ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို
အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ဘုတလင်မှာ အင်တာနက်တွေ ပြတ်
စစ်ကိုင်းတိုင်း ဘုတလင်မြို့မှာ ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့က စပြီး မိုဘိုင်း အင်တာနက်တွေ ပြတ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်ကတည်းက အင်တာနက်ပြတ်နေတာဖြစ်ပြီးတော့ တယ်လီနော လိုင်းတစ်ခုပဲ တစ်ခါတစ်လေ ရကြောင်း ဒါပေမဲ့ လိုင်းလုံးဝ မကောင်းဘူးလို့လည်း သူတို့ကပြောပါတယ်။
ဘာကြောင့် အင်တာနက်ပြတ်နေတယ်ဆို တာနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မသိရကြောင်းလည်း သူတို့ကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ဘုတလင်မြို့နယ်ထဲမှာ စစ်တပ်ရှယ်ယာပါတဲ့ မိုင်တဲ Mytel တာဝါတိုင် ၁၁ တိုင်ဖောက်ခွဲဖျက်စီးခံရပြီးတော့ မိုင်တဲ Mytel တယ်လီဖုန်းလိုင်းတွေ ပြတ်နေခဲ့တယ်လို့သိရပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUGကနေ တော်လှန်ရေး တိုက်ပွဲစတင်ကြောင်း စက်တင်ဘာ (၇)ရက်မှာကြေညာပြီးတဲ့နောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နဲ့ ဒေသအချို့မှာ တာဝါတိုင်တွေ ဖောက်ခွဲဖျက်ဆီးမှုတွေ ဆက်တိုက်ဖြစ်လာပြီး တာဝါတိုင် ၈၀ ကျော်အထိ ပျက်စီးသွားပြီလို့ PDF တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ကနီ ယင်းမာပင် မြို့တွေအပါအဝင် ကျန် စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်အချို့မှာ အင်တာနက်ပြတ်နေတယ်လို့ သတင်းရပြီး အတည်ပြုချက်ရပါက ဘီဘီစီက သတင်းဆက်လက်တင်ပြပေးသွားပါမယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဘုတလင်မြို့နယ်ထဲက တာဝါတိုင်ဖျက်ဆီးခံရပုံ ဆယ်စုနှစ်တစ်ခုစာ စစ်ရှောင်နေရတဲ့ ကွတ်ခိုင်ဒေသထဲက စစ်ဘေးရှောင်ပြည်သူတွေစားနပ်ရိက္ခာအခက်အခဲနဲ့ ကိုဗစ်ကပ်ဘေးရင်ဆိုင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံစီးကျေးရွာထဲက စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာပြတ်လတ်မှုတွေနဲ့ ကိုဗစ်ကပ်ဘေးကိုရင်ဆိုင်နေရတယ်လို့စစ်ရှောင်စခန်းတွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။
" အရင်ကတော့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် ( WFP) ကထောက်ပံ့ပေးပါတယ်။ဒီနှစ် ၃ လပိုင်းကစပြီး ရိက္ခာရုတ်သိမ်းလိုက်တယ်ပြောတော့ ကိုယ့်ရပ်ရွာကိုလည်းပြန်လို့မရဘူး။အခုမုံစီးထဲမှာပဲ ကိုဗစ်တွေကပြန်ပေါ်နေတော့ တရွာနဲ့တရွာသွားလာလို့မရဘူး။ကိုဗစ်ကြောင့်ပိတ်ထားတယ်။နိုင်ငံရေးကျတော့လည်း တချိန်လုံးအနားမှာတိုက်ပွဲတွေဖြစ်နေတယ်၊ ဆန်ပြုတ်ပြုတ်ပြီး ငရုတ်သီး၊ မျှစ်၊ ပဲရောပြီးစားနေရတော့ အာဟာရကောင်းကောင်းမရတော့ ကလေးတွေလည်းကျန်းမာရေးမကောင်းဘူးလို့" စစ်ဘေးရှောင်စခန်းတွေကို အကူအညီပေးနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဲဒီစစ်ရှောင်စခန်းတွေက စစ်ဘေးရှောင်ပြည်သူတွေဟာ မြန်မာစစ်တပ်နဲ့ ကေအိုင်အေတို့ကြားတိုက်ပွဲတွေဖြစ်ခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ်ကတည်းကစစ်ဘေးတိမ်းရှောင်နေရတာဖြစ်လို့ဆယ်စုနှစ်တခုစာကြာမြင့်နေပြီလို့ စစ်ဘေးရှောင်စခန်းတာဝန်ခံတွေကပြောပါတယ်။လက်ရှိမှာတော့ ဒီစစ်ရှောင်စခန်းကပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲ၊ ကိုဗစ်ရောဂါအခြေအနေအပြင်တိုက်ပွဲတွေကြောင့် စိုးရိမ်ထိတ်လန့်မှုတွေကိုပါ ခံစားနေရတယ်လို့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေကဆိုပါတယ်။မြန်မာနိုင်ငံအတွင်းကစစ်ဘေးရှောင်တွေနဲ့ပတ်သက်လို့ ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းစစ်တပ်ရဲ့ ဖိနှိပ်မှုတွေအောက်မှာ တိုက်ပွဲတွေတိုးလာသလို စစ်ရှောင်အရေအတွက်ဟာလည်း ၃သိန်းအထိရှိလာတယ်လို့ကမ္ဘာကုသမဂ္ဂကလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မိုင်းဘဉာဏ်(ကွတ်ခိုင်)
ဓာတ်ပုံ ပုံစာ, ကွတ်ခိုင်ဒေသထဲက စစ်ဘေးရှောင်ပြည်သူတချို့ကိုတွေ့ရစဉ် (ပုံဟောင်း) မြို့ပေါ်သပိတ်လှုပ်ရှားရတာ ပိုပြီးခက်ခဲလာတယ်လို့ သပိတ်ဦးဆောင်သူတွေပြော
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စက်တင်ဘာ (၇)ရက် တော်လှန်ရေးတိုက်ပွဲစတင်ကြောင်းကြေညာ ပြီးတဲ့နောက်ပိုင်း မြို့ပေါ်သပိတ်လှုပ်ရှားရတာပိုပြီးခက်ခဲလာတယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။စစ်ကောင်စီဘက်က လုံခြုံရေးကိုတင်းကျပ်စွာချထားလာသလို အရပ်ဝတ်တွေနဲ့ စောင့်ကြည့်ကာ အိမ်စီးကားတွေနဲ့ သပိတ်စစ်ကြောင်းကို ဝင်ရောက်ဖြိုခွဲတာတွေ၊ သေနတ်နဲ့ ပစ်ခတ်မှုတွေ ဒီရက်ပိုင်းအတွင်းရှိနေပါတယ်။ စက်တင်ဘာ (၁၁)ရက်က အောင်ပင်လယ်သပိတ်သေနတ်ပစ်ဖောက်ဖြိုခွင်းခံခဲ့ရတဲ့ မန္တလေးမြို့မှာတော့ ညသပိတ်တွေပါဆက်ရှိနေပေမယ့် လူငယ်တွေကို ဦးတည်ဖမ်းဆီးမှုပိုများလာတယ်လို့သပိတ်စစ်ကြောင်းမှာပါဝင်သူတွေကဆိုပါတယ်။ “လမ်းကြောင်းတွေကအစအရင်ထက်ပိုခက်ခဲပေမယ့် သပိတ်တွေဆက်ရှိနေဦးမှာပဲ။ ဒါပေမယ့် ညဘက်တွေဆိုလိုက်ဖမ်းပြီး PDF လို့နာမည်တပ်တာပေါ့။အများခေါ်ကြတဲ့ ပေါ်တာဆွဲတာမျိုးပေါ့။ နောက်တမျိုးအခက်အခဲက စစ်ကောင်စီဘက်က အိမ်ငှားထားရင် ပြည်သူပိုင်သိမ်းမယ်ဆိုလို့ ပြည်သူတွေက အိမ်တွေမငှားကြတော့ဘူး။ ပြည်သူပိုင်အသိမ်းခံရမှာကြောက်နေတယ်။ ဒီတော့ သပိတ်လှုပ်ရှားသူတွေ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေက နေစရာအခက်အခဲဖြစ်နေကြပြီ” လို့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ မန္တလေးမြို့က မအေးမြင့်အောင်အောင်က ဘီဘီစီကိုပြောပါတယ်။ စစ်ကောင်စီဘက်က သွားလာတဲ့ကားတွေကအစ စစ်ဆေးမှုတွေကြပ်လာတာကြောင့်ပြောက်ကြားသပိတ် ထွက်ရတာပါ အခက်အခဲရှိလာတယ်လို့ ရန်ကုန်သပိတ်ပါဝင်သူတွေကပြောပါတယ်။ အထူးသဖြင့် သပိတ်လှုပ်ရှားခဲ့တဲ့နေရာတွေက စီစီတီဗီမှတ်တမ်းတွေကို ကြည့်ကာ လိုက်လံဖမ်းဆီးသလို လှုပ်ရှားခဲ့တဲ့ နေရာအနီးအနားမှာနေထိုင်တဲ့ လူငယ်တွေကိုလည်း ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
“(၇)ရက်နောက်ပိုင်း ပိုခက်လာတယ်။ ပြည်သူတွေကို ပူးပေါင်းပါဝင်ဖို့ပြောချင်တာက စီစီတီဗီမှတ်တမ်းတွေ ဖြတ်ပေးပါ။ သပိတ်လှုပ်ရှားခဲ့တဲ့နေရာတွေက စီစီတီဗီမှတ်တမ်းတွေ၊ အဲ့ဒီလှုပ်ရှားခဲ့တဲ့အချိန်ဟာလေးကိုပဲ ဖြတ်ပေးရင်ရပါတယ်။ ပြည်သူတွေပူးပေါင်းမှ မြေပြင်ကလှုပ်ရှားရတဲ့သူတွေအဆင်ပြေမှာပါ”လို့ ရန်ကုန်သပိတ်ဦးဆောင်သူတဦးဖြစ်တဲ့ မလင်းလင်းကပြောပါတယ်။
စစ်အာဏာသိမ်းတာ ၂၂၆ရက်ရှိလာပြီဖြစ်ပေမယ့် နိုင်ငံတဝှမ်း မြို့ပြရော ကျေးလက်မှာပါ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြားကနေ သပိတ်လှုပ်ရှားမှုတွေဆက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မြို့ပေါ်သပိတ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန် ၊ကြားနာစစ်ဆေးမှုတက်ရောက်, ပြည်သူတွေ ကျန်းမာအောင်နေဖို့ သတင်းစကားပါး
အပတ်စဉ် တနင်္လာ နဲ့ အင်္ဂါ နှစ်ရက်မှာ ကြားနာစစ်ဆေးမှုရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအတွက် မနေ့က စက်တင်ဘာ (၁၃)ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။ ဒီနေ့ စက်တင်ဘာ ၁၄ရက် အင်္ဂါနေ့မှာတော့ ပုံမှန်စစ်ဆေးနေကြ (၂)မှုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို အရပ်သားတစ်ဦးက စွဲဆိုတဲ့သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်မြို့တော်ဝန်ဒေါက်တာမျိုးအောင်တို့ (၃) ဦးလုံးကို စွဲဆိုထားတဲ့ ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) တို့ကို စစ်ဆေးခဲ့တာပါ။ ဒီနေ့ စစ်ဆေးတဲ့ အမှု (၂)ခုလုံးအတွက် နှစ်ဖက်စွဲချက်လျှောက်လဲချက်တင်တာတွေကို စစ်ဆေးခဲ့တယ်လို့ ရှေ့နေ့ အဖွဲ့ကပြောပါတယ်။
'' ဒီနေ့တော့ အမေကျန်းမာရေးကောင်းပါတယ်။ မနေ့ကတော့ ကားကြောင့် မူးတာလို့ပြောပါ တယ်။ သူကနဂိုကတည်းကလည်း ကားမူးတတ်တယ်လို့ပြောပါတယ်။သူအိမ်ပြန်ရောက်တော့ ဆရာဝန်နဲ့ကုသမူပေးတယ်။ နောက် တစ်အိမ်လုံးကိုလည်း ကိုဗစ်ထပ်စစ်ရတယ်ပြောပါတယ်။ ဒီနေ့တော့ကျန်းကျန်းမာမာပါပဲ။ ပြည်သူတွေကိုလည်းကျန်းမာရေးအတွက်စိတ်ပူ တယ်ပြောတယ်။ ဂရုစိုက်ကြဖို့ပေါ့ ပြောပါတယ် '' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကိုပြောပါတယ်။
ကိုဗစ်ထိန်းချုပ်ဖို့ဆိုတဲ့ ရုံးပိတ်ရက်တွေကြောင့် နှစ်လကျော်ကြာရုံးထုတ် စစ်ဆေးနိုင်တာမရှိခဲ့တဲ့ အမှုတွေကို မနေ့က စက်တင်ဘာ ၁၃ရက်ကပြန်လည်စတင်ပြီး နေပြည်တော်ကောင်စီဝင်းအတွင်း ဇဗ္ဗူသီရိမြို့နယ် က သီးသန့်အထူးတရားရုံး မှာ စစ်ဆေးတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုလေးမှု ရှိနေပါတယ်။အဲဒီအတွက်ကတော့ ရှေ့နေ ပါဝါတင်တာကိုဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကို ညွှန်ကြားထားပါတယ်။ ကိုဗစ်ထိန်းချုပ်ဖို့ဆိုတဲ့ ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာရုံးထုတ် စစ်ဆေးနိုင်တာမရှိခဲ့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့လည်း တွေ့ခွင့်မရတာဖြစ် ပါတယ်။ ရုံးထုတ်မစစ်ဆေးဖြစ်တဲ့ကာလအတွင်း ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုကိစ္စတွေဆွေးနွေးနိုင်ဖို့တွေ့ခွင့်တောင်းထားတဲ့အချိန်မှာပဲ အခုလို ရုံးချိန်းစစ်ဆေးမှုပြန်ဖြစ်လာတာပါ။ လက်ရှိမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရဖို့ အာဆီယံအထူးသံတမန်ကစစ်ကောင်စီကိုတောက်လျှောက်တောင်းဆိုနေသလို ၊ ပြီးခဲ့တဲ့လကမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ တရုတ် ရဲ့ အာရှရေးရာကိုယ်စားလှယ် ဆွန်းကော့ရှန်ကလည်းဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်တောင်းခဲ့ပေမယ့် တွေ့ခွင့်မရဘူးဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ နေပြည်တော် အထူးတရားရုံးမှာဇွန် ၇ ရက်က စတင်စစ်ဆေးခဲ့တဲ့ ကနဦးဖွင့်ထားတဲ့ အမှုတွေအရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဟာပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ နဲ့ (၂)မှု နဲ့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်တရားလွှတ်တော်ကိုလွှဲပြောင်းထားတဲ့နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) အပါအဝင် စုစုပေါင်းအမှု ၆ မှု ကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ တခါ နောက်ထပ် မန္တလေးတိုင်းတရားလွှတ်တော်မှာ ထပ်မံစွဲဆိုခံထားရတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ (၄)မှု ရှိနေတာကြောင့် အာဏာသိမ်း ၇လကျော်အတွင်းဒေါ်အောင်ဆန်းစုကြည်ဟာ စုစုပေါင်းအမှု(၁၀)မှုကိုရင်ဆိုင်ရဖို့ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးပြန်လည်ကောင်းမွန် စစ်ကောင်စီကိုယ်စားလှယ် ကုလအထွေထွေညီလာခံမှာ ပါဝင်ခွင့်မပြုဖို့ အမေရိကန်နဲ့ တရုတ်ကြား သဘောတူမှု ရနိုင်ပြီလို့ သတင်းထွက်ပေါ်
အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ စကားပြောခွင့် မပေးဖို့ အမေရိကန်နဲ့ တရုတ်တို့ရဲ့ ကြား သဘောတူမှု ရထားတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကုလအထွေထွေညီလာခံကနေ တားဆီးရေးကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သီတင်းပတ် တချို့ကြာ အချိန်ယူပြီး ကြိတ်ဆွေးနွေးနေခဲ့ကြတာ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် နိုင်ငံခြားရေး မူဝါဒ စာစောင် “ဖောရိန်းပေါ်လစီ FP” က ရေးပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ရလာတဲ့ သဘောတူမှုအရ ဦးကျော်မိုးထွန်း အနေနဲ့လည်း အထွေထွေ ညီလာခံမှာ စကားမပြောပဲ နေရမယ် ဆိုတဲ့ အချက် ပါဝင်တယ်လို့ ကနဦး သတင်းတွေက ဆိုပြီး ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြု နိုင်ဖို့ ကြိုးစား နေပါတယ်။
တရုတ်နဲ့ အမေရိကန် ကမကထလုပ် ညှိနှိုင်းတဲ့ ဒီ သဘောတူမှုကို ဥရောပ သမဂ္ဂ အီးယူရော၊ အာဆီယံ နိုင်ငံတွေရော၊ ရုရှားပါ မကျန် အလွတ်သဘော လက်ခံတယ် ဆိုပြီး ကုလ သံတမန် သတင်းရင်းမြစ်တွေကို ကိုးကားပြီး FP က ပြောပါတယ်။
စစ်ကောင်စီ ကိုယ်စားလှယ် အထွေထွေ ညီလာခံမှာ စကားပြောခွင့် မရ၊ ပါဝင်ခွင့် မရ ဖြစ်သွားမယ် ဆိုရင် တရားဝင် အစိုးရ သဖွယ် ပုံဖော်နိုင်ဖို့ စစ်ကောင်စီရဲ့ ကြိုးစားနေမှု အကြီးအကျယ် ထိုးနှက် ခံရတာ ဖြစ်ပါတယ်။
အနည်းဆုံးတော့ စစ်ကောင်စီ အနေနဲ့ တရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြု ခံရဖို့ ဆိုရင် အနည်းဆုံး နိုဝင်ဘာလ အထိတော့ စောင့်ရနိုင်တယ်လို့ FP က ဆိုပါတယ်။
အရည်ချင်းစစ်ကော်မတီရဲ့ စိစစ်ထောက်ခံမှု ထွက်ပေါ်လာချိန်ကို ရည်ညွှန်းတာ ဖြစ်ပြီး အကယ်၍ စစ်ကောင်စီ ခန့်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို လက်ခံတဲ့ အဖြေမျိုး ထွက်လာခဲ့ရင်လို့ ဆိုလိုတာ ဖြစ်ပါတယ်။
နိုင်ငံကို ကိုယ်စားပြုခွင့် အရည်ချင်းစစ်ကော်မတီထဲမှာ ဘယ်နိုင်ငံတွေ ပါမလဲ ဆိုတာလည်း အခု စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာလာမယ်လို့ မျှော်လင့် ရပါတယ်။
ကုလ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ကော်မတီ ဥက္ကဌက ဆွီဒင်၊ အဖွဲ့ဝင်တွေက ပါနေကျ တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ကျန် ၅ နိုင်ငံကတော့ ဘဟားမားစ်၊ ချီလီ၊ ဘူတန်၊ ဆီယာရာလီယွန်း၊ တောင်အာဖရိကတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို တားဆီးရေးကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား အချိန်ယူ ဆွေးနွေးခဲ့ သမိုင်းဘီး တစ်ပတ် ပြန်လည်ခြင်း - အာဖဂန်နစ္စတန်နဲ့ မြန်မာအရေး ကုလအကျပ်အတည်း
စစ်တပ်ဟာ အာဏာသိမ်းတာကို အသုံးချပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ဖိနှိပ်နေတယ်လို့ ယူကေပြော
မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ အကြီးလေးဆုံး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှု သက်သေအထောက်အထားတွေ စုဆောင်းဖို့ ကုလသမဂ္ဂက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ (Independent Investigative Mechanism for Myanmar) IIMM အဖွဲ့ကို ထောက်ခံ အားပေးနေကြောင်း ယူကေအစိုးရက ထပ်မံ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဂျီနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ ယူကေသံအမတ်ကြီး ဆိုင်မွန် မန်နလီနဲ့ IIMM အဖွဲ့တို့ ဆွေးနွေးစဉ် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့အပြီး ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို IIMM အဖွဲ့က အနီးကပ် စောင့်ကြည့်နေပြီး ဖမ်းဆီးထောင်ချ၊ နှိပ်စက်ညှင်းပန်း၊ အစဖျောက် သတ်ဖြတ်မှုတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သေစေလောက်တဲ့ နည်းတွေအပါအဝင် အင်အားသုံး ဖြိုခွဲတာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ စုဆောင်းနေတာ ဖြစ်ပါတယ်။
ယူကေအစိုးရအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ရှုတ်ချကြောင်း၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားရတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့နဲ့ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်နေမှုတွေကို အဆုံးသတ်ဖို့ ထပ်မံ တောင်းဆိုလိုက်ကြောင်း ယူကေသံအမတ်ကြီး ဆိုင်မွန် မန်နလီက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီလိုချိုးဖောက်ခဲ့မှုတွေကို တာဝန်ခံ တာဝန်ယူတာဟာ ရင်ကြားစေ့ရေးနဲ့ ရေရှည်တည်ငြိမ်အေးချမ်းရေး ရှေ့ရှူတဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အရေးယူ အပြစ်ပေးခံရတာမျိုးမရှိဘဲ ဆက်လှုပ်ရှား ရပ်တည်နေဆဲ ဖြစ်သလို စစ်တပ်ကိုယ်တိုင်ကလည်း ထုတ်ဖော် တာဝန်ခံတာမျိုး မတွေ့ရသလောက်ပဲ ဖြစ်ကြောင်း၊ ဒါ့ထက်ပိုဆိုးတာက စစ်တပ်အနေနဲ့ အာဏာသိမ်းမှုကို အသုံးချပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို နှိပ်ကွပ်နေကြောင်းနဲ့ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ ဆန္ဒပြသူများစွာကို သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တုံ့ပြန်အရေးယူတဲ့အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ တခြားနည်းလမ်းတွေ သုံးပြီး ယူကေအစိုးရက ဆက်ဖိအားပေးသွားမယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာအာဏာပိုင်တွေအနေနဲ့ IIMM အဖွဲ့နဲ့ရော တခြား နိုင်ငံတကာ ဥပဒေ ယန္တရားအဖွဲ့တွေနဲ့ပါ ပူးပေါင်း ဆောင်ရွက်ဖို့ လိုပြီး ပြည်တွင်းကိစ္စရပ်တွေမှာ တာဝန်ခံမှုလုပ်ငန်းစဉ်တွေ ပိုခိုင်မာလာအောင် ရှေ့တိုး လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းစဉ်ထဲမှာ ရခိုင်ပြည်နယ် ပဋိပက္ခအရေးဆိုင်ရာ အကြံပြုချက်တွေကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပွင့်လင်းမြင်သာပြီး ခိုင်မာတဲ့ အစီအစဉ်တရပ် ရေးဆွဲချမှတ်ဖို့လည်း ပါဝင်ပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကြံပြုချက်တွေအတိုင်း လုပ်ဆောင်ဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူတွေကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်တယ်လို့လည်း ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာ ယူကေသံအမတ်ကြီး ဆိုင်မွန် မန်နလီရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဖမ်းဆီးထောင်ချ၊ နှိပ်စက်ညှဥ်းပန်း၊ အစဖျောက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အထောက်အထားတွေ ပေးပို့ကြဖို့ IIMM အဖွဲ့က ပန်ကြားထား လွိုင်ကော်မြို့တွင်း ည တိုက်ပွဲဖြစ်၊ လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့ ပစ်နေ
လွိုင်ကော်မြို့တွင်း စက်တင်လာလ ၁၃ ရက်နေ့ ည ၈နာရီခန့်ကစပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေကြောင်း လွိုင်ကော်မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
လွိုင်ကော်မြို့ ဧက ၅၀၀ ရပ်ကွက်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီးတော့ လက်နက်ကြီးတွေ စက်သေနတ်တွေနဲ့ပါ ပစ်နေကြောင်းလည်း ဒေသခံက ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ အကြောင်းအရင်း နဲ့ ဘယ်အဖွဲ့တွေ ပစ်ခတ်နေတယ်ဆိုတာမသိရကြောင်းလည်း သူတို့ကပြောပါတယ်။
လွိုင်ကော်မြို့အတွင်း ပစ်ခတ်တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကရော ဒေသခံ KNDF ကပါသတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, MPA
ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့အနီးစစ်ကောင်စီတပ်တွေ နေရာယူထားတာကိုတွေ့ရစဥ် (ပုံဟောင်း) ကနီကို စစ်ကောင်စီ ရေကြောင်းလေကြောင်းနဲ့ တိုက်ဖို့ ပြင်နေ
စက်တင်ဘာ ၁၂ ရက် စစ်ကိုင်းတိုင်း ကနီမြို့နယ် ဝင်းမနားရဲစခန်း တိုက်ပွဲအပြီး မုံရွာဘက်က ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီ စစ်သင်္ဘောတွေ ကနီကိုတိုက်ဖို့ ဆန်တက်လာနေတယ်လို့ ကနီဒေသခံတွေက ပြောပါတယ်။
ချင်းတွင်းမြစ်အရှေ့ကမ်း ရွှေစာရေး ရွာအတွင်းကို စစ်ကောင်စီတပ်တွေဒီကနေ့ နေ့လယ်၂ နာရီခန့်က ရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့သလို တင့်ကားနှင့် လက်နက်ခဲယမ်းတင် စစ်သင်္ဘော ရေယာဉ်အုပ်စုဟာလည်း ညနေ ၄ နာရီခန့်အချိန်မှာ ကနီနယ် ချင်းတွင်းမြစ်ဘေးက ချိုင်ရွာအနီး ရောက်ရှိနေကြောင်း၊ မြစ်အလယ်မှာ ကျောက်ချရပ်နားနေတာတွေ့ရတယ်လို့ လည်း သူတို့ကပြောပါတယ်။
စစ်ကောင်စီ ရဟတ်ယာဉ် ၁ စီးလည်း ချင်းတွင်းမြစ်တစ်လျှောက် ပျံဝဲနေပြီး ကနီဝင်းမနားတိုက်ပွဲမှာလည်း လေကြောင်းကပါ ပစ်ခတ်မူတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက် ကနီမြို့နယ် ဝင်းမနားကျေးရွာနယ်မြေရဲစခန်းတိုက်ပွဲမှာ PDF တွေဘက်က အင်အားတစ်ထောင်ခန့်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
ကနီမြို့နယ်၊ဝင်မနားနယ်မြေခံရဲစခန်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ဦးကျဆုံးတယ်လို့ PDF ဘက်ကပြောပြီး စစ်ကောင်စီဘက်က တော့ သေဆုံးသူမရှိဘူးလို့ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘာတစ်စီး 
ဓာတ်ပုံ ရင်းမြစ်, CJ
ဦးကျော်မိုးထွန်း ကုလ ရုံးချုပ်ရှေ့ဆန္ဒပြပွဲမှာ မိန့်ခွန်းပြော

ဓာတ်ပုံ ရင်းမြစ်, ဦးကျော်စွာထွန်း
ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို နယူးယောက်က ကုလသမဂ္ဂ ရုံးချုပ်ရှေ့မှာ စက်တင်ဘာ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ ဦးကျော်မိုးထွန်း ကိုယ်တိုင် ပါဝင် မိန့်ခွန်းပြောခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဖြုတ်ချရေး နွေဦးတော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်သူတွေအားလုံးကို ကျေးဇူးတင်ကြောင်း၊ Gen Z တွေရဲ့ ကြိုးပမ်းမှု၊ စီဒီအမ်တွေနဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေ အားလုံး ပူးပေါင်းပါဝင်မှုကို အသိအမှတ်ပြုကြောင်းပြောခဲ့ပြီး
NUG ကို ဆက်လက် ထောက်ခံဖို့ကိုလည်း ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။
လာမယ့် စက်တင်ဘာ ၁၄ရက်မှာ ပြုလုပ်မယ့် ၇၆ ကြိမ်မြောက် ကုလ အထွေထွေညီလာခံ အစည်းအဝေးမှာဆိုရင် မြန်မာနိုင်ငံကနေ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်အဖြစ်ခန့်အပ်ဖို့နဲ့ပတ်သက်တဲ့ အစည်းအဝေးရှိပါတယ်။
ဒါကြောင့် NUG ကို နိုင်ငံတကာကအသိအမှတ်ပြုဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ပြည်တွင်း၊ ပြည်ပတွေမှာ စုပေါင်းဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်ရှိနေတယ်လို့ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်သူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဦးကျော်စွာထွန်း

ဓာတ်ပုံ ရင်းမြစ်, ဦးကျော်စွာထွန်း

ဓာတ်ပုံ ရင်းမြစ်, ဦးကျော်စွာထွန်း

ဓာတ်ပုံ ရင်းမြစ်, ဦးကျော်စွာထွန်း
NUG ကိုအသိအမှတ်ပြုဖို့ ကုလသမဂ္ဂကို ကမ္ဘာ့ထိပ်တန်း ဥပဒေပညာရှင်တွေ တိုက်တွန်း
ကုလသမဂ္ဂအဖွဲ့အနေနဲ့ အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘဲ NUG အမျိုးသား ညီညွတ်ရေးအစိုးရကို အသိအမှတ်ပြု လက်ခံဖို့ ကမ္ဘာ့ထိပ်တန်း ဥပဒေပညာရှင်တွေနဲ့ လန်ဒန်အခြေစိုက် Myanmar Accountability Project (MAP) အဖွဲ့က အိတ်ဖွင့်စာတစ်စောင် ပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံကို ဘယ်သူ ကိုယ်စားပြုမလဲ ဆိုတာကို မနက်ဖြန် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၉ နိုင်ငံပါ အရည်အချင်းစစ် ကော်မတီ "Credentials Committee" မှာ သုံးသပ် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူ သန်း ၅၀ ကျော်ရဲ့ ဘဝအပေါ် အကြီးအကျယ် ရိုက်ခတ်မှုကြီး ဖြစ်လာနိုင်တယ်လို့ အဲဒီ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီက သူတို့ကို အသိအမှတ်ပြု လက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ စာရေး တောင်းဆိုထားခဲ့ကြောင်း၊ ဒါပေမဲ့ ကုလသမဂ္ဂသမိုင်းတစ်လျှောက် ဒီလို အသိအမှတ်ပြုခဲ့မှုတွေမှာ အရေးပါတဲ့ အချက်အလက်မှန်သမျှကို သုံးသပ်ကြည့်ခဲ့ရာမှာ စစ်ကောင်စီကို လက်မခံဖို့ ခိုင်မာတဲ့ အကြောင်းအချက်တွေ တွေ့ခဲ့ရကြောင်း MAPအဖွဲ့ရဲ့ ဒါရိုက်တာ ခရစ်စ် ဂန်းနက်စ်က ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ချက်နဲ့ လူ တစ်ထောင်ကျော် သေဆုံးခဲ့ပြီး လွှတ်တော်အမတ်တွေအပါအဝင် လူ ၆ ထောင်လောက် မတရားဖမ်းဆီး ထိန်းသိမ်းခံခဲဲရကြောင်းနဲ့ ထိန်းသိမ်းထားစဉ်အတွင်း ညှဥ်းပန်းနှိပ်စက်ခံရပြီး သေဆုံးခဲ့သူ အများအပြား ရှိတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေအပေါ် အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ ရက်စက်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဖြစ်ပြီး လူမဆန်တဲ့ ရာဇဝတ်မှုတောင် မြောက်နိုင်တယ် ဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ဖော်ညွှန်းပြောဆိုထားတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ သုံးသပ်ဆွေးနွေးတဲ့အခါ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေကို လေးစားလိုက်နာရေးနဲ့ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ကိုယ်စားပြုရေး ဆိုတဲ့ အချက်တွေက ထည့်သွင်းစဉ်းစားဖို့ အရေးပါတဲ့ အချက်တွေ ဖြစ်ကြောင်း တခြားနိုင်ငံတွေနဲ့ ဥပမာပေး ဖော်ပြထားပါတယ်။
စစ်ကောင်စီကို အသိအမှတ်ပြုတာဟာ စစ်အစိုးရ နောက်ထပ် အဓွန့်ရှည်အောင်နဲ့ ဖိနှိပ်မှုတွေ ဆက်လုပ်နိုင်အောင် မီးစိမ်းပြလိုက်တဲ့ သဘော ဖြစ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်းက ကြားဝင်ဆောင်ရွက်ပေးနေမှုတွေကို ထိခိုက်သွားစေလိမ့်မယ်လို့ အဲဒီအိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။
NUG အစိုးရကို အသိအမှတ်ပြုလိုက်ခြင်းအားဖြင့် ကုလသမဂ္ဂအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခိုင်အမာ ထောက်ခံကြောင်းနဲ့ မြန်မာ့အရေးကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ဖြေရှင်းဖို့ ကြိုးပမ်းနေတယ် ဆိုတာကို ပေါ်လွင်ထင်ရှားစွာ ပြသလိုက်နိုင်မှာ ဖြစ်တယ်လို့ အိတ်ဖွင့်စာထဲမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို နှစ်စဉ် စက်တင်ဘာလမှာ ကျင်းပ ဒေါ်လာစျေး နှစ်ထောင်အောက် ပြန်ဆင်း
ရန်ကုန်မြို့က ဒေါ်လာနဲ့ ကျပ်ငွေ လဲလှယ်မှုလုပ်ငန်း လုပ်ကိုင်တဲ့ ငွေလဲကောင်တာအချို့မှာ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက အမေရိကန်တစ်ဒေါ်လာကို နှစ်ထောင်ကျပ်အောက်မှာ အရောင်းအဝယ်ဖြစ်နေကြတယ်လို့ ရန်ကုန်က ငွေလဲကောင်တာတွေရဲ့စျေးနူန်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒေါ်လာ အဝယ် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၉၄၀ ခန့် ကောင်တာတွေက စျေးပေးကြတာရှိပြီး သူတို့ဆီက ဝယ်ရင်တော့ ကျပ် ၁၉၈၀ ဝန်းကျင်ခန့်နဲ့ဝယ်လို့ရတယ်လို့ စျေးနူန်းထုတ်ပြန်ထားပါတယ်။
ငွေလဲကောင်တာအချို့ တစ်ခုနဲ့ တစ်ခုစျေးကွာခြားမှုအနည်းငယ်ရှိတာတွေ့ရပါတယ်။
မနေ့က စက်တင်ဘာလ ၁၂ ရက်နေ့ကတော့ တစ်ဒေါ်လာကို ကျပ်၂၀၅၀ ဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်တာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေတို့ ဝယ်ရောင်းလုပ်ရာမှာ အများဆုံးထားရမဲ့ ကွာဟချက်ကို ဗဟိုဘဏ်က ပယ်ဖျက်လိုက်ပြီး နူန်းရှင်ဖြစ်လာခဲ့ပါတယ်။
ဗဟိုဘဏ်က ဒီကနေ့မှာ အမေရိကန်တစ်ဒေါ်လာကို ၁၇၅၀ ကျပ်နူန်းနဲ့ ဒေါ်လာ ၁၅ သန်းရောင်းချပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စမ်းချောင်းက ငွေလဲကောင်တာတစ်ခု မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာမှာနေအိမ်တွေမီးရှို့ခံရတယ်လို့ဒေသခံတွေပြော, ပစ်ခတ်မှုတွေကြောင့် နှစ်ဖက်သေဆုံးမှုတွေလည်းရှိနေ
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ထဲက ကျောက်ရစ်ကျေးရွာမှာ စက်တင်ဘာ ၁၂ ရက်နေ့ညပိုင်းက နေအိမ်တချို့မီးရှို့ခံရပြီး ရွာလုံးကျွတ် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ဒေသခံရွာသားတွေကပြောပါတယ်။မြောင်မြို့နယ်ထဲက ကျောက်ရစ်ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ရက်ကစလို့စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာစစ်ကောင်စီဘက်က ကျေးရွာအတွင်း ပစ်ခတ်မှုတွေလည်းဆက်လုပ်ခဲ့လို့သက်ကြီးရွယ်အိုနဲ့ကလေးငယ်အပါအဝင်လူနည်းစုသာ ရွာထဲဆက်နေနိုင်ခဲ့တယ်လို့ရွာသားတွေကပြောပါတယ်။
" မြောင်မြို့နယ်ထဲက ရဲစခန်းကိုဒေသကာကွယ်ရေးတပ်တွေက စီဒီအမ်လုပ်ခိုင်းတယ်။တချို့လည်းလုပ်ကြတယ်။ အဲ့ဒီနောက်ပိုင်း အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တာသူတို့ဘက်က အကျအဆုံးများတော့ ကြွက်မနိုင်ကျည်မီးနဲ့ရှို့ဆိုသလို ရွာကိုမနေ့ညက၁၀နာရီဝန်းကျင်မှာ ရှို့တာပဲ။ အိမ်အလုံး ၂၀လောက်မီးလောင်သွားတယ်၊ မီးငြှိမ်းတဲ့လူတွေကိုလည်းသေနတ်တွေနဲ့ပစ်တယ်။ သေတဲ့လူတွေရှိပေမယ့် ရွာထဲမပြန်ရတော့ အတိအကျမသိဘူး။ ရွာထဲကကျန်တဲ့လူတွေပြန်ပြောပြချက်ပဲသိတာ " လို့တောထဲတိမ်းရှောင်နေရတဲ့ ကျောက်ရစ် ရွာသားတစ်ဦးကဘီဘီစီကိုပြောပါတယ်။
မြောင်မြို့နယ်အတွင်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီကြားပစ်ခတ်မှုတွေကြောင့်ကလေးငယ် တစ်ဦးအပါအဝင်ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့က စက်တင်ဘာ ၁၁ရက်ကထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် ဒီတိုက်ပွဲတွေဖြစ်နေတဲ့ကာလမှာ စစ်ကောင်စီဘက်က ၂ယောက်နဲ့စစ်ကောင်စီတပ်ကိုသတင်းပေးသူ၅ယောက်လည်းသေဆုံးခဲ့တဲ့အကြောင်းကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
အခုလိုမြောင်မြို့နယ်အတွင်း အိမ်တွေမီးရှို့ခံရတာ၊စစ်ကောင်စီဘက်နဲ့ဒေသခံရွာသားတွေသေဆုံးမှုနဲ့ပတ်သက်လို့ဘီဘီစီအနေနဲ့သီးခြားအတည်ပြုနိုင်တာမရှိသေးသလို စစ်ကောင်စီဘက်ကိုလည်းဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။လက်ရှိမှာတော့ မြောင်မြို့နယ်အတွင်းက ကျောက်ရစ်ကျေးရွာအပါအဝင် အနီးအနားကကျေးရွာကလူငယ်တွေနဲ့ဒေသခံ ၂၀၀ လောက်ဟာ နီးစပ်ရာတောတွေထဲစစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံရွာသားတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, မြောင်မြို့နယ်၊ ကျောက်ရစ်ရွာ ပြည်သူ့ကာကွယ်ရေးတပ်တွေ လူ့အခွင့်အရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေကို လိုက်နာဖို့ကြိုးပမ်းမယ်လို့NUG ထုတ်ပြန်, လူထုကိုကူညီကာကွယ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကိုအားကိုးလို့မရတော့ကြောင်းထုတ်ပြန်ချက်မှာဖော်ပြ
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကနေ ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို လူ့အခွင့်အရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေနဲ့ဂျီနီဗာသဘောတူညီချက်တွေကိုလိုက်နာဖို့ကြိုးပမ်းသွားမယ်လို့ စက်တင်ဘာ ၁၃ရက်နေ့ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
ပြည်တွင်းမှာ အာဏာသိမ်းပြီး ၇ လအတွင်း နိုင်ငံရေးနဲ့သံတမန်ရေးအရ ကြိုးပမ်းမှုသပ်သပ်နဲ့ပြည်တွင်းအခြေအနေကို မဖြေရှင်းနိုင်ဘူးဆိုတဲ့အချက်ကိုသိလာတဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်တွေကိုမလွှဲမရှောင်သာဖွဲ့စည်းခဲ့ရတာဖြစ်တယ်လို့ NUG ရဲ့ကြေညာချက်မှာဖော်ပြလာပါတယ်။NUG အနေနဲ့နိုင်ငံတကာရာဇဝတ်တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်အာဏာကို လက်ခံထားတဲ့အတွက်ပြည်တွင်းမှာရှိနေသူတွေအနေနဲ့မိမိတို့လုပ်ရပ်တွေကို ရောမသဘောတူညီချက်နဲ့အတူ တာဝန်ခံရမယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။
စစ်ကောင်စီကို နိုင်ငံတချို့က တရားဝင်ဖိတ်ကြားမှုတွေလုပ်ဆောင်နေပြီး နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဆွေးနွေးမှုတွေနဲ့သဘောတူညီချက်တွေရယူနေတာတွေဟာNUG ကိုပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင်အစိုးရဖြစ်ရေးအတွက် ထိခိုက်မှုတွေရှိတယ်လို့NUG ကဆိုပါတယ်။ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူလူထုကိုကူညီကာကွယ်ပေးဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို အားကိုးဖို့မရနိုင်တော့ကြောင်းထုတ်ပြန်ပြောဆိုလာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်တွင်းမှာရှိနေတဲ့အကြပ်အတည်းတွေနဲ့ ပြည်တွင်းစစ်တွေရဲ့အခြေခံအကြောင်းတရားဖြစ်တဲ့ စစ်ကောင်စီကိုဖယ်ရှားဖို့ကြိုးပမ်းနေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ ပြည်သူလူထုကိုကာကွယ်ပေးတဲ့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရေးမှာအရေးကြီးတဲ့ ကဏ္ဍကပါဝင်ကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း လက်ရှိတာဝန်တွေကိုစွန့်ခွာပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အချိန်မီ ပူပေါင်းဖို့ အခွင့်အရေးရှိကြောင်း ဖိတ်ခေါ်ကြောင်းနဲ့မိသားစုလုံခြုံရေးတွေကို စီမံဆောင်ရွက်ပေးမယ်ဆိုတဲ့အကြောင်း NUG ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။
NUG က စစ်ကောင်စီကိုခုခံတွန်းလှန်မယ့်ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၇ရက်နေ့ကကြေညာခဲ့ပြီးနောက် နိုင်ငံတဝှမ်း မှာ ခုခံရေးအဖွဲ့တွေ ဖွဲ့ကာစစ်ကောင်စီကိုတွန်းလှန်နေသလိုတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေနဲ့ သက်ဆိုင်ရာဒေသတွေမှာ အတူလက်တွဲပူးပေါင်းဖို့ပြင်ဆင်နေပြီလို့ထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။
NUG ကိုပြည်သူလူထုက ရွေးချယ်တင်မြှောက်သော အစိုးရတရပ်အဖြစ် အသိအမှတ်ပြုပေးဖို့နိုင်ငံတကာအသိုင်းအဝိုင်းကိုထုတ်ပြန်ချက်မှာထည့်သွင်းတောင်းဆိုထားပြီးဒီလိုအသိအမှတ်ပြုမှုရမှာသာ စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကနေအကာအကွယ်ပေးမယ့် လိုအပ်ချက်ကို တုန့်ပြန်ဆောင်ရွက်နိုင်မယ်လို့ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, လက်နက်ကိုင်တော်လှန်ရေးပြုလုပ်ဖို့လေ့ကျင့်နေတဲ့မြင်ကွင်း NUG ကို နိုင်ငံတကာကအသိအမှတ်ပြုဖို့နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်ခန့်ထားဖို့ပြည်ပရောက်မြန်မာနိုင်ငံသားတွေဆန္ဒပြတောင်းဆို
အမျိုးသားညီညွတ်ရေးအစိုးရ - NUG ကို နိုင်ငံတကာကအသိအမှတ်ပြုပေးဖို့နဲ့ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်လက်ခန့်ထားရေးတို့အတွက် ပြည်ပရောက်မြန်မာနိုင်ငံသားတွေက နိုင်ငံအသီးသီးမှာ တောင်းဆိုဆန္ဒပြတာတွေပြုလုပ်နေပါတယ်။
စက်တင်ဘာ ၁၂ ရက်နေ့မှာတော့ အမေရိကန် အနောက်ဖက်ကမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့မှာရှိတဲ့ မြန်မာလူမျိုးတွေနဲ့အတူ ဆန်ဖရန်စစ္စကိုမြို့ ခရိုင်တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းတချို့ကတာဝန်ရှိသူတွေက စုပေါင်းပြီး လူအင်အား ရာချီတောင်းဆိုဆန္ဒပြချီတက်ခဲ့ကြပါတယ်။ ဒီကနေ့စက်တင်ဘာ ၁၃ ရက်မှာလည်း အမေရိကန်နိုင်ငံက ပြည်နယ်ပေါင်း ၈ခုလောက်က မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေပူးပေါင်းပြီး ကုလသမဂ္ဂနဲ့နိုင်ငံတကာခေါင်းဆောင်တွေကြားသိလက်ခံလာအောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ပြည်ပရောက်မြန်မာလူမျိုးတွေကဆိုပါတယ်။
လာမယ့် စက်တင်ဘာ ၁၄ရက် မှာပြုလုပ်မယ့် ၇၆ ကြိမ်မြောက် ကုလ အထွေထွေညီလာခံအစည်းအဝေးမှာဆိုရင် မြန်မာနိုင်ငံကနေ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်အဖြစ်ခန့်အပ်ဖို့နဲ့ပတ်သက်တဲ့အစည်းအဝေးရှိပါတယ်။ ဒါကြောင့် NUG ကို နိုင်ငံတကာကအသိအမှတ်ပြုဖို့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားဖို့စတဲ့ရည်ရွယ်ချက်တွေနဲ့ပြည်တွင်း၊ ပြည်ပတွေမှာ စုပေါင်းဆန္ဒပြတောင်းဆိုမှုတွေ ဆက်တိုက်ရှိနေတယ်လို့ ဆန္ဒပြတောင်းဆိုရာမှာပါဝင်သူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zaw Thein Oo / Kim Wong
ဓာတ်ပုံ ပုံစာ, ဆန်ဖရန်စစ္စကိုမြို့ဆန္ဒပြမှုမြင်ကွင်း 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဆန္ဒပြမှုမြင်ကွင်း နှစ်လကျော်ကြာပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးပြန်ဖွင့်, မနက်၆နာရီကတည်းက လူတန်းရှည်နဲ့ တန်းစီနေ
ရန်ကုန်၊ မန္တလေးအပါအဝင်နယ်မြို့တစ်ချို့မှာ ရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေကို ဒီကနေ့စက်တင်ဘာ ၁၃ ရက်မှာစတင်ဖွင့်လှစ်လိုက်ပြီလို့ ပတ်စပို့စ်ရရှိရေးဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတွေကပြောပါတယ်။
" နေပြည်တော်ကနေ စာထုတ်တယ်လို့ကြားပြီးကတည်းက ဖွင့်မယ်ဆိုပြီးရုံးထဲကသတင်းရတာပါ။ မနက်၆နာရီကတည်းက လူတန်းရှည်ကြီးစရှိနေတာ၊ အခုမနက်ခင်းမှာတင်တန်းစီနေတဲ့လူက ၆၀၀ ကျော်လောက်ရှိနေပြီ" ပတ်စပို့စ်ဝန်ဆောင်မှုပေးနေတဲ့အေဂျင်စီတစ်ခုကဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင်နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ရုံးတွေကို နှစ်လကျော်ကြာပိတ်ထားတဲ့အတွက်ရုံးပိုင်းဆိုင်ရာအပြောင်းအလဲ၊ ငွေကြေးအပြောင်းအလဲ နဲ့တခြားအခက်အခဲတွေအပြောင်းအလဲတွေကိုတော့မသိရသေးဘူးလို့ ပတ်စပို့အတွက် ဆောင်ရွက်ပေးနေတဲ့ အေဂျင်စီတွေကပြောပါတယ်။လက်ရှိမှာတော့ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ဆရာစံလမ်းမပေါ်ရှိတဲ့ ပတ်စပို့စ်ရုံးမှာ လူရာချီတန်းစီနေပြီး လုံခြုံရေးတပ်ဖွဲ့တွေအများအပြားက စောင့်ကြည့်လုံခြုံရေးယူနေတာကိုတွေ့ရတယ်လို့ရုံးအနီးအနားရှိနေသူတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ (၁၃)ရက် ပတ်စပို့ရုံးရှေ့ မြင်ကွင်း 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ (၁၃)ရက် ပတ်စပို့ရုံးရှေ့ မြင်ကွင်း မန္တလေးမြို့မှာ တစ်မနက်ထဲ နေရာ ၂ခုမှာပေါက်ကွဲမှုဖြစ်ခဲ့, သေဆုံးသူနဲ့ ဒဏ်ရာရသူတွေထဲ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တယ်လို့စစ်ကောင်စီထုတ်ပြန်
မန္တလေးမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၃ မနက်ပိုင်းမှာတင် နေရာနှစ်ခုမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။ ပေါက်ကွဲမှု ကြောင့် လူသေဆုံးတာတွေ ရှိခဲ့သလို ဒဏ်ရာပြင်းထန်တာလည်းရှိတယ်လို့ဆိုပါတယ်။ မနက် ၉ နာရီခန့်က မန္တလေးမြို့ အရှေ့ပိုင်း ၁၉လမ်းပေါ် က ကိုဗစ်စစ်ဆေးရေးနဲ့ မြို့နယ်ကျော် စစ်ဆေးဂိတ် အနီး နန်းရှေ့ ရေနီမြောင်းအနီးမှာဖြစ်တဲ့ပေါက်ကွဲမှု မှာတော့ ဒဏ်ရာရရှိသူတွေထဲ ဒုရဲအုပ်၊ တပ်ကြပ်၊ တပ်သား၊ မီးသတ်တပ်ဖွဲ့ဝင်၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်နဲ့ ရာအိမ်မှူးတွေ ပါဝင်တယ်လို့ဆိုပါတယ်။ အဲဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ၊စေတနာ့ဝန်ထမ်းပြည်သူတစ်ဦး၊ အရပ်သား ပြည်သူ (၂)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် (၂)ဦး နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။
"နယ်ကျော် စစ်ဆေးရေးဂိတ်မှာ ဖြစ်တာ။ ပေါက်ကွဲတာ ၉နာရီခွဲလောက်ပါ။ ရှစ်ယောက် ဒဏ်ရာရတယ်။ နှစ်ယောက်က ပြင်းထန်တယ်။ အခြေနေမကောင်းဘူး။ နန်းတွင်းရော ဆေးရုံကြီးပါ ပို့ပေးရတယ်"လို့ မန္တလေးမြို့ အရှေ့ပိုင်း လူမှုကူညီရေးအသင်း က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
နောက်ထပ်ပေါက်ကွဲမှုဖြစ်စဉ်ကတော့ မနက် ၁၀နာရီကျော်လောက်က အောင်မြေသာစံမြို့နယ် ၁၉လမ်း ၊လမ်း၉၀ နဲ့ ၈၉ လမ်းအနီးက ကျောက်သပိတ် ရဲကင်းစခန်းမှာဖြစ်တာပါ။ ပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး သလို ဒဏ်ရာရသူ အမျိုးသမီးနှစ်ဦးရှိခဲ့တယ်လို့ မန္တလေးမြို့ အနောက်ပိုင်း နာရေးနှင့် လူမှုကူညီရေး အသင်းကြီးက ပြောပါတယ်။
"နယ်မြေခံ ရဲကင်းရှေ့ဖြစ်တာပါ။ တာဝန်ရှိသူ ခေါ်လို့ သွားတာပါ။ နှစ်ယောက် ဒဏ်ရာရတယ်။ တယောက်က ဆေးရုံ ရောက်ပြီးမှ ဆုံးတာ။ ရင်ခွဲရုံရောက်သွားပြီ။ တစ်ယောက်က ဒဏ်ရာနည်းပါတယ်။ ခြေထောက်မှာရတာပါ"လို့ ကျောက်သပိတ်နား ပေါက်ကွဲမှုနဲ့ လူနာ ပို့ဆောင်ပေးခဲ့တဲ့ မန္တလေးမြို့ အနောက်ပိုင်း နာရေးနှင့် လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။
မန္တလေးမြို့မှာ မနက်ပိုင်းအချိန်ကတည်းက လမ်းမကြီးတချို့နဲ့ အမရပူရမြို့နယ် နဲ့ ချမ်းမြသာစည်မြို့နယ် အစပ်မှာ စစ်ကောင်စီဘက်က လမ်းပိတ်ဆို့စစ်ဆေးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, နန်းရှေ့ရေနီမြောင်း အနီးစစ်ဆေးဂိတ်ကိုပေါက်ကွဲမှုဖြစ်ပြီးတွေ့ရပုံ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း လို့ ဒီကနေ့ရုံးချိန်းကိုမစစ်ဖြစ်
ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ပြန်လည်စစ်ဆေးဖို့ ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက်စစ်ဆေးတာကိုတော့ ဒီကနေ့ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှ စစ်ဆေးဖို့ရှိနေပါတယ်။
'' ခေါင်းမူးတယ်ပြောတယ်။ နှာနည်းနည်းမွှန်တယ်။သူ ဒီနေ့တော့လုံးဝမထိုင်နိုင်လို့ မနက်ဖြန်ကျမှတွေ့ဖို့ပြောတယ်။ သူပြောတာကတော့ ကားနဲ့လာရတာ ကားကအရမ်းခါတယ်ပြောတယ်။ သူမူးနေတယ်လို့ပြောပါတယ်။ကိုဗစ်တော့မဟုတ်ဘူး။အခုမနက်မှထဖြစ်တယ်လို့ သူကပြောပါတယ် '' လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကဘီဘီစီကိုပြောပါတယ်။
ရှေ့နေ့အဖွဲ့ ရဲ့ ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာကိုဗစ် စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။
ဒီကနေ့မှာ သမ္မတဦးဝင်းမြင့် ရဲ့ အမှုတွေကိုတော့ တရားလိုပြသက်သေကိုစစ်ဆေးခဲ့ပါတယ်။ မနက်ဖြန် စက်တင်ဘာ ၁၄ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် ပုံမှန်စစ်ဆေးနေကြရုံးချိန်းဆက်ရှိမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း ကယားမှာ ဖမ်းဆီးစစ်ဆေးမှုများနေလို့ စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာဝယ်ယူဖို့ အခက်အခဲဖြစ်နေ
ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေအရှိန်ပြန်မြင့်နေသလို စစ်ကောင်စီဘက်ကလည်း မြို့ပေါ်တံတားတွေ၊ မီးပွိုင့်တွေမှာပါ စစ်ဆေးဖမ်းဆီးတာတွေလုပ်နေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ ဒီလိုလုပ်ဆောင်တာကြောင့် ဒေသခံတွေအနေနဲ့ အပြင်ထွက်ဖို့ အခက်အခဲဖြစ်နေပြီး စစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ ရိက္ခာဝယ်ယူဖို့လည်း အခက်အခဲ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေကဆိုပါတယ်။
“GTCကျောင်းပေါ့နော် နောက် မိုင်းလုံးဘက်မှာ စစ်ဆေးတယ်။ မိုင်းလုံးဘက်ဆိုအရင်က အစစ်အဆေးမရှိဘူး။အခုကမြို့အဝင်အထွက်တွေလည်းစစ်ဆေးတယ်။ ဆေးဝါးနဲ့ ရိက္ခာ ဝယ်ယူရတာ အခက်အခဲ ဖြစ်တယ်။ ပြည်သူတွေကလည်း အခုဆိုစစ်ဘေးရှောင်ရင် ခဏရှောင်တာမျိုးမဟုတ်ဘဲ အချိန်ကြာ စစ်ရှောင်ရမယ့်ပုံစံမျိုးနဲ့ ပစ္စည်းတွေသယ်ယူပြီး စစ်ရှောင်နေရတယ်”လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ကိုဗညားကပြောပါတယ်။
လက်ရှိမှာတော့ ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်နေရသူ တစ်သိန်းကျော်ရှိနေပြီး စက်တင်ဘာ (၇)ရက်နောက်ပိုင်း တိုက်ပွဲတွေထပ်မံပြင်းထန်လာတာကြောင့် ဒီးမော့ဆိုမြို့ တစ်မြို့လုံးနီးပါး ထပ်မံစစ်ဘေးရှောင်နေရပါတယ်။ ဒီရက်ပိုင်းအတွင်း အသက်မပြည့်သေးသူတွေပါ ဖမ်းဆီးခံရမှုရှိနေတယ် လို့ ဒေသခံတွေကဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်မြင်ကွင်း (ပုံဟောင်း)
