တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့အတူပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်

    မြန်မာလူထုပြုလုပ်နေတဲ့ တော်လှန်ပန်းတွေနေရာတိုင်းမှာပွင့်မယ်ဆိုတဲ့ ပန်းသပိတ်မြင်ကွင်းတွေဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့အတူပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့အတူပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့အတူပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့အတူပြုလုပ်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ပန်းသပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒီနေ့ ဇွန်လ ၁၉ရက်မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အပြင် ဖမ်းဆီးခံပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလှုပ်ရှားမှုကို ပြုလုပ်တာဖြစ်ပါတယ်။

    ဒါ့ပြင် စစ်အာဏာရှင်က ဘယ်လောက်ပဲ ဖိနှိပ်နေပါစေ လူထုဟာ ဒီဒုက္ခတွေကို ပန်းပန်ပြီး ကြံ့ကြံ့ခံတွန်းလှန်နေဆဲဆိုတဲ့ စည်းလုံးမှုကို ပြသဖို့ ဒီပန်းသပိတ်ကို ပြုလုပ်တာဖြစ်ပါတယ်။

  2. အခွန်နှုန်းထားတွေ ထက်ဝက်လျှော့ချ

    ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ပြင်ဆင်ပြီးအခွန်အကောက်နှုန်းထားတွေ‌ကို လျှော့ချလိုက်တယ်လို့ ဇွန်လ ၁၇ ရက်စွဲနဲ့ စစ်ကောင်စီက ကြေညာပါတယ်။

    ဒါဟာ ကားနဲ့အိမ်ခြံမြေလို အခြေပစ္စည်းတွေအတွက် လက်ရှိဆောင်နေရတဲ့ နှုန်းထားထက် တစ်ဝက်တိတိ လျှော့ချပေးတာ ဖြစ်ပါတယ်။

    ဇူလိုင်လ ၁ ရက် ကနေစပြီး ၃ လတာ ကာလအတွက် အခွန်တစ်ဝက်နီးပါး သက်သာခွင့် ပေးလိုက်တာပါ။

    လျှပ်စစ်ဓာတ်အားခ မဆောင်ကြလို့ ဘီလျံနဲ့ချီတဲ့ငွေတွေ အခွန်ဘဏ္ဍာအဖြစ် ဝင်မလာချိန်မှာ အခုလို အခွန်လျှော့ပေါ့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

    ဘယ်လိုစီးပွားရေးကဏ္ဍတွေမှာ သက်ရောက်မှု ရှိနိုင်မလဲ

    အခွန်ဆောင်ကြတယ်ဆိုတဲ့နေရာမှာ အိမ်ခြံမြေနဲ့ ကားအရောင်းအဝယ်လုပ်သူတွေက ဆောင်တာများတဲ့အတွက် သူတို့အပေါ် သက်ရောက်မှုပိုရှိနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

    အခုလို အခွန်လျှော့ချပေးလိုက်တဲ့အတွက် အိမ်ခြံမြေနဲ့ ကားအရောင်းအဝယ်တွေ ပိုဖြစ်လာနိုင်တယ်လို့လည်းသူကဆိုပါတယ်။

    အရင်က အိမ်ခြံမြေဝယ်ကြတယ်ဆိုရင် အခွန်ရှောင်ချင်ကြတဲ့အတွက် နာမည်မပြောင်းဘဲSpecial Power နဲ့ နေကြတာ များပါတယ်။

    အခုလို အခွန်လျှော့ပေါ့ပေးလိုက်တော့ ဝယ်ယူပြီးရင် နာမည်ပြောင်းတာတွေလည်း ဖြစ်လာနိုင်တယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

    ကောက်မယ့်နှုန်းထားသစ်

    အခွန်နှုန်းထားသစ်သတ်မှတ်ချက်အရ ဝင်ငွေ ကျပ်သိန်း တစ်ထောင်အထိကို ၃ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်ထောင်ကနေ ကျပ်သိန်း သုံးထောင်အထိကို ၅ ရာခိုင်နှုန်း၊ ကျပ်သိန်း သုံးထောင်ကနေ ကျပ်သိန်း တစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ကြရမှာဖြစ်ပါတယ်။

    ကျပ်သိန်းတစ်သောင်း အထက် ပမာဏကြီးမားတဲ့ငွေတွေအတွက်ကတော့ အခွန်ဆောင်ရမယ့် ပမာဏက လက်ရှိအခြေအနေထက် ကြီးကြီးမားမားအပြောင်းအလဲ မရှိပါဘူး။

    ကျပ်သိန်းတစ်သောင်းကနေ ကျပ်သိန်းသုံးသောင်းအထိကို ၁၅ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး ကျပ်သိန်း သုံးသောင်းအထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။

    အခု ပေးလိုက်တဲ့ အခွန်သက်သာခွင့်ဟာ ဇူလိုင် ၁ ရက်နေ့ကနေ စတင်ပြီး စက်တင်ဘာ ၃၀ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

    အောက်တိုဘာကနေ မတ်လအထိ နောက်ထပ် ၆ လ အတွင်းမှာလည်း အခွန်နှုန်းထားတွေ အခုလို လျှော့ချဖို့ရှိမရှိ စဥ်းစားဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ဇွန် ၁၇ ရက် နေ့ အစည်းအဝေးမှာပြောပါတယ်။

    ဒီလို အခွန်လျှော့ပေါ့မှုတွေထက် လက်ရှိ ဖြစ်ပေါ်နေတဲ့ ဘဏ်တွေရဲ့ အခက်အခဲကို ဖြေရှင်းပေးမှသာ ပိုအကျိုးရှိနိုင်မယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့ကသုံးသပ်နေကြပါတယ်။

    NLD အမျိုးသား ဒီမိုကရေစီ အစိုးရ လက်ထက်က ပြောင်းလဲသတ်မှတ်ခဲ့တဲ့ အောက်တိုဘာလ ၁ ရက်က စတင်တဲ့ လက်ရှိ ဘဏ္ဍာရေးနှစ်ကို အရင်က အတိုင်း ဧပြီ ၁ ရက်ကို ပြန်ပြောင်းဖို့လည်း စစ်ကောင်စီက စီစဉ်နေပါတယ်။

    အခွန်နှုန်းထားသစ်တွေ

    ဓာတ်ပုံ ရင်းမြစ်, cincds

  3. ရန်ကုန်မြို့က ပေါက်ကွဲမှုတွေနဲ့ ရပ်ကျေး ဥက္ကဋ္ဌတွေ သတ်ခံရမှု

  4. စုငွေတွေကို စာရင်းရှင်အပ်ငွေလို ငွေပြန်ထုတ်မပေးဖို့ ဗဟိုဘဏ် ညွှန်ကြား

    ငွေစုဘဏ်အပ်ငွေစာရင်း Saving Account ဖွင့်ပြီး ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေကို ပြန်လည်ထုတ်ယူရာမှာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်း တစ်ပတ်တစ်ကြိမ်ပဲ ထုတ်ခွင့်ပေးဖို့ အပါအဝင် ကန့်သတ်ချက်အသစ်တွေကို ဗဟိုဘဏ်က ထပ်မံ ချမှတ်လိုက်ပါတယ်။

    လက်ရှိ အခြေအနေမှာ ကန့်သတ်ချက်တွေ အမျိုးမျိုးရှိနေလို့ ဘဏ်တွေမှာကိုယ်အပ်ထားတဲ့ငွေကို ကိုယ်ပြန်ထုတ်ယူရာမှာ အခက်အခဲတွေရှိနေတဲ့ အချိန်မှာပဲ ဘဏ်တွေက လိုက်နာဆောင်ရွက်ရမယ့် အချက်တွေ ဆိုပြီး အခုလို ထပ်မံ ထုတ်ပြန်လာတာဖြစ်ပါတယ်။

    ဘယ်အချက်တွေလဲ

    ဇွန်လ ၁၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဗဟိုဘဏ်ရဲ့ ညွန်ကြားစာမှာ ငွေစုဘဏ်အပ်ငွေစားရင်း ဖွင့်ထားသူတွေကို စာရင်းရှင်အပ်ငွေစာရင်း Current Account ဖွင့်ထားသူတွေလို ငွေပြန်ထုတ်မပေးဖို့၊ ပမာဏ တစ်ခု ကန့်သတ်ပြီး တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာထုတ်ပေးဖို့တို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

    ကုန်ပစ္စည်း ရောင်းသူတွေကို ငွေပေးချေတဲ့နေရာမှာလည်း ဘဏ်အချင်းချင်းငွေလွှဲတဲ့Account Transfer ဒါမှမဟုတ် Digital Payment တွေနဲ့ ပေးချေနိုင်ရေး ညှိနှိုင်းဆောင်ရွက်ကြဖို့၊ ကုန်သည်တွေနဲ့ ကုန်တိုက်တွေမှာ ကတ်နဲ့ ရောင်းချငွေတွေကို ပြန်လည်ထုတ်ပေးရာမှာ ဘဏ်တွေက ၅၀ ရာခိုင်နှုန်းသာ ထုတ်ပေးဖို့တို့လည်း အဲဒီညွှန်ကြားချက်မှာ ပါပါတယ်။

    ဒါ့အပြင်ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်း အနေနဲ့ မဖြစ်မနေ ငွေသားထုတ်ပေးဖို့ လိုအပ်သူတွေကလွဲရင် ငွေသားထုတ်ပေးတာထက် စာရင်းပြောင်းပေးချေမှုကို ဦးစားပေးဖို့ ဘဏ်တွေဘက်က ညှိနှိုင်း ဆောင်ရွက်ပါလို့ ညွှန်ကြားထားပါတယ်။

    ဒီလို ညွှန်ကြားတာဟာ ငွေကြေးလွယ်ကူမှုနဲ့ ငွေသား စီမံခန့်ခွဲမှုကို ပိုမိုထိန်းကျောင်းဖို့ လိုအပ်လာတဲ့အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဗဟိုဘဏ်က အကြောင်းပြပေမဲ့ ပြည်သူတွေကြားထဲမှာတော့ ငွေအလွယ်တကူ မထုတ်နိုင်အောင် ကန့်သတ်ချက်တွေ ထပ်မံ လုပ်ပြန်ပြီဆိုပြီး စိုးရိမ်ပူပန်မှုတွေ တိုးလာကြပြန်ပါတယ်။

    ဘဏ်အပ်နှံငွေကို ပြန်လည်ထုတ်ယူရာမှာ ကန့်သတ်မှုတွေ ပိုတိုးလာတာကြောင့် ဘဏ်တွေကို အသုံးပြုသူတွေရဲ့ ယုံကြည်မှုကျဆင်းလာရင် ငွေသားကိုင်ဆောင် သုံးစွဲမှုတွေ ပြန်လည် များပြားလာပြီး ဒစ်ဂျစ်တယ် နည်းနဲ့ ငွေပေးငွေချေစနစ်အသုံးပြုတာ၊ ဘဏ်တွေမှာ ငွေအပ်နှံသူတွေ လျော့ပါး လာတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ငွေကြေးဆိုင်ရာ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

    အေတီအမ်စက်မှ ငွေထုတ်ရန် တန်းစီနေသူများ
  5. စစ်ကောင်စီကို အရေးယူရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ကုလ ညီလာခံမှာ မဲခွဲဆုံးဖြတ်မယ်

    အာဏာသိမ်း စစ်ကောင်စီကို ပြစ်တင် အရေးယူရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ပြဌာန်းချက်တစ်ခုကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

    မဖြစ်မနေ လိုက်နာဖို့ စည်းနှောင်ထားခြင်း မရှိတဲ့ ဒီဆုံးဖြတ်ပြဌာန်းချက် မူကြမ်းကို ရေးဆွဲနေတာ သီတင်းပတ်နဲ့ချီ ကြာခဲ့ပြီး အနောက်အုပ်စုတွေနဲ့ အာဆီယံအဖွဲ့အကြား ဆွေးနွေးပြောဆိုခဲ့မှုကနေ ထွက်ပေါ်လာခဲ့တာပါ။

    အဲဒီ ဆုံးဖြတ်ပြဌာန်းချက်ထဲမှာ မြန်မာနိုင်ငံထဲ လက်နက်တွေ လှိမ့်ဝင်နေတာကို တားဆီးပိတ်ပင်ပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ပန်ကြားထားပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ အာဏာသိမ်း စစ်ကောင်စီကို တိုက်တွန်းထားပါတယ်။

    တခါ ဒီကနေ့မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မြန်မာ့အရေးနဲ့ ပတ်သက်လို့ အလွတ်သဘော ဆွေးနွေးပြောဆိုကြဖို့ ရှိပါတယ်။

    ကုလအလံ

    ဓာတ်ပုံ ရင်းမြစ်, EPA

  6. ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်လုပ်ဖို့ ပြင်ဆင်

    ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့မှာ နိုင်ငံတဝန်း ပန်းသပိတ်မှောက်ပြီး အာဏာရှင်စနစ်ကို တွန်းလှန်သွားမယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်နေသူတစ်ဦးက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သတိရ လေးစားဂုဏ်ပြုတဲ့ သဘောအပြင် အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လူထုအနေနနဲ့ ကြောက်ရွံသွားမှာ မဟုတ်ဘဲ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်၊ လူထုအနေနဲ့ ပန်းပန်လျက်ပဲဆိုတဲ့ သတင်းစကားကို ပေးချင်တဲ့အတွက် အခုလိုမျိုး လုပ်ရတာ ဖြစ်တယ်လို့ ဦးဆောင်လှုပ်ရှားသူ မန္တလေးဆန္ဒပြခေါင်းဆောင် ကိုတေဇာစန်းက ဆိုပါတယ်။

    အာဏာပိုင်တွေရဲ့ ဖိနှိပ်ဟန့်တားမှုတွေကို အန်တုပြီး “ကြောက်ခေတ်ကို မှောက်ပစ်” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ နိုင်ငံတဝန်း ပုံစံမျိုးစုံနဲ့ ပန်းသပိတ်ဆင်နွှဲသွားမယ်လို့လည်း ကိုတေဇာစန်းက ပြောပါတယ်။

  7. စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ လက်မခံ

    ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် နှစ်စဉ် ညီလာခံကို စစ်ကောင်စီက တင်သွင်းတဲ့ မြန်မာကိုယ်စားလှယ်ကို လက်ခံမှာ မဟုတ်ဘူးလို့ UNFAO ရဲ့ ကိုယ်စားလှယ် စိစစ်ရေး ကော်မတီက ဇွန်လ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

    မြန်မာဘက်က တင်ပြထားတဲ့ ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ စိုးရိမ်မှုတွေကို UNFAO ဘက်က ပြန်လည်သုံးသပ်ပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO တို့ရဲ့ ညီလာခံတွေမှာ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို FAO အဖွဲ့ဘက်က သဘောတူလက်ခံခဲ့တယ်လို့လည်း ဆိုပါတယ်။

    ဒါကြောင့် မြန်မာဘက်က တင်သွင်းတဲ့ ဘယ်ကိုယ်စားလှယ်ကိုမှ အသိအမှတ်အမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့ ဇူလိုင်လ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အတွင်း အီတလီနိုင်ငံ ရောမမြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျုိးရေးအဖွဲ့ရဲ့ ညီလာခံကို တက်ရောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က က်ိုယ်စားလှယ် တင်သွင်းထားတာ မရှိပါဘူး။

    WHO၊ ILO နဲ့ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွေမှာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် ပိတ်ပင်ခံရတာဟာ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေအပေါ် သက်ရောက်မှု ရှိပြီး တဖြည်းဖြည်းနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ မူဝါဒ ဖြစ်လာနိုင်တယ်လို့လည်း NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

    စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ လက်မခံ

    ဓာတ်ပုံ ရင်းမြစ်, UNFAO

  8. ကယားပြည်နယ်မှ မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး

  9. ဒီပဲယင်းနယ်ထဲက သရက်ကန်အနောက်ရွာအုပ်ချုပ်ရေးမှူး ဓားခုတ်ခံရပြီး သေဆုံး

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သရက်ကန်အနောက်ရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးဟာ ဇွန်လ ၁၇ ရက်ညပိုင်းက ဓါးနဲ့အခုတ်ခံရတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

    "မနေ့ညကဖြစ်တာ။ သေတယ်။ ဓားနဲ့ခုတ်ကြတာ။ လောလောဆယ် သရက်ကန် အရှေ့ရွာရော အနောက်ရွာပါ စစ်ကောင်စီတွေ ဝင်နေကြတာ။ အခုဖြစ်တဲ့ ရွာအနီးက ကျေးရွာမှာလည်း စစ်တပ်ကပဲ ဝင်နေကြတာ။ ရွာသွားတွေ ပြေးနေကြရတာ။ ရွာထဲ ရွာသားမရှိဘူး။ စစ်ကောင်စီတပ်တွေပဲ ရွာတွေကို တပ်စွဲထားနေကြတာ။ ကြာပြီ" လို့ ဒီပဲယင်းဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

    ဒီပဲယင်းမြို့နယ်မှာ မတ်လ ၁၈ရက်နေ့က တည်တောရွာနဲ့ သပြေကုန်းရွာအနီးမှာ ရဲနှစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း စစ်တပ်က အဲဒီရွာတွေမှာ တပ်စွဲလိုက်ပါတယ်။

    အဲ့ဒီနောက် ဇွန်လထဲမှာ ကြည်ရွာ၊ တောင်အင်ပင်ကျေးရွာမှာလလည်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး မိသားစုဝင်တချို့ အသတ်ခံရပါတယ်။

    ဖြစ်စဉ်ဖြစ်ပွါးတဲ့ ကျေးရွာအပြင် နီးစပ်ရာ ကျေးရွာတွေမှာပါ စစ်တပ်က ဝင်ရောက်နေလို့ ဒေသခံ ရွာသူရွာသားတွေ လက်ရှိအချိန်ထိ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

  10. မန္တလေး ချမ်းမြသာစည်မြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး အပစ်ခံရ

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက ချမ်းတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ ဒီနေ့ ဇွန်လ ၁၈ ရက်မနက်မှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

    "အိမ်ကနေ ရုံးအသွား ဖူဂျီဈေးဝယ်စင်တာ ကြားလမ်းမှာဖြစ်တာ။ ကျည်အစစ်လား၊ ရာဘာကျည်လား မသိဘူး။ နောက်ကျော မှန်တာလို့ကြားတယ်။ မသေသေးဘူး ပြောတာ။ အခုဆေးရုံတင်ထားရတယ်" လို့ ချမ်းတောင်ရပ်ကွက် ဒေသခံတဦးက ပြောပါတယ်။

    ဦးပွါးကုန်းကျော်အနီး ချမ်းတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်စိန်ဟာ ဇွန် ၁၈ရက် မနက် ၁၀နာရီ ဝန်းကျင်မှာ သေနတ်ပစ်ခံရတာပါ။ ဖြစ်စဉ်ပြီး မိနစ်ပိုင်းအတွင်း စစ်သားတွေက လမ်းတွေ ပိတ်ပြီး လမ်းအသွားအလာယာဉ်‌တွေကိုပါ စစ်‌ဆေးတာတွေပြုလုပ်နေပါတယ်။

    ဦးကျော်စိန်ဟာ အရင်ကတည်းက အုပ်ချုပ်ရေးမှူးဖြစ်သလို စစ်ကောင်စီ လက်ထပ်မှာလည်း ဆက်လက်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

    သူဟာ စစ်ကောင်စီကခန့်အပ်ခံရပြီးတဲ့နောက် ရပ်ကွက်ရုံးမှာအနေများပြီး တစ်ခါတလေ အိမ်နဲ့ ရုံးကို စစ်သား ဒါမှမဟုတ် အစောင့်လုံခြုံရေးယူပြီး အသွားအလာ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဦးကျော်စိန် ရုံးထိုင်တဲ့ ဦးပွါးကုန်းအနီးက ရပ်ကွက်ရုံးဟာ မတ်လကတည်းက လမ်း တဝက်ပိတ်ပြီး စစ်သားတွေလုံခြုံရေးယူထားတဲ့နေရာဖြစ်ပါတယ်။

  11. တာမွေမြို့နယ်အတွင်း ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ

    ဇွန်လ ၁၈ ရက် ညနေ ၃နာရီဝန်းကျင်မှာ တာမွေမြို့နယ် သီတာလမ်းနဲ့ ကျိုက္ကဆံလမ်းပေါ်မှာ ဗုံးနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲမူဖြစ်ပွားခဲ့တယ်လို့သိရပါတယ် ။

    ပထမ ပေါက်ကွဲမှုဖြစ်စဉ်မှာ တာမွေသီတာလမ်းပေါ်မှာရပ်ထားတဲ့ စစ်ကားအနီးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒုတိယဖြစ်စဉ်ကတော့ တာမွေကျိုက္ကဆံလမ်းပေါ်က ၁၅၅လမ်းထိပ်မှာရပ်ထားတဲ့ အငှားယာဉ်တစ်စီးပေါက်ကွဲခဲ့တာဖြစ်ပါတယ် ။

    " ရှေ့ဆင့်နောက်ဆင့်အသံတွေကြားတာ အိမ်ပါတုန်သွားတယ် ။ ကျိုက္ကဆံလမ်းပေါ်ပေါက်တာတော့ လူနှစ်ယောက်ထိတယ်ကြားတယ်။ ခန္တာကိုယ်အစိတ်အပိုင်းပြတ်တောက်နေတာတွေလည်း လမ်းပေါ်တွေ့ရတယ်။ လူနှစ်ယောက်ထိတယ်လို့ကြားတယ် " လို့ အနီးနားနေထိုင်သူတစ်ဦးကဘီဘီစီကိုပြောပါတယ် ။

    ထိခိုက်သေဆုံးမှုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ အတိအကျမသိရသေးပါဘူး။

    လက်ရှိမှာ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တာမွေမြို့နယ်မှာရှိတဲ့လမ်းတချို့ကိုပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

    တာမွေမြို့နယ်အတွင်း ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    တာမွေမြို့နယ်အတွင်း ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. တိုင်းရင်းသားလက်နက်ကိုင်တွေကို NCA အတိုင်းရပ်တည်ဖို့ ထိုင်းဘက်က သဘောထားပြနေ

    ပြည်တွင်းရေးကြောင့် ထွက်ပြေးသူတွေရှိလာမှာကို စိုးရိမ်ကြောင်းပြသဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဖို့ ထိုင်းဘက်က ခြေလှမ်းလာတယ်တာဖြစ်နိုင်တယ်လို့လည်း ယူဆမှုရှိနေ

    ဓာတ်ပုံ ရင်းမြစ်, KPSN

    ဓာတ်ပုံ ပုံစာ, ပြည်တွင်းရေးကြောင့် ထွက်ပြေးသူတွေရှိလာမှာကို စိုးရိမ်ကြောင်းပြသဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တွေ့ဖို့ ထိုင်းဘက်က ခြေလှမ်းလာတယ်တာဖြစ်နိုင်တယ်လို့လည်း ယူဆမှုရှိနေ

    ထိုင်းနိုင်ငံဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စာချုပ်ပါအတိုင်း ရပ်တည်ဖို့ သဘောထားပြနေတယ်လို့ သိရပါတယ်။

    ထိုင်းဘက်က ဒီသဘောထားကို လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တချို့က ထုတ်ပြောလာတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းချိန် သူက အခုလိုပြောပါတယ်။

    ‘ညွန်ကြားတယ်လို့တော့မဟုတ်ဘူးပေါ့လေ။ ဆက်လက်ပြီးတော့အပစ်အခတ်ရပ်စဲရေးခိုင်မာအောင် ဆောင် ရွက်ဖို့ဆိုတဲ့ သဘောထားပေးတာပေါ့နော်။ တိုက်ပွဲဖြစ်တာကတော့ သူတို့အနေနဲ့ဘယ်လိုမှ တားဆီးလို့ မရဘူးလေ။ သူတို့ရဲ့အကျိုးစီးပွါးအတွက်၊ သူတို့ရဲ့ဆက်ဆံမှုမပျက်ဖို့အတွက် နယ်စပ်ဒေသမှာတော့ တိုက်ပွဲတွေမဖြစ်စေချင်ဘူးပေါ့။ ဒီ NCA အတိုင်းလိုက်ရမယ်ဆိုတာကတော့ သူတို့ရဲ့ဖြစ်စေချင်တဲ့ဆန္ဒ တိုက်ပွဲ တွေမဖြစ်ဖို့ပဲဖြစ်ပါတယ်။’ လို့ ဖဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

    ထိုင်းအစိုးရအနေနဲ့အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နဲ့တွေ့ဆုံလိုကြောင်းကမ်းလှမ်းလာတာရှိသလို့အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့လည်း တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

    ရှမ်းပြည်ထူထောင်ရေးတပ်(RCSS)က တာဝန်ရှိသူတွေဟာ ထိုင်းအစိုးရနဲ့ ဇွန်လ ၇ ရက်မှာ တွေ့ဆုံခဲ့ပြီးတဲ့နောက် NCA လက်မှတ်ထိုးတားတဲ့အဖွဲ့တွေနဲ့ တဖွဲ့ချင်းတွေ့မယ်ဆိုတာ အသိပေးလာတယ်လို့ ဖဒိုစော ကွယ်ထူးဝင်းက ပြောပါတယ်။

    လက်ရှိမှာKNU အနေနဲ့လည်း ဒီလိုသီးသန့်တွေ့ဆုံဖို့ အသင့်ရှိသလို ကိုယ်စား လှယ်တွေလည်း ရွေးထားပြီးဖြစ်လို့ တဖက်က တွေ့နိုင်မယ့်အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။

    ‘ကျွန်တော်တို့ ဒီပြည်တွင်းမှာဖြစ်တဲ့ကိစ္စနဲ့ အထူးသဖြင့် ကျွန်တော်တို့ဒေသ ထိုင်းနယ်စပ်တလျှောက်မှာ ရှိတဲ့အဖွဲ့အစည်းတွေဆီ ရောက်လာတဲ့သူတွေခိုလှုံလာတဲ့သူတွေ ပုံစံအမျိုးမျိုးနဲ့ရောက်လာတဲ့သူတွေ ထိုင်းဘက်ကို မကျော်ဖြတ်ဖို့ကိစ္စဖြစ်မယ်ထင်တယ်။ နောက်တချက်ကတော့ ကျွန်တော်တို့ ဒီနယ်စပ်တလျှောက်မှာ အခြေစိုက်နေတော့ တိုက်ပွဲဖြစ်နေရင် နယ်စပ်တလျှောက်မှာမဖြစ်စေချင်တဲ့ဆန္ဒလဲ ဖြစ်မှာပေါ့ မသိပေးဖို့လည်း ဖြစ်ရင်ဖြစ်မှာပေါ့။ ဘာအကြောင်းလဲဆိုတော့ အတိအကျမသိရဘူးလေ။’ လို့ ထိုင်းအစိုးရက ဆွေးနွေးလာနိုင်တဲ့ကိစ္စတွေကိုလည်း သူကမှန်းဆပါတယ်။

    လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ အားလုံးကလည်း တွေ့ဖို့ရှိပြီး တစ်ဖွဲ့ချင်းတွေ့မယ်ဆိုရင် ထိုင်းဘက်က အချိန် ပေးနိုင်မှာလားဆိုတာကိုလည်း စောင့်ကြည့်နေတယ်လို့ KNU ဘက်ကပြောပါတယ်။

    စစ်တပ်က အာဏာသိမ်းအပြီး စစ်ကောင်စီတပ်တွေနဲ့ KNU တပ်မဟာ ၅ တို့ကြားက တိုက်ပွဲတွေကြောင့် ကရင်ပြည်သူ ရာနဲ့ချီ ထိုင်းဘက်ကို ထွက်ပြေးတိမ်းရှောင်တာတွေရှိခဲ့ပါတယ်။

    ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ မြန်မာပြည်တွင်းက အခြေအနေတွေကို စိုးရိမ်တဲ့အကြောင်း ထုတ်ပြောထားသလို အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေးအတွက် တိုးတိုးတိတ်တိတ်သံခင်းတမန်ခင်းကိုပဲ အလေးထားဆောင်ရွက်နေတယ်လို့ အစောပိုင်းက ပြောထားဖူးပါတယ်။

    NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကတော့ စစ်တပ်က အာဏာသိမ်းမှုကို ရှုတ်ချတဲ့အကြောင်း ကြေညာချက်ကို ဖေဖော်ဝါရီလ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပြီးဖြစ်သလို လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီနဲ့ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုညှိနှိုင်းမှုတွေကို ရပ်ဆိုင်းထားမယ့်အကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်မှာလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

  13. မင်းတပ်မှာ နေအိမ်နဲ့ဆိုင်ခန်းတွေ ဖျက်ဆီးခံနေရပြီး မတိမ်းရှောင်နိုင်သူတွေ သောက်သုံးရေပြတ်လပ်နေ

    လူအသွားအလာမရှိသလောက်ရှင်းနေတဲ့ မင်းတပ်မြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လူအသွားအလာမရှိသလောက်ရှင်းနေတဲ့ မင်းတပ်မြို့

    မင်းတပ်မြို့ပေါ်မှာ နေအိမ်နဲ့ဆိုင်ခန်းတွေကို ဝင်ရောက်ဖျက်စီးမှုတွေကြုံတွေ့နေရပြီ မတိမ်းရှောင်နိုင်ဘဲ ကျန်ခဲ့တဲ့သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်တွေ သောက်သုံးရေပြတ်လပ်မှုနဲ့ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    မင်းတပ်မြို့ပေါ်နဲ့အနီးတဝိုက်ဒေသတွေမှာ စစ်ကောင်စီနဲ့ဒေသခံတပ်ဖွဲ့တွေကြားအပြန်လှန်ပစ်ခဲ့မှုတွေ ဖြစ်လာခဲ့တဲ့ ဇွန်လအစောပိုင်းကတည်းက မင်းတပ်မြို့ခံအားလုံးနီးပါး စစ်ဘေးရှောင်စခန်းတွေနဲ့ဘေးလွတ်ရာ တောတောင်တွေထဲကို တိမ်းရှောင်ခဲ့ကြရတာပါ။

    "မင်းတပ်မှာ လူဦးရေက သောင်းဂဏန်းလောက်ပဲရှိတဲ့အထဲမှာ မြို့ပေါ်မှာ ကျန်ခဲ့တာ ငါးရာခိုင်နှုန်းလောက်ပဲရှိတာ ။ ကျန်ခဲ့တာ သက်ကြီးရွယ်အိုနဲ့မပြေးနိုင်တဲ့ ကလေးတွေရှိတဲ့မိသားစုတွေပဲ။ အိမ်ကတော့အဖောက်မခံရတဲ့အိမ်ကမရှိသလောက်ပဲ။ စစ်ဘေးရှောင်ပြီးတော့ နောက်ထပ် နှစ်ရက်သုံးရက်လောက်မှာ နယ်မြေရှင်းလင်းရေးဆိုပြီး အိမ်တွေကိုတစ်အိမ်ဝင်တစ်အိမ်ထွက်စစ်တယ်။ လူရှိတဲ့အိမ်တွေဆို အလံဖြူထောင်ခိုင်းထားတယ်။ အလံဖြူမရှိတဲ့အိမ်တွေကတော့အကုန်နီးပါးအဖောက်ခံရတာပဲ။ ဘယ်သူဖောက်လဲဆိုတာတော့ မမြင်ဘူးဆိုတော့မပြောရဲဘူး။ မြိုထဲမှာလူလည်းမကျန်၊ ဆိုင်ဖွင့်တဲ့လူလည်းမကျန်တော့ စားဖို့ရိက္ခာလည်းမရှိဘူး။ ပြီးတော့ စစ်ပွဲတွေစဖြစ်တဲ့နေ့ကစပြီးရေပြတ်သွားတာ အခုချိန်ထိရေလုံးဝမရဘူး။ သောက်ရေကခက်ခဲနေတယ် "လို့မြို့ပေါ်မှာကျန်ခဲ့တဲ့ ဒေသခံတစ်ယောက်ကဘီဘီစီကိုပြောပါတယ်။

    ဒါ့ပြင် မင်းတပ်မြို့ထဲကို စစ်ဘေးရှောင်စခန်းကလူတွေ ရိက္ခာနဲ့ပစ္စည်းတချို့ လာယူတာတွေ၊ နေအိမ်တွေမှာ ပြန်နေထိုင်ဖို့ပြန်လာတာတွေရှိရင်လည်းဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေရှိတာကြောင့် မြို့ထဲကို ပြန်မလာနိုင်တဲ့အခြေအနေတွေဖြစ်နေတယ်လို့လည်းသိရပါတယ်။

    ဒါကြောင့် စစ်ကောင်စီနဲ့ဒေသခံတပ်ဖွဲ့တွေကြားအပြန်လှန်ပစ်ခတ်မှုတွေ ရပ်ဆိုင်းထားပေမယ့် စစ်ဘေးရှောင်စခန်းကပြည်သူတွေအနေနဲ့ မိမိရပ်ရွာမှာ ပြန်လည်နေထိုင်ဖို့ခက်ခဲတဲ့အခြေနေတွေနဲ့ရင်ဆိုင်နေရတာပါ။

    လက်ရှိမှာ မင်းတပ်မြို့ကိုစစ်အုပ်ချုပ်ရေးကြေညာထားတာ တလကျော်နီးပါးရှိနေပြီဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

  14. ရခိုင်မှာ ပညာရေးဝန်ထမ်းတွေကို တရုတ်ထုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ရှိ

    ရခိုင်မှာ ပညာရေးဝန်ထမ်းတွေကို တရုတ်ကိုဗစ်ကာကွယ်ဆေး ထိုးပေးဖို့ရှိ

    ရခိုင်ပြည်နယ်ထဲမှာ ပညာရေးဝန်ထမ်းတွေကို တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးဖို့ရှိနေတယ်ဆိုပြီး ပြည်နယ်ကျန်းမာရေးဌာနဘက်ကနေ သိရပါတယ်။

    ဒီဆေးတွေကို နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ကုန်ပို့အလုပ်လုပ်နေသူတွေကို ပထမဦးစားပေးအနေနဲ့ ဇွန်လ ၉ ရက်ကတည်းက ထိုးပေးနေတာဖြစ်ပြီး ပညာရေးဝန်ထမ်းတွေကို ဒုတိယဦးစားပေးအနေနဲ့ ထိုးပေးမှာဖြစ်ပါတယ်။

    ဒီလိုကာကွယ်ဆေးထိုးပေးနိုင်ဖို့ ပညာရေးဌာနနဲ့ညှိနှိုင်းတာတွေ လုပ်နေတယ်လို့လည်း သိရပါတယ်။

    အိန္ဒိယနိုင်ငံထုတ်ကိုဗစ်ကာကွယ်ဆေးတွေကိုထိုးပေးတုန်းကတော့ ပညာရေးဝန်ထမ်းတချို့ ထိုးပြီးဖြစ်ပေမဲ့ ဆေးထိုးဖို့ ကျန်တဲ့သူအများကြီးရှိနေပါသေးတယ်။

    ရခိုင်ပြည်နယ်ထဲ ကိုဗစ်ပိုးကူးစက်မှုတချို့ ပြန်တွေ့ရပေမဲ့ ကျောင်းအများစုပြန်ဖွင့်ထားသလို ကျောင်းတက်သူတွေလည်း ရှိနေတာပါ။

    “သင်ကြားရေးဆရာဆရာမတွေဟာ အများနဲ့ထိတွေ့နေရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ကိုဗစ်ကာကွယ်ပြီးသားဖြစ်ဖို့အရေးကြီးတာပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ကြိုဆိုပါတယ်။ ပညာရေးဝန်ထမ်း ၅၀ ရာခိုင်နှုန်းကျော်ကတော့ထိုးပြီးသွားပါပြီ။ စစ်တွေမြို့နယ်အတွင်းမှာတော့ ဝန်ထမ်းပေါင်း ၁၇၀၀၀ ကျော်ရှိပါတယ်”လို့ စစ်တွေမြို့နယ်ပညာရေးမှူး ဦးအေးသန်းက ပြောပါတယ်။

    ရခိုင်ပြည်နယ်အတွက် အသစ်ထိုးပေးနေတဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးအရေအတွက် ရှစ်ထောင်ခန့်သာရရှိထားပြီး ပညာရေးဝန်ထမ်းပေါင်း သုံးထောင်လောက်ကိုသာထိုးပေးနိုင်မှာဖြစ်ပါတယ်။

    ဆေးထိုးဖို့ကျန်ရှိနေတဲ့ ပညာရေးဝန်ထမ်းပေါင်းသုံးထောင်မက ရှိနေသေးတယ်လို့ ပြည်နယ်ကုသရေးမှူး ဒေါက်တာကြည်လွင်က ပြောပါတယ်။

    တချိန်တည်းမှာပဲ ပြည်နယ်အတွင်း ကိုဗစ်ပိုးအသစ် ကူးစက်ခံထားရသူ ၁၁ ဦးကို ဇွန်လ ၁၆ ရက်က ထပ်တွေ့ထားပြီး အဲဒီထဲက ၁၀ ဦးက နယ်စပ်ကုန်သွယ်ရေးကဖြစ်ပါတယ်။

    ကျန်တစ်ဦးကတော့ အခုလ ၁၀ ရက်က မောင်တောနယ်စပ်ကိုတရားမဝင်ဖြတ်ကျော်လာသူဖြစ်တယ်လို့ ကျန်းမာရေးဌာနကနေ သိရပါတယ်။

    နယ်စပ်ကုန်သွယ်ရေးစခန်းက ပိုးတွေ့သူ ၁၀ ဦးမှာ စစ်တွေဒေသခံ ၂ ဦးပါဝင်နေပြီး အဲ့ဒီလူတွေကို သက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှုခံယူနေပါတယ်။

    ရခိုင်ပြည်နယ်ထဲ ကိုဗစ် ၁၉ ပိုးအသစ်ကူးစက်ခံရသူတွေကို စစ်တွေမြို့၊ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းက သင်္ဘောသားတွေဆီမှာ မေလ ဒုတိယသီတင်းပတ်ကစလို့ တွေ့ခဲ့တာဖြစ်ပါတယ်။

    အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတတိယလှိုင်းဖြစ်ပွားနေပြီး လူသေဆုံးမှုတွေလည်း မြင့်နေချိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေကြတဲ့ ရခိုင်ပြည်နယ်က နယ်စပ်ကုန်သွယ်ရေးခစန်းတွေမှာ ကိုဗစ်ပိုးကူးစက်ခံရသူအရေအတွက်ဟာ ပိုမိုများပြားလာနေတာဖြစ်ပါတယ်။

    ၂၀၂၀ ခုနှစ်၊ သြဂုတ်လကစလို့ တစ်နိုင်ငံလုံးမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့ ကိုဗစ် ဒုတိယလှိုင်းဟာ ရခိုင်ပြည်နယ်အတွင်းက စတင်ခဲ့တာဖြစ်ပြီး ပြည်နယ်ထဲမှာတင် ရောဂါပိုးကူးစက်ခံရသူ ၄၂၆၀ ကျော်နဲ့ သေဆုံးသူပေါင်း ၃၇ ဦးအထိရှိခဲ့တယ်လို့ ကျန်းမာရေးဌာနရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

  15. လှိုင်သာယာ ၁၉ ရပ်ကွက်မှာ ရာအိမ်မှူးသေနတ်နဲ့ပစ်ခတ်ခံရ, ရပ်ကွက်အတွင်း စစ်ဆေးမူတွေတင်းကျပ်

    ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြိုနယ် ၁၉ ရပ်ကွက်မှာ ဒီနေ့ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်းက ရာအိမ်မှူးကို သေနတ်နဲ့ပစ်ခတ်မူ ဖြစ်ပွားခဲ့ပြီး မြို့တွင်းအင်အားသုံးစစ်ဆေးမှု တွေတင်းကျပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။

    " ၁၉ ရပ်ကွက်က ရာအိမ်မှူး အညာသားဆိုတဲ့သူကိုပစ်သွားတာ။ ဦးချစ်မောင်လမ်းပေါ်မှာ မနက် ၇နာရီလောက်က ပစ်တာ သေနတ်နဲ သုံးချက်ပစ်တာ။ လမ်းကလူလည်းစည်တော့ လူတွေကိုရှောင်ပစ်ပုံရပါတယ် မထိသွားဘူး " လို့ အနီးနားက မျက်မြင်ဒေသခံက ဘီဘီစီကိုပြောပါတယ်။

    ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့မှာလည်း လှိုင်သာယာ၁၃ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီးသေဆုံးမှု ဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဉ်ကိုသတင်းမျှဝေတဲ့လူငယ်တချို့လည်းဖမ်းဆီးခံလိုက်ရပါတယ်။ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ၃လနီးပါးရှိပြီဖြစ်တဲ့လိူင်သာယာမြို့နယ်ထဲမှာဆိုရင် လက်တလောပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် ရပ်ကွက်တွေအတွင်း အင်အားသုံးရှာဖွေစစ်ဆေးမူတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။

    လှိုင်သာယာ ၁၉ ရပ်ကွက်မှာ ရာအိမ်မှူးသေနတ်နဲ့ပစ်ခတ်ခံရ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, လှိုင်သာယာ ၁၉ ရပ်ကွက်မှာ ရာအိမ်မှူးသေနတ်နဲ့ပစ်ခတ်ခံရ
  16. ဖရွန်းတီးယားမြန်မာသတင်းစာ အုပ်ချုပ်မှုအယ်ဒီတာကို အင်းစိန်ထောင်ထဲ ရုံးထုတ်

    ဖရွန်းတီးယားမြန်မာ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီဖန်စတာ

    ဓာတ်ပုံ ရင်းမြစ်, Fenster Family

    ဓာတ်ပုံ ပုံစာ, ဖရွန်းတီးယားမြန်မာ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီဖန်စတာ

    ဖရွန်းတီးယားမြန်မာ သတင်းစာတိုက်က သတင်းခန်းအုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို ရန်ကုန်မြို့မှာရှိတဲ့ အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ ဇွန်လ ၁၇ ရက်မှာ ရုံးထုတ်ခဲ့တယ်လို့ သတင်းစာတိုက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

    ဒန်နီဖန်စတာဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ကို တရားရင်ဆိုင်ဖို့ အခုလို ရုံးထုတ်ခံခဲ့ရတာဖြစ်သလို အင်းစိန်ထောင်ထဲမှာပဲ ရမန် ၂ ပတ်ချိန်းလိုက်တယ်လိုက်တယ်လို့ သိရပါတယ်။

    ဘာ့ကြောင့် ဒီပုဒ်မနဲ့ တရားစွဲခံရလဲဆိုတာလဲ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ တိုက်ဘက်က ပြောပါတယ်။

    အမေရိကန်နိုင်ငံသား အသက် ၃၇ နှစ်အရွယ် ဒန်နီ ဖန်စတာဟာ အမေရိကန်ကို ပြန်ဖို့ ကွာလာလမ်ပူမြို့ကို လေယာဉ်နဲ့ မထွက်ခွါခင်လေးမှာပဲ ရန်ကုန်လေဆိပ်မှာ မေလ ၂၄ ရက်တုန်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

    ရုံးထုတ်ချိန်မှာ ဒန်နီဟာ ရှေ့နေခေါ်ခွင့်ရပေမဲ့ သတင်းစာတိုက်ဘက်က ကိုယ်စားလှယ်တွေတက်ရောက်ခွင့်မရတာကြောင့် အဖမ်းခံရတဲ့အကြောင်းရင်းနဲ့ဆက်ထိန်းသိမ်းခံနေရတဲ့အကြောင်းအရာတွေ သိအောင် ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

    ဒါပေမဲ့ ဒန်နီဟာ ပုဒ်မ ၅၀၅(က)နဲ့ ဝရမ်းထုတ်ခံရတဲ့အထိ ဘာမှလုပ်ဆောင်ထားခြင်းမရှိသလို အခုလို ဖမ်းဆီးထားတာကို ရှုတ်ချပြီး ချွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ ဖရွန်းတီးယား မြန်မာဘက်က တောင်းဆိုပါတယ်။

    စစ်ကောင်စီဟာ အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁၄ ရက်မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ကို ပြင်ဆင်ပြဌာန်းခဲ့ပြီး သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူမှုကွန်ယက်သုံးစွဲသူတွေကို အဲဒီပုဒ်မတပ် ဝရမ်းထုတ်၊ ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

  17. ဒီပဲယင်းနဲ့ကောလင်းမှာ စစ်ကောင်စီ လူတွေဝင်ဖမ်း

  18. မြန်မာ့ လူ့အခွင့်အရေးအခြေအနေ ကုလ စိုးရိမ်ထိတ်လန့်

    မြန်မာနိုင်ငံတဝန်း လူအခွင့်အရေးအခြေအနေ အင်မတန် ဆိုးရွားလာနေမှုကို ပြသနေတဲ့ မကြာသေးခင်တုန်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့တွေအနေနဲ့ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။

    ကရင်ပြည်နယ် မြဝတီမြို့နယ်တွင်းမှာ လူအများပြားကို မြှုပ်နှံထားတဲ့ နေရာ နှစ်ခု ရှာဖွေတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ မကွေးတိုင်း ပေါက်မြို့နယ် ကင်းမကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်တွေဘက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

    မြဝတီမြို့နယ်အတွင်းမှာ လူ ၂၅ ယောက်ကို မြှုပ်နှံထားတဲ့ နေရာတွေကို ရှာတွေ့ခဲ့တာ ဖြစ်ပြီး အဲဒီသူတွေဟာ မေလ ၃၁ ရက်နေ့မှာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်သူများ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ဇွန်လ ၁၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေဘက်က မီးရှို့ခဲ့တယ်လို့ဆိုတဲ့ မကွေးတိုင်းအတွင်းက ကင်းမ ကျေးရွာမှာတော့ သက်ကြီးရွယ်အို နှစ်ဦး သေဆုံးခဲ့ပြီး လူပေါင်း ၁၀၀၀ နီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လေးစားလိုက်နာကြဖို့ လက်ရှိ အကျပ်အတည်းမှာ ပါဝင်နေသူတွေအားလုံးကို ထပ်မံတောင်းဆိုပါတယ်လို့လည်း ဆိုပါတယ်။

    ပြစ်မှုကျုးလွန်သူတွေ နဲ့ အမိန့်ပေးစေခိုင်းသူတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်သူတွေအနေနဲ့ တာဝန်ခံမှု ရှိဖို့ လိုတယ်လို့လည်း မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့တွေက တိုက်တွန်းလိုက်ပါတယ်။

    မြန်မာ့ လူ့အခွင့်အရေးအခြေအနေ ကုလ စိုးရိမ်ထိတ်လန့်

    ဓာတ်ပုံ ရင်းမြစ်, UN Myanmar

  19. စစ်ကိုင်း သာသနာ့နယ်မြေမှာ လာရောက်တည်းခိုသူတွေ ဧည့်စာရင်းတိုင်ရမယ်လို့ ကြေညာချက်ထုတ်

    စစ်ကိုင်းမြို့ကသာသနာ့နယ်မြေမှာ အခြားဒေသက လာရောက်တည်းခိုသူမှန်သမျှ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့စည်းတွေကို ဧည့်စာရင်းတင်ပြရမယ်လို့ မြို့နယ်သံဃနာယကအဖွဲ့ကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

    "နိုင်ငံတော်သံဃာနာယကတို့တောင် မူငါးချက်ထုတ်ထားတာ။အပေါ်စီးက မလုပ်ဘဲ အောက်ပိုင်းကလိုက်လုပ်နေတယ်ဆိုတော့ ဦးဇင်းတို့က ဒီစာကိုကံမမြောက်ဖူးလို့ ယူဆလို့ရတယ်။ ရဟန်းသံဃာတွေက ပစ္စည်းလေးပါး ဒါယကာတွေကို အားကိုးရတာလေ။ လာလှူမယ့်သူကို ပိတ်တယ်။ဆိုးကျိုးသက်ရောက်အောင် လုပ်မယ်ဆို ဘာဖြစ်သွားမလဲ။သူတို့သိမှာပါ" လို့ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးကျောင်းထိုင်တဲ့ ဘုန်းကြီးတပါးက မိန့်ကြားပါတယ်။

    ဇွန်လ(၁၂)ရက်နေ့စွဲနဲ့ အခြားတိုင်း/ပြည်နယ်/မြို့ရွာကနေ အကြောင်းအမျိုးမျိုးကြောင့် လာရောက်တဲ့ရဟန်း၊ သီလရှင်၊ လူပုဂ္ဂိုလ်တို့ကို စစ်ကိုင်းတောင်ရိုးက ကျောင်းတိုက်တွေမှာလာရောက်ခဲ့ရင် အမည်၊ လာရောက်တဲ့အကြောင်းရင်း၊ ရောက်ရှိတဲ့ကျောင်း၊ ပြန်လည်ထွက်ခွာမယ့်ရက်တွေကအစ အာဏာပိုင်တွေကို ဧည့်စာရင်းတိုင်ရမှာ ဖြစ်တယ်လို့ ကြေညာစာမှာ ဖော်ပြထားပါတယ်။

    လာမယ့်ရက်ပိုင်းမှာ ဝါတွင်းကာလ အချိန်အလှူရှင်တွေ၊ တရားနာယူသူတွေဟာ စစ်ကိုင်းတောင်ရိုးကို ရောက်လာပြီး တချို့က ညအိပ်နေထိုင်တာတွေ ရှိလာနိုင်ပါတယ်။

    ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတောင်ရိုးဘက် တိမ်းရှောင်နေတယ်ဆိုတဲ့ယူဆချက်တွေကြောင့် စစ်ကောင်စီဟာ အခုလိုမြို့နယ်သံဃာတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှုးတွေနဲ့ပေါင်းပြီး ဘုန်းတော်ကြီးကျောင်းတွေကအစ ဧည့်စာရင်းတိုင်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ စစ်ကိုင်းဒေသခံတွေက မှတ်ချက်ပြုပါတယ်။

    စစ်ကိုင်း-မင်းဝံတောင်ရိုးမှာဘုန်းကြီး/သီလရှင်ကျောင်းပေါင်းထောင်ချီပြီးရှိပါတယ်။

    စစ်ကိုင်း သာသနာ့နယ်မြေမှာ လာရောက်တည်းခိုသူတွေ ဧည့်စာရင်းတိုင်ရမယ်လို့ ကြေညာချက်ထုတ်

    ဓာတ်ပုံ ရင်းမြစ်, SPY

  20. ကိုဗစ်ကြောင့် ကျောင်းတွေ ပြန်ပိတ်ဖို့ရှိသလား

    ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေ တကျော့ပြန်ပြန်လည်မြင့်တက်နေတဲ့

    မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတချို့မှာလည်း ကိုဗစ်ကူးစက်မှုတွေ ရှိနေပါတယ်။

    ရန်ကုန်၊မော်လမြိုင်၊လက်ပံတန်းစတဲ့မြို့တွေက ကျောင်းတချို့မှာ ဆရာ၊ဆရာမတွေအပါအဝင်ကျောင်းသူကျောင်းသားတချို့လည်း ကိုဗစ်ကူးစက်ခံခဲ့ရတာပါ။

    ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က မဟော်သဓာကိုယ်ပိုင်ကျောင်းမှာတော့ ကိုဗစ်ကူးစက်ခံရသူရာချီရှိနေပြီး ပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူတချို့လည်းရှိခဲ့လို့ ကျောင်းပိတ်ထားရပါတယ်။

    ဒါပေမဲ့ကိုဗစ်ကူးစက်မှုတွေရှိခဲ့တဲ့ ကမာရွတ်ကTTC ကျောင်းနဲ့ မော်လမြိုင်ကအမှတ်၉ အထက်တန်းကျောင်း အပါအဝင် ကျောင်းအချို့ကတော့ ဆက်လက်ဖွင့်ထားပါတယ်။

    စာသင်ကျောင်းတွေမှာ ကိုဗစ်ကူးစက်ရင် ကျောင်းတွေပြန်ပိတ်ဖို့ရှိသလားဆိုတာနဲ့ ပတ်သက်လို့စစ်ကောင်စီဘက်က တိတိကျကျ ပြောဆိုထားတာမရှိသေးပါဘူး။

    ကျန်းမာရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဒေါက်တာခင်ခင်ကြီးကတော့

    “stay at home ဆိုရင်တော့ကျောင်းအားလုံးပိတ်မယ်။တချို့နေရာတွေမှာတော့ အခြေအနေပေါ်မူတည်ပြီး ပိတ်ရတာရှိတယ်။ ဒါပေမယ့် တစ်ခန်းထဲ တစ်ယောက်ထဲ တွေ့ရုံနဲ့တော့ ကျောင်းပိတ်စရာမလိုပါဘူး။ သူ့ရဲ့ဖြစ်ပွားမှု ကူးစက်ဖြစ်ပွားမှုပေါ်မူတည်ပြီး ဆုံးဖြတ်ရတာဖြစ်တယ်” လို့ဆိုပါတယ်။

    လက်ရှိမှာကိုဗစ်ဖြစ်ပွားမှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် စစ်ကိုင်းတိုင်းထဲက ကလေး၊တမူးနဲ့ချင်းပြည်နယ်က မြို့နယ်အချို့ကိုတော့ ရောဂါထိန်းချုပ်နိုင်ဖို့ stay at home အဖြစ်သတ်မှတ်ထားပါတယ်။

    ထပ်မံတွေ့ရတဲ့အတည်ပြုလူနာတွေထဲ ဗြိတိန်နဲ့အိန္ဒိယနိုင်ငံတွေမှာ တွေ့ရတဲ့ ဗီဇပြောင်းကိုဗစ်ပိုး၃မျိုးအထိ ကူးစက်ခံထားရသူရှိနေပြီလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

    ဇွန်လ ၁၆ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြု လူနာသစ် ၃၅၅ ဦး ထပ်တိုးခဲ့ပြီး သေဆုံးသူ ၂ ဦး ရှိခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

    အခြေခံပညာကျောင်းတချို့မှာလည်း ကိုဗစ်ကူးစက်မှုတွေ ရှိနေ

    ဓာတ်ပုံ ရင်းမြစ်, Getty Images