မြန်မာ ငွေစျေးကျချိန် မြေပဲ နှမ်း အဝယ်လိုက်လာ
မြန်မာငွေဈေးနူန်းတွေ ကျဆင်းပြီး တရုတ်ယွမ်ဈေး မာလာတာကြောင့် တရုတ်ကုန်သည်တွေက မြေပဲနဲ့နှမ်းကို ကြိုတင်သိုလှောင်နေကြတယ်လို့ မန္တလေး ကုန်သည်ပွဲစားတွေက ပြောပါတယ်။
ဒါ့အပြင် ကျိုင်းတုံ၊ တာချီလိတ်ဘက်ကနေ တရုတ်ပြည်ဘက်ကို မြေပဲ နှမ်းတွေ လမ်းကြောင်း ပတ်ပြီး ဝင်ရောက်တာတွေရှိလို့ အရောင်းအဝယ် မြင့်တက်လာတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံထဲက နယ်ဒေသတချို့ဖြစ်တဲ့ မကွေး၊ ပြည်၊ ကျောက်ပန်းတောင်း၊ စဉ့်ကိုင်၊ နွားထိုးကြီးစတဲ့ ဒေသထွက် မြေပဲ၊ နှမ်းတွေ ဈေးကွက်ထဲကို ရောက်ရှိလာတယ်လို့ ဆိုပါတယ်။
၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းအထိ ယွမ်ငွေ ၁၀၀ ကို ကျပ်ငွေ ၂ သောင်းအထိ လဲလှယ်ကြပြီး ဒီလ စက်တင်လာလ ၁၂ ရက်ခန့်ကစပြီး ငွေလဲနှုန်းကတော့ ယွမ် ၁၀၀ ကို ကျပ်ငွေ ၃၀,၁၀၀ ခန့်အထိ ယွမ်စျေး တက်လာတာပဲ ဖြစ်ပါတယ်။
တရုတ်အဝယ်ရှိလာလို့ မူဆယ် နယ်စပ်ဘက် ကုန်သွယ်ရေးဖွင့်လာရင် တောင်သူတွေအတွက် ဈေးကောင်းရလာနိုင်မယ်လို့ ဆီလုပ်ငန်းရှင်တွေက မှတ်ချက်ပြုပါတယ်။
" အခု စိုထိုင်းဆ ရှစ်၊ ကိုး၊ တစ်ဆယ် ကျွန်တော်တို့ မဝယ်ပေမဲ့။ တရုတ်တွေ ဝယ်တယ်။ မြေပဲနှမ်း အသစ်တွေချည်းပဲ။ အဟောင်းလက်ကျန် နည်းနည်းပဲကျန်တာ။ တရုတ်လိုင်းပြန်ဆွဲမယ်ဆို အရင်ဈေးတွေထိ ပြန်ရောက်နိုင်တယ်။ တောင်သူတွေအတွက် အဆင်ပြေတာပေါ့"လို့ မန္တလေးမြို့က ဆီစက်လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ နောက်ဆုံးအပတ်မှာ မန္တလေး ပဲ နှမ်း ဈေးကွက်အတွင်း တရုတ်ဝယ်လက်ရှိလာလို့ မြေပဲဆံနဲ့ နှမ်းတွေ ဈေးမြင့်လာပြီး အရောင်းအဝယ် ၂၀ရာခိုင်နူန်းတက်လာတယ်လို့ ပဲနှမ်းကုန်သည်နဲ့ ဆီလုပ်ငန်းရှင်တွေက ပြောပါတယ်။
"နယ်စပ်ကုန်သွယ်မှု ပိတ်တဲ့အချိန် ထက်စာရင် ၂၀ရာခိုင်နူန်းတက်လာတာပေါ့။ ဘာကြောင့်လဲတော ထွက်ပေါက်တစ်ခုရလို့ ဈေးတက်တာ။ နှမ်းရယ် မြေပဲရယ်။ ငွေဈေးတက်နေလို့။ ဒါကြောင့် တရုတ်ဘက်က ကုန်သည်ကြီးတွေက လာလှောင်ကြ၊ ကြိုစုဆောင်းကြတာ"လို့ မန္တလေးမြို့ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း ပဲနှမ်းကုန်စည်ဒိုင်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ကတည်းက တရုတ်နယ်စပ်ကုန်သွယ်ရေးတွေ ကန့်သတ် ပိတ်ပင်လိုက်တာကြောင့် ပဲမျိုးစုံနဲ့ နှမ်း အရောင်းအဝယ်တွေ ထက်ဝက်ကျော် ကျဆင်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လမှာ သင်္ဘောနဲ့ ကုန်တင်ပို့ရတာရှိလို့ အိန္ဒိယ ပို့ကုန်ပဲတွေ ဈေးမြင့်တက်လာခဲ့ပေမယ့် တရုတ်ဝယ်လက် မြေပဲနဲ့ နှမ်းဈေးတွေ ကျဆင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Nay FB

















