တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. သရုပ်ဆောင်ဇဏ်ခီနဲ့မိသားစု နေအိမ်အကျယ်ချုပ်ကလွတ်မြောက်

    ရုပ်ရှင်သရုပ်ဆောင်ဇဏ်ခီနဲ့မိသားစုဟာ နေအိမ်အကျယ်ချုပ် ရက်ပေါင်း ၄၀ ကျော်ခန့် ထိန်းသိမ်းစစ်ဆေးခံရပြီးတဲ့နောက်မှာ လွတ်မြောက်သွားပြီလို့ သရုပ်ဆောင်ဇဏ်ခီနဲ့ နီးစပ်တဲ့ရန်ကုန်မြို့က သူ့ရဲ့မိတ်ဆွေတွေကဘီဘီစီကိုအတည်ပြုပါတယ်။

    လက်ရှိမှာတော့ သူတို့ မိသားစုဟာ အာရှနိုင်ငံတခုမှာ ရောက်ရှိနေပါတယ်။

    သရုပ်ဆောင်ဇဏ်ခီကတော့ ထိန်းသိမ်းခံရချိန် ကာလတုန်းက ဆေးကုသခွင့်မရတဲ့သူ့ရဲ့ နဂိုရောဂါအခံဖြစ်တဲ့ အရိုးအကြောရောဂါကပိုမိုဆိုးရွားခဲ့တာကြောင့် လက်ရှိမှာ အခုရောက်ရှိနေတဲ့နိုင်ငံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

    သရုပ်ဆောင် ဇဏ်ခီနဲ့မိသားစုဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ရက်မှာ ပြည်ပထွက်ခွာဖို့ ရန်ကုန်လေဆိပ်မှာ လိုအပ်တဲ့ စစ်ဆေးမှု ခံယူနေစဉ် ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

    သရုပ်ဆောင်ဇဏ်ခီနဲ့မိသားစု နေအိမ်အကျယ်ချုပ်ကလွတ်မြောက်

    ဓာတ်ပုံ ရင်းမြစ်, ဇဏ်ခီဖေ့ဘွတ်ခ်

  2. မြန်မာအတွက်ဒေါ်လာကိုးသိန်းတောင်ကိုရီးယားထောက်ပံ့

    မြန်မာနိုင်ငံတွင်း လူသားချင်းစာနာထောက်ထားရေးအကူအညီတွေဆောင်ရွက်ဖို့အတွက်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုကိုတောင်ကိုရီးယားနိုင်ငံဟာအမေရိကန်ဒေါ်လာ၉၀၀,၀၀၀လှူဒါန်းခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

    တောင်ကိုရီးယားနိုင်ငံကထောက်ပံ့တဲ့ဒီရန်ပုံငွေဟာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးညှိနှိုင်းရေးရုံးUNOCHAကိုလှူဒါန်းခဲ့တာဖြစ်ပြီးအရင်ကလည်းသီးခြားအလှူငွေအဖြစ်ဒေါ်လာ၆၀၀,၀၀၀ထောက်ပံ့ကူညီထားတယ်လို့UNOCHAအဖွဲ့ရဲ့အာရှပစိဖိတ်ဒေသမီဒီယာဆက်ဆံရေးအကြီးအကဲကပြောပါတယ်။

    မြန်မာနိုင်ငံတွင်းမတည်ငြိမ်မှုတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူသိန်းနဲ့ချီရှိနေပြီးလူပေါင်း၁သန်းအတွက်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေလိုအပ်နေတယ်လို့လည်းUNOCHAအဖွဲ့ကပြောထားပါတယ်။

    မြန်မာပြည်သူတွေကိုကူညီဖို့အတွက်လိုအပ်တဲ့ဒေါ်လာ၂၇၆သန်းကိုလည်းထောက်ပံ့ကူညီကြဖို့တိုက်တွန်းထားပါတယ်။

    (အမှားပြင်ဆင်ချက်)အစောပိုင်းတုန်းကတော့မြောက်ကိုရီးယားကနေမြန်မာအတွက်လူသားချင်းစာနာထောက်ထားတဲ့အကူအညီဒေါ်လာ၃၀၀,၀၀၀လှူဒါန်းခဲ့တယ်ဆိုပြီးရိုက်တာသတင်းဌာနကိုကိုးကားပြီးဖော်ပြခဲ့ပါတယ်။

    ဒါပေမဲ့မြောက်ကိုရီးယားဘက်ကထောက်ပံကူညီတာကိုဖော်ပြထားတဲ့ဘဏ္ဍာရေးညွှန်းကိန်းအစောပိုင်းအချက်အလက်တွေဟာမှားယွင်းပြီးအခုအခါပြန်လည်ပြင်ဆင်ထားတယ်လို့UNOCHAအဖွဲ့ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောတာကြောင့်ပြန်လည်ပြင်ဆင်ဖော်ပြလိုက်ပါတယ်။

    မြန်မာအတွက်ဒေါ်လာကိုးသိန်းတောင်ကိုရီးယားထောက်ပံ့

    ဓာတ်ပုံ ရင်းမြစ်, Reuters

  3. ချေးငွေပြန်မဆပ်ရင်တရားစွဲမယ်ဆိုတဲ့စစ်ကောင်စီအကြောင်းကြားချက် စဉ်းစားရန်မရှိကြောင်း CDM ဆရာဆရာမတချို့ တုံ့ပြန်

    စစ်ကောင်စီက ချေးငွေပြန်မဆပ်ရင် တရားစွဲမယ်လို့ စာပို့ထားတဲ့အပေါ် ဒေါ်အောင် ဆန်းစုကြည် အစိုးရက ထုတ်ပြန်မှ စဉ်းစားမယ်လို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်က CDM ကျောင်းဆရာ၊ ဆရာမတွေက ပြောပါတယ်။

    အခုလိုအကြောင်းကြားစာကို စီဒီအမ်ဆရာ၊ ဆရာမတွေထံ အလုပ်ထုတ်စာနဲ့ အတူတူပေးပို့တာဖြစ်ပြီး အလုပ်ထုတ်ကြောင်းနဲ့ ၆ လအတွင်း ချေးငွေနှစ်လစာကို ပြန် မဆပ်ရင် ဥပဒေအကြောင်းအရ အရေးယူမယ်ဆိုတဲ့အကြောင်းပေးပို့တာဖြစ်တယ်လို့ စီဒီအမ်ကျောင်းဆရာမတချို့ကပြောပါတယ်။

    "ပြန်မဆပ်ရင် တရားစွဲမယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး လုံးဝမစဉ်းစားထားဘူး။ ၆ လအတွင်း ဘာမဆိုဖြစ်သွားနိုင်တယ်။ တော်လှန်ရေးလုပ်နေတဲ့သူတွေဘက်က နိုင်ရင်ဒီစာတွေက အလကားပဲ ။ ပြီးတော့ ဒါတွေက ဒေါ်အောင်ဆန်းစုကြည်လက်ထက်ကထုတ်ပေးထားတဲ့ ချေးငွေတွေဖြစ်တယ်။ စစ်ကောင်စီအစိုးရနဲ့မဆိုင်ဘူး။ ချေးငွေ နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရက ကြေညာမှ ဆက်လုပ်တော့မယ်" လို့ အနုပညာတက္ကသိုလ်ကစီဒီအမ်ဆရာမတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    အခုလို ဆရာမတွေကို အလုပ်ထုတ်စာနဲ့ချေးငွေပြန်ဆပ်ဖို့အကြောင်းကြားစာကို ပို့တဲ့အချိန် တစ်ယောက်နဲ့တစ်ယောက် မတူသလို အကြောင်းကြားတဲ့ပုံစံမတူဘူးလို့လည်း ဆရာ၊ ဆရာမတွေက ပြောပါတယ်။

    "တချို့ဆရာဆရာမတွေကိုတော့ လုံးဝအပြီးထုတ်ပယ်တဲ့ အလုပ်ထုတ်စာနဲ့အတူ ချေးငွေပြန်ဆပ်ဖို့ပို့တယ်။ တချို့ကိုတော့ ယာယီအလုပ်ကနားတဲ့စာနဲ့အတူပို့တယ်။ ချေးငွေပြန်ဆပ်ရမယ့်အချိန်ကတော့ စာရောက်ပြီး ၆ လအတွင်းလို့ပြောတယ်။ တချို့ဆရာ၊ဆရာမတွေလည်း ပြန်ဆပ်ဖို့အတော်ခက်ခဲနေကြတာတွေလည်းရှိပါတယ်" လို့ ဆရာမတစ်ဦးက ပြောပါတယ် ။

    အခုလို အလုပ်ထုတ်စာနဲ့ချေးငွေပြန်ဆပ်ဖို့အကြောင်းကြားစာပေးပေးတာတွေကို ရန်ကုန်အမျိုးသားယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်၊ မန္တလေးအနုပညာတက္ကသိုလ်က ဆရာ၊ဆရာမတွေထံပေးပို့တာဖြစ်ပြီး တက္ကသိုလ်အသီးသီးက ဆရာ၊ ဆရာမ ၅ဝရာခိုင်နှုန်းကျော်လောက်က CDM လုပ်ထားကြတာဖြစ်တယ်လို့လည်းသိရပါတယ် ။

    CDMers

    ဓာတ်ပုံ ရင်းမြစ်, Social Media

    ဓာတ်ပုံ ပုံစာ, ချေးငွေပြန်မဆပ်ရင်တရားစွဲမယ်ဆိုတဲ့စစ်ကောင်စီအကြောင်းကြားချက် စဉ်းစားရန်မရှိကြောင်း CDM ဆရာဆရာမတချို့ တုံ့ပြန်
  4. မြန်မာအတွက်ဒေါ်လာသုံးသိန်းမြောက်ကိုရီးယားထောက်ပံ့

    မြန်မာနိုင်ငံတွင်းလူသားချင်းစာနာထောက်ထားရေးအကူအညီတွေဆောင်ရွက်ဖို့အတွက်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုကိုမြောက်ကိုရီးယားနိုင်ငံဟာအမေရိကန်ဒေါ်လာသုံးသိန်းလှူဒါန်းခဲ့တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။

    ဒါဟာ၂၀၁၅ခုနှစ်နောက်ပိုင်းမြောက်ကိုရီးယားနိုင်ငံကတခြားနိုင်ငံတွေကိုပထမဆုံးပြန်လည်လှူဒါန်းတာဖြစ်ပြီးဒီထောက်ပံ့ငွေတွေကိုမေလ၂၄ရက်နေ့မှာလှူဒါန်းခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHAရဲ့ဘဏ္ဍာရေးညွှန်းကိန်းမှာဖော်ပြထားပါတယ်။

    မြောက်ကိုရီးယားဟာမြန်မာနိုင်ငံနဲ့အရင်ကတည်းကထိတွေ့ချိတ်ဆက်မှုတွေရှိခဲ့ပြီးလက်နက်အထောက်အပံ့တွေကိုမြောက်ကိုရီးယားတို့ကထောက်ပံ့ပေးနေတယ်လို့လည်းကုလသမဂ္ဂစောင့်ကြည့်ရေးအဖွဲ့တွေကပြောပါတယ်။

    နှစ်နိုင်ငံကြားမစ်ဆိုင်းဒုံးလက်နက်ပူးတွဲလုပ်ဆောင်မှုတွေကိုလည်းစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။

    မြန်မာနိုင်ငံတွင်းမတည်ငြိမ်မှုတွေကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူသိန်းနဲ့ချီရှိနေပြီးလူပေါင်း၁သန်းအတွက်လူသားချင်းစာနာထောက်ထားရေးအကူအညီတွေလိုအပ်နေတယ်လို့လည်းUNOCHAအဖွဲ့ကပြောထားပါတယ်။

    မြန်မာအတွက်ဒေါ်လာသုံးသိန်းမြောက်ကိုရီးယားထောက်ပံ့

    ဓာတ်ပုံ ရင်းမြစ်, Reuters

  5. ကညွတ်ကွင်းမြို့နယ် က ဖမ်းဆီးခံ လူငယ်တွေ မိသားစုနဲ့အဆက်သွယ်မရသေး

    ရန်ကုန် မန္တလေးမီးရထားလမ်းဗုံးပေါက်ကွဲမူအပြီး ကညွတ်ကွင်းမြို့နယ်က ဖမ်းဆီးခံ လူငယ်တွေနဲ့ မိသားစုတွေ အဆက်သွယ်မရဘူးလို့မိသားစုဝင်တွေက ပြောပါတယ် ။ဇွန်လ ၈ ရက်နေ့ကရန်ကုန် မန္တလေး မီးရထားလမ်းပေါက်ကွဲမူဖြစ်စဉ်နဲ့ ပက်သတ်ပြီးသံသယရှိသူတွေကိုလက်နက်နဲ့တကွဖမ်းမိခဲ့တယ်လို့ နိူင်ငံပိုင်သတင်းဌာနတွေမှာ ဖော်ပြခဲ့တာရှိပေမယ့် ပေါက်ကွဲမူဖြစ်စဉ်နောက်ပိုင်း မြို့တွင်းဝင်ရောက်ဖမ်းဆီးခဲ့တဲ့ လူငယ်တွေကိုတော့ ပြန်လွှတ်ပေးတာမရှိပဲ မိသားစုနဲ့အဆက်သွယ်လည်းမရဘူးလို့ မိသားစုဝင်တွေကပြောပါတယ် ။ " အိမ်ကို ည ၁နာရီလောက်ကြီး စစ်ကားတွေနဲ့လာပြီးဖမ်းသွားတာ မွှေနှောက်ပြီးတော့ တွေ့တဲ့ပိုက်ဆံတွေလည်းယူသွားတယ် ။ အိမ်ကသားတွေအပါဝင် အဲ့နေ့က တမြို့လုံးပတ်ဖမ်းတာ ၁၀ ယောက်ကျော်တယ် ။ သူတို့ကိုဖမ်းပြီးနောက်နှစ်ရက် လောက်နေတော့ အသက် ၂၀ လောက်ရှိတဲ့ လူငယ်တစ်ယောက်ကိုထပ်ဖမ်းတယ်။ နောက်နေ့ကျတော့ လူငယ် ၈ ယောက်ကို ပေါက်ခွဲမူ သက်သေခံနဲ့တကွဖမ်းမိတယ်ဆိုပြီး မြဝတီမှာပါလာတယ် ။ ဒါပေမယ့် ဖမ်းသွားတဲ့ကျွန်တော့်သားကိုတော့ ပြန်မလွှတ်ပေးဘူး ။ တခြား ကလေးတွေလည်းမလွှတ်ပေးဘူး ။ အခုထမင်းလည်းပို့လို့မရဘူး ဘယ်မှာထားတယ်ဆိုတာလည်းမသိရဘူး အဆက်သွယ်ပြတ်နေတယ်"လို့ ဖမ်းဆီးခံရတဲ့လူငယ်တစ်ဦးရဲ့မိသားစုဝင်တစ်ယောက်က ပြောပါတယ်။ လက်ရှိကညွတ်ကွင်းမြိုနယ်ထဲမှာ ဗုံးပေါက်ကွဲမူဖြစ်စဉ်တွေမကြာခဏကြားရပြီး ညအချိန်သေနတ်ပစ်ဖောက်သံတွေလည်းကြားနေရတယ်လို့ဒေသခံတွေက ပြောပါတယ်။ ဒါပေမယ့်ပေါက်ကွဲမူနဲ့ပစ်ခတ်မူတွေကြောင့် လူထိခိုက်မူတွေတော့မရှိဘူးလို့ ဆိုပါတယ် ။

    ကညွတ်ကွင်းမြို့နယ် က ဖမ်းဆီးခံ လူငယ်တွေ မိသားစုနဲ့အဆက်သွယ်မရသေး

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. လိူင်သာယာမြို့နယ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံး သတင်းမျှဝေသူ လူငယ်တွေကိုဖမ်းဆီး

    လိူင်သာယာမြို့နယ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးတဲ့နောက် လူမူကွန်ယက် မှာ ရေးသားဖော်ပြတဲ့ လိူင်သာယာ ၁၉ ရပ်ကွက်က လူငယ် ၇ ယောက်ကိုဖမ်းဆီးခေါ်ဆောင်ပြီး စစ်ခုံရုံးတင်ဖို့လုပ်နေတယ်လို့ အဲဒီလူငယ်တွေရဲ့မိတ်ဆွေတွေကပြောပါတယ်။မနေ့ကဇွန်လ ၁၆ ရက် က လိူင်သာယာ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးသေဆုံးတဲ့ ဓါတ်ပုံကို တင်တဲ့ ဒုတိယနှစ်ကျောင်းသူနဲ့ အဲဒီ ဓါတ်ပုံကိုလူမူကွန်ယက်မှာပြန်မျှ ဝေတဲ့ သူငယ်ချင်း ၆ ယောက်ကိုတပြိုင်တည်းဖမ်းဆီးသွားတာလို့ ဆိုပါတယ် ။

    "မနေ့ကည ၁၁ နာရီလောက်က အိမ်ကိုအတင်းဝင်ဖျက်ပြီးလာဖမ်းသွားတာ ။ မနေ့က ၁၃ ရပ်ကွက်က အုပ်ချူပ်ရေးမှူးပစ်သတ်ခံရတဲ့ပုံကို ငါတို့ရပ်ကွက်က အုပ်ချုပ်ရေးမှူးရော မပါသေးဘူးလားဆိုပြီး လူငယ်သဘာဝတင်တာကို ဖမ်းတာ ။ တင်ထားတာကို share လုပ်တဲ့သူ့သူငယ်ချင်း ၆ယောက်ကို ပါဖမ်းသွားတာ။ မိသားစုတွေက စခန်းကိုလိုက်သွားတော့စစ်တိုင်းမှူးအမိန့်ကိုစောင့်ပြီးတော့ စစ်ခုံရုံးနဲ့စစ်မှာ ဘာပုဒ်မမတပ်သေးဘူးလို့ပြောလိုက်တယ် " လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

    လက်ရှိအချိန်မှာ ဖမ်းဆီးသွားတဲ့ ကျောင်းသား ၆ယောက်ကို ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ် ဆိုတာကို မသိသေးကြောင်းမိသားစုတွေကပြောပါတယ် ။ မနေ့က လိူင်သာယာ ၁၃ ရပ်ကွက် အုပ်ချူပ်ရေးမှူး ပစ်ခတ်ခံရပြီးသေဆုံးမူကြောင့် လိူင်သာယာမြို့တွင်း စစ်ဆေးမူတွေ တင်းကြပ်နေတယ်လို့ လည်းဒေသခံတွေကပြောပါတယ် ။

    ပုံစာ-  စစ်အုပ်ချုပ်ရေး ကြေငြာခံထားရသည့်လှိုင်သာယာမြို့နယ် မတ် ၁၆ရက် မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ပုံစာ- စစ်အုပ်ချုပ်ရေး ကြေငြာခံထားရသည့်လှိုင်သာယာမြို့နယ် မတ် ၁၆ရက် မြင်ကွင်း
  7. စမ်းချောင်း သံတံတားရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရ

    ရန်ကုန် စမ်းချောင်း သံတံတားရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မိုး ဒီကနေ့ဇွန် ၁၇ ရက် မနက်ပိုင်း ၁၀နာရီ ကျော် ကသေနတ်နဲ့ပစ်ခံရတယ်လို့ အဲဒီနားနေထိုင်သူတွေကပြောပါတယ်။

    ဦးခေါင်းနားတဝိုက် ထိမှန်ခဲ့ပြီး လက်ရှိအချိန်မှာ ဆေးရုံကိုပို့ဆောင်ကုသပေးနေတယ်လို့ဆိုပါတယ်။ လက်ရှိမှာ အဲဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် စမ်းချောင်း ဗဟိုလမ်းတဝိုက်မှာပိတ်ဆို့စစ်ဆေးတာတွေကို စစ်ကောင်စီတပ်တွေက လုပ်နေပါတယ်။ ဦးမောင်မိုးဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်ပြီး သူ့အိမ်ထဲမှာ ရှိနေချိန် သေနတ်နဲ့လှမ်းပစ်ခံရတာလို့ ဆိုပါတယ်။

    "သူကအရင်ရက်ကတည်းက သူ့အိမ်ရှေ့ကိုသံပန်းတွေနဲ့လိုက်ပိတ်နေတာဒီနေ့တော့ သူ့အိမ်ထဲကိုလှမ်းပစ်လိုက်တာအခုတော့ဆေးရုံကားနဲ့တင်သွားပြီသံတံတားလမ်းကိုလည်းပိတ်လိုက်ပြီ" လို့ အဲဒီနားနေထိုင်သူကပြောပါတယ်။

    စစ်အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်တိုင်းအတွင်း လက်ရှိအချိန်အထိ အုပ်ချုပ်ရေးမှူးသေဆုံးမှုဟာဇွန်လ ၁၆ရက် အထိ ၈ယောက်ရှိပြီဖြစ်ပါတယ်။ သေဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးတွေ အတွက် ကျန်ရစ်သူမိသားစုတွေကို စစ်ကောင်စီ တစ်ဦးကို ကျပ် ၅သိန်းစီထောက်ပံ့ခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားမှာ ကြေညာတာတွေ့ရပါတယ်။

    စမ်းချောင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေ လှည့်လည်နေမှုကိုတွေ့ရပုံ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စမ်းချောင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်တွေ လှည့်လည်နေမှုကိုတွေ့ရပုံ
  8. ဖလမ်းမြို့မှာ ကိုဗစ်- ၁၉ နဲ့ သေဆုံးသူ ၅ ဦးအထိရှိလာ

    ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ ဇွန်လ ၁၆ရက် အထိ ကိုဗစ်- ၁၉ နဲ့ သေဆုံးလူနာ စုစုပေါင်း ၅ ဦးအထိ ရှိလာပြီလို့ ဒေသခံတွေကပြောပါတယ်။

    မနေ့ကဇွန်လ ၁၆ရက်မှာသေဆုံးသူဟာ အသက် ၂၇ နှစ်အရွယ်သာရှိသေးပြီး ဖလမ်းပြည်သူ့ဆေးရုံကြီး မှာဆေးကုသမှုခံယူနေစဉ်သေဆုံးခဲ့တာပါ။

    မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အသစ် မနေ့ကဇွန် ၁၆ရက်မှာ ၃၅၅ ဦး ထပ်တွေ့ပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာပါတယ်။

    ပြီးခဲ့ရက်ပိုင်းက မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် သုံးခု တွေ့ခဲ့တယ်လို့ ကြေညာခဲ့ပြီး အစုလိုက်ကူးစက်သူ ရာချီတွေ့ရှိတဲ့ ကူးစက်မှုတွေလည်း ရှိလာခဲ့ပြီးနောက် အများဆုံး စံချိန်တင် တစ်ရက်တည်း ကူးစက်သူ တွေ့ရှိမှု ဖြစ်ပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ ကူးစက်သူ စုစုပေါင်း ၁၄၆,၄၀၆ရှိပြီး သေဆုံးသူ ၃၂၅၀ ရှိပြီ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းက ကူးစက်မှု မြင့်တက်လာတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ် ခုနစ်မြို့နယ်ကို stay at home ကြေညာထားပါတယ်။

    ဖလမ်းမြို့မှာ ကိုဗစ်- ၁၉ နဲ့ သေဆုံးသူ ၅ ဦးအထိရှိလာ

    ဓာတ်ပုံ ရင်းမြစ်, Chin World

    ဓာတ်ပုံ ပုံစာ, ဖလမ်းမြို့မှာ ကိုဗစ်- ၁၉ နဲ့ သေဆုံးသူ ၅ ဦးအထိရှိလာ
  9. NUG ရဲ့ ကြားကာလပညာသင်ကြားမှုအစီအစဉ် ထုတ်ပြန်

    အခြေနေအကြောင်းအမျိုးမျိုးကြောင့် ပညာသင်ခွင့်ခက်ခဲနေသူအားလုံးအတွက် ကြားကာလပညာသင်ကြားမှုအစီအစဉ်ကို လေးလေးနက်နက်အာမခံချက်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇွန်လ ၁၆ ရက်နေ့မှာကြားကာလပညာရေးအစီစဉ်ကြေညာချက်မှာထုတ်ပြန်လိုက်ပါတယ်။

    ပြည်တွင်းမှာ ကိုဗစ်ရောဂါအခြေနေကြောင့် နှောင့်နှေးကြန့်ကြာခဲ့တဲ့ ကျောင်းသားပြည်သူတွေရဲ့ပညာရေးဟာ စစ်ကောင်စီအစိုးရက အာဏာသိမ်းပြီးတဲ့နောက်ထပ်မံပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် အခုလိုကြားကာလပညာရေးအစီစဉ်ကို အကောင်ထည်ဖော်ရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

    ၂၀၂၁-၂၀၂၂ ကြားကာလပညာရေးအစီစဉ်ကို ကျောင်းသာလူငယ်များ မိမိတို့နေအိမ် ၊ ရပ်ရွာထဲတွင် လုံခြုံစွာပညာသင်ကြားနိုင်ရန် ၊ အလွတ်ကျက်ပညာရေးအစား တီထွင်တွေးခေါ်နိုင်မှုကိုအားပေးတဲ့ပညာရေးအဖြစ် အကောင်ထည်ဖော်ရန် ရည်ရွယ်ချက်တွေနဲ့လုပ်တာဖြစ်တယ်လို့ဆိုပါတယ်။

    " ကျွန်တော်တို့လတ်တလော NUG အစိုးရရဲ့ပညာရေးဝန်ကြီးဌာနနဲ့ကြားကာလ တက္ကသိုလ်ကောင်စီကိစ္စတွေ ချိတ်ဆက်လုပ်ဆောင်ဖြစ်နေပါပြီ။ ကြားကာလ ပညာရေးအတွက် ဘာတွေလုပ်ဖြစ်နေလဲဆိုတော့ ကြားကာလမှာလူငယ်တွေ ကျောင်းလဲပိတ်ထားကြတယ်။ စစ်ကောင်စီပညာရေးကို သပိတ်မှောက်ထားကြတယ်ဆိုတော့ အဓိကနောက်ဆုံးနှစ်ကျောင်းသားတွေဆိုရင် သူတို့တွေ သုတေသနလုပ်တာတွေဆက်လုပ်နိုင်မယ် ။ ကြားကာလပညာရေးဖွင့်ပေးလိုက်ရင် ပညာတွေဆက်သင်ပြီး ဆက်လုပ်နိုင်မယ်။ CDM လုပ်ထားတဲ့ဆရာမတွေနဲ့ ကာလတို သင်ရိုးတွေဆက်လုပ်ဖို့ NUG နဲ့ချိတ်ဆက်နေတယ်။ နောက်ပြီးတော့တော်လှန်ရေးအတွက်လိုအပ်တဲ့ ညစ်ညမ်းတဲ့ ရေကိုရေသန့်ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့ သင်တန်းတွေကအစ ချိတ်ဆက်ပြီး လုပ်ကိုင်နေပါတယ်" လို့နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားတစ်ဦးက ဘီဘီစီကိုပြောတယ်။

    လက်ရှိ NUG ရဲ့ပညာရေးဝန်ကြီးဌာနကကြေညာတဲ့ကြားကာလပညာရေးအစီစဉ်မှာဆိုရင်အိမ်တွင်းပညာသင်ကြားရေးတွေ၊ သက်မွေးပညာသင်ကြားရေးနဲ့ ကလေးငယ်များအတွက်ကလေးစိတ်ပညာ ၊ ကျောင်းသားလူငယ်များအတွက် ဖက်ဒရယ်ဒီမိုကရေစီသင်ခန်းစာတွေလည်း ပါဝင်မယ်လို့ဆိုပါတယ်။

    ဒီသင်ခန်းစာတွေကို မိုဘိုင်းအင်တာနက်ကတဆင့်သင်ကြားပေးမှာဖြစ်သလို အင်တာနက် လက်လှမ်းမမီတဲ့ ဒေသများအတွက် အင်တာနက်အသုံးပြုရန် မလိုတဲ့သင်ကြားမှုပုံစံတွေကိုပါ စီစဉ်သွားမယ်လို့ဆိုပါတယ်။

    လက်ရှိမှာ နိုင်ငံတဝန်းက ကျောင်းသား ၉၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီအစိုးရအောက်မှာကျောင်းမအပ်နှံရေးဆန့်ကျင်ဆန္ဒပြရာမှာပါဝင်ထားကြတယ်လို့လည်း NUG ထုတ်ပြန်ချက်က ဖောြ်ပထားပါတယ်။ လက်ရှိမှာ ရန်ကုန်အပါဝင်နယ်မြိုတချို့က အခြေခံပညာကျောင်းတချို့မှာ အစုလိုက် အပြုံလိုက် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ကျောင်းတချို့ပြန်ပိတ်ထားရပါတယ် ။

  10. မြန်မာ လက်‌ရွေးစင်ဘောလုံးအသင်း ဂိုးသမား ဂျပန်မှာ နိုင်ငံရေးခိုလှုံခွင့်တောင်း

    ဂျပန်နိုင်ငံမှာ ကျင်းပခဲ့ တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ မြန်မာစစ်‌အာဏာသိမ်း ကောင်စီကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ မြန်မ့ာလက်‌ရွေးစင် အမျိုးသားဘောလုံးအသင်း ဂိုးသမား ပြည့်သျှံအောင်ဟာ ဇွန်လ ၁၆ ရက်နေ့က မြန်မာအသင်းနဲ့ အတူ မပြန်ဘဲ ဂျပန်နိုင်ငံအိုဆာကာမြို့က ကန်ဇိုင်း လေဆိပ်မှာ ကျန်နေခဲ့တယ်လို့ သူက ဘီဘီစီကိုပြောပါတယ်။

    ဂျပန်ရှေ့နေ နဲ့ ဂျပန်နိုင်ငံက မြန်မာအသိုင်းဝိုင်းက သူ့ရဲ့နေရေးထိုင်ရေးအတွက် စီစဥ်ပေးနေပြီးတော့ အခုအခါမှာ သူ့ဟာလေဆိပ်ကနေ လုံခြုံတဲ့နေရာကို ရောက်သွားပြီဖြစ်တယ်လို့လည်း သူကပြောပါတယ်။

    သူဟာ ဂျပန်နိုင်ငံမှာ နေထိုင်ပြီး နိုင်ငံရေးခိုလှုံခွင်တောင်းခံဖို့ စီစဥ်နေတယ်လို့လည်း ဂျပန် သတင်းဌာနတွေက ရေးပါတယ်။

    ပြီးခဲ့တဲ့ မေလ၂၈ ရက်က ဂျပန်နိုင်ငံမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာ- ဂျပန် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ မြန်မာအသင်း လက်ရွေးစင် ဂိုးသမား ကိုပြည့်သျှံအောင်က ပွဲမစမီ ကွင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ဆန္ဒပြခဲ့ပါတယ်။

    အဲဒီနေ့ပွဲမှာသူဟာ အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့ပြီး နိုင်ငံတော် သီချင်း သီဆိုချိန်မှာ ကွင်းဘေးကနေ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

    မြန်မာ့လက်ရွေးစင်တစ်သင်းလုံးမှာ ကိုပြည့်သျှံအောင်တစ်ဦးတည်း ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။

    ပြည့်လျှံအောင်

    ဓာတ်ပုံ ရင်းမြစ်, Social Media

  11. ဒီးမော့ဆိုမြို့နယ်ထဲက တိုက်ပွဲကြောင့် သေဆုံးနေသူတွေအလောင်းကိုသင်္ဂြိုဟ်

    ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲကြောင့် သေဆုံးပြီးပုပ်ပွနေတဲ့ ငွေတောင်ကျေးရွာ အတွင်းက အလောင်းတွေကို မြို့နယ်သံဃာနာယကဆရာတော်ကြီးတွေ ခွင့်ပြုချက်နဲ့ ထီးပွင့်ကန်ဆရာတော်၊ဒေါဘူးကူး ဆရာတော်၊ ဒေါပိုးစီ ဆရာတော်၊မစိုးရိမ်တိုက်သစ် ဆရာတော်တွေ ဦးဆောင်ပြီး သံဃာ ၁၈ပါးတို့က ငွေတောင် သုသာန်မှာ ဇွန်လ ၁၆ ရက်နေ့က စုပေါင်း သင်္ဂြိုဟ် ပေးခဲ့တယ်လို့သိရပါတယ်။

    ဒီရုပ်အလောင်းတွေဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်၊ ဘယ်နှစ်ဦးသေဆုံးခဲ့တယ်ဆိုတာ အတည်ပြုလို့ မရသေးပါဘူး။

    တချို့ရုပ်အလောင်းတွေဟာ အရိုးတွေကျနေပြီး မည်သူမည်ဝါဆိုတာ အတည်ပြုနိုင်ဖို့ခက်တယ်လို့လည်း ဒေသခံတွေကနေ တစ်ဆင့်သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, U Dama Pwint

  12. ကိုဗစ်ကူးစက်သူအသစ် ၃၅၅ ဦးထပ်တွေ့

    မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ အသစ် ဒီကနေ့ ၃၅၅ ဦး ထပ်တွေ့ပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြေညာပါတယ်။

    ပြီးခဲ့ရက်ပိုင်းက မြန်မာနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ် သုံးခု တွေ့ခဲ့တယ်လို့ ကြေညာခဲ့ပြီး အစုလိုက်ကူးစက်သူ ရာချီတွေ့ရှိတဲ့ ကူးစက်မှုတွေလည်း ရှိလာခဲ့ပြီးနောက် အများဆုံး စံချိန်တင် တစ်ရက်တည်း ကူးစက်သူ တွေ့ရှိမှု ဖြစ်ပါတယ်။

    အခုချိန်ထိ မြန်မာနိုင်ငံမှာ ကူးစက်သူ စုစုပေါင်း ၁၄၆,၄၀၆ရှိပြီး သေဆုံးသူ ၃၂၅၀ ရှိပြီ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းက ကူးစက်မှု မြင့်တက်လာတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က မြို့နယ် ခုနစ်မြို့နယ်ကို stay at home ကြေညာထားခဲ့ပါတယ်။

    ပိုးသတ်ဆေးဖြန်း

    ဓာတ်ပုံ ရင်းမြစ်, MPA

  13. ဘုရားသုံးဆူမြို့ခံတစ်ဦး ပစ်သတ်ခံရ

    မြန်မာ-ထိုင်း နယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့က မြို့ခံတစ်ဦး ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတွေထံကနေ တစ်ဆင့်သိရပါတယ်။

    ဘုရားသုံးဆူမြို့ ရပ်ကွက် (၂) ဘုရင့်နောင်လမ်းနေသူ ဦးမောင်ကျော်ဟာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က သေနတ်သမားတွေက ကားနဲ့ လာရောက် ပစ်သွားတာဖြစ်ပြီးတော ဦးခေါင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

    ပစ်သတ်ခံရသူဟာ ဦးမောင်ကျော်ဟာ စစ်တပ်သတင်းပေးတစ်ယောက်လို့ ဒေသခံအချို့က ပြောဆိုမှုတွေရှိပြီးတော့ ဒီလိုပြောတာနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

    မေလ ၁၉ ရက်နေ့တုန်းကလည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကို အမည်အသိလူတစ်စုတို့က ဆိုင်ကယ်နဲ့ လာရောက် ပစ်သတ်သွားခဲ့ပြီး၊ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ညနေကလည်း မွန်ညီညွတ်ရေပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးဟာ ဘုရားသုံးဆူမြို့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. မြစ်ကြီးနားမှာ ပေါက်ကွဲမှုတွေဖြစ်

    မြစ်ကြီးနားမြို့မှာဇွန်လ ၁၆ ရက်နေ့ ညနေပိုင်း ၄နာရီ ဝန်းကျင်လောက်က ဧဒင် နဲ့ အေးမြသာယာ ရပ်ကွက် အနီးမှာ ပေါက်ကွဲမှု နှစ်ကြိမ် အသံကြားရပြီး သေနတ်သံတွေလည်း ကြားရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ပေါက်ကွဲသံ နှစ်ခု ကြားရပြီးနောက် သေနတ်သံ ၅ ချက်ခန့် ထပ်ပြီး ကြားခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။

    ဇွန်လ ၁၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ရွှေညောင်ပင်ရပ်ကွက်မှာရှိတဲ့ အမှတ် (၁၁) အခြေခံပညာအထက်တန်း ကျောင်းမှာလည်း နေ့လယ်ခင်းမွန်းလွဲ ၁၂နာရီခွဲ လောက်မှာ မိုင်းလို့ယူဆရတဲ့ပေါက်ကွဲသံတွေ ကြားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    မြစ်ကြီးနားက ဒီက‌နေ့ ဇွန်လ ၁၆ ရက်‌နေ့ ပေါက်ကွဲမှုတွေနဲ့ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရသူရှိမရှိကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

    ပြီးခဲ့တဲ့ဲ့တ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂နာရီကျော်က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မြစ်ကြီးနား ပညာရေးမှူးရုံး
    ဓာတ်ပုံ ပုံစာ, ပြီးခဲ့တဲ့လ ၂၈ ရက်နေ့ နေ့လယ် ၁၂နာရီကျော်က ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မြစ်ကြီးနား ပညာရေးမှူးရုံး
  15. မြန်မာ့နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့ ပက်ထရိုနက်စ်ကုမ္ပဏီကို JPMorgan က စျေးကွက်ညွှန်းကိန်းကနေ ထုတ်ပယ်ဖွယ်ရှိ

    မလေးရှားအစိုးရပိုင် ပက်ထရိုနက်စ် စွမ်းအင်ကုမ္ပဏီနဲ့ အင်ဒိုနီးရှား ပါတာမီးနား စွမ်းအင်ကုမ္ပဏီတို့ကို JPMorgan ဘဏ်ကြီးက သူ့ရဲ့ESG EMBI စျေးကွက်ညွှန်းကိန်း စာရင်းထဲကနေ ထုတ်ပယ်ဖို့ စဉ်းစားသုံးသပ်နေတယ်လို့ JPMorgan ရဲ့ ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    အဲဒီ ကုမ္ပဏီကြီး နှစ်ခုဟာ သတ်မှတ်ထားတဲ့ အရည်အသွေး စံနှုန်း မပြည့်မီတော့တဲ့အတွက် ဇွန်လကုန်မှာ JPMorgan ရဲ့ ညွှန်းကိန်းစာရင်းထဲကနေ ထုတ်ပယ်ခံရဖွယ် ရှိတယ်လို့ JPMorgan ဘဏ်က ဆိုပါတယ်။

    ESG ညွှန်းကိန်းစာရင်းထဲမှာ ထည့်သွင်းဖို့ လိုအပ်တဲ့ သတ်မှတ်ချက်စံနှုန်းနဲ့ ပြည့်မပြည့် ဆိုတာကို JPMorganက ပြင်ပကုမ္ပဏီတွေကို ငှားပြီး စိစစ်ခိုင်းခဲ့တာပါ။

    အဲဒီထဲက ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sustainalytics ကုမ္ပဏီရဲ့ စစ်ဆေးမှုတွေအရ အန္တရာယ်ရှိနိုင်တယ်လို့ သတ်မှတ်ထားတဲ့ နေရာဒေသတွေမှာ ပက်ထရိုနက်စ် ကုမ္ပဏီ ဒါမှမဟုတ် သူ့နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေရဲ့ လုပ်ဆောင်မှုတချို့ဟာ ကုလသမဂ္ဂရဲ့ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ထားချက်ကို ချိုးဖောက်နေတယ်လို့ စိစစ်တွေ့ရကြောင်း JPMorganရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ပက်ထရိုနက်စ် ကုမ္ပဏီရဲံ သတ်မှတ်ချက် စံနှုန်းကျဆင်းမှုဟာ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်အတော်များများနဲ့ရော၊ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေနဲ့ ဆက်နွှယ် ပတ်သက်နေတယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ပက်ထရိုနက်စ်ကုမ္ပဏီဘက်က တုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

    ပါတာမီးနား စွမ်းအင်ကုမ္ပဏီရဲ့ အရည်အသွေး သတ်မှတ်ချက် လျော့ကျသွားရတာဟာလည်း အနောက် ဂျားဗားဒေသမှာ လူ တစ်ထောင်နီးပါး နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ သန့်စင်စက်ရုံတစ်ရုံ မီးလောင်ခဲ့တာနဲ့ တစိတ်တပိုင်း ပတ်သက်နေသလို သမိုင်းတင်ရလောက်အောင် ရေနံယိုဖိတ်မှုတွေကြောင့် အစိုးရနဲ့ ညှိနှိုင်းနေရတဲ့ ကိစ္စလည်း ပါဝင်နေတယ်လို့ JPMorgan ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

    ပက်ထရိုနက်စ်၊ JPMorgan ၊ မြန်မာ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  16. ကိုဗစ်ပိုးတွေ့ရှိမှု - အခြေခံပညာကျောင်းတွေဖွင့်ထားဆဲ

    မြန်မာနိုင်ငံ ကိုဗစ်မျိုးကွဲသစ် သုံးမျိုးသစ်တွေ့ရှိတယ်လို့ ကြေညာခဲ့ပြီး အခုရက်ပိုင်းအတွင်း ရန်ကုန်၊ လှည်းကူးမြို့နယ်က မဟော်သဓာ ကျောင်းမှာ အစုလိုက်အပြုံလိုက် ပိုးတွေ့ရှိခဲ့သလို မွန်ပြည်နယ်၊ မော်လမြိုင်က အထက်တန်းကျောင်းမှာလည်း ပိုးတွေ့ရှိမှု တချို့ရှိပါတယ်။

    ကိုဗစ်ပိုးတွေ့ရှိမှုတွေ ဆက်တိုက်များပြားနေပေမယ့် ဇွန်လဆန်းမှာ ဖွင့်ခဲ့တဲ့ ကျောင်းတွေကတော့ ဆက်ဖွင့်နေဆဲပါ။

    အဲဒီထဲကမှ ပဲခူးတိုင်း၊လက်ပံတန်းမြို့နယ်က အစိုးရကျောင်းတွေကိုတော့ အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။

    ပိုးတွေ့နှုန်းများနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာတော့ ဆေးရုံမှာ တက်ရောက်ကုသသူထက် အိမ်တွေမှာ နေထိုင်တဲ့သူတွေ ပိုများနေပါတယ်။

    စစ်ဆေးရုံဘက်ကလည်း ကိုဗစ် ပိုးရှိ၊ မရှိကိုသာ စစ်ဆေးပေးပြီး ပိုးတွေ့အတည်ပြု လူနာတွေကို လက်ခံကုသပေးတာမရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

    ကလေးမြို့က ပိုးတွေ့အတည်ပြုလူနာတွေ လက်ခံထားတဲ့ အိတ်စွပ်စင်တာရဲ့အခြေအနေကို အဲ့ဒီက စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပြရာမှာ လက်ရှိမှာ ပိုးတွေ့လူနာ ၂၄၀ လောက်အထိ လက်ခံထားပြီး စင်တာမှာ လူနာ ၄၀၀ လောက်ထိ လက်ခံနိုင်တဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

    မြန်မာ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယအပြင် ထိုင်းနိုင်ငံ တို့မှာပါ ကိုဗစ်ပိုးတွေ့နှုန်း မြင့်တက်လာတာကြောင့် နယ်စပ်ဒေသတွေကို အထူးဂရုစိုက်ဖို့လိုတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်းရှိပါတယ်။

    ပြီးတော့ ကူးစက်မြန်လို့ ကုသမှုပိုင်းမှာလည်းခက်ခဲနိုင်တာကြောင့် ကြိုတင်ပြင်ဆင်သင့်တယ်လို့ကျန်းမာရေးပညာရှင်တွေက ပြောကြပါတယ်။

    လက်ရှိမှာတော့ စစ်ကောင်စီ တာဝန်ရှိသူတွေက ရန်ကုန်မြို့က အင်းယားစင်တာနဲ့ မြန်မာကွန်ဗန်းရှင်းစင်တာတွေကို ပိုးတွေ့အတည်ပြုလူနာထားဖို့ ပြင်ဆင်နေပြီး မြို့နယ်တချို့မှာလည်း ကွာရန်တင်းစင်တာတွေထားဖို့ ပြင်ဆင်နေပါတယ်။

    ရခိုင်ပြည်နယ်မှာ စစ်တွေမြို့မှာ ဇွန်လ ၁ ရက် ကျောင်းတွေ ပြန်ဖွင့်စဥ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်တွေမြို့မှာ ဇွန်လ ၁ ရက် ကျောင်းတွေ ပြန်ဖွင့်စဥ်
  17. ၂၀၂၃ အာရှဖလား ခြေစစ်ပွဲပုံစံပြောင်းလို့ Play-off မလိုဘဲ မြန်မာအသင်း တိုက်ရိုက်ကစားခွင့်ရ

    ၂၀၂၃ အာရှဖလားပြိုင်ပွဲ ခြေစစ်ပွဲတိုက်ရိုက်မအောင်မြင်တဲ့ အသင်းတွေအတွက် အာရှဘောလုံး အဖွဲ့ချုပ်(AFC)ရဲ့ ခြေစစ်ပွဲပုံစံပြောင်းလဲမှုကို ဒီကနေ့ ဇွန် ၁၆ ရက်မှာ ကြေညာလိုက်ပါတယ်။

    အဲဒီလိုပြောင်းလဲမှုကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု(F)ရဲ့ နောက်ဆုံးနေရာမှာရှိခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ အရင်သတ်မှတ်ချက်အရ Play-off အဆင့်တစ်ဆင့်ကစားဖို့မလိုတော့ဘဲ တတိယအဆင့်ခြေစစ်ပွဲကို တိုက်ရိုက် ယှဉ်ပြိုင်ခွင့်ရရှိသွားတာ ဖြစ်ပါတယ်။

    ၂၀၂၃ အာရှဖလားပြိုင်ပွဲကို တရုတ်နိုင်ငံ မှာ ဇွန်လ(၁၆)ရက် ကနေ ဇူလိုင်လ(၁၆)ရက်အထိ ကျင်းပမှာဖြစ်ပြီး လက်ရှိ မှာလက်ရှိ အာရှ ချန်ပီယံ ကာတာ၊ အိမ်ရှင်အသင်းတရုတ်၊ ဂျပန်၊ ဆီးရီးယား၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ အီရန်၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်၊ ဗီယက်နမ်၊ လက်ဘနွန်အသင်းတွေက ယှဉ်ပြိုင်ခွင့်ရထားတာပါ။

    MFF

    ဓာတ်ပုံ ရင်းမြစ်, MFF

  18. မင်္ဂလာပါ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အချိန်နဲ့ တစ်ပြေးညီ တိုက်ရိုက်တင်ဆက်မှု စတင်ပါပြီ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေကို ဒီနေရာမှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။