ညက ဖမ်းသွားတဲ့ ရွေပြည်သာ သပိတ်ဝန်းရံသူ တစ်ဦးသေဆုံး

ကိုဇော်မြတ်လင်းဟာ "စု" သက်မွေးသင်တန်းကျောင်း ရဲ့တာဝန်ခံဖြစ်သလို CRPH ရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကခန့်အပ်ထားတဲ့ မြို့နယ်တာဝန်ခံဖြစ်ပြီး ရွှေပြည်သာသပိတ်ကို ဝန်းရံသူဖြစ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မုံရွာမြို့လယ် ပစ်ခတ်မှု ၅ ဦးသေဆုံး

    မုံရွှာ မတ်လ ၃ ရက် ပစ်ခတ်မှု

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မုံရွှာ မတ်လ ၃ ရက် ပစ်ခတ်မှု
    မုံရွှာ မတ်လ ၃ ရက် ပစ်ခတ်မှု ဒဏ်ရာရသူတစ်ဦး

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မုံရွှာ မတ်လ ၃ ရက် ပစ်ခတ်မှု ဒဏ်ရာရသူတစ်ဦး

    မုံရွှာမြို့လယ်က ဘုရားနီလမ်းနဲ့ ပြည်ထောင်စုလမ်းထောင့် မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မတ်လ ၃ ရက်နေ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦး အမျိုးသမီး နှစ်ဦး သေဆုံးခဲ့တယ်လို့ မုံရွာမြို့ခံတွေက ဘီဘီစီကိုပြောပါတယ်။

    သေဆုံးခဲ့သူ ၅ ဦးအနက် အချို့ကို လက်တလော အမည်နဲ့တကွ အတည်ပြုနိုင်ပြီးတော့ သေဆုံးသူတွေထဲမှာ ဆရာမ တစ်ဦးနဲ့ ကျူရှင်ဆရာတစ်ဦး အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး နဲ့ အမျိုးသမီးတစ်ဦး တို့ဖြစ်ပြီးတော့ ကျန် အသက် ၄၅ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးကတော့ ဘယ်သူဘယ်ဝါဆိုတာကို လက်တလော အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သူတို့က ပြောပါတယ်။

    ပုဂ္ဂလိက ဆေးခန်းတွေမှာ လာရောက်ကုသနေသူ ဒဏ်ရာရသူ ၅ ဦး ကျော်ရှိပြီးတော့ အဲ့ဒီထဲမှာဒဏ်ရာပြင်းထန်သူတွေ ပါဝင်တယ်လို့လည်း သွေးလှူဖို့ရောက်ရှိနေသူတွေကပြောပါတယ်။

    မုံရွာမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း ပစ်ခတ်ဖြိုခွဲမှုတွေရှိခဲ့ပြီး တော့ အမျိုးသမီး အမျိုးသားတစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။

    ဒီနေ့ လူသေဆုံးမှုဟာ မုံရွာမှာစစ်အာသိမ်းကောင်စီ ဖြိုခွင်းမှုကြောင့် ပထမဆုံးလူသေဆုံးခဲ့တာလည်းဖြစ်ပါတယ်။

  2. အင်တာနက်အချိန်ပိုင်း ဖြတ်တောက်နေမှု တယ်လီနော ဘာပြောသလဲ

    မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ မနက် ၁ နာရီကနေ ၉ နာရီအထိ အင်တာနက်ဖြတ်တောက်ထားပါတယ်။

    ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင် ဒီလို အချိန်ပိုင်း အင်တာနက်ဖြတ်တောက်မှုဟာ ဖေဖော်ဝါရီလ ၂၈ ရက်မှာ ပြီးဆုံးမှာဖြစ်ပေမယ့် မတ်လထဲ ဝင်လာတဲ့အထိ အင်တာနက် အချိန်ပိုင်း ဖြတ်တောက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဝန်ကြီးဌာနက အင်တာနက် ဖြတ်တောက်ခိုင်းတဲ့လုပ်ငန်းတွေထဲမှာ မိုဘိုင်းအော်ပရေတာတွေ၊ အင်တာ နက်လိုင်းဝန်ဆောင်မှုပေးသူတွေနဲ့ International Gateway လုပ်ပိုင်ခွင့်ရှိသူတွေ ပါဝင်ပါတယ်။

    အင်တာနက်လိုင်းဖြတ်တောက်မှုတွေဆက်ဖြစ်နေတာဟာ ဝန်ကြီးဌာနက ဆက်ပြီး ပိတ်ထားဖို့ ညွှန်ကြားချက် ပေးထားသလားဆိုတာကို သိရအောင် မြန်မာနိုင်ငံထဲက မိုဘိုင်းအော်ပရေတာကြီးတစ်ခုဖြစ်တဲ့ တယ်လီနောမြန်မာတာဝန်ရှိသူထံ ဘီဘီစီက အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ ခုလို ပြန်လည်ဖြေကြားလာပါတယ်။

    ပွင့်လင်းမြင်သာမှုနဲ့ ဝန်ထမ်းတွေအတွက် လုံခြုံရေးဟန်ချက်မျှအောင် ထိန်းပြီး ဘက်စုံထောင့်စုံက ချင့်တွက်နေရတာကြောင့် လက်ရှိမှာ တယ်လီနောအနေနဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြောဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း တယ်လီနောရဲ့အာရှဆိုင်ရာပြည်ပဆက်သွယ်ရေးအရာရှိက ပြောပါတယ်။ ဒါပေမဲ့ တယ်လီနောအနေနဲ့ အာဏာပိုင်တွေက စာနဲ့ပေးပို့လာတဲ့ညွှန်ကြားချက်တစ်ခုချင်းစီကို ဥပဒေကြောင်းအရ၊ လိုအပ်ချက်အရ၊ အချိုးအစားအရနဲ့ လူ့အခွင့်အရေးအရ ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲ ဆိုတာကို ချင့်ချိန်အကဲဖြတ်ဆဲဖြစ်ပြီး ဒီလုပ်ဆောင်ချက်ဟာ မပြောင်းလဲဘူးလို့ သူကဆိုပါတယ်။

    အင်တာနက်ဖြတ်တောက်မှုကြောင့် သတင်းအချက်အလက်ရရှိနိုင်မှုအပေါ် သက်ရောက်မှုရှိတယ်ဆိုတာကို နားလည်ပြီး အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ရတဲ့အကြောင်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့လ တစ်ဝက်လုံး နေ့စဉ် နာရီနဲ့ချီ အင်တာနက်ဖြတ်တောက်မှုတွေကြောင့် ဒီအချိန်တွေအတွက် ဝန်ဆောင်ခလျှော့ကောက်တာမျိုးကို သုံးစွဲသူတွေက သူတို့ရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေဆီကို တောင်းဆိုတာတွေ ရှိနေပါတယ်။

    MPT ကတော့ အင်တာနက်ဖြတ်တောက်မှုအတွက် သုံးစွဲခမှာ ၂၀ ရာခိုင်နှုန်း လျှော့ကောက်မယ်လို့ ပြောထားသလို တခြားအင်တာနက် ဝန်ဆောင်မှုတချို့လည်း ရာခိုင်နှုန်းအလိုက် ဝန်ဆောင်ခ လျှော့ကောက်မယ်ဆိုတာ လူမှုကွန်ရက်တွေမှာ ကြေညာထားတာကို တွေ့ရပါတယ်။

  3. ဖားကန့်သပိတ်နှစ်ကြိမ်တိုင် အင်အားသုံးဖြိုခွင်းခံရ၊ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းခံရသူတွေလည်းရှိ

    ကချင်ပြည်နယ်၊ ဖားကန့်၊ အေးမြသာယာနဲ့ ဆိပ်မူအုပ်စုက သပိတ်စစ်ကြောင်းကို နှစ်ကြိမ်တိုင်အင်အားသုံး ဖြိုခွဲခံရတာကြောင့် သပိတ်စစ်ကြောင်း ပြိုသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင် လုံးခင်းဘက်က သပိတ်စစ်ကြောင်းလည်း ထပ်မံဖြိုခွဲခံရပြီး ဖမ်းဆီးခံရသူ ၅ ဦးထက်မနည်းရှိခဲ့သလို ဒဏ်ရာရရှိသူအရေအတွက်အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

    သေနတ်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကိုတော့ မြစ်ကြီးနားသို့ ပို့ဆောင်ထားတယ်လို့ ကနဦး သိရပါတယ်။

    Kachin

    ဓာတ်ပုံ ရင်းမြစ်, CJ

  4. နေပြည်တော်မှာ CDM လုပ်တဲ့ ရဲဝန်ထမ်း ၇၀ နီးပါးရှိလာ

    နေပြည်တော်ကောင်စီနယ်မြေမှာ CDM လှုပ်ရှားမှုအဖြစ် ပူးပေါင်းပါဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၇၀ နီးပါးရှိလာပြီတယ်လို့ CDM ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေထံက သိရပါတယ်။

    ဒီနေ့မတ်၃ရက်နေ့မှာ တပ်ကုန်းမြို့နယ်က ရဲတပ်ဖွဲ့ဝင် ရှစ်ဦးက သူတို့ CDM ပြုလုပ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်ပြည်သူကို အသိပေးလာပါတယ်။ ပြီးခဲ့သည့် မတ်လ၂ရက်နေ့ကလည်း အမှတ်(၁၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ(နေပြည်တော်)က ဒုရဲအုပ်တစ်ဦးအပါဝင် ရဲတပ်သားလေးဦးက CDMမှာ ပါဝင်ခဲ့ကြတာပါ။

    ဒီနေ့ CDM မှာ ပါဝင်လာတဲ့ ရဲတပ်သား ဖြိုးအားကာက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ မှာ

    "နိုင်ငံတော်အေးချမ်းသာယာ၍ပြည်သူလူထုကအလိုရှိသော အစိုးရတစ်ရပ်ပေါ်ပေါက်လာမှသာ ယခင်တာဝန်များအား ပြန်လည်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။စစ်အာဏာရှင် ကျရှုံးပါစေ။ အရေးတော်ပုံအောင်ရမည်" လို့ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရဲတပ်ဖွဲ့က အရာရှိကြီးတွေအပါအဝင် တပ်ဖွဲ့ဝင် အချို့ CDM လှုပ်ရှားမှုကို ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

    Naypyidaw

    ဓာတ်ပုံ ရင်းမြစ်, Social Media

  5. မန္တလေးမှာ ဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်း၊ နှစ်ဦး သေဆုံး

    မန္တလေးမြို့၊ ၈၄ လမ်း ၊ လမ်း ၃၀ မှာ ပြုလုပ်တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲကို ရဲနဲ့ စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ နေရာမှာတင် သေနတ်ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ကျဆုံး သွားသူ ၂ ဦးမှာ ကိုမျိုးနိုင်လင်း ၊ အသက် ၃၉ နှစ်နဲ့ အသက် ၁၉ နှစ် အရွယ် မကြယ်စင်တို့ ဖြစ်ပြီး ကိုမျိုးနိုင်လင်းက ရင်ဘတ်သေနတ်ထိမှန်ဒဏ်ရာ၊ မကြယ်စင်က ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

    မန္တလေးမှာ ရတနာပုံသင်္ဘောကျင်းဖြိုခွင်းမှုဖြစ်စဉ်ကနေ အနည်းဆုံး လူ ၃ ဦး သေနတ်ကျည်ထိမှန်သေဆုံးထားသလို လမ်းမှာ ဖြတ်သန်းသွားလာရင်း သေနတ်နဲ့ပစ်သတ်ခံရလို့ သေဆုံးသူ အမျိုးသားနဲ့ အမျိုးသမီးတစ်ဦး ရှိထားပါတယ်။

    ဒါကြောင့် စစ်အာဏာသိမ်းပြီးတဲ့နောက်မန္တလေးမှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသူဟာ အနည်းဆုံး ၇ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။

    Mandalay

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. စစ်ကိုင်းက ဆန္ဒပြပွဲတွေလည်း ဖြိုခွင်း၊ လမ်းသွားလမ်းလာတွေဆီက ဖုန်းတွေယူစစ်ဆေး

    စစ်ကိုင်းက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို ဖြိုခွင်းတာတွေရှိနေပါတယ်။ ကျောင်းသားတွေ ထိုင်သပိတ်လုပ်နေတဲ့ မရှိခဏလမ်းဆုံ ၊ စိန်ပန်းကုန်း သာစည်ရပ်မှာ ရဲနဲ့စစ်တပ်က ဖြိုခွင်းတာပါ။

    တပ်မ ၃၃နဲ့ ရဲတပ်ဖွဲ့တွေပါဝင်ပြီးအင်အားသုံးရိုက်နှက်ဖြိုခွင်းတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတွေကပြောပါတယ်။ လူနေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိသလို ဓာတ်ပုံဆရာတစ်ဦးလည်း ဖမ်းဆီးခံရတယ်လို့ ‌သိရပါတယ်။

    ဒါ့အပြင် မနက်ပိုင်းမှာ ကိုးပေတံတား ၊ မရှိခဏ လမ်းပေါ် သွားလာသူတွေထံက ဖုန်းတွေပါ စစ်ဆေးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

    Sagaing

    ဓာတ်ပုံ ရင်းမြစ်, CJ

  7. မြင်းခြံသပိတ် ပစ်ခတ်ဖြိုခွင်းမှု ဦးခေါင်းကို သေနတ်ကျည်ဆန်ထိမှန်သူတစ်ဦး ရှိလို့ ဒေသခံတွေပြော

    မြင်းခြံမြို့၊ မြို့လယ်ပိုင်းမှာ ဒီနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းဆန့်ကျင်သပိတ်စစ်ကြောင်းကို မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့သာမက ရာဘာကျည်တွေနဲ့ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလို အကြမ်းဖက်ဖြိုခွဲခံရတာကြောင့် ပြည်သူ အယောက် (၂၀) ထိခိုက်ဒဏ်ရာရရှိထားပြီး အဲဒီထဲက တစ်ဦးဟာ ဦးခေါင်းကို သေနတ်ဒဏ်ရာထိမှန်ထားတယ်လို့ ကြားသိရကြောင်း သူက ဆက်ပြောပါတယ်။

    အခုအခါ ဒဏ်ရာရသူတွေကို ယာယီပရဟိတ ဆေးခန်းမှာ ကုသပေးနေပါတယ်။

    "အခု ၁၂ မထိုးခင်လေးမှာ ဒဏ်ရာရတာ အယောက် ၂၀ ရှိပြီ။ ခြေထောက်ကျိုး၊ လက်မောင်းကျည်မှန်၊ ဗိုက်ပေါက်တာတွေရှိတယ်။ ဒါကတော့ ရာဘာကျည်လို့ ထင်ရတယ်။ ဒါပေမဲ့ တနေရာမှာတော့ ကျည်အစစ်နဲ့ တစ်ယောက်ထိတယ်ကြားတယ်။ သေချာအောင်ထပ်မေးနေတယ်။ အခုလည်း ဒီပရဟိတဆေးခန်းကို စစ်သား ၁၀ ယောက်ကျော်က လာဝိုင်းလို့ ရပ်ကွက်နဲ့ ပြည်သူတွေနဲ့ အခြေအနေ တင်းမာနေတယ်" လို့ သူက ဘီဘီစီကိုပြောပါတယ်။

    မနက် (၉) နာရီ ကျော်ကစကာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတာဖြစ်ပြီး မွန်းတည့် (၁၂) နာရီဝန်းကျင်အထိ ပစ်ခတ်ခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

    "ပထမ စစ်သားတွေက သပိတ်တပ်ဦးကို ဝိုင်းတယ်။ သပိတ်တပ်ဦးက ပိတ်မိနေလို့။ အဲဒီစစ်သားတွေကို ရပ်ကွက်နေပြည်သူက ထပ်ဝိုင်းတယ်။ အဲဒီမှာ စစ်သားတွေကို ကူဖို့ ထပ်အင်အားဖြည့်လာတဲ့ စစ်သား အယောက် ၂၀ ကျော်ထဲကနေ ကျည်အစစ်နဲ့ ပစ်တယ်လို့လည်း သိရပါတယ်။ ခေါင်းကိုထိတဲ့တစ်ယောက်က အသက်က ၁၄ နှစ်ကနေ ၁၆ ကြား ၊ အမှတ် ၁၉ ရပ်ကွက်ကလို့ သိရပါတယ်။ အဲဒီခေါင်းထိတဲ့တစ်ယောက်ကိုတော့ ဘယ်မှာထားတယ်ဆိုတာ အခြေအနေတွေကလည်း ရှုပ်ထွေးနေတော့မသိရသေးဘူး။ ကျွန်တော်တို့ ကြိုးစားဆက်သွယ်နေပါတယ်" လို့ အဆိုပါဒေသခံက ပြောပါတယ်။

    MyinGyan

    ဓာတ်ပုံ ရင်းမြစ်, CJ

    MyinGyan

    ဓာတ်ပုံ ရင်းမြစ်, CJ

  8. ကျုံဒိုးမှာ မနေ့ညက ဖမ်းဆီးခံရသူပြန်လွှတ်ပေးရေးတောင်းဆိုသူတွေကို သေနတ်ပစ်ဖြိုခွင်းလို့ ငါးဦးဒဏ်ရာရ

    ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နေသူတစ်ဦးကို ရဲကမတ်လ ၂ရက်နေ့ညပိုင်းမှာ ဖမ်းဆီးခဲ့တဲ့အတွက် ဖမ်းဆီးခံရသူကိုပြန်လွှတ်ပေးရေး ကျုံဒိုးမြို့ပေါ်နေ ရပ်ကွက်လေးခုက ပြည်သူတွေကရဲစခန်းရှေ့မှာ မနေ့ကညပိုင်းက သွားရောက်တောင်းဆိုခဲ့ပါတယ်။

    အဲဒီလို လာရောက်တောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေနဲ့ပစ်ခတ်ကာ လူစုခွဲခဲ့ပါတယ်။ အဲဒီလိုပစ်ခတ်လူစုခွဲမှာကြောင့် အမျိုးသမီးတစ်ဦး မျက်လုံးကို ရာဘာကျည်ထိမှန်ခဲ့ကာ တခြားအမျိုးသမီးတစ်ဦးလည်း ပါးနဲ့လက်မှာထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ နောက်ထပ်အမျိုးသားသုံးဦးလည်း ကျည်ထိမှန်ဒဏ်ရာရခဲ့ပါတယ်။

    Kayan

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kayan

    ဓာတ်ပုံ ရင်းမြစ်, CJ

    Kayan

    ဓာတ်ပုံ ရင်းမြစ်, CJ

  9. အင်အားသုံးဖြိုခွင်ဖမ်းဆီးခံရပေမယ့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မြင်းခြံအပါအဝင် နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဆက်ရှိ

    အင်အားသုံးဖြိုခွင်းဖမ်းဆီးမှုတွေ၊ လူမစုနိုင်အောင် ပစ်ခတ်နှိမ်နင်းမှုတွေ ရှိနေပေမယ့် မတ်လ ၃ ရက် မနက်အစောပိုင်းတည်းက ရန်ကုန်မှာ စမ်းချောင်း၊ အင်းစိန် အပါအဝင် မြို့နယ်တချို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။

    ရန်ကုန်အင်းစိန်လမ်းမကြီးပေါ် လုံခြုံရေးတင်းကြပ်ထားပြီး ပစ်ခတ်မှုအချို့ရှိနေတာပါ။ ဒါပေမဲ့ ကန်လမ်းနဲ့ ဘူတာရုံလမ်းထဲမှာတော့ ဆန္ဒပြနေကြပါတယ်။

    "လမ်းမကြီးပေါ်တော့ တက်မရဘူး။ ဒီအခုလမ်းတွေထဲတော့ ပစ်ခတ်ဖြိုခွဲတာတော့မရှိသေးဘူး" လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    မနေ့ည အင်တာနက်ဖြတ်တောက်ချိန်ကစပြီး ရန်ကုန်အင်းစိန်လမ်းမပေါ်မှာ အရပ်ဝတ်၊ အိမ်စီးကားတွေနဲ့ လုံခြုံရေးလှည့်လည်တာ၊ လမ်းမှာတားထားတဲ့ စည်းတွေကို ဖြိုဖျက်တာတွေအပြင် တိုက်ပေါ်နေအိမ်တွေကို လက်နှိပ်ဓာတ်မီးတွေနဲ့ လိုက်လံထိုးကြည့်တာတွေရှိခဲ့ပါတယ်။ အင်းစိန်ဈေးရှေ့နဲ့ထောင်ပတ်ဝန်းကျင်မှာ ထိုင်သပိတ်လုပ်ပြီး ဆန္ဒပြနေတဲ့ အင်းစိန်မီးရထား CDM ဝန်ထမ်းတွေကို ရဲတပ်ဖွဲ့ကဖြိုခွဲမှုတွေလုပ်နေပါတယ်။

    အဲဒါကြောင့်အင်းစိန်ပေါက်တောဝ အောင်ဇေယျတံတားထိပ်ကရပ်ကွက်နေပြည်သူတွေက ရဲတပ်ဖွဲ့ဝင်မလာနိုင်အောင်အကာအရံတွေတားဆီးထားပြီးမွန်းလွဲပိုင်းအထိ ထိပ်တိုက်တွေ့မယ့်အခြေအနေရှိနေဆဲပါ။

    စမ်းချောင်းမှာ ဆန္ဒပြသူတွေကို ရဲနဲ့ စစ်တပ်က ရပ်ကွက်တွေလမ်းကြားတွေထဲအထိ ဝင်ရောက်ဖမ်းဆီးနေပြီး လမ်းကြားတွေထဲမှာတောင် ပစ်ခတ်တာတွေလုပ်နေတယ်လို့ အဲဒီလမ်းတွေထဲမှာ နေထိုင်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။ ချမ်းသာလမ်း၊ ဇဗ္ဗူရစ် လမ်းတွေထဲအထိ ဝင်ဖမ်းတာဖြစ်ပြီး လုံထိန်းတွေက အခုမှ ငိုမနေနဲ့ဆိုပြီး ပြောဆိုတာမျိုးလည်းကြားရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဆန္ဒပြလူငယ် လေးဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေက ဘီဘီစီကိုပြောပါတယ်။

    ကျွန်းတောလမ်းမှာလည်း သပိတ်နဲ့ လုံထိန်းတွေ မတ်လ ၃ ရက် နံနက်ပိုင်း မှာ ထိပ်တိုက်တွေ့နေတဲ့အခြေအနေဖြစ်ပြီး ရဲတပ်ဖွဲ့က အသံဗုံးနဲ့ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပေမယ့် လူစုကွဲမသွားဘဲ ဆန့်ကျင်ဆန္ဒပြနေဆဲဖြစ်ပါတယ်။ လတ်တလောမှာ အဖမ်းခံရတဲ့ဆန္ဒပြ လူငယ် ၂၀ ဝန်းကျင်ရှိပြီး ပန်းခြံလမ်းထိပ်မှာ စုစည်းထားရှိတယ်လို့ သိရပါတယ်။

    ပဲခူး

    ပဲခူးမြို့မှာလည်း လုံခြုံရေးယူနေတဲ့ အာဏာပိုင်တွေရှိနေပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆိုပြီး ဆက်လက်ဆန္ဒထုတ်ဖော်နေကြပါတယ်။ အင်အားသုံးဖြိုခွဲတာတွေမရှိခင်မှာပဲ ဆန္ဒပြလူထုရဲ့ လုံခြုံရေးအရ မြို့ပတ်ဆန္ဒပြပြီးတဲ့နောက် လူစုခွဲလိုက်တယ်လို့ ဆန္ဒပြပွဲဦးဆောင်သူတွေကပြောပါတယ်။

    မန္တလေး

    မန္တလေးမှာလည်း ဒီနေ့ မနက်ပိုင်း ၈၄ လမ်း လမ်း ၃၀ ဆန္ဒပြပွဲကို ရဲနဲ့စစ်တပ်က ဖြိုခွင်းတာတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ မန္တလေးမြို့မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲကို အသွင်ပြောင်းပြုလုပ်လာကြတာတွေလည်းရှိနေပါတယ်။ ကျန်းမာရေးအဖွဲ့ ၊ ပညာရေးအဖွဲ့နဲ့ မြတောင်စစ်ကြောင်း အရပ်ဖက်အဖွဲ့စည်းတွေကသပိတ်စစ်ကြောင်းတွေထွက်လာတာပါ။ ဆိုင်ကယ်ယာဉ်တန်းအဖွဲ့လိုက်နဲ့ ပြုလုပ်သလို ထိုင်သပိတ်တွေနဲ့ လမ်းမပေါ် စတစ်ကာနင်းခြေ လှုပ်ရှားဆန့်ကျင်ဆန္ဒပြတာတွေ ပြုလုပ်ပါတယ်။

    မြစ်ကြီးနား

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း ဒီမနက်ပိုင်းက ဆန္ဒပြတဲ့သူတွေကို ရဲနဲ့ စစ်တပ်က သေနတ် ဆယ်ချက်ထက်မနည်း ပစ်ဖောက်ပြီး လူစုခွဲဖို့ ကြိုးစားခဲ့သလို လမ်းသွယ်လမ်းကြားတွေထဲထိ ဝင်ရောက်ရှာဖွေဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဖားကန့်မြို့၊မြို့မ ပန်းခြံရှေ့ လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်မယ့် အေးမြသာယာစုပေါင်စစ်ကြောင်းကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံး၊အသံဗုံးတွေနဲ့ဖြိုခွင်း ခဲ့တယ်လို့မျက်မြင်ကြုံတွေ့ရသူကဘီဘီစီကိုပြောပါတယ်။ တခါ လုံးခင်း ဆန္ဒပြစစ်ကြောင်းကိုလည်း မွန်းလွဲ ၁၂ နာရီခန့်မှာ ရဲနဲ့စစ်တပ်က ကျောဘက်ကနေပိတ်ပြီးဖြိုခွဲဖို့ ပြင်ဆင်နေတဲ့အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကလေး

    မနေ့က အင်အားသုံးဖြိုခွင်းခံရတဲ့ ကလေးမြို့မှာတော့ မြို့ခံလူထုက ဒီနေ့မှာလည်း ဆက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ မြို့ရဲ့ ပင်မ လမ်းမကြီးတွေပေါ်မတက်ဘဲ ရပ်ကွက်လမ်းတွေထဲ လှည့်လည် ဆန္ဒပြခဲ့ကြပြီး မနက် ၁၁ နာရီခန့်မှာ လူထုခွဲခဲ့ကြတယ်လို့ သိရပါတယ်။ မနေ့ဆန္ဒပြပွဲမှာ ရင်ဘဏ်ဒဏ်ရာရခဲ့သူ လူငယ်အမျိုးသားကို မန္တလေးကို ပို့ထားရတယ်လို့ သိရပါတယ်။

    မြင်းခြံ

    မြင်းခြံမြို့၊ မြို့လယ်ပိုင်းမှာ ဒီနေ့ မနက်ပိုင်းက စစ်အာဏာသိမ်းဆန့်ကျင်သပိတ်စစ်ကြောင်းကို မျက်ရည်ယိုဗုံး၊ အသံဗုံးတွေနဲ့သာမက ရာဘာကျည်တွေနဲ့ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဒီလို အကြမ်းဖက်ဖြိုခွဲခံရတာကြောင့် ပြည်သူ အယောက် (၂၀) ထိခိုက်ဒဏ်ရာရရှိထားပြီး ယာယီပရဟိတ ဆေးခန်းမှာ ကုသပေးနေပါတယ်။ "အခု ၁၂ မထိုးခင်လေးမှာ အယောက် ၂၀ ရှိပြီ။ ခြေထောက်ကျိုး၊ လက်မောင်းကျည်မှန်၊ ဗိုက်ပေါက်တာတွေရှိတယ်။ ဒါကတော့ ရာဘာကျည်လို့ ထင်ရတယ်။

    ဒါပေမဲ့ တနေရာမှာတော့ ကျည်အစစ်နဲ့ တစ်ယောက်ထိတယ်ကြားတယ်။ သေချာအောင်ထပ်မေးနေတယ်။ အခုလည်း ဒီပရဟိတဆေးခန်းကို စစ်သား ၁၀ ယောက်ကျော်က လာဝိုင်းလို့ ရပ်ကွက်နဲ့ ပြည်သူတွေနဲ့ အခြေအနေ တင်းမာနေတယ်" လို့ သူက ဘီဘီစီကိုပြောပါတယ်။ မနက် (၉) နာရီ ကျော်ကစကာ သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရတာဖြစ်ပြီး မွန်းတည့် (၁၂) နာရီဝန်းကျင်အထိ ပစ်ခတ်သံတွေကြားနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

    Bago

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

    Mandalay
    Kalay

    ဓာတ်ပုံ ရင်းမြစ်, CJ

    Yangon

    ဓာတ်ပုံ ရင်းမြစ်, CJ

  10. ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို လက်မခံနိုင်လို့ ဒုရဲအုပ်တစ်ဦး ရာထူးကနုတ်ထွက်

    လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတော့တဲ့အတွက် ရန်ကုန်အမှတ် ၉ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက ဒုရဲအုပ် စိုင်းကျော်စွာထွန်းဟာ ရာထူးက နုတ်ထွက်လိုက်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

    "အများကြီးရင်းပြီး ထွက်လာခဲ့ပြီ။ တကယ်လို့ ဒီပွဲမှာ ပြည်သူတွေဘက်ကနိုင်ခဲ့ရင် ရဲတပ်ဖွဲ့ဝင်ကို ချုပ်ကိုင်ထားတဲ့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကြီးကို ဖျက်ပေးပါ။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြောက်တရားချုပ်ကိုင်ထားပြီး ပေးသမျှအမိန့်နာခံနေရတဲ့ အဲဒီဥပဒေကြောင့် ရဲစစ်စစ်တွေက မလွန်ဆန်နိုင်တာပါ။ သာမန်ဝန်ထမ်းက အမိန့်ကိုမနာခံရင်ရတယ်။ ရဲမှာ ဒီဥပဒေနဲ့အရေးယူခံရမှာကြောင့် အမိန့်ကို လိုက်နာနေရတယ်။ ဒါလေး ပြည်သူတွေကို ပြောချင်ပါတယ်။ ကျွန်တော်တို့က CDM လုပ်လို့မရပါဘူး။ ရုံးကို ၂၁ ရက် ထက်ကျော်ပြီးပျက်ကွက်ရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူခံရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် CDM လည်းမလုပ်ဘူး။ တစ်ခါတည်းထွက်လာတာပါ" လို့ ဒုရဲအုပ် စိုင်းကျော်စွာထွန်းက ဘီဘီစီကိုပြောပါတယ်။

    လက်ရှိမှာ နိုင်ငံတဝန်း တချို့ မြို့ရွာဒေသတွေမှာလည်း ရဲတပ်ဖွဲ့ဝင်တွေ CDM မှာပါဝင်လာသလို နုတ်ထွက်တာတွေလည်းရှိလာနေတာဖြစ်ပါတယ်။

    Police

    ဓာတ်ပုံ ရင်းမြစ်, Social Media

    Police

    ဓာတ်ပုံ ရင်းမြစ်, Social Media

  11. မြစ်ကြီးနားမှာ ပစ်ခတ်နေ

    မြစ်ကြီးနား အထက ၃ ကျောင်းအနီး စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြနေတဲ့သူတွေကို ရဲနဲ့ စစ်တပ်က သေနတ်ပစ်ဖောက်ပြီး လူစုခွဲဖို့ ကြိုးစားနေပါတယ်။ အဲဒီအနီးတဝိုက်က လမ်းတွေကို ဆန္ဒပြသူတွေက အကာအရံတွေနဲ့ တားဆီးပိတ်ဆို့ထားပြီး ဆန္ဒပြသူတွေလည်း များစွာရှိနေတဲ့အခြေအနေဖြစ်ပါတယ်။ သေနတ်သံ ဆယ်ချက်ထက်မနည်း ပစ်ခတ်နေတာဖြစ်ပြီး ရဲနဲ့ စစ်တပ်က လမ်းကြိုလမ်းကြားတွေထဲထိ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ သတင်းရရှိပါတယ်။

    Kachin
    Kachin
  12. မြစ်ကြီးနားမှာ လမ်းပေါ်ကပ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံတွေ ရဲတပ်ဖွဲ့ ပြန်ခွာ

    မြစ်ကြီးနားမြို့ ၊ အ ထ က (၁) ကျောင်းရှေ့၊ ဆေးရုံးကြီးရှေ့၊ အထက (၃) ရှေ့ အေးစေတီရပ်ကွက် မီးပွိုင့် တွေမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပုံနဲ့အတူ စစ်အာဏာရှင် စနစ် ကျဆုံးပါစေ ၊ စစ်အာဏာရှင် စနစ် အလိုမရှိ ဆိုတဲ့ စာသားပါတဲ့ ဓာတ်ပုံစာရွက်တွေကို လမ်းမပေါ်မှာ ကပ်ထားတာပါ။ အ ထ က (၃) ရှေ့မှာကပ်ထားတဲ့ ပုံတွေကိုတော့ ရဲတပ်ဖွဲ့က လိုက်လံရှင်းလင်းနေပါတယ်။

    Kachin
  13. သူသာ ကုလဆိုင်ရာမြန်မာသံဖြစ်ကြောင်း ဦးကျော်မိုးထွန်း တရား၀င်စာပို့

    နယူးယောက်မြို့ အခြေစိုက် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ မြန်မာနိုင်ငံကို တရား၀င် ကိုယ်စားပြုတဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ ဗော်လ်ကန် ဘော့ဇ်ကဲ နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင် တို့ထံ စာရေးသား ပေးပို့ခဲ့ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက ဦးကျော်မိုးထွန်းကို နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ရာထူးက ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့နောက်၊ ဦးကျော်မိုးထွန်းဘက်က အခုလို ထပ်လောင်း လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

    သူ့ကို ဒီရာထူးခန့်အပ်ထားတဲ့ သမ္မတကြီး ဦး၀င်းမြင့်နဲ့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တရား၀င် ရွေးကောက်ခံထားရတဲ့ တည်ဆဲ အစိုးရ အာဏာပိုင်တွေ ဖြစ်တယ်လို့ ဦးကျော်မိုးထွန်းက ဆိုပါတယ်။

    ဒါ့ကြောင့်၊ တရားမ၀င် အာဏာသိမ်းတဲ့ ရာဇ၀တ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရား၀င် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသားထားပါတယ်။

    ပြီးခဲ့တဲ့သောကြာနေ့တုန်းက မြန်မာအရေးအတွက် သီးသန့်ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအ၀ေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူဟာ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားပြုသူ မဟုတ်ဘူးဆိုပြီး ကြေညာခဲ့ပါတယ်။

    ဒီနောက်မှာတော့၊ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတကာ သံရုံးတွေမှာ ရှိတဲ့ ရာနဲ့ချီတဲ့ မြန်မာ သံတမန်တွေကို မြန်မာပြည်ထဲက ရာထူးနေရာတွေမှာ ပြောင်းလဲ ခန့်တာမျိုးတွေ ပြုလုပ်လာပါတယ်။

    ဦးကျော်မိုးထွန်းရဲ့နေရာ၊ နယူးယောက် အခြေစိုက် ကုလသံအမတ် ရာထူးကို နောက်တစ်ယောက် ပြောင်းခန့်ထားတယ်ဆိုတဲ့ အသိပေးစာမျိုး ရရှိ မထားဘူးလို့ ကုလသမဂ္ဂရဲ့ ပြောခွင့်ရ စတယ်ဖန် ဒူဂျာရစ်က ပြောပါတယ်။

    အာဏာသိမ်း စစ်ကောင်စီကို တရား၀င် အစိုးရ တစ်ရပ်သဖွယ် လက်သင့်ခံ မဆက်ဆံကြဖို့၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အပါအ၀င်၊ ဒီမိုကရက်စီ အင်အားစုတွေက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရကို ပန်ကြား နေပါတယ်။

    သံအမတ်ကြီး ဦးကျော်မိုးထွန်
    ဓာတ်ပုံ ပုံစာ, အာဏာသိမ်းတဲ့ ရာဇ၀တ်မှုကို ကျုးလွန်သူတွေက ဖျက်လို့ တရား၀င် သမ္မတတစ်ယောက်ရဲ့ အာဏာ ပျက်ပြယ်မသွားဘူး ဆိုပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းက သူ့စာထဲ ရေးသား
  14. ဘယ်အာဆီယံနိုင်ငံတွေက ဘယ်လိုသဘောထား ရှိနေလဲ

    အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအ၀ေး အတွင်းမှာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးတွေက မြန်မာ အာဏာသိမ်း စစ်ကောင်စီ အပေါ် နိုင်ငံရေး အရ တောင်းဆို တိုက်တွန်းတာတွေ ပြုလုပ်ပါတယ်။

    အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပြီး၊ ဆန္ဒပြသူတွေ အပေါ်အကြမ်းမဖက်ဖို့လည်း ပြောကြပါတယ်။

    မြန်မာနိုင်ငံနဲ့ စီးပွားရေး အဆက်အစပ် အပတ်အသက်များတဲ့ စင်္ကာပူအနေနဲ့ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ်၀ေဖန်တာမျိုး လုပ်ဖို့ ခဲယဥ်းလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်မျိုးတွေ ရှိပေမယ့်၊ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဗီဗီယန် ဘာလာခရစ်ရှန်ရော၊ ၀န်ကြီးချုပ်လီရှန်လွန်းရော ဒီမိုကရေစီ စံတန်ဖိုးတွေပေါ်မှာ ရပ်ပြီး ပြောလာတာ တွေ့ရပါတယ်။

    အနောက်အုပ်စု နိုင်ငံတွေ ပြုလုပ်နေတဲ့ ပိတ်ဆို့ အရေးယူမှုတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး ဆိုပြီး စင်္ကာပူ အစိုးရက ရှုမြင်ထားပေမယ့်၊ နိုင်ငံရေး အရ ရှေ့တိုးဖို့ ဆိုရင်တော့ ဖမ်းထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်၊ ဆန္ဒပြသူတွေကို လက်နက်နဲ့ အကြမ်းမဖက်နဲ့ ဆိုတဲ့ သဘောထားမျိုးကို စင်္ကာပူက ထုတ်ဖော် ပြောနေပါတယ်။

    စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်းနဲ့ ဘီဘီစီ သီးသန့် အင်တာဗျုးမှာ မြန်မာအရေး ၀န်ကြီးချုပ်လီ ပြောတာက

    “စစ်အာဏာသိမ်းတာဟာ၊ ဖွဲ့စည်းပုံနဲ့ ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ မြန်မာပြည်အတွက် အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ နောက်ကြောင်းပြန် လှည့်မှု ဖြစ်တယ်။ ဒီလိုနည်းလမ်းမှာ အနာဂတ်ဆိုတာ မရှိပါဘူး။

    ဒါကို သိခဲ့ကြလို့လည်း ရွေးကောက်ပွဲတွေ ကျင်းပ၊ အရပ်သားအစိုးရ ထူထောင်တာမျိုး ရှေ့တိုး လုပ်ဆောင်ခဲ့ကြတာ မဟုတ်လား။

    နောက်ပြီး၊ လက်နက်မဲ့ ဆန္ဒပြသမားတွေကို သေစေလောက်အောင် အင်အားသုံးတာမျိုးက ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ် မရှိပါဘူး” ဆိုပြီး ၀န်ကြီးချုပ် လီရှန်လွန်း ပြောသွားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာပါလို့လည်း ၀န်ကြီးချုပ်လီက မြန်မာ စစ်ကောင်စီကို တိုက်တွန်းပါတယ်။

    စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ဆန္ဒပြသမားတွေအပေါ် သေစေလောက်အောင် အင်အားသုံးတာမျိုးက ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ် မရှိဘူး - စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်
  15. အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေ အစည်းအ၀ေးကနေ မြန်မာအရေး ဘုံကြေညာစာတမ်း မထုတ်ပြန်နိုင်

    မြန်မာအရေးအတွက် အထူးပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေ အစည်းအ၀ေးအပြီး သဘာပတိ ဘရူနိုင်းနိုင်ငံကနေ ကြေညာချက် တစ်စောင် ထုတ်ပြန် ပါတယ်။

    အားလုံးသဘောတူ ကြေညာစာတမ်း အနေနဲ့ ထွက်မလာနိုင်တဲ့ အတွက် သဘာပတိနိုင်ငံက ထုတ်ပြန်တာလို့ နားလည် ရပါတယ်။

    (ဘရူနိုင်းဟာ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံဖြစ်ပါတယ်။)

    နိုင်ငံရေး အကျဥ်းသားတွေ ချက်ခြင်းလွှတ်ဖို့၊ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို ကြား၀င် ဖြေရှင်းခွင့်ပေးဖို့ တောင်းဆိုမှုတွေ အစည်းအ၀ေးတွင်းမှာ ရှိခဲ့ပြီး၊ အဲဒီလို နိုင်ငံရေးတောင်းဆိုချက်တွေ အပေါ် ဘုံသဘောတူမှု မရနိုင်ခဲ့တာ ဖြစ်ပါတယ်။

    သဘာပတိ ဘရူနိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံထဲ အကြမ်းဖက် ဖြစ်ရပ်တွေ ထပ်ပေါ်ပေါက် မလာအောင် အားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ ဆိုပြီး ရေးသားထားပါတယ်။

    မြန်မာနိုင်ငံအပေါ် အာဆီယံအနေနဲ့ အပြုသဘောဆောင်တဲ့ သဘောထားနဲ့ အကူအညီပေးဖို့ အသင့်ပဲဆိုတာကို အစည်းအ၀ေးအတွင်း ပြောခဲ့ကြတယ်ဆိုပြီး ဘရူနိုင်းရဲ့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    အာဆီယံ- အမေရိကန် နိုင်ငံခြားရေး၀န်ကြီးအဆင့် အထူး အစည်းအ၀ေးလည်း မကြာခင် ကျင်းပဖို့ ရှိတယ်ဆိုတဲ့ အချက်ကို အဲဒီ ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    အဲဒီ အစည်းအ၀ေးမှာသာ ဦး၀ဏ္ဏမောင်လွင် ပါ၀င်လာမယ်ဆို၊ အမေရိကန် အနေနဲ့ မြန်မာ အာဏာသိမ်း စစ်ကောင်စီကို အစိုးရတစ်ရပ် အနေနဲ့ ဆက်ဆံရတဲ့ သဘောမျိုး ဖြစ်လာလိမ့်မလား ဆိုတဲ့ မေးခွန်းလည်း ထွက်လာစေပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, စင်္ကာပူနိုင်ငံခြားရေး၀န်ကြီးနဲ့ အတူတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်
  16. သတင်းသမား ၆ ဦးကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ

  17. လူမှုကွန်ရက်မှာ ချီးကျူးပြောဆိုနေတဲ့ စမ်းချောင်းက ဖမ်းဆီးခံရသူ

    ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်တွင်း မတ်လ ၂ ရက်နေ့က ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်တွေရှိရာ ဝင်ပြေးရင်း အဖမ်းခံခဲ့ရတဲ့ ကိုထက်ဝေယံဟာ သေနတ်ဒဏ်ရာ သုံးချက် ရထားကြောင်းနဲ့ သူ့ကို ဘယ်မှာ ထိန်းသိမ်းထားသလဲဆိုတာ မသိရသေးဘူးလို့ ဖခင်ဖြစ်သူ ဦးလှမျိုးက ဘီဘီစီကို ပြောပါတယ်။

    အဖမ်းခံခဲ့ရစဉ်မှာ ပစ်ခတ်မှုကြောင့် ရင်ဘတ်၊ ခါးနဲ့ ပေါင်တို့မှာ ဒဏ်ရာရထားတဲ့အပြင် လဲကျသွားစဉ်မှာ ဝိုင်းဝန်းထုရိုက် ခံထားရမှုတွေကနေရတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

    ပေါင်ကို ကျည်ဆန်ထိမှန်ခဲ့တာကြောင့် ကုသမှုခံယူခဲ့ရတယ်လို့ အမှတ် ၂ ကုတင် ၅၀၀ စစ်ဆေးရုံကို ကိုယ်တိုင်လိုက်သွားခဲ့တဲ့ ဖခင်ဖြစ်သူ ဦးလှမျိုးက ပြောပါတယ်။

    အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက သူ့ကို တခြားတနေရာကို ခေါ်ဆောင်သွားခဲ့ပြီး ဘယ်ကိုခေါ်သွားလဲဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

    လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ဗီဒီယိုဖိုင်မှာတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း တခြားသူတွေ ရှောင်တိမ်းနေစဉ်မှာ အသက် ၂၂ နှစ်အရွယ် ကိုထက်ဝေယံဟာ ရဲတပ်ဖွဲ့ဝင်တွေရှိရာ ဝင်ပြေးခဲ့ပြီး ရဲအင်အား ၃၀ နီးပါးက ကိုထက်ဝေယံကို ဝိုင်းဝန်းဖမ်းခဲ့တာကို တွေ့ရပါတယ်။

    လဲကျသွားစဉ်မှာ ရဲတပ်ဖွဲ့ဝင်အများအပြားက ဝိုင်းဝန်းထိုးကန်တာတွေကိုလည်း တွေ့ရပါတယ်။

    ကိုယ်ကျိုးစွန့်ပြီး အခုလို အဖမ်းခံခဲ့တဲ့ ကိုထက်ဝေယံကို လူမှုကွန်ရက် သုံးစွဲသူ အတော်များများက အညတရ သူရဲကောင်းလို့ ဂုဏ်ပြုပြောဆိုနေကြတာကို တွေ့ရပါတယ်။

    လူမှုကွန်ရက်မှာ ချီးကျူးပြောဆိုနေတဲ့ စမ်းချောင်းက ဖမ်းဆီးခံရသူ

    ဓာတ်ပုံ ရင်းမြစ်, Social Media

  18. ကမ္ဘောဇဘဏ်ခွဲတွေ သတ်မှတ်ရက်မှာ အချိန်ပိုင်းဖွင့်မယ်

    ပုဂ္ဂလိကဘဏ် ကမ္ဘောဇဟာ ဘဏ်ခွဲတွေကို မနက်ဖြန် မတ်လ ၃ ရက်ကနေ မတ်လ ၅ ရက်အတွင်း အချိန်ပိုင်း ဖွင့်သွားဖို့ ရှိတယ်ဆိုပြီး ဘဏ်ဝန်ထမ်းတချို့က အတည်ပြုပြောဆိုပါတယ်။

    'အများပြည်သူရဲ့အသက်မွေးဝမ်းကျောင်းအတွက် လိုအပ်တဲ့ ဘဏ်လုပ်ငန်းတွေ၊ စက်ရုံတွေနဲ့ တခြားအသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း တွေမှာ လုပ်တဲ့ ဝန်ထမ်းတွေကို လစာပေးတာတွေ အဓိကလုပ်နိုင်ဖို့ ဖွင့်တာဖြစ်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် ဆန္ဒရှိတဲ့ ဝန်ထမ်းတွေအနေနဲ့ ကိုယ့်အချိန်ထဲကမှ နေ့တဝက်အချိန်ပေးပြီး ကူညီပေးသွားရန် ဖိတ်ခေါ်လိုတယ်ဆိုပြီး ဝန်ထမ်းတွေကို အကြောင်းကြားခဲ့တာလို့ ကမ္ဘောဇဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

    ဘဏ်ဝန်ဆောင်မှု အမျိုးအစားနဲ့ အကြိမ်အရေအတွက်ကိုတော့ ကန့်သတ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

    အဲဒီစာကို ဖေဖော်ဝါရီ ၂၅ ရက် က ထုတ်ခဲ့တာဖြစ်ပြီး မိမိသဘောဆန္ဒအလျောက် ပါဝင်ကူညီချင်လိုတဲ့ ကမ္ဘောဇဘဏ် ဝန်ထမ်းတွေ အနေနဲ့ စာရင်းပေးနိုင်တဲ့လင့်ခ်ကိုလည်း SMS စနစ်နဲ့ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

    ကမ္ဘောဇဘဏ်ခွဲတွေ သတ်မှတ်ရက်မှာ အချိန်ပိုင်းဖွင့်မယ်
  19. စစ်ကောင်စီက ဝန်ကြီးတွေ အာဆီယံ အစည်းအဝေးတွေတက်

    ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ယာယီဝန်ကြီးတွေ ခန့်အပ်လိုက်တဲ့နေ့မှာပဲ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ဝန်ကြီးနှစ်ဦးဟာ သက်ဆိုင်ရာ အာဆီယံဝန်ကြီးတွေ တက်ရောက်တဲ့ အစည်းအဝေးတွေကို ဗီဒီယိုကွန်ဖရန့်စ်ကနေ တက်ရောက်ခဲ့ကြပါတယ်။

    ဒါဟာ စစ်ကောင်စီက ဝန်ကြီးတွေ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အာဆီယံအစည်းအဝေးတွေမှာ ပထမဆုံးအကြိမ် တက်ရောက်တာ ဖြစ်ပါတယ်။

    နိုင်ငံခြားရေးဝန်ကြီ; ဦးဝဏ္ဏမောင်လွင်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးကို တက်ရောက်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက အာဆီယံစီးပွားရေးဝန်ကြီးမျာ းအစည်းအဝေးကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

    အာဆီယံနိုင်ငံတချို့က အာဆီယံမူဝါဒဖြစ်တဲ့ ကြားဝင်မစွက်ရေး မူအတိုင်းကျင့်သုံးမှာဖြစ်ကြောင်းနဲ့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေ ပြန်လွှတ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး တိုက်တွန်းနေပေမဲ့ အခုလို စစ်ကောင်စီနဲ့ အဆက်အဆံလုပ်နေတဲ့အတွက် စစ်ကောင်စီရဲ့ တရားဝင်မှုကိုအသိအမှတ်ပြုပေးတာ ဖြစ်နေတယ်လို့ ဒီမိုကရေစီဖော်ဆောင်ရေးထောက်ခံသူတွေက အာဆီယံကို ဝေဖန်နေကြပါတယ်။

    စစ်ကောင်စီက ဝန်ကြီးတွေ အာဆီယံ အစည်းအဝေးတွေတက်

    ဓာတ်ပုံ ရင်းမြစ်, Social Media

  20. လှည်းတန်းပစ်ခတ်မှုက သေဆုံးသူ ကိုဇင်လင်းထက်ကို ကျိုက်ထိုမှာ သင်္ဂြိုဟ်

    လှည်းတန်းစျေးအနီး အထက ၅ ရှေ့မှာ ဖေဖော်ဝရီလ ၂၈ ရက် က ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ အသက်၂၁ နှစ် ကိုဇင်လင်းထက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ မတ်လ၂ရက် နေ့လယ်၁နာရီက ကျိုက်ထိုတောင်ကလေးသုသာန်မှာ ဂူသွင်း သင်္ဂြိုဟ်ခဲ့ပါတယ်။

    ကိုဇင်လင်းထက်ရဲ့ ရုပ်အလောင်းကို မတ်လ ၁ ရက်က ရန်ကုန်ဆေးရုံကြီးကနေ သူ့ဇာတိ ကျိုက်ထိုမြို့နယ်ကို ရန်ကုန်နာရေးကူညီမှု အသင်းအစီအစဥ်နဲ့ ကူညီပို့ဆောင်ပေးခဲ့ပါတယ်။

    လှည်းတန်းပစ်ခတ်မှုက သေဆုံးသူ ကိုဇင်လင်းထက်ကို ကျိုက်ထိုမှာ သင်္ဂြိုဟ်

    ဓာတ်ပုံ ရင်းမြစ်, နာရေးကူညီမှုအသင်း-ရန်ကုန်