တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက် တရားလိုသက်သေတွေကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ ပယ်ချ

    နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ စွဲဆိုထားတဲ့အမှုအတွက် ဇွန် ၂၂ ရက်က ရုံးထုတ်ခဲ့ရာမှာ သူတို့ရှေ့နေတွေက တရားလိုဘက်က တင်ပြလာတဲ့ သက်သေတွေကို ကန့်ကွက်ခဲ့ကြပါတယ်။

    နှစ်ဖက် ရှေ့နေတွေ အပြန်အလှန်လျှောက်လဲချက် ပေးခဲ့ကြပြီးနောက် လာမယ့်ရုံးချိန်းမှာ ဒီအမှုအတွက် သက်သေလက်ခံ မခံ တရားရုံးက ကြားဖြတ်အမိန့်ချ ဖို့ရှိပါတယ်။

    ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကိုသာ စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ အတွက်လည်း သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၅ ယောက်ကို အရှေ့ပိုင်းခရိုင်တရားရုံးမှာ စွဲဆိုခဲ့တဲ့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တောင်းယူသွားပြီးနောက် တရားရုံးပြောင်းတဲ့အပေါ် ရှေ့နေတွေဘက်က လျှောက်လဲချက်ပေးရမယ့် ရုံးချိန်းကလည်း မနက်ဖြန် ဇွန် ၂၃ ရက်မှာ ရှိပါတယ်။

    ကနဦး ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စွပ်စွဲခံရသူအားလုံး ကိုယ်တိုင်လျှောက်လဲရမယ်လို့ ပါရှိခဲ့ပါတယ်။

    အဆင့်ကျော်နေတဲ့ ကြားနာမှု

    ဒီအမှုလိုက်ပါ‌ဆောင်ရွက်မယ့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းမာလာညွန့်ကတော့ တရားစွဲခံထားရသူတွေ ကိုယ်တိုင်လျှောက်လဲရမယ် ဆိုတာ အဆင့်ကျော်နေတယ်လို့ ပြောပါတယ်။

    တရားစွဲဆိုပြီဆိုရင် ပထမဆုံး ဦးစွာအမှု လက်ခံတယ်၊ ပြီးရင်အမှုတွဲခေါ်ပြီး နှစ်ဖက်လျှောက်လဲချက်ပေးဖို့ချိန်းရတယ်၊ အမှန်ဆို နှစ်ဖက်လျှောက်လဲချက် မပေးခင် တဖက်က အမှုသည်တွေကို သမာန်စာ ထုတ်ပေးရမယ်၊အဲဒီ လာမယ့်ရုံးချိန်ကို ရှေ့နေ သို့မဟုတ် လူကိုယ်တိုင် လာပါလို့ ပြောရမယ်၊ ရှေ့နေ မပါဘူးဆိုမှ လူကိုယ်တိုင် လျှောက်လဲချက်ပေးရမှာ ဖြစ်တယ်၊ အခုက အဲဒီအဆင့်ကို ကျော်သွားတာလို့ ရှေ့နေ ဒေါ်စန်းမာလာညွန့်က ပြောပါတယ်။

    ဇွန်လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ နေပြည်တော်ရဲစခန်းတခုမှာ ပထမသတင်းပေး တိုင်ချက်ဖွင့်ထားတယ်လို့ သတင်းစာကနေ ကြေညာထားပေမယ့် နောက်ဆက်တွဲ ဘာမှထပ်မသိရသေးဘူးလို့ ရှေ့နေအဖွဲ့က ဆိုပါတယ်။

    လောလောဆယ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို ထားတဲ့အမှုတွေထဲက သဘာဝဘေး ဥပဒေပုဒ်မနဲ့ နှစ်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ တို့နဲ့ စွဲဆိုထားတဲ့ အမှု ၅ မှုအတွက် အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တိုင်း နေပြည်တော်မှာ ရုံးထုတ်စစ်ဆေးနေပါတယ်။

    ဒီအမှု ၅ မှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးမှာဖြစ်ပါတယ်။

    နိုင်ငံတော်အကြည်ညိုပျက်စေမှုအတွက် တရားလိုသက်သေတွေကို ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေ ပယ်ချ

    ဓာတ်ပုံ ရင်းမြစ်, Screen Shot

  2. မူကြိုတွေပြန်ဖွင့်ဖို့ ဆိုင်းငံ့

    နိုင်ငံတွင်းမှာ ကိုဗစ်ပိုးတွေ့ရှိမှု မြင့်တက်လာလို့ မူကြိုကျောင်းတွေ ပြန်လည်ဖွင့်မှာကို ဆိုင်းငံ့ထားဖို့ ကြေညာခဲ့ပါတယ်။

    ဒါပေမဲ့ ဇွန်လအစပိုင်းမှာ ဖွင့်ခဲ့တဲ့ အခြေခံပညာကျောင်းတွေမှာ ပိုးတွေ့မှုတွေ ရှိနေပေမယ့်ကျောင်းမပိတ်တာကိုလည်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

    ဇွန်လ ၂၁ ရက် တစ်ရက်တည်းမှာ ကူးစက်သူ ၅၉၅ ယောက်ရှိခဲ့တာကြောင့် အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စံချိန်တင် အများဆုံးတွေ့ရှိမှု ဖြစ်ပါတယ်။

    အခြေခံပညာကျောင်းတွေထက်စောပြီး မေလက ဖွင့်ခဲ့တဲ့ တက္ကသိုလ်တွေမှာတော့ ပညာသင်နှစ်ဝက် စာမေးပွဲတွေ ကျင်းပနေပြီ ဖြစ်ပါတယ်။

  3. ရခိုင်မှာ ဒေသတွင်းကိုဗစ် ကူးစက်မှုပြန်ဖြစ်

  4. ကိုဗစ် ကူးစက်သူ အသစ် ၆၃၀ ဦးတွေ့၊ ၂ ဦး သေဆုံး

    မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ဒီကနေ့ ၆၃၀ ဦး ထပ်မံတွေ့ရှိပြီး သေဆုံးသူ ၂ ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    အခုချိန်ထိ စုစုပေါင်း ကူးစက်သူ ၁၄၉,၂၄၇ ဦး ရှိပြီး သေဆုံးသူ ၃,၂၆၇ ဦး ရှိပြီ ဖြစ်ပါတယ်။

    ဒါဟာကူးစက်သူ ၆၀၀ နီးပါးတွေ့ရှိခဲ့တဲ့ မနေ့ကတွေ့ရှိမှုကို ထပ်မံစံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

    ကိုဗစ်ကူးစက်မှု နေ့စဥ် ရာချီ ရှိနေချိန်မှာ မူကြိုကျောင်းတွေ ဖွင့်လှစ်ဖို့ကိုတော့ ဆိုင်းငံ့ထားလိုက်ပါတယ်။ မေလကတည်းက ဖွင့်ခဲ့တဲ့ တက္ကသိုလ်တွေမှာတော့ နှစ်ဝက် စာမေးပွဲတွေ စစ်ဆေးနေပြီး အခြေခံပညာကျောင်းတွေကိုတော့ ဖွင့်ထားဆဲ ဖြစ်ပါတယ်။

  5. NUG က ဒုသမ္မတကို ယာယီသမ္မတအဖြစ် အတည်ပြု

    အမျိုးသားညီညွတ်ရေးအစိုးရ NUG က လက်ရှိ ဒုတိယ သမ္မတ ဒူဝါလရှီးလကို ယာယီသမ္မတအဖြစ် ပြောင်းလဲခေါ်ဝေါ်မယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

    ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့မနေ့ကပြုလုပ်တဲ့အစည်းအဝေးအရ အဲဒီလို ခေါ်ဝေါ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

    သမ္မတ ဦးဝင်းမြင့် ဖမ်းဆီးခံထားရစဥ်အတွင်း ဒုသမ္မတက ယာယီသမ္မတအနေနဲ့ ဆောင်ရွက်နေလို့ အခုလို ခေါ်ဝေါ်သုံးစွဲဖို့ အတည်ပြုခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    NUG က ဒုသမ္မတကို ယာယီသမ္မတအဖြစ် အတည်ပြု

    ဓာတ်ပုံ ရင်းမြစ်, NUG

  6. မိုးမောက် အထက မှာ ဗုံးကွဲ တစ်ဦး ဒဏ်ရာရ

    ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှာ ဒီက‌နေ့ ဇွန်လ ၂၂ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းက ပရိဘောဂ အချို့ပျက်စီးကာ အနည်းဆုံးတစ်ဦး ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။

    ပေါက်ကွဲမှုမှာအလယ်တန်းပြ ဆရာမတစ်ဦး၊ အသက် ၅၄ နှစ်အရွယ် ကျောင်းစောင့်နဲ့ သားဖြစ်သူတို့ ခြေထောက်မှာ မိုင်းစထိမှန်ခဲ့တယ်လို့ဒေသသတင်းတွေက ဆိုပေမဲ့ စစ်ကောင်စီက ထုတ်လွှင့်တဲ့ ရုပ်သံမှာတော့ ကျောင်းသန့်ရှင်းရေးလုပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ်။

    “ကျောင်းဆောင်အရှေ့လှေခါးအောက်မှာ ပေါက်တာ၊ လှေခါးပါကျိုးသွားတယ်။ မနက် ၉ နာရီခွဲလောက်မှာ ပေါက်တာလို့”လည်းဒေသခံတစ်ဦးကပြောပါတယ်။

    ခြေထောက်မှာ မိုင်းထိမှန်ခဲ့သူကို ဗန်းမော် ဆေးရုံသို့ ခေါ်ဆောင်သွားသွားခဲ့ပြီး ကုသမှု ခံယူနေကြောင်းနဲ့ကျောင်းကိုလုံခြုံရေးတပ်ဖွဲ့တွေက နေရာယူထားပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ‌ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မိုးမောက် အထက

    ဓာတ်ပုံ ရင်းမြစ်, Screen Shot

    ဓာတ်ပုံ ပုံစာ, ‌ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ မိုးမောက် အထက
  7. ဒဂုံတက္ကသိုလ် ပညာသင်နှစ်ဝက်စာမေးပွဲဖြေသူ တစ်ထောင်နီးပါးရှိ

    မေလ ၁၂ ရက်တုန်းက ဒဂုံတက္ကသိုလ်မှာ ကျောင်းလာတက်တဲ့ကျောင်းသူတချို့

    ဓာတ်ပုံ ရင်းမြစ်, ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ

    ဓာတ်ပုံ ပုံစာ, မေလ ၁၂ ရက်တုန်းက ဒဂုံတက္ကသိုလ်မှာ ကျောင်းလာတက်တဲ့ကျောင်းသူတချို့

    ဒဂုံတက္ကသိုလ်မှာ ဒီနေ့ ဇွန်လ ၂၂ ရက်မှာပြုလုပ်တဲ့ ပညာသင်နှစ်ဝက် စာမေးပွဲကို လာဖြေတဲ့ ကျောင်းသူကျောင်းသား တစ်ထောင်နီးပါးအထိရှိတယ်လို့ တက္ကသိုလ်ကျောင်းသားသမဂ္ဂဘက်က သိရပါတယ်။

    စစ်ကောင်စီက မေလမှာ အဆင့်မြင့်ပညာအောက်က တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်တွေကို ပြန်ဖွင့်ချိန်မှာ ဒဂုံတက္ကသိုလ်လည်း ပြန်ဖွင့်ခဲ့ပေမဲ့ ကျောင်းသားတွေ ကျောင်းမတက်တဲ့သပိတ်ဆင်နွှဲခဲ့လို့ ပုံမှန်ကျောင်းလာတက်သူ တစ်ထောင်နီးပါးပဲ ရှိခဲ့တာပါ။

    ဒဂုံတက္ကသိုလ်မှာ မူလက နေ့သင်တန်းတက်ရောက်တဲ့နေတဲ့စာရင်းရှိကျောင်းသား ၆ ထောင်နီးပါးရှိပြီး ပုံမှန်ဆို တက္ကသိုလ်ပညာသင်နှစ် တစ်နှစ်ကို ၄ လစီကြာတဲ့ ပညာသင်နှစ်ဝက် ၂ ခုသတ်မှတ်ထားပြီး ကျောင်း ၄ လတက်ပြီးတိုင်း ပညာသင်နှစ်ဝက်ဆုံးတဲ့ စာမေးပွဲကျင်းပတာပါ။

    ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ ၂ လနဲ့ ပညာသင်နှစ်ဝက် စာမေးပွဲ ပြုလုပ်လာတာပါ။

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု(CDM)မှာ ပညာရေးဝန်ထမ်းတွေ ပါဝင်လာကြပြီးတဲ့နောက် ဒဂုံတက္ကသိုလ်က ဆရာ၊ဆရာမတွေနဲ့ဝန်ထမ်း ၅၅၀ နီးပါးလည်း CDM မှာ ပါဝင်နေကြဆဲဖြစ်ပါတယ်။

  8. ကယားမှာ တိုက်ပွဲကြောင့်သေဆုံးသူ ၇၁ ဦးကျော်ပြီ

    ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် သေဆုံး ၇၁ ဦးအထိရှိလာပြီလို့တိုးတက်သောကရင်နီပြည်သူ့အင်အားစု-PKPF ကထုတ်ပြန်ပါတယ်။

    အဆိုပါ စာရင်းထဲမှာ အကြောင်းမဲ့ ပစ်သတ်ခံရတဲ့သူတွေပါဝင်သလို အရွယ်မရောက်သေးတဲ့ ကလေးငယ် သုံးယောက်လည်း သေဆုံးခဲ့တယ်လို့လည်းဖော်ပြပါတယ်။၊

    ဒီးမော့ဆိုမြို့နယ်က သေဆုံးသူ ၄၇ ဦးနဲ့ အရေအတွက်အများဆုံးဖြစ်ပြီး လွိုင်ကော်က ၁၈ ဦး ၊ မိုးဗြဲက ၄ ဦး ၊ ဖယ်ခုံက ၁ ဦးနဲ့ ဘော်လခဲ မြို့နယ်က (၁)ဦး တို့ဖြစ်တယ်လို့လည်းသိရပါတယ်။၊

    လက်ရှိအချိန်ထိ စစ်ကောင်စီနဲ့ KNDF တပ်ဖွဲ့ဝင်တွေ အပစ်ရပ်ထားပေမယ့်လို့ ဒီးမောဆိုအရှေ့ဖက်ခြမ်းမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေသေးတယ်လို့လဲ PKPF ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

    လက်ရှိမှာ ကယားပြည်နယ်အတွင်းနဲ့ ကယားနယ်စပ်တွေထဲက ဘေးလွတ်ရာတောတွေထဲ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက် တစ်သိန်းဝန်းကျင်ရှိလာပြီလို့ ဒေသခံလူမှုကူညီရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

    ကယားပြည်နယ်အတွင်းသေဆုံးခဲ့သူတွေ အရေအတွက် စုစုပေါင်းကိုတော့ စစ်ကောင်စီဘက်ကထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။

    ဒီမောဆိုမြို့နယ် ငွေတောင်ရွာ လူနေရပ်ကွက်အတွင်းပုပ်ပွနေတဲ့ အလောင်းတွေကို စုပေါင်း သင်္ဂြိုဟ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီးမေ့ဆိုမြို့နယ် ငွေတောင်ရွာ လူနေရပ်ကွက်အတွင်းပုပ်ပွနေတဲ့ အလောင်းတွေကို ဇွန်လ ၁၆ ရက် က စုပေါင်း သင်္ဂြိုဟ်
  9. ထားဝယ်က ဆန္ဒပြအချို့ ထောင် လေးနှစ်အထိ ချမှတ်ခံရ

    ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှာ အဖမ်းခံရတဲ့ ဆန္ဒပြဦးဆောင်သူ ကိုအောင်ဝေယံကျော်အပါအဝင် အဖမ်းခံရသူ ကိုးဦးအနက် အချို့ကို ထောင်ဒဏ်လေးနှစ်အထိ ချမှတ်ခဲ့ကြောင်း မိသားစုဝင်အချို့ထံ ကသိရ‌ကြောင်း Dawei Watch ကရေးပါတယ်။

    သူတို့ကို မတ်လ ၁၈ ရက်နေ့က ဝဲကျွန်းရပ်ကွက်က နေအိမ်တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီးတော့ဇွန်လ ၂၁ ရက်နေ့က အမိန့်ချလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။

    သပိတ်ဦးဆောင်သူအပါအဝင် အဖမ်းခံရသူအချို့ကို ထောင်ဒဏ် ၄ နှစ်အထိ အမိန့်ချလိုက်တယ်လို့ ရှေ့နေကတစ်ဆင့်သိရကြောင်း ကိုအောင်ဝေယံကျော်ရဲ့ မိသားစုဝင်တစ်ဦးက ပြောခဲ့ပါတယ်။

    သူတို့ထဲက အချို့ကို ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့တယ်လို့ သိရပြီး သူတို့ကို ထားဝယ်အကျဉ်းထောင်အတွင်းက အထူးတရားရုံးမှာ အမိန့်ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။

    ကိုအောင်ဝေယံကျော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အပြင် လက်နက်အမှုနဲ့ပါ အမိန့်ချခဲ့တယ်လို့ သိရကြောင်း ကိုအောင်ဝေယံကျော်ရဲ့ မိသားစုဝင်က ပြောခဲ့ပါတယ်။

    ထားဝယ်က မေလ ၂ ရက်နေ့ဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ထားဝယ်က မေလ ၂ ရက်နေ့ဆန္ဒပြပွဲ
  10. ရခိုင် ၄ မြို့နယ်မှာ သွေးလွန်တုပ်ကွေးကူးစက်မှုတွေရှိနေ

    ရခိုင်ပြည်နယ်ထဲက မြို့နယ် ၄ခုမှာ သွေးလွန်တုပ်ကွေးကူးစက်မှုတွေ ပြီးခဲ့တဲ့မေလကတည်းက ဖြစ်ပွားနေတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနမှူးလည်းဖြစ်၊ ပြည်နယ်ကုသရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာကြည်လွင်က ပြောပါတယ်။

    သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့မြို့နယ်တွေဟာ စစ်တွေ၊ သံတွဲ၊ ရသေ့တောင်နဲ့ မြောက်ဦးတို့မှာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့မေလအတွင်းက ၄၄ ယောက်ဖြစ်ပွားခဲ့ပြီး အခုလထဲမှာလည်း ဖြစ်ပွားသူတွေရှိဆဲလို့သိရပါတယ်။

    အခုလို သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတဲ့ကလေးငယ်အရေအတွက်တိုးလာနေပေမယ့် လက်တလောမှာတော့ ဒီရောဂါကြောင့် အသက်ဆုံးရှုံးရတာမျိုး မရှိသေးပါဘူး။

    အခုလို မိုးဦးရာသီတွေမှာဖြစ်လေ့ရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ကလေးငယ်တွေအဖြစ်များတတ်ပြီး စိုးရိမ်ရတဲ့တုပ်ကွေးရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

    သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်ကနေကူးစက်ခံရတဲ့ရောဂါဖြစ်တဲ့အတွက် ကလေးငယ်တွေကိုခြင်ကိုက်မံရအောင်ထားဖို့နဲ့ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ ခြင်မပေါကပွားနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ ဒေါက်တာကြည်လွင်က အကြံပြုပြောဆိုပါတယ်။

    ဒီရောဂါဟာ နှစ်စဉ်ဖြစ်ပွားနေတဲ့ရောဂါတစ်ခုဖြစ်ပေမဲ့ အချိန်မီဆေးဝါးကုသမှုတွေ မလုပ်နိုင်ရင်၊ ဆေးရုံဆေးခန်းတွေမှာပြသတာတွေနောက်ကျနေရင် သေဆုံးတဲ့အထိဖြစ်သွားနိုင်တဲ့ရောဂါဖြစ်ပါတယ်။

    သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ခြင်ကျားတွေဟာ မိုးဦးရာသီမှာသာပေါက်ဖွားတတ်ပြီး ပုံမှန်ရှိနေတဲ့ခြင်တွေလို တောထဲတွေမှာပေါက်ဖွားကြတာမဟုတ်ဘဲ လူနေဝန်းကျင်တွေ၊ ရေနုတ်မြောင်းတွေနဲ့ ခြုံပင်တွေရှိတဲ့နေရာတွေမှာ ပေါက်ဖွားကြတာဖြစ်ပါတယ်။

    ဒါ့ကြောင့် ရေမြောင်းတွေ ရေစီးရေလာကောင်းဖို့၊ ရေထည့်တဲ့အိုးခွက်တွေကို ဖုံးအုပ်ဖို့ ကျန်းမာရေး၀န်ထမ်းတွေက တိုက်တွန်းပါတယ်။

    ရခိုင် ၄ မြို့နယ်မှာ သွေးလွန်တုပ်ကွေးကူးစက်မှုတွေရှိနေ
  11. မန္တလေးပစ်ခတ်မှု- အောင်ပင်လယ်ဘက်မှာ စစ်ကောင်စီတပ်တွေက အရပ်၀တ်နဲ့လှုပ်ရှားနေ

    မန္တလေးမြို့မှာ ဒီနေ့ ဇွန်လ ၂၂ ရက်တုန်းက ဖြစ်ခဲ့တဲ့ပစ်ခတ်မှုတွေအပြီးမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေလို ဝတ်ဆင်ပြီး အောင်ပင်လယ်ဘက်ကရပ်ကွက်တွေထဲ လှုပ်ရှားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

    ‘စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့က ကျည်ကာတွေဝတ်၊ အပေါ်က ပုံမှန်အင်္ကျီတွေဝတ်ပြီး အောင်ပင်လယ်ဘက်က ရပ်ကွက်တချို့မှာ ရပ်ကွက်သားပုံစံနဲ့ သွားလာနေတာတွေရှိတယ်။ တကယ်လို့ လူငယ်တွေ ပြေးလာရင် သူတို့ စောင့်ဖမ်းမယ်ဆိုတဲ့ အနေအထားရှိတယ်။ လက်မခံလို့လည်းမရဘူး။ သူတို့က လက်နက်တွေနဲ့အသွင်ယူပြီးနေတာဆိုတော့ လက်မခံလို့လည်း မရဘူးလေ’ လို့ လုံခြုံရေးစစ်ဆေးမှုတွေကြောင့် ကိုယ့်ရပ်ကွက်ထဲပြန်မဝင်နိုင်သေးတဲ့မြို့ ခံတစ်ဦးက ပြောပါတယ်။

    မနက်ခင်းပိုင်းက ၅၅ လမ်းဘက်မှာ ပစ်ခတ်မှုဖြစ်ခဲ့အပြီးမှာ လူငယ်တချို့က ထွန်တုံးဘက်ကနေ အောင်ပင်လယ်ဘက်ကို ပြေးကြတာတွေလည်းရှိတယ်။

    အဲဒီလိုအခြေအနေကြောင့် စစ်ကောင်စီဘက်ကဒေသခံတွေက အောင်ပင်လယ်လို့ ခြုံခေါ်ကြတဲ့ အောင်ပင်လယ်၊ အောင်သာယာ၊ ထွန်တုံး၊ ကန်သာယာ စတဲ့ ရပ်ကွက်တွေရှိရာ ၅၄ လမ်း၊ ၅၆ လမ်းနဲ့ ၅၈ လမ်းတွေကို ပိတ်ထားပြီး ပစ်ခတ်မှုတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

    ပစ်ခတ်မှုတွေဟာ မနက်ခင်း ၇ နာရီလောက်ကနေ ၁၀ နာရီလောက်အထိဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း နာရီဝက်လောက် အသံတိတ်သွားခဲ့ပေမဲ့ အခုအချိန်အထိ ပစ်ခတ်မှုတွေ ရှိနေသေးတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

    မနက်ခင်းပိုင်းပစ်ခတ်မှုတွေဟာ ၅၄ လမ်းထဲက တပ်ခွဲတစ်နေရာကို စစ်ကောင်စီဘက်က ဝင်ရောက်စီးနင်းလို့ ဖြစ်ခဲ့တာဆိုပြီး မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သူတို့ရဲ့လူမှုကွန်ယက်ကနေ မကြာသေးခင်တုန်းကမှ ကြေညာပါတယ်။

    ဝင်စီးတဲ့အဆောက်အအုံထဲမှာ တပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်တချို့ ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ မန္တလေး PDF က လူမှုကွန်ရက်ကနေ ထုတ်ပြောပေမဲ့ ထိခိုက်သေဆုံးမှု ရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

    စစ်ကောင်စီဘက်ကတော့ အဲဒီပစ်ခတ်မှုမှာ သူတို့ဘက်က ထိခိုက်ဒဏ်ရာရသူဖြစ်သလို PDF ကတော့ သေဆုံးသူ ၈ ဦး ရှိတယ်လို့ အစောပိုင်းတုန်းက သတင်းထုတ်ပြန်ထားပါတယ်။

    မန္တလေးပစ်ခတ်မှု- အောင်ပင်လယ်ဘက်မှာ စစ်ကောင်စီတပ်တွေက အရပ်၀တ်နဲ့လှုပ်ရှားနေ

    ဓာတ်ပုံ ရင်းမြစ်, CJ

  12. မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးသုံးလကျော်အတွင်း ကိုဗစ်ပိုး စံချိန်တင်တွေ့

    မြန်မာနိုင်ငံထဲ မနေ့ ဇွန်လ ၂၁ မှာ ကိုဗစ်နိုင်တင်းရောဂါပိုးကူးစက်မှုအသစ်၅၉၅ ခုအထိတွေ့ခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။

    ဒါဟာ နိုင်ငံထဲ စစ်တပ်က အာဏာသိမ်းမှုဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း နေ့စဉ် ကိုဗစ်ကူးစက်မှုတွေထဲ ပိုးတွေ့သူ အများဆုံး တွေ့တဲ့စံချိန်လည်းဖြစ်ပါတယ်။

    ဒါ့ပြင် ပိုးကူးစက်မှုတွေကြောင့် ရောဂါကူးစက်မှု ကာကွယ်ဖို့ ပဲခူးတိုင်းထဲက ဖြူးမြို့နယ်ကို မလိုအပ်ဘဲ နေအိမ်ထဲကနေ အပြင်မထွက်စေတဲ့(stay at home) သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီရဲ့အာဘော် မြန်မာ့ရုပ်မြင်သံကြားက ကြေညာပါတယ်။

    တချိန်တည်းမှာပဲ ကိုဗစ်ကူးစက်မှုအသစ်တွေထဲမှာ နေပြည်တော်၊ ဇဗ္ဗူသီရီမြို့နယ် မစိုးရိမ်တိုက်သစ်က သံဃာ ၇၀ ကျော်လည်း ပါဝင်နေပါတယ်။

    ကျောင်းရှိသံဃာ ၂၄၀ ကျော်ထဲကမှ သံဃာ ၂ ပါးမှာ စတွေ့ခဲ့တာဖြစ်ပြီး အခုတော့ ကျောင်းတိုက်ကို လော့ဒေါင်းချထားလိုက်ပြီဖြစ်ပါတယ်။

    ပိုးတွေ့သံဃာ ၇၀ ကျော်ပေမဲ့ အများစုဟာ အနံ့မပျောက်၊ မဖျားမနာဘဲ သာမန်အတိုင်းပဲ ကျန်းမာတယ်လို့ ကျောင်းတိုက်က သံဃာတစ်ပါးက ဘီဘီစီကို မိန့်ထားပါတယ်။

    ကိုဗစ်ကူးစက်မှုတွေရှိတဲ့ နေပြည်တော်က မစိုးရိမ်တိုက်သစ်မှာ တိုက်ကို လော့ဒေါင်းချထား

    ဓာတ်ပုံ ရင်းမြစ်, မစိုးရိမ်တိုက်သစ်-နေပြည်တော်

    ဓာတ်ပုံ ပုံစာ, ကိုဗစ်ကူးစက်မှုတွေရှိတဲ့ နေပြည်တော်က မစိုးရိမ်တိုက်သစ်မှာ တိုက်ကို လော့ဒေါင်းချထား
  13. မန္တလေးတိုက်ခိုက်မှု ၈ ဦးသေဆုံးလို့ စစ်ကောင်စီထုတ်ပြန်

    ဒီနေ့ ဇွန်လ ၂၂ ရက် မနက်ပိုင်းပစ်ခတ်မှုအပြီး မန္တလေးမြို့တွင်းမှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတင်းကျပ်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒီနေ့ ဇွန်လ ၂၂ ရက် မနက်ပိုင်းပစ်ခတ်မှုအပြီး မန္တလေးမြို့တွင်းမှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတင်းကျပ်နေ

    ဒီမနက် ဖြစ်ခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နဲ့ စစ်ကောင်စီ အပြန်အလှန်ပစ်ခတ်မှုမှာ PDF ဘက်က သေဆုံးသူ ၈ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

    စစ်ကောင်စီဘက်က အပြင်းအထန်ဒဏ်ရာရသူတချို့ရှိခဲ့ပြီး PDF က ၄ ဦးသေဆုံး၊ ၈ ဦးကို လက်နက်တွေနဲ့ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

    မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ၅၄ လမ်းက အိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်စီးနင်းရင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဒီမနက်ဖြစ်ပွားခဲ့တာပါ။

    ဒါ့အပြင် ၅၃ လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေကို အိမ်စီးကားပေါ်ကနေ ပစ်ခတ်ခဲ့ လိုက်ဖမ်းရင်း ၅၆ လမ်းနဲ့ လမ်း ၁၁၀ က ထရန်စဖော်မာကို တိုက်မိပြီး ကားပေါ်က လူ ၄ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

    PDF ဘက်က လက်နက်တွေ၊ လက်ပစ်ဗုံးတွေနဲ့ စတင် တိုက်ခိုက်တာလို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

    သူတို့ရဲ့ ပျောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရပြီး စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်နေတာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က သူတို့ရဲ့ လူမှုကွန်ရက်မှာ မနက်က ကြေညာပါတယ်။

    ဒါ့အပြင် ထိုးစစ်ဆင်ခံရတာမို့ အကူအညီပေးကြဖို့ ပြည်သူကို အကူအညီတောင်းခံခဲ့ပါတယ်။

  14. ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ မန္တလေးမှာ စစ်ကောင်စီက စစ်ဆေးမှု တင်းကျပ်နေ

    ပစ်ခတ်မှုတွေဖြစ်ခဲ့တဲ့ မန္တလေးမှာ စစ်ကောင်စီက စစ်ဆေးမှု တင်းကျပ်နေ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကားတွေနဲ့ကင်းကင်းလှည့်နေ

    မန္တလေးမြို့မှာ ဒီနေ့ ဇွန်လ ၂၂ ရက်မနက်ပိုင်းတုန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မြို့တွင်းမှာ စစ်ကောင်စီတပ်တွေဘက်က အစစ်အဆေးတွေ တင်းကျပ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

    ဒါ့ပြင် ပစ်ခတ်မှုတွေအပြီး မြို့ထဲမှာ တင့်ကားတွေရော၊ စစ်ကားတွေပါ မောင်းနှင်နေတာကိုလည်း မြို့ခံတွေက လူမှု ကွန်ယက်တွေမှာ မျှဝေပြောဆိုနေကြပါတယ်။

    မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ၅၄ လမ်းက အိမ်တစ်အိမ်ကို စစ်ကောင်စီတပ်တွေ ဝင်ရောင်းစီးနင်းရင်း အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့တာပါ။

    မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ကတော့ သူတို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်စီးခံရပြီး စစ်ကောင်စီနဲ့ အပြန်လှန်တိုက်ခိုကနေတာလို့ သူတို့ရဲ့လူမှုကွန်ယက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

    ဒီပစ်ခတ်မှုမှာ နှစ်ဖက်အထိအခိုက်အကျအဆုံးတော့ မသိရသေးပါဘူး။

    မနက်ပိုင်းပစ်ခတ်ဖြစ်ချိန် လူမှုကွန်ယက်မှာ တက်လာတဲ့ရုပ်သံအတိုတစ်ခုမှာတော့ သေနတ်အပြန်အလှန် ပစ်ခတ်မှုတွေ ၁၅ ချက်ထက်မနည်းပစ်ခတ်နေသံတွေကို ကြားခဲ့ရပါတယ်။

  15. DVB အယ်ဒီတာချုပ် နိုင်ငံတကာသတင်းစာလွတ်လပ်ခွင့်ဆုရ

    ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)ရဲ့ အယ်ဒီတာချုပ်ဦးအေးချမ်းနိုင်ကို အခုနှစ်အတွက် နိုင်ငံတကာသတင်းစာလွတ်လပ်ခွင့်ဆု ချီးမြှင့်တဲ့အကြောင်း သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ(CPJ)က ဇွန်လ ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။

    ဦးအေးချမ်းနိုင်ဟာ DVB သတင်းဌာနကို ၁၉၉၂ ခုနှစ်မှာ ပူးတွဲတည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။

    ဒီဗွီဘီသတင်းဌာနဟာ နော်ဝေနိုင်ငံ၊ အောစလိုမှာ စတင်ကတည်းက မြန်မာပြည်တွင်းမှာ ထုတ်လွှင့်ဖို့ခက်ခဲတဲ့သတင်းတွေကို ပြည်တွင်းက ပြည်သူပြည်သားသတင်းသမားတွေအကူအညီနဲ့ လှိုင်းတိုရေဒီယိုကနေတဆင့် ထုတ်လွှင့်ခဲ့တဲ့ ပြည်ပအခြေစိုက်မီဒီယာတစ်ခုဖြစ်ခဲ့ပါတယ်။

    အဲဒီနောက် ၂၀၁၂ ခုနှစ်မှာ မြန်မာပြည်တွင်းကို ပြန်ဝင်လာခဲ့အပြီး ဒစ်ဂျစ်တယ်ရုပ်သံလိုင်းထုတ်လွှင့်ခွင့်အထိရခဲ့ပါတယ်။

    ဒါပေမဲ့ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ရုပ်သံထုတ်လွှင့်ခွင့်လိုင်စင် ပြန်ရုတ်သိမ်းခံခဲ့ရတဲ့အပြင် DVB သတင်းဌာနက သတင်းသမားတချို့လည်း ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

    CPJ ဘက်ကတော့ သူတို့ဟာ DVB အပေါ် မြန်မာအာဏာပိုင်တွေရဲ့ဖိနှိပ်မှုကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သတင်းမပြတ်ခဲ့ဘူးလို့ ပြောပါတယ်။

    အခုလို DVB အယ်ဒီတာချုပ်ကို ဆုပေးအပ်တာဟာ ဆယ်စုနှစ်ချီကြာလုပ်ကိုင်ခဲ့တဲ့သူ့ရဲ့သတင်းစာပညာကို အသိအမှတ်ပြုရုံတင်မက ပြည်တွင်းမှာ သတင်းထောက်တစ်ယောက်အလုပ်လုပ်ကိုင်ဖို့ ခက်ခဲနေချိန် မြန်မာပြည်ထဲ ဘာတွေဖြစ်နေလဲဆိုတာကို ဆက်တင်ပြနေတဲ့ DVB ရဲ့အားထုတ်မှုကိုလည်း အသိအမှတ်ပြုတာလို့ CPJ ဘက်က ပြောပါတယ်။

    ဦးအေးချမ်းနိုင်ငံကတော့ အခုလိုဆုရွေးချယ်ခံရတာကို DVB တစ်ဖွဲ့သားလုံးနဲ့အတူ ဂုဏ်ယူရသလို သတင်းဌာနရဲ့သတင်းစာလွတ်လပ်မှုအတွက် အသိအမှတ်ပြုတဲ့ဆုအဖြစ်ကျေးဇူးတင်တဲ့အပြင် မကြာသေးခင်တုန်းက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ DVB သတင်းထောက် ၃ ဦးရဲ့ကိုယ်စား ဒီဆုကို ယူတာလို့ဆိုပြီး လူမှုကွန်ယက်မှာ ပြောထားပါတယ်။

    DVB အယ်ဒီတာချုပ် CPJ က ပေးတဲ့ နိုင်ငံတကာသတင်းစာလွတ်လပ်ခွင့်ဆုရ

    ဓာတ်ပုံ ရင်းမြစ်, DVB

  16. အီးယူက စစ်ကောင်စီရဲ့ဝန်ကြီးနဲ့ဒုဝန်ကြီးတချို့အပါအဝင် ရှေ့နေချုပ်ကိုပါ အရေးယူပိတ်ဆို့မှုတွေလုပ်

    မြန်မာနိုင်ငံမှာဖြစ်တဲ့ စစ်အာဏာသိမ်းမှုအပြင် ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖိနှိပ်မှုနဲ့ ဆက်နွယ်ကြတယ်လို့ ဆိုပြီး စစ်မှုထမ်းဟောင်းအဖွဲ့၊ လူပုဂ္ဂိုလ် ၈ ဦးနဲ့ စီးပွားရေးလုပ်ငန်း ၃ ခုကို ဥရောပသမဂ္ဂက(အီးယူ)က အရေးယူပိတ်ဆို့မှုတွေ ထပ်မံပြုလုပ်လာပါတယ်။

    အီးယူဘက်က တတိယအကြိမ်အနေနဲ့ အခုတစ်ကျော့ အရေးယူပိတ်ဆို့မှုတွေလုပ်လိုက်သူတွေဟာ စစ်ကောင်စီရဲ့ဝန်ကြီး၊ဒုဝန်ကြီးနဲ့ရှေ့နေချုပ်အပါအဝင် စစ်တပ်နဲ့ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်း ၃ ခု၊ စစ်မှုထမ်းဟောင်းအဖွဲ့တို့ပါဝင်တယ်လို့ ဥရောပသမဂ္ဂကောင်စီက ဇွန်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်လိုက်တာပါ။

    အရေးယူပိတ်ဆို့မှုလုပ်လိုက်တဲ့ ဝန်ကြီးနဲ့ဒုဝန်ကြီးတွေအပါဝင် ရှေ့နေချုပ်တို့ဟာ မြန်မာနိုင်ငံထဲကပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီစနစ် လျော့ပါးစေတဲ့တာ၀န်ရှိတာကြောင့်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဒါ့ပြင် ပိတ်ဆို့မှုအသစ်တွေ ချမှတ်ခံလိုက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တပ်မတော်က ထိန်းချုပ်ထားတာ ဒါမှမဟုတ် နိုင်ငံပိုင်ဖြစ်နေတဲ့လုပ်ငန်းတွေပါဝင်ပြီး စစ်တပ်ကို တိုက်ရိုက်တနည်း၊ သွယ်ဝိုက်တဖုံ ဝင်ငွေရနေစေတာကြောင့်လို့ ဆိုပါတယ်။

    ကျောက်မျက်နဲ့သစ်ကဏ္ဍကို ပစ်မှတ်ထားတဲ့အခုလို ပိတ်ဆို့မှုတွေကြောင့် စစ်တပ်ဟာ မြန်မာ့သဘာဝရင်းမြစ်တွေကနေ အမြတ်ထုတ်တာမျိုးကို ကန့်သတ်လိုက်ရာလည်းရောက်ပြီး လူထုကို ထိခိုက်လာစေမှုကိုလည်း ရှောင်ရှားနိုင်မယ်လို့ ဆိုပါတယ်။

    အခုဆို အီးယူက အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအသစ်တို့အပါအဝင် စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်တဲ့လူပုဂ္ဂိုလ် ၄၀ ကျော်ကို ဥရောပသမဂ္ဂနယ်နိမိတ်ထဲ ဝင်ရောက်ခွင့် ပိတ်ပင်တာအပြင် တခြားပိတ်ဆို့မှုတွေကို မတ်လနှောင်းပိုင်းကတည်းကစလို့ အကြိမ်ကြိမ်ချမှတ်နေတာဖြစ်ပြီး အခုတစ်ကြိမ်က ၃ ကြိမ်မြောက်ဖြစ်လာပါတယ်။

    စစ်အာဏာသိမ်းမှုစတဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ နေပြည်တော်မှာလုံခြုံရေးထားရှိမှု

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှုစတဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ နေပြည်တော်မှာလုံခြုံရေးထားရှိမှု
  17. မန္တလေး PDF နဲ့ စစ်ကောင်စီ အပြန်အလှန်ပစ်ခတ်မှုဖြစ်

    လူမှုကွန်ယက်မှာ အစောပိုင်းတုန်းက ပျံ့နှံ့နေတဲ့ရုပ်သံအတိုတစ်ခုမှာတော့ သေနတ်သံ ၁၀ ချက်ထက်မနည်း အပြန်အလှန်ပစ်ခတ်သံတွေကြားခဲ့ရ

    ဓာတ်ပုံ ရင်းမြစ်, screen grab

    ဓာတ်ပုံ ပုံစာ, လူမှုကွန်ယက်မှာ အစောပိုင်းတုန်းက ပျံ့နှံ့နေတဲ့ရုပ်သံအတိုတစ်ခုမှာတော့ သေနတ်သံ ၁၀ ချက်ထက်မနည်း အပြန်အလှန်ပစ်ခတ်သံတွေကြားခဲ့ရ

    မန္တလေး၊ ချမ်းမြသာစည်မြို့နယ်ထဲက ၅၄ လမ်းက အိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်တွေက ဝင်ရောက်စီးနင်းရင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဒီနေ့ ဇွန်လ ၂၂ ရက် မနက်မှာ ဖြစ်ပွားခဲ့ပါတယ်။

    အပြန်အလှန်ပစ်ခတ်မှုရှိတဲ့အတွက် စစ်ကောင်စီဘက်က စစ်ကားတွေတစ်စီးပြီးပြီးတစ်စီးထပ်အားဖြည့်လာကို ဒေသခံတွေရဲ့ တိုက်ရိုက် Live လွှင့်မှုတွေမှာ တွေ့ရပါတယ်။

    စစ်ကောင်စီတပ်တွေထဲ စနိုက်ပါတွေရော၊ အရပ်ဝတ်ဝတ်ပြီး လက်နက်ကိုင်ထားတဲ့သူတွေပါပါဝင်တယ်လို့ မြို့ခံတွေကပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) က‘ဒီနေ့စတင်တိုက်ပါပြီ။ ကျွန်တော်တို့စောင့်နေတဲ့နေ့ရောက်ပြီ’ လို့ သူတို့ရဲ့ လူမှုကွန်ရက်မှာကြေညာပါတယ်။

    သူတို့ရဲ့ ပြောက်ကျားတပ်ခွဲတစ်ခု ဝင်းစီးခံရပြီး စစ်ကောင်စီနဲ့ အပြန်အလှန်တိုက်ခိုက်နေတာလို့ပါ ထုတ်ပြန်ခဲ့ပါတယ်။

    ထိထားသူရှိလို့ မန္တလေးအခြေစိုက်ပရဟိတအဖွဲ့တွေကို လူနာလာကောက်ပေးဖို့အကူညီတောင်းလို့ သွားကြည့်ပေမယ့် လမ်းကြားတွေထဲထိ ပစ်နေလို့ ကောက်မရဘူးလို့ သိရပါတယ်။

    ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

  18. ဒေါ်အောင်ဆန်းစုကြည်အိမ်မှာတွေ့တဲ့ စကားပြောစက်တွေအကြောင်း စရဖ အရာရှိတစ်ဦးထွက်ဆို

  19. တော်လှန်ရေး အယောင်ဆောင် သစ်သူခိုးတွေကို ကနီ ဒေသခံ PDF က သတိပေး

    စစ်ကောင်စီနဲ့ ဒေသခံ PDF တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကနီနဲ့ မင်းကင်းနယ်စပ် အနီးမှာရှိတဲ့ အလောင်းတော်ကဿပကြိုးဝိုင်းအတွင်းမှာ သစ်ခိုးထုတ်မှုတွေ အကြီးအကျယ်ဖြစ်နေတယ်လို့ ဒေသခံ PDF တပ်တွေကပြောပါတယ်။

    သစ်ခိုးထုတ်သူတွေဟာ ကားကြီးကားငယ် ဆိုင်ကယ်တွေနဲ့ ခိုးထုတ်နေကြပြီးတော့ ရှားပါးဘေးမဲ့တောရိုင်းသတ္တဝါတွေကို ပါဖမ်းဆီး သတ်ဖြတ်တာတွေလုပ်နေတယ်လို့ လည်း ဒေသခံ PDF တပ်တွေက ဆိုပါတယ်။

    သစ်ခိုးထုတ်သူတွေဟာ တူမီးသေနတ်တွေကိုင်ပြီး တော်လှန်ရေး အယောင်ဆောင်သစ်ခိုးထုတ်နေကြတာဖြစ်ပြီးတော့ အာဆီယံ အမွေအနှစ် အလောင်းတော်ကဿပ သစ်တောကာကွယ်စောင့်ရှောက်ရေးအတွက် တော်လှန်ရေး အယောင်ဆောင် သစ်သူခိုးတွေ ပွဲစားတွေ လုပ်ငန်းရှင်တွေကို သစ်ခိုးတာတွေရပ်ဖို့ ဒေသခံ PDF တပ်တွေက သတိပေးတယ်လို့ ကနီ ဒေသခံ PDF တပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ဒီသစ်တောကြိုးဝိုင်းထဲမှာ ကျွန်း၊ တမလန်း၊ပိတောက်၊သစ်ရာ အင်ကြင်း စတဲ့ သစ်တွေအပြင် ဆင်၊ကျားသစ်၊ပြောင်၊စိုင်၊ဆတ် ဝက်ဝံ၊ချေ၊တောဝက်၊တောင်ဆိတ်၊တောခွေး၊မျောက်မျိုးစုံ တောကြောင်စတဲ့ သတ္တဝါတွေလည်းနေထိုင်လျက်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

    အလောင်းတော်ကသာပ သစ်တောကြိုးဝိုင်းဟာ အာဆီယံ အမွေအနှစ် အဖြစ်သတ်မှတ်ပြီးထိန်းသိမ်းထားတာဖြစ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်းဟာ အာဆီယံ အမွေအနှစ် အဖြစ်သတ်မှတ်ပြီးထိန်းသိမ်းထားတာဖြစ်ပါတယ်။