ကျောက်တော်မြို့နယ်က ဒုက္ခသည်စခန်းတစ်ခုမှာ ကိုဗစ်ပိုးတွေ့လို့ လော့ဒေါင်းချ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ တောင်မင်းကုလား စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ကိုဗစ်ပိုးတွေ့လို့ စခန်းကို လော့ဒေါင်းလုပ်ထားရတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ မြို့နယ်ဆေးရုံအုပ်ကြီးတို့က အတည်ပြုပြောဆိုပါတယ်။
တောင်မင်းကုလားဒုက္ခသည်စခန်းမှာ အနံပျောက်နေတဲ့သူတွေရှိနေတယ်လို့ သိရတဲ့အတွက် စစ်ဆေးတဲ့အခါမှာ အမျိုးသမီးတစ်ဦးမှာ ကိုဗစ် ၁၉ ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ကျောက်တော်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးက အတည်ပြုပြောဆိုပါတယ်။
ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့ အမျိုးသမီးမှာ အသက် ၃၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်ထားရသူဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးမောင်သိန်းဝင်းက ပြောပါတယ်။
လက်ရှိမှာတော့ အဲ့ဒီအမျိုးသမီးကို အပေါက်ဝတိုက်နယ်ဆေးရုံမျာ ဆေးဝါးကုသပေးထားပြီး ကျန်းမာရေး အခြေအနေလည်း ကောင်းမွန်နေတယ်လို့ ပြောပါတယ်။ အဲ့ဒီစခန်းမှာ ကိုဗစ်ပိုးကူးစက်ခံထားရတာကို ပြီးခဲ့တဲ့ သုံးရက်လောက်က စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပြီး စခန်းကိုလည်း အသွားအလာကန့်သတ်ထားရှိကာ ပိုးတွေ့ရှိခဲ့သူအမျိုးသမီးရဲ့နေအိမ်ကိုလည်း လော့ဒေါင်းချထားတယ်လို့သိရပါတယ်။
စခန်းအတွင်း အနံ့မရဖြစ်နေကြတဲ့သူပေါင်း ၂၀ ကျော်အထိရှိခဲ့ပြီး အသက်အရွယ် အားဖြင့် ၁၀ နှစ်ကျော်ကနေ ၆၀ ကျော်အရွယ်ထိ ဖြစ်ပွားနေကြတာဖြစ် တယ်လို့ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလှိုင်းဖြစ်ပွားမှုဟာ ပိုးတွေ့ရှိသူနည်းပါးသွားပြီဖြစ်ပြီး ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေရောက်ရှိနေပြီဖြစ်တယ်လို့ ပြည်နယ်ကောင်စီဘက်က ထုတ်ပြန်နေပေမယ့် ဒုက္ခသည်စခန်းတွေနဲ့ ကျေးလက်တွေမှာတော့ ပိုးကူးစက်ခံရတာတွေ ရှိနေသေးတယ်လို့ ဒေခံတွေရဲ့ပြောဆိုချက်တွေအရ သိရပါတယ်။
တောင်မင်းကုလားစခန်းမှာနေထိုင်သူတွေကို ဆင့်ပွားပိုးကူးစက်မှုတွေရှိမရှိ စစ်ဆေးမှုတွေပြုလုပ်ပြီး အနီးကပ်ကျန်းမာရေး စောင့်ရှောက်မှု တွေပြုလုပ်ပေးနေတယ်လို့ ဒေါက်တာသန်းထွန်းဦးက ပြောပါတယ်။
စက်တင်ဘာ ၂၃ ရက်နေ့ ပြည်နယ်ကျန်းမာရေးဌာနရဲ့ထုတ်ပြန်ချက်အရ တစ်ပြည်နယ်လုံးအတိုင်းအတာမှာ ပိုးကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူပေါင်း ၁၀ ဦးရှိကာ သေဆုံးသူတစ်ဦးမှမရှိဘဲ လက်ရှိဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရသူပေါင်းက ၁၇၁ ဦးသာ ကျန်ရှိတော့ကြောင်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
















