တာမွေ၊ မေတ္တာညွန့်ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ ပစ်ခတ်၊ရှာဖွေနေ

ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စစ်ကိုင်းအခြေစိုက် သတင်းထောက်တချို့ ဖမ်းဆီးခံရ

    စစ်ကိုင်းမြို့ အခြစိုက် ဇေယျာတိုင်း(မ်)သတင်းဌာနက သတင်းထောက်တဦး နဲ့ မြို့ခံ သတင်းထောက်တစ်ဦးတို့ ဒီကနေ့ စစ်ကိုင်းမြို့မှာ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဧမြဝတီရပ်ကွက်မှာ နေထိုင်တဲ့ ဇေယျာတိုင်းမ် သတင်းဌာနက ကိုဒီမြတ်ငြိမ်း ဒီကနေ့ မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးခံရတာ ဖြစ်ပြီး ညနေပိုင်း ၆နာရီကျော်မှာမြို့ခံ သတင်းထောက်တစ်ဦးဖြစ်သူ ကိုစောပြည့်ချမ်းသာ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

    ဒါ့အပြင် ဇေယျာတိုင်းမ် သတင်းဌာနမှာ အလုပ်လုပ်တဲ့ နောက်ထပ် သတင်းထောက် တယောက်ကိုလည်း ဖမ်းဆီးဖို့ ကြိုးစားပေမဲ့ အဲ့ဒီသတင်းထောက်ကို မတွေ့လို့ အခြားသူကို ဖမ်းဆီးခေါ်သွားပြီး မှားဖမ်းမိလို့ ပြန်လွှတ်ပေးတယ်လို့လည်း ပြောဆိုမှုတွေ ရှိပါတယ်။

    မနက်ပိုင်းက ဖမ်းဆီးမှုမှာ သတင်းထောက်တွေနေထိုင်တဲ့ ရပ်ကွက်ကို အိမ်စီးကား၊ အရပ်ဝတ်နဲ့ ကားသုံးစီးနဲ့လာရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဇေယျာတိုင်းမ် သတင်းဌာန တာဝန်ခံ အယ်ဒီတာက "အဓိကက စစ်ကိုင်းမြို့ရဲ့နား မျက်စိကို ပိတ်ချင်လို့ ခုလိုလုပ်တာ"လို့ သတင်းထောက်တွေ ပုဒ်မတွေ အထုတ်ခံရ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောပါတယ်။

    ဖမ်းဆီးခံရသူတွေကို ဘယ်နေရာကိုခေါ်သွားမယ်ဆိုတာ မသိရသေးပါဘူး။

    စစ်ကိုင်းအခြေစိုက် သတင်းထောက်တချို့ ဖမ်းဆီးခံရ

    ဓာတ်ပုံ ရင်းမြစ်, CJ

  2. အပစ်ရပ်ထားတဲ့ မင်းတပ်မြို့ထဲ ပြန်၀င်လာတဲ့အရပ်သား တဝက်နီးပါးပဲရှိနေသေး

    အပစ်ရပ်ထားပေမဲ့ ပြန်ဝင်လာသူနည်းနေသေးတယ်လို့ မြို့တွင်းပြန်ရောက်နေတဲ့ မြို့ခံတချို့က ပြောပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အပစ်ရပ်ထားပေမဲ့ ပြန်ဝင်လာသူနည်းနေသေးတယ်လို့ မြို့တွင်းပြန်ရောက်နေတဲ့ မြို့ခံတချို့က ပြောပါတယ်။

    စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကြားက တိုက်ပွဲတွေ ကြောင့် စစ်ဘေးရှောင်ခဲ့ကြတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့ခံတွေဟာ နှစ်ဖက် အပစ်ရပ်ထားတဲ့အတွက် မြို့တွင်းကို ပြန်လာကြပေမဲ့ စိုးရိမ်စိတ်ကြောင့် မြို့ခံ တစ်ဝက်လောက်ပဲ ပြန်လာနေကြသေးတယ်လို့ သိရပါတယ်။

    ''မင်းတပ်က ပြန်ဖွင့်လိုက်တော့ ပြန်လာကြတယ်။ ဒါပေမဲ့ ပြန်လာတယ်ဆိုပေမဲ့ ခဏပါပဲ။ ဖောက်ထွင်းခံရတဲ့အိမ် တွေပြန်လာကြည့်တယ်။ ကွဲသွားတဲ့မိသားစုတွေ ပြန်လာပြီး ဆုံစည်းကြတယ်။ နောက် ဝဥ အတွက် ပေါင်းသင်း၊ ပေါင်းထိုး၊ ပေါင်းနှုတ်ကြတယ်။ ဒါပေမဲ့ခဏပါပဲ။ သူတို့ စစ်ဘေးရှောင်စခန်းကို ပြန်ကြမှာ''လို့ လက်ရှိမှာမြို့ထဲ ပြန်ရောက်နေတဲ့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ မြို့တွင်းမှာ လူသွားလူလာရှင်းလင်းနေဆဲလို့ သူက ထပ်လောင်းပြောပြပါတယ်။

    မင်းတပ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေကြောင့် အနီးနားပတ်ဝန်းကျင်ရွာတွေနဲ့ တောတောင်တွေထဲကို ထွက်ပြေးကြတဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဘေးကင်းကင်း ပြန်လာနိုင်ဖို့ သီတင်း ၂ ပတ်ကြာ အပစ်ရပ်မယ့်သဘောတူညီချက်ကို မြို့မိမြို့ဖတွေက ကြားဝင်ညှိနှိုင်းပေးခဲ့တာဖြစ်ပါတယ်။

    ''လောလောဆယ်တော့ သဘောတူထားတဲ့အချက်တွေကို နှစ်ဖက်ကတော့ လိုက်နာနေတဲ့အခြေအနေတော့ရောက်နေတယ်။ ဒါပေမဲ့ ဟိုဘက်ဒီဘက် မလွှမ်းခြုံနိုင်တဲ့လမ်းပန်းဆက်သွယ်ရေး၊ နောက် ဖုန်းလိုင်းမရတဲ့နေရာမျိုးမှာ ဆိုရင်တော့ ဟိုဘက်ဒီဘက်ရဲ့လှုပ်ရှားမှု နည်းနည်းပါးပါးတော့ရှိနေပါသေးတယ်။ ရာနှုန်းပြည့်အပစ်ရပ်နိုင်ဖို့တော့ ကျတော်တို့ ဆောင်ရွက်နေဆဲ''လို့ အပစ်ရပ်ဖို့ ညှိနှိုင်းမှုမှာပါဝင်သူ မြို့မိမြို့ဖတစ်ဦးကပြောပါတယ်။

    လက်ရှိမှာ မင်းတပ်ကို လူအဝင်၊ အထွက်ရှိပြီး စစ်ဆေးတာမျိုးလည်း ရှိပေမဲ့ ဖမ်းဆီးတာမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

    ''မင်းတပ်မှာဆိုရင် အိမ်တွေ ဘာတွေ အဖောက်ခံရ၊ အခိုးခံရသူတွေက လာရောက်နေတာမျိုးရှိတယ်။ ဒါပေမဲ့ သူတို့မှာ ကြောက်စိတ်ကတော့ မကုန်သေးဘူး။ သေနတ်သံကြားတာနဲ့ ကြောက်နေတုန်းပဲ။ ပြည်သူ့တပ်ရော၊ စစ်ကောင်စီတပ်ကရော ကတိ တည်မလား၊ မတည်ဘူးလားဆိုတာကို အားလုံးက စိုးတထင့်ထင့်နဲ့နေနေကြတုန်းပဲ'' လို့ အဲဒီမြို့မိမြို့ဖကပဲ ဆက်ပြောပါတယ်။

    မင်းတပ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကနေ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကြားက တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် စစ်ကောင်စီက မင်းတပ်ကို မေလ ၁၃ ရက်ကတည်းက စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားပါတယ်။

    အဲဒီနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် မြို့တွင်းကနေ ထွက်ပြေးကြပြီး အနီးနားကကျေးရွာတွေထဲက ဘုရားကျောင်းတွေ၊ ယာယီခုံလှုံရေးစခန်းတွေမှာ ခိုလှုံနေကြတဲ့စစ်ဘေးရှောင်ထောင်နဲ့ချီရှိနေပါတယ်။

    လက်ရှိအချိန်အထိ မင်းတပ်ကို နိုင်ငံတကာကြက်ခြေနီအဖွဲ့လို့ အကူအညီပေးရေးအဖွဲ့အစည်းတွေ တရားဝင် ဝင်ရောက်တာမရှိသေးဘူးလို့လည်း သိရပါတယ်။

  3. မြို့ကြီးတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ၊ အဖမ်းအဆီးတချို့လည်းရှိနေ

    ထားဝယ်ကဆန္ဒပြပွဲ

    ဓာတ်ပုံ ရင်းမြစ်, Dawei Watch

    ဓာတ်ပုံ ပုံစာ, ထား၀ယ်ကဆန္ဒပြပွဲ

    မြန်မာနိုင်ငံတဝန်းကမြို့ကြီးတချို့မှာ ဒီနေ့ဇွန်လ ၂၆ ရက်မှာလည်း စစ်အာဏာသိမ်းမှုဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

    ရန်ကုန်၊ မန္တလေး၊ ကလေး၊ မုံရွာစတဲ့ မြို့ကြီးတွေအပြင် မြန်မာနိုင်ငံတောင်ဘက်စွန်းက ထားဝယ်မြို့တို့မှာပါ ဒေသခံတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတာပါ။

    ရန်ကုန်မြို့မှာဆိုရင် လူငယ်တွေက ဒီနေ့မနက်ပိုင်းမှာ အရှေ့ဒဂုံက အမှတ်(၂) ဈေးမှာ ပြောက်ကျားသပိတ်ပြုလုပ်ခဲ့ကြပါတယ်။အဲဒီသပိတ်မှာတော့ ဆန္ဒပြလူငယ် အနည်းဆုံး ၂ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

    ဒ့ါပြင် မန္တလေး၊ မုံရွာ၊ ကလေးနဲ့ ထားဝယ်မြို့တို့မှာလည်း ချင်းတိုင်းရင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မဆလအစိုးရခေတ် ကြိုးပေးခံခဲ့ရတဲ့ နှစ်ပေါင်း ၄၅ နှစ်ပြည့်တဲ့ဒီနေ့ ဇွန်လ ၂၆ ရက်မှာ သူ့ကို ဂုဏ်ပြုအောက်မေ့သတိရတဲ့အနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့ကြပါတယ်။

    ကလေးမြို့မှာဆိုရင် ဆလိုင်းတင်မောင်ဦးရဲ့သမိုင်းဝင်စကားဖြစ်တဲ့ "မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှဒူးမထောက်ဘူး" ဆိုတဲ့စာတန်းကိုင်ဆောင်ဆန္ဒပြခဲ့ကြတာဖြစ်သလို မန္တလေးမြို့မှာလည်း စစ်ဖိနပ်မီးရှို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။

    ဆလိုင်းတင်မောင်ဦးဟာ မြန်မာ့ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ ကြိုးပေးကွပ်မျက်ခံရတဲ့ တစ်ဦးတည်းသော ကျောင်းသားခေါင်းဆောင်လည်းဖြစ်ပါတယ်။

  4. အလုပ်သမား ၅၀၀ ကျော်ရှိတဲ့ ဂျပန်အထည်ချုပ်စက်ရုံတရုံ ပိတ်သိမ်းဖို့တင်ပြထား

    လုပ်သားပေါင်း ၅၀၀ ကျော် အလုပ်လုပ်ကိုင်နေတဲ့ ဂျပန်နိုင်ငံသားပိုင် မြန်မာပါဖန် ( Myanmar Parfun Co,Ltd ) အထည်ချုပ်စက်ရုံဟာ ဇူလိုင်လ တရက်ကစလို့စက်ရုံပိတ်သိမ်းတော့မှာဖြစ်တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်း ထားပါတယ်။

    အခုလိုစက်ရုံပိတ်သိမ်းရတာဟာ Covid-19 ကူးစက်ပျံနှံ့လာမှုနဲ့နိုင်ငံရေးအခြေအနေတွေကြောင့် ဖာက်သည်တွေဆီက အမှာစာကျဆင်းသွားတဲ့အတွက် အခုလိုပိတ်သိမ်းရတာဖြစ်တယ်လို့စက်ရုံတာဝန်ရှိသူတွေကနေ သက်ဆိုင်ရာကို အကြောင်းကြားတဲ့စာထဲမှာဖော်ပြထားပါတယ်။

    စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံရေးအခြေအနေ ၊ ဘဏ်ကငွေထုတ်ယူရတာခက်ခဲတာ၊ လက်ရှိမှာ ပြန်လည်ဖြစ်ပွားမှုမြင့်တက်လာတဲ့ Covid-19 ကပ်ရောဂါအခြေအနေတွေကြောင့် လှိုင်သာယာနဲ့ရွှေပြည်သာစက်မှုဇုန်တွကစက်ရုံတွေဟာ ဇွန်လလယ်ပိုင်းကစလို့ ပိတ်သိမ်းခွင့် ခပ်စိတ်စိတ်တင်ပြလာကြတယ်လို့လှိုင်သာယာစက်မှုဇုန်ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    တင်ပြလာတဲ့စက်ရုံအများစုဟာ ဇူလိုင်လထဲမှာ ပိတ်သိမ်းဖို့တင်ပြလာတာဖြစ်ပါတယ်။

    ဒါ့အပြင်အရင်က လုပ်သားအင်အား တစ်သိန်းကျော်ရှိတဲ့ ရွှေလင်ပန်းစက်မှုဇုန်မှာ အခုအခါပိတ်သိမ်းတဲ့စက်ရုံတွေ ၊ ရပ်နားထားတဲ့စက်ရုံတွေရှိလာတဲ့အတွက် လုပ်သားဦးရေ သုံးပုံ တစ်ပုံလောက် လျော့ကျသွားတယ်လို့လည်း ရွှေလင်ပန်းစက်မှုဇုန် တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

    စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေဟာ လှိုင်သာယာနဲ့ရွှေပြည်သာမြို့နယ်တွေမှာလည်း ဖြစ်ပွားခဲ့ပြီး စစ် ကောင်စီတပ်ဖွဲ့ဝင်တွေက ဆန္ဒပြတဲ့သူတွေကို အင်အားသုံးနှိမ်နင်းခဲ့တာတွေရှိခဲ့ပါတယ်။ တချို့စက်ရုံတွေ မီးရှို့ခံခဲ့ရပြီး ယခုအခါ အဲဒီမြို့နယ်နှစ်ခုဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတာ သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

    Hlaing Thar Yar

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စက်မှုဇုန်ရှိရာ လှိုင်သာယာမြို့နယ်ဟာ အခုအခါမှာ စစ်အုပ်ချုပ်ရေးအောက် သုံးလကျော်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
  5. နှိပ်စက်ညှဉ်းပန်းမှုအတွက် စစ်ကောင်စီတာဝန်ရှိသူတွေကို ပြည်တွင်းပြည်ပဥပဒေတွေနဲ့အရေးယူဖို့ ကြိုးပမ်းနေတယ်လို့ NUG အစိုးရထုတ်ပြန်

    အာဏာသိမ်းပြီးနောက် ပြည်သူတွေကို အင်အားအလွန်အကျွံသုံးပြီး ရိုက်နှက်ဖမ်းဆီးတာ၊ စစ်မေးချိန် ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးသွားသူ အနည်းဆုံး ၂၂ ဦးရှိပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ဇွန် ၂၆ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဒါ့အပြင် စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တဲ့အထဲ အသက် ၁၈ နှစ်အောက် ကလေးသူငယ်သေဆုံးမှုမှာ ၇၂ ဦးရှိပြီဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။

    ဒီလို ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ စစ်ကောင်စီတာဝန်ရှိသူတွေကို ပြည်တွင်းပြည်ပဥပဒေတွေနဲ့ အရေးယူဖို့ NUGက ကြိုးပမ်းသွားမယ်လို့ ဒီနေ့ ဇွန်လ ၂၆ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာနှိပ်စက်ညှဉ်းပန်းခံရသူများ အကူညီပေးရေးဆိုင်ရာနေ့အထိမ်းအမှတ်နေ့မှာ NUG ရဲ့လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်ချက်က ဆိုပါတယ်။

    ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်သူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေ ၊ ဖမ်းဆီးရာမှာရိုက်နှက်မှုတွေနဲ့စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းရင်း သေဆုံးမှုများအတွက်လည်း သက်သေနဲ့တကွမှတ်တမ်းတင်ထားရှိတယ်လို့ NUG ရဲ့ လူ့အခွင့်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

    အလားတူ အသက် ၁၈ နှစ်အောက်ကလေးသူငယ်သေဆုံးမှုတွေမှာဆိုရင်လည်း သေဆုံးသူ ကလေးငယ် ၇၂ ဦးအနက် ၁၁ ဦးမှာ ဦးခေါင်းကိုသေနတ်ထိမှန်သေဆုံးရတာဖြစ်တယ်လို့ AAPP ရဲ့စစ်တမ်းတွေမှာဖော်ပြထားပါတယ်။

    အခုလို ကလေးသူငယ်ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေတွေအပေါ်ချိုးဖောက်နေမှုတွေအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေနဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ AAPP ဘက်ကလည်းတိုက်တွန်းထားပါတယ်။

    ဒါကြောင့် ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာနှိပ်စက်ညှဉ်းပန်းခံရသူများအကူညီပေးရေးဆိုင်ရာနေ့အထိမ်းအမှတ်နေ့မှာ ဒီဖြစ်ရပ်တွေကိုရပ်တန့်ဖို့ဖိအားပေးလုပ်ဆောင်သွားမယ်လို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကဆိုပါတယ်။

    ဒါ့ပြင် NUG အနေနဲ့ နှိပ်စက်ညှဉ်းပန်းမှုကိုတားဆီးရေးနဲ့သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာပြည်သူ့ရေးရာနဲ့ နိုင်ငံတကာအခွင့်အရေးသဘောတူစာချုပ် ၊ နှိပ်စက်ညှဉ်းပမ်းမှုဆန့်ကျင်ရေးစာချုပ်တို့မှာ ပါဝင်လက်မှတ်ရေးထိုးဖို့လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    NUG

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, နှိပ်စက်ညှဉ်းပန်းမှုအတွက် စစ်ကောင်စီတာဝန်ရှိသူတွေကို ပြည်တွင်းပြည်ပဥပဒေတွေနဲ့အရေးယူဖို့ ကြိုးပမ်းနေတယ်လို့ NUG အစိုးရထုတ်ပြန်
    NUG

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတာဝန်ရှိသူတွေကို ပြည်တွင်းပြည်ပဥပဒေတွေနဲ့အရေးယူဖို့ ကြိုးပမ်းနေတယ်လို့ NUG အစိုးရထုတ်ပြန်
  6. မြန်မာစစ်ခေါင်းဆောင်က အာဏာသိမ်းမှုကို ခုခံပြောဆိုပြန်

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ရုရှားနိုင်ငံ ခရီးစဉ်မှာ ခုခံပြောဆိုလာပြန်ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မော်စကိုမြို့မှာကျင်းပတဲ့ လုံခြုံရေးညီလာခံတက်ရောက်ဖို့ ရုရှားကို ရောက်နေချိန် ရုရှားရုပ်သံသတင်းဌာန Russia 24 နဲ့တွေ့ဆုံမေးမြန်းချိန်မှာ အခုလို ပြောဆိုလာတာပါ။

    ''ဒီဖြစ်စဉ်ဖြစ်တာကလည်း ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်တဲ့ရွေးချယ်ပွဲတွေမှာ မသမာမှုတွေလုပ်ခဲ့တဲ့အတွက်ကြောင့် ဒီပြဿနာတွေဖြစ်လာခဲ့တာ။ စောစောစီးစီးက ရှင်းမယ်ဆိုရင် ရှင်းလို့ရရဲ့သားနဲ့ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေ၊ ရှင်းလင်းတဲ့လမ်းကြောင်းတွေကို မလုပ်ဘဲနဲ့ အဆင့်ကျော်လာတဲ့အတွက်ကြောင့် ဒီပြဿနာတွေဖြစ်လာခဲ့တာ။' လို့ သူက ပြောပါတယ်။

    စစ်ကောင်စီက လူ့အခွင့်အရေးတွေချိုးဖောက်ပြီး ပြည်သူတွေကို အကြမ်းဖက်နှိမ်နင်းနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ဝေဖန်ပြောဆိုမှုတွေ၊ နောက် လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကျော်ဖြတ်ဖို့ ဘယ်လိုလုပ်မလဲဆိုတဲ့ သတင်းဌာရဲ့မေးခွန်းကို ပြန်ဖြေကြားချိန် ဗိုလ်ချုပ်မှူးကြီးက အခုလို ပြောခဲ့တာပါ။

    အကြမ်းဖက်တဲ့လုပ်ရပ်တချို့ကို ပြန်လည်တုံ့ပြန်ပြီး ဆောင်ရွက်တဲ့အပေါ် နားလည်မှုလွဲမှားပြီး စွပ်စွဲမှုအမျိုးမျိုးရှိတဲ့အကြောင်း၊ သာမန်ဆန္ဒပြမှုကနေ ကျော်လွန်လာတဲ့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေဖြစ်လာတဲ့အခါ အများသူငါ မထိခိုက်အောင် တရားဥပဒေစိုးမိုးရေးမထိခိုက်အောင် သက်ဆိုင်ရာတာဝန်ရှိတဲ့လုံခြုံရေးအဖွဲ့အစည်းကနေ ဥပဒေအရတုံ့ပြန်ဆောင်ရွက်ဆောင်ရွက်ရတဲ့အကြောင်း၊ ဒါကိုကျော်လွန်လုပ်ဆောင်တယ်ဆိုရင် ဥပဒေအတိုင်းသွားရမှာဖြစ်ပြီး ဘယ်ဘက်က လုပ်လုပ် ကျော်လွန်ပြီး လုပ်လာရင် ဥပဒေအရပဲဆောင်ရွက်ရမယ်လို့ သူက ပြန်လည်တုံ့ပြန်ပြောဆိုပါတယ်။

    ဒီမိုကရေစီစံနှုန်းနဲ့အညီ ရွေးကောက်ပွဲတွေ ပြန်ကျင်းပပေးဖို့ အစီအစဉ်ရှိလားဆိုတဲ့မေးခွန်းကိုတော့ စစ်ကောင်စီခေါင်းဆောင်က သူ့မှာ အရေးပေါ်အခြေအနေကြေညာခွင့် ၁ နှစ်ပဲရှိပေမဲ့ နိုင်ငံတည်ငြိမ်အေးချမ်းမှုအခြေအနေကိုကြည့်ပြီး ၆ လစီ သက်တမ်းတိုးနိုင်တာကို ထောက်ပြပြီး အဲဒီကာလအပိုင်းအခြားအတွင်း နိုင်ငံ့အခြေအနေကိုကြည့်ကာ ရွေးကောက်ပွဲကျင်းပနိုင်ခြေရှိတာကိုပဲ ပြောသွားပါတယ်။

    ဒါဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒေထဲက အရေးပေါ်ကာလအခြေအနေ ပြဌာန်းချက် သတ်မှတ်ချက်တွေအတိုင်း ဆောင်ရွက်မယ့်အကြောင်း စစ်ခေါင်းဆောင်က ပြောသွားတာဖြစ်ပါတယ်။

    ဒါပေမဲ့ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မဲအများစုနဲ့အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကတော့ စစ်ကောင်စီဘက်က စွပ်စွဲတဲ့ မဲမသမာမှုစွပ်စွဲချက်တွေကို ပယ်ချပါတယ်။

    ဒါ့ပြင် NLD လွှတ်တော်အမတ်အများစုနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကလည်း အာဏာသိမ်းမှုဖြစ်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ ပျက်ပြယ်ပြီဖြစ်တယ်လို့ပြောသလို ဖွဲ့စည်းပုံကို ဖျက်သိမ်းတဲ့အကြောင်းလည်း ကြေညာချက်ထုတ်ထားပါတယ်။

    မော်စကိုမြို့မှာကျင်းပတဲ့ လုံခြုံရေးညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ

    ဓာတ်ပုံ ရင်းမြစ်, cincds

    ဓာတ်ပုံ ပုံစာ, မော်စကိုမြို့မှာကျင်းပတဲ့ လုံခြုံရေးညီလာခံမှာ မိန့်ခွန်းပြောနေတဲ့ စစ်ကောင်စီဥက္ကဋ္ဌ
  7. ယာယီအပစ်ရပ်ထားတဲ့ ကယားမှာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျ

    ယာယီအပစ်ရပ်ထားတဲ့ ကယားပြည်နယ်ထဲမှာ ဇွန်လ ၂၅ ရက်နေ့ညပိုင်းကလူနေအိမ်ရပ်ကွက်တွေထဲ လက်နက်ကြီးကျပြီး နေအိမ်ပျက်ဆီးထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

    ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဧက ၅ဝဝ ဘုန်းကြီးကျောင်းဘေး၊ ရပ်ကွက်ထဲက လူနေအိမ်တွေထဲ လက်နက်ကြီးကျခဲ့တာဖြစ်ပြီး ဒီလိုရပ်ကွက်ထဲလက်နက်ကြီးနဲ့ပစ်ခတ်ခံရတာဟာ ဒုတိယအကြိမ်မြောက်ဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။

    " မနေ့ညကကိုးနာရီဝန်းကျင်လောက်ကတည်းက ပစ်သံတွေကြားနေရတာ။ အပစ်ခတ်ရပ်ထားတယ်ဆိုတော့ ရပ်ကွက်ထဲမှာတချို့က ပြန်လာနေနေကြတာ။ အရင်တခါကလည်း နမ့်ဝမ်ဘက်လက်နက်ကြီးတခါကျသေးတယ်။ အဲ့ဒီတုန်းကတော့လူတစ်ယောက်သေတယ်။ အခုလက်နက်ကြီးကျတဲ့အိမ်ထဲတော့ ညက လူမအိပ်နေလို့ထိခိုက်တာမရှိသွားဘူး" လို့ ဧက ၅ဝဝ ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မေလအစောပိုင်းကတည်းက ကရင်နီပြည်နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။ ဒီပတ်ခတ်မှုတွေကြောင့်ကရင်နီပြည်နယ်နဲ့ကရင်နီနယ်စပ်အတွင်း စစ်ဘေးရှောင်သောင်းနဲ့ချီရှိလာခဲ့တဲ့နောက် ဇွန်လ ၁၅ ရက်နေ့က ယာယီအပစ်ခတ်ရပ်စဲကြောင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KNDF ကကြေညာထုတ်ပြန်ခဲ့ပါတယ်။

    အခုလိုယာယီအပစ်ခတ်ရပ်ကြောင်းကြေညာချက်ထုတ်ပြီးရက်ပိုင်းအတွင်းမှာပဲ ကယားပြည်နယ်ဒီးမောဆိုမြို့နယ်အတွင်း လက်နက်ကြီးနဲ့ပစ်ခတ်တာတွေဖြစ်ခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေကလည်း ကရင်နီပြည်နယ်ထဲကရွာတွေမှာ တပ်စွဲလှည့်လှည်နေဆဲဖြစ်တယ်လို့ဒေသခံတွေက ပြောပါတယ်။

    ဒါပေမဲ့ မနေ့ညပိုင်းကလွိုင်ကော်မြို့ထဲလက်နက်ကြီးကျတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့တော့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    Loikaw

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ယာယီအပစ်ရပ်ထားတဲ့ ကယားမှာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျ
    Loikaw

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ယာယီအပစ်ရပ်ထားတဲ့ ကယားမှာ လူနေရပ်ကွက်တွေထဲ လက်နက်ကြီးကျ
  8. မန္တလေး၊ သမန်းကုန်းဘက်မှာ ရာအိမ်မှူးတစ်ဦး ဓားထိုးခံရပြီးသေဆုံး, ဓားထိုးမှုနောက်ဆက်တွဲ စစ်ဆေးမှုတွေလုပ်ချိန် စစ်ကောင်စီတပ်တွေ ပစ်ခတ်လို့ ဒဏ်ရာရသူလည်းရှိ

    သမန်ကုန်း၊ ဒူးလမ်းကြား အခင်းဖြစ်ခဲ့တဲ့နေရာ လမ်းကြား

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, သမန်ကုန်း၊ ဒူးလမ်းကြား အခင်းဖြစ်ခဲ့တဲ့နေရာ လမ်းကြား

    မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်ကုန်းဘက်မှာ စစ်ကောင်စီ သတင်းပေးလို့စွပ်စွဲခံရသူ ရာအိမ်မှူးတစ်ဦး ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

    ထထ ရပ်ကွက်က အသက် ၅၀ ဝန်းကျင်ရှိ ရာအိမ်မှူး ဦးညိုအေးဟာ (စ)ဈေးအနီး ၁၂၁x၁၂၃လမ်း ကြား၊ ၅၈ x၅၉ လမ်းကြား၊ ဒူးကြားလမ်းမှာ ဇွန်လ ၂၆ရက်၊ မနက် ၇နာရီကျော်လောက်မှာ ဓားထိုးခံရတာဖြစ်ပါတယ်။

    "သူက ဆွမ်းခံကြွတဲ့ဘုန်းကြီးကို လိုက်ပို့တာ။ ဘုန်းကြီးက အတွင်းထဲဆွမ်းခံနေတုန်း ရှေ့မှာ ဆိုင်ကယ်နဲ့ ရပ်စောင့်နေချိန် ဓါးနဲ့ဝင်ထိုးတာလို့ သိရတယ်။ လမ်းကြားထဲက လူတွေလဲ တယောက်မှ မသိလိုက်ဘူး။ အဲ့လမ်းက ခွေးအရမ်းပေါတယ်။ အဲ့လူက ဓားထိုးခံရချိန် ဓားထိုးခံရတယ်လို့ မအော်ဘဲ။ ကယ်ပါဦး...ကယ်ပါဦးလို့အော်တာ။ ခွေးဆိုးတဲ့ရပ်ကွက်ထဲဆိုတော့ ခွေးကိုက်တယ်လို့ထင်နေတာ။ ဘယ်လိုပုံစံနဲ့ ဘယ်သူသတ်သွားလဲ မသိကြဘူး။ လှမ်းကြည့်ချိန်မှာ အဲ့လူက ထိုင်နေရာက အူတွေထွက်ကျပြီး လဲသွားတာ။ ဘယ်သူမှ လုပ်မပေးရဲကြဘူးလေ။ ကြောက်တာကိုး"လို့ အခင်းဖြစ်ပွါးတဲ့ စလုံးဈေးအနီး ရပ်ကွက်ဒေသခံတဦးက ပြောပါတယ်။

    ဖြစ်စဉ်ဖြစ်ပြီး တစ်နာရီအကြာမှာ စစ်ကောင်စီက လူတွေရောက်လာကာ ဆေးရုံခေါ်သွားပါတယ်။ ဆေးရုံအရောက်မှာ သေဆုံးတာ သိရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    ရာအိမ်မှူး ဓားထိုးခံရတဲ့ ရပ်ကွက်လမ်းတွေက အိမ်တွေကို စစ်ကောင်စီက စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

    အိမ်တိုင်းက လူတွေကို ထွက်ခိုင်းပြီး ဧည့်သည်ရှိမရှိစစ်ဆေးနေတဲ့အပြင် စစ်ဆေးချိန်မှာ စစ်ကောင်စီက ပစ်ခတ်တာတွေပါ ပြုလုပ်တယ်လို့လည်းသိရပါတယ်။

    "စစ်တာ ၈နာရီလောက်‌ပေါ့။ သေနတ်နဲ့ ၆‌ ချက်လောက်ပစ်တာ။ ကျည်အစစ်နဲ့ ပစ်တာလည်းပါတယ်။ ကျည်အစစ် ဟုတ်၊မဟုတ်က ဆန္ဒပြသူ‌တွေ‌ ပိတ်မိချိန်တုန်းက ကျည်အစစ်နဲ့ ရာဘာကျည်တွေပစ်နေလို့ အသံကိုသိနေတာ။ ကျည်အစစ်ပါတာ သိတယ်။ တယောက်ထိတယ်။ လူသေ၊မသေ အတည်မပြုနိူင်ဘူး" လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

    ဇွန် ၂၅ရက်မနက်ကလည်း ဒီနေ့အခင်းဖြစ်တဲ့ ရပ်ကွက်ဝန်းကျင် ၁၁၄ လမ်းအနီးမှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

  9. "စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်" ကြွေးကြော်သံနဲ့ မုံရွာက လူထုသပိတ်

  10. ရန်ကုန်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်စီး

    ရန်ကုန်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်စီး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဒီနေ့ ဇွန် ၂၆ ရက်ဟာ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစွဲမှု တိုက်ဖျက်ရေးနေ့ဖြစ်ပါတယ်။

    ဒီနေ့မှာ တိုင်းနဲ့ပြည်နယ်အလိုက်ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက မီးရှို့ဖျက်စီးလေ့ရှိပါတယ်။

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်မှာလည်း ဒီနေ့မနက်က ကျင်းပတဲ့(၃၄)ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးအလွဲသုံးစွဲမှုနှင့်တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ ဖမ်းဆီးရမိမူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်စီးခဲ့ပါတယ်။

    ရန်ကုန်မှာ မီးရှို့ဖျက်စီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလ တန်ဖိုး အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်အထိရှိပါတယ်။

  11. နေပြည်တော်ပြင်ပကနေ ပြန်ဝင်လာမယ့်ဝန်ထမ်းတွေလည်း ကိုဗစ် စစ်ဆေးခံရတော့မယ်

    နေပြည်တော်က မစိုးရိမ်တိုက်သစ်ကျောင်းတိုက်မှာလည်း သံဃာအပါး ၇၀ ကျော်အထိ ကိုဗစ်နိုင်တင်းကူးစက်မှုရှိနေ

    ဓာတ်ပုံ ရင်းမြစ်, မစိုးရိမ်တိုက်သစ်-နေပြည်တော်

    ဓာတ်ပုံ ပုံစာ, လက်ရှိမှာ နေပြည်တော်က မစိုးရိမ်တိုက်သစ်ကျောင်းတိုက်မှာလည်း သံဃာအပါး ၇၀ ကျော်အထိ ကိုဗစ်နိုင်တင်းကူးစက်မှုရှိနေ

    နေပြည်တော်မှာတာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းတွေအနေနဲ့ အကြောင်းကြောင်းကြောင့် ပြင်ပထွက်ပြီး နေပြည်တော်ပြန်လာမယ်ဆိုရင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှု ရှိ၊မရှိကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူ ဓာတ်ခွဲခန်းမှာ RDT နဲ့ ကိုဗစ်စစ်ဆေးရမယ်ဆိုပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။

    ရောဂါကူးစက်မှုမြင့်လို့ လိုအပ်မှ နေအိမ်ထဲကနေ အိမ်ပြင်ထွက်ရမယ့်(stay at home)ကြေညာခံထားရတဲ့ မြို့နယ်တွေက လာသူတွေကို ၁၀ ရက်အသွားအလာကန့်သတ်ပြီး ၂ ကြိမ်ဓာတ်ခွဲစစ်ဆေးမယ့်အပြင် အစိုးရရုံး၊ဌာနတွေကို လာမယ့်သူတွေလည်း နေပြည်တော်အဝင်ဂိတ်မှာ RTD နဲ့ စစ်ဆေးပြီး ပိုးမရှိအဖြေထွက်မှ ဝင်ရောက်ခွင့်ပြုမယ့် အစီအမံတွေကိုလည်း စစ်ကောင်စီလက်အောက်က နေပြည်တော်ကောင်စီကိုဗစ်ထိန်းချုပ်ရေးနဲ့အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆိုပါတယ်။

    မြန်မာနိုင်ငံမှာ မျိုးဗီဇကွဲ ကိုဗစ်နိုင်တင်းရောဂါပိုးဟာ မေလကုန်ပိုင်းကနေ ဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာခဲ့ပြီး ရောဂါကူးစက်မှုတွေ ကြောင့် ချင်းပြည်နယ်ထဲက ၅ မြို့နယ်၊ စစ်ကိုင်းတိုင်းထဲက ကလေးနဲ့တမူးမြို့နယ်တို့အပြင် ပဲခူးတိုင်းထဲက လက်ပံတန်းနဲ့ဖြူးမြို့နယ် စုစုပေါင်း ၉ မြို့နယ်ကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက stay at home ကြေညာထားပါတယ်။

    ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မနေ့ ဇွန်လ ၂၅ ရက် တနေ့တည်းမှာတင် ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့လူနာအသစ် ၈၆၀ နီးပါးအထိရှိခဲ့ပြီး သေဆုံးသူလည်း ၇ ဦးအထိရှိခဲ့ပါတယ်။

  12. NLD ပါတီ နာယက ဦး၀င်းထိန် ရုံးထုတ်မှာ တရားလိုပြသက်သေကို စစ်ဆေး

    နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ နဲ့ တရားစွဲဆို ဖမ်းဆီးခံထားရတဲ့ NLD အမျိုးသားဒီမိုကရေစီ ပါတီ နာယက ဦး၀င်းထိန်ကို ဇွန်လ ၂၅ ရက်က နေပြည်တော်မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

    အပတ်စဉ် သောကြာနေ့တိုင်း ရုံးထုတ်စစ်ဆေးရာမှာ အခုတပတ်က တရားလိုပြသက်သေ ဦးနိုင်ဦးကို စစ်ဆေးခဲ့တယ်လို့ ဦးဝင်းထိန်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဒေါ်မင်းမင်းစိုးက ဘီဘီစီကို ပြောပါတယ်။

    တရားခွင်မစခင် ဦးဝင်းထိန်နဲ့ ရှေ့နေတွေ လွတ်လွတ်လပ်လပ် စကားပြောခွင့် ရခဲ့ပြီး NLD ပါတီဝင်တွေ အဖမ်းခံထားရတဲ့ အနေအထားနဲ့ လက်ရှိ အခြေအနေတွေကို သိသင့်သလောက် သိထားတယ် လို့လည်း သူက ပြောပါတယ်။

    ပြီးခဲ့တဲ့ တပတ်က သွေးပေါင်ကျနေလို့ သိပ်လန်းလန်းဆန်းဆန်း မရှိခဲ့ပေမဲ့ အခုတပတ်တော့ လန်းလန်းဆန်းဆန်း နေကောင်းပုံ ရတယ်လို့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။

    နောက်တပတ်ရုံးချိန်းအဖြစ် သောကြာနေ့ ဇူလိုင်လ ၂ ရက်နေ့ကို ထပ်မံ ချိန်းဆိုလိုက်ပါတယ်။

    NLD ပါတီ နာယက ဦး၀င်းထိန် ရုံးထုတ်မှာ တရားလိုပြသက်သကို စစ်ဆေး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  13. စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အိုင်စီစီမှာ တိုင်တန်းနိုင်ဖို့ NUG ပြင်ဆင်

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လူအမြောက်အများအပေါ် ရက်စက်စွာ ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes Against Humanity နဲ့ အိုင်စီစီ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တိုင်ကြားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။

    ဒါ့အပြင် စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဂျီနိုဆိုက်နဲ့ပါ တိုင်တန်းသွားဖို့ ပြင်ဆင်နေတယ်လို့ NUG အစိုးရ တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။

    ဇွန်လ ၁၅ ရက်နေ့က မကွေးတိုင်း ပေါက်မြို့နယ် ကင်းမရွာ မီးရှို့ဖျက်ဆီးခံရမှု ဖြစ်စဉ်ဟာ လူအမြောက်အများအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်သလို ရိုဟင်ဂျာရွာတွေ မီးရှို့မှု၊ ချင်းပြည်နယ်အတွင်းက ရွာတွေ မီးရှို့မှုတွေကို စစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့လည်း NUG အစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ တချို့ ဖြစ်ရပ်တွေကို ထုတ်ဖော်ငြင်းဆိုထားတွေ ရှိနေပါတယ်။ ကင်းမရွာမီးလောင်မှုဟာ “အကြမ်းဖက်သူတွေ”က လုပ်ဆောင်တာလို့ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။

    NUG ဘက်ကတော့ အိုင်စီစီ နိုင်ငံတကာ ခုံရုံးကို တိုင်တန်းတဲ့အခါ ကချင်ပြည်နယ် ကောင်းခါးရွာမှာ ဆရာမနှစ်ယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စအပြင် အရင်တုန်းက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ တွဲပြီး တင်သွားမယ်လို့လည်း NUG တရားရေးဝန်ကြီးက ဆိုပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို ဓာတ်ပုံ၊ ဗီဒီယိုနဲ့တကွ တင်ပြနိုင်အောင် စုဆောင်းနေပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့ အချက်အလက် ၂၈၀၀၀ ကျော်ကို အတည်ပြု စစ်ဆေးထားနိုင်ခဲ့တယ်လို့လည်း NUG အစိုးရ ဘက်က ပြောပါတယ်။

    ကင်းမရွာ မီးလောင်မှု

    ဓာတ်ပုံ ရင်းမြစ်, CJ

  14. ဒေသ PDF တွေကို အရန်အင်အားအဖြစ် သတ်မှတ်ထားတယ်လို့ NUG ပြော

    ပြည်တွင်းမှာ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဒေသ PDF တွေကို အရန်အင်အားတွေအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေး​ ဝန်ကြီးဌာနဝန်ကြီး ဦးလွင်ကိုလတ်က ပြောပါတယ်။

    ပြည်တွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသတချို့က PDFတွေ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေက ဒေသပီဒီအက်ဖ်တွေကို ဝင်ရောက်ဖမ်းဆီးရာက အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

    အဲဒီလိုအခြေအနေမှာ ဒေသပီဒီအက်ဖ်တွေကို NUG က စစ်ရေးနဲ့လက်နက်စတဲ့ ဘယ်လို ထောက်ပံမှုတွေရှိသလဲဆိုတာကို ဒီကနေ့ညနေပိုင်းမှာ NUG က အွန်လိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီက မေးမြန်းတာကို ဦးလွင်ကိုလတ်က အခုလို ဖြေကြားခဲ့တာပါ။

    ဗျူဟာပိုင်းနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောကြားလိုဘဲ အခုတိုက်ခိုက်မှုတွေဟာ ပြည်သူ့တော်လှန်ရေး အသွင်ဆောင်လာတယ်လို့ သူက ဆိုပါတယ်။

    ပီဒီအက်ဖ်တွေကို အရန်အင်အားစုလို့ သတ်မှတ်ထားတာကြောင့် သူတို့နဲ့ ပတ်သက်ပြီး မဟာဗျူဟာထပ်မံချမှတ်ပြီးဆောင်ရွက်ဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

    စစ်ရေးနဲ့ လက်နက်ထောက်ပံ့မှုနဲ့ ပတ်သက်ပြီး အသေးစိတ် ဖြေကြားတာတော့ မရှိပါဘူး။

    ဒါပေမဲ့ PDF တွေ နဲ့ စနစ်တကျ ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိနေတယ်လို့တော့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။

    ဒေသ PDF တွေကို အရန်အင်အားအဖြစ် သတ်မှတ်ထားတယ်လို့ NUG ပြော

    ဓာတ်ပုံ ရင်းမြစ်, MPA

  15. ကိုဗစ်ကူးစက်သူအသစ် ၈၅၉ ဦးတွေ့၊ ၇ဦး သေဆုံး

    ကိုဗစ်ကူးစက်သူတွေနဲ့ သေဆုံးသူတွေ တိုးလာနေရာမှာ ဒီကနေ့ ကိုဗစ်ကူးစက်သူ အသစ် ၈၅၉ ဦး တွေ့ရှိပြီး သေဆုံးသူ ၇ ဦး ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။

    အခုချိန်ထိမြန်မာနိုင်ငံမှာ စုစုပေါင်းကူးစက်သူ၁၅၁,၅၇၃ ဦးရှိပြီးသေဆုံးသူ၃,၂၈၂ဦးရှိပြီဖြစ်ပါတယ်။

    မနေ့ကတော့ ကူးစက်သူ အသစ် ၇၈၇ ဦး ရှိခဲ့ပါတယ်။

    အဲဒီလို ကိုဗစ်ကူးစက်မှုတွေ နေ့စဥ် ရာချီကူးစက်ပြီး မြင့်တက်လာချိန်မှာ ရန်ကုန်မှာတော့ ရန်ကုန်ဆေးရုံကြီးကို ဒီကနေ့ကစပြီး ၂၄ နာရီ ပြန်ဖွင့်ပြီး တခြားလူနာတွေနဲ့အတူ ကိုဗစ်လူနာတွေကို ကုပေးမယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သန်းနိုင်စိုးက ဘီဘီစီကို ပြောပါတယ်။

    အဲဒါမတိုင်ခင်လည်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကူးစက်မှု စတင်များပြားလာချိန်က အဲဒီနေရာတွေအတွက် ဆေးဝါး၊ ကုသရေးပစ္စည်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပို့ဆောင်မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြောထားပေမဲ့ ကူးစက်မှု တိုးလာတဲ့ နယ်တွေမှာ ဒေသခံတွေနဲ့ ဒေသခံ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတွေက စိုးရိမ်မှုတွေ ဖြစ်ပေါ်နေကြပါတယ်။

    ဖလမ်း

    ဓာတ်ပုံ ရင်းမြစ်, CJ

  16. ရန်ကုန်နဲ့မန္တလေးအပါအဝင် ထိုးစစ်ဆင်မှုတွေ ဘယ်တော့မှ မလုပ်ဘူးလို့ NUG ပြော

    ရန်ကုန်နဲ့ မန္တလေးမှာ အပါအဝင် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဘယ်တော့မှ လုပ်မှာ မလုပ်ဘူးလို့ NUG က အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။

    ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ ပီဒီအက်ဖ်တွေရဲ့ တိုက်ခိုက်မှုတွေ တိုးလာနိုင်သလားဆိုတာနဲ့ ဆက်စပ်တဲ့ မေးမြန်းမှုတွေနဲ့ ပတ်သက်ပြီး သူက ဖြေကြားတာပါ။

    ဒါတွေနဲ့ ပတ်သက်ပြီး NUG ကဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှလုပ်ဖို့ရည်ရွယ်ချက်မရှိသလို ဘယ်လို အကြမ်းဖက်မှုမျိုးကိုမှ ပတ်သက်နေတာ မရှိဘူးလို့လည်း ဆိုပါတယ်။

    ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒေသ PDF တွေဟာ ကိုယ့်ကိုယ်ကိုယ် ခုခံမှုတွေ လုပ်နေတာသာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

    ဒီနေ့ညနေပိုင်းမှာNUG ကအွန်လိုင်းကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို သူက အခုလို ဖြေကြားတာ ဖြစ်ပါတယ်။

    စစ်ကောင်စီဘက်ကတော့ ဒေသ ကာကွယ်ရေး အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ အပါအဝင် ဗုံးပေါက်ကွဲမှုနဲ့ တိုက်ခိုက်မှုအချို့မှာ စစ်ကောင်စီဘက်က အကြမ်းဖက်အဖွဲ့တွေအဖြစ်သတ်မှတ်ထားတဲ့ CRPH၊NUG နဲ့ဆက်စပ်နေသူတချို့ ပါဝင်ပတ်သက်နေတယ်ဆိုပြီး ထုတ်ပြန် ပြောဆိုမှုတွေ ရှိနေပါတယ်။

    ဒါပေမဲ့ NUG ဘက်ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မန္တလေးမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပစ်ခတ်မှုဖြစ်စဉ်ဟာ ဥပဒေက ပေးအပ်ထားတဲ့ ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြုတာဖြစ်ပြီး ဥပဒေနဲ့အညီဆောင်ရွက်တာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဝန်ကြီးဌာနက ဇွန် ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

    ရန်ကုန်နဲ့မန္တလေးအပါအဝင် ထိုးစစ်ဆင်မှုတွေ ဘယ်တော့မှ မလုပ်ဘူးလို့ NUG ပြော

    ဓာတ်ပုံ ရင်းမြစ်, Social Media

  17. စစ်ကိုင်းမှာ လူငယ်တွေကို ဦးတည်ဖမ်းဆီးတာတွေရှိ, သင်တန်းဆင်းလာတယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေရှိနေတယ်လို့ သတိပေးတာတွေလည်းရှိနေ

    စစ်ကိုင်းမြို့မှာ အိမ်စီးကားနဲ့ လူငယ်တွေကို လိုက်လံဖမ်းဆီးနေလို့ အနည်းဆုံး လူ ၇ ဦး အဖမ်းခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

    " စစ်ကိုင်း လူဖမ်းပွဲလုပ်နေသလိုပဲ။ မနေ့ညက မရှိခဏလမ်းဆုံ ဗုံးကွဲပြီး တွေ့တဲ့လူကို ဖမ်းတာ။ မနေ့ည အဆက် ဒီနေ့လည်း ဗုံးကွဲလို့ လိုက်ဖမ်းတာလို့လည်းပြောတယ်။ လူငယ်တွေ ဦးတည်ဖမ်းနေတာ။ Faw ကားပေါ် လူအပြည့်ဖမ်းသွားတာ။ ဆယ်ယောက်အထက်ရှိ‌လောက်မယ်။ မနေ့ညနေကလည်း မြို့သစ်က ဘုန်းကြီးတပါးကိုလလည်း ဖမ်းသွားတယ်"လို့ စစ်ကိုင်းမြို့ ဒေသခံတဦးကပြောပါတယ်။

    စစ်ကိုင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်တယ်လို့ သံသယရှိသူ လူငယ်တွေကို ရပ်ကွက် ကျေးရွာအလိုက် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာ ဖြစ်ပါတယ်။

    လူမှုကွန်ရက်မှာ စစ်ကိုင်းမြို့လူငယ်တွေကြားသတိထားရန် ဆိုတဲ့ သတိပေးချက်တွေ ပျံ့နှံ့နေပြီး အဲ့ဒီသတိပေးချက်ထဲမှာ 'အမြန်လမ်းမှာ ဒူးတွေ တံတောင်တွေ စစ်တယ်၊ ဒူးနှင့်တံတောင်မှာ အမာရွတ်တို့အမဲကွက်တို့ရှိရင် (စစ်) သင်တန်းဆင်းလာတယ်' ဆိုပြီး ဖမ်းလို့ ဂရုထားကြဖို့ ရေးသားဖော်ပြကြပါတယ်။

    "ထုံးဘိုရပ်၊ ဈေးကုန်း၊ ပိုးတန်း၊ မြို့သစ် တွေမှာ ဝင်ဖမ်းသွားတာ။ ကျောင်းသားတွေရော မြို့ခံတွေရောပါသွားတာ။ ရွှေမင်းဝံ ၂၂လမ်းက အိမ် ၃ လုံးလည်း တမြန်နေ့က ဝင်မွှေသွားသေးတယ်။ လူတွေလက်ပြန်ကြိုးတုပ်၊ဖုန်းပိုက်ဆံတွေ ယူသွားတာ"လို့ စစ်ကိုင်းမြို့ ဒီရက်ပိုင်းဆက်တိုက်ဖြစ်ခဲ့တဲ့ အကြောင်းရာတွေကို ဒေသခံ တဦးက ပြောပြပါတယ်။

    ဇွန် ၂၄ ရက်မှာတော့ စစ်ကိုင်းမြို့နယ် ဘုန်းကြီးတစ်ပါးအပါအဝင် လူ တချို့ကို စစ်ကောင်စီကဖမ်းဆီးပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

    အဲဒီလို ထောင်ဒဏ်ချမှတ်ခံရတဲ့အထဲမှာ အရှင်ဂန္ဓမာ အပါအဝင် ခြောက်ဦးကို ပုဒ်မ ၅၀၅(က)အရ အလုပ်နဲ့ထောင်ဒဏ် ၂နှစ်၊ စစ်ကိုင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်သောင်းကို သဘာဝဘေးပုဒ်မ-၂၅ /၃၀(က) ၊ ပုဒ်မ-၂၅ နဲ့စွဲချက်တင်ပြီး အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်၊ ဒါ့အပြင် နောက်တစ်ဦးကို ပုဒ်မ ၅၀၅(က) အပါအဝင် ပုဒ်မ၄၂၇ ၊ ၄၅၁ အားလုံးစုပေါင်းပြီး ၄ နှစ်၆လ တစ်ပေါင်းတည်းကျခံစေဖို့ စစ်ကိုင်းမြို့နယ်တရားရုံးကနေ အမိန့်ချမှတ်ခဲ့တယ်လို့ ရှေ့နေတဦးထံကနေ သိရပါတယ်။

    စစ်ကိုင်းမြို့ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ်

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ်
  18. Frontier Myanmar အယ်ဒီတာ ဒန်နီ ဖန်စတာနဲ့ အမေရိကန်သံရုံး ဖုန်းပြောခွင့်ရ

    အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရန်ကုန်မြို့ အခြေစိုက် Frontier Myanmar သတင်းဌာနရဲ့ သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီ ဖန်စတာ ဟာ မနေ့က အမေရိကန်သံရုံး တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ပထမဆုံးအကြိမ် ဖုန်းနဲ့ စကားပြောခွင့်ရခဲ့တယ်လို့ သိရပါတယ်။

    ဒန်နီ ဖန်စတာနဲ့ အမေရိကန်သံရုံး ကောင်စစ်ဝန်အရာရှိတွေ ဗုဒ္ဓဟူးနေ့က ဖုန်းနဲ့ စကားပြောခဲ့ကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတစ်ဦးက အတည်ပြု ပြောပါတယ်။

    ဒန်နီရဲ့ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်းနဲ့ သူ့ကို ထိန်းသိမ်းထားစဉ် ကာလအတွင်း ကောင်းကောင်းမွန်မွန် ဆက်ဆံထားရှိဖို့ အာဏာသိမ်းစစ်ကောင်စီကို အမေရိကန်အစိုးရက တိုက်တွန်းထားပြီး ဒန်နီ့အပေါ် စွဲဆိုထားတဲ့ အမှုသွားအမှုလာကို အနီးကပ်စောင့်ကြည့်လေ့လာနေတယ်လို့ ဆိုပါတယ်။

    ဒန်နီ ဖန်စတာရဲ့ ညီဖြစ်သူ ဘရိုင်ယန်ကလည်း အမေရိကန်သံရုံး ကောင်စစ်ဝန်အရာရှိတွေနဲ့ သူ့အစ်ကိုကို အဆက်အသွယ်ပြုခွင့် ပေးလိုက်ပြီဆိုတဲ့အကြောင်း အင်္ဂါနေ့ညနှောင်းပိုင်းမှာ ကြားသိခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးထားပါတယ်။ သူတို့မိသားစုလည်း ဒန်နီနဲ့ မကြာခင် စကားပြောနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

    ဒန်နီ ဖန်စတာ ဟာ မိသားစုရှိရာ အမေရိကန်နိုင်ငံကိုသွားဖို့ မလေးရှားနိုင်ငံကို ထွက်ခွာခါနီး ရန်ကုန်လေဆိပ်မှာ မေလ ၂၄ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၅၀၅-ကနဲ့ တရားစွဲဆိုထားတဲ့ ဒန်နီ ဖန်စတာရဲ့အမှုကို အင်းစိန်ထောင်တွင်း တရားရုံးမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကြားနာစစ်ဆေးခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှာ နောက်ထပ် ကြားနာစစ်ဆေးဖို့ ရှိပါတယ်။

    Frontier Myanmar၊ ဒန်နီ ဖန်စတာ၊ စစ်အာဏာသိမ်း

    ဓာတ်ပုံ ရင်းမြစ်, Frontier Myanmar

    ဓာတ်ပုံ ပုံစာ, Frontier Myanmar သတင်းခန်းအုပ်ချုပ်မှု အယ်ဒီတာ ဒန်နီ ဖန်စတာ
  19. မန္တလေးမှာ USDP ပါတီဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရ၊ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေ

    မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ စစ်ကောင်စီသတင်းပေးတဦးသေနတ်နဲ့ပစ်ခံရပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

    ဒီကနေ့ ဇွန် ၂၅ရက်နေ့ မနက် ၆နာရီ ဝန်းကျင်က ဗ(၅) ရပ်ကွက် ၅၉ လမ်းနဲ့ လမ်း၆၀ကြား ၁၁၄လမ်းမှာ အသက် ၅၀‌ ဝန်းကျင်အရွယ် ဦးကျော်ကျော်မင်းဟာ သေနတ် ၆ ချက်ပစ်ခံရတဲ့အနက် ၃ ချက်ထိမှန်သွား ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

    " မနက်အစောပိုင်း သေနတ်ပစ်သံကြားရပြီး မှောက်လဲနေတာပဲ တွေ့ရတာ။ သူ့အိမ်ရှေ့ တံမြက်စည်း လှည်းနေတုန်း ပစ်ခံရတယ်လို့ သိရတာပဲ။ သူက အတော်ဆိုးတယ်။ ရပ်ကွက်ထဲ ဘယ်သူနဲ့မှ မတည့်ဘူး။ သူမျက်စိထဲမတည့်သူဆို ဆဲတယ်။ တစ်ရပ်ကွက်လုံးမီးရှို့ပစ်မှာလို့လဲ ပြောတယ်" လို့ သေနတ်ပစ်ခံရတဲ့ မန္တလေးမြို့၊ ကံသာယာမြို့သစ် ဒေသခံ အမျိုးသမီးတဦးကဘီဘီစီကို ပြောပါတယ်။

    တင်ပါး၊ ခြေထောက်နဲ့ နောက်ကျောတွေကို မှန်သွားတာဖြစ်ပြီး ဒဏ်ရာအခြေနေမှာ စိုးရိမ်ရတယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဖြစ်စဉ်ဖြစ်ပြီး နာရီဝက်အကြာမှာ အိမ်စီးကား၊ အရပ်ဝတ်၊ စစ်ကား‌တွေနဲ့ စစ်ကောင်စီဘက်က အယောက် ၈၀ လောက်ရောက်ရှိလာပြီး ဖြစ်စဉ်ဖြစ်ခဲ့တဲ့ ရပ်ကွက်လမ်း လမ်းကြိုလမ်းကြားတွေပါ ရှာဖွေစစ်ဆေးတာ တွေပြုလုပ်ပါတယ်။ "ဘယ်သူပစ်တာလဲ မတွေ့လိုက်ပေမယ့် စစ်သားတွေက တစ်အိမ်ဝင်တစ်အိမ်ထွက် အသက် ၂၀အရွယ် ယောက်ျားသားရှိလား လိုက်စစ်နေလို့ လူငယ်ဆိုတာသိရတာပဲ။ လမ်းကြားတိုင်းကို စစ်နေတာ။ လှမ်းကြည့် သူ‌တွေကို ဆဲတယ်။ အခုအထိ ပတ်နေတာ။" လို့ ဖြစ်စဉ်အနီးလမ်းက ဒေသခံတဦးက ပြောပါတယ်။

    သေနတ်ပစ်ခံရသူ ဦးကျော်ကျော်မင်းဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးလို့ သိရပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီဘက်ကသီးခြားအတည်ပြု ထုတ်ပြန်ထားတာမရှိသေးပါဘူး။

    အသက် ၅၀‌ ဝန်းကျင်အရွယ် ဦးကျော်ကျော်မင်းဟာ သေနတ် ၆ ချက်ပစ်ခံရတဲ့အနက် ၃ ချက်ထိမှန်သွားခဲ့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, အသက် ၅၀‌ ဝန်းကျင်အရွယ် ဦးကျော်ကျော်မင်းဟာ သေနတ် ၆ ချက်ပစ်ခံရတဲ့အနက် ၃ ချက်ထိမှန်သွားခဲ့
  20. NUG အစိုးရအနေနဲ့ တော်လှန်ရေးအစိုးရ ပီသသင့်တယ်လို့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂက အိတ်ဖွင့်ပေးစာပေး

    အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လက်ရှိစစ်အာဏာရှင်တော်လှန်ရေးမှာ တော်လှန်ရေးအစိုးရတစ်ရပ်ပီသဖို့လိုအပ်ပြီး မြေပေါ်မြေအောက်တော်လှန်ရေးမှာ တပ်ဦးတစ်ရပ်အနေနဲ့ဦးဆောင်သင့်တယ်လို့ ရန်ကုန်အခြေစိုက်တကသများရန်ကုန်၊ကျောင်းသားအဖွဲ့တွေက ဝေဖန်ထောက်ပြလိုက်ပါတယ်။

    " NUG က တော်လှန်ရေးကာလမှာပေါ်ပေါက်လာတဲ့ အစိုးရတရပ်ဖြစ်တဲ့အတွက်တော်လှန်ရေးက နံပါတ် ၁၊ တော်လှန်ရေးက နံပါတ် ၂ ဖြစ်နေရမယ်။ သူကအာဏာရအစိုးရမဟုတ်ဘူး။ ရွေးကောက်ခံ အစိုးရ မဟုတ်ဘူး။ တော်လှန်ရေးလိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့အစိုးရတရပ်ဖြစ်တဲ့အတွက် လက်ရှိလုပ်နေတဲ့ မြေပေါ်မြေအောက်တော်လှန်ရေးတွေမှာ တပ်ဦးအနေနဲ့ ဦးဆောင်ပါဝင်နေရမယ်။ ဒါကြောင့် ကျွန်တော်တို့ အခုလိုထောက်ပြဝေဖန်တိုက်တွန်းတာပါ " လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းဟန်ထက်က ဘီဘီစီကိုပြောပါတယ်။

    ဒါအပြင် စစ်အာဏာရှင်တော်လှန်ရေးဟာ လူမျိုးစုံတိုင်းရင်းသားတွေရဲ့အခန်းကဏ္ဍဟာလည်း အရေးကြီး တဲ့အတွက်ကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လူမျိုးစုအရေး ၊ လူမျိုးစု လက်နက်ကိုင်တော်လှန်ရေး၊ ပါတီအဖွဲ့အစည်းတွေရဲ့လိုအပ်ချက်နဲ့အကြံပြုချက်တွေကို လေးစားလက်ခံအကောင်ထည်ဖော်ပေးဖို့ အရေးကြီးတယ်လို့ထုတ်ပြန်ချက်ထဲမှာထည့်သွင်းတောင်းဆိုထားပါတယ်။

    " လက်ရှိအချိန်မှာတော့ NUGစပြီးပေါ်ပေါက်လာတဲ့အချိန်ကနေ အခုချိန်ထိဆိုရင် အားရပါတယ်၊ ကျေနပ် ပါတယ်လို့ပြောဖို့ခက်ပါတယ်။ ဒါပေမယ့် အတိုင်းအတာတစ်ခုထိခရီးရောက်နေပြီဆိုတာလက်ခံပါတယ် ။ ကျွန်တော်တို့တိုင်းပြည်မှာဆိုရင်စစ်အာဏာသိမ်းမှုနဲ့ ဆန့်ကျင်တော်လှန်မှုတွေကအရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ် ။ အဲဒီလိုကာလတွေမှာ မြေအောက်ကနေဦးဆောင်တဲ့အစိုးရတရပ်ပေါ်ပေါက်လာဖို့ ခက်ခဲ့ပါတယ်။ ဒါပေမယ့် အခု ဒီကာလမှာတော့NUG အာဏာထင်ထင်ရှားရှားပေါ်လာတယ်။ ပြည်သူ အားလုံးရဲ့ထောက်ခံမှုရှိလာတယ်။နိုင်ငံတကာမျက်နှာစာမှာလည်းအတိုင်းတာတစ်ခုထိရောက်လာတယ် ။ ဒါတွေဟာအားရစရာပါပဲ။ အရမ်းတော့အားမရဘူးဆိုတဲ့အေခြေနေရှိပေမယ့် ကျွန်တော်တို့ကျောင်းသား သမဂ္ဂတွေအနေနဲ့နိုင်တဲ့ဘက်က ဝိုင်းဝန်းကူညီရင်း တွန်းတိုက်ဆွေးနွေးရင်း NUG ဒီထက်ပိုပြီးအားကောင်း လာဖို့လုပ်ဆောင်သွားမှာပါ " လို့ ကိုမင်းဟန်ထက်က ဘီဘီစီကိုဆက်ပြောပါတယ်။

    လက်ရှိအချိန်မှာ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအတိုင်ပင်ခံကောင်စီမှာ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်တွေပါဝင်ပြီးတော့ ပညာရေးဝန်ကြီးဌာနနဲ့ ကြားကာလပညာရေးအစီစဉ်တွေကို ဆွေးနွေးနေတာတွေနဲ့ တခြားပူးပေါင်းဆောင်ရွက်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

    အခုလို အမျိုးသားညီညွတ်ရေးအစိုးရကို ဝေဖန်ထောက်ပြတိုက်တွန်းတဲ့ကြေညာချက်ကို ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကတဆင့် အိတ်ဖွင့်ပေးစာအဖြစ် ဖော်ပြခဲ့တာဖြစ်ပါတယ်။

    မြေအောက်တော်လှန်ရေးမှာ တပ်ဦးတစ်ရပ်အနေနဲ့ဦးဆောင်သင့်တယ်လို့ ရန်ကုန်အခြေစိုက်တကသများဝေဖန်
    ဓာတ်ပုံ ပုံစာ, မြေအောက်တော်လှန်ရေးမှာ တပ်ဦးတစ်ရပ်အနေနဲ့ဦးဆောင်သင့်တယ်လို့ ရန်ကုန်အခြေစိုက်တကသများဝေဖန်