ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို
အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ကန်ကြီးထောင့်မြို့က လေဖြတ်နေတဲ့ နိုင်ငံရေး အကျဉ်သားဟောင်း တစ်ဦးအဖမ်းခံရ
ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့ လေဖြတ်ရောဂါဝေဒနာ ဖြစ်နေသူ အသက် ၆၃ နှစ်ရှိ ၈၈ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ထိုက် ခေါ် ဦးတင်မောင်စိုးကို ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝတွေက ဖမ်းဆီးခဲ့ပြီး တစ်ပတ်ကြာတဲ့အထိ အဆက်အသွယ်မရသေးကြောင်း သူမိတ်ဆွေတွေနဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက်မှာ လေငန်းရောဂါခံစားနေရလို့ လာရောက် ဆေးကုသမှု ခံယူနေစဉ် စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။
သူ့ကို ပုဒ်မ ၂ ခုနဲ့ ဝရမ်းထုတ်ထားတယ်လို့ သိရပြီး သူကျန်းမာရေး မကောင်းတာ အတော်ကြာနေပြီး၊ လမ်းကောင်းကောင်း မလျှောက်နိုင်ကြောင်း၊ လေဖြတ်လို့ စကားပြောတာမပီလို့ ဆေးကုနေရတာဖြစ်ပြီး ဘယ်ကို ဖမ်းသွားလဲဆိုတာ မသိရဘူးလို့ မိသားစုဝင် တစ်ဦးက ပြောပါတယ်။
ကန်ကြီးထောင့်မြို့မှာ စက်တင်ဘာလ ၁၈ ရက်နေ့ က စပြီး ၃ရက် အတွင်း မြို့နယ်ထွေ/အုပ် ဒုဦးစီးမှုး ဦးပြုံးချို၊ NLD ပါ တီဝင်ဟောင်း ကိုစည်သူအောင်၊ကိုဘိုဘိုထွန်း နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ထိုက် တို့အပါအဝင် နိုင်ငံရေးသမားဟောင်းများနဲ့ နိုင်ငံ ရေး တက်ကြွလှုပ်ရှားသူ ၃၀ ဦးကို ဖမ်းထားကြောင်း ဒေသခံအ ချို့ ကပြောပါတယ်။
ဦးဇော်ထိုက်က စစ်တပ် အာဏာမသိမ်းခင် ကတည်းက ကျန်းမာရေးမကောင်းလို့ ဆေးကုသနေရသူပါ၊သူမိသားစု ကတော့ သူ့ကျန်း မာရေးအတွက် အရမ်းစိုးရိမ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
၈၈ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်သူ ဦးဇော်ထိုက်ကို ပုဒ်မ ၁၂၂ ၊၁၂၄ တို့နဲ့ လည်းကောင်း၊ NLD ပါတီဝင်ဟောင်း ကိုစည်သူအောင် အား ပုဒ်မ၂၅ နဲ့လည်းကောင်း စစ်ကောင်စီက မေလ အတွင်းက ဝရမ်းထုတ်ခဲ့တာရှိပါတယ်။
ကန်ကြီးထောင်မြို့နယ်မှာ စစ်ကောင်စီ သတင်းပေးတစ်ဦး အသတ်ခံရပြီးနောက် ဖမ်းဆီးစစ်ဆေးမှုတွေ များလာခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဇော်ထိုက် အင်တာနက်သုံးဖို့ တနေရာထဲမှာစုဝေးသုံးနေရတဲ့ တောင်တွင်းကြီးမြို့
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာဆိုရင် စက်တင်ဘာ (၁၄)ရက်ကစပြီ းအင်တာနက်အဖြတ်ခံရတာ ဆယ်ရက်ကျော်လာချိန်မှာတော့ အင်တာနက်ရတဲ့ တနေရာထဲမှာ စုပြုံပြီး သုံးနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်ရေးကွင်းနဲ့နီးတဲ့ ကန်တော်ကြီးထဲမှာသာ အင်တာနက်ရနေတယ်လို့ ဆိုပါတယ်။
“စဖြတ်ခါစကာ အကုန်ပြတ်တာကနေ နောက် 2G ပြန်ရတယ်။ ဖေ့ဘုတ်ဆို ပုံမမြင်ရပေမဲ့ စာဖတ်လို့ ရသေးတယ်။ သုံးလေးရက်ရှိပြီး လိုင်းကို အကုန်ဖြတ်လိုက်တာ။ အခုကန်တော်ကြီးမှာပဲ လူတွေကစု ပြီး သုံးနေရတယ်။ အဲ့ဒါက မြို့ရဲ့ အရှေ့ဘက်မှာရှိတာ၊ အဲ့တော့ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက် ကလူတွေပါ သုံးရတယ်။ ဒါမြို့ပေါ်နော် ရွာဘက်ကတော့ လုံးဝကိုအင်တာနက်သုံးမရဘူး။”လို့ တောင်တွင်း ကြီး မြို့ခံတဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိတောင်တွင်းကြီးမြို့မှာ မနက် (၆)နာရီကနေ (၁၂)နာရီအထိ၊ ညနေ (၄)နာရီကနေ (၆)နာရီအထိသာ အပြင်ထွက်ခွင့်ရပြီး နေ့ဘက်အပြင်ထွက်ဖို့ကန့်သတ်ခံထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, တောင်တွင်းကြီးမြို့ ကန်တော်ကြီးမှာ အင်တာနက်စုဝေးသုံးနေကြပုံ။ 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, တောင်တွင်းကြီးမြို့ ကန်တော်ကြီးမှာ အင်တာနက်စုဝေးသုံးနေကြပုံ။ 
ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, တောင်တွင်းကြီးမြို့ ကန်တော်ကြီးမှာ အင်တာနက်စုဝေးသုံးနေကြပုံ။ ရေစကြိုမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေနတ်ပစ်ဖောက်ပြီး ဒေသခံတွေကိုဖမ်းဆီးတာတွေရှိနေတယ်လို့ဆို
ရေစကြိုမြို့ပေါ်က မြန်မာ့ရှေ့ဆောင်ဘဏ်အနီးမှာ ဒီကနေ့ မနက်၁ဝနာရီခွဲဝန်းကျင်လောက်က သုံးဘီးဆိုင်ကယ် သမားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရိုက်နှက်တာတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
သူတို့သွားတဲ့လမ်းမှာ ပိတ်နေလို့ဆိုကာ ရိုက်နှက်တာလို့ ဒေသခံတွေကပြောပါတယ်။
အဲဒီဖြစ်စဉ်ကို အနီးမှာရှိတဲ့ ကလေးကစားစရာအရောင်းဆိုင်မှ ဆိုင်ရှင်အမျိုးသမီးက ဓါတ်ပုံရိုက်လိုက် မိသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဓါတ်ပုံရိုက်လို့ဆိုကာ ရဲမေတွေကိုခေါ်ပြီး ဖမ်းဆီးခဲ့ကြောင်း၊ သေနတ်များလည်းပစ်ဖောက်ခဲ့ပြီး ဆိုင်ရှင်လင်မယားနှစ်ယောက်စလုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
မြို့ခံပြည်သူတွေအနေနဲ့လည်းစစ်ကောာင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ပါက ပြေးရမှာလား၊ ရပ်နေရမှာလား ဝေခွဲမရပဲ စိုးရိမ်ထိတ်လန့်ပြီး ကြောက်နေကြရတယ်လို့လည်း မြို့ခံအချို့ကပြောပါတယ်။
ဘီဘီီစီအနေနဲ့ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုမေးမြန်းအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, သုံးဘီးဆိုင်ကယ် သမားတစ်ဦး ရိုက်နှက်ခံရ မန္တလေးမြို့ က.ည.န ရုံးမှာ ပေါက်ကွဲမှုဖြစ် လူ ၈ ဦးဒဏ်ရာရ
မန္တလေးမြို့ သိပ္ပံလမ်းပေါ်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန က.ည.နရုံးမှာ ဒီနေ့(စက်တင်ဘာ ၂၈)မနက် ၁ဝနာရီကျော်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး လူရှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းကနေ သိရပါတယ်။
" မိုင်းကွဲလို့ ဒဏ်ရာရပြည်သူရှိတယ်ဆိုလို့ သွားရတာပဲ။ လူနာအခြေနေက ခြေထောက်တွေ လက်တွေ ပွန်းပဲ့ ပေါက်ပြဲတာပဲ။ စိုးရိမ်ရတာမပါဘူး။ သေတာတော့ တစ်ယောက်မှမရှိဘူး။ လေးစီး ရှစ်ယောက် သယ်လာတာ ဆေးရုံကြီးပို့ပေးရတာ " လို့ ဒဏ်ရာရလူနာတွေ ပို့ဆောင်ပေးခဲ့ရတဲ့ လူမှုကူညီရေးအသင်းက ဥက္ကဋ္ဌက ပြောပါတယ်။
သိပ္ပံလမ်းပေါ်ရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က.ည.န ရုံးမှာ ဖေဖော်ဝါရီလနောက်ပိုင်း ဗုံးပေါက်ကွဲမှုတွေ အနည်းဆုံး ၅ ကြိမ်ဖြစ်ပွါးခဲ့ပြီး ဝန်ထမ်းရော လိုင်စင် သက်တမ်းတိုးသူတွေပါ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
ဒီနေ့ က.ည.နဗုံးပေါက်ကွဲရာမှာ ဒဏ်ရာရသူတွေက လိုင်စင်သက်တမ်း လာတိုးတဲ့ ပွဲစားတွေ အများစုဖြစ်တယ်လို့ အဲ့ဒီအနား နီးစပ်တဲ့ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂ရရက်နေ့ က ချမ်းမြသာစည်မြို့နယ် လျှပ်စစ်ရုံးမှာလဲ ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။
မနေ့က ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ဒီနေ့ ပေါက်ကွဲမှုတွေမှာ လူသေဆုံးမှု မရှိခဲ့ဘူးလို့ ဆေးရုံကြီးရဲ့ နီးစပ်တဲ့

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, သိပ္ပံလမ်း ကညနရုံးမှာ မော်တော်ယာဉ် လိုင်စင်သက်တမ်းအတွက်တန်းစီစောင့်ဆိုင်းနေပုံ မုံရွာမြို့က ကြေးမုံရွာကို စစ်ကောင်စီတပ်ဝင်ရောက်ပစ်ခတ်ပိတ်ဆို့ထား၊ ဒေသခံတစ်ဦးပစ်ခတ်ခံရလို့ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဒေသခံတစ်ဦးပစ်ခတ်ခံရလို့ သေဆုံး မုံရွာ-မန္တလေးလမ်းမကြီးဘေးမှာရှိတဲ့ မုံရွာမြို့အဝင်က မုံရွေးနဲ့ကြေးမုံရွာကို ဒီနေ့စက်တင်ဘာ (၂၇)ရက် မနက်(၅)နာရီဝန်းကျင်မှာ စစ်ကောင်စီဘက်ကဝင်ရောက်ပစ်ခတ်တာတွေရှိခဲ့လို့ လူတစ်ဦးသေဆုံးခဲ့ တယ်လို့ ဒေသခံတစ်ဦးကဘီဘီစီကိုပြောပါတယ်။
လက်နက် ကြီးတွေနဲ့ပစ်ခတ်မှုရှိသလို သေနတ်နဲ့ပစ်ခတ်မှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သေဆုံးသူက ကြေးမုံရွာဘက်ကပါ။ ရွာသားလားဆိုတာတော့ သေချာမသိရသေးပါဘူး။ နောက် သူ့ရုပ် အလောင်းကို ကားနဲ့တက်ကြိတ်သွားတယ်လို့ အဲဒီနားနေသူတွေကပြောတယ်။ မနက်၅နာရီကျော် လောက် ထဲကဝင်လာပြီးနေရာအကုန်ယူပိတ်ထားပြီးမှ ရွာထဲကမုန့်တိုက်တစ်ခုကိုဝင်စီးတယ်။ လူတွေလည်း ဖမ်းထားပြီးထွက်ပြေးတဲ့သူတွေကိုပစ်တယ်။ အခုတော့ ရွာရဲ့လေးဘက်လေးတန်ကို ပိတ်ဆို့ထားပြီး ရွာသားတွေအထဲမှာပိတ်မိနေတယ်။”လို့ ကြေးမုံရွာသားတဦးက ဘီဘီစီကို ပြောပါတယ်။
အခုလက်ရှိအချိန်အထိ ရွာသား(၁၀)ဦးထပ်မနည်းဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနက်အစောပိုင်း မုံရွေးကြေးမုံရွာကို စစ်ကောင်စီအင်အား (၅၀)နီးပါးနဲ့ ဝင်ရောက်လာခဲ့တာဖြစ်ပြီးနေ့လယ် (၁၁)နာရီဝန်းကျင်မှာ ပစ်ခတ်သံတွေမကြားရတော့ပေမယ့် ရွာသားတွေပိတ်မိနေဆဲလို့ အနီးအနားနေသူတွေ ကပြောပါတယ်။ အခုလိုမုံရွေးကြေးမုံရွာကို စစ်ကောင်စီတပ်ကဝင်ရောက်တာဟာ လက်နက်တွေပြုလုပ်တယ် ဆိုကာ ဝင်ရောက်ရှာဖွေတာလို့လည်း ဒေသခံနဲ့အနီးတဝိုက်မှာ အတည်မပြုနိုင်တဲ့သတင်းတွေပြန့်နေပါတယ်။
“မိသားစုဝင်တွေက ရွာထဲမှာ အတော်ကိုထိတ်လန့်နေကြတယ်။ အိမ်တံခါးတွေပိတ်ပြီး အိမ်ထဲနေနေရ တယ်။ သူတို့လက်နက်လုပ်တယ်ဆိုပြီးသံသယဖြစ်နေတဲ့ အိမ်တွေကိုတော့ဝင်ရှာတယ်။ ဖမ်းတယ်၊ နေအိမ်မီးရှို့တာတွေ လုပ်တယ်။ ရွာသားတွေက အရင်တခါ စစ်ကောင်စီတွေရွာထဲဝင်ထဲက လန့် နေတာ။”လို့ မုံရွေးရွာခံရဲ့ မိသားစုဝင်တဦးက အခုလိုပြောပါတယ်။
လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကလည်း ရွာထဲကို စစ်ကောင်စီတပ်တွေဝင်ရောက်ခဲ့တာကြောင့် အမျိုးသား(၁)ဦး သေဆုံးခဲ့ကာ (၄)ဦးလောက်ဖမ်းဆီးခံခဲ့ ရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေအားကောင်းတဲ့ မုံရွေးကြေးမုံရွာမှာ အဲဒီလိုပထမတစ်ကြိမ် ဝင်ရောက်ခံရပြီးကတည်းက ဆန္ဒပြပွဲတွေထပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ဒေသခံတစ်ဦးပစ်ခတ်ခံရလို့ သေဆုံး စက်သုံးဆီ စျေးကွက် နှစ်မျိုးဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စက်တင်ဘာလ ၂၅ ရက်နေ့ ရန်ကုန် စက်သုံးဆီဆိုင်တစ်ခုက စျေးနူန်းထုတ်ပြန်အသိပေးချက် မြန်မာနိုင်ငံက စက်သုံးဆီ ရောင်းတဲ့စျေးကွက်မှာ စျေးကွက်နှစ်မျိုး ဖြစ်လာပြီး ဗဟိုဘဏ်ကနေ ဒေါ်လာဝယ်ခွင့်ရပြီး ဗဟိုဘဏ်ငွေလဲနူန်းနဲ့ စျေးတွက်ပြီးရောင်းချတဲ့ စက်သုံးဆီဆိုင်တွေနဲ့ ဒေါ်လာဝယ်ခွင့်မရလို့ အပြင်ငွေလဲနူန်းစျေးနဲ့တွက်ပြီး ရောင်းတဲ့ဆိုင်ဆိုပြီး နှစ်မျိုးဖြစ်လာနေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ မှာ စစ်ကောင်စီက ဗဟိုဘဏ်ငွေလဲနူန်းနဲ့ တွက်ပြီးတင်သွင်းခွင့်ရတဲ့ ရန်ကုန် မန္တလေး နေပြည်တော်တို့က စက်သုံးဆီဆိုင်တွေစာရင်းကို ထုတ်ပြန်ခဲ့ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းတို့ ပူးပေါင်းပြီး သက်သာတဲ့နူန်းတဲ့ ရောင်းချနိုင်ရေးစီစဥ်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီဆိုင်တွေက စက်တင်ဘာလ ၂၆ ရက်နေ့က စက်သုံးဆီ 92 Ron တစ်လီတာ-၁၁၂၂ နဲ့ရောင်းနိုင်ချိန် ဒေါ်လာဝယ်မရတဲ့ဆိုင်တွေက 92 Ron ကို ၁၃၀၅ ကျပ်နဲ့ရောင်းနေကြတယ်လို့လည်း ရန်ကုန်မြို့ခံတွေကပြောပါတယ်။
ဒါကြောင့် ဗဟိုဘဏ်ငွေလဲနူန်းနဲ့ စျေးတွက်ပြီးမရောင်းချနိုင်တဲ့ စက်သုံးဆီဆိုင်တွေမှာဝယ်သူနည်းသွားပြီး ဗဟိုဘဏ်ငွေလဲနူန်းနဲ့ စျေးတွက်ပြီး သက်သာစျေးနဲ့ရောင်းတဲ့ဆိုင်မှာတော့ ဝယ်သူတွေများလာတယ်လို့ ရန်ကုန်မြို့ခံတွေက တစ်ဆင့် သိရပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒေါ်လာ ၁၀ သန်းစျေးကွက် ကို တစ်ဒေါ်လာကို ၁၇၅၅ ကျပ်နဲ့ ရောင်းချပေးခဲ့တယ်လို့ဆိုပြီး ပြင်ပစျေးကွက်မှာ အဲ့ဒီနေ့က တစ်ဒေါ်လာကို ၂၀၂၀ ခန့် အထိစျေးပေါက်နေခဲ့တာ ဖြစ်ပါတယ်။
ဒီးမော့ဆိုအနီး ညနေပိုင်းအထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ် ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုရှိ
ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနဲ့ ကျောက်ဆည်ကန် လယ်စိုက်ကွင်းတို့မှာ၊ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် (KA)၊ KNDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ အပြင်းအထန်ဆက်ဖြစ်နေတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၆ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်ဖက်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတို့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်မှ ထိခိုက်မှုများတယ်လို့ KNDF ကပြောပြီး တိုက်ပွဲဖြစ်ပွားရာ ကျောက်ဆည်ကန်တစ်ဝိုက်ကို ညနေပိုင်းမှာ စစ်အင်အား ထပ်မံဖြည့်တင်းမှုတွေပြုလုပ်ခဲ့ပြီး နောက်ပိုင်း တပ်များဖရိုဖရဲဖြစ်ကာ ကုန်းသာကျေးရွာမှ ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီးမော့ဆိုတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိပေမယ့် စစ်ကိုင်းတိုင်း ပင်လည်ဘူးမှာ ကေအိုင်အေနဲ့ PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်တာရှိပြီး အကျအဆုံးရှိခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
မနေ့က စက်တင်ဘာလ ၂၅ ရက်နေ့က KNDF ဘက်က ဒီးမော့ဆိုတိုက်ပွဲအတွင်း တစ်ဦးကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့ တိုက်ပွဲ အတွင်း KNDFဘက်က ရဲဘော်အချို့ အသေးစားထိခိုက်မှု အနည်းငယ်သာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNDF
ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေဖြစ်နေနေ ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွ တရုတ် ကိုဗစ်ကာကွယ်ဆေး ၄ သန်း ထပ်ရောက်
တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ ဆိုင်နိုဖန်း အမျိုးအစား ကိုဗစ်ကာကွယ်ဆေး ၄ သန်း စက်တင်ဘာလ ၂၆ ရက်နေ့မှာ ထပ်ပြီးရောက်လာတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက တရုတ် ဆိုင်နိုဖန်း ကိုဗစ် ကာကွယ်ဆေး ၂၄ သန်းစာချုပ်ချုပ် ဝယ်ယူထားပြီးတော့ ဒီကနေ့ ရန်ကုန်မြို့ကို ဆိုင်နိုဖန်း ကာကွယ်ဆေး ၄ သန်း ထပ်မံရောက်လာတာလည်း ဖြစ်ပါတယ်။
ဒီဆေးတွေကို အအေးလမ်းကြောင်းမပျက် တိုင်းနဲ့ပြည်နယ်တွေကို ဆက်လက်ဖြန့်သွားမယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံကို စက်တင်ဘာလ ၂၆ ရက်နေ့ အထိ ရောက်ရှိလာတဲ့ ကာကွယ်ဆေး အရေအတွက် ဝယ်ယူမှုက ၁၄ သန်းရှိပြီး ကိုဗစ်ရှီး ၂ သန်း ၊ ဆိုင်နိုဖန်း ၁၀ သန်း ၊ ဆိုင်နိုဗက် ၂ သန်း တို့ဖြစ်ကာ လှူဒါန်းမှု အနေနဲ့ ကိုဗစ်ရှီး ၁.၅ သန်း ၊ဆိုင်နိုဖန်း ၂.၆ သန်း စုစုပေါင်း ၄.၁ သန်း ရှိထားပြီး ဝယ်ယူမှုနဲ့ လှူဒါန်းမှု စုစုပေါင်း ၁၈ သန်းကျော်ရထား ပြီလို ဆိုပါတယ်။
မြန်မာနိုင်ငံက ရန်ကုန် မန္တလေးနဲ့ မြို့ကြီးတွေမှာ ကိုဗစ်ဖြစ်ပွားမှုတွေကျဆင်းလာပေမယ့် နယ်ဘက်တွေမှာ ဖြစ်ပွားမှုတွေရှိနေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကာကွယ်ဆေး ၇ သန်း ၂ သိန်းကျော်ထိုးပေးပြီး ဖြစ်ပြီးတော့ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူ ၃ သန်း ၇ သိန်းကျော်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ ဓာတ်ခွဲအတည်ပြုလူနာ ၁၈၄၃၆ ဦးကို စစ်ဆေးခဲ့ရာမှာ ၁၅၄၃ ဦး ကိုဗစ်ရောဂါပိုးတွေ့ခဲ့ရပြီး သေဆုံးသူ ၆၂ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOH
ဓာတ်ပုံ ပုံစာ, တရုတ် ကိုဗစ်ကာကွယ်ဆေး ၄ သန်း ထပ်ရောက် မြေယာ အငြင်းပွားမှုဖြစ်နေတဲ့ ရွာသုံးရွာကို စစ်ကောင်စီက ဖယ်ခိုင်း
ဒေါ်လာစျေးတက်လို့ ဆေးတွေစျေးတက်
အမေရိကန်ဒေါ်လာဈေး နဲ့မြန်မာငွေလဲနူန်းတက်လာတာနဲ့အမျှ အခြေခံလူတန်းစားတွေအသုံးများတဲ့ အိမ်သုံးဆေးဝါးဈေးကလည်း ဆက်တိုက်မြင့်တက်လာပါတယ်။
ပုံမှန်သုံးစွဲနေတဲ့ အားဆေး၊ အကိုက်ခဲပျောက်ဆေးစတာတွေက ပုံမှန်ထက် ၅၀၀ကျပ် ကနေ ၁၀၀၀ ကျပ်အထိ ဈေးမြင့်လာတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးကာစက တစ်ဒေါ်လာကို ၁၃၀၀ ကျပ်
ဝန်းကျင်ကနေ ၈လ အတွင်း တစ်ဒေါ်လာ ၂၀၀၀ ကျပ်ကျော်အထိ တက်လာခဲ့တာဖြစ်ပြီးတော့ ငွေစျေးကြောင့် ဆေးစျေးတွေလည်း တက်နေတာဖြစ်ပါတယ်။
အိမ်သုံးဆေးဝါးတွေဖြစ်တဲ့ ပါရာစီတမောကစလို့ အားဆေးမျိုးတွေ၊ ခေါင်းကိုက်နာကျင်စတဲ့နေရာတွေမှာ သုံးကြတဲ့ဆေးတွေ အခုကာလအတွင်း အရင်ဈေးထက် တဖြည်းဖြည်း ပိုမိုမြင့်တက်လာနေတယ်လို့ ဆေးဝယ်ယူ သုံးစွဲကြသူတွေနဲ့ ရောင်းဝယ်ကြသူတွေထံက သိရပါတယ်။
ဆေးအများစုက နိုင်ငံခြားငွေနဲ့ ဝယ်ယူတင်သွင်းရောင်းချရာတာဖြစ်တာကြောင့် လက်ရှိနိုင်ငံခြားငွေလဲနှုန်း ဈေးတက်လာတာနဲ့အမျှ အိမ်သုံးဆေးဝါးဈေးနှုန်းတွေကလည်း ဆက်လက်မြှင့်တက်လာတာလို့ လက်လီ၊ လက်ကားဆေးရောင်းဆိုင်တွေနဲ့ ဆေးတင်သွင်းသူ ကုန်သည်တွေကပြောပါတယ်။။
ဆေးဝါးဈေးနှုန်းတွေမြင့်တက်လာမှုအပေါ် ဆေးဝါးတင်သွင်းရောင်းချနေသူ လုပ်ငန်းရှင်တစ်ဦးက တင်သွင်းသူတွေထံက တစ်ဆင့်ပြန်ယူရောင်းချတဲ့ဆိုင်တွေနဲ့ နယ်ဘက်တွေမှာတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့်လည်း မြို့ကြီးတွေကဈေးနှုန်းတွေထက် ပိုပြီးများပြားနေတယ်လို့ ပြောပါတယ်။
ဆေးဝါးတွေဈေးမြင့်တက်လာမှုအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် လုပ်ဆောင်နေမှုတွေနဲ့ပတ်သ်ပြီး မြန်မာနိုင်ငံဆေး၊ဆေး ပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းပေမယ့်လည်း အစည်းအဝေးရှိနေတာရယ်၊ ဖြေကြားနိုင်တဲ့သူ မဟုတ်တာရယ်ကြောင့် ပြန်လည်ဖြေကြားပေးတာမျိုး မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Kyaw ဆေးဆိုင်
ဓာတ်ပုံ ပုံစာ, ရန်ကုန်က လက်လီဆေးဆိုင်တစ်ဆိုင် မြောက်ဥက္ကလာပမြို့နယ် (စျ)စျေးလမ်းဆုံမှာ လူတစ်ဦးပစ်ခတ်ခံရ, အရပ်ဝတ်အရာရှိတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေပြော
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် (ဈ)ဈေးလမ်းဆုံမှာ အရပ်ဝတ်စစ်ကောင်စီ အဖွဲ့ဝင် တစ်ဦး သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ အဲဒီအနီးနေထိုင်သူအချို့က ဘီဘီစီကို ပြောပါတယ်။ ဒီကနေ့ ညနေ (၃)နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ဒီလို ပစ်ခတ်မှုပြီးတဲ့နောက် လုံခြုံရေးတင်းကြပ်နေတယ်လို့ဆိုပါတယ်။
“အခြေအနေကတော့ သေချာမသိရဘူး။ မြောက်ဥက္ကလာ (ဈ)ဈေးမှာ ရဲမှူးတစ်ယောက် သေနတ်နဲ့ ပစ်ခံရပြီး မြောက်ဥက္ကလာဆေးရုံအရေးပေါ်ရောက်နေတယ်လို့ပဲ သိရတယ်။ အဲ့ဒီဆေးရုံက အရင်ထဲက စစ်တပ်တွေ တပ်စွဲထားတာ ဆေးရုံအလုပ်သမားအိမ်ရာမှာလေ။”လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
လက်ရှိပစ်ခတ်မှုဖြစ်ပွားတဲ့ မြောက်ဥက္ကလာပမြို့နယ်ကို မတ်လကတည်းက မာရှယ်လောထုတ်ပြန်ကာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်ဖြစ်ပါတယ်။ အဲဒီမြို့နယ်အတွင်း ဖမ်းဆီးတရားစွဲခံရသူတွေဟာ ရှေ့နေငှားရမ်းခွင့်မရှိဘဲ စစ်ခုံရုံးမှာ အကျဉ်းနည်းနဲ့ စီရင်ခံရတာဖြစ်ပါတယ်။ အခုလက်ရှိပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတစုံတရာမထုတ်ပြန်သေးတဲ့အတွက် ဘီဘီစီအနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်သွယ်မေးမြန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ပစ်ခတ်ခံရမှုမြင်ကွင်း ဒီးမော့ဆို မြို့နယ် တစ်ဝိုက်မှတိုက်ပွဲတွေ ဆက်ဖြစ်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ အကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက တစ်ဆင့်သိရပါတယ်။
မနေ့ကလည်း ဒီးမော့ဆိုမြို့နယ်ထဲက ဒေါ်ငံခါးကျေးရွာနဲ့ ကုန်းသာကျေးရွာ၊သေးဆူလဲကျေးရွာတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသကာကွယ်ရေးတပ် PDFဘက်က သေဆုံးမှုရှိတယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ပြောပါတယ်။
စက်တင်ဘာလ ၂၆ ရက်နေ့တိုက်ပွဲကြောင့် လူနေအိမ်အချို့လက်နက်ကြီးထိမှန်ပြီး ပျက်စီးမှုရှိသလို ဒေသခံ အချို့ကို ဖမ်းဆီးတာတွေရှိတယ်လို့လည်း သိရပါတယ်။
မနေ့ကတိုက်ပွဲဖြစ်ပွားတဲ့နေရာအနီးမှာ အိမ်စီးကားတစ်စီးပစ်ခတ် မီးရှို့ခံရပြီး ကားပေါ်မှာ မီးလောင်ပြီးသေဆုံးနေတဲ့ ရုပ်အလောင်းတစ်လောင်းကျန်နေခဲ့တယ်လို့လည်း ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ဆက်သွယ်မေးမြန်းလို့လည်း မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ချယ်ရီထက် NUG နဲ့ဆက်သွယ်လို့ဆိုပြီး စစ်ဆေးခံနေရ
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်တာဝန်ယူခဲ့သူ ချယ်ရီထက် ကို NUG နဲ့ ဆက်သွယ်မှုကြောင့် စစ်ဆေးမှုတွေလုပ်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပါတယ်။
ချယ်ရီထက်ကို အမှုဖွင့်ထားပြီလို့ သတင်းတွေထွက်ပေါ်နေပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ဆေးဆဲပဲရှိသေးတယ် လို့ ဘီဘီစီကို ပြောပါတယ်။
ချယ်ရီထက် ဖမ်းဆီးခံလိုက်ရတဲ့သတင်းကို CDM လုပ်သွားတဲ့ တပ်မတော်သားတချို့နဲ့ ရဲတပ်ဖွဲ့ဝင်တချို့က ပြီးခဲ့တဲ့ ရက်ပိုင်းတွေကတည်းက လူမှုကွန်ရက်မှာ တင်ခဲ့ကြပါတယ်။
အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့က ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဥ်တွေမှာ အမြဲမြင်တွေ့ရလေ့ရှိတာကြောင့် လူသိများသူတစ်ဦးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Cherry Htet Online
လန်ဒန်မှာလုပ်ခဲ့တဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှု

ဓာတ်ပုံ ရင်းမြစ်, မလွင်
အာဏာသိမ်းစစ်ကောင်စီ အတွက် နိုင်ငံခြားဝင်ငွေ အဓိက ရရှိနေတဲ့ မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ သွားရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ပြည်ပ ကုမ္ပဏီကြီးတွေဆီကနေ စီးဝင်နေတဲ့ ဝင်ငွေတွေ ရပ်တန့်ဖို့တောင်းဆိုတဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု Blood Money Campaign ကို လန်ဒန်ရောက်မြန်မာတွေနဲ့ ယူကေအခြေစိုက် Answer Myanmar အဖွဲ့တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၅ ရက်နေ့က လန်ဒန်မြို့လယ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အခု လက်ရှိမြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ပြင်သစ်က Total ကုမ္ပဏီ၊ အမေရိကန်က Chevron ကုမ္ပဏီ၊ တောင်ကိုရီးယားက POSCO ကုမ္ပဏီနဲ့ မလေးရှားက Petronas ကုမ္ပဏီတို့ရဲ့ လုပ်ငန်းတွေဆီက စစ်ကောင်စီကိုပေးသွင်းနေတဲ့ ငွေတွေကို ရပ်တန့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ရရှိနေတဲ့ စီးပွားရေး ဒေါက်တိုင်ကို ဖြတ်တောက်ဖို့ တောင်းဆိုကြတာလို့ လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၇ လ ကျော်လာပြီးတဲ့နောက် မြန်မာ့အရေးနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြတာတွေ နည်းပါးလာလို့ မြန်မာနိုင်ငံမှာ အခြေအနေတွေ တည်ငြိမ်အေးချမ်းသွားပြီ၊ ပုံမှန် ပြန်ဖြစ်သွားပြီလို့ မယူဆစေလိုတဲ့အတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ဖြစ်ပေါနေသေးတယ် ဆိုတာ ကမ္ဘာက သိအောင် ကိုယ်တတ်နိုင်တဲ့ဘက်က ထုတ်ဖော်ပြသတာလို့ လှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်သူက ပြောပါတယ်။
Blood Money Campaign ကို မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂနဲ့ ပြည်ပရောက် မြန်မာတွေ ချိတ်ဆက် ဆောင်ရွက်ကြတာဖြစ်ပါတယ်။
စနေနေ့က ပြုလုပ်တဲ့ လှုပ်ရှားမှုမှာ စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့ရတဲ့ ကလေးငယ်လေးတွေကို သရုပ်ဖော်တဲ့ အနေနဲ့ စာခြောက်ရုပ်လို အရုပ်လေးတွေမှာ အင်္ကျီလေးတွေဝတ်၊ နာမည်တပ်ပေးပြီး ပြသထားတာ၊ လက်ကမ်းစာစောင်ဝေတာ တွေကို လန်ဒန်ရောက် မြန်မာတွေ လုပ်ခဲ့ကြပါတယ်။
ဘီဘီစီ အသံလွှင့်ဌာန ရုံးချုပ် ဖြစ်တဲ့ လန်ဒန်မြို့က BBC Broadcasting House၊ Oxford Circus၊ Picadilly Cirus နဲ့ London Eye စတဲ့ လန်ဒန်မြို့လယ်ခေါင်က နေရာတွေကို သွားရောက်ပြီး UK နိုင်ငံသားတွေ အနေနဲ့ မြန်မာပြည်သူ ပြည်သားတွေကို ကူညီနိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့နဲ့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ လက်ကမ်း စာစောင်တွေဝေပြီး တိုက်တွန်းနှိုးဆော်ခဲ့ကြရာမှာ လူတွေက စိတ်ဝင်တစား မေးမြန်းခဲ့ကြတယ်လို့ လှုပ်ရှားမှုမှာ ပါဝင်သူတွေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, မလွင်

ဓာတ်ပုံ ရင်းမြစ်, မလွင်

ဓာတ်ပုံ ရင်းမြစ်, မလွင်
ဦးတီခွန်မြတ်နဲ့ ဦးဟင်နရီဗန်ထီးယူ အဖမ်းမခံရဘဲ အိမ်တော်တွေမှာပဲ ဆက်ရှိနေ
ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာက CDM ကျောင်းဆရာ (၃)ဦးဖမ်းဆီးခံရ
ဒီနေ့စက်တင်ဘာ (၂၆)ရက် မနက်အစောပိုင်းမှာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာက CDM ကျောင်းဆရာ (၃)ဦးဖမ်းဆီးခံရပါတယ်။ အဲ့ဒီထဲက (၁)ဦးဟာ သာသနာ့ဘောင်ဝင်နေတာဖြစ်ပြီး ဘုန်းကြီးကျောင်းမှာဝင်ရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေကပြောပါတယ်။
“ဆင်ချောင်းရွာကကျောင်းဆရာလည်းပါတယ်၊ နောက်တခြားကျောင်းကဆရာတွေလည်းပါတယ်။ ဒီရွာမှာ လာနေ နေကြတာ။ ဒီရက်ပိုင်းကပဲ ရွာထဲကစစ်ကောင်စီသတင်းပေးဆိုသူအိမ်ပေါက်ကွဲမှုဖြစ်ပြီးတဲ့ နောက် အခုလိုဖမ်းဆီးတာလို့တော့ ရွာထဲသတင်းပြန့်နေတာပါပဲ။ ဘယ်ကိုခေါ်သွားလဲ၊ ဘယ်မှာ အဖမ်းခံ နေရလဲ အခုထိမသိရသေးဘူး။”လို့ ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။
ဒါ့အပြင် မနေ့စက်တင်ဘာ (၂၅)ရက်ကလည်း ဆင်ချောင်းကျေးရွာအုပ်စုထဲကရွာတွေကနေ အမျိုးသား (၃)ဦး ဖမ်းဆီးခံခဲ့ရပြီး CDM ကျောင်းဆရာတချို့ပါဝင်တယ်လို့ သိရပေမယ့် ဘီဘီစီဘက်က သီးသန့်အတည် မပြုနိုင်ခဲ့ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, CDM ကျောင်းဆရာတွေအဖမ်းခံရ အဆိုတော်အီတိုးဟာ စစ်သင်တန်းတက်ရောက်မယ့်လူငယ်တွေကို ကူညီခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်
အဆိုတော် ဝင်းထွဋ်သော်တာ (ခ) အီတိုးဟာ မေလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ TNLA အဖွဲ့ဆီမှာ သင်တန်းတက်ရောက်မယ့် လူငယ်(၄)ဦးကို သူ့ရဲ့ကားနဲ့ ပြင်ဦးလွင်- နောင်ချိုက တဆင့်မိုးကုတ်သွားကားလမ်းပေါ်ရှိ ပလောင်ရွာတရွာကိုပို့ဆောင်ခဲ့တယ်၊ နောက် မေလအတွင်းမှာပဲ Signal အက်ပလီကေးရှင်းကတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆီကို NLD ပါတီက ၂၀၁၅ခုနှစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကတဆင့် အကြံပြုစာတွေပေးပို့ခဲ့ တယ်လို့ စစ်ကောင်စီဘက်ကထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ (၅)ရပ်ကွက်မှာ လက်လုပ်မိုင်းပြုလုပ်တဲ့သူတွေကို စက်တင်ဘာ (၅)ရက်နေ့က ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲဖမ်းဆီးရာကနေ မရမ်းကုန်းမြို့နယ်မှာ အဆိုတော်အီတိုးကို ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကိုလည်း ဥပဒေနဲ့ထိရောက်စွာအရေးယူမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေကို အကြည်ညိုပျက်စေမှု ၅၀၅ - က နဲ့ တရားစွဲဆိုမှု များခဲ့ပေမယ့် ဩဂုတ်လပိုင်းကစပြီး လက်နက်များအက်ဥပဒေနဲ့ပါ တရားစွဲဆိုမှုရှိလာတယ်လို့ ရှေ့နေ အသိုင်းအဝိုင်းကနေသိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cj
ဓာတ်ပုံ ပုံစာ, အဆိုတော်အီတိုးဟာ စစ်သင်တန်းတက်ရောက်သူတွေကိုကူညီခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန် ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးမြို့နယ်တွေမှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ အဆက်အသွယ် ပြတ်တောက်
စစ်ကိုင်းတိုင်းအထက်ပိုင်းက မြို့နယ်တွေဖြစ်တဲ့ ကောလင်း၊ ဝန်းသိုနဲ့ ပင်လည်ဘူးမြို့နယ်ဘက်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေပါတယ်။ ဒီနေ့စက်တင်ဘာ (၂၆)ရက် အစောပိုင်းကစပြီး ဆက်သွယ်လို့မရတော့တာလို့ အဲ့ဒီဒေသတွေဘက်ကို ဆက်သွယ်ခဲ့သူတွေကနေ သိရပါတယ်။
“ပင်လည်ဘူးဘက်ကအသိကို အခုဆက်သွယ်နေတာ ဖုန်းပါဆက်သွယ်လို့မရတော့ဘူး။”လို့ ပြည်သူတဦးက ဘီဘီစီကိုပြောပါတယ်။
ကချင်နဲ့ စစ်ကိုင်းအစပ်ဖြစ်တဲ့ ပင်လည်ဘူးဘက်မှာဒီရက်ပိုင်းအတွင်း ကေအိုင်အေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာတိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ စစ်လက်နက်ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က စက်တင်ဘာ (၂၄)ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီလိုသတင်းတွေထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး “ကျွန်တော်တို့တပ်ပိုင်းမှာ အောက်ခြေသတင်းတွေဘာမှတက်မလာဘူး။”လို့ ကေအိုင်အေရဲ့ သတင်းထုတ် ပြန်ရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကိုဖြေကြားထားပါတယ်။
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အင်တာနက်လိုင်းတွေပထမဆုံး အင်တာနက်ပြတ်တောက်ခဲ့တာဖြစ်ပြီး စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက အနည်းဆုံး (၁၀)မြို့နယ်ကို စက်တင်ဘာ (၁၄)ရက်ကစပြီး အင်တာနက်ပြတ်တောက်ခဲ့ပါတယ်။
ဒီလိုအင်တာနက်ဖြတ်တောက်တာဟာ NUG နဲ့ PDFဘက်ကနေ တာဝါတိုင်တွေကိုဖျက်ဆီးတာကြောင့် အခုလို အင်တာနက်ပြတ်ရတာလို့ စက်တင်ဘာ (၂၅)ရက်ထုတ် စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့နိုင်ငံခြားသံရုံးတချို့ဟာ ဒီလိုအင်တာနက်ဖြတ်တောက်မှုတွေကိုစိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ မမှန်ကန်၊မရေရာတဲ့ အချက်အလက် အပေါ် အခြေခံပြီး ထုတ်လွှင့်တဲ့လူမှုကွန်ယက်ကသတင်းတွေကို ကိုးကားပြီး ထုတ်ပြန်နေတာလို့ စစ်ကောင်စီဘက်ကစွပ်စွဲထားပြီး စစ်ကောင်စီဘက်ကတရားဝင်ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေကို အလေးထားဖော်ပြဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီရဲ့စစ်လက်နက်တွေသိမ်းဆည်းရမိတယ်လို့ လူမှုကွန်ယက်တွေပျံ့နှံ့နေတဲ့ဓာတ်ပုံ ရန်ကုန်လူစည်ကားတဲ့နေရာတချို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြောက်ကျားသပိတ်တွေ ဆက်ရှိ
