ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို
အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
အမျိုးသမီးနဲ့ရိုဟင်ဂျာအရေးလှုပ်ရှားသူ မဝေဝေနု အေသင်မြို့တော်ဒီမိုကရေစီဆုရရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမျိုးသမီးများအရေးနဲ့ ရိုဟင်ဂျာတွေအရေးအပြင် ဒီမိုကရေစီနဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုတဲ့ လူငယ် တက်ကြွလှုပ်ရှားသူ မဝေဝေနုဟာ အေသင်ဒီမိုကရေစီဆု ချီးမြှင့်ခံလိုက်ရပါတယ်။
အေသင်မြို့တော်ဝန် ပါဝင်တဲ့ဆုရွေးချယ်ရေးအဖွဲ့ကတော့ မဝေဝေနုရဲ့ အမျိုးသမီးတွေအရေး ရိုဟင်ဂျာအရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကို ဂုဏ်ပြုဖို့နဲ့ အပြောင်းအလဲဖြစ်လာစေဖို့ လူငယ်မျိုးဆက်တွေအတွက် အတုယူစရာဖြစ်အောင် ရည်ရွယ်ချီးမြှင့်တာလို့ ဆိုပါတယ်။
မဝေဝေနုဟာ အမျိုးသမီးများငြိမ်းချမ်းရေးကွန်ယက်ကို တည်ထောင်သူနဲ့ အမှုဆောင်ဒါရိုက်တာ တစ်ဦးလည်းဖြစ်ပါတယ်။
အေသင်ဒီမိုကရေစီဆုကို ဘရာဇီးနိုင်ငံသမ္မတဟောင်း၊ မိုဇမ်ဘိနိုင်ငံသမ္မတဟောင်းတို့အပြင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)ရဲ့အမှုဆောင်အရာရှိတို့လည်း ရရှိထားဖူးပါတယ်။
ကျီးကုန်းကျေးရွာထဲက ရဲမိသားစုဝင်တွေရဲ့ရုပ်အလောင်းတွေကောက်ယူ သင်္ဂြိုဟ်နိုင်ခြင်းမရှိသေး, ဒေသခံရွာသားတွေလည်း အလောင်းလာကောက်ချိန်နဲ့ဆုံမှာစိုးရိမ်ပြီးနေရပ်မပြန်ရဲဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ထဲက ကျီးကုန်းတောင်ရွာအတွင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က လူတစ်စုက နေအိမ်ကိုပစ်ခတ်ဖောက်ခွဲ ခဲ့တာကြောင့် သေဆုံးခဲ့တဲ့ ရဲမိသားစုဝင် ၄ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်အထိ ကောက်ယူသင်္ဂြိုဟ်နိုင်တာမရှိသေးဘူးလို့ဒေသခံရွာသားတွေကပြောပါတယ်။
ကျီးကုန်းရွာထဲမှာတော့ အဲ့ဒီနေ့ကရဲမိသားစုဝင်တွေနေအိမ်ကို ပစ်ခတ်ပေါက်ကွဲမှုတွေလုပ်နေတဲ့ ညကတည်းက ရွာသားတွေအားလုံးဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့တာဖြစ်ပါတယ်။
နောက်တရက်မှာတော့ ရွာထဲကအိမ်ခြေ ၂၅ လုံးဝန်းကျင်နဲ့စပါးကျီ တင်း ၃၀၀၀ လောက် မီးထပ်ရှို့ခံခဲ့ရတယ်လို့ ရွာသားတွေကပြောဆိုထားပါတယ်။
လက်ရှိမှာတော့ သေဆုံးခဲ့တဲ့မိသားစုဝင် ၄ ဦးရဲ့ရုပ်အလောင်းတွေကမီးလောင်ပြင်မှာ ဒီအတိုင်းဆက်ရှိနေပြီး နေအိမ်မီးလောင်ခဲ့တဲ့ ရွာသားတွေလည်း ဒီကနေ့ထပ်ထိရပ်ရွာပြန်ဖို့ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
" အလောင်းတွေရှိတော့ရွာသားတွေကမပြန်ရဲဘူး။ အလောင်းလာကောက်ချိန်နဲ့တိုးပြီးအဖမ်းခံရမှာအပစ်ခံရမှာကြောက်ကြတယ်လေ။ ဟိုဘက်ကရဲမိသားစုရဲ့ သမီးတစ်ယောက်သူကလည်း ရဲမေပဲ၊ သူကလည်းအလောင်းကိုလာပြန်မကောက်ရဲဘူး။ အဲ့လိုဖြစ်နေတာ။ ပရဟိတအသင်းတွေကူဖို့ဆိုတာကလည်း တန့်ဆည်ကပရိဟတခေါင်းဆောင်တွေကို အာဏာစသိမ်းကတည်းက ၅၀၅ ထုတ်ထားတာလို့ပြေးနေရတာ ဘယ်သူမှမကူပေးနိုင်ဘူး။ အခုလက်ရှိလည်း ကျီးကုန်းတောင်ရွာရော မြောက်ရွာပါပြေးနေရတာ။မီးလောင်ပြင်ရော၊အလောင်းတွေရော ဒီအတိုင်းပါပဲရွာက " လို့ ကျီးကုန်းဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။
ကျီးကုန်းရွာထဲမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာ သေဆုံးခဲ့တဲ့ မိသားစုဝင်တွေနေအိမ်ကိုလူတစ်စုက ပစ်ခတ်ပေါက်ကွဲမှုတွေလုပ်ခဲ့ပြီး နောက်တရက်မှာပဲ ဒေသခံနေအိမ်တွေမီးလောင်ပျက်စီးခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်တွေဟာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားအပြန်အလှန်ပစ်ခတ်မှုတွေမရှိဘဲဖြစ်ခဲ့တာလို့ရွာသားတွေကပြောဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ဓာတ်ပုံ ပုံစာ, စက်တင်ဘာလ ၂၃နဲ့၂၄ ရက်တွေမှာ မီးလောင်ပျက်စီးခဲ့ပြီးနောက်ပိုင် းကျီကုန်းတောင်ရွာအတွင်းမြင်ကွင်း ကိုဗစ်ဖြစ်ပြီးပြန်ကောင်းလာသူတွေကို အသွားအလာကန့်သတ်မှုနဲ့ ပိုးစစ်ဆေးမှု ရက်ပေါင်း ၉၀ ကင်းလွတ်ခွင့် ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကိုဗစ်ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ စစ်ဆေးဖို့ နှာခေါင်းတို့ဖတ် ယူနေပုံ ကိုဗစ်-၁၉ ရောဂါ(ကိုရိုနာဗိုင်းရက်စ်) ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူတွေကို အသွားအလာကန့်သတ်မှုနဲ့ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှုကို ရက်ပေါင်း ၉၀ ကင်းလွတ်ခွင့်ပေးမယ်ဆိုပြီး စစ်ကောင်စီလက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
ဒီလို ကင်းလွတ်ခွင့်ပေးတာဟာ ရောဂါဖြစ်ပွားပြီးသူတွေဟာ ရောဂါပြန်လည်ဖြစ်ပွားမှုကို တုံ့ပြန်နိုင်တဲ့ Antibody အဆင့် လအနည်းငယ်အထိဆက်ရှိနေပြီး ရောဂါပြန်ဖြစ်မှုမရှိတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် နိုင်ငံတကာဆေးသုတေသနဌာနတွေရဲ့ လေ့လာချက်တွေမှာ တွေ့ရှိရတာကြောင့်လို့လည်း ဆိုပါတယ်။
ပြည်တွင်းခရီးသွားလာသူတွေအပြင် နယ်စပ်အဝင်အထွက်ဂိတ်တွေ၊ နိုင်ငံတကာ အဝင်အထွက် ဂိတ်တွေကနေ ဝင်လာသူတွေ အနေနဲ့ ကိုဗစ်ဖြစ်ခဲ့ကြောင်းကို နိုင်ငံတကာ အသိအမှတ်ပြုဆေးရုံနဲ့ ကျန်းမာရေးဌာနတွေ၊ ပြည်သူ့ဆေးရုံတွေနဲ့ ကိုဗစ်ကုသရေးစင်တာတွေကနေ ထုတ်ပေးတဲ့ ဆေးရုံဆင်းလက်မှတ်ကို အထောက်အထားအဖြစ် ပြသပြီး ခရီးသွားလာရာမှာ ကွာရန်တင်းဝင်ရတာ၊ ရောဂါစမ်းသပ် စစ်ဆေးတာတွေကို ရက် ၉၀ ကင်းလွတ်ခွင့်ရှိမယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ မနေ့ စက်တင်ဘာလ ၂၈ ရက် ဓာတ်ခွဲစမ်းသပ်မှုအရ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၆၀၀ ကျော်အထိရှိနေတာကို ကျန်းမာရေးအချက်အလက်တွေအရ သိရပါတယ်။
ကယားပြည်နယ်ထဲ တိုက်ပွဲတွေ ဖြစ်နေဆဲ
မြန်မာ့ စီးပွားရေး ၁၈ ရာခိုင်နှုန်းကျုံ့သွားနိုင်
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာ ကိုဗစ် ၁၉ ဒယ်လ်တာ မျိုးကွဲ ပျံ့နှံ့ကူးစက်မှုကြောင့် စီးပွားရေး ပြန်လည်နာလန်ထူလာရေးကို ထိခိုက်နိုင်ပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှု နှေးကွေးတာ၊ မညီမမျှ ပိုဖြစ်လာတာတွေ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ဒေသတွင်း နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ၁၈ ရာခိုင်နှုန်း စီးပွားရေး ကျုံ့နိုင်တယ်လို့ မျှော်လင့်ရပြီး ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ ၂ ဒဿမ ၉ ရာခိုင်နှုန်း ကျုံ့နိုင်တဲ့အတွက် မြန်မာ နိုင်ငံနဲ့ ပစိဖိတ်ကျွန်းနိုင်ငံ အတော်များများမှာ စီးပွားရေး အဆိုးရွားဆုံး ထိခိုက်နေကြတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
ဒေသတွင်းနိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ အလုပ်အကိုင်နည်းပါးလာတာကို အကြီးမားဆုံး ရင်ဆိုင်ရမှာဖြစ်ပြီး ဆင်းရဲသား ဦးရေလည်း ပိုများလာလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဖြည့်စွက်ပြောဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းမှုကြောင့် စီးပွားရေး လုပ်ဆောင်မှုတွေ ထိခိုက် သွားရတယ်ဆိုတာ သံသယဖြစ်စရာ မရှိကြောင်းနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်ကြတဲ့အတွက် အလုပ်မဆင်း သူတွေ ပိုနည်းလာတာတို့ ပေါင်းစပ်သွားတာကြောင့်ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အကြီးအကဲ Aaditya Mattoo က ပြောပါတယ်။
ဒေသတွင်းနိုင်ငံ အများစုမှာ ၂၀၂၁ ခုနှစ် ဒုတိယ လေးလပတ်ရဲ့ စီးပွားရေးတိုးတက်မှု စတင်နှေးကွေးလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အာရှနဲ့ပစိဖိတ်ဒေသ စီးပွားရေးခန့်မှန်းချက်မှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar
ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ်က ကုန်စုံဆိုင်တစ်ခုမှာ အာဏာသိမ်းပြီးကာစက တန်းစီဝယ်ယူနေကြသူများ ဦးညီပုကိုစွဲဆိုထားတဲ့အမှုတွေထဲ ပုဒ်မ ၅၀၅ (ခ)နဲ့ပတ်သက်လို့ လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးဖို့ တရားရုံးဆုံးဖြတ်
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုစွဲဆိုထားတဲ့ အမှုတွေထဲက တစ်ခုဖြစ်တဲ့ နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့ပတ်သက်လို့ စက်တင်ဘာ ၂၈ ရက် ဒီကနေ့ရုံးချိန်းမှာ အွန်လိုင်းကနေတစ်ဆင့် ရုံးထုတ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ တရားခံအဖြစ် တရားစွဲဆိုခံနေရတဲ့ ဦးညီပုကို စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့ လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးဖို့ စစ်တွမြို့နယ်တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။
ဦးညီပုဟာ ဖမ်းဆီးခံလိုက်ရပြီးနောက်ပိုင်း ပုဒ်မ ၅၀၅ (ခ)နဲ့ စစ်တွေမြို့နယ်တရားရုံးမှာ စွဲဆိုခံထားရသလို အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၅ နဲ့ ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ တရားစွဲဆိုခံနေရ တာလည်းဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ (ခ) အမှုမှာ တရားလိုပြသက်သေ ၅ ဦးရှိပြီး အမှုနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ရုံးချိန်းက ပြန်ခေါ်သက်သေတွေကိုပါ စစ်ဆေးမှုပြီးစီးခဲ့ပြီဖြစ်ကာ ဦးညီပုဘက်ကတော့ သက်သေတင်ထားတာမရှိဘူးလို့သိရပါတယ်။
ဦးညီပုဘက်က သက်သေမရှိပေမယ့် အမှုနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေပြုလုပ်နေတဲ့အချိန်တွေမှာ မိမိရဲ့အမှုသည်အတွက် အကောင်းဆုံးထုချေမှုတွေပြုလုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းကျော်က ပြောပါတယ်။
အမှုနဲ့ပတ်သက်လို့ ဦးညီပုအနေနဲ့ တရားရုံးကို သက်သေတွေတင်ပြတာမရှိသလို အမှုရင်ဆိုင်နေရတဲ့ ဖခင်ဖြစ်သူရဲ့ ရုံးချိန်း တွေမှာလည်း မိသားစုတွေအနေနဲ့လာရောက်နိုင်ခြင်းမရှိဘဲ တချို့အမှုတွေမှာ ရှေ့နေငှားရမ်းဖို့ငွေကြေးအခက်အခဲရှိတဲ့ အတွက် ပထမအမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေကိုပဲ အကူအညီတောင်းထားရတယ်လို့ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောပါတယ်။
အခုလို NLD ပါတီဝင်တွေကို အပြစ်ဒဏ်တွေချမှတ်နေတာဟာ မတရားတဲ့လုပ်ရပ်ဖြစ်ပြီး ဖမ်းဆီးစဉ်ကလည်’ မတရားဖမ်းခြင်းခံလိုက်ရတာဖြစ်တယ်လို့ ဦးညီပုရဲ့သမီးဖြစ်သူ ဒေါ်ကြည်ကြည်ဦးက ပြောဆိုပါတယ်။
စက်တင်ဘာ ၂၉ ရက် မနက်ဖြန်မှာလည်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦးတို့ကိုစွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အမှုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ တရားလိုကိုစတင်စစ်ဆေး တော့မှာဖြစ်တယ်လို့ ရှေ့နေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပြန်ခေါ်သက်သေတွေကို မေးမြန်းရာမှာ အောင်မြင်မှုရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်မှာ ကြိုတင်မဲပေးဖို့ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့ ၃ ဦးတို့ တစ်ပေါင်းတည်း စွဲချက်တင်ခံရတဲ့အမှုအတွက် ပြန်ခေါ်သက်သေတွေကိုမေးမြန်းရာမှာ အောင်မြင်မှုရှိတယ်လို့ အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေအဖွဲ့က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦး စွဲချက်တင်ခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ အမှုအတွက် ပြန်ခေါ်သက်သေ ၂ ဦးကို ဒီနေ့ စက်တင်ဘာလ ၂၈ ရက် မနက်ပိုင်းတုန်းက နေပြည်တော်မှာ အမှုကို ကြားနာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
''ရုံးချိန်းက မရှင်းလင်းတာတွေ၊ စွပ်စွဲထားတာတွေကို ထွက်ဆိုတဲ့ဟာကိုကြည့်ပြီး အချက်အလက်တွေရဖို့ မေးမြန်းတာပါ။ မဆိုးပါဘူး။ အောင်မြင်ပါတယ်။ ဘာတွေရယ်လို့တော့ ကျွန်တော်တို့ ပြောလို့မရပါဘူး။''လို့ အဖွဲ့ဝင်ရှေ့နေတစ်ဦးက ပြောပါတယ်။
ပြန်ခေါ်သက်သေ ၂ ဦးကတော့ တရားလိုနဲ့ အိုင်အိုလို့ခေါ်တဲ့ အမှုစစ်ရဲအရာရှိတွေ ဖြစ်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိမှာ အမှု ပေါင်း ၁၁ မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး အဲဒီထဲထဲက ပုဒ်မ ၅၀၅-ခအမှုမှာ ဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့နဲ့အတူ တစ်မှုတည်း တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ရုံးချိန်းတုန်းကတော့ တရားရုံးကနေ သူတို့ ၃ ဦးကို အများပြည်သူတည်ငြိမ်အေးချမ်းမှုပျက်ပြားစေတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခနဲ့ စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့အမှုတွေထဲက ဒီအမှုအပြင် သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အတွက် အမှုကိုလည်း အပတ်စဉ် တနင်္လာနေ့နဲ့ အင်္ဂါနေ့တိုင်းမှာ ရုံးချိန်းခေါ်ယူ စစ်ဆေးနေပါတယ်။
ဦးညီညီဆိုသူက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မ ၂၅ အမှုအတွက် ဒီကနေ့ ကြားနာရာမှာတော့ တရားလိုပြသက်သေမလာတဲ့အတွက် သက်သေလာရေး ဆင့်ခေါ်စာထုတ်ဖို့ တရားရုံးက သတ်မှတ်ပေးခဲ့တယ်လို့ ရှေ့နေအဖွဲ့က ပြောပါတယ်။
တစ်ရက်အတွင်း မြန်မာ့ရွှေဈေး တစ်သိန်းခုနစ်သောင်းကျပ်အထိ ခုန်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ရွှေဈေးအမြင့်ဆုံးရောက်နေသလို ဝယ်လိုအားလည်း မြင့်နေ(ပုံအဟောင်းဖြစ်ပါတယ်) ပြည်တွင်းရွှေဈေးကွက်မှာ အခေါက်ရွှေဈေးနှုန်းဟာ တစ်ရက်အတွင်း တစ်ကျပ်သားကို မြန်မာကျပ်ငွေ ၁၇၀,၀၀၀ အထိ ခုန်တက်သွားတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီနေ့ စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း အချက်အလက်တွေအရ သိရပါတယ်။
မနေ့တုန်းကတော့ အခေါက်ရွှေ တစ်ကျပ်သားကို ၂,၀၅၀,၀၀၀ ကျပ် ရှိရာကနေ ဒီနေ့မှာ ၂,၂၂၀,၀၀၀ ကျပ်အထိမြင့်တက်သွားတာဖြစ်လို့ တစ်ရက်အတွင်း မြန်မာကျပ်ငွေ ၁၇၀,၀၀၀ အထိ ဈေးကွာဟချက်နဲ့ ဈေးမြင့်တက်ခဲ့တာပါ။
ပြည်တွင်းမှာ ကပ်ရောဂါ အခြေအနေကြောင့် လုပ်ငန်းတချို့ လုပ်ကိုင်ရခက်လာချိန်မှာ ရွှေအရောင်းအဝယ်ဘက်မှာ ရင်းနှီးမြှုပ်နှံဖို့ ပိုအာရုံစိုက်လာနေကြတယ်လို့ ရွှေလုပ်ငန်းရှင်တွေက အစောပိုင်းမှာ ဘီဘီစီကိုပြောထားပါတယ်။
တဖက်မှာလည်း အာဏာသိမ်းမှုအစောပိုင်းကာလတွေမှာ ငွေထုတ်ယူမှုကန့်သတ်ချက်တွေ ရှိနေချိန် ရွှေစုဆောင်းရင် မြတ်မယ်လို့ ယူဆပြီး ရွှေရောင်းသူထက် ဝယ်သူများလာတာ၊ တရိပ်ရိပ်တက်နေတဲ့ဒေါ်လာဈေးမြင့်တက်နေတာတွေကလည်း ရွှေဈေးကို အဓိကသက်ရောက်စေတဲ့အကြောင်းရင်းတစ်ရပ်ဖြစ်နေတယ်လို့လည်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။
ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေဆက်ဖြစ်, ဒေသခံနေအိမ်တွေထိခိုက်ပြီး ရွာသားတွေထိခိုက်သေဆုံးမှုရှိနေ
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် က သဲရွာနဲ့ကုန်းဆုံရွာအနီးမှာ စစ်ကောင်စီနဲ့ဒေသခံကာကွယ်ရေးတပ်တွေကြားမနေ့စက်တင်ဘာ ၂၇ ရက်နေ ညနေပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီဘက်က ဒီးမော့ဆိုဘက်ကနေ ဖယ်ခုံ၊ မိုးဗြဲဘက်တွေထိ အင်အားအလုံးအရင်းနဲ့တိုးချဲ့လာတာကြောင့် ဖယ်ခုံမြို့အတွင်းက ကုန်းဆုံးကျေးရွာနဲ့ ကသဲကျေးရွာအနီးမှာရှိတဲ့ ပင်လောင်း-ဖယ်ခုံလမ်းမပေါ်မှာ တိုက်ပွဲဖြစ်ခဲ့တာလို့ဖယ်ခုံ ဒေသကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားပါတယ်။
မနေ့တိုက်ပွဲကြောင့် ကျေးရွာအတွင်းနေထိုင်တဲ့ အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးလက်နက်ကြီးစထိမှန်ဒဏ်ရာရခဲ့သလို ဒီကနေ့(စက်တင်ဘာ ၂၈)မနက်ပိုင်းမှာလည်း ကသဲကျေးရွာအနီးက ရထားသံလမ်းပေါ်မှာ ပစ်ခတ်ခံထားရပြီး သေဆုံးနေတဲ့နွားကျောင်းသားတစ်ဦးရဲ့အလောင်းကိုတွေ့ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။
“ကုန်းဆုံနားမှာဖြစ်တာ ဒါနဲ့ဆို နှစ်ကြိမ်မြောက်ပါ။ ကုန်းဆုံရွာထဲက ကနှစ်အိမ်ကတော့လက်နက်ကြီးထိတယ်၊ ပစ်နေတာတွေကြောင့် ညနေပိုင်းက မိုင်းခွဲအသံလား သေနတ်အသံလားမသိဘူး။ ရွာထဲမှာနေတဲ့လူတွေလည်းထိတယ်၊ ပေါင်ကိုထိတာ အသက်တော့မသေပါဘူး။ ပစ်နေပေမယ့် အိမ်ကပစ္စည်းတွေအခိုးခံရမှာစိုးလို့ ပြေးလည်းမပြေးရဲကြဘူး”လို့ ကုန်းဆုံကျေးရွာသားတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာသားတွေအနေနဲ့စပါးသိမ်းရာသီရောက်ပေမဲ့လည်း တောင်ယာတွေထိမသွားနိုင်တာ တစ်လနီးပါးရှိနေပြီလို့ ဒေသခံရွာသားတွေကပြောပါတယ်။
တဖက်မှာလည်း ကရင်နီပြည်နယ်အတွင်းက ဒီးမေ့ာဆိုမြို့နယ်အနောက်ခြမ်းဘက်က ကျေးရွာတွေမှာ တိုက်ပွဲတွေထပ်ဖြစ်တာကြောင့်ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးမှုတွေရှိနေပြီး ဒေသခံတစ်ဦးလည်းမနေ့ကလက်နက်ကြီးထိလို့ သေဆုံးခဲ့သလို စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေတိုးလာတယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။
လက်ရှိ ကယားပြည်နယ်အတွင်းနဲ့ ရှမ်းကယားနယ်စပ်အတွင်းက တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂၇ ရက်နေ့က ကသဲရွာအတွင်းနေအိမ်တွေလက်နက်ကြီးထိမှန်မှုမြင်ကွင်း စစ်ကောင်စီက အပစ်ရပ်ငါးလထပ်တိုးပေမယ့် ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်
ခရီးသွားလုပ်ငန်းကို ပြည်တွင်းကနေ ပြန်စနိုင်အောင်လုပ်နေပြီလို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ကိုဗစ်ကပ်ဘေးဖြစ်ချိန် လူသူရှင်းလင်းမှုကို အခွင့်ကောင်းယူပြီး ဘုရားပုထိုးတွေထဲ ရှေးဟောင်းပစ္စည်းတွေကို ခိုးယူနေမှုကို ကာကွယ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေက ပုဂံဘုရားတွေမှာ ပြီးခဲ့တဲ့နှစ် ဇွန်လတုန်းက လုံခြုံရေးကင်းလှည့်နေတာဖြစ်ပါတယ်။ ကပ်ဘေးကန့်သတ်ချက်တွေကြောင့် မြန်မာကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာပြည်ဝင်ခရီးစဉ်တွေ ရပ်ဆိုင်းသွားခဲ့ပေမဲ့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေနဲ့ ခရီးသွားလုပ်ငန်း ပြန်စနိုင်ဖို့ လုပ်နေပြီဆိုပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်။
စက်တင်ဘာလ ၂၇ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ရော နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပါ ပေးပို့တဲ့စာမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းပြန်လည်စတင်ဖို့ ပြည်တွင်းအပြင် ပြည်ပခရီးသွားတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရေးဟာ အရေးပါတာကြောင့် ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအပြင် ဘေးကင်းတဲ့ဝန်ဆောင်မှု အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေပြီလို့လည်းသူက ပြောပါတယ်။
ခရီးသွားလုပ်ငန်းကဏ္ဍမှာ ဝန်ဆောင်မှု ပေးနေသူတွေကို ကပ်ရောဂါကာကွယ်ရေး သင်တန်းပေးတာ၊ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ကဏ္ဍတွေမှာ ကပ်ရောဂါဆိုင်ရာ ဘေးကင်းမှုစံနှုန်း၊ လမ်းညွှန်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေအဖြစ် ဒေသတွင်းအဆင့်၊ အမျိုးသားအဆင့်နဲ့ နိုင်ငံတကာအဆင့် အသိအမှတ်ပြုတဲ့လက်မှတ်တွေ ထုတ်ပေးသွားဖို့လည်းရှိတယ်လို့ သူကပြောပါထားတယ်။
တွန်းဇံမှာ မိုင်တဲလ် ဆက်သွယ်ရေးတာဝါတိုင်တစ်ခု မိုင်းခွဲဖျက်ဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, social media
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ထဲမှာ စစ်တပ်ပိုင် မိုင်တဲလ်(Mytel) မိုဘိုင်းဖုန်းဆက်သွယ်ရေးတာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၇ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံလိုက်ရပါတယ်။
ဖျက်ဆီးခံလိုက်ရတဲ့ တာဝါတိုင်ဟာ တွန်းဇံမြို့နယ်၊ လမ့်ထန်အုပ်စု၊ ဆဲလ်ထော်ဇံကျေးရွာအနီးက တာဝါတိုင်ဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီဖောက်ခွဲမှုကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-တွန်းဇံ(CDF-Tongzan)နဲ့ မြောက်ပိုင်းကလေး PDF တပ်ဖွဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ပြုလုပ်ခဲ့တာဆိုပြီး CDF တွန်းဇံက လူမှုကွန်ယက်ကနေ ကြေညာပါတယ်။
မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းကနေရတဲ့ အကျိုးအမြတ်တွေနဲ့ လက်နက်ဝယ်ယူမှာကို အဓိကဟန့်တားဖို့လို့ဆိုပါတယ်။
အခုဆို ချင်းပြည်နယ်ထဲမှာ မိုင်တဲလ် တာဝါတိုင် ၆ တိုင်နီးပါး ဖျက်ဆီးခံထားရတယ်ဆိုပြီး ချင်းအခြေစိုက်ဒေသတွင်း မီဒီယာတွေမှာဖော်ပြပါတယ်။
မိုင်တဲလ် ဆက်သွယ်ရေးလုပ်ငန်းဟာ မြန်မာစစ်တပ်နဲ့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel တို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေရပ်ဖို့ မြန်မာစစ်တပ်ကို ကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းဒုဝန်ကြီးချုပ်တို့ တိုက်တွန်း

ဓာတ်ပုံ ရင်းမြစ်, @SecBlinken
မြန်မာပြည်တွင်းမှာဖြစ်နေတဲ့အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မတရားသဖြင့် ထိန်းသိမ်းခံထားရသူတွေကိုလည်းလွှတ်ပေးဖို့ မြန်မာစစ်တပ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်းဒုတိယဝန်ကြီးချုပ်တို့က ပူးတွဲတိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နဲ့ ထိုင်းဒုတိယဝန်ကြီးချုပ် Don Pramudwinai တို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်မှာ စက်တင်ဘာလ ၂၇ ရက်တုန်းက တွေ့ဆုံချိန်အခုလို ပူးတွဲတောင်းဆိုလိုက်တာဖြစ်ပါတယ်။
ဒါ့ပြင် ခေါင်းဆောင်နှစ်ယောက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေကြား ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကိုလည်း အထမြောက်အောင်လုပ်ဆောင်နိုင်ရေး အတူလက်တွဲသွားဖို့ သဘောတူခဲ့ကြသလို မြန်မာပြည်တွင်းက အကျပ်အတည်းကိုလည်း စိုးရိမ်ကြောင်း ပြောကြားခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထုတ်ပြန်ပါတယ်။
ထားဝယ်မှာ အမြောက်တပ်က ၃ ရက်ကြာ စစ်ရေးလေ့ကျင့်, ကျွန်း ၄ ကျွန်းနဲ့ အဲဒီကျွန်းတွေ အနီးနားကို မသွားလာဖို့လည်း ကြေညာ
တနင်္သာရီတိုင်းအတွင်း ထားဝယ်တပ်နယ် ကွပ်ကဲမှုအောက်မှာရှိတဲ့ အမှတ် - ၃၀၂ အမြောက်တပ်ရင်းက အမြောက်လေ့ကျင့်ပစ်ခတ်မှုတွေကို ဒီနေ့ စက်တင်ဘာလ ၂၈ ရက်က စပြီး ၃ ရက် ကြာ စစ်ရေးလေ့ကျင့်ဖို့ရှိနေပါတယ်။
တိုက်ပွဲဝင် အသင့်ဖြစ်စေရေး အမြောက်လေ့ကျင့်ပစ်ခတ်မှုတွေ လုပ်မယ့်ကိစ္စ သတိပေးဖို့ ဆိုတဲ့ ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တံဆိပ်နှိပ်ထားတဲ့ လျှို့ဝှက်စာ တစ်စောင်ပေါက်ကြား လာခဲ့ပြီးနောက် ရွာတွေမှာ သတိပေးမှုလုပ်တယ်ဆိုတဲ့သတင်းတွေ ကြားရတာပါ။
အမြောက်လေ့ကျင့်ပစ်ခတ်မှုတွေအတွင်း ရေလယ်ကျွန်း၊ ကူးတို့ဆိပ်ဟောင်းကျွန်း၊ ဓနိကျွန်းနဲ့ ရွှေကျွန်း စတဲ့ ကျွန်းတွေနဲ့ အဲဒီကျွန်းတွေ အနီးတဝိုက်ကို အသွားအလာ မလုပ်ကြဖို့ မြစ်ကြောင်း တလျှောက်က ရွာတွေကို အသံချဲ့စက်တွေနဲ့ လိုက်လံ ကြေညာနေတယ်လို့ ရွာခံတချို့က ပြောပါတယ်။
အဲဒီနေရာတွေမှာ ပစ်ခတ်လေ့ကျင့်မယ်ဆိုရင် ထားဝယ်မြစ်ပေါ်မှာ ဆောက်ထားတဲ့ ကမျောကင်း တံတားကနေ လောင်းလုံးမြို့ကြားမှာ ရှိတဲ့ မြစ်ရိုးတလျှောက်က ရွာတချို့ကိုလည်း ထိခိုက်နိုင်တယ် ဆိုပြီး ရွာသားတွေ စိုးရိမ်နေကြပါတယ်။
ဒါ့အပြင် နေ့စဉ် စားဝတ်နေရေးအတွက် အဲဒီကျွန်းတွေနဲ့ အနီးဝန်းကျင်မှာ သွားရောက် အလုပ်လုပ်တဲ့ လက်လုပ်လက်စား တွေလည်း ထိခိုက်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ဒေါ်အောင်ဆန်းစုကြည်အမှုကို ဆက်လက်စစ်ဆေး
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦး၀င်းမြင့်တို့ကို စွဲဆိုထားတဲ့ အမှုတွေထဲက အပတ်စဉ် တနင်္လာနေ့တိုင်း စစ်ဆေးလေ့ရှိတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ကို ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်နေ့့မှာ ဆက်လက်စစ်ဆေးခဲ့ပါတယ်။
ဆက်သွယ်ရေး ပစ္စည်းတွေ တရားမ၀င် လက်၀ယ်ထားရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ၀င်ရောက်ရှာဖွေတုန်းက တရားရုံးဘက်က ထုတ်ပေးခဲ့တဲ့ ရှာဖွေဝရမ်းကို နိုင်ငံတော် အတိုင်ပင်ခံရဲ့ ရှေ့နေအဖွဲ့က သက်သေခံအဖြစ် တင်သွင်းခဲ့ပေမယ့် တရားရုံးဘက်ကကော ဥပဒေအရာရှိဘက်ကပါ ကန့်ကွက် ခဲ့တာကြောင့် လာမယ့် သီတင်းပတ်မှာ နှစ်ဖက်စွဲချက်လျှောက်လွဲချက် ကြားနာမှာ ဖြစ်ပါတယ်။
တရားရုံး ကြားနာမစစ်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေအဖွဲ့တို့ သီးခြားတွေ့ဆုံဆွေးနွေးခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်သလို သူ့ကို စွဲဆိုထားတဲ့ အမှုတွေအတွက်နဲ့ ဥပဒေအညီ ခုခံချေပသွားဖို့ ပြောဆိုခဲ့တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screen Shot
ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် ရုံးထုတ် ( ပုံ အဟောင်း) မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန် ခေါင်းဆောင်တွေက တောင်းဆို
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေအားလုံး အဆုံးသတ်ဖို့ အပါအ၀င် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံး ပြန်သွားဖို့ QUAD လို့ခေါ်တဲ့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန် ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။
နိုင်ငံခြားသားတွေအပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ချက်ချင်း အကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ကိုလည်း ထိပ်သီး ၄ နိုင်ငံ ခေါင်းဆောင်တွေက အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်တော်မှာ လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးပြီး တိုက်တွန်းလိုက်ကြတာပါ။
သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ လေးနိုင်ငံ ခေါင်းဆောင်တွေ ၆ လ အတွင်း ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးအပြီး ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ မြန်မာနိုင်ငံအရေး အပါအဝင် ကိစ္စရပ် တချို့ကို ထည့်သွင်း ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
အင်ဒို ပစိဖိတ်ဒေသ လုံခြုံရေးနဲ့ သာယာဝပြောရေးအတွက် မိတ်ဖက်တွေ အဖြစ် ဆက်လက်ဆောင်ရွက် သွားကြမယ်လို့ လေးနိုင်ငံ ထပ်လောင်း ကတိပြုခဲ့ကြ ပါတယ်။
အာရှဒေသက မြန်မာ့အရေး၊ မြောက်ကိုရီးယား နျူကလီယားအရေးနဲ့ အာဖဂန်နစ္စတန်က လူ့အခွင့်အရေး ကိစ္စရပ်တွေကိုလည်း ရေးသား ဖော်ပြခဲ့ပါတယ်။
မြန်မာ့အရေး အာဆီယံရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အကောင်အထည် ဖော်ဖို့လည်း ထပ်မံ တိုက်တွန်း ပါတယ်။
ဆက်လက်ဆောင်ရွက်သွားမယ့် ကိစ္စတွေကို ဖော်ပြရာမှာတော့ သူတို့ လေးနိုင်ငံ အနေနဲ့ တခြား မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အတူလက်တွဲ လုပ်ဆောင်သွားဖို့ သံန္နိဋ္ဌာန် ချထားတယ်၊ အင်ဒိုပစိဖိတ် ဒေသအတွက် အဓိက ဖြစ်တဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့နဲ့ရော သူ့ အဖွဲ့ဝင် နိုင်ငံတွေနဲ့ပါ လက်တွေ့ကျကျ ပူးပါင်း ဆောင်ရွက်မယ်လို့ဖော်ပြပြီး ၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ အီးယူ ဥရောပသမဂ္ဂရဲ့ အင်ဒိုပစိဖိတိဒေသ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။
ပထမအကြိမ် တွေ့ဆုံခဲ့ပြီးနောက်မှာ ကမ္ဘာ့ အရေးတကြီး စိန်ခေါ်မှုတွေထဲက တချို့ဖြစ်တဲ့ ကိုဗစ်ကပ်ဘေး၊ ရာသီဥတု ပြောင်းလဲမှု ပြဿနာ၊ နည်းပညာထွန်းသစ်မှု စတာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ သိသာတဲ့ တိုးတက်မှုတွေ ရှိခဲ့တယ်လို့လည်း လေးပွင့်ဆိုင် ခေါင်းဆောင်များရဲ့ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကုလသမဂ္ဂအပါအဝင် ဘက်ပေါင်းစုံပါ၀င်တဲ့ အဖွဲ့အစည်းတွေနဲ့လည်း ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
QUAD လို့ခေါ်တဲ့ လေးပွင့်ဆိုင်ခေါင်းဆောင်များအဖွဲ့ကို အာရှပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုကို ပြန်လည်တုံ့ပြန်ဖို့အတွက် ၂၀၀၇ ခုနှစ်မှာ ပထမဆုံး ဖွဲ့စည်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ဒီ လေးနိုင်ငံရဲ့ ထိပ်သီးအစည်းအဝေးကိုအမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာ စက်တင်ဘာလ ၂၄ ရက်နေက ကျင်းပခဲ့ ့ဒီနိုင်ငံ ခေါင်းဆောင်တွေ လူကိုယ်တိုင် တက်ရောက်ခဲ့ကြ ၅၀၅ (ခ)နဲ့ တရားစွဲခံရတဲ့ ဂွမြို့က လွှတ်တော်ကိုယ်စားလှယ်ကို ထောင်ဒဏ် အမိန့်ချ
စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခြင်း ခံလိုက်ရတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအပါအဝင် နောက်ထပ်နှစ်ဦးတို့ကို စက်တင်ဘာ ၂၇ ရက် ဒီကနေ့မှာ ဂွမြို့နယ်တရားရုံးကနေ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။
ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခံရသူသုံးဦးကတော့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ဂွမဲဆန္ဒနယ်က အနိုင်ရပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီနဲ့ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးမိုးတို့ဖြစ်ကြပြီး သူတို့သုံးဦးကို နိုင်ငံတော် မတည်မငြိမ်ဖြစ်အောင် လှုံဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၉ တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်ကို ပုဒ်မ ၅၀၅ (ခ) နဲ့ ၂ နှစ် ဘေးစီမံပုဒ်မနဲ့ ၃ လ၊ ဦးလူနီကို ပုဒ်မ ၅၀၅ (ခ) နဲ့ ၂ နှစ်၊ ဦးအောင်စိုးမိုးကို ဘေးစီမံဥပဒေနဲ့ ၅ လစီ အသီးသီးချမှတ်လိုက်တာဖြစ်တယ်လို့ ဂွမြို့နယ် NLD ပါတီဝင်တစ်ဦးက အတည်ပြု ပြောဆိုပါတယ်။
အမိန့်ချခံရသူသုံးဦးတို့ဟာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာပဲ အာဏာသိမ်းမှုဆန့်ကျင်မှုနဲ့ ဖမ်းဆီးခံလိုက်ကြရတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်ကတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလူနီနဲ့ NLD ပါတီဝင် ဦးအောင်စိုးမိုးတို့ကတော့ ၁၃ ရက်နေ့တွေမှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဒီကနေ့မှာ မြို့နယ်တရားရုံးက အမိန့်ချလိုက်ပြီးတဲ့အချိန်မှာတော့ သူတို့သုံးဦးစလုံးကို သံတွဲအကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။
သူတို့သုံးဦးကို အခုလိုဖမ်းဆီး ထောင်ချလိုက်တာဟာ မတရားပြုလုပ်တာဖြစ်ပြီး မတရားမှုတွေအတွက် ဆက်လက်တိုက်ပွဲဝင်ရမှာဖြစ်တယ်လို့ NLD ပါတီဝင်တစ်ဦးက ပြောဆိုပါတယ်။
ဒါ့အပြင် အခုလအတွင်း တောင်ကုတ်မြို့နယ်ကဖမ်းဆီးခံနေရတဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်နဲ့ ကိုသန့်ဇင်ဖြိုးတို့ကိုလည်း ပြစ်ဒဏ် ၂ နှစ်နဲ့ ၃ လစီချမှတ်ခဲ့ပြီး အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်းငါးဦးတို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရးဥပဒေ ပုဒ်မ ၅၅ နဲ့ ရခိုင်ပြည်နယ်တရားလွှတ်တော်မှာ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဂွမြို့မှာ ပြီးခဲ့တဲ့မတ်လက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲ ရွှေစျေး သိန်းနှစ်ဆယ်ကျော်ပြီး တစ်ဒေါ်လာ ကျပ်၂၂၀၀ ကျော် လာ
ရန်ကုန်တိုင်ရွှေလုပ်ငန်းရှင် အသင်းရဲ့ ဒီကနေ့ရွှေစျေးထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်ရွှေဟာ တစ်ကျပ်သားကို ကျပ် သိန်း နှစ်ဆယ် တစ်သောင်း နဲ့ စျေးပိတ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၂၇ ရက် မနက်ပိုင်း စျေးစဖွင့်ကတည်းက အကယ်ဒမီ မီးလင်ရွှေဟာ တစ်ကျပ်သားကို တစ်ဆယ့်ကိုးသိန်း ရှစ်သောင်းနဲ့ စျေးဖွင့်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲနူန်းက ဒီကနေ့ နေ့လယ်ပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၂၄၀ နဲ့ ငွေလဲကောင်တာအချို့က ရောင်းတာတွေ့ရပြီး အချို့ကတော့ ဒေါ်လာဒီနေ့ပေါက်စျေးကို ထုတ်ပြန်တာ မတွေ့ရပါဘူး။
မြန်မာနိုင်ငံက ပို့ကုန်နည်းပြီး သွင်းကုန်ပဲများနေတဲ့ လက်ရှိပြည်တွင်းစီးပွားရေး အခြေအနေမှာ အမေရိကန်ဒေါ်လာငွေ လိုအပ်ချက် တစ်နေ့တစ်ခြား များလာပြီး မြန်မာငွေတန်ဖိုးလည်း တစ်ဒေါ်လာကို ကျပ် ၂၀၀၀ ကျော်အထိ ဆက်ပြီး ကျဆင်းနေတာလို့ ပြောကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်ကစပြီး ဗဟိုဘဏ်က ဒေါ်လာတွေ မကြာခဏ ထုတ်ရောင်းခဲ့ပေမဲ့လည်း ဒေါ်လာနဲ့ မြန်မာငွေလဲနူန်း ကျဆင်းတာကို ရပ်တန့်နိုင်ခြင်းမရှိပါဘူး။
ဒေါ်လာနဲ့ မြန်မာငွေလဲနူန်းနဲ့ ဆက်စပ်ပြီး စက်သုံးဆီစျေးတွေ ကုန်စျေးနူန်းတွေ လိုက်ပါပြောင်းလဲနေပြီးတော့ ကုန်ပစ္စည်းရောင်းချသူတွေလည်းစျေးရောင်းရတာ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အခြေခံကုန်စည်ဈေးတွေ တက်မလာအောင် စားသုံးဆီနဲ့ စက်သုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်က ဒေါ်လာဖြည့်တင်းပေးပေမဲ့ ရန်ကုန် မန္တလေး နေပြည်တော်တို့လို မြို့ကြီးတွေမှာပဲ သက်သာတဲ့စျေးနဲ့ ရောင်းနိုင်သေးကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TATESEIN
