တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. WFP က လှိုင်သာယာက လူ ၃ သိန်းကျော်ကို ထောက်ပံ့

    ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ဟာ လှိုင်သာယာမြို့နယ်အတွင်းက လူဦးရေ ၃သိန်း ၃ သောင်းကျော်ကို စားနပ်ရိက္ခာအထောက်အပံ့တွေကို အောင်မြင်စွာ ပေးအပ်ဖြန့်ဝေနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

    ရန်ကုန်တိုင်း‌‌ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ လည်း WFP က မကြာမီအလားတူအထောက်အပံ့များကို စတင်ဖြန့်ဝေပေးအပ်သွားမယ်လို့လည်း ဆိုပါတယ်။

    WFP ရဲ့ တစ်လစာပမာဏ ဆန်ရိက္ခာတွေကို နေထိုင်မှုအတည်တကျမရှိသေးတဲ့ အခြေချသူများရှိရာနေရာများအပါအဝင် လှိုင်သာယာမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမှုအမြင့်ဆုံးဒေသများမှ အထောက်အပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

    မြန်မာနိုင်ငံကပဋိပက္ခဖြစ်ပွားရာဒေသများမှာ WFP က ပေးအပ်လျက်ရှိတဲ့ လူသားချင်းစာနာမှု အထောက်အပံ့တွေ ရပ်တန့်သွားခြင်းမရှိဘဲ အထက်ပါအထောက်အပံ့များကို ထပ်တိုးပေးအပ်ကူညီခြင်းဖြစ်တယ်လို့ လည်းထုတ်ပြန်ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, UN

  2. အထည်ချုပ်နဲ့ စက်မှုဇုန်လုပ်သားအများစု အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုတွေများလာ

    ပြည်တွင်းက အထည်ချုပ်စက်ရုံတွေမှာရှိတဲ့အလုပ်သမားတွေနဲ့ စက်မှုဇုန်လုပ်သားတချို့ဟာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကစပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့အမှုတွေများပြားလာတယ်လု့ိ အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းအချို့က ဘီဘီစီကိုပြောပါတယ်။

    စက်မှုဇုန်လုပ်သားတွေအနေနဲ့ အလုပ်သမားဥပဒေအရပေးထားတဲ့ အနိမ့်ဆုံးလုပ်ခလစာတွေ၊ ခွင့်ခံစား ခွင့်တွေ၊ အချိန်ပိုကြေးတွေမရတာ၊ ဖြတ်တောက်ခံရတာတွေကြုံနေရတယ်လို့ဆိုပါတယ်။

    " အရင်ကတော့ ဒီလိုအခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေရှိရင် အလုပ်သမားသမဂ္ဂရှိတယ်။ အခုတော့ စက်ရုံတွေဘက်က ခုခေတ်ကအရင်ခေတ်မဟုတ်တော့ဘူး။ နင်တို့တောင်းတိုင်း မပေးနိုင်ဘူးလို့ပြော လာတာတွေရှိတယ်။ အလုပ်သမားရုံးတွေက တိုင်ကြားမှုယန္တာရားတွေလည်း မရှိတော့ဘူး။ အလုပ်သမား ဥပဒေဆိုတာ စာအုပ်ထဲမှာပဲရှိတော့တယ် ။ အရင်ကတည်းက စာအုပ်ထဲမှာပဲရှိတာပါ။ ဒါပေမယ့် အလုပ်သမား သမဂ္ဂတွေကတောင်းဆိုပေးနေလို့အခွင့်အရေးတွေမဆုံးရှုံးတာ။ အခုကတော့ ကြောက်ခေတ် ကိုပြန်ရောက်သွားပြီလို့ " မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ်က ဒုတိယဥက္ကဋ္ဌ မဝင်းသိဂီစိုးက ဘီဘီစီကိုပြောပါတယ် ။

    ဒါအပြင် စစ်ကောင်စီအစိုးရအနေနဲ့ အလုပ်သမားအဖွဲ့အစည်းရုံးတွေကိုဝင်ရောက်ရှာဖွေတာ၊ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေနဲ့ အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်တွေကိုဖမ်းဆီး ထောင်ချတာ ၊ ဝရမ်းထုတ်ပုဒ်မတပ်တာတွေလုပ်ဆောင်နေတယ်လို့အလုပ်သမားအရေးဆောင်ရွက်နေသူ တွေက ပြောပါတယ်။

    ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်းမှာ ပြည်တွင်းမှာရှိတဲ့အထည်ချူပ်စက်ရုံတချို့ဟာ ကုန်ကြမ်းရဖို့ခက်ခဲတာ ၊ ပြည်ပအော်ဒါမရတော့တာတွေကြောင့် ပိတ်သိမ်းခဲ့ကြပါတယ်။ စက်မှုဇုန်လုပ်သားတွေအများစုနေထိုင်ကြတဲ့ လိူင်သာယာမြို့နယ်ထဲမှာလည်း စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြလို့ ပစ်ခတ်နှိမ်နှင်းခံရတာတွေရှိခဲ့ပြီး လူသေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

    ဒါကြောင့်စစ်အုပ်ချုပ်ရေးကြေညာခံခဲ့ရတဲ့ လိူင်သာယာမြို့နယ်ကနေ အလုပ်သမားထောင်ချီနေရပ်ပြန်ခဲ့ကြ ပါတယ်။ လက်ရှိလိူင်သာယာမြို့နယ်ထဲမှာလည်း ပိတ်သိမ်းလိုက်တဲ့အထည်ချုပ်စက်ရုံပေါင်း ၁၃ရုံရှိနေပြီလို့ မြန်မာနိုင်ငံကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်ကကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

    အထည်ချုပ်စက်ရုံအချို့ ကုန်ကြမ်းမရလို့ ပိတ်သိမ်းတာတွေရှိလာ

    ဓာတ်ပုံ ရင်းမြစ်, IWFM

    ဓာတ်ပုံ ပုံစာ, အထည်ချုပ်စက်ရုံအချို့ ကုန်ကြမ်းမရလို့ ပိတ်သိမ်းတာတွေရှိလာ
  3. ကွတ်ခိုင်မှာ လက်ပြန်ကြိုးတုတ်လျက် သေဆုံးနေတဲ့ ရုပ်အလောင်း တစ်လောင်းတွေ့

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ အမှတ်(၇)ရပ်ကွက်နဲ့ နမ့်ဟူးရွာကြားက တောစပ်မှာ လက်ပြန်ကြိုးတုပ်ခံရပြီး သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်း တစ်လောင်းကို နွားကျောင်းနေတဲ့ဒေသခံတချို့က ဒီနေ့ ဇွန်လ ၂၁ ရက်မနက်ပိုင်းမှာ တွေ့ခဲ့ပါတယ်။

    သေဆုံးသူဟာ ဇွန်လ(၁၇)ရက် ညနေပိုင်းကတည်းက ပျောက်‌နေတဲ့ ကွတ်ခိုင်အမှတ်(၅)ရပ်ကွက်က ဒေသခံ ကချင်အမျိုးသားတစ်ဦးဖြစ်ပါတယ်။

    သူ ပျောက်‌နေချိန်ကတည်းက မိသားစုဝင်တွေက သက်ဆိုင်ရာရဲစခန်းအပါအဝင် ဆွေမျိုးအသိုင်းအဝိုင်းတွေဆီ ဆက်သွယ်အကြောင်းကြားခဲ့ပေမဲ့ တစ်စုံတစ်ရာသတင်းအစအန မရဘဲ ပျောက်နေခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

    “အခုသေတဲ့ သူက အသက်(၄၀)ကျော်ဝန်းလောက်မှာရှိတယ်၊ အသတ်ခံရတာနဲ့ တူနေတယ်၊ ဘယ်လို ရန်ငြိုးရန်စတွေ ရှိလဲတော့ မသိဘူး၊ ပျောက်တာ (၄)ရက်ရှိပြီ မိသားစုဝင်တွေကလည်း သူအိမ်ပြန်မလာတဲ့ နောက်ရက်တွေမှာ လိုက်ရှာ‌နေတာ ဘာသတင်းအစအနမှ မရဘူး၊ သူ ဝတ်ထားတဲ့ အဝတ်တချို့သာ ကွဲလွဲမှုရှိပြီး သူစီးသွားတဲ့ ဆိုင်ကယ်က‌တော့ ပကတိအကောင်းအတိုင်းပဲ ရှိနေတယ်လို့”လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူ တစ်ဦးကပြောပါတယ်။

    သေဆုံးသူဟာ နေအိမ်ကနေ ထွက်သွားပြီး စပျောက်တဲ့နေ့မှာ ပြောက်ကျားဘောင်းဘီတိုသာ ဝတ်ဆင်ထားပေမဲ့ လက်ရှိ ရုပ်အလောင်းပြန်တွေ့ချိန်မှာ‌တော့ ပြောက်ကျားအင်္ကျီပါ ဝတ်ဆင်ထားကြောင့် လက်နက်ကိုင်တွေနဲ့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားတယ်လို့ ဆွေမျိုးနီးစပ်တော်သူတွေက ယူဆပါတယ်။

    ဒါပေမဲ့ သေဆုံးသူဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းနဲ့မှပတ်သတ်ဆက်နွယ်ခြင်း မရှိဘူးလို ဆွေမျိုးတော်စပ်သူတွေက‌ပြောကြပါတယ်။

    “ရုပ်အလောင်းက လက်နောက်ပြန်ကြိုးတုပ်ခံထားရပြီး ဒဏ်ရာတွေနဲ့ သေဆုံးနေတာမို့ လုပ်ကြံသတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်၊ အရင်လည်း ဒီလိုဖြစ်စဉ်တွေ ဖြစ်လေ့ရှိတယ်၊ ကွတ်ခိုင်မှာက မူးယစ်ဆေးဝါးတွေပေါသလို လောင်းကစား ဂိမ်းရုံတွေလည်း အရမ်းပေါတော့ လူသတ်ရမ်းကား‌တာတွေ မကြာခဏဖြစ်တတ်တယ်”လို့ အမည်မဖော်လိုတဲ့ ကွတ်ခိုင်ဒေသခံတစ်ဦးက သူ့အမြင်ကို ပြောပြပါတယ်။

    လက်တလော ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၅ရက်ကနေ ၁၈ရက်နေ့အထိလည်း ကွတ်ခိုင်မြို့နယ်အတွင်းက ပန်ကူနဲ့ လွယ်ကန်ရွာ အနီးတစ်ဝိုက်တို့မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

    ဒေသခံတွေက သေဆုံးနေတဲ့ရုပ်အလောင်းဘေးနဲ့အတူမြင်တွေ့ခဲ့တဲ့ဆိုင်ကယ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဒေသခံတွေက သေဆုံးနေတဲ့ရုပ်အလောင်းဘေးနဲ့အတူမြင်တွေ့ခဲ့တဲ့ဆိုင်ကယ်
  4. ဖိတ်စာသွားဖိတ်တဲ့ သတို့သား သေနတ်ကျည်မှန်ပြီး သေဆုံး

  5. မော်လမြိုင်မှာ လူငယ်နှစ်ဦး ပစ်သတ်ခံရ

    မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ ဇွန်လ ၂၀ ရက်နေ့ညက ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးကို ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတွေရဲ့ပြောပြချက်ကို ကိုးကားပြီး Dawei Watch ကရေးပါတယ်။

    ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်က မော်လမြိုင် ကျောက်မီးသွေးရုံးမီးပွိုင့်နေရာမှာ ရဲနဲ့ စစ်တပ် အင်အား ၂၀ ခန့်တို့က ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုပြုလုပ်နေခဲ့ပြီးထိုသို့ တားဆီးစစ်ဆေးနေစဉ်မှာ ဆိုင်ကယ်စီးလာတဲ့လူငယ်နှစ်ဦးက ကျောက်မီးသွေးရုံး မီးပွိုင့်နေရာအရောက်မှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ပစ်သတ်ခဲ့ခြင်းဖြစ်တယ်လို့ မြို့ခံတို့ထံက သိရတယ်လို့ဆိုပါတယ်။

    ပစ်သတ်ခံရတဲ့ လူငယ်နှစ်ဦးကတော့ ဘီလူးကျွန်း အဘစ်ကျေးရွာက မောင်မိုးဇော်ဦးနဲ့ မောင်ဇော်မင်းဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

    သူတို့နေထိုင်ရာ ရွာဖြစ်တဲ့ဘီလူးကျွန်း ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာကို ပြန်လည်သယ်ဆောင်သွားပြီး အဘစ်ရွာ သုသာန်မှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့က သင်္ဂြိုလ်ခဲ့တယ်လို့သိရပါတယ်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် တားဆီးစစ်ဆေးမှုများကို နေ့ရော ညပါတင်းကြပ်စွာ ပြုလုပ်လာခဲ့တာဖြစ်ပြီးတော့မော်လမြိုင်မှာ ညမထွက်ရအမိန့်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်သတ်မှတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    စစ်ကောင်စီဘက်က ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်မှုဖြည့်စွက်ချက် (ဇွန်လ ၂၁ ရက်နေ့ ည ၉ နာရီ)

    ဇွန်လ ၂၁ ရက် နေ့ ည ၈ နာရီ စစ်ကောင်စီ မြန်မာ့ရုပ်သံက သတင်းထုတ်ပြန်ရာမှာတော့ ကျောက်မီးသွေးလမ်းဆုံမှာ စစ်ဆေးနေတဲ့ တပ်ဖွဲ့ဝင်ကို ဆိုင်ကယ်က ဝင်တိုက်ပြီး သေနတ်ကိုလုပြီး ထွက်ပြေးဖို့လုပ်စဥ် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာမှာ သူတို့နှစ်ဦးကိုအသေဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

    သေနတ်ပစ်ခံရပြီးသေဆုံးသူတွေကို ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာကို ပြန်လည်သယ်ဆောင်သွားပြီး အဘစ်ရွာ သုသာန်မှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့က သင်္ဂြိုလ်ခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သေနတ်ပစ်ခံရပြီးသေဆုံးသူတွေကို ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာကို ပြန်လည်သယ်ဆောင်သွားပြီး အဘစ်ရွာ သုသာန်မှာ ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့က သင်္ဂြိုလ်ခဲ့
  6. နယ်စပ်မှာ တရုတ်နံပါတ်ပြားတပ်ကားတွေနဲ့မြန်မာနိုင်ငံထဲဝင်ရောက်တာကို တရုတ်တားမြစ်တော့မယ်

    တရုတ်-မြန်မာနယ်စပ်ဂိတ် မူဆယ်မှာ စောင့်နေတဲ့တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, AFP

    ဓာတ်ပုံ ပုံစာ, တရုတ်-မြန်မာနယ်စပ်ဂိတ် မူဆယ်မှာ စောင့်နေတဲ့တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ

    တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာအားထားရတဲ့ ဝမ်တိန်ဂိတ်ကနေ တရုတ်နံပါတ်ပြားတပ်ထားတဲ့ကားတွေကို မြန်မာနိုင်ငံထဲ ဇွန်လ ၂၂ ရက်ကစလို့ ဝင်ထွက်ခွင့်ပိတ်မယ်လို့ တရုတ်အစိုးရက ကြေညာလိုက်ပါတယ်။

    အရင်ကတော့တရုတ်ကုန်သည်တွေဟာ တရုတ်နံပါတ်ပြားတပ်ထားတဲ့ကားတွေစီးပြီး ဝမ်တိန်ဂိတ်ကနေ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အထိဝင်ထွက်သွားလာ နေကြတာပါ။

    ဇွန်လ ၂၂ ရက်နေ့မှာဝင်ထွက်ခွင့်ပိတ်မယ်ဆိုတာကို လွန်ခဲ့တဲ့ တစ်လနီးပါးလောက်စပြီး တရုတ်အစိုးရကကြေညာထားတာလို့လည်း မူဆယ်ဒေသခံကုန်သည်တွေကပြောပါတယ်။

    အခုလိုတရုတ်နိုင်ငံက ကားတွေ မြန်မာနိုင်ငံထဲဝင်ထွက်ခွင့်ပိတ်လိုက်တာဟာ ကိုဗစ်ရောဂါကူးစက်မှာစိုးလို့ဖြစ်နိုင်တယ်လို့ ကုန်သည်တွေကယူဆနေကြပါတယ်။

    မြန်မာနိုင်ငံဖက်ကနေတရုတ်နိုင်ငံထဲဝင်ရောက်လာသူအချို့မှာကိုဗစ်နိုင်တင်းကူးစက်ရောဂါပိုးတွေ့တဲ့အတွက်ပြီးခဲ့တဲ့လကစလို့ မူဆယ် ၁၀၅ မိုင်ရဲ့အဓိကဝင်ထွက်ပေါက်တွေကိုတရုတ်ဖက်ကပိတ်ထားပြီး ဝမ်တိန်ဂိတ်ကိုပဲ ဖွင့်ပေးထားတာပါ။

    အခုလို ပိတ်လိုက်တာကြောင့် ကုန်သွယ်ရေးပေါ် အတိုင်းအတာတစ်ခုအထိ ထိခိုက်စေတဲ့သက်ရောက်မှုရှိလာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံးသပ်နေကြပါတယ်။

  7. မီးဘေးသင့် ကင်းမရွာခံတွေ ပြန်လည်ထူထောင်ရေးခက်ခဲနေ

    မီးဘေးသင့် ကင်းမရွာခံတွေ ပြန်လည်ထူထောင်ရေးခက်ခဲနေ

    ဓာတ်ပုံ ရင်းမြစ်, MPA

    မီးဘေးသင့် ကင်းမရွာခံတွေ ပြန်လည်ထူထောင်ရေးခက်ခဲနေ

    ဓာတ်ပုံ ရင်းမြစ်, MPA

    မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကင်းမရွာမှာ တစ်ရွာလုံးနီးပါး မီးလောင်မှုဖြစ်ခဲ့ပြီးတဲ့နောက် မီးဘေးသင့်ရွာခံတွေဟာ ပြန်လည်ထူထောင်ရေးပိုင်းမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

    အိမ်ခြေ ၃၀၀ လောက် ရှိတဲ့ ကင်းမရွာဟာ ဇွန်လ ၁၅ ရက်နေ့တုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)အဖွဲ့ဝင်တွေ ထိတွေ့တိုက်ခိုက်မှုဖြစ်အပြီးမှာ မီးလောင်မှုဖြစ်ခဲ့တာပါ။

    ဒီမီးလောင်မှုမှာ စစ်ကောင်စီဘက်ကရော၊ ဒေသခံ PDF ဖက်ကပါ တစ်ဖက်ကို တစ်ဖက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။

    ဒါပေမဲ့ မီးလောင်ပြင်ဖြစ်ပွားခဲ့တဲ့ကင်းမရွာမှာ ဇွန်လ ၂၀ ရက်အထိ ရွာထဲတချို့နေရာတွေမှာ တငွေ့ငွေ့လောင် ကျွမ်းနေဆဲဖြစ်ပါတယ်။

    ဒေသခံတွေအနေနဲ့ မူလနေရာမှာ ပြန်လည်နေထိုင်ဖို့ အဆင်မပြေသေးသလို ယာယီနေထိုင်နိုင်မယ့်နေရာတွေ ကိုလည်း မစီစဉ်နိုင်သေးတဲ့ အနေအထားရှိနေတယ်လို့သိရပါတယ်။

    တစ်ဖက်မှာလည်း မီးဘေးသင့်ပြည်သူတွေအတွက် အလှူရှင်တချို့ လှူဒါန်းပေးပို့တာတွေ တဖြည်းဖြည်း ရောက်ရှိလာပြီ လို့သိရပါတယ်။

    ဒါပေမဲ့ ဒေသခံတွေ အတွက် အဓိကအခက်အခဲဟာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်ရန် ငွေကြေးလိုအပ်ချက် ဖြစ်တယ်လို့ အလှူအတွက် လက်ခံဆောင်ရွက်ပေးနေတဲ့ ကော်မတီဝင်တချို့ထံက သိရပါတယ်။

  8. NUG အစိုးရကထုတ်ပြန်တဲ့ ရိုဟင်ဂျာမူဝါဒကိုကြိုဆိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးများ အတိုင်ပင်ခံကော်မတီ ထုတ်ပြန်

    အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ တို့ဟာ ဇွန်လ ၁၉ ရက်နေ့က ပထမဆုံးအကြိမ်တွေ့ဆုံမှုတွေလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင် လူမျိုးများ အတိုင်ပင်ခံကော်မတီက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

    NUG အစိုးရရဲ့ ရိုဟင်ဂျာမူဝါဒထုတ်ပြန်ပေးတာ၊ လူထုဆန္ဒမပါဘဲရေးဆွဲထားတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းမယ်ဆိုတဲ့ကိစ္စတွေကို ကော်မတီအနေနဲ့ကြိုဆိုကြောင်း ဒီဥပဒေကြောင့် နစ်နာနေရသူတွေဟာ ဆိုရင် ရိုဟင်ဂျာလူမျိုးတစ်ခုတည်းမဟုတ်ဘဲ လူနည်းစုတိုင်းရင်းသားတွေဖြစ်တဲ့ လီဆူးနဲ့တခြားချင်း တိုင်းရင်းသား အုပ်စုတွေလည်းပါဝင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံ ကော်မတီက ဆွေးနွေးခဲ့ပါတယ်။

    NUG ရဲ့ ရိုဟင်ဂျာမူဝါဒကို ဇွန်လ ၃ ရက်နေ့မှာထုတ်ပြန်ကြေညာခဲ့ပြီး လူ့အခွင့်အရေးကိုလေးစားသော ယုံကြည်သောတန်းတူညီမျှမှုကိုအားပေးတဲ့ ရပ်တည်ချက်အတွက်ထုတ်ပြန်ထားတယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဦးအောင်မျိုးမင်းက ဘီဘီစီရဲ့မေးမြန်းချက်ကိုပြန်လည်ဖြေကြားထားခဲ့ဖူးပါတယ်။

    ဒါအပြင် ရိုဟင်ဂျာလူမျိုးဘက်ကကိုယ်စားလှယ်ကလည်း လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ လူသားမျိုးနွယ်တွေ အပေါ် NUG အနေနဲ့ လက်ခံပြီးကြေညာပေးဖို့ ရိုဟင်ဂျာတွေနေရပ်ပြန်ဖို့ ကိစ္စတွေတင်ပြခဲ့ပြီး ရိုဟင်ဂျာ လူမျိုးတွေအနေနဲ့ NUG နဲ့အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

    ဒီအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒုတိယသမ္မတ ဒူဝါလရှီးလနဲ့အတူ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ၊ အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာ ဝန်ကြီး နော်ဆူစန်နာလှလှစိုး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာနဲ့၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

    NUG အစိုးရကထုတ်ပြန်တဲ့ ရိုဟင်ဂျာမူဝါဒကိုကြိုဆို

    ဓာတ်ပုံ ရင်းမြစ်, မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင် လူမျိုးများ အတိုင်ပင်ခံကော်မတီ

    ဓာတ်ပုံ ပုံစာ, NUG အစိုးရကထုတ်ပြန်တဲ့ ရိုဟင်ဂျာမူဝါဒကိုကြိုဆို
  9. ပရဟိတလူငယ် ၃ ဦးအသတ်ခံရတဲ့ဖြစ်စဉ် သူတို့နဲ့ပတ်သက်မှုမရှိဘူးလို့ မြောင် PDF ထုတ်ပြန်

    စစ်ကိုင်းတိုင်းဒေသကြီး၊မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးမှာ ရေစကြိုမြို့နယ် သာဂေါင် စံပြ ပရဟိတ ကားပေါ်က လူငယ်(၃)ဦး အသတ်ခံရတဲ့ကိစ္စ သူတို့နဲ့ပတ်သက်မှုမရှိဘူးဆိုပြီး မြောင်မြို့နယ် ပြည်သူ့ ကာကွယ် ရေးနဲ့လုံခြုံရေးတပ်ဖွဲ့(CDSOM)က ဒီကနေ့ ဇွန် ၂၀ ရက်မှာကြေညာချက်ထုတ်ပြန်လာပါတယ်။

    မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF)က ကူညီရေးအသင်းကားကို လုပ်ကြံသလို သဘောသက် ရောက်စေတဲ့ မရေမရာအရေးအသားတွေကို စစ်ကောင်စီရဲ့မီဒီယာတချို့က ထုတ်ပြန်တာကြောင့်လို့ ပြန်လည်တုံ့ပြန်ထုတ်ပြန် တာလို့ဆိုပါတယ်။

    စံပြပရဟိတအဖွဲ့ဟာ မကွေးတိုင်း၊ ရေစကြိုမြို့နယ် သာဂေါင် ကျေးရွာက ဖြစ်ပြီးတော့ ပရဟိတအဖွဲ့က လူငယ်(၃)ဦးဟာ ရေစကြိုမြို့ကနေအပြန်မှာ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာ အနီးမှာ အသတ်ခံ လိုက် ရတာ ဖြစ်ပါတယ်။ အသတ်ခံရတဲ့သူတွေဟာ အသက် ၂၀ ဝန်းကျင် လူငယ်တွေဖြစ်ပြီးတော့အဲ့ဒီနားမှာ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက သေနတ်သံတွေကြားအပြီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သူတို့ကို ပရဟိတကားကို လမ်းဘေးမှာ တွေ့ခဲ့ရတယ်လည်း ဒေသခံတစ်ဦးက ပြောထားပါတယ်။

    ဒေသခံအချို့ကတော့ တိုက်ပွဲဖြစ်တယ်မှတ်ပြီး ထွက်မကြည့်ကြခဲ့ကြဘူးလို့လည်း ဆိုကြပါတယ်။

    မြောင်မြို့နယ် သနပ်ကုန်းကျေးရွာဟာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း အစပ်က ကျေးရွာဖြစ်သလို မြောင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်မြို့ချင်း စပ်နေရာတစ်ခုလည်း ဖြစ်ပါတယ်။ မြောင် PDF အဖွဲ့ကတော့ အခင်းဖြစ်တဲ့နေရာမှာ တွေ့တဲ့ကျည်တွေဟာ စစ်ကောင်စီမှာသာရှိတဲ့ ကျည်ဖြစ်တာ၊ အခင်းဖြစ်ပွားချိန်ဟာ စစ်ကောင်စီဝင်ရောက် နေတဲ့ကျောက်တန်းရွာ မလှမ်း မကမ်းမှာရှိနေတာ၊ လူမှုကူညီရေးကားဟာ ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်ပြီးအပြန်လို့ ဖော်ပြနေပေမဲ့ ဘယ်လိုကူညီရေးလုပ်ငန်းမှမရှိဘူးလို့ သတင်းရထားတာတွေကို ထောက်ပြပြီး သူတို့နဲ့ပတ်သက်မှုမရှိဘူးလို့ ကြေညာချက်ထုတ်တာဖြစ်ပါတယ်

    ပရဟိတလူငယ်(၃)ဦးဟာ ရေစကြိုမြို့ကနေအပြန်မှာ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးမှာ အသတ်ခံ ခဲ့ရ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ပရဟိတလူငယ်(၃)ဦးဟာ ရေစကြိုမြို့ကနေအပြန်မှာ မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးမှာ အသတ်ခံ ခဲ့ရ
  10. အလုံမြို့နယ်က အီဒ်ဂါဗလီမီးလောင်မှုကြောင့် ဗလီတာဝန်ခံ ၂ဦး ဖမ်းဆီးခံထားရ

    ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်စောရန်ပိုင် အရှေ့ရပ်ကွက် အောက်ကြည့်မြင့်တိုင်လမ်းမှာရှိတဲ့ အီဒ်ဂါဗလီဝတ်ကျောင်းမှာ ဒီကနေ့ ဇွန် ၂၁ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ဗလီကတာဝန်ရှိသူနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဘာသာရေးကျောင်းနဲ့နီးစပ်တဲ့သူတွေက ဘီဘီစီကို ပြောပါတယ် ။

    " မနက်အစောကြီး အတွင်းမှာလှိုက်လောင်နေတာထင်တယ်။ မီးညွှန့်ကတော့ တော်တော်ဝေးဝေးက မြင်နေရတယ်။ညမထွက်ရအမိန့်လည်းရှိတော့ဘယ်သူမှထွက်မကြည့်ရဲကြဘူး" လို့ မီးလောင်မှုကိုမြင်ခဲ့ရတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးကဘီဘီစီကိုပြောပါတယ် ။

    မီးလောင်မှုဟာ ဒီကနေ့ ဇွန် ၂၁ ရက် မနက်၂နာရီကျော်လောက်က လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၂နာရီ မိနစ် ၅ဝလောက်မှာမီးငြိမ်းခဲ့တယ်လို့မီးသတ်ဦးစီဌာနကထုတ်ပြန်ထားပြီး မီးလောင်ရတဲ့အကြောင်းရင်းကို မသိရသေးပါဘူး။ ဓတ်ပုံ - CJ

    ဇွန် ၂၁ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဇွန် ၂၁ ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွား
  11. မြန်မာပြည်ထဲ စစ်ဘေးရှောင်ပြည်သူတွေထံ ကယ်ဆယ်ရေးလမ်းတွေ ဖွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

    မြန်မာနိုင်ငံထဲက စစ်ဘေးရှောင် ပြည်သူတွေ၊ ဆာလောင် မွတ်သိပ်နေသူတွေထံ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းတွေ အရောက် ပေးပို့ခွင့်ပြုဖို့ ရိုမန်ကက်သလစ် ကျောင်းတော်ရဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာ စစ်ခေါင်းဆောင် တွေကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

    ဗာတီကန်မြို့တော်၊ စိန့်ပီတာ ရင်ပြင်မှာ တနင်္ဂနွေနေ့ အများပရိသတ်ကို မေတ္တာပို့ ဆုတောင်း ပေးရင်းသား၊ မြန်မာအရေးကိုပါ ပုပ်ရဟန်းမင်းကြီး ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒုက္ခသည်အရေး အများသတိပြုမိအောင် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဇွန်လ ၂၀ ရက်၊ ကမ္ဘာ့ ဒုက္ခသည်နေ့မှာ ပုပ်ဖရန်စစ်ဟာ မြန်မာပြည်တွင်းက စစ်ဘေးရှောင်တွေ အရေး ထပ်လောင်း ပြောဆိုလာပြန်တာ ဖြစ်ပါတယ်။

    မြန်မာ နိုင်ငံမှာ စစ်အာဏာသိမ်း ခံရပြီးနောက် ပဋိပက္ခတွေ အတွင်း အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဖြစ်ရပ်တွေ တိုးတက်ပေါ်ပေါက် လာနေပါတယ်။

    ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ ဘုရားကျောင်းတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တချို့ ရှိခဲ့တဲ့နောက်၊ ဘုရားပုထိုးတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ပလီဝတ်ကျောင်းတွေ အပါအဝင် ဘာသာရေး နေရာဌာနတွေ၊ ဆေးရုံနဲ့ စာသင်ကျောင်းတွေလို အများပြည်သူ ခိုကိုးရာ နေရာတွေ အပေါ်လေးစားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုပါတယ်။

    “မြန်မာနိုင်ငံထဲက ကက်သလစ် ဘိရှော့ ဘုန်းတော်ကြီးတွေ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက တိုက်တွန်းခဲ့သလိုပဲ အကျွန်ုပ်လည်း ထပ်တူ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်ထဲမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ အိုးအိမ်တွေ စွန့်ခွာ ထွက်ပြေးနေရတာတွေ၊ သေလုနီးပါး ငတ်မွတ် နေကြရတာတွေကို ကမ္ဘာကြီး သိစေချင်ပါတယ်။ စာနာမှု ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖွင့်ပေးဖို့ မြန်မာ ဘိရှော့များနဲ့ အတူ အကျွန်ုပ်လည်း တိုက်တွန်းပါတယ်” ဆိုပြီး ပြောသွားပါတယ်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, မြန်မာအရေး အလေးထား ပြောဆိုနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်
  12. အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီး

    MCIS

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, MCIS ၈ ကြိမ်မြောက် ၂၀၁၉ အစည်းအဝေးမှာလည်း မြန်မာစစ်ခေါင်းဆောင် ရှိနေခဲ့

    မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို နိုင်ငံခြားခရီး သွားရောက် နေတယ်လို့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရုပ်သံဌာနတွေက ကြေညာပါတယ်။

    ဇွန်လ ၂၂ ရက်နေ့ ကနေ ၂၄ အထိ ၊ ၃ ရက်တာ ကျင်းပဖို့ စီစဥ်ထားတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကိုကွန်ဖရင့်စ် ကို တက်ရောက်မှာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

    ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကမကထ ပြုလုပ်တဲ့ MCIS လို့ အတိုကောက် ခေါ်တဲ့ အဲဒီ မော်စကို နှီးနှော ဖလှယ်ပွဲ ကျင်းပလာခဲ့တာ အခုဆိုရင် ၉ ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်ကတော့ ကိုဗစ် ကပ်ရောဂါကြောင့် အစည်းအဝေးကို ဖျက်ခဲ့ပါတယ်။

    ၂၀၁၉၊ ဧပြီလတုန်းက ကျင်းပတဲ့ ၈ ကြိမ်မြောက် အစည်းအဝေးမှာလည်း မြန်မာ စစ်ခေါင်းဆောင် ရှိနေခဲ့ပါတယ်။

    ကမ္ဘာကြီးပေါ် လက်ရှိ ပေါ်ပေါက်နေတဲ့ လုံခြုံရေး ဆိုင်ရာ အရေးကြီးဆုံး ပြဿနာရပ်တွေကို ဒီ အစည်းအဝေး အတွင်း ဆွေးနွေးကြဖို့ ရှိတ​ယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေး ရွှိုင်ဂူက ပြောထားပါတယ်။

    ဒီမော်စကို ကွန်ဖရင့်စ်ကို ကာကွယ်ရေး ဝန်ကြီးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ အစိုးရမဟုတ်တဲ့ လုံခြုံရေးကဏ္ဍပိုင်း ကျွမ်းကျင်သူ ပညာရှင်တွေ တက်ရောက်လေ့ ရှိပါတယ်။

    မြန်မာ စစ်ခေါင်းဆောင်ရဲ့ ဒီ ခရီးစဥ်ဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာအရေး အာဆီယံ ဆွေးနွေးပွဲ ဂျကာတာ ခရီးနောက်၊ ဒုတိယမြောက် နိုင်ငံခြား ခရီးစဥ် ဖြစ်ပါတယ်။

    ဆာဂေး ရွှိုင်ဂူ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, လုံခြုံရေး ပြဿနာတွေ ကိုင်တွယ်ရေး ကာကွယ်ရေးဌာနက အရေးအပါဆုံးဆိုပြီး ပြောတဲ့ ရုရှား ကာကွယ်ရေးဝန် ဆာဂေး ရွှိုင်ဂူ
  13. ဒီးမော့ဆိုမှာ စစ်ကောင်စီက တပ်စွဲထား၊ ဒေသခံနေအိမ်တွေဖောက်ထွင်းခံရတာတွေရှိနေ

  14. ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္လာရုံးချိန်း, ဇွန်လ ၂၁ရက်နေ့မှာ တရားလိုပြသက်သေတွေကို စစ်မယ်

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို နေပြည်တော်မှာ ဇွန်လ ၂၁ရက် တနင်္လာ နေ့မှာ ရုံးထုတ်ပြီး အမှု ၄ မှု အတွက် တရားလိုပြသက်သေတွေကို စစ်ဆေးဖို့ရှိနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    စစ်ဆေးမယ့် အမှုတွေကတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ၊ ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ၈ နဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့နဲ့ စွဲဆိုထားတဲ့ ၃ မှု ဖြစ်ပြီး ဦး၀င်းမြင့် ကိုတော့ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ပုဒ်မ ၂၅ နဲ့ စွဲထားတဲ့ တစ်မှု စုစုပေါင်း အမှု ၄ မှု အတွက် ကြားနာ စစ်ဆေးမှာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

    ဇွန်လ ၁၄ရက် တနင်္လာ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက သုံးမှုကို ပထမဆုံး စတင်ကြားနာခဲ့ရာမှာ တရားလိုတွေကိုသာ စစ်ဆေးခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးနိုင်ခြင်း မရှိခဲ့ ပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ၃ မှုက တရားလိုတွေဖြစ်တဲ့ ရဲမှူးကြည်လင်း နဲ့ ရဲမှူးမြင့်နိုင် တို့ကို အရင်ရုံးချိန်းမှာ စစ်ဆေးခဲ့ပါတယ်။

    တရားလို ရဲမှူးမြင့်နိုင်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ် ပုဒ်မတွေနဲ့ တရားစွဲခဲ့တာ ဖြစ်သလို၊ ရဲမှူးကြည်လင်းဟာ ပို့ကုန်သွင်းကုန်ပုဒ်မ ၊ဆက်သွယ်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲထားခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့တုန်းက မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကို ပုဒ်မ ၆ ခု၊ အမှု ၇ မှုနဲ့ တရားစွဲခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်က ပထမဆုံး စတင် ကြားနာစစ်ဆေးခဲ့တာ

    ဖြစ်ပါတယ်။

    အခုအခါ တရားလို စစ်ပြီးသွားတာကြောင့် ဇွန် ၂၁ရက်နေ့မှာ တရားလိုပြ သက်သေတွေကို တစ်မှု နှစ်ယောက် စစ်ဖို့ ပြောကြားထားတယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    အဲဒီအခါ အဓိက စစ်မေးခြင်း လုပ်ဆောင်မှာ ဖြစ်ပြီး ရှေ့နေတွေနဲ့ အပြန်အလှန် စစ်မေးခြင်းကိုလည်း အတူ လုပ်ဆောင်နိုင်မယ်လို့ ထင်ကြောင်း သူက ဆိုပါတယ်။

    ဇွန်လ ၂၂ ရက်နေ့ အင်္ဂါနေ့ရုံးချိန်းမှာတော့ ဒေါက်တာမျိုးအောင် အပါအ၀င် ၃ယောက်ကို တရားလို ဦးစိုးထွန်းရွှေက စွဲထားတဲ့ အမှုကို စစ်ဆေးမှာ ဖြစ်သလို၊တရားလို ဦးထွန်းမြင့်အောင် ခေါ် ဦးညီညီက သဘာ၀ဘေးအန္တရာယ် တားဆီးကာကွယ်ရေး ဥပဒေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲထားတဲ့ အမှုကိုလည်း စစ်ဆေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

    အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ အမှုတွေကတော့

    -အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅

    -သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅

    -သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅

    - ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈

    - ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇

    - နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)

    - နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)

    စတဲ့အမှုတွေက ဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့ကတော့ အာဏာသိမ်းစစ်ကောင်စီက အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ် အထိ ချနိုင်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ ထပ်တိုး တရားစွဲခဲ့တာ ဖြစ်ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာသိမ်းပြီးနောက် ပုဒ်မ ၆ ခု၊ အမှု ၇ မှုနဲ့ တရားစွဲထား

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အစဥ်တစိုက်တောင်းဆို
    ထောင်၁၅ နှစ်ထိ ချခံရနိုင်တဲ့ အဂတိ ပုဒ်မ ၅၅ နဲ့ ဒေါ်စုကို ဇွန်လ ၁၀ ရက်နေ့က ထပ်တိုး တရားစွဲ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုတွေထဲက တနင်္လာနေ့တိုင်း သုံးမှုနဲ့ အင်္ဂါနေ့တိုင်း နှစ်မှုစီ ရုံးချိန်း ခေါ်ယူစစ်ဆေးသွားမယ်လို့ ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့က ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်
  15. ဟန်မောက်အထည်ချုပ်ပိတ်လို့ ၀န်ထမ်း၇သောင်းနီးပါးအလုပ်လက်မဲ့ဖြစ်, စစ်တပ်ကအာဏာသိမ်းပြီးနောက် စီးပွားရေးပိတ်ဆို့မှုကြောင့် အော်ဒါမရတော့လို့ အထည်ချုပ်ရုံ တွေပိတ်ရ

    မြန်မာနိုင်ငံမှာ အာဏာသိမ်းမူဖြစ်စဉ်နောက်ပိုင်း ပြည်ပနိုင်ငံတွေက စီးပွားရေး ပိတ်ဆို့မူတွေကြောင့် ပြည်ပက အော်ဒါမှာယူမူ မရှိသလောက် ဖြစ်သွားပြီး အထည်ချုပ်စက်ရုံ တော်တော်များများရပ်တည်ဖို့ ခက်ခဲလာပါတယ် ။

    အထည်ချုပ်စက်ရုံတွေ အနေနဲ့ ပြည်ပက ကုန်ကြမ်းရရှိဖို့ခက်ခဲတာတွေကြောင့် စက်ရုံပိတ်သိမ်း လာကြရတယ်လို့ လှိုင်သာယာမြို့နယ်ထဲက အထည်ချုပ်လုပ်ငန်းရှင်တွေက ပြောပါတယ် ။

    အခု ကာလမှာ အဓိကကုန်ကြမ်းတွေ ပိတ်လိပ်တွေ ဆက်မဝင်တော့ဘဲ စက်ရုံက ရပ်ဖို့ဖြစ်လာရပြီဖြစ်ကြောင်း၊အရင်နှစ် ကိုဗစ် ကူးစက်စဥ် က စက်ရုံတချို့ ပိတ်ထားချိန်မှာ သူတို့အနေနဲ့ ဆက်လည်ပတ်နိူင်သေးခဲ့ပေမဲ့ ဒီကာလမှာ ကုန်ကြမ်းက လုံးလုံးမဝင်တော့ဘူးလို့ ရန်ကုန်တိုင်း လှိုင်သာယာက အထည်ချုပ်လုပ်ငန်း တာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

    အထူးသဖြင့် ဥရောပအော်ဒါတွေများတော့ အော်ဒါလည်းမရတော့ဘဲ ၊ အလုပ်သမားတစ်သောင်း ခြောက်ထောင် စီရှိတဲ့ သူတို့စက်ရုံခွဲ ၄ခုလုံး ပိတ်လိုက်ရတာဖြစ်ပြီး ဟန်မောက် အထည်ချုပ်စက်ရုံကို

    ဇွန်လ ၂ဝရက်နေ့မှာ ပိတ်သိမ်းမယ်လို့ လုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ် ။

    အခုလို အထည်ချုပ်စက်ရုံတွေအနေနဲ့ ကုန်ကြမ်းရရှိမူ ပြတ်တောက်တာတွေ ၊ ပြည်ပက အော်ဒါ မရတော့တာတွေဟာ အချိန်ကာလ တစ်ခုမှာတော့ပြန်ပြီး အဆင်ပြေလာနိုင်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကပြောပါတယ် ။

    "သင်္ဘောလိုင်း အခက်အခဲကြောင့် ဆိပ်ကမ်းတွေထုတ်မရ အခြေနေကြောင့် ကုန်ကြမ်းပြဿနာရှိလာလို့ အော်ဒါတွေကို တခြားနေရာကိုရွှေ့ပြီးအပ်ကြရော ၊ ပြန်လာမယ်လို့ သူတို့ကပြောပေမဲ့ တခြားနေရာကိုအပ်ပြီးသားဖြစ်တာကြောင့် အချိန်ကာလတစ်ခုကြာမှ မြန်မာနိုင်ငံဘက် ပြန်ရောက်နိုင်လိမ့်မယ် ၊ ဒါကလည်း ၉လ ၊ ၁ဝလလောက် ကြာမှပြန်ရောက်မယ်လို့ပြောတယ် " လို့ မြန်မာနိုင်ငံ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ဘီဘီစီကိုပြောပါတယ် ။

    မနှစ်က ပြည်တွင်းမှာ ကမ္ဘာကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားမူအခြေနေကြောင့် စက်ရုံအလုပ်ရုံတချို့ ရပ်ဆိုင်းမူဖြစ်ခဲ့ရသလို စက်ရုံအလုပ်သမား ထောင်သောင်းချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြပါသေးတယ် ။

    ဒါ့ပြင် ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းမူဖြစ်စဉ် နောက်ပိုင်းမှာ အထည်ချုပ်စက်ရုံတွေနဲ့ စက်ရုံအလုပ်သမား အများဆုံးနေထိုင်တဲ့ လှိုင်သာယာမြို့နယ်ထဲမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမူတွေ ၊ စစ်တပ်က အင်အားသုံးနှိမ်နှင်းခဲ့ တာတွေကြောင့် စက်ရုံအလုပ်ရုံတွေပိတ်သိမ်းမှုတွေ၊ အလုပ်သမားတချို့ နေရပ်ပြန်တာတွေလည်း

    ဖြစ်ခဲ့ပါတယ် ။

    ကိုဗစ်ကူးစက်မှုနဲ့ စစ်အာဏာသိမ်းမှုကြောင့် လှိုင်သာယာမှာ တစ်ရက်အတွင်းလူ သောင်းနဲ့ချီ အလုပ်လက်မဲ့ဖြစ်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အထည်ချုပ် စက်ရုံတစ်ခုက အလုပ်သမား ကိုဗစ် ၁၉ ကာကွယ်ရေး နှာခေါင်းပါးစပ်စည်း နဲ့ မျက်နှာ အကာတွေနဲ့ အလုပ်လုပ်နေပုံ ( မေလ ၂၀၂၀)
    ကိုဗစ် ကပ်ဘေးနဲ့ စစ်အာဏာရှင် ဂယက်နဲ့ အလုပ်လက်မဲ့ ပြဿနာ
    ဓာတ်ပုံ ပုံစာ, ဇွန်လ ၂၀ရက်မှာ ဟန်မောက် မြန်မာ အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုကြောင့် သောင်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်
  16. စစ်ကောင်စီဥက္ကဋ္ဌနဲ့ အဖွဲ့ ရုရှကို ခရီးထွက်

    စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှနိုင်ငံမှာကျင်းပတဲ့ နိုင်ငံတကာ လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ အတွက်အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI နဲ့ ဇွန်လ ၂၀ ရက်နေ့က နေပြည်တော်လေဆိပ်က ထွက်ခွာသွားတယ်လို့ စစ်ကောင်စီထိန်းချုပ်တဲ့ရုပ်သံက ထုတ်ပြန်သွားပါတယ်။

    သူနဲ့အတူ စစ်ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ကောင်စီတွဲဖက် အတွင်းရေမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီး မိုးအောင် နဲ့ ရင်းနှီးမြုပ်နှံမှု ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တို့လည်း လိုက်ပါသွားကြောင်းနဲ့ ရုရှနိုင်ငံ စိန့်ပီတာစဘက်မြို့မှာ ကျင်းပမဲ့ နိုင်ငံတကာရေကြောင်းပြပွဲကို ကာကွယ်ရေး ဦးစီးချုပ်ရေ ဗိုလ်ချုပ်ကြီး မိုးအောင်နဲ့ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ဖို့ရှိတယ်လို့လည်း ထုတ်ပြန်သွားခဲ့ပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, Screen Shot

  17. ကလေးမြို့‌မှာ မိသားစုဝင် ၄ ဦးသေနတ်ပစ်ခံရပြီးသေဆုံး

    ကလေးမြို့ အရှေ့ဘက်က ညောင်ပင်သာရပ်ကွက်မှာ စစ်ကောင်စီတပ်တွေက ဇွန်လ ၁၉ ရက်နေ့ညဘက် ဝင်ရောက်စီးနင်းပြီး မိသားစုဝင် ၄ ဦးကို ပစ်ခတ်သွားတယ်လို့ အဲ့ဒီနေရာအနီးမှာ နေထိုင်တဲ့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။

    သေနတ်သံတွေကြားရပြီးနောက်မှာ ဦးဝင်းဇော်နဲ့ သားဖြစ်သူဟာ နေအိမ်အပြင်မှာ သေနတ်မှန်ခဲ့တာလို့ ပြောပြီး ဦးဝင်းဇော်အမျိုးသမီးနဲ့ သူ့မောင်ဟာ နေအိမ်ထဲမှာသေဆုံးနေခဲ့တယ်လို့လည်း သူတို့ကပြောပါတယ်။

    အလောင်းတွေကို စစ်ကားတွေနဲ့လာတင်သွားတယ်လို့ ပြောပြီး ပတ်ဝန်းကျင်ကြားအောင် PDFက ပစ်တယ်ဆိုတာမျိုး လမ်းဆုံမှာ အများကြားအောင် အသံကျယ်တွေနဲ့ပြောနေခဲ့ပေမဲ့ ဒေသခံတွေကတော့ ပစ်သွားသူတွေဟာ စစ်ဝတ်စုံအပြည်နဲ့ လည်ပင်းမှာ အနီပတ်တွေ တွေ့ခဲ့တယ်လို့ပြောပါတယ်။

    စစ်ဝတ်စုံနဲ့ လာပစ်သွားတဲ့သူတွေက ၁၀ ဦးခန့်ရှိပြီး ညကမှောင်နေတဲ့ အတွက် လက်မောင်းက တံဆိပ်ကို မမြင်ရကြောင်းလည်း သူတို့ကပြောပါတယ်။

    ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေ လာရောက်ပြီးပစ်ခတ်တာလို့ပြောပေမဲ့ စစ်ကောင်စီဘက်ကတော့ အန်အယ်ဒီပါတီထောက်ခံသူ တွေကပစ်ခတ်သွားတာလို့လည်း ဇွန်လ ၂၀ ရက်ည ရုပ်သံသတင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဦးဝင်းဇော်ကို ဆူပူသောင်းကျန်းသူတွေက သေနတ်နဲ့ ပစ်သတ်ခံရပြီးနေအိမ်ရှေ့မှာ သေဆုံးနေသလို သူ့ဇနီး သားနဲ့ ‌ယောက်ဖဖြစ်သူတို့လည်း နေအိမ်တွင်းမှာ သေဆုံးနေခဲ့တာ တွေ့ရတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်သွားခဲ့ပါတယ်။

    သမီးဖြစ်သူကတော့ ကျည်ထိမှန်ပေမဲ့ အသက်မသေဘဲ ကျန်ရစ်ပြီးတပ်မတော်ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုခံယူထားတယ်လို့ ထုတ်ပြန်သွားပါတယ်။

    သေနတ်ပစ်ခံရတဲ့ မိသားစုဟာ ကလေးမြို့ စစ်ကောင်စီအုပ်ချုပ်ရေး အကြီးအကဲတွေနဲ့ အလုပ်တွဲလုပ်နေတဲ့ စီပွားရေးလုပ်ငန်းရှင်တွေဖြစ်ပြီး ‌‌‌ငွေကြေးကိစ္စကြောင့်အခုလို ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ယူဆရတယ်လို့ ဒေသခံတွေဘက်က‌ ပြောဆိုပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  18. ဗဟန်းမှာ ညက ကျည်ထိပြီးစစ်တပ်ကခေါ်သွားတဲ့ ကလေးကို မိသားစုကလိုက်ရှာနေ

    ဗဟန်းမြို့နယ်၊ ငါးထပ်ကြီးတောင်ရပ်ကွက်နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၉ ရက်နေ့ညက ပစ်ခတ်မှုကြောင့် ကျည်ထိမှန်ခဲ့ပြီး သူ့ကိုဖမ်းဆီးသွားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေက ဘီဘီစီကို ပြောပါတယ်၊

    ဇွန်လ ၁၉ ရက် ည၁၂ နာရီအချိန်က ဗဟန်းမြို့နယ် ငါးထပ်ကြီး တောင်ရပ်ကွက်က ကင်းဘဲလမ်းထဲကို စစ်သားတွေဝင်လာလို့ လမ်းထဲရှိလူတစ်ချို့ ထွက်ပြေးကြရင်း အပစ်ခံရတဲ့ ကလေးရဲ့ နောက်ကျောကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့လည်းပြောပါတယ်။

    ဒီကလေးဟာ သေဆုံးသွားပြီလို့ သတင်းတွေထွက်နေသလို သူ့မိသားစုဝင်တွေက စစ်ဆေးရုံမှာ လိုက်ရှာနေကြပြီး ရုပ်အလောင်း မတွေ့ရသေးသလို အသက်မသေဘဲ ကုသမှုခံယူနေတယ်ဆိုတာကိုလည်း အတည်မပြုနိုင်သေးပါဘူး။

    ဒေသခံတွေ ပြောဆိုချက်အရ မနေ့ည ဇွန်လ ၁၉ ရက်နေ့က စစ်ကောင်စီတပ်က ရပ်ကွက်အတွင်းကို ကား ခြောက်စီးနဲ့ ကင်းဘဲလမ်းထဲ ဝင်ရောက်ကာ လူတစ်ဦးကို ဖမ်းရာမှာစစ်သား ၇၀ ခန့် ရပ်ကွက်အတွင်းကို ဝင်လာတဲ့ အတွက် လမ်းနေပြည်သူများ ထိန့်လန့်တကြား ပြေးခဲ့ကြခြင်းဖြစ်တယ်လို့ ပြောပါတယ်။

    အဲ့ဒီ့ ကလေးကို စစ်သားတွေက ကင်းဘဲလမ်းဘက်ခြမ်းကို တရွတ်တိုက်ဆွဲခေါ်သွားတယ်လို့ ဟု ငါးထပ်ကြီးတောင်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက အပစ်ခံရတဲ့ဖြစ်စဉ်ကို ပြောပြပါတယ်။

    ဗဟန်းမြို့နယ် ကင်းဘဲလမ်း ဆာဖိုးသာ ခြံထဲမှာ လက်လုပ်ဗုံးတွေလုပ်နေတယ် သတင်းရလို့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဗုံးနဲ့ပစ်ခတ်တာကြောင့် ပြန်လည် ပစ်ခတ်ခဲ့ရာမှာ အဲ့ဒီ့ ဖိုးသင်္ကြန်ဆိုသူကလေးကို ဒဏ်ရာရနေစဥ် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူ့ကို လက်လုပ်ဗုံးတွေနဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီသတင်းမှှာ ထုတ်ပြန်သွားခဲ့ပါတယ်။

  19. ဒေါ်အောင်ဆန်းစုကြည်နဲ့ မပြည့်ဝခဲ့တဲ့ မန်ဒဲလား အိပ်မက်

  20. ရန်ကုန် အထက်တန်းကျောင်းအချိုက ကိုဗစ်ကူးစက်ခံရသူတွေ ဝေဘာဂီဆေးရုံရောက်လာ

    ကိုဗစ် ကူးစက်ခံရသူ ကျောင်းသားကျောင်းသူ ၅ ဦး ဇွန်လ ၁၉ရက်နေ့က မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံကို ကုသမူခံယူဖို့ ရောက်လာခဲ့တယ်လို့ အဲဒီဆေးရုံက ကလေးအထူးကု ဆရာ၀န်ကြီး ဒေါက်တာ ခင်ခင်ထားက ပြောပါတယ်။

    မနေ့က ဇွန်လ ၁၉ရက် ညနေပိုင်းမှာ ရောက်လာတဲ့ လေးယောက် အနက် သုံးယောက်က ကမာရွတ်မြို့နယ် ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးကျောင်းက ဖြစ်ပြီး ကျန်တစ်ယောက်က ဒဂုံ အထက ၁ က‌ျောင်းက ဖြစ်တယ်လို့ သိရပါတယ်။

    ဝေဘာဂီဆေးရုံရောက်လာတဲ့ ကိုဗစ်ကူးစက်ခံရသူ ကျောင်းသား အများစုဟာ ကျောင်းတက်နေသူတွေဖြစ်ကြပြီး အဲ့ဒီ ‌ကျောင်းသား ကျောင်းသူတွေအနက် တစ်ယောက်ကတော့ မိဘတွေဆီက တစ်ဆင့် ကူးစက်လာတာလို့ ဆိုပါတယ်။

    လတ်တလော ဝေဘာဂီ ဆေးရုံကို ရောက်လာတဲ့ ကလေးတွေကို သီးသန့်ခန်းတွေမှာ ထားပြီး ပြုစု ကုသပေးနေတယ်လို့ ဒေါက်တာ ခင်ခင်ထားက ပြောပါတယ်။

    ရောက်လာတဲ့ကလေးတွေဟာ များသောအားဖြင့် လက္ခဏာ မပြတဲ့ Asymptomatic တွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

    အခုအခါ သွေးလွန်တုပ်ကွေးကလည်း အဖြစ်များနေပြီး လူထုအနေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေး အတွက် ခြင်မကိုက်အောင် စောင့်ရှောက်သင့်သလို မိမိကိုယ်တိုင်လည်း ကိုဗစ် ကူးစက်မှု ကင်းအောင် လိုက်နာ လုပ်ဆောင်ကာ ကလေးတွေဆီ မကူးစက်အောင် ပြုမှု ကျင့်ကြံ နေထိုင်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။

    ရန်ကုန်မြို့လယ် စာသင်ကျောင်းတွေက ကျောင်းသားတွေ ကိုဗစ်ကူးစက်ပြီး ၀ေဘာဂီဆေးရုံရောက်လာ

    ဓာတ်ပုံ ရင်းမြစ်, MPA

    ဓာတ်ပုံ ပုံစာ, ရန်ကုန်မြို့လယ် စာသင်ကျောင်းတွေက ကျောင်းသားတွေ ကိုဗစ်ကူးစက်ပြီး ၀ေဘာဂီဆေးရုံရောက်လာ