တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မန္တလေးမှာ လမ်းသွားလမ်းလာ ၂ ဦး ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ

    မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ထဲက ဋ ရပ်ကွက်မှာ ဒီနေ့ ဇွန်လ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တာကြောင့် လမ်းသွားလမ်းလာ ၂ ဦး ကျည်ထိမှန်ပြီး ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။

    ''ဆိုင်ကယ်စီးလာသူ ၂ ယောက်ထိတာ။ နောက်ကနေ အပစ်ခံရပုံရတယ်။ အမျိုးသမီးက ရင်ဘတ်ကျည်ပေါက်သွားပြီး အမျိုးသားဂုတ်ပေါ်အထိ ကျည်က ရောက်သွားတယ်။ မဆုံးသေးပါဘူး။ ဆေးရုံပို့ထားပါတယ်'' လို့ ဒဏ်ရာရသူတွေကို ကူညီပေးခဲ့တဲ့ ပရဟိတအဖွဲ့က ပြောပါတယ်။

    စစ်ကောင်စီရဲ့သတင်းပေးလို့ စွပ်စွဲခံထားရသူ အမျိုးသားက မြေကွက်တစ်ခုပေါ်မှာ အိမ်ဆောက်နေထိုင်လို့ မြေရှင်နဲ့ ပြဿနာဖြစ်ရာကနေ စစ်ကောင်စီ တပ်တွေရောက်လာပြီး ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

    အခုလိုဒေသခံတွေပြောဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဆက်သွယ်လို့မရသေးသလို ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမျိုးလည်းမရှိသေးပါဘူး။

    အခုတော့ အခင်းဖြစ်တဲ့နေရာမှာ စစ်ကောင်စီတပ်တွေက လုံခြုံရေးယူနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    မန္တလေးမှာ လမ်းသွားလမ်းလာ ၂ ဦး ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. စစ်အာဏာသိမ်း ၅ လနီးပါးအတွင်း ရခိုင်မှာ ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးသူရှိလာ

    စစ်တပ်က အာဏာသိမ်းထားတဲ့ ၅ လနီးပါးအတွင်း တစ်ကျော့ပြန် ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ ပိုးတွေ့အတည်ပြုလူနာတစ်ဦး ပထမဆုံး သေဆုံးမှု ရှိလာပါတယ်။

    ပြည်နယ်မြို့တော်စစ်တွေက ဆေးရုံကြီးမှာ ကုသမှုခံနေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာအမျိုးသမီး ဒီနေ့ ဇွန် ၂၈ ရက်မနက်ပိုင်းမှာသေဆုံးခဲ့တာပါ။

    သေဆုံးသူဟာ စစ်တွေမြို့ကျောင်းကြီးလမ်းရပ်ကွက်ကဖြစ်ပြီး ဆီးချိုရောဂါအခံရှိသူဖြစ်တယ်လို့လည်း သိရပါတယ်။

    “ဆီးချိုရောဂါနဲ့ဆေးရုံတက်တဲ့အမျိုးသမီးပါ။ အသက် ၃၅ နှစ်။ သူကဆီးချိုတော်တော်လေးမြင့်နေတယ်။ ပြီးတော့အသက်ရှူလမ်းကြောင်းဆိုင်ရာ မောတဲ့လက္ခဏာတွေ့လို့ သံသယနဲ့စစ်လိုက်တာ မနေ့(ဇွန်လ ၂၇)က ပိုးရှိကြောင်း(Positive) ထွက်တယ်။ ဒီနေ့မနက်မှာဆုံးပါတယ်။” ပြည်နယ်ကျန်းမာရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

    စစ်တွေဆေးရုံကြီးမှာ လက်ရှိဆေးကုသမှုခံယူနေရတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးရှိနေပြီး ပြည်နယ်တစ်ခုလုံးမှာတော့ ပိုးတွေ့သူ ၁၁၄ ဦးထိရှိနေပါတယ်။

    ရခိုင်ပြည်နယ်ထဲမှာ ဇွန်လ ၂၇ ရက်တစ်ရက်တည်းမှာ ကိုဗစ်အတည်ပြုလူနာ ၁၀ ဦးတွေ့ရှိခဲ့ပြီး သံတွဲမြို့နယ်က ၈ ဦး၊ မောင်တောမြို့နယ်က ၁ ဦးနဲ့ စစ်တွေက ၁ ဦးဖြစ်ပါတယ်။

    သံတွဲက ပိုးတွေ့လူနာအသစ်တွေဟာ ပညာရေးဝန်ထမ်းအမျိုးသမီးနဲ့ ဆက်စပ်သူတွေဖြစ်ပြီး မောင်တောမှာတွေ့ရှိသူက မြန်မာ့စီးပွားရေးဘဏ်က ဝန်ထမ်းဖြစ်တယ်လို့သိရပါတယ်။

    လက်ရှိမှာ ပြည်နယ်ထဲ ကိုဗစ်ကူးစက်မှုတွေမြင့်လာနေပြီး ဇွန်လ ၂၆ နဲ့ ၂၇ ရက်တို့မှာဆိုရင် နှစ်ရက်ဆက်တိုက် ၁၀ ဦးစီတွေ့ရှိနေခဲ့တာဖြစ်ပါတယ်။

    ကိုဗစ်ဒုတိယလှိုင်းစတင်ခဲ့တယ်လို့ ယူဆခံထားရတဲ့ ရခိုင်ပြည်နယ်ထဲမှာ တစ်ကျော့ပြန်ကူးစက်မှုတွေကြောင့် ပထမဆုံးသေဆုံးသူရှိလာပါတယ်။
    ဓာတ်ပုံ ပုံစာ, ကိုဗစ်ဒုတိယလှိုင်းစတင်ခဲ့တယ်လို့ ယူဆခံထားရတဲ့ ရခိုင်ပြည်နယ်ထဲမှာ တစ်ကျော့ပြန်ကူးစက်မှုတွေကြောင့် ပထမဆုံးသေဆုံးသူရှိလာပါတယ်။
  3. ပြီးခဲ့တဲ့သတင်းပတ်တွေအတွင်း အိန္ဒိယ၊မီဇိုရမ်ပြည်နယ်ထဲဝင်လာတဲ့ မြန်မာ ၇၀၀ ကျော်အထိရှိနေ

    မီဇိုရမ်ပြည်နယ်ထဲကို မတ်လတုန်းက ဝင်ရောက်ခိုလှုံခဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေပါ ပါဝင်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, မီဇိုရမ်ပြည်နယ်ထဲကို မတ်လတုန်းက ဝင်ရောက်ခိုလှုံခဲ့သူတွေထဲမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့သူတို့ရဲ့မိသားစုဝင်တွေပါ ပါဝင်ပါတယ်။

    မြန်မာနိုင်ငံထဲက အခြေအနေတွေကြောင့် ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း နယ်စပ်ချင်းဆက်နေတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို ဝင်လာတဲ့မြန်မာနိုင်ငံသား ၇၀၀ ကျော်အထိရှိတယ်လို့ ရဲသတင်းရင်းမြစ်တွေကို ကိုးကားပြီး အိန္ဒိယသတင်းဌာန Hindustan Times က သတင်းဖော်ပြလာပါတယ်။

    အခုတစ်ကြိမ်ဝင်လာသူအများစုဟာ အရပ်သားတွေဖြစ်သလို ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးပိုင်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။

    အခုဆို ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးကတည်းက မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ၁,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ လွှတ်တော်အမတ်တွေနဲ့ NLD အစိုးရလက်ထက်က ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း လျန်လွယ်လည်း ပါဝင်တယ်လို့ သတင်းမှာဖော်ပြပါတယ်။

    ဒါပေမဲ့ ပြည်တွင်းရေးကြောင့် မီဇိုရမ်ပြည်နယ်ထဲမှာ လာရောက်ခိုလှုံသူတချို့ ပြန်သွားတာမျိုးရှိတယ်လို့လည်း သိရပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ချင်းပြည်နယ်နဲ့နယ်စပ်၊ မီဇိုရမ်ပြည်နယ်ထဲက ချန်ဖိုင်နယ်စပ်မြို့ထဲ ဝင်ရောက်လာသူ ၂၀၀ နီးပါးအထိ ရှိတယ်လို့လည်း သိရပါတယ်။

    စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အာဏာဖီဆန်ရေးအကြမ်းမဖက်လှုပ်ရှားမှု (CDM)မှာဝင်တဲ့ ရဲတပ်ဖွဲ့ဝင် ဆယ်ချီဟာ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

    ဒါ့ကြောင့် နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီး CDM ရဲ့တွေကို ပြန်လွှဲပေးဖို့ မြန်မာအာဏာသိမ်းစစ်ကောင်စီက အိန္ဒိယဘက်ကို မတ်လတုန်းက စာတစ်စောင်ပို့ခဲ့ဖူးပါတယ်။

  4. လောက်ကိုင်မြို့နယ်ကိုလည်း Stay at Home ကြေညာ

    လောက်ကိုင်မြို့နယ်ကိုလည်း Stay at Home ကြေညာ

    ဓာတ်ပုံ ရင်းမြစ်, RC

    ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် ဒေသထဲက လောက်ကိုင်မြို့နယ်ကို လိုအပ်မှနေအိမ်ပြင်ပထွက်ရမယ့်(stay at home) အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနက စတင်သတ်မှတ်လိုက်ပါတယ်။

    ဒီအစီအစဉ်ဟာ ဒီနေ့ ဇွန်လ ၂၈ ရက် မနက် ၄ နာရီကနေ စတင်အသက်ဝင်တာလို့လည်း စစ်ကောင်စီအာဘော် နိုင်ငံပိုင်သတင်းစာတွေမှာ ပါရှိပါတယ်။

    ကျန်းမာရေးဌာနကနေ မြို့နယ်အလိုက်ကိုဗစ်ကူးစက်မှုအခြေအနေ ထုတ်ပြန်ချက်မှာတော့ ဇွန်လ ၂၆ ရက်တရက်တည်းမှာတင် ရှမ်းပြည်နယ်ထဲက ၉ မြို့နယ်မှာ ကိုဗစ်လူနာသစ် ၁၄၀ ကျော်တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ လောက်ကိုင်မြို့နယ်က လူနာအသစ် ၅၀ အထိ အများဆုံးတွေ့ခဲ့ရတဲ့မြို့နယ်လည်းဖြစ်ပါတယ်။

    အခုဆို ဗီဇပြောင်းကိုဗစ်နိုင်တင်းပိုးကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံထဲမှာ stay at home အစီအစဉ် သတ်မှတ်ခံထားရတဲ့မြို့နယ် ၁၁ မြို့နယ်အထိ ဖြစ်လာပါတယ်။

    ဒီထဲက မြို့နယ်တချို့အတွက် အစီအစဉ်စတင်တယ်လို့ ကြေညာတာ ပြီးခဲ့တဲ့မေလကုန်ပိုင်းကတည်းက ဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက ကလေးနဲ့တမူးမြို့နယ်၊ ချင်းပြည်နယ်ထဲက တီးတန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါးမြို့နယ်၊ ပဲခူးတိုင်းထဲက လက်ပဲတန်းနဲ့ဖြူးမြို့နယ်တို့အပြင် ရှမ်းပြည်နယ်ကဆိုရင် လားရှိုးနဲ့လောက်ကိုင်မြို့နယ်တွေလည်း ပါဝင်လာပါတယ်။

    ကျန်းမာရေးဌာနကနေ မနေ့ ဇွန်လ ၂၇ ရက်ညပိုင်းထုတ်ပြန်ချက်အရဆိုရင် နိုင်ငံတဝန်း မနေ့တနေ့တည်းတင် ကိုဗစ်ကူးစက်လူနာအသစ် ၈၀၀ ကျော်တွေ့ရှိခဲ့ပြီး သေဆုံးသူ ၇ ဦးအထိရှိခဲ့ပါတယ်။

  5. စစ်ကောင်စီစစ်ကြောရေးမှာ အနှိပ်စက်ခံခဲ့ရကြောင်း သတင်းအယ်ဒီတာချုပ်ထွက်ဆို

    ကိုနေသန်မောင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, စစ်ကြောရေးငရဲခန်းအကြောင်းပြောလာတဲ့ ကမာရွတ်မီဒီယာ အယ်ဒီတာချုပ် ကိုနေသန်မောင်

    အာဏာသိမ်း စစ်တပ်ရဲ့ ဖမ်းဆီးမှု ခံနေခဲ့ရစဥ်အတွင်း ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်တာတွေ တွေ့ကြုံ ခံစားခဲ့ရတယ်လို့ကမာရွတ်သတင်းမီဒီယာရဲ့ အယ်ဒီတာချုပ် ကိုနေသန်မောင်က ထုတ်ဖော် ပြောဆိုပါတယ်။

    “ပထမ ၃-၄ ရက်က အဆိုးဆုံးပဲ။ အထိုးခံရတယ်၊ မျက်နှာကို အရိုက်ခံရတယ်။ ဘာပြောပြောရိုက်တော့တာပဲ” လို့ ကိုနေသန်မောင်က ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောပါတယ်။

    အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်က ပစ်မှတ်ထားပြီး ဖျက်သိမ်းခဲ့တဲ့ အစောဆုံး သတင်းဌာနတွေထဲ ကမာရွတ် သတင်းမီဒီယာပါဝင်ပြီး၊ အမေရိကန်နိုင်ငံသား ဖြစ်နေတဲ့ အယ်ဒီတာချုပ် ကိုနေသန်မောင်ကို စစ်ကောင်စီက ၃ လကျော် ဖမ်းထားပြီးတဲ့နောက် ပြန်လွှတ်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

    ပူးတွဲတည်ထောင်သူ ကိုဟန်သာငြိမ်းကို ဆက်ပြီး ဖမ်းဆီးထားပါတယ်။

    ကိုနေသန်မောင်ဟာ သူဖမ်းခံထားရစဥ်အတွင်း နားအုံနှစ်ဘက်လုံးကို ပြင်းပြင်းထန် ရိုက်ခံရတာမျိုး၊ မျက်နှာအနှံ့ အထိုးခံရတာမျိုး ကိုယ်ထိလက်ရောက် နှိပ်စက် ခံခဲ့ရသလို ၊ လက်နောက်ပြန်ပစ် အနေအထားနဲ့ လက်ထိပ်ခတ်ထားခံရ၊ သီတင်း တစ်ပတ်ကျော် မျက်လုံးကို အဝတ်စီးပြီး စစ်ကြောမေးမြန်းတာ ခံခဲ့ရ စတာတွေ တွေ့ကြုံ ခဲ့ရတယ်လို့ ပြောပါတယ်။ ၃-၄ ရက် ဆက်တိုက် အိပ်ခွင့်မပေးပဲ ဆက်တိုက် စစ်မေးကြတယ်လို့ ဆိုပါတယ်။

    ကိုဟန်သာငြိမ်းအပါအဝင် အကျဥ်းထောင်ထဲ သူဆုံခဲ့ရသူတွေဟာ သူ့ထက်ပိုပြီးတောင်မှ အနှိပ်စက် အညှင်းပမ်း ခံခဲ့ရသူတွေ ဖြစ်တယ်လို့ ကိုနေသန်မောင်က ပြောပါတယ်။

    ဖမ်းဆီးထားသူတွေကို ဥပဒေအတိုင်း ပြုမူဆက်ဆံတယ်လို့ စစ်တပ်က ပြောလေ့ ရှိပေမယ့်၊ စစ်အစိုးရအဆက်ဆက်လက်ထက် နိုင်ငံရေး အကျဥ်းသားတွေဟာ ရုပ်ရောစိတ်ပါ ညှင်းပမ်း နှိပ်စက် ခံရကြောင်း တညီတညွတ်တည်း ထွက်ဆို ကြပါတယ်။

  6. ကလေးမြို့အနီး မှာတိုက်ပွဲဖြစ်

    ကလေးမြို့ အနီး နတ်ချောင်းကျေးရွာအလွန် ဟဲလုပ် ခွေကြိမ် ကျေးရွာတွေ အနီးတစ်ဝိုက်မှာ ဂန့်ဂေါ ဘက်ကနေ ကလေးမြို့ကို ဦးတည်မောင်းလာတဲ့ စစ်ကောင်စီတပ်က ကားတွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တို့ ဇွန်လ ၂၇ ရက် နေ့ နေ့လယ် ၁ နာရီ ဝန်းကျင်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဂန့်ဂေါဘက်ကနေ ကလေးမြို့ဘက်ကို မောင်းလာတဲ့ ကားအစီးရေ ၃ စီးနဲ့ ခန့်မှန်းအင်အား ၅၀ခန့်ပါရှိတဲ့ စစ်ယာဉ်တန်းကို ခွေကြိမ်ရွာ နဲ့ သံဖိုရွာအကြားမှာ PDF (Kalay) တပ်ဖွဲ့ဝင်တွေ ခြုံခိုတိုက်ခိုက်ခဲ့လို့အနည်းဆုံး ကိုးဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PDF (Kalay) ကထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဘက်က တော့ ဒီသတင်းနဲ့ ပတ်သက်လို့ထုတ်ပြန်ချင်းမရှိသေးပါဘူး။

    မနေ့က ဇွန်လ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်ကလည်း ဂန့်ဂေါဘက်ကနေ ကလေးမြို့ဘက်ကို မောင်းလာတဲ့ စစ်ကားအစီးရေ ၂၀ကျော် ပါတဲ့ ယာဉ်တန်းကို PDF (Kalay) တပ်ဖွဲ့က နတ်ချောင်း - ချောင်းခွ အကျော် ပန်းမွန်ချောင်းတံတား တောင်ဘက်အနီးဝန်းကျင်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ပြောပါတယ်။

    ကလေးမြို့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးလက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားခဲ့တဲ့မြို့ဖြစ်ပါတယ်။

    ကလေးမြို့မှာ စစ်အာဏာသိမ်းပြီး နောက် စစ်တပ်က လုံခြုံရေးယူထားစဥ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ကလေးမြို့မှာ စစ်အာဏာသိမ်းပြီး နောက် စစ်တပ်က လုံခြုံရေးယူထားစဥ်
  7. မန္တလေးကဆေးရုံတွေမှာ ကိုဗစ်လူနာတွေပြည့်

    မန္တလေးကဆေးရုံတွေမှာ ကိုဗစ်လူနာတွေပြည့်

    မန္တလေးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာလို့ ဆေးရုံခြောက်ခုထိ လူနာပြည့်နေတယ်လို့ လူမှု ကူညီကယ်ဆယ်ရေး အသင်းတွေကနေ သိရပါတယ်။

    လက်ရှိမန္တလေးမြို့မှာ ကိုဗစ်-၁၉ ကုသပေးတဲ့ ဆေးရုံကြီး၊ တိုင်းရင်းဆေး၊ အလုပ်သမားဆေးရုံ၊ ကန်တော်ကြီး ဇီဝိတဒါနဆေးရုံ၊ ပုသိမ်ကြီးဆေးရုံ၊ တံတားဦးဆေးရုံတွေမှာ ကိုဗစ်ပိုးတွေ့ လူနာပြည့်သွားလို့ ၆၂ လမ်း၊၁၄ လမ်း ဇီဝိတဒါန သံဃာ့ဆေးရုံကို ကို ဇွန်လ ၂၆ ရက်နေ့က ကိုဗစ်လူနာတွေအတွက် အရေးပေါ် ကုသမှုခံယူဖို့ ဖွင့်လှစ်ထားတယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။

    မန္တလေးမြို့မှာ ကိုဗစ်ရှိမရှိ သိဖို့ဆေးရုံကြီးမှာ စာအုပ်လုပ်ရပြီး တစ်တိုင်းလုံး ကန်တော်နဒီမှာ စစ်ရကြောင်း ကိုဗစ် အတည်ပြုလူနာတွေကို တော့အဲ့ဒီဆေးရုံက နေပြီးတော့ ဆေးရုံတွေကို လိုက်ပို့ပေးရကြောင်းလည်း လူမှုကူညီရေး အသင်းတွေကပြောပါတယ်။

    "ဇွန်လ ၂၀ရက်နောက်ပိုင်းကတည်းက ပိုးတွေ့လူနာတွေ ပိုများလာတယ်။ ၂၄ရက်နေ့က တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ငါးဆယ်ကျော် ပို့ပေးရတယ်။ ဇွန်လ ၂၆ ရက်နေ့က အတည်ပြုလူနာ နှစ်ဆယ်ကျော်ပို့ရတယ်"လို့ ရင်ဘတ်တူညီနောင် ကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

    ဇွန်လဆန်းက မန္တလေးမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေကို ဆေးရုံကြီးမှာ ကုသမှုတွေပေးခဲ့ပါတယ်။ နောက်ပိုင်း ကန်တော်နဒီ ဆေးရုံမှာ ကိုဗစ်-၁၉ သံသယရှိသူတွေကို ဆေးစစ်ပေးပြီး ကုသရေးဆေးရုံတွေမှာ ကိုဗစ်ပိုးကုသမှု ခံယူရတာဖြစ်ပါတယ်။

    ကိုဗစ်ပိုး အတည်ပြုလူနာတွေနဲ့ ထိတွေ့ ခဲ့သူတွေကို home stay အနေနဲ့ပဲ ထားရှိနေရတယ်လို့ လှုမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. မော်လမြိုင် တက္ကသိုလ်မှာ လူရာနဲ့ချီ ကိုဗစ် ကူးစက်ခံရ

    မော်လမြိုင်တက္ကသိုလ်တွင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ကျောင်းသား၊ ဆရာ၊ ဝန်ထမ်း စုစုပေါင်း အယောက်တစ်ရာနီးပါးရှိလာပြီဖြစ်တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကစာမေးပွဲဖြေဆိုနေတဲ့ ကျောင်းသူ ၂၀ မှာ ကိုဗစ် ကူးစက်ခံရမှုတွေ တွေ့ခဲ့ရပြီးဇွန်လ (၂၆) ရက်နေ့ နောက်ဆုံး စစ်ဆေးမှုအရ နောက်ထပ် အင်ကြင်းဆောင်ကျောင်းသူ (၄၂) ဦးတို့မှာ ရောဂါပိုး ကူးစက်ခံထား‌ရကြောင်း ထပ်မံစစ်ဆေးတွေ့ရှိခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါပါတယ်။

    မော်လမြိုင်တက္ကသိုလ် အုပ်ချုပ်ရေးဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

    လက်ရှိအချိန်အထိ စစ်ဆေးပေါ်ပေါက်မှုများအရ တက္ကသိုလ် အင်ဂျင်နီယာဌာနက ရောဂါပိုး ကူးစက်ခံထားရသူ ဝန်ထမ်းများ၊ ၎င်းတို့နဲ့ တွေ့ထားသူများ၊ အင်ကြင်းဆောင် တစ်ဆောင်လုံးနီးပါး ကူးစက်ခံထားရခြင်းတို့အပြင် သင်ကြားရေးပိုင်းမှ ဆရာ၊ ဆရာမများမှာလည်း ကိုဗစ် ၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိထားပြီး ရောဂါပိုးကူးစက်ခံထားရသူ စုစုပေါင်း (၁၀၀) ကျော်ရှိနေပြီဖြစ်တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Mawlamyine Rescue Organization

  9. မင်းတပ်မြို့မစျေး တစ်ရက် စျေးဖွင့်မယ်

    စစ်ကောင်စီတပ်တွေ နဲ့ ဒေသခံ PDF တပ်တွေအကြား ၁၄ ရက် အပစ်ရပ်သဘောတူညီမှု ယူထားတဲ့ ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၊ မြို့မစျေးမှာစျေးဝယ်လိုသူများနဲ့ ပစ္စည်းပြန်သိမ်းချင်တဲ့ဆိုင်ခန်း ပိုင်ရှင်များအတွက် လာမယ့် ဇွန်လ ၂၉ ရက်နေ့ တစ်ရက်ထဲသာ ဈေးဖွင့်ပေးမယ်လို့ သိရကြောင်း မင်းတပ်ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြားက တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်ခဲ့ကြတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ခံတွေဟာ နှစ်ဖက် အပစ်ရပ်ထားတဲ့အတွက် မြို့တွင်းကို ပြန်လာကြပေမဲ့ စိုးရိမ်စိတ်ကြောင့် မြို့ခံ တစ်ဝက်လောက်ပဲ ပြန်လာနေကြသေးတယ်လို့ သိရပါတယ်။

    ''မင်းတပ်က ပြန်ဖွင့်လိုက်တော့ ပြန်လာကြတယ်။ ဒါပေမဲ့ ပြန်လာတယ်ဆိုပေမဲ့ ခဏပါပဲ။ ဖောက်ထွင်းခံရတဲ့အိမ် တွေပြန်လာကြည့်တယ်။ ကွဲသွားတဲ့မိသားစုတွေ ပြန်လာပြီး ဆုံစည်းကြတယ်။ နောက် ဝဥ အတွက် ပေါင်းသင်း၊ ပေါင်းထိုး၊ ပေါင်းနှုတ်ကြတယ်။ ဒါပေမဲ့ခဏပါပဲ။ သူတို့ စစ်ဘေးရှောင်စခန်းကို ပြန်ကြမှာ''လို့ လက်ရှိမှာမြို့ထဲ ပြန်ရောက်နေတဲ့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ မြို့တွင်းမှာ လူသွားလူလာ ရှင်းလင်းနေဆဲလို့ သူက ပြောပါတယ်။

    မင်းတပ်မြို့မစျေးရှေ့ ပြီးခဲ့တဲ့ မတ်လ အတွင်းက ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, မင်းတပ်မြို့မစျေးရှေ့ ပြီးခဲ့တဲ့ မတ်လ အတွင်းက ဆန္ဒပြပွဲ
  10. ရခိုင်မှာ ကိုဗစ် ကူးစက်မှုတွေများလာ

    အခု ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ အရေအတွက်ဟာ တစ်ရက်ထက်တစ်ရက်မြင့်မားလာနေပြီး ဒေသတွင်းကူးစက်ခံရသူတွေများပြားကာ စစ်တွေ၊ မောင်တောနဲ့သံတွဲ မြို့နယ်သုံးခုမှာ တွေ့ရှိနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ကူးစက်ခံရမှုတွေမြင့်မားလာနေပြီး ဇွန်လ ၂၆ ရက် မနေ့ကတစ်နေ့တည်းမှာ ပိုးတွေ့ရှိခဲ့သူ ၁၀ ဦးရှိခဲ့ကာ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦး ပါဝင်တယ်လို့သိရပါတယ်။

    မနေ့ကစစ်ဆေးတွေ့ရှိခဲ့တဲ့ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၀ ဦးမှာ မောင်တောမြို့က နှစ်ဦးနဲ့ သံတွဲမြို့က ၈ ဦးတို့ဖြစ်ကြပြီး ယခင်ပိုးတွေ့ရှိထားသူတွေနဲ့ ထိတွေ့တဲ့သူတွေအပြင် အသစ်ကူးစက်ခံရသူတွေလည်းပါဝင်တယ်လို့ ဆေးရုံတွေက နေသိရပါတယ်။

    မောင်တောမှာမနေ့ကတွေ့ရှိခဲ့တဲ့ နှစ်ဦးမှာ ဖျားနားပြီးဆေးရုံလာပြသူအသစ်တစ်ဦးနဲ့ ပြီးခဲ့တဲ့ ၂၄ ရက်နေ့ကပိုးကူးစက် ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အမျိုးသမီးနဲ့ ထိတွေ့ထားသူမိသားစုဝင်တစ်ဦးတို့ဖြစ်ကြတယ်လို့ မောင်တောခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောပါတယ်။

    သံတွဲမြို့နယ်အတွင်းမှာ ပိုးတွေ့ရှိသူအသစ် ၈ ဦးမှာ ၇ ဦးက ပြီးခဲ့တဲ့ ၂၄ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့တဲ့ ငပလီမြို့ လင်းသာရပ်ကွက်မှာနေထိုင်တဲ့ ဆရာမနဲ့ထိတွေ့တဲ့ မိသားစုဝင်တွေဖြစ်ကြပြီး နောက်တစ်ဦးကတော့ သံတွဲမြို့ပေါ်က ဖျားပြီးဆေးရုံလာပြသူဖြစ်တယ်လို့ သံတွဲဆေးရုံအုပ်ကြီး ဒေါက်တာ ရဲဝင်းထွန်းက ပြောပါတယ်။

    အသက် ၆ နှစ်အရွယ်ကလေးငယ်ဟာ ကျောင်းနေတဲ့ကလေးဖြစ်ပြီး ၂၄ ရက်နေ့ကပိုးတွေ့ရှိခဲ့တဲ့ သံတွဲ၊ငပလီမြို့ က ဆရာမရဲ့သမီးလေးဖြစ်ကာ သူတို့ကျောင်းတက်ခဲ့ကြတဲ့ ကျောင်းကိုလည်း ထပ်မံကူးစက်မှုတွေဖြစ်ပွားရအောင် ပိုးသတ်ဆေးတွေဖြန်းပေးထားပြီး ကျောင်းသူကျောင်းသားတွေနဲ့ဆရာဆရာမတွေကိုလည်း မျက်နှာဖုံးတွေတပ်ဆင်ပြီး ကျောင်းတက်နိုင်ဖို့အတွက် ကျန်းမာရေးဌာနက ကူညီပေးထားတယ်လို့ ဒေါက်တာ ရဲဝင်းထွန်းက ပြောပါတယ်။

    လက်ရှိမှာ ကိုဗစ် ၁၉ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူတွေအားလုံးဟာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြပြီး ရောဂါပြင်းထန်သူတွေမရှိဘူးလို့ ဆရာဝန်တွေက ပြောဆိုကြပါတယ်။

    ရခိုင်မှာ ကိုဗစ် ကာကွယ်ဆေးတွေကိုလည်း ဆက်လက်ထိုးပေးလျက်ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ရခိုင်မှာ ကိုဗစ် ကာကွယ်ဆေးတွေကိုလည်း ဆက်လက်ထိုးပေးလျက်ရှိနေ
  11. သမိုင်း ၁ ရပ်ကွက်မှာ ပေါက်ကွဲမှုတွေဖြစ်အပြီး စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲအထိ ပစ်ခတ်နေ

    သမိုင်း ၁ ရပ်ကွက်မှာ ပေါက်ကွဲမှုတွေဖြစ်အပြီး စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲအထိ ပစ်ခတ်နေ

    ဓာတ်ပုံ ရင်းမြစ်, social media

    ရန်ကုန်၊ မရမ်းကုန်းမြို့နယ်ထဲက သမိုင်း(၁)ရပ်ကွက်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးအနီးမှာ ပေါက်ကွဲမှုတွေဖြစ်အပြီး စစ်ကောင်စီတပ်တွေက ရပ်ကွက်ထဲက လမ်းတွေအထိ ပစ်ခတ်နေတယ်လို့ ရပ်ကွက်ထဲမှာ နေထိုင်သူတွေက ပြောပါတယ်။

    ပေါက်ကွဲမှုတွေကတော့ ဒီနေ့ နေ့လည် ၂ နာရီဝန်းကျင်လောက်ကစတာလို့လည်း သိရပါတယ်။

    ''ပေါက်ကွဲမှုက ဆက်တိုက်ဖြစ်တာမဟုတ်ဘူး။ တစ်ချက်ပြီးမှ တစ်ချက်ဖြစ်တာ။ နောက် ပစ်ခတ်ခံတွေလည်းကြားနေရတယ်။ အချက်ရေ ၃၀ လောက်ရှိမယ်။''လို့ ရပ်ကွက်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။

    ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာဟာ ဘုရင့်နောင်တံတားနဲ့ ဘုရင့်နောင် မီးသတ်တို့နဲ့လည်း နီးတယ်လို့သိရပါတယ်။

    ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက သမိုင်း (၁) လမ်းကနေ (၈) လမ်းအထိရှိတဲ့ ရပ်ကွက်ထဲမှာ ဝင်ရောက်ပစ်ခတ်နေတာ သမိုင်း(၆)လမ်းထဲက ရွှေနဂါးလက်ဖက်ရည်ဆိုင်အနားအထိရောက်တယ်လို့ လမ်းထဲမှာ နေထိုင်သူတွေဆီကနေ သိရပါတယ်။

    ဒီပစ်ခတ်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရသူရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။

  12. ကိုဗစ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကလေးမြို့

  13. လိင်ပိုင်းဆိုင်ရာအကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ ကုလအထူးကိုယ်စားလှယ်က စစ်တပ်ကို တိုက်တွန်း

    ကုလလုံခြုံရေးကောင်စီအစည်းအဝေးပွဲတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ Ms.Patten

    ဓာတ်ပုံ ရင်းမြစ်, UN Photo/Eskinder Debebe

    ဓာတ်ပုံ ပုံစာ, ကုလလုံခြုံရေးကောင်စီအစည်းအဝေးပွဲတစ်ခုမှာ မိန့်ခွန်းပြောနေတဲ့ Ms.Patten

    တပ်မတော်အနေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ဖို့ ပဋိပက္ခအတွင်းလိင်အကြမ်းဖက်မှုအရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် Pramila Patten က တောင်းဆိုလာပါတယ်။

    ဖေဖော်ဝါရီလ တစ်ရက်မှာ အာဏာသိမ်းပြီးကတည်းက စစ်တပ်က အရပ်သားတွေ၊ အထူးသဖြင့်အမျိုးသမီးတွေနဲ့ကလေးတွေ အပေါ်မှာ တိုက်ခိုက်မှုတွေလုပ်နေတာအပြင် အခြားပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှု လုပ်နေတာကိုလည်း ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ သူကဆိုပါတယ်။

    အထူးကိုယ်စားလှယ်ရဲ့ဒီစကားတွေကို အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ပြောခွင့်ရသူက ဇွန်လ ၂၅ ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။

    ''ညဘက်ဝင်ရောက်စီးနင်းမှုတွေ၊ အကြောင်းမဲ့ဖမ်းဆီးမှုတွေ၊ မြို့နယ်တွေကို စစ်တပ်က ဝိုင်းထားတာတွေ၊ ထိန်းသိမ်းခံရချိန် သေဆုံးမှု၊ နှိပ်စက်ခံရမှုတွေ၊ အရပ်သားတွေ ထွက်ပြေးစုဝေးပုန်းအောင်းနေတဲ့နေရာတွေကို တိုက်ခိုက်တာတွေ၊ ထိန်းသိမ်းရေးစခန်းတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာတွေ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာရော၊ နှုတ်နဲ့ပါပြောဆိုလုပ်ဆောင်နေတာတွေဟာ နေ့စဉ်ဘ၀ဖြစ်ရပ်လိုဖြစ်လာနေဆိုပြီး အထူးကိုယ်စားလှယ်က ပြောတယ်'' လို့ သူကပြောပါတယ်။

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေရှိတယ်ဆိုပြီး စွပ်စွဲတဲ့သတင်းတွေကြောင့် ကျူးလွန်သူ၊ အမိန့်ပေးသူနဲ့ လျစ်လျူရှူနေသူတွေဟာ နိုင်ငံတကာရာဇဝတ်မှုဥပဒေကို ကျူးလွန်ရာရောက်နိုင်တယ်လို့လည်း အထူးကိုယ်စားလှယ်က ထောက်ပြတယ်လို့ ဆိုပါတယ်။

    တပ်မတော်ဟာ လူနည်းစုလူမျိုးစုနဲ့ဘာသာရေးအစုအဖွဲ့တွေက အမျိုးသမီးတွေအပြင် လိင်စိတ်တိမ်းညွတ်မှုအရ လိင်စိတ်ခံယူမှုကွဲပြားသူ လူပုဂ္ဂိုလ်တစ်ဦးချင်းတစ်ယောက်ချင်းစီကိုလိုက်ပြီး လိင်အကြမ်းဖက်တဲ့ပုံစံဟာ အလွန်အမင်းစိုးရိမ်စရာကောင်းတယ်လို့လည်း အထူးကိုယ်စားလှယ်က ဆိုပါတယ်။

  14. ကလေးမြို့ကိုဗစ်ကူးစက်မှု- ကက်သလစ်ရဟန်းတွေ အိမ်လိုက်ပြီး ဆာလံနဲ့ကောင်းချီးမပေးတော့

    ကလေးမြို့ကိုဗစ်ကူးစက်မှု- ကက်သလစ်ရဟန်းတွေ အိမ်လိုက်ပြီး ဆာလံနဲ့ကောင်းချီးမပေးတော့

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ချင်းပြည်နယ်နဲ့နယ်စပ် စစ်ကိုင်းတိုင်းထဲက ကလေးမြို့မှာ နာရေးရှိရင် အိမ်မလိုက်တော့ဘဲ သုသာန်မှာပဲစောင့်ပြီး ဆာလံနဲ့ကောင်းချီးပေးတော့မယ်လို့ မြို့ခံကက်သလစ်ဆရာတော်တွေက ဒီနေ့ ဇွန်လ ၂၇ ရက်မှာ ပူးတွဲကြေညာချက်ထုတ်ပြန်လာပါတယ်။

    ကလေးမှာ ကိုဗစ်ရောဂါ ကူးစက်မှုတွေဖြစ်နေချိန် ရောဂါကြောင့် သေဆုံးသူတွေရဲ့ဈာပနအိမ်တွေကိုသွားပြီး ဆာလံနဲ့ကောင်းချီးပေးခဲ့ကြတဲ့ သင်းအုပ်ဆရာတွေထဲကတချို့ ကိုဗစ်ထပ်ကူးခံရပြီး သေဆုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောလာအပြီးမှာ ကျောင်းထိုင်ဆရာတော် ၅ ပါးရဲ့ အခုလို ပူးတွဲကြေညာချက်ထွက်လာတာပါ။

    လတ်တလောဖြစ်နေတဲ့ရောဂါကနေ ကာကွယ်ဖို့ ဖြစ်ပြီး ဒီနေ့က စတင်ကာ နောက်ထပ်ကြေညာချက် တစုံတရာမထုတ်မချင်း အတည်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ကိုဗစ်တတိယလှိုင်း ကူးစက်မှုတွေကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ကလေးမြို့နယ်ထဲ လိုအပ်မှအိမ်အပြင်ထွက်ဖို့ (stay at home)အမိန့်ကို အခုလအစောပိုင်းကတည်းက ကြေညာထားပါတယ်။

    တစ်ချိန်တည်းမှာပဲ ကလေးမှာ ဇွန်လ ၂၆ ရက် တစ်ရက်တည်းတင် ကိုဗစ်လူနာ ၃ ဦးနဲ့ သံသယလူနာ ၂၂ ဦးသေဆုံးခဲ့တာကြောင့် အခုဆို ကလေးမှာ သေဆုံးသူ ၁၀၀ နီးပါးအထိရှိလာနေတယ်လို့ သိရပါတယ်။

    ချင်းပြည်နယ်မှာစတင်ပြီး ကူးစက်မှုကျယ်ကျယ်ပြန့်ပြန့်တွေ့ခဲ့ရတဲ့ တစ်ကြော့ပြန်ကိုဗစ်နိုင်တင်းရောဂါကူးစက်မှုတွေကြောင့် မြန်မာနိုင်ငံထဲ stay at home ကြေညာထားတဲ့မြို့နယ် ၁၀ ခုအထိရှိလာပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းထဲက တမူးနဲ့ကလေး၊ ချင်းပြည်နယ်က တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါး၊ နောက် ပဲခူးတိုင်းထဲက လက်ပံတန်းနဲ့ဖြူးမြို့နယ်တွေပါဝင်ပါတယ်။

  15. မြင်းခြံမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ​ပစ်ခတ်ခံရလို့ သေဆုံး

    မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်၊ သဲဖြူဝကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်တဲ့ ဦးမြင့်ဌေးဆိုသူဟာ ဒီကနေ့ မနက် ၁၁ နာရီ ဝန်းကျင်လောက်က ကျော်ဆီဆိုင်အနီးမှာ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့တယ်လို့ မြင်းခြံမြို့ခံအချို့က ဘီဘီစီကိုပြောပါတယ်။

    ‘‘ကျော်ဆီဆိုင်ကနေ ဆင်းချသွားရင် သဲဖြူဝရွာကိုရောက်တယ်။ သူက စစ်မှုထမ်းဟောင်းတစ်ဦးလို့လည်း ပြောကြတယ်။ ကျောင်းတွေစစဖွင့်ချင်းတုံးကတော့ သူ့ကလေးတွေကို ကျောင်းအပ်တာကို လိုင်းပေါ်တင်ပြီး မိဘတွေအနေနဲ့ ကလေးတွေကျောင်းအပ်ပေးဖို့ ဆော်သြတာတွေလည်းရှိခဲ့တယ်။ အခုတော့ အဲဒီရွာဘက်ကို စစ်ကားတွေ ဆင်းချသွားပြီး အဲဒီရွာသွားတဲ့နား လမ်းတွေပိတ်ထားတယ်လို့ ပြောနေကြတယ်’’လို့ မြင်းခြံမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီကနေ့ မနက်ပိုင်းက မြင်းခြံမှာ အဲဒီပစ်ခတ်မှု မတိုင်ခင် ဗုံးပေါက်ကွဲသံ ၂ချက်ကိုလည်း ကြားခဲ့ရပြီး ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးတော့မကြားရဘူးလို့လည်း မြို့ခံတွေကပြောပါတယ်။

    အဲဒီပစ်ခတ်မှုကို Seven People Denfense Force ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မြင်းခြံသတင်းတွေ ဖော်ပြနေတဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။

    မြင်းခြံမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ​ပစ်ခတ်ခံရလို့ သေဆုံး
  16. ကယားပြည်နယ်ထဲက ကားဂိတ်တွေကို ဆေးဝါးတင်ပို့မှုပိတ်ပင်ထား

    ကယားပြည်နယ်ထဲက ကားဂိတ်တွေကို ဆေးဝါးတင်ပို့မှုပိတ်ပင်ထား၊ စစ်ဘေးရှောင်တွေကို ကူညီမယ့် ဆန်နဲ့ဆေးဝါးတွေ မီးရှို့ခံရမှုဖြစ်စဉ်လည်းရှိခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ဘေးရှောင်တွေကို ကူညီမယ့် ဆန်နဲ့ဆေးဝါးတွေ မီးရှို့ခံရမှုဖြစ်စဉ်လည်းရှိခဲ့

    ကယားပြည်နယ်ထဲကို ဆေးဝါးနဲ့ဆေးခန်းသုံးပစ္စည်းတွေတင်ပို့တာတွေကို သက်ဆိုင်ရာမြို့နယ်ကားဂိတ်တွေကလုံးဝလက်မခံတော့ဘူးလို့ လွိုင်ကော်မြို့နယ်ထဲမှာဆေးခန်းဖွင့်လှစ်ထားသူတွေကပြောပါတယ်။

    "ရန်ကုန်ဘက်ကမိတ်ဆွေက ဒီကိုဆေးဝါးတွေပို့ဖို့လုပ်တော့ ဘယ်ဂိတ်ကမှလက်မခံဘူးတဲ့။ တကိုယ်ရည်သောက်မယ့် ဆေးတွေဆိုရင်တောင် ခိုးသယ်ရမယ်ထင်တယ်။ ဆေးခန်းသုံးဆေးတွေ ပုံးလိုက်ဖာလိုက်ဆိုရင်လုံးဝပေးမတင်တော့ဘူးပြောတယ်။ စစ်ရှောင်စခန်းတွေတင်မဟုတ်ဘူး မြို့ပေါ်တောင်ဆေးပို့လို့မရနိုင်တော့ဘူးဖြစ်နေတယ်။ မြို့ပေါ်ကဆေးရုံဆေးခန်းတွေကတော့ လအနည်းငယ်လောက်ထိတော့ တောင့်ခံနိုင်အုံးမယ်။ အခုတောင်ဆေးတွေက ဈေးတက်နေပြီ။ ဒီထပ်ပိုပြီးဆေးတွေတင်တာပိတ်ထားမယ်ဆိုရင် ဆေးရုံဆေးခန်းတွေလည်း ဆေးပြတ်သွားနိုင်တယ်လို့ " လွိုင်ကော်မြို့ပေါ်မှာဆေးခန်းဖွင့်လှစ်ထားတဲ့ ဆရာဝန်တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    လွိုင်ကော်မြို့ပေါ်က ကားဂိတ်တွေကိုဘီဘီစီက ဆက်သွယ်မေးကြည့်ရာမှာလည်း ဆေးဝါးပစ္စည်းဆိုရင်လမ်းမှာတင်ဖောက်စစ်ပြီး သိမ်းယူတဲ့အတွက် လက်မခံတာဖြစ်တယ်လို့ဆိုပါတယ်။

    ပြီးခဲ့တဲ့ မေလထဲမှာလည်း ကယားပြည်နယ်ထဲကစစ်ဘေးရှောင်တွေဆီတင်ပို့မယ့် စားနပ်ရိက္ခာတွေနဲ့အတူ ဆေးဝါးတွေကိုမပို့ခင်မှာပဲ မီးရှိူ့ဖျက်ဆီးခံခဲ့ရတဲ့အခြေနေလည်းရှိခဲ့ပါတယ်။

    အခုလိုပဋိပက္ခဖြစ်ပွားရာနေရာတွေကို စားနပ်ရိက္ခာနဲ့ဆေးဝါးတွေဖြတ်တောက်တာဟာပဋိပက္ခဖြစ်နေတဲ့အခြေနေအတွင်းလိုက်နာရမယ်လို့ထုတ်ပြန်ထားတဲ့ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်တွေကိုချိုးဖောက်တာဖြစ်သလို ပြည်နယ်စစ်ဘေးရှောင်တွေအပေါ် ရာဇဝတ်မူကျူးလွန်တာဖြစ်တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကလည်း နိုင်ငံတကာကိုတောင်းဆိုမှုတွေလုပ်ထားပါတယ်။

  17. မြန်မာ့ပဲတွေ ၅ နှစ်တာ ဝယ်ယူဖို့ စစ်ကောင်စီနဲ့ အိန္ဒိယ MOU ထိုး

    အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံက ထွက်တဲ့ မတ်ပဲနဲ့ ပဲတီစိမ်းကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံပါ။
    ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံက ထွက်တဲ့ မတ်ပဲနဲ့ ပဲတီစိမ်းကို အဓိက ဝယ်ယူနေတဲ့ နိုင်ငံပါ။

    အိန္ဒိယနိုင်ငံဟာ မြန်မာပြည်ကနေ မတ်ပဲနဲ့ပဲစဉ်းငုံတွေ ၅ နှစ်တာဝယ်ယူရေး နားလည်မှုစာချွန်လွှာ(MOU) တစ်ရပ်ကို အာဏာသိမ်းစစ်ကောင်စီနဲ့ လက်မှတ်ရေးထိုးထားတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေက ဆိုပါတယ်။

    အခု ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာကာလအတွင်း တနှစ်ကို မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစဉ်းငုံတန်ချိန် ၁ သိန်းကို အိန္ဒိယကနေ ဝယ်ယူမယ်လို့ဆိုပါတယ်။

    အစိုးရချင်းရောင်းဝယ်ကြဖို့ သဘောတူကြတဲ့နားလည်မှုစာချွန်လွှာကို အိန္ဒိယရဲ့နိုင်ငံခြားကုန်သွယ်ရေးဌာနက တာဝန်ယူပြီး လက်မှတ်ထိုးခဲ့ကြတာဖြစ်တယ်လို့ အိန္ဒိယသတင်းဌာနတွေက ဖော်ပြနေပါတယ်။

    ရန်ကုန်ကနေ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ ချန်နိုင်းမြို့ကို ကုန်သေတ္တာ(ကွန်တိန်နာ)တင်သင်္ဘောတွေနဲ့ မြန်မာပဲမျိုးစုံကို တင်ပို့နေတာပါ။

    အခုလထဲမှာတင် အိန္ဒိယကို ပို့မယ့် ပဲမျိုးစုံ တန်ချိန် ၅ သောင်းကနေ ၇ သောင်းကြားရှိတယ်လို့ ပြည်တွင်းသတင်းတွေက ဆိုပါတယ်။

    အိန္ဒိယဟာ မြန်မာ့မတ်ပဲနဲ့ ပဲတီစိမ်းကို အဓိက ဝယ်ယူတဲ့နိုင်ငံဖြစ်ပေမဲ့ သူ့နိုင်ငံကတောင်သူတွေ ပဲဈေးကောင်း ရအောင် ပြည်ပက ပဲတင်သွင်းခွင့်ကို ကန့်သတ်လိုက်တာကြောင့် ၂၀၁၇ ခုနှစ် သြဂုတ်လမှာ မြန်မာပဲတွေကို တင်သွင်းခွင့်ပိတ်ခဲ့ပါတယ်။

    ဒါပေမဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေ အိန္ဒိယကို သွားရောက်ညှိနှိုင်းခဲ့လို့ ၂၀၁၈ ခုနှစ်၊ မေလမှာတော့ တနှစ်စာအတွက် ပဲတန်ချိန်သိန်းချီပြန်တင်ပို့ခွင့်ရခဲ့ပါတယ်။

  18. CDM ဆရာဝန်တွေကို ဘွဲ့လွန်သင်တန်း လျော်ကြေး တောင်းခံနေ

    စစ်ကောင်စီကို အာဏာ ဖီဆန်ရေး လှုပ်ရှားမှု CDM လုပ်နေတဲ့အတွက် အစိုးရဝန်ထမ်း ဆရာဝန်တွေ ငါးလနီးပါး လုပ်ငန်းခွင်နဲ့ ကင်းကွာနေရာမှာ အစိုးရဝန်ထမ်းအဖြစ်က ထုတ်ပစ်တဲ့အပြင် ဘွဲ့လွန်သင်တန်း လျော်ကြေးတွေကိုပါ စစ်ကောင်စီ လက်အောက်က ကျန်းမာရေးဝန်ကြီးဌာနက တောင်းခံနေပါတယ်။

    စစ်ကောင်စီ အနေနဲ့ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း CDM လှုပ်ရှားမှု မှာပါဝင်တဲ့ ဆရာဝန်တွေကို ထုတ်ပယ်ကြောင်း အစဉ်တစိုက် စာတွေ ပေးပို့နေခဲ့တာလည်း ဖြစ်ပါတယ်။

    အခုအချိန်မှာတော့ အဲဒီ ဆရာဝန်တွေထဲက ပြည်တွင်း ဘွဲ့လွန်သတင်တန်း တက်ထားသူ ဆရာဝန်တွေက လျော်ကြေး ကျပ် ၂၅ သိန်းစီ ပေးဖို့နဲ့ ပြည်ပဘွဲ့လွန်သင်တန်း တက်ထားတဲ့ ဆရာဝန်တွေက ကျပ် သိန်း ၄၀ စီပေးဖို့ စစ်ကောင်စီလက်အောက် ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုနေတာ ဖြစ်ပါတယ်။

    အခုလို ရာထူးက ထုတ်ပယ်မှုနဲ့ လျော်ကြေးတောင်းခံတဲ့ စာတွေကို လာရောက် မဖြေရှင်းရင် မျက်ကွယ်မှာပဲ သက်သေတွေနဲ့ စစ်ဆေးမယ်လို့ ပြောဆိုထားပေမယ့် အဲဒီ ဆရာဝန်တွေက တိမ်းရှောင်နေတဲ့အတွက် စာကို အချိန်လွန်မှ ရတာတွေလည်း ရှိနေပါတယ်။

    ဒါ့အပြင် ချေးငွေ နှစ်လစာကိုလည်း ပြန်ဆပ်ဖို့ အကြောင်းကြားထားပြီး မကျေနပ်လို့ ၆ လ အယူခံတဲ့ ကာလအတွင်းမှာ အဲဒီ လျော်ကြေးနဲ့ ချေးငွေတွေကို ပြန်မဆပ်ရင် တရားစွဲမယ်လို့လည်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက စာရေးသား ထုတ်ပြန်ထားပါတယ်။

    ဒါပေမယ့် အလုပ်က ထုတ်ပယ်ခံရတဲ့အပြင် လျော်ကြေးပါ တောင်းဆိုခံရတဲ့ ဆရာဝန်တွေ အနေနဲ့ သူတို့လက်ခံတဲ့ အမျိုးသားညီညွတ်ရေး အစိုးရ NUG က ကင်းလွတ်ခွင့် ပေးထားပြီး ဖြစ်တဲ့အတွက် ဂရုစိုက်မှာ မဟုတ်ဘူးလို့ ဘွဲ့လွန်သင်တန်း တက်ရောက်နေရင်း CDM လှုပ်ရှားမှုထဲ ပါဝင်သွားခဲ့တဲ့ ဆရာဝန် တဦးက ဘီဘီစီကို ပြောပါတယ်။

    နောက်ထပ် အလားတူ CDM လှုပ်ရှားမှုထဲ ပါဝင်နေတဲ့ ဆရာဝန်တဦးကလည်း ဆရာဝန်လောင်းတွေ အနေနဲ့ အလုပ်သင်ဘဝမှာ အလုပ်ချိန်များ၊ လစာနည်းပြီး၊ မိသားစုကို အချိန်မပေးနိုင်တဲ့ ပြဿနာကို သိရှိပြီးမှ တက်ရောက်တာ ဖြစ်တဲ့အတွက် အလုပ်ထွက်သူနည်းပေမယ့် လက်ရှိ စစ်ကောင်စီ လက်အောက်မှာ အလုပ်ထွက်ရတဲ့ ဆရာဝန် စံချိန်တင်နိုင်တယ်လို့ ဆိုပါတယ်။

    ပုံမှန်အားဖြင့် ပြည်တွင်း ဆရာဝန် ဘွဲ့လွန်သင်တန်း တက်ထားသူတွေက ငါးနှစ်၊ ပြည်ပ ဆရာဝန် ဘွဲ့လွန်သင်တန်းတက်ထားသူတွေက ၇ နှစ် ပြည့်အောင် တာဝန်မထမ်းဆောင်ရင် အခုလို လျော်ကြေးပေးရလေ့ရှိတာ ဖြစ်ပါတယ်။

    အခုလို စစ်ကောင်စီ လက်ထက် အစိုးရဝန်ထမ်းအဖြစ်က ထုတ်ပယ်ပြီး လျော်ကြေးတောင်းခံရမှုတွေကို ပညာရေးဝန်ထမ်းတွေလည်း ကြုံနေရတယ်လို့ ဆိုပါတယ်။

    CDM ဆရာဝန်တွေကို ဘွဲ့လွန်သင်တန်း လျော်ကြေး တောင်းခံနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  19. လားရှိုးကို Stay at home သတ်မှတ်

    ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့ မြို့နယ်တစ်ခု ဖြစ်တဲ့ လားရှိုးမြို့နယ်ကို Stay at home မြို့နယ်အဖြစ် သတ်မှတ်ပြီး အဲဒီအမိန့် မနက်ဖြန် မနက် ၄ နာရီက စတင် အသက်ဝင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ကြေညာပါတယ်။

    အခုလို ထပ်မံ ကြေညာမှုကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတို့က မြို့နယ် ကိုးခု အပါအဝင် Stay at home မြို့နယ် ၁၀ ခု ရှိလာပြီ ဖြစ်ပါတယ်။

    ဒီကနေ့မှာ ကိုဗစ်ကူးစက်သူအသစ် မနေ့က စံချိန်ကို ထပ်မချိုးခဲ့ပေမဲ့ ကူးစက်သူ ၇၈၃ ဦး ရှိပြီး ၈ ဦး ထပ်မံသေဆုံးတယ်လို့ ကြေညာပါတယ်။

    မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၁၅၂,၃၅၆ ဦး ရှိပြီ ဖြစ်ပြီး သေဆုံးသူ ၃,၂၉၀ ဦး ရှိပြီ ဖြစ်ပါတယ်။

    လားရှိုးကို Stay at home သတ်မှတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ခန့်အပ်

    NLD အစိုးရလက်ထက်က ရာထူးကထုတ်ပယ်ခံရတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ထွန်းကို သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ အဖြစ် မကြာသေးခင်ရက်ပိုင်းကပဲ စစ်ကောင်စီက ခန့်အပ်လိုက်တယ်လို့နိုင်ငံတော်ပြန်တမ်း မှာဖော်ပြထားပါတယ်။

    ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးရန်နိုင်ထွန်းဟာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီကမှတဆင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ကနေ ညွှန်ကြားရေးမှူးချုပ်ထိ ရာထူးတိုးမြင့်ခံခဲ့ရတဲ့နောက် ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။

    သွင်းကုန်ထုတ်ကုန်လိုင်စင်ကိစ္စ၊ ပါမစ်ကိစ္စတွေမှာ သက်ဆိုင်ရာအဆင့်ဆင့်က စိစစ်ရာမှာ အားနည်း၊ လစ်ဟမှုတွေရှိတဲ့အတွက် နိုင်ငံ့ဝန်ထမ်းဥပဒေအရ ရာထူးကထုတ်ပယ်လိုက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက သူထုတ်ပယ်ခံရတဲ့အချိန်မှာ မီဒီယာအချို့ကိုဖြေကြားခဲ့ပါတယ်။

    ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံခိုင်ရေးပါတီရဲ့ သံလျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးရှုံးနိမ်ခဲ့တဲ့ ဦးအောင်သန်းဦးကိုလည်း သီလဝါ အထူးစီးပွးရေးဇုန် စီမံခန့်ခွဲမှုကော် မတီ ဒုတိယဥက္ကဋ္ဌ ( ၁ ) အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဦးအောင်သန်းဦးဟာ လက်ရှိရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

    သမ္မတ ဦးသိန်းစိန်လက်ထက်ကစတင်အကောင်အထည်ဖော်ခဲ့တဲ့ သီလဝါအထူးစီးပွားရေးဇုန်ဟာ လက်ရှိစီးပွားရေးဇုန်တွေထဲမှာ အအောင်မြင်ဆုံးဇုန်တခုဖြစ်သလို ဂျပန်နိုင်ငံက အဓိက ရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးဇုန်လည်း ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့အစိုးရလက်ထက်မှာတော့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ အဖြစ် ဦးဆက်အောင်ကိုခန့်အပ်ခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဦးဆက်အောင်ဟာလည်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ယခုအခါ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်လ်၊ စီးပွားဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း၊ ဦးစိုးဝင်းတို့နဲ့အတူ တရားရင်ဆိုင်နေရပါတယ်။

    Thilawa SEZ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သီလဝါအထူးစီးပွားရေးဇုန်ဟာဂျပန်နိုင်ငံက အဓိကရင်းနှီးမြှုပ်နှံထားပါတယ်။