယ်။ညနေလေးနာရီလောက်မှာတော့ လမ်းမတန်းကအိမ်တွေမီးစလောင်တော့တာပဲ။ အဲဒီမှာတရပ်ကွက်လုံးအကုန်ပြေးရတာ" လို့မီးလောင်မှုကြောင့် နေအိမ်ကထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီလို နေအိမ်တွေမီးလောင်ကျွမ်းချိန်မှာ မီးငြှိမ်းသတ်တဲ့ဒေသခံတချို့ကိုလည်း စစ်ကောင်စီဘက်ပစ်ခတ်မှုတွေရှိခဲ့ပြီး ဒဏ်ရာရတာတွေရှိခဲ့တယ်လို့လည်းဒေသခံတွေကပြောပါတယ်။ ဒါ့အပြင်ထန်တလန်မြို့TCBC အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် တစ်ဦးလည်း ဆိုင်ကယ်မောင်းနှင်နေစဉ် စစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့် သေနတ်ထိမှန်ပြီး သေဆုံးခဲ့တဲ့အကြောင်းကို ဓာတ်ပုံတွေနဲ့တကွဒေသခံမီဒီယာတွေကဖော်ပြလာပါတယ်။လက်ရှိမှာတော့ ပစ်ခတ်မှုတွေနဲ့နေအိမ်တွေမီးလောင်ပျက်စီးမှုတွေကြောင့် ဒေသခံတချို့ဟာ ဘေးလွတ်ရာဘုရားကျောင်းတွေမှာပြောင်းရွေ့နေထိုင်နေရတယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ်လထဲမှာလည်း စစ်ကောင်စီဘက်ကပစ်ခတ်တဲ့လက်နက်ကြီးထိမှန်မှုကြောင့် ထန်တလန်မြို့နယ်အတွင်းကနေအိမ်တွေထဲကို လက်နက်ကြီးထိမှန်ပြီး ၁၀နှစ်အရွယ်ကလေးငယ် တစ်ဦးသေဆုံးခဲ့သလို နောက်ဆက်တွဲ ပေါက်ကွဲမှုတွေကြောင့်လည်း ကလေးငယ်တစ်ဦးနဲ့ဖခင်ေ သဆုံးတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့လည်း မိသားစုဝင်တွေကပြောဆိုထားပါတယ်။ဒီကနေ့ပစ်ခတ်မှု၊ ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်တွေဘက်က စက်တင်ဘာ ၁၈ရက်နေ့ညပိုင်းအထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    Htanhtalang, Chin State

    ဓာတ်ပုံ ရင်းမြစ်, Chin World/CJ

    ဓာတ်ပုံ ပုံစာ, ထန်တလန်က ပစ်ခတ်မှုအတွင်းသင်းအုပ်ဆရာတော်တစ်ဦးသေဆုံး ၊ နေအိမ် ၁၀လုံးထက်မနည်းမီးလောင်ပျက်စီး
    Htanhtalang, Chin State

    ဓာတ်ပုံ ရင်းမြစ်, Chin World/CJ

  10. ကဒက်ငယ်ထိန်ကျေးရွာမှာ သတင်းပေးလို့နာမည်ကြီးသူရဲ့ ကလေးငယ် ပစ်ခတ်ခံရမှုကြောင့်သေဆုံး

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ထဲက အောက်ရေဖြူကျေးရွာအုပ်စုထဲမှာရှိတဲ့ ကဒက်ငယ်ထိန်ကျေးရွာမှာနေထိုင်တဲ့ အသက် ၁၅ နှစ်အရွယ်ကလေးငယ်တစ်ဦး မနေ့စက်တင်ဘာ ၁၇ ရက်နေ့ညပိုင်းကရွာအတွင်းတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့လို့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    သေဆုံးခဲ့တဲ့ အသက် ၁၅ နှစ်အရွယ် မောင်ညီမောင်သာရဲ့ဖခင်ဟာ ကဒက်ငယ်ထိန်ရွာထဲမှာ စစ်ကောင်စီတပ်တွေနဲ့နီးစပ်တဲ့ သတင်းပေးအဖြစ် နာမည်ကြီးသူဖြစ်ပြီး စစ်ကောင်စီယာဉ်တန်းအရှေ့ကနေ ဆိုင်ကယ်နဲ့ လိုက်ပါတတ်တာကို မြင်တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    "ရွာထဲမှာ ၆ နာရီကျော်ရင်အပြင်မထွက်ရဘူးဆိုတာ စစ်သားတွေကသတင်းထုတ်ပြန်ထားတာ၂ရက်လောက်ပဲရှိသေးတယ်။ ကလေးကမသိတော့ တခြားရွာကပြန်လာတာ ၆ နာရီခွဲလောက်မှာ စစ်သားတွေကတွေ့တော့လှမ်းခေါ်တာ၊ သူကထွက်ပြေးတော့ပစ်လိုက်တာ၊ ညကအသံကြားပေမယ့် ဘယ်သူမှအလောင်းထွက်မကောက်ရဲဘူး။ မနက် ၈နာရီလောက်မှအလောင်းကောက်ရတယ်" လို့ဒေသခံရွာသားတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ကဒက်ငယ်ထိန်ကျေးရွာအတွင်း စစ်ကောင်စီတပ်တွေ အင်အား ၇၀လောက် တပ်စွဲထားပြီး ဒီလိုတပ်စွဲရတာဟာလည်း ရွာထဲကသတင်းပေး တွေကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကစက်တင်ဘာ ၁၇ ရက်နေ့မှာပဲ အောက်ရေဖြူကျေးရွာအတွင်းမှာ စစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး ပစ်ခတ်ခြောက်လှန့်မှုတွေလုပ်ခဲ့တာကြောင့် ရွာသား ၁၂ ဦးထက် မနည်းဖမ်းဆီးခံခဲ့ရပါသေးတယ်။ ဒီလိုဖမ်းဆီးမှုတွေအပြီးမှာ အောက်ရေဖြူကျေးရွာအတွင်းက ကျေးရွာအုပ်စုတွေမှာစစ်ကောင်စီတပ်တွေ အင်အားသုံးတပ်စွဲတာတွေ၊ ရွာသားတွေကိုစစ်ဆေးတင်းကျပ်တာတွေ၊ ညနေ ၆နာရီကျော်ရင် အပြင်မထွက်ဖို့အမိန့်ထုတ်တာတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    Tanitharni

    ဓာတ်ပုံ ရင်းမြစ်, Social Media

  11. ညွှန်ကြားထားတဲ့စက်ပစ္စည်းတွေ တပ်ဆင်အသုံးပြုဖို့ မလုပ်ဆောင်နိုင်တာကြောင့် ရှယ်ယာတွေကိုရောင်းချရခြင်းဖြစ်လို့ တယ်လီနော ထုတ်ပြန်, ပိတ်ဆို့မှုကို အလေးထားခြင်းကြောင့် မြန်မာကနေ ထွက်ခွာဖို့ဆုံးဖြတ်ရတယ်လို့ ဆို

    မြန်မာမှာ တယ်လီနောလုပ်ငန်းတွေ ဆက်ပြီး ဆောင်ရွက်မယ်ဆိုရင် ညွှန်ကြားထားတဲ့ စက်ပစ္စည်းတွေကို မဖြစ်မနေ တပ်ဆင်ဖို့လိုပြီး အဲဒီလို စက်တွေတပ်ဆင်မယ်ဆိုရင် ဥရောပသမဂ္ဂ (အီးယူ) နဲ့ နော်ဝေတို့ရဲ့ ပိတ်ဆို့မှုတွေကို ခံရနိုင်တယ်လို့ တယ်လီနောက စက်တင်ဘာ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မြန်မာမှာ တည်ဆဲဥပဒေနဲ့အညီ လိုင်စင်ရထားတဲ့ တယ်လီနောဟာ မြန်မာဥပဒေညွှန်ကြားချက်တွေကို လိုက်နာရမယ့်အခြေအနေရှိပေမယ့် တယ်လီနောအနေနဲ့ အဲဒီလိုစက်တွေ တပ်ဆင်အသုံးပြုမှုကို လက်ခံ လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့လည်း ဆက်ဖော်ပြထားပါတယ်။ ညွှန်ကြားထားတဲ့ စက်ပစ္စည်းတွေက ဘာတွေဆိုတာတော့ တယ်လီနောရဲ့ထုတ်ပြန်ချက်မှာ မတွေ့ရပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့အခက်အခဲအခြေအနေဆိုးတွေမြင့်တက်နေတာနဲ့အညီ တယ်လီနောဟာ မြန်မာမှာ ပိုင်ရှင်အဖြစ် ဆက်လက်ရပ်တည်ဖို့မဖြစ်နိုင်ဘူးလို့လည်း ဆိုပါတယ်။

    ဒါကြောင့် လုပ်ငန်းရှယ်ယာတွေကို ရောင်းချရတာဟာ ထိခိုက်မှုအနည်းဆုံးဖြစ်တယ်လို့ ဆိုထားပြီး တယ်လီနောမြန်မာရဲ့ ရှယ်ယာများ အားလုံးကို M1 လုပ်ငန်းစုသို့ ရောင်းချခြင်းအတွက် တည်ဆဲဥပဒေများနဲ့အညီ ခွင့်ပြုချက်ရရှိဖို့ ဆောင်ရွက်နေတယ်လို့ ပါရှိပါတယ်။

    ပိုင်ရှင်အပြောင်းအလဲကြောင့် လုပ်ငန်းလည်ပတ်မှုကို သက်ရောက်မှာမဟုတ်ဘဲ အလုပ်ရှင်နဲ့ ဝန်ထမ်းများအကြား စာချုပ်တွေ၊ စီးပွားရေးမိတ်ဖက်တွေနဲ့ သဘောတူစာချုပ်တွေကိုလည်း ဆက်လက် လက်တွဲဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

  12. စစ်ကောင်စီဥက္ကဋ္ဌ မြစ်ကြီးနားရောက်ချိန် လူငယ်တွေ ဦးဆောင်ဆန္ဒပြ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဒီကနေ့စက်တင်ဘာ ၁၈ ရက်နေ့မနက်ပိုင်းကအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် မြစ်ကြီးနားမြို့ပေါ်မှာ လုံခြုံရေးစစ်ဆေးတင်းကျပ်မှုတွေ ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။

    မြို့ပေါ်မှာရှိတဲ့ လမ်းသွားလမ်းလာတွေကို နှာခေါင်းစည်း (Mask)တပ်ထားသူတွေကို ချွတ်ခိုင်းပြီး စစ်ဆေးတာ ၊ နှာခေါင်းစည်းမတပ်ထားသူတွေကို တပ်ဆင်ခိုင်းတာတွေကို မြစ်ကြီးနားမြို့ပေါ်ကနေရာ တချို့မှာပြုလုပ်နေတယ်လို့ အစစ်အဆေးခံရတဲ့ဒေသခံတွေကပြောပါတယ်။ ဒီလိုလုံခြုံရေးစစ်ဆေးတင်းကျပ်မှုတွေကြားကပဲ မြစ်ကြီးနားမြို့နယ်အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့တွေက မြစ်ကြီးနားမြို့မနောကွင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်မှုတစ်ခုကို လုပ်ခဲ့တယ်လို့ဆန္ဒပြပွဲမှာပါဝင်သူတွေကပြောပါတယ်။

    " ကျွန်တော်တို့တွေကလုံးဝမကြောက်ဘူ။ စစ်ကောင်စီဖြစ်ဖြစ်ဘာဖြစ်ဖြစ် အကြမ်းဖက်တာတွေလာလုပ်ရင် တော်လှန်မယ်။ ကျွန်တော်တို့မြို့ပေါ်မှာ အခုဆန္ဒပြတဲ့နေရာဆိုရင် ကချင်တွေရဲ့အမြတ်တနိုး တန်ဖိုးထားတဲ့ မနောကွင်းမှာဆန္ဒပြဖို့စိတ်ကူးရခဲ့တယ်။ သူလာမယ်ဆိုတာ သတင်းကြားတော့မြစ်ကြီးနားသားတွေသွေးမကြောင်ဘူး၊ အခြေခံပညာကျောင်းသားတွေကသွေးမကြောင်ဘူးဆိုတာပြချင်တယ်"လို့ အခြေခံပညာကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    စစ်ကောင်စီခေါင်းဆောင်ဟာ ကချင်ပြည်နယ်မြစ်ကြီးနားမြို့ပေါ်မှာ နှစ်ရက်တာနေထိုင်မယ်လို့လည်း သတင်းဖော်ပြချက်တွေအရသိရပါတယ်။

    Myintkyina, Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. မြေပြင်သပိတ်တွေ၊ လှုပ်ရှားမှုတွေ အရှိန်မြှင်ဖို့ကြိုးစားနေတယ်လို့တော်လှန်ရေးအင်အားစုတွေပြော

    ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီးတွေမှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ၊ ဖမ်းဆီးတင်းကျပ်မှုတွေဆက်လုပ်နေတဲ့ကြားက မြေပြင်သပိတ်လှုပ်ရှားသူတွေကတော့ သပိတ်စစ်ကြောင်းတွေ အားလျော့မသွားအောင် ဆက်လုပ်မှာဖြစ်တယ်လို့ သပိတ်စစ်ကြောင်းဦးဆောင်သူတွေကပြောပါတယ်။

    ဒီလိုသပိတ်စစ်ကြောင်းတွေအပြင် လူစည်ကားတဲ့ ကားမှတ်တိုင်တွေ၊ မြို့လယ်လမ်းမတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားတွေပါဝင်တဲ့ဆိုင်းဘုတ်တွေ၊ တော်လှန်ရေးနှိုးဆော်စာတွေကိုလည်း ပြည်သူတွေမြင်သာအောင် ကပ်ပြီး လူထုရဲ့စိတ်ဓာတ်ရေးရာကိုမြှင့်တင်ဖို့လုပ်ဆောင်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။

    "လက်ရှိတော်လှန်ရေးအနေအထားအရ လူထုအုံကြွမှုတရပ်လိုအပ်နေတယ်။ လူထုအရေးတော်ပုံတော်ပုံပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြေပြင်သပိတ်တွေကို အရှိန်မြှင့်တဲ့သဘောပါ။ စာရွက်တွေဝေ၊ ဆိုင်းဘုတ်တွေကိုင်၊ စာတန်းတွေ ချိတ်တော့ လူထုအနေနဲ့အနည်းအများဆိုသလို စိတ်ဓာတ်ရေးရာအားကောင်းလာမယ့်လို့ ယူဆလို့လုပ်တာပါ" လို့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီရက်ပိုင်းတွေမှာလည်း မြို့ကြီးတွေမှာ စစ်ဆေးတင်းကျပ်မှုတွေကြားကပဲ လမ်းမတွေနဲ့ဈေးဝယ်စင်တာတွေပေါ်မှာ ပြောက်ကျားသပိတ်ထွက်တာ၊ ကားမှတ်တိုင်တွေမှာ အာဏာရှင်တော်လှန်ရေး ဆိုင်းဘုတ်တွေချိတ်တာ ခပ်စိပ်စိပ်လုပ်လာပြီး စစ်ကောင်စီဘက်ကတော့ နာရီပိုင်းအတွင်းမှာပဲ ဆိုင်းဘုတ်တွေကို လိုက်လံဖြုတ်သိမ်းနေပါတယ်။

    ဒီကနေ့စက်တင်ဘာ ၁၈ရက်နေ့မနက်ပိုင်းမှာလည်း မန္တလေးလူငယ်သပိတ်အင်အားစုတွေကမန္တလေးမြို့ထဲက သိပ္ပံလမ်းမကြီးပေါ်က ယာဉ်ထိန်းရုံးအနီးမှာ " သွေးအေးသွားရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်ကြေး " ဆိုတဲ့ စာသားပါတဲ့စာတန်းကိုချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေ ဖြန့်ဝေခဲ့ပါတယ်။

    Anti-coup strikes

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. မြန်မာတရုတ်နယ်စပ်မှာ တရုတ်ဘက်က မြေထိန်းနံရံဆောက်လုပ်မှုကို မြန်မာဘက်က ကန့်ကွက်

    ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ပန်ဆိုင်မြိုနယ်ထဲက မြန်မာ-တရုတ် နှစ်နိုင်ငံနယ်ကြားမှတ်တိုင် 90(2) နဲ့ 90(1) ကြား တရုတ်နိုင်ငံဘက်က မီတာ ၃၀၀ ခန့် မြေထိန်းနံရံဆောက်လုပ်ဖို့ပြင်ဆင်နေပါတယ်။

    ဒီလုပ်ဆောင်မှုနဲ့ပတ်သက်လို့ မြိုနယ်အာဏာပိုင်တွေကတော့ ကန့်ကွက်ထားပါတယ်။ ဒီလို ဆောင်ရွက်မယ်ဆိုရင် နှစ်နိုင်ငံ အစိုးရချင်းကြိုတင်အကြောင်းကြားညှိနှိုင်းသဘောတူဆောင်ရွက်ဖို့ ဖြစ်ပြီး ဒီလိုသဘောတူညှိနှိုင်းဖို့လည်း တရုတ်ဘက်က ပျက်ကွက်သလို မြေပြင်ဆောင်ရွက်ချက်တွေဟာလည်း သတ်မှတ်ချက်တွေကို ကျော်လွန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    ဒါကြောင့် ဒီမြေထိန်းနံရံတည်ဆောက်မှုနဲ့ပတ်သက်ပြီး ပန်ဆိုင်း ကြူကုတ် မြို့ တာဝန်ရှိတွေက မူဆယ်မြို့နယ်အဆင့်ကို တင်ပြထားပြီး မူဆယ်မြို့နယ် ခရိုင်အဆင့်တာဝန်ရှိသူတွေက တရုတ်အစိုးရထံ အဆင့်အလိုက် အကြောင်းကြားကန့်ကွက်ခြင်း ပြုလုပ်မယ်လို့ သိရပါတယ်။

    Myanmar-china border

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, တရုတ်ဘက်ကမြေထိန်းနံရံတည်ဆောက်နေမှုမြင်ကွင်း
  15. လှည်းတန်းမှာ သတင်းပေး လို့ နာမည်ထွက်သူတစ်ဦး ပစ်ခတ်ခံရ

    ရန်ကုန်မြို့၊ လှည်းတန်းဈေးအနီးမှာ စစ်ကောင်စီသတင်းပေးလို့စွပ်စွဲခံရသူတစ်ဦး သေနတ်ပစ်ခံရတဲ့ ဖြစ်စဉ် ဒီကနေ့ စက်တင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ဖြစ်ခဲ့တယ် လို့ လှည်းတန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

    ကိုသာစန်း လို့ ခေါ်တဲ့ သူ အပစ်ခံရတာဖြစ်ပြီး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေ ရောက်လာပြီး အခင်းဖြစ်ပွားရာ အနီးတဝိုက်က ဆိုင်တွေ နဲ့ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်နေတယ်လို့ လှည်းတန်းမှာ နေထိုင်သူတွေက ပြောပါတယ်။

    သြဂုတ်လ တုန်းကလည်း ကမာရွတ်မှာ ဒလန်လို့စွပ်စွဲခံရသူ တစ်ဦး နဖူးကိုသေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဒလန်လို့ စွပ်စွဲခံရပြီး အသတ်ခံရသူ ၃၆၉ ဦး ရှိပြီး ဒဏ်ရာရသူ ၄၄၆ ဦး ရှိပြီလို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

  16. ခရမ်းမှာ ဘာတွေဖြစ်ခဲ့လဲ။ ဘာတွေဆက်ဖြစ်နေလဲ။

    ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်မှာ မနေ့စက်တင်ဘာ ၁၇ရက်နေ့ညပိုင်းက စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြား အပြန်လှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသကာကွယ်ရေးအဖွဲ့ထဲက နှစ်ဦးသေဆုံးခဲ့တယ်လို့ခရမ်းမြို့နယ်ဒေသကာကွယ်ရေးအဖွဲ့ကပြောပါတယ်။

    ခရမ်းမြို့တွင်း စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့အားကစားရုံနဲ့မြို့နယ်ရဲစခန်းတွေရဲ့အနီးအနားကိုဒေသကာကွယ်ရေးတပ်တွေက လက်ပစ်ဗုံးပစ်သွင်းရာကနေ နှစ်ဖက်ပစ်ခတ်မှုစတင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

    " စစ်ကောင်စီဘက်ကတပ်စွဲထားတဲ့ အားကစားရုံနားကစစ်ဆေးရေးဂိတ်ကိုဗုံးပစ်သွင်းရာကနေပေါက်ကွဲမှု မဖြစ်သွားလို့ တဖက်ကပြန်ပစ်ခတ်လို့ရသွားတဲ့အနေအထားပါ။ ကျွန်တော်တို့ဘက်က နှစ်ယောက်ကျဆုံးပါတယ်။ တစ်ယောက်ကတော့အဖမ်းခံလိုက်ရတယ် " ခရမ်းမြို့နယ်ဒေသကာကွယ်ရေးတပ်ကပြန်ကြားရေး တာဝန်ရှိသူက ဘီဘီစီကိုပြောပါတယ်။

    ဒီလိုပေါက်ကွဲပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်မှာ ဒီကနေ့ စက်တင်ဘာ ၁၈ရက်နေ့မနက်ပိုင်းမှာလည်းမြို့အတွင်းသေနတ်ပစ်ဖောက်သံတွေဆက်ကြားနေရပြီး အစစ်အဆေးတွေ တင်းကျပ်တာ၊ ခရမ်းမြို့နယ်အနီးက ကျေးရွာတွေကို စစ်ကောင်စီဘက်က တပ်စွဲဖို့ပြင်ဆင်တာတွေလုပ်လာတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

    ဒီလိုပေါက်ကွဲပစ်ခတ်မှုတွေမဖြစ်ခင်ကတည်းက ခရမ်းမြို့နယ်မှာ တပ်စွဲထားတဲ့စစ်ကောင်စီအင်အားဟာ မြို့နဲ့ပင် မမျှကြောင်း၊ တပ်ရင်းတရင်းစာတပ်စွဲစောင့်ကြည့်နေတဲ့အနေထားဖြစ်ကြောင်းလည်း ဒေသခံတွေကပြောပါတယ်။

    ခရမ်းမြို့မှာ ပြီးခဲ့တဲ့လပိုင်းတွေက ပေါက်ကွဲမှုတွေရှိခဲ့ပေမယ့် အခုလို ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီကြားအပြန်အလှန်ပစ်ခတ်မှုဖြစ်တာကတော့ ပထမအကြိမ်ဖြစ်တယ်လို့လည်းသိရပါတယ်။ခရမ်းမြို့ဖြစ်စဉ်နဲပတ်သက်လို့ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    Kayan, Yangon

    ဓာတ်ပုံ ရင်းမြစ်, Khayan PDF (ပုံဟောင်း)

  17. ကိုဗစ်စည်းကမ်းချက်တွေနဲ့အတူ မြန်မာအလုပ်သမားတွေကို ထိုင်းခေါ်ယူ

    ထိုင်းနိုင်ငံမှာအသစ်ခေါ်ယူမယ့် ပြည်ပအလုပ်သမားတွေအတွက် ကိုဗစ်စည်းကမ်းကမ်းချက်တွေကို ထိုင်းအစိုးရက ထုတ်ပြန်လိုက်ပြီး မြန်မာနိုင်ငံကလာမယ့် အလုပ်သမားတွေလည်း ဒီစည်းကမ်းတွေ လိုက်နာရဖို့ရှိတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

    ထိုင်းအစိုးရအလုပ်သမားဝန်ကြီးနဲ့အလုပ်သမားရွေ့ပြောင်းရေးရာ ကော်တီတို့ဟာစက်တင်ဘာ ၁၃ ရက်နေ့က အစည်းအဝေးကျင်ပပြီး MOU လုပ်သားတွေနဲ့ပတ်သက်တဲ့ စည်းကမ်းချက်ကိုထုတ်လိုက်တာပါ။

    ကာကွယ်ဆေး ၂ လုံးစလုံးကို ၁ လကျော်ကြာ ထိုးပြီးသားတွေကိုပဲ ခေါ်ယူမှာ ဖြစ်တယ်လို့ အလုပ်သမားရေးကူညီပေးနေသူ ဦးအောင်ကျော်က ပြောပါတယ်။

    လွန်ခဲ့တဲ့ ၁ လကျော်က ကာကွယ်ဆေးထိုးထားသူတွေကို အစိမ်းရောင်အုပ်စုအဖြစ် သတ်မှတ်ထားပြီး ကာကွယ်ဆေးမထိုးရသေးတဲ့သူ ဒါမှမဟုတ် ကာကွယ်ဆေး ၁ လုံးပဲ ထိုးထားသူတွေကိုတော့ အနီရောင်အုပ်စုအဖြစ်ထားပြီး မခေါ်ယူသေးဘူးလို့ သူက ပြောပါတယ်။

    ထိုင်းအစိုးရအနေနဲ့MOU စနစ်နဲ့မြန်မာနိုင်ငံသား အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းအလုပ်သမားနှစ်သိန်းကျော်ကိုခေါ်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့လကတည်းက သတင်းထုတ်ပြန်ထားတာပါ။

    ကိုဗစ်တတိယလှိုင်းကာလအတွင်းအခုလိုအရေးပေါ်အစည်းအဝေးခေါ်ပြီးအလုပ်သမားတွေခေါ်ယူဖို့ခွင့်ပြုလိုက်တာကထိုင်းနိုင်ငံတွင်းမှာအလုပ်သမားလိုအပ်ချက်ကြီးမားနေတဲ့အတွက်ဖြစ်တယ်လို့ဦးအောင်ကျော်ကပြောပါတယ်။

    ဒါကြောင့် အလုပ်သမားတွေအနေနဲ့ အလုပ်မရမှာ မပူရဘဲ ကျန်းမာရေးကောင်းအောင် ပြင်ဆင်ထားဖို့က ပိုအရေးကြီးတယ်လို့ သူက ပြောပါတယ်။

    လက်ရှိမြန်မာနိုင်ငံမှာတော့ နိုင်ငံရေးအခြေအနေအရ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရပ်တန့်သွားတဲ့အပြင် ကိုဗစ်ကြောင့်လည်း စက်ရုံအလုပ်ရုံပိတ်သွားတဲ့အတွက် အလုပ်လက်မဲ့ဦးရေလဲများလာနေပါတယ်။

    ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၁၆ ရက်နေ့က ကိုဗစ်အသစ်ကူးစက်မှု ၁၃၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၈၈ ဦးရှိပါတယ်။ စုစုပေါင်း ကူးစက်မှု ၁၄ သိန်းနဲ့ စုစုပေါင်းသေဆုံးသူက တစ်သောင်းခွဲဝန်းကျင်ရှိပါတယ်။

    Myanmar workers
    ဓာတ်ပုံ ပုံစာ, ကိုဗစ်စဖြစ်ခါစက မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံက ပြန်လာခဲ့ကြပြီး အခုတော့ သိန်းနဲ့ချီပြီး ထိုင်းကို ပြန်သွားဖို့ရှိနေ
  18. သရုပ်ဆောင်ရဲတိုက်ကို စွဲဆိုထားတဲ့အမှု နှစ်ခု စက်တင်ဘာ ၂၀ မှာ စစ်ဖို့ရှိ, သရုပ်ဆောင်ပိုင်တံခွန် ဒီနေ့မွေးနေ့ကို အင်းစိန်ထောင်တွင်း အတူဖြတ်သန်းခဲ့

    ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကအပြင် မူးယစ်ပုဒ်မ ၁၆ (ဂ) နဲ့တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်စစ်ဆေးဖို့ရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်နေတဲ့ ဥပဒေပညာရှင်တွေကပြောပါတယ်။

    အာဏာသိမ်းမှုနဲ့ပတ်သက်လို့ သရုပ်ဆောင်ရဲတိုက်က သတင်းဌာနတစ်ခုကိုအင်တာဗျူးဖြေကြားရာမှာ စစ်ကောင်စီကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေပါတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပုဒ်မ ၅၀၅-က နဲ့ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် ရန်ကုန်မြို့သမိုင်းလမ်းဆုံမှာ သရုပ်ဆောင်ရဲတိုက်ကိုဖမ်းဆီးရမိခဲ့ပြီးသူနဲ့အတူ စိတ်ကြွဆေးပြား ၁၀ပြားကို အတူတွေ့ရှိရတယ်ဆိုပြီး မူးယစ်ပုဒ်မ ၁၆ (ဂ)နဲ့ထပ်မံတရားစွဲဆိုခဲ့တယ်လို့ အမှုကိုကူညီပေးနေတဲ့ဥပဒေပညာရှင်တွေက ပြောပါတယ်။ ကိုဗစ်ရောဂါကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ဖို့ အင်းစိန်ထောင်ကို လော့ဒေါင်းပြုလုပ်ထားတဲ့အတွက် ထောင်တွင်း ရုံးထုတ်စစ်ဆေးမှုတွေခေတ္တရပ်ဆိုင်းသွားရာကနေ လာမယ့် စက်တင်ဘာ ၂၀ရက်နဲ့၂၁ရက်တွေမှာ သက်ဆိုင်ရာမြို့နယ်အလိုက်အမှုတွေကိုစတင်စစ်ဆေးတော့မှာဖြစ်တယ်လို့သိရပါတယ်။

    "ကိုရဲတိုက်ကျန်းမာရေးကောင်းမွန်ပါတယ်။ အခုတရားရုံးချိန်းတွေလိုက်နေရင်းကြားသိခဲ့ရတဲ့အခြေအနေတွေအရ နစကကနေ အနုပညာရှင်တွေအပါအဝင် စွဲဆိုထားတဲ့အမှုတွေကိုပြန်လည်စိစစ်နေတယ်။ စိစစ်ပြီးရင် အဆင့်အလိုက် အမှုရုပ်သိမ်းပြီး ဖြေလျှော့မှုလုပ်သွားမယ်လို့သတင်းကောင်းကြားရပါတယ်။ ရက်သိပ်မကြာခင်ဖြစ်နိုင်မယ်ဆိုတဲ့သတင်းကြားထားရပါတယ်။ အဲ့ဒီလိုရုပ်သိမ်းမှုမလုပ်ခင်တော့ အထူးတရားရုံးတွေမှာစွဲဆိုထားတဲ့အမှုတွေကိုပုံမှန် စစ်ဆေးနေမယ်။အမှုအသွားအလာကိုတော့ ကြိုတင်မှတ်ချက်ပေးလို့မရသေးပါဘူး"လို့ ကိုရဲတိုက်အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဥပဒေအကြံပေးဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

    ဒါ့အပြင် ဒီကနေ့စက်တင်ဘာ ၁၇ ရက်နေ့မှာကျရောက်တဲ့ သရုပ်ဆောင်ပိုင်တံခွန်ရဲ့ မွေးနေ့ကို သရုပ်ဆောင်ရဲတိုက်နဲ့အတူအကျဉ်းဦးစီးဌာနက တာဝန်ရှိသူတွေကိုခွင့်တောင်းပြီး အင်းစိန်အကျဉ်းထောင်ထဲမှာ အတူဖမ်းဆီးခံထားရသူတွေနဲ့ ဆင်နွှဲခဲ့တယ်လို့သိရပါတယ်။ ပြည်တွင်းမှာ စစ်အာဏသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့အနုပညာရှင်တွေကို ပုဒ်မ ၅၀၅-ကနဲ့ဖမ်းဝရမ်းထုတ်ခဲ့ပြီးတချို့ကိုတော့ ဝရမ်းပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒီလို ဝရမ်းပြန်လည်ရုပ်သိမ်းတဲ့အထဲပါဝင်ခြင်းမရှိတဲ့ အနုပညာရှင်တချို့ကတော့ နေအိမ်တွေစွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ လက်ရှိအကျဉ်းထောင်တွေထဲမှာတော့ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အနုပညာရှင် ၁၀ဦးထက်မနည်းဆက်ရှိနေပါတယ်။

    Celebrity

    ဓာတ်ပုံ ရင်းမြစ်, Social Media

  19. စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအားကောင်းတဲ့ အောက်ရေဖြူကျေးရွာကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီး, ရွာသား ၁၀ ဦးထက်မနည်း အဖမ်းခံရ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ အောက်ရေဖြူကျေးရွာအတွင်းကို ဒီကနေ့စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက စစ်ကောင်တပ်ဖွဲ့ဝင်တွေ အလုံးအရင်းဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီကနေ့မနက်ပိုင်းမှာ ကျေးရွာအတွင်းကို စစ်ကောင်စီတပ်ကား၊ အချုပ်ကားတွေနဲ့ အင်အား ၇၀ လောက်နဲ့ဝင်ရောက်ခဲ့တာဖြစ်ပြီး ထိတ်လန့်ပြီးထွက်ပြေးတဲ့ ရွာသားတွေကိုလည်း ပစ်ခတ်ခြောက်လှန့်မှုတွေလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

    "မနက် ၈ နာရီလောက်ကရွာထဲကို အလုံးအရင်းဝင်လာတာပါ။ သေနတ်ပစ်တာလည်းအချက် ၁၀၀ လောက်ရှိမယ်။ ရွာသားတွေတော့ ထိတာမရှိပါဘူး။ လမ်းသွားလမ်းလာထွက်ပြေးတဲ့သူ အကုန်ဖမ်းသွားတယ်။ မိန်းကလေးတွေ လည်းပါတယ်။ ၁၂ ယောက်လောက်ရှိမယ်။ ကျောင်းတွေပြန်ဖွင့်ဖို့အတွက် ရွာထဲကစာသင်ကျောင်းမှာ ရေးထားတဲ့စစ်ကျွန်ပညာရေးအလိုမရှိဆိုတဲ့စာတွေ ဖျက်ခိုင်းထားတာကြာပြီ။ အဲ့ဒါတွေမဖျက်လို့လည်းပါတယ်၊ နောက်တစ်ခုက လောင်းလုံးနယ်ထဲကရွာတွေကသပိတ်နေ့တိုင်းထွက်နေတော့ ကြောက်အောင်ခြောက်လှန့်ချင်တာလည်းပါတယ်" လို့ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။

    ဒီလိုဝင်ရောက်ဖမ်းဆီးမှုတွေကို ရေဖြူကျေးရွာတခုတည်းမဟုတ်ဘဲ ရေဖြူကျေးရွာအောက်မှာရှိတဲ့ တချို့ကျေးရွာငယ်လေးတွေမှာပါ ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်လို့ ဖမ်းဆီးခံရသူအရေအတွက်က ဒီထက်မက များနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။

    လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ အောက်ရေဖြူကျေးရွာအပြင် အနီးတဝိုက်က ကျေးရွာတွေဟာ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အားကောင်းတဲ့ဒေသတွေ ဖြစ်ပါတယ်။

    ပစ်ခတ်ဖြိုခွင်းနှိမ်နင်းမှုတွေရှိနေပေမယ့် နေ့စဉ်ထွက်နေတဲ့ သပိတ်စစ်ကြောင်းတွေကို မရပ်တန့်နိုင်ဘဲ ဖြစ်နေတာကြောင့် စစ်ကောင်စီဘက်က အခုလို ကျေးရွာတွေကိုခြောက်လှန့်တဲ့သဘောနဲ့ရွာသားတွေကို ဖမ်းဆီးတာဖြစ်တယ်လို့လည်း ထားဝယ်ခရိုင်သပိတ်ကော်မတီက တာဝန်ရှိသူကသုံးသပ်ပါတယ်။

    Aout Yayphyu, Tanitharyi

    ဓာတ်ပုံ ရင်းမြစ်, Democracy Movement Strike Committee-Dawei