စစ်တွေမြို့ပေါ်မှာ ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး
ရခိုင်ပြည်နယ်မြို့တော်စစ်တွေမှာ ဇွန်လ ၁၉ ရက် မနေ့ကညနေပိုင်း ၅ နာရီခန့်လောက်မှာ သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အပစ်ခံရသူ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့သူဟာ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်တဲ့ ရွာကြီးမြောက်ရပ်ကွက်မှာနေထိုင်ပြီး လက်သမားအလုပ်နဲ့ အသက်မွေးတဲ့ အသက် ၅၂ နှစ်အရွယ် ဦးညွန့်စိုးအောင်ဖြစ်ပါတယ်။
ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ အဲဒီရပ်ကွက်ထဲက ဦးစိုးညွန့်အောင်ရဲ့ နေအိမ်အနီး ဖြစ်ပါတယ်။ မနေ့ကညနေပိုင်းမှာ သေနတ်ကိုင်လူတစ်စုရောက်ရှိလာပြီး ပစ်ခတ်သွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပစ်ခတ်မှု မဖြစ်ခင် မိနစ်ပိုင်းလောက်က ဦးစိုးညွန့်အောင်ရဲ့တူတော်စပ်သူကို လူနှစ်ဦးကနေအိမ်ထဲဝင်ပြီး ဖမ်းဆီးစဉ် ဦးစိုးညွန့်အောင်အပါအဝင် မိသားစုတွေကတားဆီးခဲ့ကြတဲ့အတွက် မဖမ်းဆီးနိုင်ခဲ့တာကြောင့် မကြာခင်မှာဘဲ နောက်ထပ်တစ်ကြိမ် လူ ၈ ဦးရောက်ရှိလာခဲ့ကာ ဦးစိုးညွန့်အောင်ကို သေနတ်နဲ့ ပစ်သွားခဲ့တာဖြစ်တယ်လို့ မိသားစုတွေက ပြောပါတယ်။
ဦးစိုးညွန့်အောင်ရဲ့ တူဖြစ်သူဟာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဆီမှာ ဖမ်းဆီးခံလိုက်ရပြီး အခုရက်ပိုင်းအတွင်း ထွက်ပြေးလွတ်မြောက်လာတာကြောင့် အဲ့ဒီလက်နက်ကိုင်အဖွဲ့က မနေ့ကညနေပိုင်းမှာ နေအိမ်အထိ လာပြန်ဖမ်းချိန်မှာ မိသားစုတွေက တားဆီးခဲ့ကြတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောထားပါတယ်။
ရပ်ကွက်ထဲနေထိုင်သူတွေကတော့ ဦးစိုးညွှန့်အောင်ဟာ မိသားစုနဲ့အတူ လက်သမားအလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်စားနေသူတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။
ဦးစိုးညွန့်အောင် သေဆုံးမှုနဲ့ပတ်သက်လို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့သူတွေကို မြို့နယ်ရဲတပ်ဖွဲ့က စုံစမ်းနေပြီလို့လည်း သိရပါတယ်။
အခုလို သေနတ်ပစ်ခတ်မှုတွေဟာ ပြည်နယ်အစိုးရ ရုံးစိုက်တဲ့စစ်တွေမြို့ပေါ်မှာ အရင်ကလည်း ဖြစ်ခဲ့ဖူးပေမဲ့ ဖြစ်စဉ်တိုင်းမှာ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ညကလည်း အေးငြိမ်းအထူးကုဆေးခန်းပိုင်ရှင် ဦးညီညီဟာ ဆေးခန်းကနေ ကျောင်းတက်လမ်းမှာရှိတဲ့သူ့ရဲ့နေအိမ်ကို သုံးဘီးဆိုင်ကယ်နဲ့ပြန်လာတုန်း လက်နက်ကိုင်နှစ်ယောက်ရဲ့ ပစ်ခတ်တာခံခဲ့ရတဲ့အတွက် ဒဏ်ရာအပြင်းအထန် ရခဲ့ဖူးပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့ညကလည်း စစ်တွေမြို့ ဝင်္ကဘာကွင်း ပွဲဈေးတန်းကို မိသားစုနဲ့အတူလည်ပတ်နေတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင် ကိုဖိုးလုံး(ခ) တပ်ကြပ်ဝင်းထိုက်ဟာ ဦးခေါင်းသေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်လည်းရှိခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Myint Lwin

















