ကိုဗစ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေရတဲ့ ကလေးမြို့

ကိုဗစ်နဲ့ရင်ဆိုင်တိုက်ပွဲဝင်နေကြသူကလေးမြို့သူမြို့သားများ

ဓာတ်ပုံ ရင်းမြစ်, Bone Pyae Khant

ဓာတ်ပုံ ပုံစာ, ကိုဗစ်နဲ့ရင်ဆိုင်တိုက်ပွဲဝင်နေကြသူကလေးမြို့သူမြို့သားများ
ရေးသားခဲ့သည်။

ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့ခရစ်ယာန်သုသာန်မှာ လူ ၁၆ ယောက်ကို သင်္ဂြိုဟ်ခဲ့ပါတယ်။ အများစုဟာ ကိုဗစ်လက္ခဏာပြပြီး သေဆုံးခဲ့သူတွေလို့ မြို့ခံတွေကဆိုကြပါတယ်။ တခြားသုသာန်တွေမှာ သင်္ဂြိုဟ်ခဲ့သူတွေကိုပါ ထည့်တွက်ရင် စုစုပေါင်း ၂၂ ဦးရှိတယ်လို့ဆိုပါတယ်။ ဇွန်လ ၂၄ ရက်နေ့ကလည်း ၁၄ ဦးသေဆုံးခဲ့ပါတယ်။

အိတ်စွပ်ကိုဗစ်စင်တာမှာ ပြုစုထားတဲ့ ကိုဗစ်နဲ့သေဆုံးသူစာရင်းကတော့ စုစုပေါင်း ၃၀ ကျော်ပဲရှိပါသေးတယ်။ ဒါပေမဲ့ ဆေးရုံလည်းမတက် ကိုဗစ်စင်တာကိုလည်း မလာဘဲ ရပ်ကွက်ထဲမှာ သေဆုံးနေသူ အရေအတွက်က ပိုများနေတယ်လို့ ကလေးမြို့ခံ တစ်ဦးဖြစ်တဲ့ ဒေါ်အေးက ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ချုပ်လမ်းပေါ်မှာ နာရေးအိမ်ကဖွင့်နေတဲ့ အသံချဲ့စက်အသံကို တယ်လီဖုန်းထဲက တစ်ဆင့်ကြားနေရပါတယ်။

“အသံချဲ့စက်သံတွေလည်း ကြားမှာပေါ့။ ဒါက ဗိုလ်ချုပ်လမ်းဘက်မှာဖြစ်နေတာ။ တာဟန်းဘက်မှာဆို ပိုဆိုးတယ်။ တာဟန်းစျေးထဲမှာ စျေးရောင်းတဲ့သူတွေဆုံးသွားတာရှိလို့ တာဟန်းစျေးလည်း အခုပိတ်လိုက်ပြီ။ ကိုယ့်အသိအစ်မကြီးတယောက်ဆိုရင် စျေးရောင်းနေရင်း အကောင်းကနေ ရုတ်တရက်ဆုံးသွားတယ်။ သူ့ကိုယ်သူ ကိုဗစ်ဖြစ်နေမှန်းလည်း မသိလိုက်ဘူး။ ရောဂါမဆိုးလို့စျေးရောင်းထွက်လာတာရှိမှာပေါ့နော်။ ဒါပေမဲ့ ရုတ်တရက်ဆုံးသွားတယ်။”

ဒေါ်အေးပြောသလိုပဲ ရုတ်တရက်ကွယ်လွန်သွားတဲ့သူမျိုးတွေအကြောင်းကို ကိုဗစ် ကယ်ဆယ်ကုသရေးဆောင်ရွက်ပေးနေတဲ့ ပရဟိတသမားတစ်ယောက်ကလည်း ကြားပါတယ်။

“အောင်သစ္စာရပ်ကွက်မှာ ချောင်းဆိုးနေရင်း ရုတ်တရက်လဲကျပြီးသေဆုံးသွားတဲ့သူ တစ်ယောက် ကျွန်တော်ကြားတယ်။ နောက်ထပ်အမျိုးသားတယောက်လည်း အဲသလိုပဲ အကောင်းကနေ ရုတ်တရက်ဆုံးသွားတယ်ဆိုတာမျိုး ကျွန်တော်ကြားပါတယ်။ စျေးသည်အမျိုးသမီးဆိုတာတော့ ကျွန်တော်မကြားမိဘူး။”

သူကိုယ်တိုင် အိတ်စွပ်စင်တာမှာ ပရဟိတဆောင်ရွက်နေသူဆိုတော့ ကိုဗစ်သတင်းတွေကို နားစွင့်နေပါတယ်။ ဆေးရုံမတက်ဘဲ ကိုယ့်အိမ်မှာကိုယ် ကွယ်လွန်သွားသူ အရေအတွက်က ၄၀ နဲ့ ၅၀ အကြားမှာရှိမယ်လို့သူက ခန့်မှန်းပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့ခရစ်ယာန်သုသာန်မှာ လူ ၁၆ ယောက်ကို သင်္ဂြိုဟ်ခဲ့ပြီး အများစုဟာ ကိုဗစ်လက္ခဏာပြပြီး သေဆုံးသူတွေလို့ဆို

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇွန်လ ၂၅ ရက်နေ့က ကလေးမြို့ခရစ်ယာန်သုသာန်မှာ လူ ၁၆ ယောက်ကို သင်္ဂြိုဟ်ခဲ့ပြီး အများစုဟာ ကိုဗစ်လက္ခဏာပြပြီး သေဆုံးသူတွေလို့ဆို

“အဲဒီလူတွေက ကိုဗစ်ကြောင့်သေတာဟုတ်မဟုတ် ဆေးမစစ်လိုက်ရတော့ ကျွန်တော်တို့က အတည်မပြုနိုင်ဘူးပေါ့ဗျာ။ ဒါပေမဲ့ ကိုဗစ်ကာလအတွင်းမှာ ကိုဗစ်လက္ခဏာတွေ ဖော်ပြပြီး ကွယ်လွန်သွားကြတာ ဆိုတော့ ဒါ့ကြောင့်ပဲ သေတာဖြစ်ရမှာပေါ့။ ဆေးမစစ်လိုက်ရတဲ့အတွက် အတည်ပြုသေဆုံးစာရင်းမှာတော့ ကျွန်တော်တို့ ထည့်မထားပါဘူး။ ဒါပေမဲ့ ကိုဗစ်ကြောင့်ကွယ်လွန်တာဖြစ်ဖို့များပါတယ်။”

အိမ်တော်တော်များများမှာ နာရေးဆိုင်းဘုတ်ကို နှစ်ခုယှဥ်တွဲတွေ့မြင်လာရတာက စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ပါတယ်။ ဒေါ်အေးအသိထဲက လင်မယားနှစ်ယောက်ဟာ တစ်နေ့ထဲမှာ ၃ နာရီပဲခြားပြီး ကွယ်လွန်သွားကြပါတယ်။

“ဒီနေ့မနက်ဆုံးတဲ့လင်မယားနှစ်ယောက်ဆိုလည်း အသိတွေပဲ ၆ နာရီခွဲမှာ ၁ ယောက် ၉ နာရီခွဲမှာ တယောက် လင်မယားနှစ်ယောက်ဆုံးသွားတယ်။ အဲသလို ၂ ယောက်ဆုံးတာတွေမနည်းဘူး။ တစ်အိမ်ထဲမှာ ၂ ယောက် ၂ ယောက်တွေ။ ဟိုတစ်နေ့ကဆို အမျိုးသားရက်လည်တဲ့နေ့ အမျိုးသမီးဆုံး။ တခါကတော့ အဖေချတဲ့နေ့ သမီးဆုံး။ သားမက်သဂြိုဟ်တဲ့နေ့ ယောက္ခမဆုံး အဲသလိုတွေဖြစ်ကြတယ်။ သူတို့ကိုယ်သူတို့ ကိုဗစ်ဖြစ်နေမှန်းတော့ သိကြတယ်။ တချို့ကလည်း တုတ်ကွေးထင်ကြတာ။ ပေါ့တာပေါ့။ သူတို့ကိုယ်သူတို့သေမယ်မထင်ကြဘူး။”

ကလေးမြို့နယ် အောင်ရွာကျေးရွာမှာ ဇွန်လ ၂၂ ရက်နေ့က မိဘနှစ်ပါး မိနစ် ၃၀ ခြားပြီးကွယ်လွန်သွားခဲ့တဲ့ အတွက် သားသမီး ၅ ယောက်ဟာ နေ့ချင်းညချင်း မိဘမဲ့ဖြစ်သွားကြပါတယ်။ ကွယ်လွန်သူမိခင်မှာ ကိုယ်ဝန်လည်းရှိနေပြီး ဗိုက်ထဲက ကလေးငယ်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ အငယ်ဆုံးကလေးက ၂ နှစ်သားပဲရှိပါသေးတယ်။ ကျန်ရစ်တဲ့ ကလေးငယ်တွေ အတွက် အလှူငွေကောက်ခံနေကြသူတွေလည်း ရှိပါတယ်။

နာရေးဆိုင်းဘုတ်တွေ မြို့အနှံမှာ တွေ့နေရ

ဓာတ်ပုံ ရင်းမြစ်, Social Media

ဓာတ်ပုံ ပုံစာ, နာရေးဆိုင်းဘုတ်တွေ မြို့အနှံမှာ တွေ့နေရ

ခက်တာက ဆေးခန်းတော်တော်များများက မဖွင့်ကြပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ စစ်တပ်က အာဏာသိမ်းတာကို သပိတ်မှောက်တဲ့အနေနဲ့ ဆရာဝန်တွေက CDM လုပ်ထားကြပါတယ်။ CDM လုပ်ထားတဲ့ ဆရာဝန်တွေ အပြင်ဆေးခန်းထိုင်ရင်လည်း စစ်ကောင်စီက နှောင့်ယှက်တယ်လို့ဆိုပါတယ်။ CDM ဆရာဝန်တွေကို ရှာဖွေ ဖမ်းဆီးမှုတွေလည်း လုပ်နေကြတော့ ဆေးခန်းတွေ မဖွင့်နိုင်ကြပါဘူးလို့လည်း သိရပါတယ်။ စစ်ကောင်စီဘက်ကိုတော့ ဒီသတင်းနဲ့ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ကလေးမြို့မှာ ဆင်းရဲသားတွေရဲ့ အဓိကမှီခို အားထားရာ တစ်ခုဖြစ်တဲ့ ဝက်စလီခရစ်ယာန် သာသနာပြုဆေးရုံကလည်း စောစောပိုင်းကတည်းက လူနာလက်မခံတော့ပါဘူး။

“ဝက်စလီက ဖြစ်စမှာကတည်းက ကိုဗစ်လူနာ ၈ ယောက်စတွေ့လိုက်တာလေ။ အဲဒါနဲ့ ကိုဗစ်လူနာပဲ ချန်ထားပြီး ကျန်တဲ့လူနာတွေကို လက်မခံတော့ဘူး။ ဝက်စလီက လူတော်တော်များများ အားကိုးကြတယ်။ သူက အောင်မြင်တဲ့ ဆေးရုံပဲ။ တာဟန်းမှာရှိတာဆိုတော့ ချင်းတွေပိုအတက်များတယ်။ ဆေးရုံက သာသနာပြုဆေးရုံဆိုတော့ မေတ္တာနဲ့ ချိုချိုသာသာဆက်ဆံတယ်။ အော်တာငေါက်တာ မရှိဘူး။ ကုန်ကျစရိတ်လည်း သက်သာတယ်ဆိုပြီး အဲဒီဆေးရုံတက်တဲ့သူ တော်တော်များတယ်။”

ပိုဆိုးတာက ဆေးဆိုင်ကြီးတွေကလည်း ပိတ်ထားတဲ့အချက်ပါ။

“သုခရွှေပြည်ဆေးဆိုင်က သူ့ဆိုင်ဝန်ထမ်း ၃ ယောက်မှာ ကိုဗစ်ပိုးတွေ့လို့ ဆိုင်ပိတ်လိုက်တယ်။ ရွှန်းဆေးဆိုင်လည်း ပိတ်ထားတယ်။ ဆေးဆိုင်တော်တော်များများပိတ်ထားကြတယ်။ တချို့ဆေးဆိုင်ကတော့ အွန်လိုင်းကဝယ်ပြီး သွားယူရင် ရောင်းပေးတာမျိုးရှိတယ်။” လို့ဒေါ်အေးကဆိုပါတယ်။

အောက်ဆီဂျင်ဗူးတွေလိုက်လံရှာဖွေစုဆောင်းနေကြ

ဓာတ်ပုံ ရင်းမြစ်, Bone Pyae Khant

ဓာတ်ပုံ ပုံစာ, အောက်ဆီဂျင်ဗူးတွေလိုက်လံရှာဖွေစုဆောင်းနေကြ

ဒီလိုအခြေအနေမျိုးတွေဖြစ်လာတဲ့အတွက် ပရဟိတသမားကလည်း ကိုဗစ်စင်တာပြန်လုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျနော်တို့လည်း အစကမလုပ်ချင်ဘူး။ စစ်ကောင်စီနဲ့ မလွဲသာမရှောင်သာ ဆက်စပ်ရတာကိုး။ ဌာနဆိုင်ရာရဲ့ စင်တာတွေ ပြန်ငှားရတယ်။ အခုအိတ်စွပ်စင်တာဆိုရင် ငှားရတယ်။ အခုကျနော်တို့ စင်တာမှာ လူ ၂၀၀ ကျော်ရှိနေတယ်။ စင်တာမရောက်လာဘဲ ရပ်ထဲရွာထဲမှာ ကြိတ်ကုပြီး သေကြတဲ့သူတွေလည်း ကြားနေရတယ်။ ကိုဗစ် ဟုတ်မဟုတ်လည်း အတည်မပြုနိုင်ဘူး။ အခုအချိန်မှာက စတေးဟုမ်းတွေလည်း စနစ်တကျမလုပ်နိုင်တော့ တော်တော်ဆိုးတယ်။”

အိတ်စွပ်စင်တာကို ပြန်ဖွင့်လိုက်နိုင်တာဟာ အများပြည်သူအတွက် အကျိုးရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ဟာ နိုင်ငံရေးပဋိပက္ခ အထွဋ်အထိပ်ရောက်နေတဲ့အချိန်ဆိုတော့ ခံစားချက်အမျိုးမျိုး ဝေဖန်မှုအမျိုးမျိုးရှိကြပါတယ်။ ဒါ့ကြောင့်ပရဟိတဆောင်ရွက်သူဟာ သူ့နာမည်ကိုတောင် လျှို့ဝှက်ထားဖို့ပြောပါတယ်။ သူ့လုပ်ဆောင်ချက်တွေကို စစ်ကောင်စီဘက်က မကြိုက်နှစ်သက်တာမျိုးရှိနိုင်သလို၊ စစ်ကောင်စီနဲ့ အလုပ်တွဲလုပ်တာကို မကျေနပ်သူ အရပ်သားတွေရဲ့ အဝေဖန်ခံရတာမျိုးလည်း ရှိပါတယ်။ သူတို့စင်တာဟာ အောက်ဆီဂျင်ပေးကုသနိုင်တဲ့ အတွက် အသက်ကယ်ပေးနိုင်တဲ့ လူနာတော်တော်များများရှိနေပါပြီ။ ဒါပေမဲ့ လူတိုင်းကို ကယ်တင်နိုင်တာတော့လည်း မဟုတ်ပါဘူး။

“ကျနော်တို့ဒီနေ့ စင်တာမှာဆုံးသွားတဲ့သူက အောက်ဆီဂျင်က ၃၀ လောက်ပဲရှိတော့တာ။ ၃၀ လောက်ပဲရှိတဲ့သူကတော့ ကောင်းလာဖို့ မလွယ်တော့ဘူးပေါ့ဗျာ။ ၈၀ ထက်အောက်ကျသွားပြီဆိုရင်တောင် ကျနော်တို့ စိုးရိမ်လာရပြီလေ။ ၉၀ အောက်မကျဘဲ ၁၀ ရက်လောက်ကျော်သွားရင်တော့ ကောင်းသွားတာ များတယ်။ အဲဒါဆို ကျော်လွှားသွားနိုင်ပြီ။ ဖျားချင်ဖျား၊ ချောင်းဆိုးချင်ဆိုး ကိစ္စမရှိဘူး။”

မြို့ပေါ်မှာ ရပ်ကွက်ထဲမှာ နာရေးအိမ်က အသံချဲ့စက်သံတွေကို ဟိုနားကကြားရ၊ ဒီနားကကြားရ။ သုသာန်မှာလည်း ကိုဗစ်အလောင်းတွေက နေ့စဥ်လိုလို ဆယ်ဂဏန်းနဲ့ရောက်လာကြ။ လင်မယား၊ သားအဖ၊ သမီးယောက္ခမ စသည်ဖြင့် အတွဲလိုက်သေဆုံးမှုတွေလည်း ကြားနေရ။ ဒီလိုအခြေအနေမျိုးဆိုတော့ လူတွေက ကြောက်ရွံ့ခြောက်ခြားနေကြပြီလား။

“မကြောက်လို့ ခက်နေတာဗျ။ အခုထိ လမ်းပေါ်မှာ mask မတပ်ဘဲသွားနေတဲ့လူတွေက အများကြီး။ ကိုဗစ်က ဘာမှမဟုတ်ပါဘူးကွာ။ ဘာမှမဖြစ်ပါဘူးလို့ ပြောနေတဲ့လူတွေ အများကြီး။ အဲဒီလူတွေက အများဆုံးဖြစ်နေကြတာပဲ။ တချို့ကလည်း သူတို့ရဲ့ စားဝတ်နေရေး အခြေအနေကြောင့် မလုပ်မဖြစ် အလုပ်လုပ်နေ ကြရတယ်။ ပန်းရံသမားတွေဆို အလုပ်လုပ်နေကြတာပဲ။ မလုပ်လို့လည်း မရဘူး။ စားဝတ်နေရေးက အရေးကြီးတယ်။ သူတို့ကိုထောက်ပံ့မဲ့သူ မရှိဘူး။ သူတို့က mask တွေ ဘာတွေလည်း မတပ်ကြဘူး။ ပိုက်ဆံပိုရှိတဲ့လူတွေ၊ ပိုပြီး စာတတ်တဲ့လူတွေကတော့ ပိုကြောက်တတ်ကြတယ်ဗျ။ ဆင်းရဲသားတွေက သိပ်ကြောက်တတ်တာ မဟုတ်ဘူး။”

ဒီနေ့အချိန်မှာ အမိန့်အာဏာကလည်း သိပ်ထိရောက်မှုမရှိတဲ့အတွက် ထိန်းချုပ်ရပိုမိုခက်ခဲနေပါတယ်။

အခုလောလောဆယ်တော့ အောက်ဆီဂျင်ဗူးအလုံအလောက်ရှိနေပါသေးတယ်

ဓာတ်ပုံ ရင်းမြစ်, Bone Pyae Khant

ဓာတ်ပုံ ပုံစာ, အခုလောလောဆယ်တော့ အောက်ဆီဂျင်ဗူးအလုံအလောက်ရှိနေပါသေးတယ်

“လော့ဒေါင်း နှစ်ပတ်လောက်ချမယ်လို့ သတင်းတော့ထွက်နေတယ်ဗျ။ အဲဒါလုပ်လိုက်ရင်တော့ အောင်မြင်သွားနိုင်ပါတယ်။ အဲသလို မဟုတ်ရင်တော့ ပိုဆိုးလာနိုင်တယ်လို့ ထင်ပါတယ်။”

တချို့ကိုဗစ်လူနာတွေမှာတော့ စိတ်ဖိစီးမှု သိပ်ကြီးမားတဲ့ လက္ခဏာမျိုးတွေလည်း တွေ့ရပါတယ်။ ဇွန်လ ၂၆ ရက်နေ့က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ထားတဲ့ ရဲတပ်သား သိန်းသန်းဦးဆိုသူဟာ ကွာရန်တင်းစင်တာရဲ့ သုံးထပ်တိုက်ပေါ်ကနေ ခုန်ချသေဆုံးသွားခဲ့တယ်လို့ ခိုနူမ်းသုန် သတင်းဌာနက ရေးသားထားပါတယ်။ တိုက်ပေါ်က ခုန်ချစဥ်မှာ ဦးခေါင်းကို ထိခိုက်ပြီး အဲဒီဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။

စစ်ကောင်စီအစိုးရက စစ်ဆေးရုံက ဆရာဝန်တချို့ကို ပြည်သူ့ဆေးရုံကြီးဆီပို့ပြီး ဆေးရုံပြန်ဖွင့်ပါတယ်။ ခက်တာက ကျွမ်းကျင်တဲ့ ဆရာဝန်တော်တော်များများက ဝရမ်းအထုတ်ခံရလို့ တိမ်းရှောင်နေကြပါတယ်။ တချို့ကလည်း စစ်ဆေးရုံက စစ်ဗိုလ်ဆရာဝန်တွေနဲ့ လက်တွဲ အလုပ်မလုပ်ချင်ဘူးလို့ ဆိုနေကြောင်း ပရဟိတဝန်ထမ်းက ပြောပြပါတယ်။ ဒါပေမဲ့ CDM ဆရာဝန်တချို့ကတော့ အရေးပေါ်လိုအပ်ချက်အရ CDM ကိုခေတ္တဆိုင်းငံ့ပြီး ဆေးရုံမှာ လာရောက်အလုပ်လုပ်ကြတာလည်း ရှိလာပါပြီ။

“သူတို့က Non-CDM လုပ်တာမဟုတ်ဘူးလို့ တရားဝင်ကြေညာပြီး ခဏပဲအရေးပေါ်အခြေအနေအရပြန်လုပ်တာလို့ ပြောပါတယ်ရှင့်” လို့ဒေါ်အေးကဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း အောက်ဆီဂျင်ထုတ်လုပ်တဲ့ စက်တစ်လုံး ကလေးမြို့ပြည်သူ့ဆေးရုံကို ပို့လိုက်ပြီလို့ ပရဟိတလုပ်ဆောင်သူက ဆိုပါတယ်။ အဲဒီစက်ဟာ တနေ့ကို အောက်ဆီဂျင် အလုံး ၃၀ ကနေ ၄၀ အထိ ထုတ်လုပ်ပေးနိုင်မှာမို့ နည်းနည်းစိတ်သက်သာရာရမိတယ်လို့လည်း ဆိုပါတယ်။

အခုအခါ ကလေးမြို့မှာ ကိုဗစ်ကာကွယ်ဆေးကိုလည်း လူတိုင်းထိုးခွင့်ပေးထားပါပြီ။ ဆေးရုံကိုလာရောက်ထိုးနိုင်ကြတယ်လို့ဆိုပါတယ်။

ကလေးမြို့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးလက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားခဲ့တဲ့မြို့ဖြစ်ပါတယ်။ အခုတော့ ကိုဗစ်အဆိုးဆုံး ပထမဆုံးမြို့ဖြစ်လာမှာကို သူတို့စိုးရိမ်ပူပန်နေကြပါတယ်။