ရိုဟင်ဂျာတွေအရေး ဆောင်ရွက်သူ သတ်ဖြတ်ခံရမှုကို စုံစမ်းဖို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေ တောင်းဆို

အသက် ၄၈ နှစ်အရွယ် မိုဟီးဘူလာဟာ ကောက်ဇက်ဘဇားခရိုင်ထဲမှာရှိတဲ့ ကူတူပါလောင်ဒုက္ခသည်စခန်းထဲက သူ့ရဲ့ရုံးခန်းထဲမှာ စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရွှေစျေးကျပ် ၁၉သိန်းအထိ ပြန်တက်၊ဒေါ်လာ လဲနှုန်း ၂၀၂၀ ကျပ်ထိ ပြန်ရောက်လာ

  2. အရာတော်မြို့နယ်ထဲက ကျေးရွာအချို့ကို စစ်ကောင်စီကပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေပြော

    အရာတော်မြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျေးရွာအချို့ကို စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေပြော

    စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ကျေးရွာ ၁၅ရွာနီးပါးကို လက်နက်ခဲယမ်းနဲ့ ဗုံးတွေ အချိန်မီလာမအပ်ရင် ကျေးရွာတွေ ရွှေ့ပြောင်းရမယ်လို့ စစ်ကောင်စီက လက်ကမ်းစာစောင်တွေဝေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    " ပထမ ၅ ရွာကို စာရွက်ဖြန့်တာ။ ခြိမ်းခြောက်စာလိုမျိုး ပို့ထားတာပေါ့။ အခု ၁၅ရွာတဲ့ တိုးလာတာ။ လိုင်းပေါ်တွေ့တာတော့ ပထမတုန်းက ပြည်သူ့စစ်ကလုပ်ရင် ရရာလက်နက်နဲ့ ပြန်ခုခံမယ်ဆိုပြီး စာပြန်တင်တာ။ အခုက ပြည်သူ့စစ်ကနေ စာပြန်တင်တာ မတွေ့သေးဘူး။ စကစတွေက အတင်းသောင်းကျန်းနေတာ။ ကြွေပန်းကုန်းမှာလဲ လူမျိုးကွဲတွေပို့ထားတာ။ အသွားအလာ မသွားဝံ့ဘူး"လို့ အရာတော်မြို့နယ်အတွင်း ကျေးရွာဒေသခံ တစ်ဦးက မြင်တွေ့ခဲ့တာတွေကို ပြောပါတယ်။

    ရွှေ့ပြောင်းခိုင်းတဲ့ ကျေးရွာတွေမှာ PDF အဖွဲ့တွေ ရှိနေလို့ လုံခြုံရေးတပ်ဖွဲ့တွေကို မိုင်းထောင်နိုင်ကြောင်း၊ ရွာဖျက်ပြီး တိုင်းအစိုးရချပေးတဲ့ နေရာကို ရွှေ့ပြောင်းရမယ်လို့ လက်ကမ်းစာစောင်မှာ ဖော်ပြထားပါတယ်။

    ဆက်လက်ပြီး ပုန်ကန်ဆန့်ကျင်နေတဲ့ ကျေးရွာတွေကိုလည်း ရွာရွှေ့ပြောင်းရေးကို ထပ်မံ စီမံသွားမှာ ဖြစ်ပြီး ကျေးရွာတွေမှာ စစ်ကြောင်းတွေ ချထားဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

    " မနေ့က စစ်ကြောင်း မကျည်းကန်ဘက် ဝင်တယ်ကြားတယ်။ ဒီကောင်တွေ အတင်းသောင်းကျန်းနေတာ။ စစ်တပ်ချထားတာ လူမျိုးကွဲတွေဆိုတော့။ ဘာမသိညာမသိ အသေခံပိတ်ချတာ" လို့ ဒေသခံကျေးရွာသား တစ်ဦးက ပြောပြပါတယ်။

    အခုလို စစ်ကိုင်းတိုင်း အရာတော်မြို့နယ်က ကျေးရွာ ၁၅ရွာကို ရွှေ့ပြောင်းဖို့ အမှန်တကယ် လုပ်ဆောင်သလား ဆိုတာကို စစ်ကောင်စီကိုဘီဘီစီက မေးမြန်းထားပေမယ့် ပြန်လည် ဖြေကြားမှုမရှိသေးပါဘူး။

    အရာတော်မြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ကျေးရွာ ၁၅ရွာနီးပါးကို လက်နက်ခဲယမ်းနဲ့ဗုံးတွေ အချိန်မှီလာရောက်မအပ်ရင် ကျေးရွာတွေရွှေ့ပြောင်းရမယ်
  3. ပုလဲနယ်ထဲကကျေးရွာရဲစခန်းမှာ တပ်စွဲဖို့ရောက်လာတဲ့စစ်ကောင်စီတပ်ကားတွေ မိုင်းထိ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် အနောက်ဘက်အခြမ်းမှာရှိတဲ့ မင်းတိုင်ပင်ရွာနဲ့ ကန့်ဒေါင်ရွာ အနီးမှာ ဒီကနေ့ စက်တင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကားမိုင်းဆွဲခံရပြီး သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပုလဲနယ် အနောက်ခြမ်းက မင်းတိုင်ပင်ရွာနဲ့ ကန့်ဒေါင့်ရွာအနီးက လှိုင်ချောင်းတမန်လမ်းခွဲမှာ စစ်ကောင်စီ တပ်တွေရဲ့ကား ၅စီးဖြတ်သန်းချိန် မိုင်း ၂ ကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ယောက် လိုက်ပါစီးနင်းလာတဲ့ အရှေ့ဆုံးကားကို မိုင်းထိခဲ့ပြီး ကျန်မိုင်းတစ်လုံးကတော့ အနောက်ကားတွေ ကြားထဲ ရောက်ခဲ့တာလို့ ဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

    " အထိအခိုက် သေဆုံးတဲ့စာရင်းတော့ အတိအကျမသိရသေးဘူး။ ဖြစ်ဖြစ်ပြီးချင်းပဲ အနားက ကျေးရွာတွေကို ဝင်ရှာ ရမ်းသမ်းပစ်ခတ်တာတွေလုပ်တယ်။ ရွာသားတွေကလည်း ပေါက်ကွဲမှု ဖြစ်ကတည်းက အကုန်ပြေးတာ။ အခုတော့ ကန့်ဒေါင့်ရွာကစာသင်ကျောင်းမှာ တပ်စွဲထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေသကာကွယ်ရေး လူငယ်တွေက ကန့်ဒေါင့်ရဲစခန်းကို မီးရှို့ထားတယ်။ အဲ့ဒီနေရာမှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ စစ်ကောင်စီကားတွေ လာတပ်စွဲမယ်လို့ကြားပြီးတဲ့နောက် လမ်းမှာအခုလို မိုင်းထိတာဖြစ်တယ်" လို့ဒေသကာကွယ်ရေးတပ်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာတော့ ပုလဲမြို့နယ်ထဲက ကန့်ဒေါင့်ကျေးရွာ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်တွေတပ်စွဲ ထားတာကြောင့် ကန့်ဒေါင့်ကျေးရွာနဲ့အနီးက ညောင်ရမ်းကုန်းကျေး ရွာအပါအဝင် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြလို့ ဒေသခံရွာသားတွေကပြောပါတယ်။

    ဒီကနေ့ပုလဲနယ်ထဲမှာ စစ်ကောင်စီကားတွေ မိုင်းထိခံရပြီး ထိခိုက်သေဆုံးမှုတွေ များတယ်ဆိုတဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကို ဘီဘီစီက အတည်ပြုမေးမြန်းဖို့ကြိုးစားနေပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ပုလဲမှာ တပ်စွဲဖို့ရောက်လာတဲ့စစ်ကောင်စီတပ်ကားတွေ မိုင်းထိ
  4. ပူတာအိုခရိုင်က မြို့နယ်အချို့မှာ ဒေသခံအချို့စစ်သင်တန်းတက်နေကြတယ်လို့ဆို

    ပူတာအိုခရိုင် နောင်မွန်းမြို့ မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွ့ံဖြိုးရေးပါတီ (USDP) ဝင်တချို့ မဂွေးဇ ကျေးရွာမှာ ပြည်သူ့စစ်သင်တန်း တွေတက်ရောက်နေတယ်လို့ ဒေသခံတစ်ချို့ကပြောပါတယ်။

    ဌာနေပြည်သူ့စစ်သင်တန်း ဒုတိယအပတ်စဉ်ကို စက်တင်ဘာ လ ၂၀ ရက်နေ့က စတင် သင်တန်းပေးတာဖြစ်ပြီး ဒီနှစ်ထဲမှာတော့ နှစ်ကြိမ်မြောက်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    နောင်မွန်းမြို့ကနေ ၁ဝမိုင်ကျော်ခန့် ဝေးတဲ့ မဂွေးဇကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စခန်းမှာ လူ၁၀၀ ကျော် လောက်ကို သင်တန်းတက်ဖို့ ကားနဲ့ခေါ်သွားတာ တွေ့တယ်လို့ ဆိုပါတယ်။

    ‘ ‘အတင်းခေါ်တာတော့ မရှိပါဘူး။ သူတို့အတွင်းထဲကပေါ့။ အသင်းထဲကဆိုတာက သူတို့ကြံခိုင်ရေးအသင်းပေါ့။ ဒီနောင်မွန်းကတော့သူတို့ များတယ်လေ။ သူတို့က စစ်ကောင်စီနဲ့ပေါင်းပြီးတော့ လုပ်တာပေါ့။ သူတို့ ကြံ့ခိုင်ရေး ရပ်ကျေးတွေက စည်းရုံးရေးလုပ်တာပေါ့။ ၁၃၀ လောက်ရှိတယ်တဲ့၊ စစ်သင်တန်းတဲ့။ စစ်သင်တန်း ဟိုတစ်ခေါက်ကတော့ စစ်တပ်ကသင်ပေးတာ။ ဟိုတစ်ခေါက်သင်တန်းဆင်းတွေလည်းရှိတော့ သူတို့ပေးမှာပါ’’လို့ နောင်မွန်းဒေသခံတစ်ဦးကပြောပြပါတယ်။

    နောင်မွန်းမြို့ဟာ ကြံ့ခိုင်ရေးပါတီဝင်အားကောင်းတဲ့မြို့ဖြစ်ပြီး ရွေးကောက်ပွဲကိုလဲ USDP ပါတီကပဲ ၃နှစ် ဆက်တိုက်အနိုင်ရရှိခဲ့တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

    ပူတာအိုမြို့မှာတော့ ထဝါဒမ်း ကျေးရွာ၊ ဆာရ်ခွမ်ဒမ်း ကျေးရွာ၊ ဇီးအွန်ကျေးရွာ၊ မချမ်းဘော့မြို့နယ် မှာတော့ ဆင်လွမ်ဒမ်းကျေးရွာတွေမှာ စစ်သင်တန်းတက်ဖို့ စည်းရုံးမှှုတွေပြုလုပ်နေတယ်လို့လဲသိရပါတယ်။

    ပူတာအိုခရိုင်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ပူတာအိုခရိုင်က မြို့နယ်အချို့မှာ ဒေသခံအချို့စစ်သင်တန်းတက်နေကြတယ်လို့ဆို
  5. မိုးကုတ်လျှပ်စစ်ရုံးက အရာရှိတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး၊ နောက်တနေ့လျှပ်စစ်ရုံးမှာပေါက်ကွဲမှုထပ်ဖြစ်

    မိုးကုတ်မြို့ အရှေ့ပိုင်း မင်းတံတားရပ်ထဲမှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံးက မြို့နယ်လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီး စန်းအေးဆိုသူဟာ မနေ့ကစက်တင်ဘာ ၂၂ ရက်နေ့ညနေပိုင်းက ရုံးအတွင်းဝင်ရောက်ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို ့ဒေသခံတွေကပြောပါတယ်။

    " မနေ့က မီတာဆောင်မလိုနဲ့ ဝင်ပစ်သွားတယ်လို့ကြားတယ်။ ရုံးထဲဆိုတော့ ဘယ်လိုဖြစ်သွားတယ် သေချာမသိရဘူး။ အရင် မိုးကုတ်မှာဆန္ဒပြတာတွေ အတားအဆီးတွေ ရပ်ကွက်တွေမှာ လုပ်တုန်းက EPC ရုံးက ဒီဗိုလ်ကြီးက ဝန်ထမ်းတွေကို ဖိအားပေးပြီး မီးဖြတ်ခိုင်းတယ်။ ရပ်ကွက်ထဲမှာ ဆန္ဒပြလူငယ်တွေ တားထားတဲ့ အတားအဆီး တွေကို ဘူဒိုဇာနဲ့ထိုးခိုင်းတာတွေ လုပ်ဖူးတယ်" လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မနေ့က EPC ရုံးအတွင်းကို ဝင်ရောက်ပစ်ခတ်မှုကြောင့် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးစန်းအေး သေဆုံးခဲ့တဲ့ဖြစ်စဉ် အပြီးမှာပဲ ဒီကနေ့စက်တင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာ သက်ပျောက်ဆွမ်းကပ်ပြီးချိန်မှာ ရုံးအတွင်း ပေါက်ကွဲမှုတစ်ခု ထပ်ဖြစ်ခဲ့သေးတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

    ဒီပေါက်ကွဲမှုဖြစ်ချိန်မှာတော့ ရုံးအတွင်း လူမရှိတာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ ရုံးခေါင်မိုးတချို့ ပျက်စီးခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေက ပြောပါတယ်။

    မိုးကုတ်

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, မိုးကုတ်လျှပ်စစ်ရုံးက အရာရှိတစ်ဦး ပစ်ခတ်ခံရလို့သေဆုံး
  6. မန္တလေးမြို့ မြရည်နန္ဒရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး သေနတ်နဲ့ပစ်ခတ်ခံရ

    မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ထဲက မြရည်နန္ဒာရပ်ကွက်မှာ ဒီကနေ့စက်တင်ဘာ ၂၃ ရက်မနက်ပိုင်းက အုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှုးတစ်ဦးကို သေနတ်နဲ့ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေကပြောပါတယ်။

    မနက်ပိုင်း ၉နာရီလောက်မှာ ၁၁၄လမ်း လမ်း ၅၀နဲ့ ၅၁လမ်းကြားမှာ လက်ဖက်ရည်ဆိုင်အတူထိုင်နေစဉ် အမည်မသိ လူနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး တစ်ဦးကတော့ လက်ပြင်ကိုထိခိုက်ခဲ့ပြီး စိုးရိမ်စရာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

    ပြည်တွင်းမှာ အာဏာသိမ်းပြီးတဲ့နောက် ပစ်ခတ်ပေါက်ကွဲမှုတွေကြောင့် သေဆုံးခဲ့တဲ့ အုပ်ချုပ်ရေးမှူး အရေအတွက် ၁၀၀ ဝန်းကျင်ရှိပြီလို့စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

    မန္တလေး

    ဓာတ်ပုံ ရင်းမြစ်, မန္တလေး သတင်းစုံ

    ဓာတ်ပုံ ပုံစာ, မြရည်နန္ဒရပ်ကွက်မှာ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး သေနတ်နဲ့ပစ်ခတ်ခံရ
  7. တန့်ဆည်က ကျည်ကုန်းရွာမှာ ရဲမိသားစုဝင်တချို့အသတ်ခံရပြီးနောက် နေအိမ်တွေမီးရှို့ခံရ

    စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်ထဲက ကျည်ကုန်းကျေးရွာမှာ မနေ့က စက်တင်ဘာ ၂၂ ရက် ညပိုင်းက ရဲတပ်ဖွဲ့မိသားစုဝင်တွေရဲ့နေအိမ်ကို လူတစ်စုကဝင်ရောက်ပစ်ခတ်မီးရှို့တာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မိသားစုဝင်တွေအားလုံး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ပစ်ခတ်မှုတွေဖြစ်နေစဉ်မှာပဲ ဒေသခံရွာသားအားလုံးက ညတွင်းချင်း နေအိမ်တွေကနေထွက်ပြေးတိမ်း ရှောင်ခဲ့ပြီး ဒီကနေ့စက်တင်ဘာ ၂၃ မနက်မှာတော့ စစ်ကောင်စီတပ်တွေက ကျေးရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    " မနေ့ကညတုန်းက ရွာထဲက ပျူစောထီးခေါင်းဆောင်လို့ပြောတဲ့ ဦးရဲမြင့်အိမ်ကိုလာတာ။ သူ့ကို အိမ်ကနေ ဆင်းလာခိုင်းတာ၊ သူကအိမ်ကနေမဆင်းဘဲ အိမ်ပေါ်ပြေးတက်ပြီး ဖုန်းဆက်တော့ အိမ်ကိုဓာတ်ဆီတွေ လောင်းပြီး မီးရှို့တာ၊ ဗုံးတွေနဲ့ပစ်သံလည်းကြားတယ်။ ရွာသားတွေကလည်းမငြှိမ်းရဲဘူး အကုန်ထွက်ပြေး ကြတာ။ အဲဒါပြီးတော့ သူ့သမီးတစ်ယောက်ကလည်း ရဲပဲလေ။ ဒီမနက်စစ်သားတွေကို သူကရွာထဲခေါ် လာတယ်ပြောတာပဲ။ အခုတော့ ကျည်ကုန်းတောင်ရွာရောမြောက်ရွာရော အကုန်မီးလောင်နေပြီ။ ရွာထဲမှာတော့ ဘယ်သူမှမရှိဘူး" လို့ ကျည်ကုန်းကျေးရွာဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့ညကကျည်ကုန်းရွာထဲကဒီပစ်ခတ်မှုဖြစ်တဲ့အချိန်မှာတော့ ဦးရဲမြင့်နဲ့အတူဇနီးဖြစ်သူ အပြင် အသက် ၃၀ အရွယ်သမီးဖြစ်သူနဲ့ အသက် ၃ နှစ်အရွယ် မြေးတစ်ဦးနေအိမ်အတွင်းရှိနေပြီး မိသားစုဝင်အားလုံး သေဆုံးသွားတယ်ဆိုတဲ့ပြောဆိုချက်တွေရှိနေပမယ့် ဒါနဲ့ပတ်သက်ပြီး ဘီဘီစီ အနေနဲ့သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    လက်ရှိမှာတော့ ကျည်ကုန်းကျေးရွာအတွင်းက ကျည်ကုန်းတောင်ရွာ၊ မြောက်ရွာအပြင် အနီးအနားက ကျေးရွာတွေအားလုံးက ဒေသခံအားလုံး ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့အတွက် မီးလောင်ကျွမ်းတဲ့ အိမ်အရေအတွက်ကိုလည်း မသိရဘူးလို့ဒေသခံတွေကပြောပါတယ်။

    ကျည်ကုန်းကျေးရွာ အတွင်းမှာတော့ အိမ်ခြေပေါင်း ၁၀၀ ဝန်းကျင်ရှိပြီး အခုလိုပစ်ခတ်မှုနဲ့ မီးလောင်မှုတွေ ဖြစ်တာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံရွာသားတွေကပြောပါတယ်။

    ကျည်ကုန်းရွာအတွင်းက ရဲမိသားစုဝင်တွေ သေဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းကကျည်ကုန်းကျေးရွာကို အဝေးကလှမ်းမြင်ရတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စက်တင်ဘာ ၂၃ ရက်နေ့မနက်ပိုင်းကကျည်ကုန်းကျေးရွာကို အဝေးကလှမ်းမြင်ရတဲ့မြင်ကွင်း
  8. ရှောင်တာနယ် နဲ့ ဝန်ကြီး သုံး ဦး နေပြည်တော်မှာ ပထမဆုံးအကြိမ် ရုံးထုတ်

    မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ စွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် နဲ့ ဝန်ကြီး ၃ ဦးကို နေပြည်တော်မှာ ဒီကနေ့ ပထမဆုံးအကြိမ် လူကိုယ်တိုင် ရုံးထုတ်ပါတယ်။

    ဒက္ခိဏခရိုင် တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ရုံးချိန်းကို လူကိုယ်တိုင်မလာရောက်ဘဲ ဗီဒီယိုကွန်ဖရန်းဇင်းကနေ ပဲ တက်ရောက်တယ်လို့ ရှေ့နေတွေကပြောပါတယ်။ ရှောင်တာနယ်နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးဝင်း၊ ဦးကျော်ဝင်းနဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ PPE ဝတ်စုံတွေနဲ့ ရုံးချိန်းကိုရောက်လာခဲ့ပါတယ်။

    ရန်ကုန်မှာ စွဲဆိုထားတဲ့ဒီအမှုကို နေပြည်တော်ကိုရုံးပြောင်းစစ်ဖို့ အမိန့်ချလို့ ရှောင်တာနယ် နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဟာ အင်းစိန်ထောင်ကနေ နေပြည်တော်ကို ပြောင်းရွှေ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှောင်တာနယ် နဲ့ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်းတွေဟာ ကျန်းမာရေးကောင်းကြပေမယ့်လို့ ပင်ပန်းနွမ်းနယ်ပုံပေါ်နေတယ် လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

    ရုံးပြင်မှာ မိသားစုဝင်တွေလည်းရောက်နေခဲ့ကြပေမယ့်လို့ တွေ့ခွင့်မရခဲ့ဘူး လို့သိရပါတယ်။ တရားသူကြီးက စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေရဲ့ လျှောက်လဲချက်တွေကို ကြားနာခဲ့ပြီး နောက်ရုံးချိန်းမှာ နှစ်ဘက်ကြားနာမယ်လို့ သိရပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးကနေ နေပြည်တော်မှာ ပြောင်းရွှေ့စစ်တဲ့အတွက် ရှေ့နေအပြောင်းအလဲ ရှိမရှိ တရားသူကြီးကမေးပါတယ်။ အမှု နှစ်မှုနဲ့ အစွဲခံထားရတဲ့ ရှောင်တာနယ် အတွက် ဦးနေဝင်းနဲ့ ဦးရဲဝင်း တို့က ရှေ့နေ ပါဝါတင်ခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို တော့ သူ့ရဲ့ရှေ့နေအဖွဲ့တွေဖြစ်တဲ့ ဦးခင်မောင်ဇော်၊ ဦးကြည်ဝင်းနဲ့ ဒေါ်စန်းမာလာညွန့်တို့ကပဲ ဦးဆောင်ပြီး အမှုလိုက်ပေးမှာပါ။ ဒါပေမဲ့ ဝန်ကြီးဟောင်းဦးကျော်ဝင်းရဲ့ ရှေ့နေကတော့ ကိုဗစ် ၁၉ စည်းကမ်းချက်တွေကြောင့်နေပြည်တော်ဝင်လို့မရလို့ ရုံးရှေ့ကိုမရောက်လာနိုင်ခဲ့ပါဘူး။

    ဒီအမှုဟာ မစ္စတာ ရှောင်တာနယ်ရဲ့ လက်(ပ်)တော့ နဲ့ စာရွက်စာတမ်းတွေမှာတွေ့ရတဲ့ အချက်အလက်တွေအရ စွဲဆိုထားတာဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၄ နှစ်အထိချမှတ်ခံရနိုပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Sean Turnell ' s facebook

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်
  9. ၆လအတွင်း နိုင်ငံရဲ့စီးပွားရေးပြန်လည်ရှင်သန်အောင်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြောဆို, အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမိန့်ခွန်းတွေဟာ သူ့ကိုယ်သူပြန်လည်အားပေးတဲ့အသွင်ဆောင်နေတယ်လို့နိုင်ငံရေးလေ့လာသုံးသပ်သူတွေပြော

    မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ရဲ့ တတိယပတ်လောက်ကစတင်ပြီး ကိုဗစ်ရောဂါ ကြောင့် နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် ၆လအတွင်း နိုင်ငံရဲ့စီးပွားရေး၊ လူမှုရေး ပြန်လည်ရှင်သန် စေနိုင်ဖို့ကြားကာလ အမျိုးသားစီမံကိန်းဥပဒေကိုရေးဆွဲဖို့ကြိုးစားနေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။

    အရင်က ဘဏ္ဍာရေးနှစ်ကို အောက်တိုဘာလကနေ စက်တင်ဘာလအထိသတ်မှတ်ဆောင်ရွက်ခဲ့ပေမယ့် ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်ကိုတော့ ဧပြီလကနေ မတ်လအထိကြားကာလ ၆လ အမျိုးသားစီမံကိန်းဥပဒေ အဖြစ်ပြောင်းလဲသတ်မှတ်မယ့်အကြောင်းကို စက်တင်ဘာ ၂၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ အမျိုးသား စီမံကိန်းကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တဲ့အကြောင်း စစ်တပ်ကထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဖော်ပြလာပါတယ်။

    ဒီ ၆ လအမျိုးသားစီမံကိန်းဟာဆိုရင် နိုင်ငံရဲ့စီးပွားရေးနဲ့လူမှုရေးလုပ်ငန်းတွေ ပြန်လည်ရှင်သန်စေမှာဖြစ်ပြီး ပြည်သူတွေရဲ့စီးပွားရေးလုပ်ငန်းတွေ တိုးတက်ရေးကိုအထောက်အကူ ပြုတဲ့အတွက် အတူကြိုးပမ်းကြ မယ် ဆိုရင် ကာလတိုအတွင်းလျှင်မြန်ထိရောက်တဲ့ ရလဒ် (Quick Win)ကိုရမှာဖြစ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ရဲ့မိန့်ခွန်းမှာဖော်ပြထားပါတယ်။

    ဒီ ၆လတာ စီမံကိန်းကာလဟာ ပွင့်လင်းရာသီဖြစ်တဲ့အတွက် စက်မှုကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတွေမှာ တည်ဆောက်ဆဲလုပ်ငန်းတွေပြီးပြတ်မှာဖြစ်သလို လုပ်ငန်းစီမံကိန်းအသစ်တွေ လည်းဆောက်ရွက်နေမှာဖြစ်တယ်လို့မိန့်ခွန်းဖော်ပြချက်တွေအရသိရပါတယ်။

    ဒါနဲ့ပတ်သက်လို့ပြည်တွင်းမှာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်းမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းနဲ့ ပြောဆိုချက်တွေဟာ တိုင်းပြည်ရဲ့လက်တွေ့အခြေအနေနဲ့ ကင်းကွာမှုတွေပိုပြီးဖြစ်လာတာဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကိုကျဆင်းစေပြီး ဝမ်းနည်းစရာကောင်းတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုပါ တယ်။

    " အရင်းခံကတော့ လူတစ်ယောက်က အာဏာရှင်ဆန်လာလေလေ ဒီကိစ္စတွေကဖြစ်လေလေပဲ။ အဓိကကတော့ သူ့ကိုယ်သူပြန်အယုံသွင်းနေရတာ၊ သူ့ကိုယ်သူပြန်အားပေးနေရတာ။ ဘေးက အသိုင်းအဝိုင်းတွေက ဒါလွဲနေတယ်၊ ဒါမမှန်ဘူးဆိုတာဘယ်သူမှမပြောကြဘူး။ လူတိုင်းသိတယ် ၆လနဲ့မြန်မာပြည်က ပြန်မကောင်းနိုင်တာကိုလည်း လူတိုင်းသိတယ်။ စစ်ကောင်စီမှာလည်း နိုင်ငံရေးသမားတွေရှိတာပဲ၊ ဒါတွေပြောဖို့လိုတယ်။ ဖေဖော်ဝါရီလကမှဟုတ်သလိုလိုရှိအုံးမယ်။ နောက်ပိုင်းတိုင်းပြည်ကပိုဆိုးလာတယ်၊ သူကလည်းဒါတွေဆက်ပြောနေတုန်းပဲဆိုတော့လူတွေကလည်းအယုံအကြည်မရှိတော့ဘူး" လို့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ တမ္ပဒီပ အင်စတီကျူက ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းက ဘီဘီစီကိုပြောပါတယ်။

    ဒါအပြင် ပြည်တွင်းမှာ အခွန်ငွေရရှိမှု လျော့နည်းနေတဲ့အတွက် အခွန်မဆောင်ဖို့ CDM လုပ်တဲ့ဝန်ထမ်းတွေ ကိုဖော်ထုတ်သွားမှာဖြစ်ပြီး အခွန်မပေးသူတွေလည်းများနေတာတွေကို သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်ဖို့လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းမှာဆက်လက်ပြောဆိုထားပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပြည်တွင်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာဆိုရင် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေပါဝင်လာတဲ့အပြင် ပြည်သူလူထုအများစုဟာလည်း အခွန်ပေးဆောင်မှုတွေရပ်ပစ်တာ၊ အခွန်ပေးဆောင်ရတဲ့စားသောက်ဆိုင်တွေကို ရှောင်ရှားတာ၊ လျှပ်စစ်မီတာခ မပေးဆောင်တာတွေနဲ့အတူ စစ်တပ်ပိုင်စီးပွားရေးထုတ်ကုန်တွေကို မသုံးစွဲတာတွေကိုပြုလုပ်ခဲ့ကြပါတယ်။

    စစ်ကောင်စီ

    ဓာတ်ပုံ ရင်းမြစ်, Myawaddy News

    ဓာတ်ပုံ ပုံစာ, နိုင်ငံရဲ့စီးပွားရေးပြန်လည်ရှင်သန်အောင်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြောဆို
  10. ထန်တလန်ဖြစ်ရပ်ဟာ စစ်ကောင်စီလက်အောက်မြန်မာလူထုငရဲခန်းကျနေတဲ့သက်သေဖြစ်တယ်လို့ ကုလအထူးကိုယ်စားလှယ်ပြော

    ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲမှာပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ရက်နေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်သေဆုံးမှုတွေ၊ နေအိမ်တွေမီးလောင်ကျွမ်းတဲ့ဖြစ်ရပ်တွေဟာဆိုရင် စစ်ကောင်စီ လက်အောက်မှာ မြန်မာလူထုငရဲခန်းကျ နေတဲ့ အခုနောက်ဆုံးထွက်ပေါ်လာတဲ့ဖြစ်ရပ်ပဲလို့ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂအထူး ကိုယ်စားလှယ် Tom Andrews တွမ်အင်ဒရူစ်းက ပြောပါတယ်။

    ဒီကိစ္စတွေကို ကမ္ဘာက အာရုံစိုက်ဖို့လိုပြီး မြန်မာနိုင်ငံအရေးကို ကမ္ဘာကဝင်ရောက် ဖြေရှင်းပေးဖို့လိုပြီလို့ စက်တင်ဘာ ၂၂ရက်နေ့ကလူ့အခွင့်အရေး ကောင်စီမှာ အစီရင်ခံတင်ပြရာမှ ထောက်ပြပြောဆိုလိုက်တာပါ။

    ထန်တလန်မြို့ပေါ်မှာဖြစ်ခဲ့တဲ့ နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် လူနေအိမ် အလုံး ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီး သင်းအုပ်ဆရာတော် ပါစတာ ကျူံးဗျက်ဟုမ်းဟာလည်း စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်သေဆုံးခဲ့ပါတယ်။

    သင်းအုပ်ဆရာတော်သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်လို့ပြောနေတဲ့အပေါ် မဟုတ်မမှန် ပြောဆိုတာလို့ စစ်ကောင်စီပြောခွင့်ရကတုန့်ပြန်ထားပြီး ဖြစ်စဉ်ကိုစုံစမ်းနေတယ်လို့ ဆိုထားပါတယ်။

    သင်းအုပ်ဆရာတော်ပစ်ခတ်ခံရပြီးသေဆုံးပြီးတဲ့နောက် လက်ကိုဖြတ်ပြီးလက်ထပ်လပ်စွပ်နဲ့ တခြားအဖိုးတန် ပစ္စည်းတွေယူဆောင်သွားတာတွေလည်းရှိခဲ့ကြောင်းဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

    လက်ရှိမှာတော့ ထန်တလန်မှာဖြစ်ခဲ့တဲ့ ပစ်ခတ်သေဆုံးမှုနဲ့နေအိမ်မီးလောင်ပျက်စီးမှုတွေကြောင့် ထန်တလန်မြို့ တမြို့လုံးနီးပါး နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

    ထန်တလန်မြို့

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ပစ်ခတ်သေဆုံးမှုနဲ့နေအိမ်မီးလောင်ပျက်စီးမှုတွေကြောင့် ထန်တလန်မြို့ တမြို့လုံးနီးပါး နေရပ်စွန့်ခွာ
  11. ပုလဲမြို့အနောက်ဘက်ရွာတွေက ဒေသခံတွေ ထွက်ပြေး

    စက်တင်ဘာ (၂၁)ရက်က ဒေသခံကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီအကြား နှစ်ဖက်ပစ်ခတ်မှု တွေဖြစ်ခဲ့ပြီးတဲ့နောက် စက်တင်ဘာလ ၂၂ ရက်နေ့ ဒီကနေ့မှာ ပုလဲမြို့အနောက်ဘက်က ကျေးရွာ (၄)ရွာက ပြည်သူတွေထွက်ပြေး တိမ်းရှောင်နေရတယ်လို့ဒေသခံတွေက ဘီဘီစီကို ‌‌‌‌‌‌ပြောပါတယ်။

    စက်တင်ဘာ (၂၂)ရက်မှာတော့ စစ်ကောင်စီဘက်က အင်အားပိုတိုးချဲ့လာတဲ့အပြင် ပုလဲမြို့မှာ အင်တာနက်အဖြတ်ခံရတာကြောင့် မြို့ပေါ်က သတင်းတွေကိုသာ နားထောင်နေရတယ်လို့ဆိုပါတယ်။

    ပုလဲမြို့အနောက်ဘက် နွယ်အင်းရွာ အနီးမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ‌ဒေသခံ PDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒီကနေ့မှာ အနီးရွာတွေမှာ အထိုင်ချကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလုပ်နေတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

    နွယ်အင်းကျေးရွာဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နဲ့ ၃ မိုင်ခန့်အကွာ ပုလဲ-ဂန့်ဂေါ လမ်းမကြီးဘေးရှိ ပြီးတော့ မနေ့က နေ့လယ်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံတွေ ထွက်ပြေးခဲ့ရပါတယ်။

    ထွက်ပြေးတဲ့ရွာတွေဟာ ရွာကြီးတွေဖြစ်ပြီးတော့ ထွက်ပြေးသူ အရေအတွက် တစ်သောင်းကျော်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

    ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. တနင်္သာရီမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီးသေဆုံး

    မြိတ်ခရိုင် တနင်္သာရီမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

    သေဆုံးသူဟာ တနင်္သာရီမြို့နယ် အမှတ် ၉ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးမင်းကို ဖြစ်ပြီးတော့ စက်တင်ဘာလ ၂၁ ရက်နေ့ ည ၇ နာရီကျော်မှာ တနင်္သာရီမြို့အဝင် ကိုဗစ်စစ်ဆေးရေးဂိတ်မှာ စစ်ဆေးနေစဥ် သေနတ်နဲ့ အပစ်ခံရတာဖြစ်တယ်လို့လည်း သတင်းကဆိုပါတယ်။

    သေနတ်နဲ့ ပစ်သူဟာ ဆိုင်ကယ်နဲ့ မောတောင်မြို့နယ်ဘက်ကရောက်လာခဲ့ပြီး သေနတ်နဲ့ပစ်ပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း ဦးအေးမင်းကိုဟာ ဝဲဘက်ရင်အုံဖောက်ထွက် ဒဏ်ရာရရှိခဲ့ပြီး အခြားတစ်ဦးမှာ ဝဲဘက် ချိုစောင်းပေါက်ပြဲ ဒဏ်ရာရရှိခဲ့ကြောင်း ဦးအေးမင်းကို ကို မောတောင်တိုက်နယ်ဆေးရုံကို ပို့ဆောင်စဥ်သေဆုံးသွားခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။

    No Tag

    ဓာတ်ပုံ ရင်းမြစ်, MRTV

  13. ကိုးကန့်ဒေသမှာ မင်းသုံးပါး ရုပ်တု စစ်တပ် ဆောက်လုပ်

  14. ကန်ကြီးထောင့်ပြောက်ကျားစခန်း စစ်တပ်ဝင်ပစ်

    ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်မှာ စက်တင်ဘာလ ၂၁ ရက် ညပိုင်းက ဒေသခံပြောက်ကျားစခန်းငယ် တစ်ခုကို စစ်တပ်က လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

    ပုသိမ်မြို့နဲ့ မိုင်၂၀ လောက်ဝေးတဲ့ မဂူကျွန်းကျေးရွာ အနောက်ဘက် တောထဲမှာ စခန်းချထားတဲ့ ပြောက်ကျား တပ်ဖွဲ့ဝင်တွေကို ည ၈ နာရီကျော်လောက်မှာ ပိတ်ဆို့ပစ်ခတ်ခဲ့တာလို့ ကန်ကြီးထောင့်မြို့ခံ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    မဂူကျွန်းကျေးရွာဟာ ပုသိမ်နဲ့ ကန်ကြီးထောင့်ကြား ရွာသစ်ကုန်းရွာလမ်းကနေ ဝင်ရတာဖြစ်ပြီး သာပေါင်းမြို့နယ်နဲ့ ရခိုင်ရိုးမတို့ အနီးမှာရှိတယ်လို့လည်း သူက ပြောပါတယ်။

    စစ်တပ်က အင်အား ၃၀ လောက်နဲ့ လာဝိုင်းပစ်တာ တစ်ဖက်ကတော့ ပြန်မပစ်ဘူး၊ မိုင်း ၂ လုံး ခွဲတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကန်ကြီးထောင့်မြို့နယ်ထဲမှာ ပြောက်ကျားတပ်ဖွဲ့စခန်းကို စစ်ကောင်စီတပ်က လာဝိုင်းပြီး ပစ်ခတ်တိုက်ခိုက်တာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ရက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ထဲမှာ ဖမ်းဆီးမှုတွေရှိပြီး ဒုအုပ်ချုပ်ရေးမှူး ဦးပြည့်စုံအပါအဝင် စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှားတယ်ဆိုပြီး လူ ၃၀ ခန့်ဖမ်းဆီးခံထားရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  15. မုံရွာမှာ ယာဉ်ထိန်းတစ်ဦး သေနတ်နဲ့ အပစ်ခံရ

    မုံရွာမြို့အဝေးပြေးကားဝင်းအနီး ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းထောင့် မီးပွိုင့်မှာ ယာဉ်ထိန်းရဲတစ်ဦး ယနေ့ စက်တင်ဘာ ၂၂ နေ့ခင်း ၁၂နာရီခန့်က သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    ယာဉ်ထိန်းရဲ ဂိတ်တဲအတွင်း ထိုင်နေစဉ် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး ပစ်ခတ်မှုအပြီး ပတ်၀န်းကျင်က အိမ်တွေကို တစ်အိမ်တစ်ယောက် ခေါ်ယူစစ်ဆေးခဲ့တယ်လို့လည်း သိရကြောင်း Chindwinpost ကရေးပါတယ်။

    ပစ်ခတ်မှုအပြီး ရဲအင်အား၃၀ခန့် ရောက်လာပြီး အနီးပတ်၀န်းကျင်ကို သေနတ်ဖောက်ခြောက်လှန့်တာတွေ လုပ်ခဲ့တယ်လို့ အနီးပတ်၀န်းကျင်ကလူတွေက အတည်ပြုပါတယ်။

    ပစ်ခတ်မှုအပြီး အဆိုပါမီးပွိုင့်မှာ စစ်ဆေးမှုတွေပြုလုပ်နေပြီး လူနာတင်ကားတစ်စီးလည်း ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။

    သေနတ်ပစ်ခံရတဲ့ ယာဥ်ထိန်းရဲဟာ သေဆုံးသွားပြီလို ပြောဆိုမှုတွေရှိပေမဲ့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

    "လက်ဖက်ရည်ဆိုင်ကရော၊အိမ်တွေရော တယောက်စီခေါ်တာ၊ကားပေါ်မှာစစ်ပြီး မီးပွိုင့်မှာတပ်ထားတဲ့ စီစီတီဗွီမှာ ပစ်တဲ့သူတွေ့တယ်လို့တော့ ပြောနေကြတယ် "ဟု ၎င်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်းတွေ့ရတဲ့ မုံရွာမြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းပြီးနောက်ပိုင်းတွေ့ရတဲ့ မုံရွာမြို့
  16. ပွင့်ဖြူမြို့နယ် ဆင်လူးရွာမှာ စစ်ကောင်စီတပ်သားတွေ စခန်းချနေလို့ ရွာသားတွေ ထိတ်လန့်

    မကွေးတိုင်း ပွင့်ဖြူမြို့နယ် ပုသိမ် မုံရွာ ကားလမ်းပေါ်မှာ ရှိတဲ့ ဆင်လူးရွာကို စက်တင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်လာပြီး ရွာသားတစ်ယောက်ကို ရိုက်နှက်ခဲ့ပြီးနောက် အခု အချိန်အထိ ရွာထဲမှာ ဆက်ရှိနေတဲ့ အတွက် တစ်ရွာလုံး စိုးရိမ်ထိတ်လန့်နေကြပါတယ်။

    စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်သား ဆယ်ယောက်ကျော်လောက်ပါတဲ့ စစ်တပ်ကား ၁ စီး နဲ့ အရပ်ဝတ်တွေ ဝတ်ထားတဲ့ တစ်စီးမှာ လူနှစ်ယောက် စီးလာတဲ့ ဆိုင်ကယ် သုံးစီးက ရွာထဲကို ဝင်လာခဲ့ကြတယ်လို့ ဆင်လူး ရွာသား တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    ဆိုင်ကယ်တွေပေါ်မှာ လူမမြင်အောင်ယူလာတဲ့ သေနတ်တွေကို ပစ်ဖောက်ပြီး ဆံပင်ညှပ်ဆိုင်ဖွင့်၊ ဆေးဝါးနဲ့ အလှကုန်ပါ တွဲရောင်းတဲ့ ဆိုင်က အသက် ၃၀ ကျော် အရွယ် ကိုပိုက်တင်ရဲ့ အိမ်ကို ဝင်ရောက်ခဲ့ရာမှာ ထွက်ပြေးခဲ့လို့ နောက်ကနေ လိုက်ဖမ်းဆီး ရိုက်နှက်ခဲ့တယ်လို့ မျက်မြင်ရွာသားတွေ ပြောပြတာကို ကိုးကားပြီး စောစောက ပြောခဲ့တဲ့ ရွာသားက ပြန်ပြောပြပါတယ်။

    ဒီသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

    ကိုပိုက်တင်ကို သေနတ်ဒင်တွေနဲ့ ထုရိုက်၊ ကြိုးတုပ်ပြီး မြေပြင်မှာ လဲနေချိန်မှာ စစ်ဖိနပ်တွေနဲ့ကန်ကျောက်ပြီးနောက် တစ်ရွာလုံးမှာ လည်း သေနတ်တွေ ပစ်ဖောက်ခဲ့တယ်လို့ ဆိုပါတယ်။

    ညနေပိုင်းက ဝင်လာတဲ့ အဲဒီစစ်ကားက ည ၇ နာရီမှာ ပြန်ထွက်သွားခဲ့တယ်၊ ကိုပိုက်တင်ကတော့ အသက်အန္တရာယ် မရှိပေမဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ကျန်ခဲ့တယ်လို့ ဒီဖြစ်ရပ်ကို သိသူတွေက ပြောပါတယ်။

    တစ်ခါ ည ၇ နာရီ နောက်ပိုင်းမှာ စစ်သား ၁၀ ယောက်ကျော်ပါတဲ့ နောက်ထပ် စစ်ကားတစ်စီး ထပ်ရောက်လာပြီး အခုအချိန်အထိ ဆင်လူးရွာ အထက်တန်းကျောင်းမှာ တပ်စခန်း ချနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

    စက်တင်ဘာ ၁၉ ရက်နေ့ နေ့လယ်ရွာက အထက်တန်းကျောင်းထဲမှာ သေနတ်ပစ်ဖောက်သံတွေ ကြားခဲ့ရပြီး အုပ်ချုပ်ရေးမှူးနဲ့ ရွာသား လေးငါးယောက်က အဲဒီ ကျောင်းထဲမှာ သေနတ်ပစ် သင်နေကြပုံ ရတယ်လို့လည်း သိရကြောင်း စောစောက ပြောခဲ့တဲ့ ဆင်လူးရွာသားက ပြောပါတယ်။

    ရွာထဲမှာ စစ်သားတွေ ရှိနေတဲ့ အတွက် အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ဆင်လူးရွာသားတွေ အနေနဲ့ သူတို့ရွာကို စစ်သားတွေ ရောက်တဲ့နေ့က စပြီး အခု အချိန်အထိ ထင်းခွေ ရေခပ်က အစ တောထဲတောင်ထဲ နဲ့ လယ်ယာ ချောင်းမြောင်း တွေထဲ သွားဖို့ အတော် အခက်အခဲဖြစ်နေကြပြီးအပြင်ထွက် စျေးဝယ်ဖို့ ခက်ခဲနေကြတယ်လို့ဆိုပါတယ်။

    ပွင့်ဖြူနယ်တစ်ဝိုက်မှာ ပုဒ်မ ၅၀၅ အထုတ်ခံထားရတဲ့ CDM ဝန်ထမ်းတွေ ရှောင်နေတာ ရှိတယ်၊ PDF တွေ ရှိတယ် ဆိုတဲ့ ယူဆမှုတွေနဲ့ ဒလန်တွေရဲ့ သတင်းပေးတာတွေကြောင့် စစ်ကောင်စီတပ်တွေက ရွာထဲဝင်ပြီး စစ်ဆေး မေးမြန်းတာတွေလုပ်တာ လို့လည်း ရွာသားတွေက ယူဆနေကြပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  17. စစ်အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ကိုကျဆင်းသွားတယ်လို့ Freedom house အဖွဲ့ထုတ်ပြန်

    မြန်မာနိုင်ငံရဲ့အင်တာနက်လွတ်လပ်ခွင့်ဟာ အနိမ့်ဆုံးအဆင့်အထိကိုကျဆင်းသွားတယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး Freedom House အဖွဲ့နဲ့ Free Expression Myanmar အဖွဲ့တို့ပူးပေါင်း ထုတ်ဝေတဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

    အင်တာနက်လက်လှမ်းမှီမှုအပေါ် အတားအဆီးတွေ၊ အကြောင်းအရာတွေကို ကန့်သတ်တာနဲ့ အသုံးပြုသူတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေစတဲ့ အချက်အလက်တွေကို အခြေခံပြီး အမှတ်ပေးစနစ်နဲ့ စောင့်ကြည့်မှုပြုလုပ်ခဲ့တာပါ။

    စစ်အာဏာသိမ်းပြီးနောက်မှာတော့ အင်တာနက်လွတ်လပ်ခွင့်ဟာ ၁ရမှတ်နဲ့ အနိမ့်ဆုံးအဆင့်ဖြစ်လာပြီး အင်တာနက်လွတ်လပ်မှုမရှိတဲ့နိုင်ငံအဖြစ် အစီရင်ခံစာကသတ်မှတ်ဖော်ပြထားပါတယ်။

    အရပ်သားအစိုးရ လက်ထက်လွန်ခဲ့တဲ့ နှစ်တွေမှာ လည်း မြန်မာနိုင်ငံအနောက်ပိုင်းက ရခိုင်ပြည်နယ်မှာ အင်တာနက်နှစ်နဲ့ချီ ပိတ်ဆို့မှုတွေရှိခဲ့ပါတယ်။ ဒီလိုပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး အင်တာနက်ပြန်ဖွင့်ပေးဖို့ တက်ကြွလှုပ်ရှား သူတွေက တောင်းဆိုတဲ့အချိန်မှာလည်း ဖမ်းဆီးထောင်ချခံရတာတွေဖြစ်ခဲ့ပါတယ်။

    “အရင်က အင်တာနက်ပိတ်ဆို့တာက စစ်ရေးကြောင့်ပိတ်တာလို့ အကြောင်းပြကြတယ်။ အခုပြည်မဘက်မှာ ပါ အင်တာနက်ပိတ်လာတော့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို ပိုပြီး သိလာတယ်။ ကျွန်တော်တို့ဘက်က စစ်တပ်ကိုကျရှုံးအောင်မလုပ်နိုင်ရင် အခုလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ သူတို့ လုပ်ချင်သလိုလုပ်တာတွေကို ခံနေရဦးမှာပဲ။”လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုအောင်ပြည့်စုံဖြိုးက ဘီဘီစီကိုပြောပါတယ်။

    အခုလက်ရှိမှာတော့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အင်တာနက်ဖြတ်တောက်ထားတာ တလကျော်လာ ပြီဖြစ်သလို မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက အနည်းဆုံးမြို့နယ် (၁၀)မြို့နယ်မှာလည်း အင်တာနက် ဖြတ်တောက်မှုတွေလုပ်ဆောင်ထားပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရင်းလုပ်ဆောင်တယ်ဆိုကာ အကြမ်းဖက်လုပ်ဆောင်တွေထပ်မံကျူးလွန်လာနိုင်ပြီး သတင်းအမှောင်ချဖို့ ရည်ရွယ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အခြေစိုက်အဖွဲ့အစည်း (၉၈)ခုကလည်း သဘောထားထုတ်ပြန်ထားပါသေးတယ်။

    စစ်ကောင်စီဘက်ကတော့ နိုင်လွတ်လုံလို့ခေါ်တဲ့ နိုင်ငံသားများ၏ပုဂ္ဂလိကဆိုင်ရာလွတ်လပ်ခွင့်နှင့် ပုဂ္ဂလိကဆိုင်ရာ လုံခြုံရေးဥပဒေကို ဖေဖော်ဝါရီလထဲက ပြင်ဆင်ခဲ့သလို အင်တာနက်အသုံးပြုသူ တွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်မှုလုပ်‌ဆောင်ဖို့စေခိုင်းချက်တွေကြောင့်ဆိုကာ တယ်လီနော် ကုမ္ပဏီလည်းပြည်တွင်းက ထွက်ခွာခဲ့ပါတယ်။

    ဒီလို အင်တာနက်ဖြတ်တောက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီက မေးမြန်းထားပေမယ့် ဒီကနေ့အချိန်အထိ ပြန်လည်ဖြေကြားခြင်းမရှိသေးပါဘူး။

    အင်တာနက်လွတ်လပ်ခွင့်

    ဓာတ်ပုံ ရင်းမြစ်, Athan

    ဓာတ်ပုံ ပုံစာ, အင်တာနက်လွတ်လပ်ခွင့် ကျဆင်း
  18. စဉ့်ကူးမြို့မှာ မိုင်တဲ တာဝါတိုင် နှစ်ခု ဗုံးခွဲခံရ

    မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ ဒီနေ့ က(စက်တင်ဘာ ၂၂) မနက်အ‌စောပိုင်းက မိုင်တဲ တာဝါတိုင် နှစ်ခု ဗုံးခွဲခံရလို့ စစ်ကောင်စီဘက်က အရပ်ဝတ်တွေနဲ့ ကျေးရွာထဲဝင်ရောက်ပြီး ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    "မနက်၃နာရီက ရွှေဘယက်ရွာက ၃ချက် ဗုံးကွဲသံကြားရတယ်။ ကျွန်းကြီးရွာက တာဝါတိုင်က တစ်ချက် အခွဲခံရတာ။ တချိန်တည်းပဲ။ တာဝါတိုင် ကျိုးတဲ့ရွာ မဟုတ်ဘဲနဲ့ အဲရွာနဲ့ ဆို ဆိုင်ကယ်နဲ့ ၂နာရီလောက် မောင်းရတဲ့ ဟင်္သာမရွာကိုဝင်မွှေပြီး ရွာသားတချို့ဖမ်းထားတယ် " လို့ ဒေသခံတဦးကပြောပါတယ်။

    ဗုံးခွဲခံရတဲ့ တာဝါတိုင် နှစ်ခုမှာ တခုပဲကျိုးကျတာပါ။ ကျိုးကျတဲ့ တာဝါတိုင်က စဉ့်ကူးမြို့နယ် ရွှေဘယက်ကျေးရွာကဖြစ်ပါတယ်။ ဗုံးခွဲခံရတဲ့ တာဝါတိုင်နှစ်ခုဟာ ရွာလေးရွာခြားပါတယ်။ အခု အရပ်ဝတ် လက်နက်‌တွေကိုင်ပြီး ကျေးရွာတွေကို ဝင်ရောက်ဖမ်းဆီးတာတွေရှိလို့ ရွာငါးရွာလောက်က ကျေးရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

    " မနက်ရောက်တော့ စစ်သားတွေရောက်လာတာ။ ပြီးတော့ အရင်ဥက္ကဋ္ဌဟာင်းအိမ်ကို ဝင်မွှေတယ်။ အဖမ်းခံလိုက်ရသူတွေ ခဏဖမ်းပြီး ပြန်လွှတ်ပေးခဲ့သူ‌တွေလဲ ရှိတယ်"လို့ စဉ်ကူးမြို့နယ် ဒေသခံ တဦးက ပြောပါတယ်။

    စက်တင်ဘာ ၂၂ရက် နေ့ခင်းပိုင်းထိ စစ်ကောင်စီဘက်က ကျေးရွာတစ်ရွာပြီး တစ်ရွာ ဝင်ရောက် စစ်ဆေး ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

    စဉ့်ကူးမြို့နယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စဉ့်ကူးမြို့နယ် ကျေးရွာတွေထဲ စစ်ကောင်စီမှ အရပ်ဝတ်ဖြင့် သွားလာနေပုံ
  19. မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းကို WFP က စားနပ်ရိက္ခာ ပြန်လည်ထောက်ပံ့ပေးမယ်

    မြစ်ကြီးနား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းကို WFP က စားနပ်ရိက္ခာ ပြန်လည်ထောက်ပံ့ပေးမယ်

    မြစ်ကြီးနားမြို့ ကေဘီစီ ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းမှာ WFP က ထောက်ပံ့မှု ခေတ္တရပ်နားထားတာ ၃လခန့် ကြာမြင့်သွားပြီး တဲ့နောက် မကြာခင်ရက်ပိုင်းမှာ ပြန်လည်ထောက်ပံ့မှုတွေပေးသွားတော့မယ်လို့ သိရကြောင်း စခန်းတာဝန်ခံကနေဘီဘီစီကိုပြောပါတယ်။

    ' ' အဲဒါ၂၄ ရက်နေ့ လာပေးမယ်လို့တော့ပြောတယ်ဘာပေးမလဲတော့မသိဘူး။ တချိုပြောတာကျတော့ ၃လစာ ပိုက်ဆံပေးမယ်လို့ လဲပြောတယ်။ တချိုကျတော့ တလစာကပိုက်ဆံပေးပြီးတော့ ၂လစာကဆန်ပေးမလို ဘာလိုလိုကြားတယ်။ဘယ်ဟာမှန်း အတည်တော့မပြုရသေးဘူး ဒီလနဲ့ဆိုတော့ ၃လရှိပြီး ''လို့ ကေဘီစီ ဂျန်မိုင်ကောင် စခန်းတာဝန်ခံကပြောပါတယ်။

    ဒါကြောင့်စစ်ရှောင်စခန်းတချို့က တော့ စေတနာရှင်တွေက လှူတဲ့အလှူနဲ့ အသင်းတော်က ထောက်ပ့ံတဲ့ ဆန်နဲ့ ဒီ၃လကို ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

    စစ်ရှောင်စခန်းတွေကိုလစဉ် စားနပ်ရိက္ခထောက်ပံ့တဲ့ WFP ကတော့ဝိုင်းမော်မိုင်နားက ကေဘီစီစခန်းကိုလဲ ပြီးခဲ့တဲ့အပတ်ကထောက်ပံ့မှုတွေ ပြန်လည်ပေးအပ်ခဲ့တယ်လို့လဲသိရပါတယ်။

    စစ်ရှောင်ပြည်သူတချို့ဟာ WFP ကထောက်ပံ့တဲ့ စားနပ်ရိက္ခာအပြင် နေ့စားအလုပ်ဆင်းပြီးတော့ ဝင်ငွေကို တဖက်တလမ်းကရှာဖွေခဲ့ကြပေးမဲ့ ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေ ကြောင့် အခက်အခဲဖြစ်ခဲ့တာပါ။ မြစ်ကြီးနား မြို့ ပေါ်မှာရှိတဲ့ ကေဘီစီဂျန်မိုင်ကောင်စခန်းမှာတော့ အိမ်ထောင်စု၂၀၁ စု လူဦးရေး ၁၁၇၃ဦး ရှိပြီးတော့ ရွာ၁၇ ရွာက ပြည်သူတွေဖြစ်ပါတယ်။

    မြစ်ကြီးနား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဂျန်မိုင်ကောင်းစစ်ရှောင်စခန်းကို WFP က စားနပ်ရိက္ခာ ပြန်လည်ထောက်ပံ့ပေးမယ်
  20. ထန်တလန်မှာ သေဆုံးသူတစ်ဦးကိုအသုဘချပေးမယ့်သူမရှိလို့ ဟားခါးကိုဗစ်ကာကွယ်ရေးအသင်းက ကူညီပေးခဲ့ရ, တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်ဖို့ မြို့ကိုစွန့်ခွာသွား

    ချင်းပြည်နယ်၊ ထန်တလန်မှာ ပစ်ခတ်မှုတွေကြောင့် ပြည်သူအများစု နေအိမ်စွန့်ခွာသွားကြပြီးနောက် မနေ့ကစက်တင်ဘာ ၂၁ ရက်နေ့က မြို့ပေါ်မှာကျန်ခဲ့သူတစ်ဦးဖြစ်တဲ့ အသက်၆၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးမှုကို အသုဘချပေးမယ့်သူမရှိတာကြောင့် ဟားခါးမြို့က ကိုဗစ်ကာကွယ်ရေးအသင်းကနေ သွားရောက်ကူညီပေးခဲ့ရတယ်လို့ သိရပါတယ်။

    ထန်တလန်မြို့မှာ လူဦးရေ ၈၀၀၀ နီးပါးရှိတာဖြစ်ပြီး တိုက်ပွဲကြောင့် စစ်ဘေးကိုတိမ်းရှောင်ရာက မနေ့က စက်တင်ဘာ ၂၁ ရက်နေ့မှာ မြို့ပေါ်မှာလူ ၂၈ ဦးခန့်သာကျန်တော့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    စက်တင်ဘာ (၁၈)ရက်က ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ အင်အားသုံးပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာ နေအိမ်အဆောက်အအုံ တွေ မီးလောင်ခဲ့ကာ မီးလောင်စဉ် မီးငြှိမ်းသတ်ဖို့ ထွက်လာသူတွေကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ လို့ ခရစ်ယာန်ပါစတာတစ်ပါး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ဒီလိုပြောဆိုမှုတွေအပေါ် မဟုတ်မှန်ကြောင်းနဲ့ ဖြစ်စဉ်ကိုစုံစမ်းနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်တုန့်ပြန်ပြောဆိုထားပါတယ်။

    အခုလို ထန်တလန်မြို့ပေါ်မှာ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ရတာဟာ သမိုင်းတလျှောက်ပထမဆုံး အကြိမ် ဖြစ်တယ်လို့ သိရပါတယ်။

    တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်ဖို့ မြို့ကိုစွန့်ခွာသွား

    ဓာတ်ပုံ ရင်းမြစ်, Hakha Township Public Healthcare & IDPs Management Committee

    ဓာတ်ပုံ ပုံစာ, တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်ဖို့ မြို့ကိုစွန့်ခွာသွား